Tuesday, September 2, 2008

21.9 နှုတ်ဆက်လမ်းခွဲ

အဲဒီအဖြစ်အပျက်ပြီး တစ်ပတ်လောက် ကြာတော့ မျိုးမျိုးပျောက်သွားတယ်..။ ဒရိုင်ဘာအကိုကြီး နဲ့ ကျွန်တော် သူ့အိမ်အထိ လိုက်သွားသေးတယ်..။ သူက ရွှေပြည်သာမှာ အိမ်ငှားနေတယ်..။ အိမ်ရှင် လင်မယား အပြောအရတော့ ရွာပြန်သွားတယ်လို့ သိရတယ်..။ ကျန်းမာရေးလည်း သိပ်မကောင်းဘူး လို့ သူတို့ပြောတော့ ခေတ်စားနေတဲ့ ရောဂါများလား လို့ တောင် ရောယောင်တွေးမိသေးတယ်..။

တချိန်ထဲ လိုလို ကျွန်တော်လည်း ကုမ္ပဏီတစ်ခုမှာ အလုပ်ရတယ်..။ အလုပ်ရရခြင်း ဘန်ကောက်ကို သွားရတယ်..။ ပြန်လာတော့လည်း စက်ရုံစတင်လည်ပတ်ရေး မှာ နိုင်ငံခြားသားတွေနဲ့ နေ့နေ့ညည အလုပ်ထဲ နစ်သွားလေတော့ ကလပ်လည်း ရောက်တချက် မရောက်တချက် ပဲ..။ မျိုးမျိုးကို တော့ မတွေ့ရတော့ဘူး..။ ကြာတော့လည်း သတိရတချက် မရတချက်ပေါ့..။

နောက် မဒမ်မိုင်ဆက်ဖ်နဲ့ အကြောင်းပါတယ်..။ ၁၉၉၉ ခုနှစ် ဇန်န၀ါရီလမှာ မဒမ်မိုင်ဆက်ဖ် နဲ့ အာဝါဟ ၀ိဝါဟ လုပ်လိုက်တယ်..။ မျိုးမျိုးနဲ့ အဆက်အသွယ်ပြတ်ပြီး နှစ်နှစ်လောက် အကြာမှာပေါ့..။ အရာအားလုံးဟာ ပြီးဆုံးသွားပြီလို့ ထင်နေတုံး ၁၉၉၉ ခုနှစ် ဧပရယ်လ သင်္ကြန်မတိုင်မီလေးမှာ ကျွန်တော့်ဆီ မျိုးမျိုးဆက်သွယ်လာပြန်တယ်..။


ကျွန်တော်လက်ထပ်ပြီး သုံးလအကြာမှာ ပေါ့..။ ကျွန်တော့်ကို သူတွေ့ချင်တယ်လို့ ဖုံးထဲကနေ ပြောလာတယ်..။ ကျွန်တော် မိန်းမယူလိုက်ပြီလို့ ပြောတော့ သူမယုံဘူး..။ ဘယ်မှာနေနေလဲ သူ လာခဲ့မယ် လို့ ပြောတာနဲ့ ကျွန်တော့်လိပ်စာ ပေးလိုက်တယ်..။ မှတ်မှတ်ရရ မဒမ်က အဲဒီနေ့က အလုပ်သွားတယ်..။

နာရီဝက်လောက်ကြာတော့ တက်စီတစ်စီးနဲ့ သူရောက်လာတယ်..။ ကျွန်တော်က စက်ရုံထဲမှာ နေသူမို့ သူ့ကို စက်ရုံဂိတ်ကနေသွားစောင့် ခေါ်လိုက်တယ်..။ အိမ်ထဲရောက်တော့ မဒမ်ရဲ့ အင်္ကျီအ၀တ်အစား တို့လို့တွဲလောင်းတွေကို ကြည့်ရင်း '' အော်.. အကို တကယ်မိန်းမရသွားပြီကိုး ..'' လို့ ခပ်တိုးတိုး မှတ်ချက်ချတယ်..။

