Monday, September 1, 2008

20.2 ဆွမ်းတော်ကြီးခံ

ကျွန်တော့်သူငယ်ချင်း အောင်အောင်ဆိုတဲ့ကောင်နဲ့ ဆရာရှိန်ကသိပ်မတည့်ဘူး..။ တကယ်တမ်းပြောရရင် ကျွန်တော်လည်း သူ့ကို သိပ်ကြည့်ရတာမဟုတ်ဘူး..။ သူကရပ်ကွက်ဓမ္မာရုံမှာ ဂေါပက လူကြီး..။ ကျွန်တော်တို့ ရပ်ကွက်မှာ ဆွမ်းတော်ကြီးခံ အဖွဲ့ရှိတယ်..။ အဲဒီအဖွဲ့က အဖိတ်နေ့ ( ဥပုပ်နေ့မတိုင်မှီနေ့ ) ဆိုရင် တစ်ရွာလုံး လှည့်ပြီး အလှူခံလေ့ရှိတယ်..။

နှဲသမားတစ်ယောက်ရယ်.. ဒိုးဆရာ (စည်တိုလိုဟာမျိုးလေး တစ်လုံးထဲပါ) .. လင်ကွင်းချမ်းရယ်.. မောင်းကြီးတစ်လက်နဲ့ အတီးအမှုတ်က ပါသေးတယ်..။ မောင်းကြီးက အတော်လေးတယ်..။ နှစ်ယောက် ရှေ့နောက်ထမ်းရတယ်..။ ဆရာရှိန်က အမြဲတမ်း ကျွန်တော်နဲ့ အောင်အောင်ကို မောင်းထမ်းခိုင်းတယ်..။ ရှေ့က ထမ်းရရင် တော်သေးတယ်..။ နောက်ကထမ်းတဲ့ကောင်က .. စည်းချက်အလိုက် ထမ်းရင်း မောင်းကြီးကို တစ်ချက်တစ်ချက် တီးရသေးတယ်..။

မုန့်ဗန်း တို့ ငွေသပိတ်တို့ ထမ်းရတဲ့ကောင်တွေကတော့ သက်သာတာပေါ့..။ တစ်ရွာလုံး လှည့်ရတာဆိုတော့ ညနေလေးနာရီလောက်က စထွက်ရင် ညမိုးချုပ်မှ ဓမ္မာရုံကို ပြန်ရောက်ကြတယ်..။ အလှူခံ ရလာတဲ့ လှူဖွယ်ပစ္စည်းတွေကို ဓမ္မာရုံကဘုရားရှေ့မှာ ညကပ်ထားရတယ်..။ နောက်တစ်နေ့မနက် ဥပုပ်နေ့ မနက်လင်းအားကြီးမှာ.. ရွာဘုရားတွေထဲက အလှည့်ကျဘုရားဆီ သွားလှူကြတယ်..။

မနက်စောလည်း.. အတီးအမှုတ်ကပါသေးတယ်..။ မနက်စော ဘုရားသွားလှူရင် ဘယ်ကောင်မှ မောင်း မထမ်းချင်ကြတော့ဘူး..။ မုန့်ဗန်းကို ၀ိုင်းလုနေကြတော့တာပဲ..။ ဝေလီဝေလင်း ဆိုတော့.. ဘုရားမရောက်ခင် ဗန်းထဲက မုန့်ကို ထမ်းတဲ့ကောင်တွေက သမကြတယ်..။

ဘုရားကပ်ပြီးမှ.. စွန့်ရရင် ကိုယ်စားရဖို့က မသေချာတော့ဘူးကိုး..။ အဲဒီအခါကျ .. အကုန်ဝိုင်းလုကြတာလေ..။ ဒါကြောင့်.. မနက်စောမှောင်တိမှုန်ဝါးမှာ မုန့်ဗန်းထမ်းချင်သူတွေ ၀ိုင်းဝိုင်းလည်နေတာပဲ..။

ဒါပေမယ့် ကျွန်တော်နဲ့ အောင်အောင်က များသောအားဖြင့် မောင်းကြီးထမ်းရတာပါပဲ..။ ဘယ်သူမှ ထမ်းသူမရှိရင်.. ဆရာရှိန်က .. ကျွန်တော်တို့နှစ်ယောက်ကို တာဝန်ချတော့တာပဲ..။ လူကြီးဆိုတော့ ကျွန်တော်တို့လည်း ပြန်မပြောရဲကြဘူး..။ ညစ်ညစ်နဲ့ ထမ်းရတယ်..။

