Monday, October 27, 2008

သူငယ်ချင်းများအကြောင်းရေး တာ အတော်များသွားပြီ..။ ရေးစရာတွေ ရှိနေသေးပေမယ့် ဘလော့ဂ်ကြွလာ ဆွေသဟာတို့ ငြီးငွေ့နေမလားလို့ တွေးမိတာနဲ့ တခြားအကြောင်းအရာလေး မျှဝေပါ့မယ်..။ အပြောင်းအလဲ လေးပေါ့..။

ဒီတစ်ခါတော့ .. ယောက္ခမ နဲ့ ချွေးမ ဆိုတဲ့ မျဉ်းပြိုင်နှစ်ကြောင်း အချိန်ကာလအမိုးအကာအောက်မှာ နားလည်မှု သံယောဇဉ်တွန်းအားတွေကြောင့် ပေါင်းဆုံသွားတဲ့ အကြောင်းလေး ပြောကြည့်ပါ့မယ်..။

ဘ၀အမောတွေ ပြေနိုင်ကြပါစေဗျား..။

33.1 မင်းမိန်းမက ဗိုက်ရော ပါလို့လား

ကျွန်တော်နဲ့ မဒမ် မင်္ဂလာဆောင်တော့ အမေက ကြွရောက်ချီးမြှင့်ခြင်း မလုပ်ခဲ့ဘူး..။ ရှေ့မှာ ပြောခဲ့သလို သူ့သားကို ဘယ်သူနဲ့ယူယူ သဘောမတူနိုင်ဖြစ်နေခဲ့တာမို့.. ကျွန်တော်နဲ့ မဒမ် အိမ်ထောင်သက် တနှစ်လောက်အထိ အမေ သူ့ချွေးမကို မမြင်ဖူးသေးဘူး..။

အဖေတို့ အမတို့ တဆင့်ပြောအသိလောက်နဲ့ပဲ သူသိနေခဲ့တယ်..။ ကောင်မလေးက ငယ်ငယ် သေးသေးလေး..။ ထိုင်ဝမ်တရုတ်ပိုင်တဲ့ စက်ရုံမှာ စကားပြန်လုပ်နေတယ်..ဆိုတာလောက်ပဲ အမေသိနေခဲ့တာပေါ့..။

အဖေတူအမေတူ ညီအကိုမောင်နှမ ငါးယောက်မှာ ကျွန်တော်က အရင်ဆုံး အိမ်ထောင်ကျတယ်..။ အဖေ့အနေနဲ့က မြေးဆိုတာ.. သူ့အရင် မိန်းမရဲ့ သားကြီး သမီးကြီးတွေ မွေးပေးထားလို့ မရှားပေမယ့်.. အမေ့အတွက်ကတော့ အိမ်ထောင်အရင်ဆုံးကျတဲ့ ကျွန်တော်သားသမီးက သူ့မြေးဦး ပေါ့..။

မြေးဦးတွေက အဘိုးအဘွားရဲ့ အချစ်ကို ရတတ်ကြတာမို့ ကျွန်တော်လည်း ဘာရယ်ညာရယ်မဟုတ်.. ကျွန်တော့်ကလေး ဆိုရင် အမေအချစ်ပို မှာပဲလို့ တွက်ထားတယ်..။ သူ့ချွေးမအပေါ်ထားတဲ့ သဘောထား လည်း ကလေးသာ ရခဲ့ရင် ပျော့ပြောင်းသွားလိမ့်မယ်လို့ ထင်ထားတာပေါ့..။

ကိုယ့်သွေးကိုယ့်သား ဆိုတဲ့ စိတ်နဲ့ တင်ကြိုမျှော်မှန်း ပြီး ကလေးလိုချင်တဲ့ စိတ် အပြင် ပြောခဲ့သလို အမေ့အတွက် မြေးဦးဖြစ်စေချင်နေပြန်တော့ အရူးအမူး ကျွန်တော် ကလေးလိုချင်နေခဲ့တယ်..။

ဒါပေမယ့် လက်တွေ့မှာက ဘာတွေလွဲချော်နေမှန်းမသိဘဲ.. အိမ်ထောင်သက် တစ်နှစ်လောက်အထိ ကလေးရ နိုင်မယ့် အရိပ်အယောင်လေးတောင် မမြင်ရလို့ ကျွန်တော်နဲ့ မဒမ် ဆေးခန်းပေါင်းစုံ ရောက်ခဲ့ကြတယ်..။

ကိုယ်ဝန်ရှိမရှိ သိနိုင်တဲ့ ဆီးစမ်းပစ္စည်း ၀ယ်လိုက်ရတာလဲ နေ့တိုင်း လိုလိုပဲ..။ မနက်စောစော ဆီး နဲ့ စမ်းမှ ပိုတိကျတယ် ဆိုတာနဲ. မဒမ် မနက်အိမ်သာဝင် အပေါ့သွားတိုင်း အပေါက်ဝမှာ အဲဒါလေး နဲ့ ကျွန်တော် စောင့်နေခဲ့တဲ့ နေတွေ့ ဘယ်နည်းမလဲ..။

မဒမ် အပေါ့သွားပြီးလို့ ပြန်ထွက်လာတိုင်း လင်မယားနှစ်ယောက် ခေါင်းခြင်း ဆိုင်ပြီး .. မျဉ်းတစ်ကြောင်း လား နှစ်ကြောင်းလား ကြည့်၇တာလဲ အမော..။

ဒါပေမယ့် လူ့ပြည်က အပ်တချောင်းက ဗြဟ္မာ့ပြည်က အပ်နဲ့ ဆုံဖို့ တစ်နှစ်လောက်တောင် ကြာနေခဲ့တယ်..။

မနက်တိုင်းနီးနီး ဆီးစမ်းတဲ့ indicator လေး ကိုင်ပြီး ရေအိမ်ဝင်ထွက်နေရတာ တစ်ရက်လဲ မဟုတ်တော့ မဒမ်ကတောင် ကျွန်တော့်ကို နောက်ပြောပြောတယ်..။ မီးမီး ဆီး နဲ့ စမ်းလာတာ တနှစ်လောက်ရှိပြီ.. မထူးခြားဘူးဆိုတော့ ဒီတစ်ခါ အကိုကြီး ဆီး ကို စစ်ကြည့်ပါ့လားတဲ့..။

အဲသလိုနဲ့ သက္ကရာဇ် ၂၀၀၀ မတ်လလောက်မှာတော့ .. အရင်က တွေ့နေကျ မျဉ်းတစ်ကြောင်း နေရာမှာ နောက်မျဉ်း ခပ်မှိန်မှိန်လေး တစ်ကြောင်း ထပ်ပေါ်လာခဲ့တယ်..။ ကျွန်တော်တို့ လင်မယား ပျော်လိုက်တာဆိုတာ မပြောပါနဲ့တော့..။

(ဆီးစမ်းတဲ့ ပစ္စည်းလေးဆိုတာ.. ကိုယ်ဝန်ရှိစ အမျိုးသမီးတွေရဲ့ ဆီးထဲမှာ ထွက်လေ့ရှိတဲ့ ဓါတ်တမျိုးကို ဓါတ်ခွဲခန်းတွေမှာ အက်စစ်နဲ့ ဘေ့စ် ခွဲတဲ့ လစ်တမတ်စက္ကူလိုဟာလေးနဲ့ ထောက်လှမ်းကြည့်တဲ့ ပစ္စည်းလေးပါပဲ.. အမျိုးသမီးရဲ့ ဆီးကို ခွက်တလုံးထဲ ထည့် .. အဲဒီစက္ကူစလေးကို အဖျားမြုပ်ရုံလောက် နှစ်ကြည့်ရတယ်..။ စက္ကူစမှာ ရွှဲသွားတဲ့ ဆီးကနေတဆင့် အဲဒီစက္ကူစပေါ်မှာ မျဉ်းကြောင်းလေးတွေ ပေါ်လာတာပဲ..။ မျဉ်း က ခရမ်းရောင် လေးတွေ..။ မျဉ်းတစ်ကြောင်းထဲဆိုရင် ကိုယ်ဝန်မရှိ.. မျဉ်းက နှစ်ကြောင်း ပေါ်နေရင် ကိုယ်ဝန်ရှိတယ်ပေါ့... ဗဟုသုသု ပေါ့ ဟဲဟဲ)

ကိုယ်ဝန်ရှိနေပြီ ဆိုတာ သေချာတာနဲ့ မန္တလေးက အမေ့ဆီ ကျွန်တော် ၀မ်းသာအားရ လှမ်းဖုံးဆက် တယ်..။

“ အမေ.. အမေ့ချွေးမမှာ ကိုယ်ဝန်ရှိနေပြီဗျ ” လို့ ကျွန်တော် ပြောတော့ အမေက “ မင်းမိန်းမက ကိုယ်ဝန်ရှိရအောင် ဗိုက်ရောပါလို့လား ” တဲ့..။

ဟာဗျာ အမေကလဲ .. လို့ ကျွန်တော်လည်း စိတ်ပျက်လက်ပျက်နဲ့ ဖုံးချလိုက်တော့တယ်..။ မဒမ့်ကိုတော့ အဲဒီအကြောင်း ပြန်မပြောဖြစ်ခဲ့ဘူး..။ ရင်ထဲမှာတော့ အတော်စိတ်မကောင်းဖြစ်ခဲ့၇တဲ့ နေ့ပေါ့..။





33.2 ဗိုက်ဖုံးအင်္ကျီ အ၀ယ်ထွက်ကြခြင်း


မဒမ့်မှာ ကိုယ်ဝန်ရှိပြီဆိုတော့ ဗိုက်ဖုံးအင်္ကျီဝယ်ဖို့ ကျွန်တော် စဉ်းစားရတော့တယ်..။ အဲဒါနဲ့ ရုံးပိတ်ရက် တစ်ရက် လင်မယားနှစ်ယောက် မြို့ ထဲ ချီတက်ခဲ့ကြတယ်..။ ရှစ်မိုင်လမ်းဆုံ Junction 8 အပေါ်ထပ်က ဗိုက်ဖုံးအင်္ကျီ ရောင်းတဲ့ ဆိုင် အရင် သွားကြတယ်..။

ဆိုင်မှာ ရှိသမျှ ဗိုက်ဖုံးအင်္ကျီတွေက မဒမ်နဲ့ ဘယ်လိုမှကို မတော်တဲ့ အကြီးကြီးတွေ..။ ချိုင်းပေါက်က ခေါင်းစွပ်လို့ ရနေတယ်..။ ဈေးကျတော့လည်း တစ်သောင်းရှစ်ထောင် တဲ့..။ အဲသလိုဆိုရင်တော့ မဖြစ်ချေဘူးဆိုပြီး မြေနီကုန်း ဂမုန်းပွင့် သွားကြပြန်တယ်..။

