Wednesday, September 3, 2008

22.5 MIT အငြိမ့်ခွင်

ကျွန်တော်တို့ တတိယနှစ်ရောက်တော့ နောက်တစ်ခါ ကဖြစ်သေးတယ်..။ ကျောင်းသူကျောင်းသား တွေကလည်း.. သုံးနှစ်ပေါင်းဆိုတော့ တော်တော်လေး များနေပြီ..။

အနုပညာအသင်း ဘာအသင်း ညာအသင်းတွေကလည်း ကျောင်းမှာ သတ်သတ်မှတ်မှတ် ဖွဲ့ပြီးနေပြီ..။ ထုံးစံအတိုင်း ကျွန်တော်ကတော့ ဘယ်အသင်းမှာမှ မပါပါဘူး..။

ပထမနှစ်မှာကခဲ့တုံးကသာ သူ့ကို ဆော်လွန်းအားကြီးလို့ ပါမောက္ခချုပ်က မကြည်ခဲ့တာ.. တတိယနှစ်ရောက်တော့ ဆရာကြီးနဲ့ ကျွန်တော်တို့က အတော့်ကို အသားကျရင်းနှီးနေပြီ..။

အဲဒါနဲ့ပဲ တတိယနှစ်မှာလုပ်တဲ့ သုံးတန်းပေါင်း အာစရိယပူဇော်ပွဲမှာ.. နောက်တစ်ခါ အငြိမ့်ကဖို့.. ဖြစ်လာ ခဲ့ပြန်တယ်..။ ဒီတစ်ခါတော့.. မန္တလေး ပန်တျာကျောင်းက ဆိုင်းဝိုင်းတွေ ဘာတွေနဲ့..။

ကျောင်းသူထဲက အငြိမ့်မင်းသမီးလုပ်မယ့်သူကလည်း သုံးယောက်ကြီးများတောင်..။ ပွဲက အတော့်ကို စည်ခဲ့တယ်..။


ပထမနှစ်က လက်စလက်န ရှိထားလေတော့ တတိယနှစ်မှာ..စက်မှုတက္ကသိုလ် အနုပညာအသင်းက ဦးစီးပြီး အငြိမ့်ကဖို့ စီစဉ်ကြပြန်တယ်..။ အာခီဆရာမကြီး ဒေါ်မင်းသက်မွန်က အနုပညာအသင်း ဥက္ကဌ..။

ကျွန်တော်တို့ ပထမနှစ်ကတုံးက ဆရာမကြီးက ကျောင်းမရောက်သေးဘူး..။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တခန်းရပ်ပြဇာတ်အကြောင်းကိုတော့ သူ သတင်းကြားပြီးပြီ..။ အဲဒါနဲ့ပဲ.. ကျွန်တော့်ကို.. အငြိမ့်ကဖို့ သူ တိုက်တွန်းတယ်..။ ဒီကကောင်ကလည်း.. သိတယ်မဟုတ်လား..။ ဘယ်ငြင်းမလဲ..။

ဆရာမကြီးက မန္တလေး ပန်တျာကျောင်းနဲ့ ဆက်ပေးတယ်..။ လိုအပ်တာမှန်သမျ စီစဉ်ပေးတယ်..။ သူ့အစီအစဉ်တွေထဲမှာ.. ကျွန်တော်တို့ကို ပရော်ဖက်ရှင်နယ် လူရွှင်တော်တွေက ပျက်လုံး သင်ပေးမယ့် အစီအစဉ်လည်း ပါသေးတယ်..။

ပျက်လုံးကိစ္စ.. ကျွန်တော်တို့ဖာသာ ပျက်ပါရစေ..။ မသင်ပါရစေနဲ့ ပြောပေမယ့် အတင်းပြောနေလို့.. ဆရာမကြီးခေါ်လာတဲ့ ပန်တျာကျောင်းဆင်း လူရွှင်တော်နှစ်ယောက် နဲ့ ကျွန်တော့်မှာ တွေ့ရသေးတယ်...။

