Tuesday, September 2, 2008

21.3 Discoညတွေ

ကျွန်တော်တို့ခေတ်တုံးက ဆံပင်ရှည်ထားရင် လမ်းသရဲ..။ ဂစ်တာတီးရင် သရုပ်ပျက်..။ အဲဒီလိုမျိုး ပြောလေ့ရှိကြတယ်..။ ဒစ်စကိုသွားတယ်ဟေ့ ဆိုရင်တော့ အတော့်ကို လေလွင့်ပျက်စီးနေပြီလို့ လူတော်တော် များများက မှတ်ချက်ချတဲ့ ခေတ်ပေါ့..။

ဒစ်စကို ဆိုတာတွေကလည်း.. အရေးအခင်းပြီးနောက်ပိုင်း ဈေးကွက်စီးပွားရေးနဲ့ အပြိုင် ပေါ်လာတာဆိုတော့ သိပ်ကြာလှသေးတာမဟုတ်ဘူး..။ ပိုက်ဆံရှိသည့်တိုင် တချို့လူတွေ သွားဖို့လာဖို့ တွန့်နေသေးတဲ့ အချိန်လို့ ပြောနိုင်တယ်..။ ( အခုတော့လည်း မထူးဆန်းတော့ပါဘူး.. ကောင်းလေစွ )

ကျွန်တော်တို့လို တောသားတွေအဖို့ကတော့ ဒစ်စကိုဆိုတာ ဘယ်လိုဟာမှန်းတောင် သေချာမသိသေးပါဘူး..။ တီဗွီထဲက အေအိုင်ဒီအက်စ် ပညာပေးကားတွေ တဆင့် ဒစ်စကိုဆိုတာ မီးမှိန်မှိန်ထွန်းထားတဲ့ အခန်းထဲ ယောက်ျားတွေနဲ့ မိန်းမတွေ ဖြစ်ချင်သလို ဖြစ်ကြ၊ ရောဂါတွေရကြ ဆိုတာမျိုး လို့တောင် တချို့က ထင်နေ တတ်ကြသေးတယ်..။

သို့သော်.. ယောက်ျားလေးတွေဆိုတော့ ထူးထွေပြီးတော့ မ၀ံ့မရဲဖြစ်မိတာမျိုး တော့ ဘယ်ရှိမလဲ..။ အမှန်အတိုင်းပြောရရင် .. လက်တည့်စမ်းချင်တဲ့ စိတ်နဲ့ တကယ်သွားရမယ်လည်း ဆိုရော ရင်ခုန်နေခဲ့ ကြတယ်..။

ဒါပေမယ့် တကာခံမယ့် သူငယ်ချင်းက ဘောင်းဘီရှည်ဝတ်ခဲ့..။ ရှုး ဖိနပ် မစီးရင် ပေးမ၀င်ဘူး.. လို့ ကျွန်တော်တို့ ကို ပျော်စေပျက်စေ .. အတည်ပေါက် နောက်ထားတော့.. ကျွန်တော့်မှာ ဒစ်စကိုသွားဖို့အရေး အဆောင်မှာ ရှုးဖိနပ် လည်ငှားရသေးတယ်..။

တကယ်တန်း ဟိုရောက်တော့မှ ပုဆိုး တိုက်ပုံ ခြေညှပ်ဖိနပ် နဲ့ ဒစ်စကိုမှာ ကိုကြီးကျော်ကနည်းနဲ့ ကနေတဲ့ သူတွေလည်း ရှိကြောင်း သိရတော့တယ်..။

ကျွန်တော့်ဘ၀ရဲ့ ပထမဦးဆုံး ဒစ်စကိုညက့  Escapade မှာစတယ်..။ သူများဆီက ငှားထားတဲ့ ရှုးဖိနပ်က ဆိုဒ်ကြီးနေတော့ လမ်းလျောက်တာကိုက မြောက်ကြွမြောက်ကြွ နဲ့ ပေါ့..။ စုစုပေါင်း ကျွန်တော်တို့ ငါးယောက် ည ကိုးနာရီလောက်မှာ Escapade ကိုရောက်တယ်..။

အပေါ်ထပ် ၀င်ပေါက်မှာ သူဌေးသားက တစ်ယောက်ကို ၁၂၀၀ နှုန်းနဲ့ ၀င်ကြေးပေးတယ်..။ ငါးယောက်ဆိုတော့ ၆၀၀၀ ပေါ့..။ ဧည့်ကြိုကောင်တာနား သူရေနေတဲ့ ပိုက်ဆံ ခြောက်ထောင်ကို လိုက်ကြည့်ပြီး မဆီမဆိုင် နှမြောနေမိသေးတယ်..။