ဂမုန်းပွင့်မှာလည်း ထူးမခြားနား.. အကြီးကြီးတွေ ချည်းပဲ ၇ှိတယ်..။ ဗိုက်ဖုံးအင်္ကျီချုပ်သူများက မဒမ့်လို မိန်းကလေး ဗိုက်မကြီးဘူးများ မှတ်နေလား မသိဘူး..။ မဒမ်နဲ့ တော်တာ.. တစ်ထည်မှကို ရှာမရ ဖြစ်နေတယ်..။

လင်မယားနှစ်ယောက် စိတ်ဓါတ်တောင်ကျချင်သလိုလို ဖြစ်သွားခဲ့ကြတယ်..။ ကဲ ဗိုက်ဖုံး အင်္ကျီ ရှာမရလဲ ရောက်တုံးရောက်ခိုက် လျှောက်ကြည့်ကြတာပေါ့ လို့ တွေးပြီး နှစ်ယောက်သား လျှောက်ကြည့်ကြတယ်..။ ဟိုငေးဒီငေးပေါ့..။

တနေရာရောက်တော့ ဆယ့်ကျော်သက် ကလေးမလေးတွေ ကိုင်ကြည့်နေတဲ့ အင်္ကျီဘောင်းဘီ တွဲလျက် ၀မ်းဆက် လေးတွေ တွေ့တယ်..။ ဘောင်းဘီက Three Quaters လောက် အပွင့်အပွင့်လေး တွေနဲ့ သရက်ထည် ဆန်ဆန် လေးတွေ..။ အင်္ကျီကလဲ.. အကွက်ဆင်တူ လေးတွေ..။

အဲဒါမြင်တော့ ကျွန်တော် ၀မ်းသာအားရ မဒမ့်ကို “ မီးမီး ဒါလေးတွေနဲ့ ဆိုရင် မရဘူးလားလို့ .. ” အဲဒီနားကို အတင်းဆွဲခေါ် သွားတယ်..။ အရေးထဲ ရောင်းတဲ့ ကလေးမလေးက “ ဒါတွေက ဗိုက်ဖုံးအင်္ကျီ မဟုတ်ဘူး ” လို့ လျှာရှည်နေလို့ အဲဒါ ညည်း အပူမဟုတ်ပါဘူးလို့ ဟောက်ရသေးတယ်..။

မဒမ်နဲ့ ကျွန်တော် .. အရောင်သုံးလေးမျိုးလောက် ကိုယ်မှာကပ်ကြည့် ဆုံးဖြတ်ပြီး သကာလ.. အနီရောင် တစ်ထည် နဲ့ အစိမ်းရောင် နှစ်ထည် ၀ယ်လိုက်ကြတယ်..။ ဘောင်းဘီနဲ့ ၀မ်းဆက်ဆိုပေမယ့် .. အင်္ကျီသီးသန့်ပဲ တောင်း ၀ယ်ခဲ့ကြတယ်..။

ကျွန်တော်တို့ လင်မယားရဲ. ဗိုက်ဖုံးအင်္ကျီ ရှာပုံတော်လည်း အဲဒီမှာ တခန်းရပ်သွားခဲ့တော့တယ်..။

အဲဒီ အင်္ကျီကို ဗိုက်ဖုံးအင်္ကျီလို သဘောထား ၀တ်ဆင်ပြီး သမီးလေးကိုယ်ဝန် နဲ့ လင်မယားနှစ်ယောက် စက်ရုံရှေ့မှာ အမှတ်တရ ရိုက်ထားတဲ့ ဓါတ်ပုံ တွေ့တာနဲ့ တင်ပေးလိုက်ပါကြောင်း..။ ( ပြောပြီးမှ ပုံက တင်မရလို့ နောက်နေ့မှ တင်ပေးပါ့မယ် )

33.3 တို့အိမ်က တီဗွီကြီးက ဒီနေ့ည မြန်မာကား ကွ

လင်ရယ်မယားရယ် ဆိုပြီး တအိုးတအိမ် ထူထောင်ထားကြပေမယ့်.. သူ့ဖက်ကိုယ့်ဖက် ပါလာတာက အ၀တ်တထည် ကိုယ်တခု သာသာဆိုတော့ သမီးလေး ကိုယ်ဝန် ရှိသည့်တိုင် ကျွန်တော်တို့ မှာ တီဗွီလေး တစ်လုံး တောင် ကြည့်စရာ မရှိခဲ့ဘူး..။

မဒမ်လစာ နဲ့ ကျွန်တော့်လစာ ပေါင်းရင် အထိုက်အလျောက်တော့ ပိုလျှံပါတယ်..။ ဖြစ်ညှစ်ပြီး ၀ယ်မယ်ဆိုရင်တော့ တီဗွီတလုံး ၀ယ်နိုင်လောက်ပေမယ့် မဒမ့်ခမျာ မိန်းမသားတို့ ထုံးစံအတိုင်း လက်ဝတ်လက်စားဖက် မှာ အာရုံပိုကျနေခဲ့လို့ တီဗွီဖက် အလှည့်မရောက်ခဲ့ရဘူး..။

သမီးလေး ကိုယ်ဝန်ရပြီဆိုမှပဲ လင်မယားနှစ်ယောက်လုံး တီဗွီဝယ်မယ် လို့ တွေးမိကြတော့တယ်..။

မဒမ့်မှာ ချစ်စရာကောင်းတဲ့ အလေ့အထ လေး တခုရှိတယ်..။ အဲဒါကတော့ အကြောင်းကိစ္စကြီးငယ် ရှိတိုင်း မဒမ်က “ မိသားစု အစည်းအဝေး ” ခေါ် တာပဲ..။ မိသားစု အစည်းအဝေးဆိုလို့ လူအများကြီးလို့ မထင်နဲ့အုံး..။ သူနဲ့ကျွန်တော် နှစ်ယောက်တည်း စည်းဝေးဆုံးဖြတ်ကြတာ..။

အစည်းအဝေးတိုင်း မဒမ်က ဦးဆောင်တယ်..။ meeting agenda ကိုလဲ သူပဲ ရေးဆွဲစီစဉ်တယ်..။

တီဗွီဝယ်မယ်..။ budget က တသိန်းလောက် မှန်းတယ်..။ ပထမနှစ်လ သုံးသောင်းဆီ .. နောက်ဆုံးလ လေးသောင်း စုမယ်.. ။ သဘောတူလား ပေါ့..။ မဒမ်က သဘာပတိနေရာကနေ အတည်အတန့် အဲသလို မေးရင် ကျွန်တော်က “ သဘောတူပါတယ် ” လို့ ပြန်ဖြေရတယ်..။

ကျွန်တော့်အဖြေကို ရတာနဲ့ မဒမ်က အစည်းအဝေး အောင်မြင်စွာ ပြီးဆုံးပြီ လို့ ကြေငြာတယ်..။

(အခုတော့ အဲသလိုအစည်းအဝေး လုပ်ရင် သားရော သမီးရော တက်ရောက်ကြရတယ်..။ သားနဲ့သမီး နားလည်လည် မလည်လည် မဒမ်က သူတို့ကိုပါ သဘောတူလား လို့ အမြဲမေးတယ်..။ ကလေးလေးတွေကလဲ.. မိဘနှစ်ပါးနဲ့ အဲသလိုမျိုး လုပ်ရတာကို ပျော်နေတော့ သဘောတူလားမေးတိုင်း သဘောတူတယ်လို့ အော်တော့တာပဲ..။)

ဆိုတော့ လင်မယားနှစ်ယောက် တီဗွီဝယ်ဖို့ ပိတ်ရက် မြို့ထဲ ထွက်ကြတယ်..။ ပန်းဆိုးတန်း တလျှောက် ဆိုင်တွေ ဗိုက်ကလေး ကော့တော့်ကော့တော့်နဲ့ ပေါ့..။

Samsung Show Room ထဲ ၀င်ကြည့်ပြီး စိတ်တိုင်းကျတာ မတွေ့လို့ ပြန်ထွက်အလာမှာ လူတစ်ယောက်က ကျွန်တော်တို့ လင်မယားကို Show Room ဈေးထက် ချိုစေရမယ် လို့ လာပြောတာနဲ့ သူခေါ်တဲ့နောက် ဇဝေဇ၀ါ နဲ့ လိုက်ခဲ့ကြတယ်..။

အနော်ရထာ လမ်းမပေါ်က ဆိုင်တဆိုင်ရဲ့ အပေါ်ထပ်မှာ လိုချင်တဲ့ တံဆိပ်ပြော.. Show Room ထက် ဈေးမချိုရင် မ၀ယ်နဲ့ ပစ္စည်း လဲ အာမခံတယ် ဆိုတာနဲ့ လင်မယားနှစ်ယောက် ခေါင်းချင်းဆိုင် တိုင်ပင်ပြီး TOSHIBA လက်မ နှစ်ဆယ် ကို ကိုးသောင်း ငါးထောင်နဲ့ ၀ယ်ခဲ့ကြတယ်..။

တီဗွီဝယ်ပြီးပြီးချင်းပဲ စက်ရုံကိုလှမ်းဖုံးဆက်ပြီး အင်တန်နာ ထောင်ဖို့ လိုအပ်တာလေးတွေ ကြိုဝယ် စီစဉ်ထားပါ လို့ ကျွန်တော့်အောက်က အင်ဂျင်နီယာများကို ပြောလိုက်တယ်..။

နောက်တော့ တက်စီ ငှား ၀ယ်ထားတဲ့ တီဗွီကို တင်ပြီး လင်မယားနှစ်ယောက် ပျော်ပျော်ကြီး လှိုင်သာယာ စက်ရုံကို ပြန်ခဲ့ကြတယ်..။

စက်ရုံရောက်တော့ ပြင်ဆင်စရာပြင်ဆင်.. ဆက်သင့်တဲ့ကြိုးတွေ ဆက်.. ထောင်သင့်တဲ့ တိုင်ထောင်တယ်..။

အဲဒီနေ့ညက လင်မယားနှစ်ယောက် ဘ၀ရဲ. ပထမဦးဆုံး ကိုယ်ပိုင် တီဗွီကို “ ရွှင်လန်းချမ်းမြေ့ကြပါစေ.. မြန်မာ့ရုပ်မြင်သံကြား ညပိုင်း အစီအစဉ်များ ပြီးဆုံးပါပြီ ” ဆိုတဲ့ စာတမ်း ထိုးတဲ့ အထိ ထိုင်ကြည့်ပစ်လိုက်ကြတယ်..။

နောက်နေ့မနက် အလုပ်ထဲမှာ “ ငါ့အိမ်က တီဗွီက မနေ့ညက မြန်မာကား လာတယ်ကွ ” လို့ ဟာသလေးနှောပြီး ကျွန်တော်ကြွားတော့ လုပ်ဖော်ကိုင်ဖက်များက ၀ိုင်းရယ်ကြတယ်..။