သူတို့က ကျွန်တော့်ကို ပျက်လုံးတွေ ပြောပြကြတယ်..။ သူတို့ပျက်လုံး နားထောင်ပြီး.. ဟ.. ဒီပျက်လုံးတွေနဲ့တော့ အလုပ်မဖြစ်ပါဘူးလို့ တွေးမိတာနဲ့ .. ဆရာမကြီးကို နောက်တခေါက် ..နားပူနားဆာလုပ်ရတယ်..။

မလုပ်လို့လည်း မရဘူး..။ သူတို့ပျက်လုံးတွေက.. ကျောင်းကပွဲလိုဟာမျိုးနဲ့ သိပ်သင့်တော်တဲ့ ပျက်လုံးတွေမှ မဟုတ်တာကိုး..။

'' ရဲသားကြီးက ကိုလှရွှေ၊ လူဆိုးရိုက်လို့ ဆန့်ဆန့်သေ ''

'' ကားဆရာ ကိုဘသောင်း၊ ဓါတ်တိုင်ကြီးကို ၀င်လို့အောင်း ''..

အစရှိတဲ့ ပျက်လုံး တွေပဲ..။ တွေးသာကြည့်ပေတော့..။ အဲဒါတွေနဲ့ စင်ပေါ်တက်လို့ကတော့ မရယ်ရတာကြီးက ရယ်ရတယ်ဟေ့ ဗြဲ.. လို့ ၀ိုင်းအော်ကြမှာ..။

ပျက်လုံးကို ကျောင်းနဲ့ဆိုင်တာတွေပဲ ပျက်ဖို့ကို နောက်ဆုံးတော့ ဆရာမကြီး ဒေါ်မင်းသက်မွန်က သဘောတူလိုက်တယ်..။ ဒါပေမယ့်.. ဒီနှစ်အငြိမ့်မှာ ပထမနှစ်တုံးကနဲ့မတူ.. ကျောင်းသူထဲက မင်းသမီးသုံးယောက် ပါလာတယ်..။ သူတို့က မင်းသမီးတွေ.. ကျွန်တော်တို့က လူရွှင်တော်တွေ.. မန္တလေး ပန်တျာကျောင်းက ဆိုင်းဝိုင်းကြီးနဲ့ ပေါ့..။

စနေတနင်္ဂနွေ ကျောင်းပိတ်ရက်တွေမှာ ကျုံးဘေး နန်းရှေ့မှာရှိတဲ့ ပန်တျာကျောင်းကို သွားပြီး ဇာတ်တိုက်ကြရတယ်..။ အသွားအပြန် ကျောင်းက တီအီး ဟီးနိုးကားကြီး စီစဉ်ပေးတယ်..။ အတော်ပျော်စရာကြီး ..။

ဇာတ်ခွင်ကတော့ အငြိမ့်တို့ ထုံးစံအတိုင်း လူရွှင်တော်တွေက ပျက်လုံးတလှည့် ထုတ်မယ်..။ အငြိမ့်မင်းသမီးက တလှည့်ကမယ်..။ ဒါပါပဲ..။ မင်းသမီးက သုံးယောက်ဆိုတော့.. အလှည့်သုံးလှည့်ရှိသွားတယ်..။ ခန့်မှန်းကချိန်.. တစ်နာရီခွဲလောက် ရှိလိမ့်မယ်..။

အဆောင် ဒိုင်းနင်းဟောထဲမှာ ကန့်လန့်ကာတွေ ဘာတွေနဲ့ အတော်ခန့်ခန့်ညားညား လုပ်ခဲ့တဲ့ ပွဲပေါ့..။ ဇာတ်စင်ပေါ်မှာ လူရွှင်တော်များနဲ့ မင်းသမီးများက ပရိတ်သတ်ကို ဂါရ၀ပြုတယ်..။ လူရွှင်တော်ထဲက

အော်ပီကျယ်လို့ ခေါ်တဲ့ ကျောင်းသားတစ်ယောက်က အဖွင့် ခြေဆင်းဆန်ဆန် .. သံနေသံထားနဲ့ .. စတယ်..။


'' မြို့မြန်မာ အစဉ်မမေ့ကြစေဖို့ .. ရိုးရာ အသွင်ဓလေ့ရယ်နဲ့ ပွဲတော်ခံ..''