ဧည့်ကြို ကောင်မလေးက တစ်ယောက်ကို ကူပွန်တစ်စောင်ဆီ ပြန်ပေးလိုက်တယ်..။ နောက်တော့ ဒစ်စကိုခန်းမထဲက လွတ်နေတဲ့ ဆိုဖါမှာ ၀င်ထိုင်ကြတယ်..။ မျက်နှာပေးကတော့ ဒီလိုနေရာမျိုးကို နေ့တိုင်းပဲ လာနေသလိုလို..။ သိပ်ပြီး အံ့သြနေတဲ့ ပုံမျိုး မပေါက်အောင် မနည်း ဟန်ဆောင် ထားရတယ်။ ဒါတွေ ငါသိပါတယ် ဆိုတဲ့ အထာမျိုးနဲ့ပေါ့..။

ထိုင်လို့မှ ဖင်မပူသေးဘူး..။ ၀ိတ်ထရက်စ် ကောင်မလေးက ဘာသောက်မလဲ လို့ လာမေးတယ်..။ ဘာတွေရှိလဲ လို့ ခပ်တည်တည်နဲ့ ပြန်မေးလိုက်တယ်..။ ကောင်မလေးက မီနူးရှိတယ် အကို.. လို့ ပြန်ပြောတာကို မီနူးမကြည့်ချင်လို့ ညည်းမေးတာပေါ့ လို့ စိတ်မရှည်လေဟန်နဲ့ ဆရာကြီးဂိုက် ဖမ်းပြီး ဟောက်လိုက်တယ်..။

အော်..ဟုတ်ကဲ့ ဆိုပြီး ရနိုင်တဲ့ ယမကာစာရင်းကို ခရားရေလွှတ် ကောင်မလေးက ရွတ်ပြတယ်..။ သူ့အလှည့်ပြီးတော့ ကိုယ်အလှည့်ပေါ့..။ တစ်ခုခုမှာရတော့မယ်..။ ဒါပေမယ့် သူရွတ်ပြသွားတဲ့ ယမကာ နာမည်ထဲမှာ ကိုယ်သိတာဆိုလို့ ဘီယာတစ်မျိုးပဲ ပါတယ်..။

ခပ်တည်တည်နဲ့ပဲ.. ဘီယာပေး လို့ မှာလိုက်တယ်..။ အကို့ ကူပွန်လေး ညီမကို တဆိတ်လောက်လို့ ကောင်မလေးက တောင်းတယ်..။ ဘာလုပ်မလို့လဲ လွှင့်ပစ်လိုက်ပြီ လို့ ကျွန်တော်ပြောတော့.. ဟောတော် အဲဒီကူပွန်နဲ့ ဆိုရင် ၀မ်းဒရင့် ဖရီး ရတယ်..ဘာလို့ လွှင့်ပစ်လိုက်ရတာလဲ လို့ ကောင်မလေးပြောတော့မှ.. ဟေ..ဟုတ်လား.. သိမှမသိဘဲ လို့ ပြန်ပြောရင်း တောသားလူလည်ကြီး ကျွန်တော် မနေနိုင်ဘူး ကိုယ့်ကိုယ်ကို သဘောကျပြီး ရယ်လိုက်ရတာ..။

ရယ်ရင်းနဲ့ပဲ ကူပွန်တော့မရှိတော့ဘူး.. ဒါပေမယ့် ဘီယာပဲ ပေးပါ လို့ ကောင်မလေးကို မှာလိုက်ရတယ်..။ ကျန်တဲ့သူငယ်ချင်းတွေကို ဒစ်စကိုတီးလုံးသံတွေဆူညံနေတဲ့ ကြားထဲက ကူပွန်လွှင့်ပစ်လိုက်မိတဲ့ အကြောင်း ကျွန်တော်ပြန်ပြောတော့ အားလုံး ရယ်ကြတယ်..။

သောက်ကြစားကြ ငမ်းကြနဲ့ ညဆယ်နာရီလောက် ရောက်တော့ လိုက်ပို့တဲ့ တကာတော်ရေမြေ့ရှင်က.. လာ သွားကကြမယ် လို့ ထဖောက်တယ်..။ မကပါရစေနဲ့ မောင်ရာ.. ကတာနဲ့တူတာဆိုလို့ ငယ်တုံးက ကြက်ဖတိန်ညင် ကဗျာနဲ့ ကြက်ခွပ်ခဲ့တာလောက်ပဲ ရှိလို့ ရှိကြီးခိုးပါရဲ့ နဲ့ အကြောက်အကန် ကျွန်တော် တောင်းပန်ရတယ်..။