33.4 ဘာလာလာ ချစ်ပြီးသား

တဖြည်းဖြည်းနဲ့ သမီးလေးကိုယ်ဝန် သက်ရင့်လာတော့ မဒမ်ကို အလုပ်ထွက်ခိုင်းလိုက်တော့တယ်..။ အလုပ်ကတဖက် အိမ်ရဲ့ ဝေယျာဝစ္စက တဖက် နဲ့ ဆိုတော့ မဒမ်ရဲ. ကျန်းမာရေး ထိခိုက်မှာမျိုးလဲ စိုးရိမ်မိတယ်..။

သူတို့အလုပ်ကလဲ စည်းမရှိ ကမ်းမရှိ တော်ကြာ All night ဆင်းရတာနဲ့ တော်ကြာ Overtime ရှိပြန်ပြီ ဆိုတော့ ကြာရင် လုံးပါးပါးကိန်း ရှိတယ်..။

လင်ကိုမယား နှစ်ယောက်ထဲ နေကြတာဆိုတော့ ကျွန်တော်အလုပ်သွားရင် မဒမ်က အိမ်မှာ ကျန်ခဲ့ပြီး ချက်ပြုတ်လျှော်ဖွပ်ပေါ့..။ အိမ်က စက်ရုံထဲမှာပဲ ဆိုတော့ နေ့လည် ထမင်းစားချိန် ကျွန်တော်အိမ်ပြန်စားလိုက်တယ်..။

ကျွန်တော်က အစားအသောက် ဂျီးမများဘူး..။ မဒမ်ချက်ကျွေးသမျှ မညည်းမညူ အကုန်စားတာပဲ..။ လူပျိုဘ၀ကတည်းက ဖြစ်သလို နေခဲ့တာဆိုတော့ .. ဘယ်လိုချက်မှ.. ဘာဟင်းမှ ဆိုတာမျိုး ကျွန်တော့်မှာ မရှိဘူး..။

ဗိုက်ပြည့် ပြီးကရော ပဲ..။

မဒမ်ကတော့ ကြိုးစားပမ်းစား ဖွယ်ဖွယ်ရာရာ ဖြစ်အောင် ချက်ကျွေးရှာတယ်..။ တခါတရံတော့ ကျွန်တော့်တသက် မစားဖူးတဲ့ အထူးအဆန်း အစားအစာလေးတွေ စားရတတ်တယ်..။ မဒမ်က ဘီလင်းက ဆိုတော့ တာလပေါ လို ကရင်စာလေးတွေ ချက်တတ်တယ်..။

ကျွန်တော်တို့အညာမှာ တာလပေါ ဆိုတာ.. ဘယ်ရှိမလဲ..။ နောက် ချဉ်ဖတ်မျိုးစုံ စားရတယ်..။ ရွာမှာနေစဉ်က ချဉ်ဖတ်ဆိုတာ.. နှမ်းဖတ်ချဉ်.. ပဲပင်ပေါက်ချဉ်.. ကတက်ချဉ်.. ဟင်းကလာချဉ်.. ဇောင်းဂျမ်းချဉ်.. လောက်ပဲ စားဖူးတာ..။ ( ဇောင်ဂျမ်းပင်ဆိုတာ ရန်ကုန်က လူတော်တော်များများ သိတောင်မသိကြဘူး )

ထမင်းဟင်းကို ဖွယ်ဖွယ်ရာရာ ဖြစ်အောင် စီစဉ်ပေးတယ်ဆိုပေမယ့် တခါတလေတော့ အပေါက်အလမ်း မတည့်တာလေးတွေ ကြုံရတတ်တယ်..။ သူချက်ထားတဲ့ ဟင်းကို စားကောင်းတယ်လို့ တခါ ပြောမိထားရင် မဒမ်က အသေမှတ်ထားပြီး နေ့တိုင်း လောက် ချက်ကျွေးတော့တာပဲ..။

သင်္ဂဇာ ဆရာတော်ရဲ. “ ရွှေချဉ်ပေါင် တုံးခါမှ မောင်ဘုန်း ပြန်လာမယ် ” ဆိုတာမျိုး ဆန်ဆန်ပေါ့..။

တခါကလဲ ပုဇွန်ချဉ်သုပ်.. မန်ကြီးရွက်ချဉ်ရည်.. ပုဇွန်ခြောက်ချဉ်ပေါင်ကြော်..ချက်ထားတယ်..။ စားစရာရှိတာ စားပြီး မဒမ့်ကို “ သံပုရာရည်လေး သောက်ရ ကောင်းမှာ ” လို့ နောက်မိတယ်..။ “ အခုဖျော်လိုက်မယ် ခဏစောင့် ” လို့ မဒမ်က အဟုတ်ထင်ပြီး ဖျော်မယ်လုပ်လို့ မနည်းတားရတယ်..။

အဲသလို နေ့ရက်တွေ တရက်ပြီး တရက် ကူးဖြတ်ပြီး မဒမ့်ဗိုက်က ပူသထက် ပူလာခဲ့တယ်..။

သားဦးယောက်ျားလေး လိုချင်တယ် ဆိုပေမယ့် ဘာဖြစ်ဖြစ် ကိုယ့်သွေးကိုယ်သားပဲ ဆိုတဲ့ အသိနဲ့ သမီးမွေးမွေး သားမွေးမွေး ထူးပြီးတော့..ဘယ်ဟာ လိုချင်တယ် စိတ်ထဲ မရှိပါဘူး..။ မိန်းကလေးမွေးရင်တော့ သူငယ်ချင်းများကြား အစအနောက် ပိုခံရဖို့ တော့ ရှိတယ်..။

သူကြီးက အဲဒီတုံးက မိန်းမ မရသေးဘူး..။ မိန်းမရပြီးသား သူငယ်ချင်းတွေ ဘာမွေးလဲ လိုက်စပ်စုပြီး “ လူယုတ်မာတွေ များ မွေးလိုက် သမီးချည်းပဲ ” လို့ လည်ပြောနေတဲ့ အချိန်ပေါ့..။ တိုက်တိုက်ဆိုင်ဆိုင် သူငယ်ချင်းများကလဲ မွေးလိုက် သမီးချည်း ဖြစ်နေတော့ ရယ်စရာ တခုကို ဖြစ်လို့..။

33.5 ရိုးရိုးမွေးမလား ခွဲမွေးမလား

သမီးလေး မွေးမယ့်ရက် Due ဖြစ်ခါနီးတော့ လင်မယားနှစ်ယောက် မိသားစု အစည်းအဝေး ထိုင်ကြတယ်..။ ရိုးရိုးမွေးမလား ခွဲမွေးမလား တိုင်ပင်ကြတာပဲ..။ နောက်ဆုံးတော့ ကိုယ်ဝန်အပ်ထားတဲ့ အိုဂျီ သဘောအတိုင်း မွေးကြမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်..။

အဲဒါနဲ့ အိုဂျီကို တိုင်ပင်တော့ အိုဂျီက ခွဲမွေးဖို့ အားပေးတယ်..။ သူကိုယ်တိုင် ခွဲမယ်..။ ဘုရင့်နောင် ဈေးနားက နိုက်တင်ဂေး ဆေးခန်းမှာ မွေးမယ်လို့ ပြောတာနဲ့ နိုက်တင်ဂေး ဆေးခန်းကို လင်မယားနှစ်ယောက် ရက်ချိန်းသွားယူကြတယ်..။

မွေးမယ့်အချိန်ကိုတော့ ဦးရီးတော် ဗေဒင်ဆရာကို အခါရွေးခိုင်းလိုက်တယ်..။ သူရွေးပေးတဲ့ အချိန် အိုဂျီကို ပြောတော့ အိုဂျီက လက်ခံတာနဲ့ ခွဲမယ့်နေ့ မတိုင်ခင် တစ်ညစောပြီး နိုက်တင်ဂေး ဆေးခန်းကို လင်မယားနှစ်ယောက် ထွက်လာခဲ့ကြတယ်..။

သူ့ဖက်ကိုယ့်ဖက် မိဘများကိုလဲ ပြောမနေကြတော့ပါဘူး..။ သူ့ဆွေမျိုးကိုယ့်ဆွေမျိုး ဆိုတာလဲ နီးနီးနားနား မရှိတော့ လင်ကိုမယား နှစ်ယောက်ထဲ ပေါ့..။ အမေ့ကိုတော့ သတိရမိသလို ဖြစ်ပါတယ်..။ အမေရှိရင် ကောင်းမှာလို့ လဲ တွေးမိတယ်..။

ဒါပေမယ့် လှမ်းမှာလဲ.. လာချင်မှ လာမှာ..၊ မလာရင် ကိုယ်ပဲ စိတ်မကောင်းဖြစ်ရအုံးမယ် လို့ တွေးမိတာနဲ့ အမေတို့ ဆီကိုလဲ.. အကြောင်းမကြားဖြစ်တော့ပါဘူး..။

ဆေးခန်းမှာက ကိုယ့်လို မွေးလူနာ သုံးယောက်လောက် ရှိတယ်..။ ကြည့်ဖူးတဲ့ တရုတ်ကားတွေထဲကလို ကိုယ့်ကလေး သူ့ကလေး လွဲမှာ ကျွန်တော် စိုးနေမိတာနဲ့ သူတို့ကလေးလေးတွေကို
မဆီမဆိုင် ကျွန်တော် လိုက်ကြည့်သေးတယ်..။

ခွဲစိတ်ဖို့ အားလုံးအဆင်သင့်ဖြစ်တော့ မဒမ်ကို ခွဲခန်းဝတ်စုံ ၀တ်ပေးကြတယ်..။ ခေါင်းစွပ်နဲ့ ဘာနဲ့ဆိုတော့ အမြင်ဆန်းပြီး အတော့်ကို ကြည့်ကောင်းတယ်..။ နောက် မဒမ် ခွဲခန်းထဲ ၀င်သွားတယ်..။ ကျွန်တော်ကတော့ အပြင်ဖက် ခုံတန်းမှာ မျက်နှာကျက် မော့ကြည့်လိုက် နံရံ ကြည့်လိုက် ဘယ်လက်ကို ညာလက်နဲ့ ဖြစ်ညှစ်လိုက် လုပ်နေခဲ့တယ်..။

သိပ်တော့ မကြာလိုက်ပါဘူး..။ နှာ့စ် မတစ်ယောက် သမီးလေး ကို ပွေ့ပြီး ထွက်လာတယ်..။ အဲဒါ ကျွန်တော့်သမီးလေး လားလို့ မေးတော့ နာ့စ်မက ပြုံးပြီး ခေါင်းညိမ့်ပြတယ်..။ မထိရက် မကိုင်ရက် နီတာရဲလေး ပေါ့..။ ဘယ်သူနဲ့ တူမှန်းကို မသိပါဘူး..။ ငယ်ငယ်မွှားမွှား ပိစိလေးဆိုတော့ ကျွန်တော့်မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေခဲ့တယ်..။