'' ပွဲတော် .. ခံ.. အမြဲပျော်ရန် အာစရိယပူဇော်ပွဲမှာ.. နွှဲကြပါစို့တဲ့.. နွှဲကြပါစို့တဲ့.. ကျွန်တော်များ မန္တလေးစက်မှုတက္ကသိုလ် အာစရိယပွဲ.. ''
ဆိုတဲ့သူက အသံအောင်တဲ့ အပြင် ဆိုင်းဝိုင်းကပါ ပံ့ပိုးလိုက်တော့ .. ပွဲအထွက်မှာ လက်ခုပ်သံတွေ တဖြောင်းဖြောင်းနဲ့ ပေါ့..။
အခုမှ ပြန်ကြည့်မိတယ်..။ ခွန်းထောက်အစက..'' မြို့မြန်မာ'' မဟုတ်ဘူး..။ '' မျိုးမြန်မာ'' ဆိုမှ.. နောက်က ကာရံ.. '' ရိုးရာ '' နဲ့ အစပ်အဟပ် တည့်မယ်..။ အဓိပ္ပါယ်လဲ ပိုပေါ်သွားမယ်..။
အော်ပီကျယ်.. ခွန်းထောက်ဆိုအပြီးမှာ.. ဆိုင်းဝိုင်းနဲ့ မင်းသမီးတွေ.. ယိမ်းဆန်ဆန်ကကြတယ်..။ မကခင်မှာ.. လူရွှင်တော်တွေ ကို တစ်ယောက်ခြင်း နာမည်ခေါ်ပြီး မင်းသမီးတစ်ယောက်က ပရိတ်သတ်နဲ့ မိတ်ဆက်ပေးတယ်..။
မိတ်ဆက်ပေးတဲ့ မင်းသမီးက.. ခင်ဝင်းနွယ်လို့ ထင်တာပဲ..။ အခုတော့.. ကျောက်ဆည် နည်းပညာတက္ကသိုလ်မှာ.. ကထိကလောက်ဖြစ်နေရောပေါ့..။ သူက အသံအောင်တယ်..။ အောင်ပုံ အောင်နည်းက ယောကျာ်းတစ်ယောက်လိုကို အောင်တာ..။

တစ်ကျောင်းလုံးက သူ့ကို '' ဇော်ဝင်းထွဋ်'' လို့ ခေါ်ကြတယ်..။

သူကတဲ့အလှည့်မှာ '' မှုန်ရွှေရည် '' သီချင်းနဲ့ ကတယ်..။ '' မှုန်ရွှေရည်၊ ခိုင်မာလာနှင်းဆီ.. ကြိုင်ကာသာသင်းကြည် '' ဆိုတဲ့ သီချင်းပေါ့..။ သူကပြီးတာနဲ့ လူရွှင်တော် နှစ်ယောက် အတိုင်အဖောက်နဲ့ အရွှန်းအသောလေး ၀င်ပြောတယ်..။

'' ဟေ့.. တို့မင်းသမီးလေးကတော့ ကများကရမယ်ဆိုရင် ရင်နှစ်ခြမ်းဗျန်းဗျန်းကွဲသွားပစေ.. ကတော့တာပဲ ကိုရင်ရေ့ ''

'' ဟုတ်ပဗျား.. ရင်နှစ်ခြမ်းဗျန်းဗျန်းကွဲရင် ငါ့တစ်ခြမ်းပေးပါ့လား ''
'' မင်းက ဘာလုပ်ဖို့လဲ ''
'' အိမ်က ရေနွေးခရား အဖုံးမရှိလို့ ''
'' အဲဒါဆို မင်းအိမ် ငါအလည်လာအုံးမှပဲ ''
'' မင်းက ဘာလာလုပ်မှာလဲ ''
'' ဘာရယ်မဟုတ်ပါဘူး.. အဲဒီရေနွေးခရားဖုံးလေးကို ကိုင်ဆော့ချင်လို့ ''

( ခင်ဝင်းနွယ်ကတော့ ကောင်စုတ်တွေ တော်တော်ယုတ်မာတယ်လို့ နောက်မှ ကောင်းချီးပေးတယ် )


