Saturday, September 13, 2008

26.5 '' တချို့ကပြောတယ်.. စုတ်ရောလာဘ်ရော ၀င်တာတဲ့ ''

ပူပူနွေးနွေး အိမ်ထောင်သည် ဖြစ်စမှာပဲ ကျွန်တော့်ကို လက်ထောက်စက်ရုံမှုး ရာထူး တိုးပေးတယ်..။ လူကြီးတွေကတော့ ပြောတယ်..။ ဒီကောင် စုတ်ရော လာဘ်ရော ၀င်တာ တဲ့..။ ဒါပေမယ့် လက်တွေ့က အဲဒီလောက် မရိုးရှင်းပါဘူး..။

ကုမ္ပဏီ စည်းမျဉ်းစည်းကမ်းအရ ရာထူးတိုးရင် လစာစကေး အသစ်နဲ့ ပေးပေမယ့် အရင်က ရခဲ့တဲ့ နှစ်တိုးကြေးဆိုတာတွေကို ရပ်ပစ်လိုက်တော့ ရာထူးတိုး လစာက ရာထူးမတိုးခင်က ရနေတာထက် နည်းသွား ပါလေရော..။

အဲဒီလို မဖြစ်သင့်မှန်း တာဝန်ရှိ လူကြီးကိုယ်တိုင် သိပေမယ့် အမှားပြင်ဖို့ကို ၀န်လေးနေတော့ ကာယကံရှင် ကျွန်တော့်မှာ ရာထူးတိုးပေမယ့် အီလယ်လယ်ကြီး ဖြစ်နေခဲ့ရတယ်..။ ဒီကြားထဲ မိဘများက သူတို့သား ရာထူးတိုးတယ် ကြားတော့ ၀မ်းသာအားရ သတင်းစကားမေးကြတယ်..။

ငါ့သား အခုရာထူးတိုးသွားတော့ ဘာတွေ ထူးခြား လာလဲ တဲ့..။

ထူးခြားတာကတော့ အခုအချိန်ကစပြီး အဖေက လက်ထောက်စက်ရုံမှုးရဲ့ အဖေ ဖြစ်သွားပြီး အမေက လက်ထောက်စက်ရုံမှုးရဲ့ အမေဖြစ်သွားတာပေါ့ဗျာ လို့ (အဖေအမေနဲ့မဆိုင်ပေမယ့်) ခပ်ရွဲ့ရွဲ့လေး ကျွန်တော် ဖြေမိတယ်..။

ကျွန်တော့်အဖြေကြောင့် အူကြောင်ကြောင်ဖြစ်နေတဲ့ မိဘနှစ်ပါးကို '' ရာထူးသာ တိုးတာ၊ လခကတော့ အရင်ကထက်တောင် နည်းသွားသေးတယ် .. အစချီပြီး ဇာတ်ရည်လည်အောင် ရှင်းပြမှ '' အော်.. အဲဂလိုကြီးဆိုရင်တော့ မင်းတို့ကုမ္ပဏီ မဟုတ်သေးပါဘူး '' လို့ ဖခမည်းတော်က မျက်ချက်ပြုတယ်..။

သို့ သော် ကျွန်တော့်အထက်က စက်ရုံမှုးကောင်းမှုနဲ့ ကျွန်တော့်ရဲ့ ရားထူးတိုးလစာနည်း ကိစ္စ.. နှစ်လလောက် ကြာတော့ အဆင်ပြေသွားခဲ့တယ်..။

'' ဆရာ မကျေနပ်ရင် ကျောပိုးဆိုပိုးပါ့မယ် ''

ဆိုခဲ့သလို မဒမ်က ကျွန်တော့်ထက် အသက်က အတော်ငယ်တော့ ကလေးလေးလို နွဲ့ဆိုးဆိုးလေ့ ရှိတယ်။ ကြင်စဦးဆိုတော့လည်း လင်ကိုယ်မယား ကယုကယင် တွတ်တီးတွတ်တာ လုပ်တာလေးတွေ ရှိတာပေါ့..။

ကိုယ့်အိမ်ကိုယ်ရာထဲ တွတ်တီးတွတ်တာလုပ်တာ လူမမြင်ပေမယ့် တခါတရံ မဒမ်က အိမ်အပြင်ဖက်မှာ ကျောပိုးခိုင်းတာမျိုး ဂျီကျပြီး လုပ်ခိုင်း တတ်တယ်..။