နောက် မကြာဘူး..။ မဒမ်ကို တွန်းလှဲ နဲ့ တွန်းထုတ်လာတယ်..။ မေ့ဆေး မပြယ်သေးလို့ မျက်စိမှိတ်ထားပေမယ့် နှုတ်ခမ်းနီတောင် မပျက်ဘူး..။ ကလေးတစ်ယောက်မွေးပြီး ထွက်လာတာတောင် လှတုံး ပဲ.. ဟဲဟဲ..။

မေ့ဆေးပျယ်တော့ သမီးကို မဒမ်က နို့တိုက်တယ်..။ သမီးလေးကို သူ့ဘေးနား ဘေးစောင်းသိပ်ပြီး အိုအိုအေအေ ပါးစပ်ကရွတ်ရင်း နို့တိုက်နေတာကို ကြည့်ပြီး ကျွန်တော့်မှာ ပီတိတွေ ကို ဖြာလို့ ..။

33.6 မအိပ်မနေ အနှီးလျှော်

သမီးမွေးတာက သက္ကရာဇ် နှစ်ထောင် ဒီဇင်ဘာ (၅) ရက်ဆိုတော့ ဆောင်းတွင်းကြီး..။ ပေါက်လိုက်တဲ့ ရှုးရှုး.. မပြောပါနဲ့တော့ .. ။ အိမ်ဖော်ကမရှိ.. မဒမ်က မီးတွင်းဆိုတော့ အလုပ်ဆင်းပြန်လာတာနဲ့ ရေချိုးခန်းထဲဝင် အနှီးပုံ ကျွန်တော် ထိုင်လျှော်ရတယ်..။

အနှီး အထည် နှစ်ဆယ်လောက် ရှိတာတောင် သိပ်ပြီး လိပ်ပတ်မလည် ချင်ဘူး..။ ရှုးစိုတဲ့ အနှီးဆိုရင် လျှော်ရ လွယ်တယ်..။ နည်းနည်းပါးပါး ဆပ်ပြာ ပွတ်ပြီး ရေလျှော်လိုက်ရင် ရပြီ..။ အနံ့ ပျောက်ရုံပေါ့..။ အီးအီး ပေတဲ့ အနှီးဆိုရင်တော့ Brush နဲ့ အီးအီးတွေ စင်အောင် အရင်လုပ်ပြီး မှ လျှော်ရတော့ လက်ဝင်တယ်..။

ဒီကြားထဲ ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ကောင်းရင် ရေချိုးခန်းတံခါးပေါက်ကနေ လျှောက်လက်စ အနှီး တန်းလန်း နဲ့ လှမ်းလှမ်းငေးသေးတော့ တခါတရံ ဆို ညဆယ်နာရီ ဆယ့်တစ်နာရီလောက်မှ အနှီးလျှော်တာ လက်စသတ်နိုင်တယ်..။

မှတ်မှတ်ရရ .. (၂၀၀၀) ခုနှစ် အကယ်ဒမီ ပေးပွဲညက ဆို အနှီးလျှော်တာ မနက်သုံးနာရီထိုးတဲ့ အထိပဲ..။ ညဦးပိုင်း အကယ်ဒမီပေးပွဲ လာနိုးလာနို်းနဲ့ မျှော်နေလိုက်တာ .. လာတော့မလိုလိုနဲ့ .. သတင်းအားလုံးပြီး မှ လာတော့ .. အကယ်ဒမီပေးပွဲလဲ ပြီးရော.. အချိန်လွန်သွားပြီ..။

အလုပ်ထဲမှာ ပင်ပမ်းခဲ့တာရယ်.. အချိန်ကလဲ အိပ်ချိန်ကျော်နေပြီဆိုတော့ အရမ်းကို အိပ်ချင်နေခဲ့ပေမယ့် ကျွန်တော်ညပိုင်း အနှီးမလျှော်ဖြစ်ရင် နောက်တနေ့ အတွက် အနှီးက မရှိတော့ဘူး ဆိုတဲ့ အသိနဲ့ အိပ်ချင်စိတ်ကို အတင်းဖျောက်ပြီး လျှော်ရတာပေါ့..။

နောက်တနေ့မနက် အလုပ်ထဲမှာ အဲဒီအကြောင်း ကျွန်တော်ပြောတာကို ကြားတဲ့ ကျွန်တော့်အထက်လူကြီးက သူ့မိန်းမကို ပြန်ပြောတော့ သူ့မိန်းမက အနှီး အထည်နှစ်ဆယ် ပေးလိုက်တယ်..။

အဲဒီတော့မှ ကျွန်တော်လည်း အနှီးလျှော်ရတဲ့ အကြိမ်ရေ လျော့သွားတော့တယ်..။

33.7 မြေးအနှစ်

မြန်မာစကားမှာ သွေးက စကားပြောတယ် ဆိုတာ ရှိတယ်..။ တကယ်တမ်း စေ့စေ့တွေးကြည့်ရင် အဲဒီစကားမှာ ယုတ္တိဗေဒဆိုင်ရာ အားနည်းချက် များစွာရှိပေမယ့် မြန်မာတော်တော်များများရဲ့ လက်သုံးစကားတော့ ဖြစ်နေခဲ့တာပါပဲ..။

ကျွန်တော့်အသိ ညီအမနှစ်ယောက်ရှိတယ်..။ အကြီးက မွေးစားသမီး..။ အငယ်ကတော့ သားသမီးမရတော့ဘူး အထင်နဲ့ အကြီးကို မွေးစားပြီးမှ မွေးလာတဲ့ သမီးအရင်းပဲ..။ သူတို့ငယ်စဉ်တောင်ကျေးဘ၀မှာ တကယ့်ကို ညီအမရင်းချာလို ချစ်ခဲ့ကြင်နာခဲ့ ယုယခဲ့ကြတယ်..။

ဒါပေမယ့် အကြီးမ မင်္ဂလာဆောင်တော့ ကိုယ့်ထမင်းကိုယ်စားပြီး သူများအရေး မနာလို မရှုစိမ့်သူတွေက အငယ်မကို သွေးထိုးလိုက်တာ တသက်လုံး တည်ဆောက်လာတဲ့ ညီအမ သံယောဇဉ်ဆိုတာ အစအနတောင် မကျန်တဲ့အထိ ဖြစ်သွားရော..။

တခါတခါတော့ တွေးမိပါရဲ့..။ တအူတုံဆင်း မောင်နှမအရင်း နှစ်ယောက် လူမမယ် အရွယ်မှာ ကွဲကွာသွားပြီး ကြီးမှ အမှတ်မထင် ပြန်တွေ့ရင် သွေးက စကားပြောပါ့မလားလို့..။ ကျွန်တော့်အထင် အခြေအနေက သူတို့နှစ်ယောက် ချစ်ကြိုက်လောက်တဲ့အထိ အခွင့်သာခဲ့ရင် မောင်နှမချင်းတောင် ရည်ငံချင် ရည်ငံနေမှာပဲ..။

တဖက်က လှည့်စဉ်းစားတော့လဲ မောင်နှမ အရင်းထင်နေတဲ့ မွေးစားမောင်နှမတွေ သွေးမတူပေမယ့် သူတို့အသိမှာ အရင်းထင်နေခဲ့ရင် တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက်ဖို့ဆိုတာ.. ဘယ်လိုမှကို မဖြစ်နိုင်လောက်ပါဘူး..။

ဆိုတော့ သွေးက စကားပြောတာတော့ မဟုတ်ပါဘူး..။ ကိုယ့်သွေးကိုယ့်သား ဆိုတဲ့ အသိက စကားပြောနေတာပါ..။ အဲဒီ အသိမရှိတော့တာနဲ့ အားလုံး ဇာတ်လမ်းပြတ်တော့တာပဲ..။

ကျွန်တော့်အမေလည်း သူသူငါငါ သုံးတဲ့ “ သွေးကစကားပြောတယ်” ဆိုတဲ့ စကားလုံး နဲ့ သမီးလေး ငါးလအရွယ်လောက်မှာ မန္တလေးက နေ ဆိုင်းမဆင့် ဗုံမဆင့် ပေါက်ချလာခဲ့တယ်..။ ကျွန်တော်တို့ လင်မယားကတော့ သွေးက ပြောပြော ဘာကပြောပြော အမေရောက်လာလို့ ပျော်ရပါတယ်..။

အမေကတော့ သူ့မြေးဦးကို လက်ကမချ.. “ သားအချစ် မြေးအနှစ် ” လုပ်နေတော့တယ်..။

33.8 မိဘကို တကယ်ချစ်ကြရဲ့လား

အမေရောက်လာပြီး နောက်ပိုင်း ကလေးကြည့်တာ.. ထမင်းဟင်းချက်တာ.. အနှီးလျှော်တာ.. အစစ အရာအရာ အထာကျလာခဲ့တယ်..။ ကျွန်တော်တို့ လင်မယားနဲ့ အမေနဲ့ အားရင် အားသလို အားတဲ့သူက လုပ်စရာရှိတာ လုပ်ကြတော့ အရင်ကလို ကျွန်တော်ညည့်နက်သန်းခေါင် အနှီးလျှော်ရတာမျိုး မရှိတော့ဘူး..။

ဒါပေမယ့် အမေသူ့မြေးကို ကူကြည့် အိမ်မှုကိစ္စ၀ိစ္စကို ကြုံသလို ကူလုပ်နေရတာကို အမေကိုယ်တိုင် ဘာမှ မပြောပေမယ့် ကျွန်တော့်ညီအကိုမောင်နှမများကတော့ တမျိုးထင်နေခဲ့ကြတယ်..။ ကျွန်တော်ကတော့ သူ့သားရဲ့ ကလေး သူ့မြေးကို လာကြည့်ရင်း အိမ်မှုကိစ္စတချို့ အမေလုပ်နေခဲ့တာ ရေးကြီးခွင်ကျယ် ကိစ္စလို့ကို မထင်ခဲ့ရိုး အမှန်ပဲ..။

မဒမ်ကလည်း အင်မတန်အလုပ်လုပ်တဲ့ အမျိုးသမီးဆိုတော့ ကလေးမွေးထားတာ မကြာသေးသည့်တိုင် အိမ်အလုပ်တွေ ကြုံးရုံး လုပ်တတ်လို့ တားတောင် နေရတယ်ဆိုတော့ အမေအိမ်မှုကိစ္စ လုပ်ရတယ်ဆိုတာ အပရိက ပါ..။