အငြိမ့်ဆိုတော့ မင်းသမီး ကလိုက် .. လူပျက်တွေက ပျက်လုံးထုတ်လိုက်ပေါ့..။ ပျက်လုံးပြီးရင် မင်းသမီးကဖို့ လူရွှင်တော်တစ်ယောက်က ဆိုင်းဆရာကို စကားခေါ်ရတယ်..။

ဇာတ်ဆရာ ကျွန်တော်ကစလို့ ဘယ်သူမှ ပရော်ဖက်ရှင်နယ်တွေ မဟုတ်တော့ ဆိုင်းဆရာကို စကားခေါ်တာကအစ သောက်တလွဲတွေကို ဖြစ်လို့..။ ကြားဖူးကြည့်ဖူးတဲ့ အငြိမ့်တွေထဲက လူပျက်နဲ့ ဆိုင်းဆရာ စကားကာရံမိမိနဲ့ ပြောကြဆိုကြတာလေးတွေကို မှတ်သားပြီး .. ကျွန်တော်တို့က ကတာဆိုတော့ သောက်တလွဲဖြစ်ပြီပေါ့..။

ဇာတ်သဘင် အငြိမ့်သဘင်အကြောင်း ဘာသိတာမှတ်လို့..။

''မင်းသမီးလေးကို အလှည့်ပေးကျအုံးစို့..ကျုပ်တို့ချည်း ပျက်လုံးထုတ်နေလို့ မဖြစ်သေးဘူး.. ပရိတ်သက်ကလည်း မင်းသမီးလေးကို မျော်လှရော့မယ်''.. စတာမျိုးလေးတွေကို ကာရံနဲ့ချိတ်ဆက်ပြောတာမျိုးပေါ့..။

အဲဒီကာရံစကားလုံးတွေကို ရေးတာက ကျွန်တော်..။ ကျွန်တော့်စိတ်ထဲမှာက.. ကာရံမိရင်ပြီးရော.. ထင်နေတာ..။ အဲဒီမှာ လွဲတော့တာပဲ..။ ကမယ့်သီချင်းက '' မှုန်ရွှေရည် ''.. ။ လူရွှင်တော်က ဆိုင်းဆရာကို နှပ်ကြောင်းပေး ခေါ်ပုံက..

'' ကဲ.. ကိုအော်ပီကျယ်ရေ..မင်းသမီးလေးကိုလည်း အလှည့်ပေးကြအုံးစို့ .. ပရိတ်သတ်ကလည်း တောင်းဆိုလှပြီ..''

'' ဟုတ်ပဗျား..ကဲ ရွာစားရေ.. မင်းသမီးလေးရဲ့ ရည်ရွယ်ချက်တွေ မတိမ်းစောင်းရလေအောင်.. ဗိန်းမောင်း ''.. တဲ့။

ဆိုင်းဆရာများက ပရော်ဖက်ရှင်နယ်တွေမို့ တော်သေးတာပေါ့..။ နို့မို့ဆို.. မင်းသမီးခမျာ.. မှုန်ရွှေရည်ကို ဗိန်းမောင်းနဲ့ ကဖို့ပဲ ရှိတယ်..။

အဲဒီလိုမျိုး ဗိန်းမောင်းမှားတီးခိုင်းတာကို ကျွန်တော်တို့ တစ်ယောက်မှ မသိဘူး..။ ဆိုင်းဆရာတွေ ပွဲအပြီး ပြန်ပြောမှ.. သိရတော့တယ်..။

ပရိတ်သတ်မသိလိုက်တဲ့ နောက်ထပ် ရယ်စရာရှိသေးတယ်..။ လူပျက်တစ်ယောက်က ကျောင်းသူတွေကို သရော်တဲ့ သံချပ်ထိုးတယ်..။ ထုံးစံအတိုင်း စက်မှုတက္ကသိုလ်ကျောင်းသူများ ရုပ်ချောတာကို ချီးမွမ်းတဲ့ ပျက်လုံးပေါ့..။ ဇာတ်တိုက်တုံးကတော့ ဟုတ်နေတာပဲ..။ တကယ့်ပွဲကျမှ.. မောင်မင်းကြီးသားက ပျက်လုံးကို တ၀က်တပျက်နဲ့ မေ့သွားတယ်..။ ကျွန်တော်တို့ကျောင်း မိန်းကလေးဆောင်ကို မန်းချယ်ရီ လို့ ခေါ်တယ်..။