ဒါပေမယ့်.. အောင်အောင်က မကျေနပ်ရင် ပြန်သာမပြောတာ..။ မောင်းကြီးကို တအားထုပြီး မကျေနပ်ကြောင်း ပြလေ့ရှိတယ်..။ နောက်.. မောင်းကို စည်းချက်နည်းနည်းအောက်ပြီး လိုက်ထုတယ်..။ မသိမသာပေါ့..။ ဒါပေမယ့်.. နားထောင်လို့တော့ ဘယ်ကောင်းတော့မလဲ..။

ပုံမှန်ဆိုရင်.. သီချင်းဆိုတဲ့သူက '' ကြေးစည်သံလေး ပေးကာပေးကာ.. အေချမ်းလှတဲ့ ငဘ တို့ရွာ '' ဆိုပြီး နောက်ဆုံး '' ရွာ '' ဆိုတဲ့ စကားလုံးနဲ့ မောင်းသံဒူနဲ့က ဟပ်နေရတယ်..။ ဒါပေမယ့် အောင်အောင်က.. နည်းနည်းစောင့်ပြီးမှ.. မောင်းထုတယ်..။

အဲဒီတော့.. '' ကြေးစည်သံလေး ပေးကာပေးကာ အေးချမ်းလှတဲ့ ငဘတို့ရွာ .. ကျက် ( ဒူ ) သရေ မင်္ဂလာရှိလိုက်ပုံက.. '' နဲ့ ဖြစ်ကုန်တယ်..။ အဲဒီလိုဖြစ်ရင် ဆရာရှိန်က ဒေါခွီးတော့တာပဲ..။ ဆွမ်းတော်ကြီးခံလိုက်လာတာပဲ ဖင်မွှေးဖြူနေပြီ.. မောင်းတောင် စည်းချက်ညီအောင်မလိုက်နိုင်ဘူး.. သောက်လကားကောင်ပဲ နဲ့ ကောင်းချီးပေးတယ်..။

အောင်အောင့်ကို ငေါက်ပြီးရင် ကျွန်တော်မောင်းတီးတာဝန် အလိုအလျောက်ပေးအပ်ခံရတော့တာပဲ..။ အောင်အောင့်ငေါက်ထားတဲ့ အရှိန်နဲ့ဆိုတော့ ကျွန်တော်လည်း ကပ်ဖျက်ယဖျက်တော့ သိပ်မလုပ်ရဲတော့ဘူး..။ ဒါပေမယ့်.. မောင်းကြီးက လေးတော့.. ရှေ့ကထမ်းထမ်း နောက်ကထမ်းထမ်း အီစိမ့်နေတာပါပဲ..။

ဒီကြားထဲ.. ဒီနေ့ တောကျောင်းဘုရားသွားလှူရမယ် ဆိုရင်.. သေချင်စော်ကို နံလို့ပေါ့..။ တောကျောင်းဘုရားက အနည်းဆုံး နှစ်မိုင်လောက် လမ်းလျောက်ရတာကိုး..။ အဲဒီလိုမျိုး မောင်းထမ်းရတဲ့ နေ့တွေဆိုရင် ကျွန်တော်နဲ့ အောင်အောင် ဘုရားကပ်ပြီး ရေစက်တောင် ဆုံးအောင်အချမခံဘူး..။ '' အားလုံးၾကားၾကားသမ်.. အမ် .. '' ပဲ ရှိသေးတယ် ဘုရားရှေ့က မုန့်ဗန်းကို အတင်းဝင်လုံး ပစ်တာပဲ..။ အမျလည်း သုံးကြိမ်စေ့ရော.. ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဘုန်းပေးစရာမကျန်တဲ့ အထိ ရှင်းလင်းပြီးသားဖြစ်သွားရတယ်..။