ဒါပေမယ့် ညီအကိုမောင်နှမ များရဲ့ အမြင်စောင်းမှုက တဖြည်းဖြည်းနဲ့ အထွဋ်အထိပ် ရောက်လာခဲ့တယ်..။ အထူးသဖြင့် ကျွန်တော့်အထက်က အကို အဆိုးဆုံးပဲ..။ သူက အဲဒီအချိန်တုံးက ဆည်မြောင်းတည်ဆောက်ရေး တခုမှာ အတော်အဆင်ပြေနေတဲ့အချိန် ဆိုတော့ သူပြောရင် ကျန်ညီအကိုမောင်နှမများက လက်ခံကြတယ်.။

တရက် သူ ကျွန်တော့်ဆီ ညကြီးမင်းကြီး ဖုံးဆက်လာတယ်..။

လုံခြုံရေး ဂိတ်က ဖုံးကို ဆက်တာမို့ ကျွန်တော် စက်ရုံ ဂိတ်သွားပြောရတယ်..။ စပြောတဲ့ အသံ နားထောင်လိုက်ကတည်းက သူ နည်းနည်းထွေ နေတာကို သတိထားလိုက်မိတယ်..။ ကျွန်တော့်နာမည်ကို ခပ်ဆတ်ဆတ် သူခေါ်တယ်..။

သူ့ဖက်က ဖြစ်နေပျက်နေတာ မသိတဲ့ ကျွန်တော် အေးရာအေးကြောင်း ပဲ ပြန်ပြောနေမိတယ်..။ ဒါပေမယ့် သူ့အသံက တဖြည်းဖြည်းနဲ့ မာလာတယ်..။ “ အမေ မင်းအိမ်မှာ ဘာလုပ်နေလဲ ” လို့ သံပြတ်နဲ့ သူမေးတော့ နည်းနည်း တော့ လွဲနေပြီလို့
ကျွန်တော်သိလိုက်ပြီ..။

ဒါပေမယ့် “ အမေလား.. သူ့မြေးကို ထိန်းနေတာပေါ့ ” လို့ပဲ ကျွန်တော်ပြန်ဖြေလိုက်တယ်..။

“ သူ့မြေးကို ထိန်းရုံပဲလား.. အ၀တ်တွေဘာတွေမလျှော်ရဘူးလား ” လို့ ဒေါသသံ နဲ့ သူဆက်မေးတယ်..။

“ ဟ အိမ်မှာ ငါတို့လင်မယားနဲ့ အမေနဲ့ပဲ ရှိတာ.. ကြုံရင်ကြုံသလိုတော့ လျှော်ရတာပေါ့.. ဘာဖြစ်လို့လဲ ” ကျွန်တော်လည်း နည်းနည်းတော့ တင်းနေပြီ.။

ကျွန်တော့်စကားအဆုံးမှာ “ ဟေ့ကောင် .. အမေက အိမ်ဖော်မဟုတ်ဘူး.. ကျွန်မဟုတ်ဘူးကွ ” တဲ့..။

သူအဲဒီလိုလဲ ပြောလိုက်ရော.. ကျွန်တော်.. အတော့်ကို မှင်သက်မိသွားခဲ့တယ်..။ စိတ်ထဲမှာ မျှော်လင့်မထားတာတော့လဲ ပိုဆိုးတာပေါ့..။ ဒေါသလည်း ထွက်သွားခဲ့တယ်..။

ဒါပေမယ့် ကျွန်တော် စိတ်ကို ပြန်ထိန်းပြီး “ မင်းက အမေငါ့အိမ်မှာ သူ့မြေးလာထိန်းရင်း အိမ်အလုပ်တွေ လုပ်နေရတာကို မကြည့်ရက်တာလားလို့ ” ပြန်မေးတော့ “ အေး .. ဟုတ်တယ် ” လို့ သူ ပြန်ဖြေတယ်..။

( ကျွန်တော်တို့ ညီအကိုတတွေ စကားပြောရင် မင်းနဲ့ငါနဲ့ ပဲ ပြောကြတယ် )

သူ့အဖြေအဆုံးမှာ ကျွန်တော်ဆက်ပြောတယ်..။

“ မင်းတို့က ဘာမှ မပေးဆပ်ရဘဲ အမေကို ချစ်ကြောင်းပြဖို့ ဆိုရင်တော့ အတော့်ကို အားပါးတရ ရှိလှပါလား.. အေး.. အမေငါ့အိမ်မှာ အခုလို နေရတာ ပျော်ချင်မှ ပျော်မယ်.. ဒါပေမယ့် စိတ်ညစ်နေတယ်ဆိုရင်တောင် ငါ့အိမ်မှာနေရလို့ စိတ်ညစ်တာဟာ.. မင်းချဲထိုးအရက်သောက်ရန်ဖြစ်လို့ အမေစိတ်ညစ်နေရတာနဲ့ စာရင် ဘာမှ မပြောပလောက်ဘူး ”

“ အမေ့ကို မင်းတကယ်ချစ်တယ်ဆိုရင် ပါးစပ်ကြီးအပြည့်နဲ့ အမေဟာအိမ်ဖော်မဟုတ်ဘူးကွ ကျွန်မဟုတ်ဘူးကွ လို့ လာအော်မနေနဲ့.. အဲဒါတွေထက် ပိုကောင်းတဲ့ .. မင်းတတ်နို်င်တဲ့ .. အမေ့ကို ချစ်ကြောင်းပြဖို့ အခွင့်အရေးအပြည့် မင်းမှာရှိတယ်..။ မင်း အခုလုပ်နေတဲ့ ချဲထိုးတာတွေ ရပ်..၊ ဘောလုံးလောင်းနေတာတွေရပ်..၊ မူးရူးပြီး မကြာခဏ ရိုက်ဟယ်နှက်ဟယ် ဖြစ်နေတာတွေ မဖြစ်အောင် ဆင်ခြင်.၊ အဲဒါဆိုရင် မင်းချစ်တဲ့အမေ အရမ်းကို စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်မှာပဲ ”

ကျွန်တော်လည်း ဒေါသထွက်ထွက် နဲ့ ကရားရေလွှတ် တတွတ်တွတ် တလစပ် ပြောပစ်လိုက်တယ်..။ အကိုကတော့ ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူးနဲ့ တူပါရဲ့..။ ဖုံးကို ဆောင့်ကြီးအောင့်ကြီး ချသွားခဲ့တယ်..။

အဲဒီနေ့ညက စလို့ သားသမီးနဲ့ မိဘ ဆိုင်ရာ အချစ်ဆိုတာကို ကျွန်တော် စမ်းစစ်မိလာခဲ့တယ်..။ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ လူတိုင်းပြောပြောနေတဲ့ အချစ်ဆိုတာကိုပါ တစွန်းတစ သိလာခဲ့တော့တယ်..။

လူတွေဟာ ကိုယ်ဘာမှ မပေးဆပ် မစွန့်လွှတ်ရဘဲ ချစ်ကြောင်း ပြခွင့်ရရင် သိပ်ချစ်တတ်ကြပြီး ကိုယ့်အချစ်ကို ပြဖို့ နည်းနည်းလောက် ကိုယ့်မှာ အထိအခိုက်လေး ရှိခဲ့မယ်ဆိုရင်ပဲ.. တီကောင်ဆားတို့သလို တွန့်သွားတတ်ကြတယ်..။

33.9 မိန်းမအရ တော်လေစွ

သမီးလေး ရှစ်လလောက်မှာတော့ အမေ ပြန်သွားခဲ့တယ်..။ ကျွန်တော့်ညီမအငယ်ဆုံး ကျိုင်းတုံမှာ တာဝန်ကျတာ လိုက်သွားဖို့ အမေပြန်သွားခဲ့တာပဲ..။

သမီးလေးလည်း အတော်ကြီးနေပြီမို့ အမေပြန်သွားသည့်တိုင် သိပ်ကြီးတော့ ကသီလင်တ မနိုင်တော့ပါဘူး..။ ဒါပေမယ့် ကံများ ကောင်းချင်တော့ မင်္ဂလာဆောင်တုံးက ဘယ်ရောက်လို့ ဘယ်ပေါက်နေမှန်းမသိတဲ့ ယောက္ခမကြီး ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့တယ်..။

သားမက်နဲ့ ယောက္ခမ အခုမှ တွေ့ဖူးကြတာဆိုတော့ တစ်ယောက်နဲ့တစ်ယောက် နည်းနည်းတော့ အို့တို့အမ်းတန်း ဖြစ်ကြရပါတယ်..။ ပြောရရင် သူ့သမီး ကိုယ်ယူထားတယ်ဆိုတာ နည်းနည်းနှောနှော ရင်းနှီးမှု မဟုတ်ပေမယ့် ဘယ်ကစလို့ ဘာပြောရမှန်းမသိတော့ ခပ်ကြောင်ကြောင် ဖြစ်နေတာပေါ့..။

“ ဒီလို သမီးမျိုး မွေးပေးထားလို့ ကျေးဇူးတင်ပါတယ် အန်တီ ” လို့ လဲ ပြောမထွက်တော့ မိတ်ဆက်ပေးတဲ့ မဒမ်အလိုကျ ပြုံးပြ ခေါင်းငုံ့ အရိုသေပေးလောက်နဲ့ပဲ ယောက္ခမ နဲ့ သားမက် တွေ့ဆုံခန်း ပြီးသွားခဲ့တယ်..။

ဒါတောင်မှ ရောက်ရောက်ချင်း သားအမိနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ဖက်ငိုရင်း “ သနားစရာ သမီးလေး.. အမေ့ကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုလိုက်ရတယ် ” ဆိုတဲ့ စကားတစ်ခွန်း ထွက်လာလို့ ဗုဒ္ဓေါ လို့ ဘုရားတမိသေးတယ်..။

ကိုလိုနီခေတ်က အကြွေးမဆပ်နိုင်လို့ သမီးကို သိမ်းတဲ့ ချစ်တီးကုလားတွေကိုတောင် ပြေးမြင်မိသေးတယ်..။

ငါလည်း သူ့သမီးကို အတင်းယူခဲ့တာ မဟုတ်ပါဘူးလို့ တွေးရင်း လူတောင် အူကြောင်ကြောင် ဖြစ်သွားရတယ်..။ နောက်မှ ဇာတ်ရည်က လည်တယ်..။ မဒမ့်မှာ အမေတူ အဖေကွဲ မောင်နှမ လေးယောက်ရှိတယ်..။ အဖေတူ အမေတူက မဒမ်အပါ လေးယောက်..၊ အထက်က အကိုသုံးယောက် နဲ့ မဒမ်က အငယ်ဆုံး..။

အကိုတွေက အိမ်ထောင်ခွဲတွေ ဖြစ်သွားကြတော့ မဒမ်က သူ့အမေ နောက်အိမ်ထောင်နဲ့ အတူလိုက်နေတယ်..။