တကယ့်ပျက်လုံးက

'' မန်းချယ်ရီက အပျိုတွေ ၊ သိပ်သိပ်မိတယ်ဗျာ ''
'' မန်းချယ်ရီက အပျိုတွေ ၊ သိပ်သိပ်လှတယ်ဗျာ ''
'' ကြောက်လွန်းလို့သာ မပြောရဲ ''
'' ခါးချိ ခြေတို၊ အသားမဲ ''

လို့ ဆိုရမှာ..။

မောင်မင်းကြီးသားက .. နောက်ဆုံး အပိုဒ် .. '' ခါးချိ ခြေတို '' အထိပဲ ဆိုပြီး.. '' အသားမဲ '' ဆိုတဲ့ စာသားကို မေ့သွားရော..။

ဒါပေမယ့်.. ဆိုလက်စ ကိုတော့ သူကရပ်မပစ်ဘူး..။ ရပ်လို့မဖြစ်ဘူး ဆိုတာ.. သူသိတယ်..။ အဲဒါနဲ့ '' ခါးချိ ခြေတို ၊ ဘာညာ ကွိကွ '' လို့ ကြံမိကြံရာ သူဖြည့်ဆိုတယ်..။

အမယ်.. အဲဒီလိုမျိုး '' ဘာညာကွိကွ '' လို့ ဖြည့်ဆိုလိုက်မှ.. ပရိတ်သတ်က ပိုစိတ်ဝင်စားသွားတယ်..။ အားလုံးက ပဟေဠိဝှက်တယ် ထင်နေကြတယ်..။

ဒါပေမယ့် '' ခါးချိခြေတို၊ ဘာညာကွိကွ '' လို့ ဆိုရင်း.. ဟိုကြည့်ဒီကြည့် လုပ်နေကတည်းက ဒီကောင်တော့ ပျက်လုံး မေ့နေပြီ လို့ ကျန်တဲ့ လူပျက်တွေကတော့ သိလိုက်ပြီ..။ မောင်မင်းကြီးသားကတော့ '' ခါးချိခြေတို၊ ဘာညာကွိကွ '' ''အဲဒီ ဘာညာကွိကွ ဆိုတာက '' နဲ့ မပြီးနိုင်မစီးနိုင် ဆက်ရွှီးနေတယ်..။

အနားမှာရှိတဲ့ တခြားလူပျက်တစ်ယောက်က '' ခါးချိခြေတို၊ အသားမဲ '' လို့ ခပ်တိုးတိုး ၀င်ထောက်မှ.. သူ့သံချပ်က တခန်းရပ်တော့တယ်..။

ပွဲပြီးမှ.. သူ့ကို ၀ိုင်းဆဲကြရင်း အားလုံးရယ်ကြရတယ်..။


နောက်တခန်းက သတင်းကြေငြာတဲ့ အခန်း..။ ၀ါးခြမ်းပြားလေးချောင်းကို တီဗွီစခရင် လို ဘောင်လုပ်ပြီး လူပျက်နှစ်ယောက်က သတင်းကြေငြာမယ့် ကျွန်တော့်မျက်နှာရှေ့မှာ တစ်ဖက်တစ်ချက်ကိုင် ထားပေးတယ်..။ ၀ါးခြမ်းပြားဘောင်ပေါ်မှာ '' မန္တလေးစက်မှုတက္ကသိုလ် အီလက်ထရွန်းနစ် အင်ဂျင်နီယာဌာနမှ ထုတ်လုပ်လှူးဒါန်းသည် '' လို့ ရေးထားတယ်..။

သတင်းထုံးစံအတိုင်း '' ကျန်းမာတော်မူကြပါစခင်ဗျာ '' နဲ့ အစချီပြီး ''ယနေ့ မြန်မာသက္ကရာဇ် … ခရစ် သက္ကရာဇ် .. ဘယ်နေ့ဘယ်ရက် ညနေပိုင်း သတင်းများကို ကျွန်တော်.. မောင် ဘယ်သူက စတင်ကြေငြာပါ့မယ် '' ပေါ့..။ ပြီးတော့ အခုလို စပြောတယ်..။