အမယ်.. မုန့်လုတယ်ဆိုလို့ အထင်မသေးနဲ့..။ ပညာပါတယ်..။ ကောင်းပေ့ ဆိုတဲ့မုန့်ကို အဖိတ်နေ့ ဆွမ်းတော်ကြီးခံ လှည့်ကတည်းက အားလုံးက မျက်စောင်းထိုးထားကြတယ်..။ အဲဒီမုန့်ကိုပဲ အဓိကထား လုကြတာ..။

တစ်ခါက အဖိတ်နေ့မှာ နာနတ်သီးကြီးတစ်လုံး အလှူခံရလာတယ်..။ ရွာမှာက နာနတ်သီးဆိုတာ ရှားပါးပစ္စည်း..။ ရာသီချိန်မှ စားရတယ်..။ အားလုံးက မက်မောကြတယ်..။ နောက်တနေ့မနက်တော့ အဲဒီနာနတ်သီး ငါရအောင်လုပစ်လိုက်မယ်လို့ တွေးနေသူတွေမနည်းဘူး..။ ကျွန်တော်နဲ့ အောင်အောင်လည်း ပါတာပေါ့..။

နည်းဗျူဟာတွေဘာတွေ တောင် ကျွန်တော်တို့နှစ်ယောက်ကြိုချထားကြတယ်..။ မင်းက ရေစက်ချတာ နှစ်ကြိမ်မြောက် ( အားလုံးၾကားၾကားသမ် အမ်အမ်အမ် ဆုိတာ သုံးၾကိမ္ရြတ္ရတာကုိး ) ကတည်းက ကျော်ကြီးကို ကြည့်ပြီးကာထား ငါက ဆရာရှိန်ရှေ့ကမုန့်ဗန်းကို ၀င်လုံးမယ် .. နဲ့ .. ပေါ့..။ ပြန်တွေးကြည့်တော့ လွမ်းစရာတော့ အကောင်းသား.. ဟားဟား..။

ဒါပေမယ့် နောက်တနေ့မနက် ကျတော့ ကျွန်တော်တို့အကြံအစည်အားလုံး သဲထဲ ရေသွန်ဖြစ်သွားတယ်..။ အစီအစဉ်အတိုင်း အကောင်အထည်ဖော်ဖို့ ဝေးလို့ နာနတ်သီးက ဘုရားဓမ္မာရုံက ထွက်ကတည်းက ဘယ်သူ့လက်ချက်မိသွားမှန်းမသိဘူး..။ မရှိရှာတော့ဘူး..။

အောင်အောင်က မုန့်ဗန်းကို ကြည့်ပြီး ကျွန်တော့်ကို မျက်စပစ်ပြတယ်..။ နောက် ဆရာရှိန်ကို မေးငေါ့ပြတယ်..။ ဓမ္မာရုံသော့က ဆရာရှိန်ကိုင်တာကိုး..။ ကျန်တဲ့ကောင်တွေကလည်း မုန့်ဗန်းကို ကြည့်ပြီး တီးတိုးတီးတိုး လုပ်နေကြတယ်..။

တစ်ယောက်က '' ဟ.. မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ၀ိကာလဘောဇနာ လုပ်တယ်နဲ့ တူတယ် မနေ့ညနေက နာနတ်သီးကြီး မရှိတော့ဘူး '' နဲ့ မနေနိုင်မထိုင်နိုင် ထအော်တယ်..။ ဆရာရှိန်ကတော့ မျက်စိမျက်နှာတွေပျက်ပြီး .. '' ဧကန္တ.. ကြွက်ဆွဲသွားတယ်နဲ့ တူတယ် '' လို့ ပြောတယ်..။

'' ဒီလောက်ကြီးတဲ့ နာနတ်သီးကို ဆွဲသွားတဲ့ကြွက်.. သိပ်တော့မငယ်လောက်ဘူး ကြွက်ဘိုးအေကြီးဖြစ်ရမယ် ..'' လို့ အောင်အောင်က မခိုးမခန့်ရယ်ပြီး ပြောတယ်..။ '' ဟေ့ကောင် လှငွေသား မင်းဘာစကားပြောတာလဲ.. '' လို့ ဆရာရှိန်က ဒေါကြီးမောကြီးနဲ့ ထဆဲတယ်..။ လှငွေဆိုတာ အောင်အောင့်အဖေ.. ။ ရွာမှာ စိတ်ဆိုးကြရင် အဖေနာမည်တပ်ပြီး ဘယ်သူ့သား ဘယ်ဝှာသားနဲ့ ပြောလေ့ရှိတယ်..။

