Thursday, September 11, 2008

24.6 မပြုံးဘဲ ၀ါးလုံးကွဲ ရယ်ချင်စရာ အလွဲများ

တကယ်တမ်းကျတော့ ဒေါက်တာဂျော့ရှ် ပြောတာလဲ သိပ်တော့မလွန်ပါဘူး..။ ကျွန်တော်ကိုယ်တိုင်က ဖြစ်ကတတ်ဆန်း သိပ်နေတယ်..။ အစားအသောက် အနေအထိုင်တွေကို သိပ်ဂရုမစိုက်ဘဲ.. လုပ်စရာရှိတာကို သာ ကုံးရုန်း လုပ်နေခဲ့တယ်..။

စက်ရုံမှာပဲ နေ.. စက်ရုံမှာပဲ အိပ် ဆိုတော့ ဖြစ်ပျက်သမျ စက်ရုံရဲ့ ပြသာနာတွေကို သိပ်အားမထုတ်ရဘဲ ကျွန်တော် သိလာရတယ်..။ ကိုယ့်အဖွဲ.က ပြသာနာလည်း သိတယ်..။ သူများ အဖွဲ.က ပြသာနာကိုလည်း ကိုယ့်ရှေ့မှာ တွေ.နေရတယ်..။ ကိုယ်က စက်ရုံထဲရှိနေတော့ သူများပြသာနာကိုလည်း ၀ိုင်းဖြေရှင်း မိတယ်..။

အဲဒီလိုနဲ့ ကျန်တဲ့ အင်ဂျင်နီယာတွေထက် ကျွန်တော် ခေါင်းတစ်လုံး သာလာခဲ့တယ်..။ အဲဒီတုံးက မစ်စတာအိုနိရှိ လို့ခေါ်တဲ့ ဂျပန်အဘိုးကြီးတစ်ယောက် က ကျွန်တော်တို့ရဲ့ technical advisor အဖြစ်နဲ့ ရှိနေခဲ့တယ်..။

သူက သဘောရိုးနဲ့ မင်းတို.ဗမာတွေ သိပ်ညံ့တယ်လို. ပြောတိုင်း ကျွန်တော့်မှာ အတော့်ကိုမခံချိမခံသာ ဖြစ်ခဲ့ရတယ်..။ အလုပ်သမားဆိုသူတွေကလည်း တစ်သက်လုံး နယ်မှာ လယ်လုပ် ယာလုပ် နွားမောင်းရာက နေ ရန်ကုန်တက်လာပြီး စက်ရုံအလုပ်ရုံတွေမှာ ၀င်လုပ်တာဆိုတော့.. စက်မှုပိုင်းဆိုင်ရာ အတွေ့အကြုံက.. သုည ပဲ..။

မစ်စတာအိုနိရှိက.. ဒီဝက်အူ ကျပ်လိုက် လို.ပြောရင် အလုပ်သမားတွေက ချောင်တယ်..။ ချောင် လို. ပြောရင် ကျပ်တယ်..။ ခွကိုင်ပြီး ကျပ်တာနဲ့ ချောင်တာတောင် အားလုံးက သေချာမသိကြဘူး..။

သူတို.မပြော နဲ့ အင်ဂျင်နီယာလို. ပြောတဲ့ ကျွန်တော်တို.ကိုယ်တိုင်တောင် ခွတွေ ဂွင်းတွေ စက်ကိရိယာတွေ ဆိုတာ အဲဒီမှ နဖူးတွေ့ဒူးတွေ့ တွေ့ဖူးတာပဲ..။ အ၀င် သဝေထိုး၊ အထွက်ကိုး ဆိုတဲ့ ခွကျပ်နည်းဆိုင်ရာ အတိုကောက်မှတ်နည်းတောင် စက်ရုံက ကားဒရိုင်ဘာတွေ ပြောပြမှ သိကြရတယ်..။

( ကျွန်တော်က နည်းနည်း တော်သေးတယ်.. ဖားကန့်မှာ ဆရာကိုရွှေကျီး ကောင်းမှု နဲ. ဂွင်းတွေ ဂွတွေ နဲ. နပမ်းလုံးခဲ့ရတာကိုး )

သောက်တလွဲ တွေ ကြုံခဲ့ရတာလည်း ဘယ်နည်းမလဲ..။

ကျွန်တော်တို. အလုပ်သဘာဝက ရေ သိပ်သုံးရတယ်..။ တနေ့တနေ့ ဂါလံ ထောင်သောင်းချီ သုံးတယ်..။ လိုသမျ ရေကို အ၀ီစိတွင်းကနေ ရတယ်..။ အားလုံးက အော်တိုမက်တစ် တွေချည်းဆိုတော့ ရေလယ်ဗယ် ကျသွားတာနဲ့ ပန့်က ထလည်တယ်..။ ရေပြည့်တာနဲ့ အလိုလို ရပ်တယ်..။

တစ်ရက် စက်လည်နေတုံး ရေပြတ်သွားတယ်..။ ပြသာနာတော့ တက်ပြီပေါ့..။ ရေလှောင်ကန်ကို သွားကြည့်တော့ ကန်ထဲမှာ ရေကမရှိတော့ဘူး..။ သိထားသမျ အချက်အလက်တွေကို အခြေခံပြီး အဖြေထုတ်တော့ အ၀ီစိတွင်း ထဲက ရေကို မောင်းတင်တဲ့ ပန့် အလုပ်မလုပ်တော့ဘူးလို့ အဖြေထွက်တယ်..။