'' သတင်းခေါင်းစဉ် ''

'' မန္တလေးစက်မှုတက္ကသိုလ် ပါခေါက်မချုပ် ''

'' သည်းခံပါခင်ဗျာ.. မန္တလေးစက်မှုတက္ကသိုလ် ချာပေါက်မခုပ် ''

'' ထပ်ဆင့်သည်းခံပါခင်ဗျာ.. မန္တလေးစက်မှုတက္ကသိုလ် ပါအောက်ကချုပ် ''

'' ပို၍ပို၍ သည်းခံကြပါခင်ဗျာ.. မန္တလေးစက်မှုတက္ကသိုလ် ပါမောက္ခချုပ် ''

ပါမောက္ခချုပ် ကို အားရအောင် ပေါက်တတ်ကရ ပြောအပြီးမှာ လူရွှင်တော်တစ်ယောက်က မင်းတော်တော့ ငါ့အလှည့်ဆိုပြီး ကျွန်တော့်နေရာကို သူဝင်ပြောတယ်..။

'' သတင်းခေါင်းစဉ် ''

'' မန္တလေးစက်မှုတက္ကသိုလ် ထမင်းစားဆောင်၌ ကျောင်းသူနှစ်ယောက် ခိုက်ရန်ဖြစ်ပွားခြင်း ''

'' သတင်းအစုံအလင်မှာ ယနေ့နေ့လည် ထမင်းစားချိန်၌ မန္တလေးစက်မှုတက္ကသိုလ် ထမင်းစားဆောင်တွင် အတူထမင်းစားလျက်ရှိသော ကျောင်းသူနှစ်ယောက်.. ထမင်းထဲတွင် ပါလာသော စပါးလုံးအရေအတွက် အား ရေတွက် ငြင်းခုံကြရာမှ ထမင်းပန်းကန်ထဲတွင် ပါလာသော ခဲ ဖြင့် ကျောင်းသူတစ်ယောက်မှ ကောက်ထုရာ ကျန်ကျောင်းသူတစ်ယောက် ခေါင်းပေါက်သွား ကြောင်း၊ အဆိုပါ ခေါင်းပေါက်သွားသော ကျောင်းသူမှလည်း အားကျမခံ ချည်ရည်ဟင်းခွက်ထဲမှ.. ချည်ပေါင်ရိုးဖြင့် ပြန်ရိုက်သောကြောင့် တက္ကသိုလ်များ ဆေးရုံတွင် နှစ်ယောက်စလုံး အတွင်းလူနာအဖြစ် ကုသမှု ခံယူနေရကြောင်း သိရှိရပါသည်..။ ''

ကြားထဲမှာတော့ မင်းသမီးလေးတွေ ကကြပေါ့..။ သူတို့အလှည့်ပြီးတာနဲ့ လူရွှင်တော်တွေ တလှည့်ပြန်ပျက် ကြတယ်..။ ဒီတစ်ခါတော့ ကျောင်းဖယ်ရီကားတွေကို သရော်ကြတယ်..။ ရသေ့တွေဆောင်းတဲ့ ဒေါက်ချာလိုဟာမျိုးမှာ . ကျွန်တော်တို့ကျောင်းရဲ့ ဖယ်ရီလိုင်းနံပါတ် ( ၅ ) ကို ရေးပြီး လူရွှင်တော်တစ်ယောက်က ဆောင်းထားတယ်..။ သူကဒရိုင်ဘာပေါ့..။

အဲဒီ အမှတ် ( ၅ ) ကားလိုင်းက မန္တလေးနန်းရှေ့ကနေ ကျွန်တော်တို့ ကျောင်းအထိ ဆွဲတယ်..။ ဗိုက်ပူ ချက်ပလက် ကားကြီးတွေပဲ..။ အတော် အိုတဲ့ ကားတွေပေါ့..။ တကားလုံး ဂဟေ ဆော်ရာတွေနဲ့ ပြည့်နေတယ်..။