တစ်ယောက်နဲ့တစ်ယောက် စကားမဆိုကြတော့ပဲ အတွေးတွေထဲ ငြိမ်သက်နေမိကြတယ်။

နောက်မှ..ရုတ်တရက်ကြီး ဘယ်ပျောက်သွားတာလဲ လို့ ကျွန်တော်မေးမိတယ်..။ ခပ်ပေါ့ပေါ့ တချက်ရယ်ရင်း အခြေအနေက အဲဒီလိုမလုပ်ရင် အကို့ဘ၀ နှစ်သွားမှာပေါ့ လို့ သူပြန်ပြောတယ်..။ စကားလုံးတွေ ပျောက်ဆုံးသွားသလို ခံစားရင်း ကျွန်တော် သူ့မျက်နှာကိုပဲ.. စိုက်ကြည့်နေမိတယ်..။

ခနနေတော့ ထိုင်နေတဲ့ ခုံပေါ်ကနေ ကြမ်းပြင်ပေါ် ရုတ်တရက်ဆင်းပြီး ကျွန်တော့်ကို သူထိုင်ကန်တော့တယ်။ ဟ.. ဘာလုပ်တာလဲ ထပါ လို့ ကျွန်တော်ဆွဲထူတော့ မထဘဲ.. ဆုံတွေ့ ခဲ့ကြတဲ့ အခိုက်အတန့်မှာ သူ့အပေါ် ကြင်နာခဲ့တာတွေအတွက်.. ကန်တော့တာလို့ မှတ်ပေးပါ လို့ သူမရှိုက်ရင်း ပြောတယ်..။ သူမလက်မောင်းကို ဆွဲထူနေတဲ့ ကျွန်တော့်လက်တွေ အလိုလိုပျော့ခွေကျသွားတယ်..။

နောက်..မျက်ရည်ဝေ့၀ဲနေတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို မော့ကြည့်ရင်း ပြန်တော့မယ်လို့ သူတီးတိုး ဆိုတယ်..။ ကျွန်တော်လိုက်ပို့မယ်လေ လို့ပြောတော့ နေပါစေလို့ သူပြန်ပြောတယ်..။ ဒါပေမယ့် ကျွန်တော်အတင်းအကျပ်ပြောနေတာနဲ့ သူမငြင်းတော့ဘဲ ကားပေါ်တက်တယ်..။

ကားမောင်းရင်း လိုအပ်တဲ့အကူအညီရှိရင် အားမနာနဲ့ လို့ ကျွန်တော်ပြောတော့ အကိုသာ အကို့မိသားစု ကို ဂရုစိုက်ပါ ညီမတို့ကတော့ မထူးတော့ပါဘူးလို့ ခပ်လေးလေးပြန်ပြောတယ်..။

အဲဒီနေ့က ရေကြောင်းသိပ္ပံရှေ့နားက မှတ်တိုင်မှာ ကျွန်တော့်ကို လက်ပြနှုတ်ဆက်ရင်း ကျွန်တော့်ကမ်ဘာထဲက သူမ အပြီးအပိုင် ထွက်သွားခဲ့တော့တယ်..။

အနည်းဆုံးတော့ ယနေ့အထိပေါ့။

------------------------------------------------------------------------------------------------------
တော့ပစ်ကြွလာ ဆွေသဟာများ..