ဆရာကြီးကလဲဗျာ.. ဒီလောက်ကြီးတဲ့နာနတ်သီးဆွဲသွားတဲ့ ကြွက် အတော်ကြီးရမယ်လို့ ပြောတာပါဗျာ.. လို့ အောင်အောင်က လေပြေထိုးမှ .. စကားပြောတာကြည့်ပြော လူကြီးကို စောင်းသလိုလိုချိတ်သလိုလို မလုပ်နဲ့ ပြောပြီး ဆရာရှိန် ထွက်သွားတယ်..။ တော်တော်လှမ်းလှမ်းရောက်မှ နောက်လှည့်ပြီး ဒီနေ့ ဘုရားဆွမ်းတော်တင် ငါမလိုက်တော့ဘူး.. နေသိပ်မကောင်းလို့ လို့ သူလှမ်းအော်တယ်..။

ကျွန်တော်တို့အားလုံး ရယ်ချင်ပေမယ့်.. အဲဒီနေ့မနက်က အောင့်အည်းပြီး ပြုံးစိစိပဲ လုပ်နေခဲ့ကြတယ်..။ အဲဒါက.. ဆရာရှိန်နဲ့ ကျွန်တော်တို့ သိပ်အစေးမကပ်ရခြင်း အကျဉ်းချုပ်နောက်ခံပါပဲ အရပ်ကတို့..။

ကျွန်တော်တို့ကြားထဲမှာ တခြားဇာတ်လမ်းလေးတွေလည်း ရှိသေးတယ်..။ ဆရာရှိန်က အဘိုးကြီးတွေ ၀ိုင်းမှာ ဗုဒ္ဓ၀င်ကစလို့ ပရိနိဗ္ဗာန်စံတဲ့အထိ အာပေါင်အာရင်းသန်သန်နဲ့ ပြောနေရင် အောင်အောင်က အတည်ပေါက်နဲ့ ၀င်ဝင်နောက်တယ်..။

ဆရာရှိန်ပြောသမျကို လူတော်တော်များများက ကြိတ်မှိတ်သီးခံပြီး နားထောင်နေကြတာဆိုတော့ ဘယ်သူ့ကမှ ထောက်ခံတယ်လဲမရှိ.. ကန့်ကွက်တယ်လည်း ဘယ်ရှိမလဲ..။ အားလုံးက မျက်ကြောကြီးတွေ စင်းလို့ ပေါ့..။ ဆရာရှိန်ကတော့ သူပြောသမျ ငြိမ်နားထောင်နေရင် ဟုတ်တယ်ထင်တာပဲ..။

အဲဒီလိုမျိုး ဆိုရင် အောင်အောင်က ၀င်ပြောလေ့ရှိတယ်..။ ဆရာကြီးက လက်စသတ်တော့ ကျွန်တော့်လိုလူပဲ.. လို့..။ ဘယ်သူကမှ မထောက်ခံတဲ့အချိန် အောင်အောင့်ပါးစပ်က အဲဒီလိုမျိုး အသံထွက်လာတော့ ဆရာရှိန်အားတက်သွားတာပေါ့..။

'' ဟ.. နေစမ်းပါဦး လှငွေသားရ.. မင်းကဘယ်လိုလူလဲ '' နဲ့ ဆရာရှိန်က ပြန်မေးတယ်..။ အောင်အောင်က ဆရာရှိန်ကို ကြည့်.. ဖိနပ်ခါးကြားထိုးပြီး .. '' ကျုပ်က ခွေးလိုလူ ဗျ .. '' နဲ့ အော်ပြီး ပြေးတော့တာပဲ..။ ဆရာရှိန်ရဲ့ လေကြောမှာ အိပ်ချင်မူးတူးဖြစ်နေသူတွေ အားလုံး မျက်ရည်ထွက်မတတ်ရယ်လိုက်ကြတာ..။

1 comment:

Summer Field said...

နာနတ်သီးလုဘို့ နည်းဗျူဟာတွေက၊ အမေရိကန်မှာ ကစားတဲ့ ဘော်လုံး(Football)ပွဲက ဘော်လုံးလုသလိုပဲ..