ဒါပေမယ့် ကျွန်တော်နဲ့ညားတော့ ပထွေးလုပ်တဲ့သူ သေနှင့်တာ လေးငါးနှစ်ရှိနေပါပြီ..။ ယောက္ခမကြီးက ကျွန်တော်နဲ့ မညားခင် တစ်နှစ်လောက်မှာ မဒမ်နဲ့ အငယ်တွေကို ထားခဲ့ပြီး မြ၀တီဖက် အလုပ်ဆိုပြီး ထွက်သွားခဲ့တယ်..။

ထွက်သွားပြီး သတင်းမကြားဘာမကြား ဆိုတော့ မဒမ်ပဲ သူ့ရဲ့ အဖေကွဲ မောင်နှမတွေကို ထိန်းကျောင်းပေးခဲ့ရ တာပေါ့..။

ဆိုတော့ ယောက္ခမကြီးက မဒမ်တစ်ယောက်ထဲ အိမ်ထောင်တာဝန် မထမ်းနိုင်တာနဲ့ ကျွန်တော့်ကို ကောက်ယူလိုက်ရတယ်လို့ ထင်နေဟန် ရှိတယ်..။ ဂျင်ပဲ့ခြင်း ပေါက်ကြတာကို သူမှ မသိပဲ.. ထင်မယ်ဆိုရင် ထင်စရာပေါ့လေ...။

ယောက္ခမကြီး ပထမအိမ်ထောင်နဲ့ ကွဲသွားပုံကလည်း ခပ်ဆန်းဆန်း ရယ်..။ ရှေ့မှာ သားသုံးယောက်မွေးခဲ့ပြီး နောက်ဆုံးလေးယောက်မြောက်မှာ သမီးမွေးရကောင်းလားဆိုပြီး ယောကျာ်းလုပ်သူက ထားပစ်ခဲ့တာ..။ အပြစ်က သူနဲ့ မွေးတာဆိုရင် သားပဲ မွေးရမယ်တဲ့..။ သမီးမွေးတယ်ဆိုတော့ သူနဲ့ ရတာ မဖြစ်နိုင်ဘူး ဆိုပြီး ထားသွားတာ..။

အဲဒီ သမီးလေးက မဒမ်နဗန အလျောင်းအလျာလေး ပေါ့..။ ကျွန်တော်တို့ လူမျိုးရဲ့ အတွေးအမြင် ခေါင်းပါးမှု ရလာဒ်ဆိုးတွေ လို့ ပြောရမယ် ထင်ပါရဲ..။

အဲသလိုမျိုး ပစ်သွားရက်တဲ့ ယောက္ခထီးကိုလည်း သူမသေခင် ကျွန်တော်တွေ့လိုက်ရသေးတယ်..။ သင်္ကန်းကျွန်း ဆေးရုံကြီးမှာ သေအံ့ဆဲဆဲ ဖြစ်နေတဲ့ အချိန် သူ့သမီးကျွန်တော့်မိန်းမကို တွေ့ချင်တယ်လို့ သတင်းစကား ရောက်လာတာနဲ့ လင်မယားနှစ်ယောက် ယောက္ခမကြီး နဲ့ အတူ သွားကြည့်ဖြစ်ကြတယ်..။

မဒမ်က စိတ်နာနာ နဲ့ သွားမတွေ့တော့ဘူး လုပ်နေလို့ မနည်းဖျောင်းဖျ ရသေးတယ်..။

သားအဖ နှစ်ယောက်လည်း အဲဒီတော့မှ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဖူးကြတာပဲ..။ ဘိုးတော်ရုပ်ကလည်း မဒမ်နဲ့ ချွတ်စွပ်..။ ကျွန်တော့်ယောက္ခမကြီးက ဆို ကုတင်ပေါ်ပက်လက်လေး လှဲပြီးဖုတ်လှိုက်ဖုတ်လှိုက် အသက်ရှုနေရတဲ့ သူ့ရဲ့ Ex-husband ကို ကြည့်ပြီး “ မင့်သမီးက မင်းနဲ့ ချွတ်စွပ်ပဲ.. ဒီပွဲ ငါနိုင်တယ် ” လို့ မခိုးမခန့် ပြောသေးတယ်..။

ဘိုးတော်ကတော့ ခပ်ယဲ့ယဲ့ ပြုံးပြီး သူ့သမီးကိုပဲ ကြည့်နေခဲ့တယ်..။ မဒမ်ကတော့ ၀မ်းနည်းဝမ်းသာ မခွဲခြားတတ်တဲ့ မျက်နှာထားနဲ့ တုံဏိဘာဝေ လုပ်နေခဲ့တယ်..။

အပြန်ခါ ကျွန်တော်တို့ ကားနားကို ဘိုးတော်ရဲ့ နောက်မိန်းမက လိုက်ပို့တယ်..။ ကျွန်တော့်ယောက္ခမနဲ့ အဲဒီအမျိုးသမီး တစ်ယောက်လက် တစ်ယောက်ချိတ်လို့ ဆေးရုံလှေကားအတိုင်း ဆင်းလာတာ ကားနားစောရောက်နေတဲ့ ကျွန်တော်မြင်နေရတယ်..။

မဒမ်ကတော့ ကားထဲမှာ တအိအိ နဲ့ ငိုနေခဲ့တယ်..။

“ မငိုပါနဲ့ မီးမီးရယ်.. ကိုကြီးကတော့ ၀မ်းတောင်သာသေး.. မိန်းမတစ်ယောက်ယူတာ ယောက္ခမ ယောက္ခထီး နှစ်စုံတောင် ရလိုက်တယ်.. အရ တော်လိုက်တာ ”

ကျွန်တော်အဲသလိုပြောတော့ မဒမ် အငိုရပ်သွားတယ်..။ ရယ်တော့မရယ် ပါဘူး..။

( နောက်နှစ်ရက်လောက်ကြာတော့ ဘိုးတော် ဆုံးသွားခဲ့တယ် )

33.10 မိဘနှစ်ပါး ရန်ကုန် ရောက်ပြီ..

ဆမိတ်ခုံမှာ နေစဉ်ကတည်းက အိုးပိုင်အိမ်ပိုင် နဲ့ မနေခဲ့ရဘူး..။ အဖေ ခေတ်ကောင်းစဉ်က အစိုးရ၀င်းထဲ မှာနေခဲ့ပြီး.. အဖေအလုပ်ပြုတ်တော့ အိမ်ငှားနေကြတယ်..။ ငှားနေတဲ့ အိမ်က မိုးမလုံတော့ မိုးရွာတဲ့ ညတွေဆို အိမ်ထဲမှာ Orchestra တီးဝိုင်း လာတီးနေသလား အောက်မေ့ရတယ်..။

တအိမ်လုံး ရှိရှိသမျှ ဒန်အိုးဒန်ခွက် တွေ ဟိုနားခံ ဒီနားခံ နဲ့ အသံတွေကို စုံလို့..။ ငှားနေတဲ့ အိမ်ကနေ အဖေ အရင်နေခဲ့တဲ့ အစိုးရ၀င်းထဲ ကျွန်တော်ရှစ်တန်းနှစ်ရောက်တော့ ပြန်ပြောင်းကြပြန်တယ်..။ အဖေ့ တပည့်က အဲဒီအချိန်မှာ လက်ရှိဝန်ထမ်း ဆိုတော့ သူ့မျက်နှာနဲ့ နေခွင့်ရတာပဲ..။

ဒါပေမယ့် နေဖို့ အိမ်ကိုတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆောက်နေရတယ်..။ ဖြစ်သလို ဆောက်နေတာဆိုတော့ အမိုးကို ၀ါးကပ် ဘယ်မိုးနိုင်မလဲ..။ ထန်းလက် လှည်းနှစ်စီးတိုက်လောက် ၀ယ်ပြီး ညီအကိုတတွေ တက်မိုးကြရတယ်..။

ဝါးကပ်က သုံးလေးနှစ်လောက် ခံပေမယ့် ထန်းလက်ကတော့ ခံလှ တမိုးပဲ..။ နှစ်စဉ် အသစ်လဲရတယ်..။ မလဲနိုင်လို့ကတော့ မိုးနှိပ်စက်သမျှ ခံဖို့ပဲ..။

အမေ ဆို.. မကြာခဏ ညည်းတယ်..။ “ ဒီတသက် မိုးလုံလေလုံ နဲ့ နေခွင့်မှ ရပါ့မလား မသိ ” တဲ့..။

တကယ်လည်း ကျွန်တော်တို့ လူမှန်းသိတတ်စကတည်းက မိုးယိုလေယို နေခဲ့ရတာဆိုတော့ အမေ ညည်းတာလဲ မလွန်ပါဘူး..။

အဲသလိုမျိုး နေလာရာကနေ အမက ပုသိမ်ကြီး အဆုပ်ဆေးရုံဝင်းမှာ အခန်းတခန်းရတော့ အဖေရောအမေရော အမနဲ့ လိုက်နေကြတယ်..။ ဒါပေမယ့် မကြာပါဘူး.. အမက ရန်ကုန် ကလေးဆေးရုံကြီးကို ပြောင်းဖို့ ဖြစ်လာတော့ အဖေနဲ့အမေ နေစရာ ပျောက်ကြရပြန်တယ်..။

နောက်ဆုံးတော့ ကျွန်တော့်စက်ရုံက အမကြီးတစ်ယောက် အဆက်အသွယ်နဲ့ ရွှေဂုံတိုင် ဘုရင့်နောင်ရိပ်သာမှာ အခန်းတခန်း ငှားဖို့ အဆင်ပြေသွားခဲ့တယ်..။ စစ်တပ်က အရာရှိတွေကို ပေးတဲ့ အခန်းပေါ့..။

အခန်းပိုင်ရှင် အရာရှိက အပြင်စီးပွားရေး နဲ့ဆိုတော့ မနေဘဲ သူ့အခန်းကို ပြန်ငှားတာ..။ ငှားတယ်ဆိုပေမယ့် တစ်လမှ ငါးထောင်ပဲ ပေးရတာပါ.။ မဟာရန်ကုန်ရဲ့ ပုံမှန်အခန်းငှားခတွေနဲ့ ယှဉ်ရင် အတော့်ကို နေပျော်တဲ့ ဈေးနှုန်းပေါ့..။

ရေမီးက အလကား..။ ကြိုက်သလောက်သုံး တပြားမှ ပေးစရာမလိုဘူး..။ မီးဆိုတာကလဲ ဘယ်တော့မှ မပျက်တဲ့ နေရာ ဆိုတော့.. အဖေနဲ့အမေကို ရန်ကုန်ပြောင်းလာဖို့ ကျွန်တော်ခေါ်လိုက်တော့တယ်..။

ဆိတ်ဖြူကုန်းသား အဖေနဲ့ လက်သမားကန်ရွာသူအမေ.. ရန်ကုန် ရောက်ပြီပေါ့..။


33.11 တို့က အရိုးကိုက်ရတာပါ..