မျိုးမျိုးနဲ့ အကြောင်း ကျွန်တော်ရေးတော့ ကျန်တဲ့ ကျွန်တော့်ဘ၀အကြောင်းတွေ ရေးထားတာထက်ပိုတဲ့ Feedbackတွေ ကျွန်တော်ရပါတယ်..။

အမျိုးမျိုး အစုံစုံပါပဲ..။ အားလုံးကို ကျွန်တော် ကျေကျေနပ်နပ်ကြီးလက်ခံပါတယ်..။

အစကတည်းက သူတို့ဘ၀ သူတို့စိတ်နေစိတ်ထား ကို သိစေချင်လို့ မျဝေတာပဲ..။ သူတို့ဘ၀ကို သိပြီး သနားသူက သနားတယ်..။ မသနား သူကမသနားဘူး..။ သနားတယ်လည်းမဟုတ် မသနားဘူးလည်း မဟုတ် ဆိုသူတွေလဲ ရှိပြန်တယ်..။

အဲ.. သူတို့စိတ်နေစိတ်ထားဆိုတာကတော့ အားလုံးနဲ့ မဆိုင်ဘူးလို့ ပြောနိုင်ပါတယ်..။ အထူးသဖြင့် မျိုးမျိုးရဲ့ စိတ်နေစိတ်ထား ကိုပဲ ပြောချင်တာပါ..။ ကိုယ့်အနေနဲ့ကလည်း တခြားကြေးစားတွေရဲ့ စိတ်နေစိတ်ဓါတ် ဘယ်လိုဆိုတာ သိမှမသိပဲကိုး..။

တခုတော့ ရှိတယ်..။ ကျွန်တော်ရေးခဲ့တာတွေထဲမှာ မျိုးမျိုး.. ဘာကြောင့် ဒီလိုဘ၀မျိုးရောက်လာခဲ့တာလဲ ဆိုတဲ့ အကြောင်း မပါပါဘူး..။ မပါဆို.. ကျွန်တော်မှ မသိတာ..။ သိဖို့လည်း ကျွန်တော်မကြိုးစားခဲ့ဘူး..။

ကျွန်တော်သိတာက သူနဲ့ကျွန်တော်နဲ့ တွေ့ဆုံကြုံကြိုက်ခဲ့တဲ့ ကာလတွေမှာ ကျွန်တော့်အပေါ်ရှိခဲ့တဲ့ သူ့ရဲ့ စိတ်နေစိတ်ထားပဲ..။

အဲဒါတွေက...

၁) မျိုးမျိုးအနေနဲ့ ကျွန်တော့်ဆီက ငွေရေးကြေးရေး အမြတ်အစွန်း ရမသွားရှာဘူး..။ တခါတရံ ရသင့်ရထိုက်တာထက် လျော့ရတဲ့ အခြေအနေတွေတောင် ရှိတယ်ဗျာ..။ နောက်.. ကျွန်တော့်ကြောင့် သူ့မှာ မိတ်ပျက်ရသေးတယ်..။

၂) ကျွန်တော့်ဆီက ဘာ အခွင့်အရေးမှ မတောင်းဆိုခဲ့ဖူးဘူး..။ စကားအဖြစ်နဲ့တောင် မရှိခဲ့ဘူး..။ ကျွန်တော်ပေးခဲ့ဖူးတာဆိုလို့လည်း သိုးမွှေးဆွယ်တာ တစ်ထည်ပဲ ရှိခဲ့တယ်..။

၃) သူ စပြီး ကျွန်တော်တို့ ဇာတ်လမ်းကို အဆုံးသတ်ခဲ့တယ်..။ နောက်ကွယ်က ရီဇင်ကတော့ သူပြောတဲ့အတိုင်း ဟုတ်ချင်မှဟုတ်မယ်..။ သို့သော် ဒါက အရေးမကြီးဘူးလို့ ကျွန်တော်ယူဆတယ်..။

၎) ကျွန်တော် မိန်းမရသွားမှန်းသိပြီးနောက် ယနေ့အချိန်အထိ သူ လုံးဝဆက်သွယ်မလာတော့ဘူး..။ (ကျွန်တော်က အခုထိ သူနောက်ဆုံးလာသွားတဲ့ စက်ရုံမှာ အလုပ်လုပ်ဆဲပဲ )

ဆိုတော့..