ကျွန်တော်တို့ နေတဲ့ အိမ်ဘေးမှာ စက်ရုံ ရေစစ်ကန်ရှိတယ်..။ အဲဒီရေစစ်ကန် နဲ့ အိမ်ကြားမှာ ကန်စွန်းခင်း တခင်းရှိတယ်..။ မိုးတွင်းဆို အိမ်အ၀င်လမ်းက ဗွက်ထနေတာတာမို့ အဲဒီလမ်းကို မသုံးဘဲ ရေစစ်ကန်ပေါ် ကတဆင့် ဖြတ်လမ်းသဘောမျိုး ကျွန်တော်တို့ လင်မယား သွားသွားလာလာ လုပ်တယ်..။

ရေစစ်ကန်နဲ့ စက်ရုံကြားမှာ ကုမ္ပဏီ၇ုံးခန်း ရှိနေတာမို့ စက်ရုံထဲက လူတွေအနေနဲ့ ကျွန်တော်တို့ အိမ် အ၀င်အထွက်ကို ပုံမှန်ဆို မြင်ဖို့ ခက်တယ်..။ အဲဒါကို အခွင့်ကောင်းယူပြီး မဒမ်က ရေစစ်ကန်အစွန်းကနေ အိမ်ဖက် ကူးခါနီးတိုင်း ''ကိုကြီး မီးမီးကို ကျောပိုး ခေါ် '' လို့ မကြာခဏ လုပ်တော့တာပဲ..။

ကိုရီးယား ဇာတ်လမ်းတွေထဲ မင်းသမီးကို မင်းသားက ကျောပိုးတယ်ဆိုတာ ကျွန်တော်တို့နောက် ကျကျမလားပဲ..။

ကိုယ့်မိန်းမကို ကျောပိုးရတာ အပမ်းမကြီးပေမယ့် ဒု စက်ရုံမှုး တစ်ယောက် သူ့မိန်းမကို ကျောပိုး ပိုးနေတယ်ဆိုတာ အောက်က ၀န်ထမ်းတွေ မြင်သွားမှာကိုတော့ ကျွန်တော် နည်းနည်း ရှက်ရွံသလို ဖြစ်မိတယ်..။

ဒါကြောင့် ကျောပိုးခါနီးတိုင်း ဟိုကြည့်ဒီကြည့် (ကျီးကန်းတောင်းမှောက်) အရင်လုပ်ပြီး၊ အခြေအနေကောင်း မှ ခါးကိုကုန်း လက်နှစ်ဖက်နောက်ပစ်ပြီး လာ လို့ မဒမ်ကို ခေါ်၊ မဒမ်ကျောပေါ် ရောက်တာနဲ့ အိမ်ဝအရောက် မြင်းဒုန်းစိုင်းသလို အမြန်ပြေး ရတဲ့ အကြိမ်ပေါင်း ဘယ်နည်းမလဲ..။

ကိုယ့်အတွေးနဲ့ကိုယ်ကတော့ ဘယ်သူမှ မမြင် မသိ လောက်ဘူး လို့ ထင်နေခဲ့တာ ပေါ့..။

ဒါပေမယ့် အထင်နဲ့အမြင် တက်တက်စင်အောင် လွဲနေခဲ့မှန်း နောက်များမှ ကျွန်တော်သိရတော့တယ်..။

တစ်ရက် စက်ရုံထဲမှာ ၀န်ထမ်းစည်းကမ်းနဲ့ ပတ်သက်ပြီး ဆူဖို့ငေါက်ဖို့ ကြုံလာတယ်..။ ၀န်ထမ်းအားလုံး စုစည်း တန်းစီခိုင်းပြီး သူတို့ ကို စည်းကမ်းလိုက်နာမှုအပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော် ဆုံးမ သြ၀ါဒ ချွေရတယ်..။