အဖေနဲ့အမေကတော့ ရန်ကုန်ရွှေမြို့တော်ကြီးမှာ အတော့်ကို နေပျော်နေကြတယ်..။ နေရတာက အရာရှိတိုက်ခန်း..။

အိမ်ပြတင်းပေါက်ဖွင့်လိုက်တာနဲ့ ရွှေတိဂုံစေတီတော်ကြီးက ထင်းထင်းလင်းလင်း..။

သားလုပ်သူနဲ့ ချွေးမက အပတ်စဉ်ရုံးပိတ်ရက်ဆို မြေးဦးနဲ့ လာလည် ဆိုတော့ အထူးသဖြင့် အမေ ပျော်မဆုံးပေါ့..။

သမီးလေးကလည်း အတော့်ကို တီတီတာတာ လုပ်တတ်နေပြီဆိုတော့ အဘိုးအဘွား သဲသဲလှုပ်ပြီပေါ့..။

ကျွန်တော့်အနေနဲ့လဲ အဝေးမှာ နေစဉ်လိုမဟုတ်ဘဲ မိဘတွေနဲ့ မပြတ်တွေ့နေရတော့ အရင်ကထက်ပိုပြီး ကြည့်ရှု ပံ့ပိုးခွင့်ရတယ်..။

မဒမ်မသိအောင် တမျိုး.. သိအောင်တဖုံ ပေးရကမ်းရတာလဲ အမော..။

ကျွန်တော့်မိဘတွေကို ထောက်ပံ့ပေးကမ်းတာ မဒမ်က သိပ်ကြီး ပိတ်ပိတ်ပင်ပင်လုပ်လို့လားဆိုပြန်တော့လည်း မဟုတ်ပါဘူး..။

မယူခင်ကတည်းကလည်း မိဘတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ကျွန်တော့်မှာ တာဝန်အပြည့်ရှိနေကြောင်း သူသိခဲ့တာမို့ တခါတရံ သူကတောင် လိုလိုလားလား ဦးဆောင် ကန်တော့တာမျိုး လုပ်တတ်တယ်..။

ဒါပေမယ့် တချို့ကိစ္စတွေကို မိန်းမ ပေးမသိတာက ပိုကောင်းတယ်ဆိုတဲ့ အိမ်ထောင်သည်ယောက်ျားတွေရဲ့ ထုံး နှလုံးမူပြီး ကျွန်တော် မပြောဘဲ နေခဲ့တယ်..။

လစဉ်ဝင်ငွေထဲက ဖဲ့ရွဲ့ပြီး အမေတို့ကို ပေးတာ ဘာပြသာနာမှ မတက်ပေမယ့်.. နှစ်ကုန်ဆုကြေး (year end bonus ) ရတဲ့အခါမတော့ ယောက္ခမနဲ့ ချွေးမ ပဋိပက္ခလေးတွေ ပေါ်လာခဲ့တော့တယ်..။

တိုက်တိုက်ဆိုင်ဆိုင် စက်ရုံရဲ့ အခြေအနေကလည်း ကောင်းတော့ အရင်နှစ်တွေနဲ့မတူ ဆုကြေးက မြိုးမြိုးမျက်မျက် ရတယ်..။

တသက်နဲ့တကိုယ် တခါမှ မကိုင်ခဲ့ရဖူးတဲ့ သိန်းဆယ်ဂဏန်းလောက် ရတာဆိုတော့ ရတဲ့ငွေကို ဝေပုံချလိုက်တယ်..။ မဒမ့်အတွက် .. အမေ့အတွက်..
ကိုယ့်အတွက် ပေါ့..။


မဒမ့်အတွက်ကတော့ အများဆုံး..။ သူ့ဝေပုံထဲမှာ အိမ်ထောင်စားရိတ် ကလေးစားရိတ်တွေလည်း ပါတော့ ပိုပေးရမှာပဲလေ..။

အမေက ဒုတိယအများဆုံး..။ ကျွန်တော့်အတွက်ကတော့ အသေးသုံးဘာညာသာတကာ သုံး ဖို့ နည်းနည်းပဲ ချန်ထားလိုက်ပါတယ်..။ ဘတ်ငွေပေါ့..။

အဲသလို ခွဲခြမ်းပြီး သကာလ အမေ့အတွက် ပိုက်ဆံအထုပ်လိုက် ကိုင်ပြီး လင်မယားနှစ်ယောက် ရွှေဂုံတိုင်ကို ပျော်ပျော်ကြီး ချီတက်ခဲ့ကြတယ်..။


ဒါက အမေ့အတွက်ဆိုပြီး အားပါးတရ ငွေထုပ်ချ ကန်တော့တော့ ပေးလိုက်တဲ့ဆုတွေဆိုတာ တတွတ်တွတ်နဲ့ အမေ ပြုံးပြုံးကြီး ရွတ်နေတာ တော်တော်နဲ့ မပြီးတော့ဘူး..။

ဒါပေမယ့် အမေ့အပျော်က သိပ်တော့ကြာရှည်မခံပါဘူး..။ ကန်တော့ခံငွေကို သိမ်းရင်း ဆုကြေးက ဘယ်လောက်တောင် ရလဲ လို့ အမေ မေးလာတာနဲ့ ၀မ်းသာအားရ ကျွန်တော်ရတဲ့ ဆုကြေးအမှန်ကို ပြောလိုက်မိတယ်..။ အော်..

အဲဒီလောက်တောင် ရတာလားလို့ ခပ်လေးလေး ပြောရင်း အမေ့မျက်နှာ ကွက်ကနဲ ပျက်သွားတာကို ကျွန်တော်ဖျတ်ကနဲ မြင်လိုက်ရတယ်..။
ကျွန်တော်ရတဲ့ bonus ပမာဏ နဲ့ သူရတာကို ချင့်တွက်ပြီး အရနည်းတယ်လို့ အမေထင်ဟန် ရှိပါရဲ့..။ မိသားစုထဲမှာ ဒီသားတစ်ယောက်ပဲ ထူထူထောင်ထောင် ရှိတော့ ကျွန်တော့်အပေါ်ထားတဲ့ အမေ့မျှော်လင့်ချက်က မသေးဘူး..။

ကျွန်တော်အိမ်ထောင်ကျသွားသည့်တိုင် .. အမေ့မသိစိတ်မှာ.. လူပျိုလူလွတ်သားတစ်ယောက်က မိဘကို ထောက်ပံ့ကြည့်ရှုတာမျိုး လိုချင်နေခဲ့တယ်..။

လက်တွေ့မှာ မျှော်သလို မဖြစ်လာတော့ အမေ အိနြေ္ဒိမဆောင်နိုင် ဖြစ်သွားခဲ့တယ်..။ ရိုးရိုးတွေး ရိုးရိုးစဉ်းစားတတ်တဲ့ မဒမ်ကတော့ အမေအဲသလိုဖြစ်သွားတာ သိတောင် မသိလောက်ပါဘူး..။ ကျွန်တော်ကသာ ကိုယ့်အမေအကြောင်း သိနေတာမို့ ရိပ်မိလိုက်တာ..။
လာတုံးက ပီတိတွေ တပွေ့တပိုက်နဲ့ လာခဲ့ပေမယ့် အမေ့ရဲ့ မျက်နှာရိပ်မျက်နှာကဲ ဖတ်မိပြီး အပြန်လမ်းမှာ ကျွန်တော် ငြိမ်သက်နှုတ်ဆိတ်နေတော့ မဒမ်ကတောင် ပြောယူရတယ်..။ ကိုကြီး နေမကောင်းဘူးလား တဲ့..။

သူ့အမေးကို ကြားလိုက်ပေမယ့် အင်းမလုပ်အဲမလုပ် ကျွန်တော် နေလိုက်တော့တယ်..။ စိတ်ထဲမှာတော့ အတော့်ကို မကောင်းဖြစ်နေခဲ့တယ်..။

အဲဒီနေ့က စလို့ ဆယ်ရက် ဆယ့်ငါးရက်လောက် အမေတို့အိမ်ဖက် ခြေဦးမလှည့်မိတော့ဘူး..။

တစ်ပတ်မလာ နှစ်ပတ်မလာဆိုတော့ အဖေက မနေနိုင်ဘူး ထင်ပါရဲ့..။ ဒီတစ်ပတ်တော့ လာခဲ့ကြအုံးဆိုတာနဲ့ မဒမ်နဲ့ကလေးခေါ်ပြီး ကျွန်တော်အားတင်း ချီတက်ခဲ့ရပြန်တယ်..။ ဒါပေမယ့် ရောက်ရောက်ခြင်း အမေက အခဲမကြေတဲ့ စကား ပြောလာပြန်တယ်..။

ပြီးခဲ့တဲ့အခေါက်က အခြေအနေမှန်ကို မရိပ်မိတဲ့ မဒမ်က အိမ်ပေါ်ရောက်ရောက်ခြင်း အမေ ရွှေမ၀ယ်သေးဘူးလား လို့ စသလို လောကွတ်ချော် ရာက အမေ့ရဲ့ အကြိတ်အခဲ ရုတ်တရက် ပြန်ပေါ်လာတာပဲ..။

မဒမ့်အမေးကို ကျွန်တော့်မျက်နှာကြည့်ပြီး အမေပြန်ဖြေတယ်..။


“ တို့က အရိုးကိုက်ရတာပါအေ ” တဲ့..။

အဲဒီနေ့ကလည်း ကျွန်တော် စကားခွန်းတုန့်မဆို ခေါင်းငိုက်စိုက်ချပြီး ပြန်လာခဲ့မိတယ်...။


33.12 အမေ့ချွေးမကို မပြောနဲ့နော်

နောက်နှစ် bonus ရတဲ့ အခါမှာတော့ ကျွန်တော် ပျဉ်ဖိုးနားလည်သွားပြီ..။ တခါသေဖူးခဲ့ပြီကိုး..။

မဒမ်က စလို့ ကျွန်တော်ရတဲ့ bonus ကို အမှန်အတိုင်း ပေးမသိတော့ဘူး..။ အမေဆိုတာ ဝေးလာဝေးပေါ့..။