ကျွန်တော်အိပ်တဲ့ သင်ဖြူးဖျာကို ပက်လက်လှန်ပြီး မီးသွေးခဲနဲ့

'' မန္တလေးစက်မှုတက္ကသိုလ်ကျောင်းကား ''
'' ယာဉ်သုံးတန်၊ ကုန်သုံးတန်၊ ဂဟေ သုံးတန်၊ ပေါင်း ကိုးတန် ''

လို့ ရေးလိုက်တယ်..။

လူရွှင်တော်တွေက အဲဒီဖျာကို ချိုင်း( ဂျိုင်း) ကြား ညှပ်ပြီး ခရီးသည်သဏ္ဍာန် သရုပ်တူအောင် လုပ်ကြတယ်..။ ကျွန်တော်က သူတို့နောက်ဆုံးမှာ စပါယ်ယာအနေနဲ့ လိုက်တယ်..။ ဒေါက်ချာကြီး ဆောင်းထားတဲ့ ဒရိုင်ဘာကတော့ လက်ထဲမှာဒယ်အိုးကြီးတစ်လုံးကို စတီရာတိုင် သဘောမျိုးလုပ်ပြီး ပါးစပ်အင်ဂျင်နဲ့ အပီမောင်းတယ်..။

ကားက မောင်းရင်း ဆန့်ငင်ဆန့်ငင် နဲ့ ရပ်သွားတယ်..။ဒရိုင်ဘာက '' ဟေ့ကောင် စပါယ်ယာ ဘာဖြစ်တာလဲ ကားအောက်ဝင်ကြည့်စမ်း '' လို့ ပြောတယ်..။ ကျွန်တော်လည်း ကပျာကယာနဲ့ ကားအောက် ၀င်တဲ့ပုံမျိုးလုပ်ရတယ်..။

စင်ပေါ်မှာ ပက်လက်လှန်ပြီး ဖျာကို ချိုင်းကြားညှပ်ထားတဲ့ လူရွှင်တော်တွေရဲ့ ပုဆိုးတွေကို ကျွန်တော် လိုက်လှန်ကြည့် ရတယ်..။ ဖျာက တစ်ယောက်အိပ်ဖျာဆိုတော့ လူရွှင်တော်တွေရဲ့ အောက်ပိုင်းက ဖျာမအုပ်မိဘူး..။ လွတ်နေတယ်..။

ခန နေတော့ '' ဟာ တွေ့ပြီဆရာရေ၊ ဘာမှ ဖြစ်တာမဟုတ်ဘူး..။ ဘက်ထရီ အဖိုငုတ်နှစ်ငုတ်ပူးပြီး ရှော့ဖြစ်နေတာ '' လို့ အော်ရင်း .. မျက်နှာချင်းဆိုင် စီးနေတဲ့ လူရွှင်တော်နှစ်ယောက်ထဲက တစ်ယောက်ကို '' ကဲ ..ညီလေးက တဖက်လှည့်ပေးလိုက် .. ညီလေးတို့နှစ်ယောက် မျက်နှာချင်းနေရင် ရှော့ဆက်ဖြစ်နေလို့ ကျောင်းရောက်မှာ မဟုတ်တော့ဘူး .. '' လို့ ပြောရတယ်..။

ဆရာတွေနဲ့ ကျောင်းသားတွေကတော့ ကျွန်တော်တို့ ပျက်လုံးတွေကို တခွိခွိနဲ့ပေါ့ ..။ ဒါပေမယ့် ပွဲကလည်း တဖြည်းဖြည်းနဲ့ ပြီးခါနီးလာတယ်..။ ဒီလိုနဲ့ ပြီးသွားလို့တော့ မဖြစ်ချေဘူးလို့ တွေးမိတာနဲ့ ကျွန်တော်နဲ့ဒရိုင်ဘာလုပ်တဲ့ သူငယ်ချင်း.. နှစ်ယောက်တိုင်ပင်ပြီး.. ပွဲကို ရုတ်တရက် ရပ်ပစ်လိုက်တယ်..။