ဒါပေမယ့် .. ကျေးဇူးရှင်က သူများတွေကြည့်ပြီးကပေါ့.. ဟိုမှာမူးရူးပြီး နတ်ပူးနေတဲ့သူတောင် ရှိသေးတာပဲ .. လာပါ ဆိုပြီး အတင်းဆွဲခေါ်လို့ ယက်ကန်ယက်ကန်နဲ့ dancing floor ထဲ ပါသွားရတယ်..။

တီးလုံးကတော့ အတော်မြူးသကိုး..။ ကျွန်တော့်မှာသာ စည်းချက်ညီညီလိုက်ကနေတဲ့ သူတွေလိုလဲ မကတတ်..။ စိတ်လွတ်ကိုယ်လွတ် နတ်ပူးသလိုမျိုးကြီး လုပ်ချပစ်လောက်အောင် အထိလည်း အရှက်က မကုန်သေး..။ အရက်ကလည်း ရီဝေေ၀ဖြစ်ရုံလောက်လေး.. ဆိုတော့ အတော့်ကို ဒုက္ခရောက်နေခဲ့တယ်။

သူငယ်ချင်းကတော့ ကပ္ပတိန် ကမ်းမွန် ကမ်းမွန် နဲ့ အတင်းတွဲကနေတော့တာပဲ..။

( ကျွန်တော်က စက်မှုတက္ကသိုလ် EC ဘောလုံးအသင်းရဲ့ ကပ္ပတိန် မို့လို့ အားလုံးက ကပ္ပတိန်လို့ ခေါ်ကြတယ် )

နောက်ဆုံးတော့ မထူးဘူးဆိုတဲ့အတွေးနဲ့ ငါတတ်တာ ငါလုပ်မယ် ဆိုပြီး ဘောလုံးမကစားခင် လုပ်တဲ့ သွေးပူလေ့ကျင့်ခန်းတချို့ကို ဒစ်စကိုတီးလုံးနဲ့ နည်းနည်းစပ်ဟပ်ပြီး လုပ်နေလိုက်တယ်..။ အမယ် အတော်ဟုတ်သွားတယ်..။ တွဲကနေတဲ့ သူငယ်ချင်းတောင် အူတက်နေလို့ ကတာရပ်သွားတဲ့ အထိပဲ..။

ဒူးခေါင်းနှစ်ခုကို ပူးပြီး အရှေ့တောင်နှစ်ချက် တည့်တည့်နှစ်ချက် အနောက်တောင်နှစ်ချက် ထိုးလိုက်ပြန်ဆုတ် လိုက် လုပ်တယ်..။ လက်နှစ်ဖက်က ဒူးခေါင်းပေါ်အုပ်ကိုင်ထားပြီး ခါးလေးကိုင်းတိုင်းကိုင်းတိုင်းနဲ့ပေါ့..။ နောက်ပြီး ခြေထောက်နှစ်ချောင်းကို နဲနဲခွဲရပ်၊ ဒူးကိုကွေးပြီး အတွင်းကနေ အပြင် စကောဝိုင်းသလို မျိုး လုပ်တာတွေလည်း ပါသေးတယ်..။

အဲဒီနေ့ညက ပျော်စရာတော့ အကောင်းသား..။

နောက်များမတော့ ရန်ကုန်ရဲ့ ရှိရှိသမျ ဒစ်စကို.. ကျွန်တော်တို့ မရောက်ဖူးတဲ့ ဒစ်စကို မရှိတော့တဲ့အထိ ဒစ်စကိုမင်းသားတွေ ဖြစ်ခဲ့ကြတယ်..။ တခါတရံ ညလုံးပေါက် ရှိရှိသမျ ဒစ်စကိုတွေ လှည့်သွားကြတယ်။ ဒစ်စကိုတွေကနေအပြန်မှာ တရုတ်တန်းဖက် ချီတက်ကြပြန်တယ်..။

တရုတ်တန်းက အစားအသောက်တော်တော်စုံတယ်..။ ကျွန်တော်တခါမှ မမြင်ဖူးမကြားဖူးတဲ့ အစားအသောက် တွေလဲ ရှိသေးတယ်..။ ဥပမာ သင်းပေါင်းပိုး..။ ကျွန်တော့်ဘ၀မှာ တခါမှ မစားဖူးဘူး။ ကြားတောင် မကြားဖူးဘူး..။