သူတို့ရဲ့ အသက်မွေးကြောင်းမှုက ဘယ်လိုပဲ ဖြစ်နေဖြစ်နေ.. သူတို့ဟာ လူထဲကလူသားတွေမို့.. (အမြဲမဟုတ်တောင် ) ကျန်တဲ့သူတွေလိုပဲ အချစ်ရှိတယ်.. သစ္စာမေတ္တာရှိတယ်.. ဖြစ်သင့်ဖြစ်ထိုက်တာတွေကို နားလည်တယ်.. တနည်းအားဖြင့် ပြောရရင် သူတို့လည်း လူသားဆန်တတ်ပါကြောင်း..။ ( အနည်းဆုံးတော့ မျိုးမျိုးအနေနဲ့ ကျွန်တော်နဲ့ ပတ်သက်ခဲ့မှုမှာ အဲဒီလိုမျိုး လို့ပဲ )

ဒါလေးဗျ..။ ( လက်ခံတာလက်မခံတာကတော့ ထုံးစံအတိုင်းပေါ့ .. နှော)

5 comments:

Anonymous said...

Well, I think I should introduce myself first. I am Kyaw Bo Bo Han, a friend of one of your friends, Win Thein Aye a.k.a Poe Thar. Me and PT are very closed friends since elementary schools. And he is the one who gave me your blog address. Sorry, I can't recall your name.

First of all, it's been fun reading your blog. You are a good writer. In my opinion, you are better than "Ah Kyi Taw" and close to "Min Lu." Thanks for sharing, but I guess they are not 100% true, though. No offense.

Anyways, keep up the good work. If I may suggest, I found some mis-spelling here and there. I myself can't type in Burmese, so it can be because of the font problem itself. Well, it's your blog, anyways.......

Above all, I am impressed that you have come this far given your background. Congratulations....

Cheers......

Summer Field said...

"Pretty Woman" ဆိုတဲ့ ရုပ်ရှင်ကားကို မြန်မာ version နဲ့ ကြည့်ရသလိုပဲ.. ပိုမို ခံစားလိုက်ရတယ်.. ။ ကျနော်သာဆို ယူရဲတဲ့အထိ သတ္တိမရှိရင်တောင်၊ "တွယ်ခဲ့တဲ့ သံယောဇဉ်အမျှင်အားကြောင့်" ရင်းနှီးတဲ့ မိတ်ဆွေအဖြစ် ဆက်လက်ရပ်တည်ပေးနေမိမယ်၊ သူ့ဘဝတိုးတက်မှုအတွက် လိုအပ်တဲ့အကူအညီပေးချင်နေမိမယ်.. ။ ရေအိုးစင်အားလုံးကိုတော့ ဒီလိုတန်းတူ သံယောဇဉ်ထားလို့တော့ မဖြစ်ဘူးပေါ့။ ဒါပေမဲ့ သူတို့တွေရဲ့ တွယ်ငြိတတ်တဲ့ သံယောဇဉ်နဲ့ မေတ္တာကိုတော့ အနည်းဆုံး အသိအမှတ်ပြုသင့်တယ်လို့ ယူဆပါတယ်..။

Akami said...

I like this post. We can see a lot of reasons why we are here.I would like to mean that is "life". Everybody have a life.I can understand about your feeling bro.Don't mind to me for I called you as bro....

"Life has a very simple sequence"

Rgds,
akami

Unknown said...

ဟုတ်ကဲ့ ..မီးရောင်စုံတွေအောက်က ခါးသီးတဲ့ 
ဘ၀လေးတွေပေါ့ နော်....
တစ်ချို့ လည်းတစ်ကယ်ကိုသနားစရာပါဘဲအကိုရာ

thu thu win said...

ဘယ်အလုပ်ကိုပဲလုပ်လုပ်။ နှလုံးသားရှိတဲ့လူကတော့ နှလုံးသားရှိတာပါပဲ။