အဲဒီကောင်က ရုပ်တည်ကြီးနဲ့ မိုက်ကိုင်ပြီး

'' ပါမောက္ခချုပ်ကြီးခင်ဗျား.. ဇာတ်စင်နောက်မှာ ရုတ်ရုတ် ရုတ်ရုတ်ဖြစ်နေတာကို ချက်ခြင်းထိန်းပေးပါ.. နို့မို့ဆို.. ကျွန်တော်တို့ အငြိမ့်ကို ဆက်ကမှာ မဟုတ်ပါဘူး '' လို့ ပျက်လုံးထုတ်နေတာတွေ ရပ်ပြီး ပြောတယ်..။

ပရိတ်သတ်နဲ့ ဆရာဆရာမတွေ အားလုံးက ဘာများဖြစ်လို့ပါလိမ့်ဆိုပြီး မျက်လုံးလေးတွေ ကလယ်ကလယ်နဲ့ ပေါ့..။ သူငယ်ချင်းက ဆက်ပြောတယ်..။

'' ပါမောက္ခချုပ်ကြီးခင်ဗျား.. ဇာတ်စင်နောက်မှာ.. ဌာနက ဆရာ ဆရာမတွေက ကျွန်တော်တို့ အငြိမ့်အဖွဲ့ကို သူအရင်ဆုချမယ် ငါအရင်ဆုချမယ် ဆိုပြီး အငြင်းပွားရုန်းရင်းဆန်ခတ်ဖြစ်နေကြပါတယ်.. ပါမောက္ခချုပ်ကြီးအနေနဲ့ အဲဒါကို အမြန်ဆုံး ဖြေရှင်းပေးစေလိုပါတယ် .. ''

အဲဒီတော့မှ.. ပရိတ်သတ်က အဖြစ်မှန်ကို သိသွားပြီး ဝေါကနဲ ရယ်ကြတယ်..။ တဆက်တည်း ဆရာဆရာမတွေက အလျိုအလျို ဆုချတယ်..။ ရှိသမျ ဌာနအကုန်လုံးကလဲ အသီးသီးအသသ ဆုချတယ်..။ မချလို့လဲ မရဘူး..။

ပထမဦးဆုံး ရူပဗေဒ ဌာနက ဆုငွေ ငါးရာ ချီးမြှင့်တယ်..။

'' ကျွန်တော်များအငြိမ့်အဖွဲ့ကို ရူပဗေဒ ဌာနမှ ဌာနမှုး ဦးသောင်းအမှုးပြုတဲ့ ဆရာဆရာမများက ဆုတော်ငွေ ငါးရာ .. ဆုချပါတယ်ခင်ဗျား ''

'' ဆက်လက်ပြီး ဓါတုဗေဒ ဌာနမှလည်း အားကျမခံ ကျွန်တော်တို့အငြိမ့်အဖွဲ့ကို ဆုတော်ငွေ ... (ပြောလက်စကို ခနရပ်လိုက်တယ်.. နောက်မှ) သည်းခံပါခင်ဗျာ.. အခုထိ ဆုမချသေးပါဘူး '' လို့ ရယ်စရာလိုလို အတည်လိုလိုနဲ့ ဆုမချမခြင်း ပြောနေတော့တာကိုး..။

4 comments:

khine said...

ရုံးခိုးဖတ်ယင်းနဲ့ရယ်နေရလို့
အိမ်ရောက်မှပဲတ၀ကြီးတော့မယ်..
အရမ်းကောင်းပါတယ်..

tututha said...

ကျမလည်း အင်းစိန်ဂျီတီအိုင်ကျောင်းတော်ကြီးကို လွမ်းလိုက်တာ။ သူ့ခမျာ ခုတော့ ဘဝပြောင်းသွားရှာပြီ။

Unknown said...

ကိုနဗန တို့  လူရွှင်တော်လည်ဖြစ်တယ်နော်
ထမင်းစားပြီး ဖတ်တော့ ဗိုက်တောင်နာလာတယ်

Nityar said...

လာရယ် သွားပါတယ် ..
ဒီလို တဟားဟား အော်မရယ်ဖြစ်တာကြာပြီ ..
နောက်လည်း အားပေးပါ့မယ် ...