သင်ပေါင်းပိုး တွေကို ဗန်းထဲမှာ အရှင်အတိုင်း ထည့်ထားတယ်..။ ဘေးမှာက ဆီဒယ်အိုးက ဆူပွက်လို့..။ စားချင်တဲ့သူလက်ညှိုးထိုးပြတဲ့ အကောင်ကို ဗန်းထဲကနေ စွပ်ကနဲကောက်ပြီး ဒယ်အိုးထဲ ရှဲကနဲ ပစ်ထည့်လိုက်တာပဲ..။

ဗုဒ္ဓဘာသာအလိုအရ.. မရဏာသမဇောချိန်တောင် ခမျာ ရလိုက်ရဲ့လား မသိ..။ စမြင်ခါစက ကျွန်တော့်မှာ ကြက်သီးတောင်ထမိတယ်..။ အဲဒီအကောင်ကလည်း ဗန်းထဲမှာအရှင်အတိုင်း မြင်ရကတည်းက အူယားဖို့ သိပ်ကောင်းတယ်..။ လှုပ်စိလှုပ်စိနဲ့.. သီတင်းကျွတ်ခေါက်မီးပုံးကို ခေါက်လိုက်ပြန်ဖြည်လိုက် လုပ်နေတာမျိုးနဲ့ သိပ်တူတယ်..။ အရွယ်ကတော့ လက်မသာသာလောက်ပါပဲ..။

ဈေးတော့ အတော်ကြီးသားကလား..။ အဲဒီတုံးကတောင် တစ်ကောင်ကို အစိတ်သုံးဆယ်ပေးရတယ်..။ တချို့က နွားနို့နဲ့ စိမ်ထားသေးတယ်.. စိမ့်အောင်လို့ ဆိုပဲ..။ ကျွန်တော်တို့ ဆွေးနေတဲ့သစ်တုံးတွေ ဘာတွေ ခွဲတော့ အထဲကထွက်လာတဲ့ ဖိုးလမင်းလို အကောင်မျိုးပါပဲ..။

သိသလောက်ကတော့ အဲဒီပိုးက သင်းပေါင်းပင်မှာ နေလို့ သင်ပေါင်းပိုးလို့ ခေါ်တယ် တဲ့..။ သင်ပေါင်းတပင်မှာ အဲဒီပိုးက တကောင်ပဲ ရှိသတဲ့..။ ကျွန်တော်ကတော့ သင်ပေါင်းပင်ဆိုတာတောင် ဘယ်လိုဟာမှန်းမသိပါဘူး..။

ရွာမှာတုံးက အဲဒီလိုမျိုးဆန်ဆန်အကောင်တော့ မြင်ဖူးတယ်..။ ဘေးအိမ်က အဘိုးကြီး ဆိတ်တကောင်သတ် တော့ ဆိတ်ချိုကို ခွဲပြီး အထဲက အကောင်ကို ကြော်စားတယ်..။ ကြံကြံဖန်ဖန်ဗျာ.. အဲဒီအကောင်က လည်း ဆိတ်ချိုထဲမှာ နေတယ်..။ ရွာမှာတော့ အဲဒီအကောင်ကို ဂျိုပိုးလို့ ခေါ်တယ်..။

3 comments:

Summer Field said...

၁၉၉၃ နှစ်ဦးပိုင်း မြန်မာပြည်ကို ပထမဦးဆုံး ပြန်လည်တော့၊ နဝရတ်ဟိုတယ်မှာ (အင်းစိန်လမ်းမကြီးပေါ်မှာ ထင်ရဲ့) ပုဆိုး ခြေညှပ်ဖိနပ်တွေနဲ့ ဒစ်စကိုကနေကြတာကို အံ့ဖွယ်သုတ မြင်ခဲ့ရဖူးတယ်..
သင်ပေါင်းဖူးနဲ့ သင်ပေါင်းပိုးကို တညင် (သံလျင်) ဖက်မှာ စားဖူးတယ်။ တကယ်ဆိမ့်တာ..။

ဂျူနို said...

ဒစ်ကိုကတာ ရီလိုက်ရတာ အူတက်မတတ်ပဲ။
အရီလွန်နေတုန်း အောက်ကပိုးတွေ အကြောင်းဖတ်ရတော့ အန်ချင်လိုက်တာ။

ခုနေ ဗိုက်ကလည်းစာ ခေါင်းကလည်းမူး ဒီပိုးတွေကြောင့် ပျို့ ချင်သလို ပဲ။ ရသ မြောက်ပါပေတယ်။

Unknown said...

ဒစ်စကိုပထမဆုံးအတွေ့ အကြုံ ကတော့ အတူတူပါဘဲခင်မျာ..
သင်ပေါင်းပိုးဆိုတာကတော့မြင်ကိုမမြင်ဘူးဘူးဗျ