ပုံမှန် ပြောရင်တော့ (ကျုရှင်ဆရာ ညဉ် မပျောက်တော့) ရယ်ရယ်မောမော ဟာသလေးဖောက်ပြီး ကျွန်တော် ပြောလေ့ ရှိပေမယ့် အဲဒီနေ့ကတော့ ကိစ္စက အတည်အတန့် မျက်နှာထိ မျက်နှာထားနဲ့ ပြောရမယ့် ကိစ္စဖြစ်နေလို့ ကျွန်တော်လည်း မင်နဲ့ မောင်းနဲ့ ပြောနေခဲ့တယ်..။

ကျွန်တော် နည်းနည်း တင်းနေမှန်း သိတော့ အားလုံးလည်း မျက်နှာငယ်လေးတွေနဲ့ နားထောင် နေကြတယ်..။

ဒါပေမယ့် ၀င်းဘို ဆိုတဲ့ အလုပ်သမားကတော့ အလိုက်ကန်းဆိုး သိပ်မသိတတ် ဘူး..။ နဂိုရ်ကလဲ ကျွန်တော်က အောက်က၀န်ထမ်းတွေနဲ့ သူငယ်ချင်းပေါင်း ပေါင်းခဲ့တာဆိုတော့ သူတို့ အနေနဲ့ ကျွန်တော့်ကို သိပ်ကြီး ကြောက်လှတယ်တော့ မဟုတ်ဘူးပေါ့..။

မင်းတို့ ဘာဖြစ်တယ် ညာဖြစ်တယ်..။ ငါ မင်းတို့ကို သိပ်စိတ်ပျက်တာပဲ..။ မင်းတို့ရဲ့ စိတ်ဓါတ်ရေးရာ တွေ ပြင်ဖို့ ကို ငါဘယ်လောက်ပြောခဲ့ပြောခဲ့ အလကားပဲ..။ .. စသဖြင့် မောင်းတင်ပြီး ကျွန်တော် တလစပ် ကောပြီးသကာလ..

'' ငါပြောတာ လွန်သလား .. ပြော '' လို့ ... ပြောရင်း သူတို့ မျက်နှာတွေကို ကျွန်တော် တစ်ယောက်ချင်း လိုက်ကြည့်တယ်..။

တော်တော်များများက ကျွန်တော်နဲ့ မျက်လုံးချင်းမဆုံမိအောင် ခေါင်းကြီးတွေ ငုံ့ထားကြပေမယ့် ၀င်းဘိုကတော့ ကျွန်တော့်ကို မျက်နှာငယ်နဲ့ ပြန်ကြည့်ရင်း

'' ဆရာ.. ပြောတာတွေ .. မလွန်ပါဘူး .. ဆရာ ''

'' ကျွန်တော်တို့မှာ အပြစ် ရှိပါတယ်.. ''

'' အဲဒါ.. ဆရာမကျေနပ်ရင် .. ကြိုက်တဲ့ အပြစ်ပေးပါ ''

စောစောက ခေါင်းကြီးတွေ ငုံ့ထားကြသူတွေလဲ .. ခေါင်တွေ ထောင်ထလာပြီး ၀င်းဘို ကို ၀ိုင်းကြည့်ကြ တယ်..။ ဒီကောင် ဒီလိုကျ မဆိုးဘူး ပဲ ဆိုတဲ့ အတွေးတွေနဲ့ ပေါ့..။

ကျွန်တော်လဲ မင်းတို့အပြစ်မင်းတို့ သိတာ ကောင်းတယ် ဆိုတဲ့ မျက်နှာပေးနဲ့ အားလုံးကို အပေါ်စီးကနေ ကြည့်နေလိုက်တယ်..။

ဒါပေမယ့် ၀င်းဘို နောက်ဆုံး ပြောလိုက်တဲ့ စကား တခွန်းကြောင့် ကျွန်တော့်မှာ ငိုရမလို ရယ်ရမလို ဖြစ်သွားခဲ့ရတော့တယ်..။

'' ရေစစ်ကန်ကနေ ဆရာ့အိမ်အ၀အထိ ဆရာ့ကို ကျောပိုးပြေးဆို ပြေးပါ့မယ် .. ဆရာ '' တဲ့..။

2 comments:

latest said...

lol ! nice post @ I like your San Aung's Lunch box too. Arr pay nay mel ..

thu thu win said...

ကိုရီးယားမင်းသားနှင့် မင်းသမီးပဲဗျ။ဟီး