ကန်ထရိုက်တိုက်တွေမှာ နေခဲ့တုံးက ရေတင်တဲ့ ပန့်ဆိုတာတွေ တွေ့ခဲ့ဖူးတယ်..။ တစ်ခါတစ်ရံ ပန့်ထိပ်စီး ရေမလုံရင်.. ရေချုပေးရတာကို သိထားတယ်..။ အခြေအနေကို အားလုံးတွက်ချက်ပြီး သကာလ ဆရာကြီး စတိုင်နဲ့ အလုပ်သမားတွေကို ပန့်ရေချုဖို. လိုလိမ့်မယ်.. ရေပုံးရယ် .. ပန့်ကို ဖြုတ်ဖို. ဂွင်းဂွတွေ ယူခဲ့လို့ ကျွန်တော် ပြောတယ်..။

ကိုယ့်လောက်မှ မသိသူတွေဆိုတော့လည်း ကိုယ်ခိုင်းတဲ့ အတိုင်း လိုက်လုပ်ကြတယ်..။ ဂွင်းဂွ ယူလာတဲ့ အလုပ်သမားကို အ၀ီစိတွင်းအပေါ်တည့်တည့်က သံသေတ္တာပုံးကို ဖြုတ်လိုက်.. ဖြုတ်ပြီးရင် ငါ့ပြော ဆိုပြီး သူတို.ဘေးမှာ ကျွန်တော်ဒူးနန့်ရင်း စောင့်နေတယ်..။

ဆရာ .. ဖြုတ်ပြီး သွားပြီလို့ လာပြောတာနဲ့ နောက်တစ်ယောက်ကို ရေပုံးယူခိုင်းပြီး ရေချုမလို. ကျွန်တော်လုပ်တယ်..။ ဒါပေမယ့် ရေချုစရာ ဝေးလို. ၀ါယာကြိုးတွေပဲ တွေ.ရတယ်..။ ပန့်က မတွေ.။

အလုပ်သမားတစ်ယောက်က ဆရာ ပန့် လူခိုးသွားတာနဲ့ တူတယ်လို့ သူ့ထင်မြင်ချက်ကို ၀င်ပြောတယ်။

ကျွန်တော်လည်း နည်းနည်းတော့ ပြာနေပြီ..။ မှန်းချက်နဲ့ နှမ်းထွက်ကလည်း မကိုက်တော့ဘူးကိုး..။ အစထွက်နေတဲ့ ၀ါယာကြိုးစကို ကျွန်တော်နည်းနည်း ဆွဲကြည့်တယ်..။ မလှုပ်..။

မဖြစ်သေးပါဘူးလေ ဆိုပြီး စက်ရုံစတည်ခါစက စာရွက်စာတမ်းတွေ ပြန်ရှာရတော့တယ်..။ အဲဒီမှ သိတော့တယ်..။ ပန့်က ဟိုးမြေကြီးအောက် ပေတစ်ရာ့ငါးဆယ်မှာ ရှိတဲ့ submersible pump အမျိုးအစား..။

ကျွန်တော်က ရေချုဖို.လုပ်နေခဲ့မိတယ်..။

အဲသလိုမျိုး အလွဲတွေကြားထဲကဘဲ.. ကျွန်တော့်ကို Senior Foremen အဖြစ် လူကြီးများက ရာထူးတိုးပေး တော့တယ်..။ ပြောခဲ့သလို ဘာသာပြန်ရရင်တော့ '' အလုပ်သမားခေါင်းများရဲ့ ခေါင်း '' ပေါ့။ မှတ်မှတ်ရရ အက်ဖ်အီးစီ ကိုးဆယ် ရတယ်။ ဒါပေမယ့် ၀င်ငွေခွန် ဆယ်ရာခိုင်နှုန်း အဖြတ်ခံရတယ်..။ အသားတင် ရှစ်ဆယ့်တစ် အက်ဖ်အီးစီ ပေါ့..။

နေ့ဆိုင်းညဆိုင်း တွေ ဆင်းစရာလည်း မလိုတော့ဘူး..။ နေ့ခင်းပိုင်း ရုံးချိန်မှာပဲ အလုပ်လုပ်ရတယ်..။ ၀န်ထမ်း ကန်တင်းဆိုပြီး ဆောက်ထားတဲ့ စက်ရုံဒေါင့်က တစ်ထပ်တိုက်ကလေးမှာ နေခွင့်ရတယ်..။ သို့သော်.. နေ့ဆိုင်းညဆိုင်းများရဲ့ ဖြစ်ဖြစ်သမျ ပြသာနာတွေကို တရားဝင် တာဝန်ယူရတော့တယ်။ အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်းမစားရ တာ ပိုများလာခဲ့တယ်..။

ဆယ်လူလာ ဟမ်းဖုံး တစ်လုံး လည်း လူကြီးများက ပေးသနားထားပြန်တယ်..။ အဲဒီခေတ်မှာ ဆယ်လူလာဖုံးဆိုတာ စပေါ်ကာ စ.. ဖုံးကိုင်နိုင်ရင်ပဲ ဟုတ်လှပြီ..။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ အဲဒီဖုံးက နဖားကြိုး သာသာပဲ..။

ဘယ်သွားသွား.. ဘယ်လာလာ.. နောက်က ဖုံးတဂွမ်ဂွမ် လာနေတော့တယ်။ ဖုံးပိတ်ထားပြန်ရင်လည်း လူကြီးများက မကြိုက်ပြန်ဘူး..။ သို့သော် ကျွန်တော်ပျော်နေခဲ့တယ်..။ အလုပ် လုပ်နေရတာကိုပဲ ကျေနပ် နေခဲ့မိတယ်..။

ပြသာနာတွေကို ကောင်းကောင်း ရင်ဆိုင်ဖြေရှင်း အောင်နိုင်ခဲ့တိုင်း ပီတိဖြစ်ခဲ့ရတယ်..။


1 comment:

thu thu win said...

လေးစားမိပါတယ် ဆရာ။