ရတဲ့ ငွေကို ရုံးခန်းမှာပဲ ကိုယ့်ဖာသာ ဝေခြမ်းရေး လုပ်လိုက်တယ်..။

ရတဲ့ငွေကလည်း အရင်နှစ်ကထက်များတော့ manage လုပ်ရ လွယ်သွားတယ်..။

ဝေပုံချတဲ့ အချိုးကတော့ မနှစ်ကအတိုင်းပါပဲ..။

မဒမ်က အများဆုံး..။ အမေက ဒုတိယ အများဆုံးပေါ့..။

ဒါပေမယ့် ကန်တော့တဲ့ strategy တော့ပြောင်းလိုက်တယ်..။

အမေ့အတွက် အထုပ်ကို ပိုက်ပြီး ကျွန်တော်တစ်ယောက်တည်း အမေတို့အိမ် ချီတက်တယ်..။

ရောက်ရောက်ခြင်း အထုပ်ထဲက ငွေ အပြင်ထုတ်ပြီး ဒါက အမေတို့အတွက် ဆိုပြီး ထိုင်ကန်တော့လိုက်တယ်..။

အမေက ဆုပေးပြီးတာနဲ့ ထုံးစံအတိုင်း ဒီနှစ် ဘယ်လောက်တောင်ရလဲ လို့ မေးလာတယ်..။

မနှစ်ကလိုပါပဲ မထူးပါဘူးလို့ ၀တ်ကျေတန်းကျေ ကျွန်တော်ဖြေပြီး “ အခုလောက် ကန်တော့တာကို အမေ့ချွေးမ မသိစေနဲ့ ” လို့ ခပ်တည်တည်နဲ့ ကျွန်တော်ပြောတော့ အမေက ကန်တော့ခံ ငွေကို သိမ်းရင်း ရယ်တယ်..။

မြင်နေရတဲ့ ငွေက မနှစ်ကထက် များနေတာ အမေသိနေတော့ ဒီတစ်ခါ အေးဆေးပေါ့..။

ပြောလိုက်တဲ့ စကားတွေဆိုတာ ဖောင်ဖွဲ့လို့..။ ဒီနှစ်တော့ အရိုးမကိုက်ပါနဲ့ အမေရယ် .. သွားတွေလဲ ကောင်းတော့တာမှ မဟုတ်ဘဲ လို့ ပြန်ခါနီး ကျွန်တော် စပြောပြောတော့ အမေ ရယ်တယ်..။ အဖေကတော့ ခပ်ပြုံးပြုးကြီး ကြည့်နေခဲ့တယ်..။

အဲဒီနေ့ကတော့ အိမ်ကို ပေါ့ပါးလန်းဆန်းတဲ့ ခြေလှမ်းတွေနဲ့ ပြန်ခဲ့တယ်..။

အိမ်ရောက်တာနဲ့ မဒမ့်ကိုလည်း ကိုယ်ရတဲ့ ငွေပမာဏကို အမေတို့ကို မပြောဖို့ ပိတ်ရသေးတယ်..။

တခစ်ခစ်ရယ်ရင်း “ သိပါတယ် မီးမီးက ကလေးမှ မဟုတ်တာ ” လို့ မဒမ်ပြန်ပြောတော့ မနှစ်က သူအလိုက်ကန်းဆိုးမသိ အမေ့ကို ရွှေမ၀ယ်သေးဘူးလား သွားမေးတာ ခေါင်းထဲ ရောက်လာတယ်..။

ဒါပေမယ့် ကျွန်တော် သူနဲ့အတူ ရောင်ယောင် ရယ်နေလိုက်တော့တယ်..။

33.13 ပြောင်းရပြန်ပေါ့ နောက်တစ်ကြိမ်

ဘုရင့်နောင်ရိပ်သာမှာ အဖေတို့အမေတို့ စိတ်အေးချမ်းစွာ နေလို့မှ အသားမကျသေးခင် အရေးတော်ပုံက ပေါ်လာပြန်တယ်..။

တိုက်ခန်း ရထားတဲ့ အရာရှိတွေက

တကယ်မနေဘဲ ပြန်ငှားတော့ တကယ်နေချင်ရှာတဲ့ အရာရှိတွေက တိုင်တယ်..။

စစ်ဆေးရေးအဖွဲ့တွေ လာပြီး အခန်းတိုင်းလိုက်စစ်ကြတယ်..။

ရှိသမျှ အခန်းတွေရဲ့
ငါးဆယ်ရာခိုင်နှုန်းကျော်က အငှားတွေဖြစ်နေတာ တွေ့ရတယ်..။

တချို့ဆို အဲဒီမှာ အိမ်ငှားနေတာ ဆယ်နှစ်လောက်တောင် ကြာပြီတဲ့..။

အဖေတို့နေတာ သူတို့နဲ့စာရင် ဘာရှိလိမ့်မလဲ..။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်နဲ့မဆိုင်တဲ့ နေရာဆိုတော့ အဖေတို့အမေတို့ ပြောင်းဖို့ ကျွန်တော် စီစဉ်ရတော့တယ်..။

အိမ်ငှားနေရတဲ့ ဘ၀ကိုလည်း စိတ်ကပျက်နေပြီ..။

ဝယ်နေရအောင်လည်း လက်ထဲရှိတာက မဖြစ်စလောက်..။

ဒါပေမယ့် မထူးတော့ဘူးဆိုပြီး မဒမ့်ကို ချော့ရတယ်..။

သူ့လက်ဝတ်လက်စား တွေ ရောင်းမယ်.. လိုတာ
နည်းနည်း ချေးငှားပြီး လှိုင်သာယာမှာ အိမ်လေးဝိုင်းလေး ၀ယ်မယ် ဆိုတဲ့ စိတ်ကူးနဲ့ပေါ့..။

သိပ်တော့ မချော့လိုက်ရပါဘူး..။

မဒမ်က ချွင်းချက် တစ်ခု တောင်းဆိုပြီး ကြည်ကြည်ဖြူဖြူ နဲ့ သဘောတူလိုက်တယ်..။

အိမ်နဲ့ဝိုင်းကို သူ့နာမည်နဲ့ စာချုပ်ပေးရမယ်
တဲ့..။ အဲဒီတောင်းဆိုချက်လောက်ကတော့ ကိစ္စမရှိ..။

ဒါပေမယ့် ကျွန်တော့်နာမည်လေး ပါ ထည့်ချုပ်လို့ ရမလားလို့ အတွန့်တက် မေးကြည့်သေးတယ်..။

မရဘူး ..
သူ့နာမည် တစ်ခုထဲနဲ့ ချုပ်ရမယ် လို့ မဒမ်က ရာဇသံပေးတာနဲ့ မဒမ်သဘောကျ စာချုပ်ချုပ် ၀ယ်လိုက်တော့တယ်..။

အလျား ပေခြောက်ဆယ်.. အနံ ပေလေးဆယ် မြေကွက်ပေါ်မှာ ဘုန်းကြီးကျောင်းလိုလို ဓမ္မာရုံလိုလို တောစတိုင် ပျဉ်ခင်းပျဉ်ထောင် သွပ်မိုးအိမ် အပါ.. သိန်းအစိတ်
နဲ့ တည့်တယ်..။

ဝယ်ကတည်းက အသင့်နေနိုင်မှ အဆင်ပြေမှာမို့ အိမ်ပါတဲ့ ၀ိုင်းကို ၀ယ်ရတာပဲ..။

မဒမ့်ခမျာလည်း ၀ါဝါ၀င်းရွှေကနေ နားပေါက်ဟောင်းလောင်း
မဖြစ်ရုံတမယ်ပေါ့..။ (မဒမ်က ရွှေကို ခုံမင်တော့ လက်ကောက်ဆွဲကြိုး ဟမ်းချိန်း..foot chain အစုံဝတ်လေ့ ရှိလို့ ကျွန်တော်က သူ့ကို ၀ါဝါ၀င်းရွှေလို့
အမြဲနောက်တယ်)

အရောင်းအ၀ယ်စာချုပ်မှာ မဒမ်တစ်ယောက်တည်း နာမည်နဲ့ ချုပ်ထားတာကိုတော့ အဖေတို့ ပြောမနေတော့ပါဘူး..။

သူတို့သိတော့လည်း ဘာထူးမှာလဲ..။

အရေးကြီးတာက .. အိမ်ငှားနေရတဲ့ ဘ၀ကနေ .. အေးရာအေးကြောင်း နေရဖို့ပဲ မဟုတ်လား..။ ဒါက ကျွန်တော့်အတွေး..။

လက်တွေ့က အဲသလို မဟုတ်ပြန်ဘူး..။

အဖေတို့အမေတို့က သန်းခေါင်စာရင်း လုပ်မယ်ဆိုပြီး အရောင်းအ၀ယ်စာချုပ် ခဏတောင်းလို့ ပေးလိုက်မိတယ်..။

စာချုပ်ထဲမှာ သူ့သားရွှေသွေး နာမည်မပါရကောင်းလားဆိုပြီး အဖေအမေတို့တင်မက.. ညီမနဲ့ အမကပါ.. မပြောနိုင် မဆိုနိုင်တွေ ဖြစ်ကုန်တယ်..။

ထုံးစံအတိုင်း လင်မယားနှစ်ယောက် ပိတ်ရက်သွားလည်တုံး အဖေက စပြောလာတယ်..။ “ မင်းမိန်းမ နာမည်နဲ့အိမ်မှာ ငါတို့က နေရမှာလား ” တဲ့..။

မျှော်လင့်မထားတော့ ကျွန်တော်လည်း ရုတ်တရက် ကျွဲမြီးတိုသလို ဖြစ်သွားခဲ့တယ်..။ အဲဒါနဲ့ စစ်ကူတောင်းတဲ့အနေနဲ့ မီးဖိုချောင်ထဲမှာ ကြက်သွန်လှီးနေတဲ့အမေ့ကို
“ အမေ ” လို့ ကျွန်တော်ခေါ်မိတယ်..။

အမေကပါ “ ဘာ တုံး ” လို့ မကျေမနပ်နဲ့ ပြန်ထူးတယ်..။ မဒမ့်မျက်နှာကတော့ ဆီးစေ့လောက်ပဲ ရှိတော့တယ်..။

အဖေနဲ့
အမေ့ကို ဒေါသမထွက်စဖူး အဲဒီနေ့က ကျွန်တော် တော်တော် ဒေါသထွက်မိတယ်..။

အမနဲ့ ညီမကတော့ ကျွန်တော့်ကို ကြည့်တောင် မကြည့်ကြတော့ဘူး..။

ကျွန်တော်လည်း သည်းမခံနိုင်တော့တဲ့ အဆုံး မဒမ်ကို လက်ဆွဲပြီး “ လာပြန်ကြမယ် ” ဆိုပြီး ပြန်လာခဲ့ကြတော့တယ်..။

လမ်းမှာ မဒမ့်ကို တောင်းပန်ရသေးတယ်..။ ဒီကိစ္စ သူ့အပြစ်မရှိဘဲ.. ကျွန်တော့်မိသားစု အလွန် ဆိုတာ ပြောရင်း ပေါ့..။

တကယ်တမ်းပြောရရင် မဒမ့်အမေလည်း အဲဒီတုံးက နေစရာ မရှိနေဘူး..။ သူ့ဖက်ကိုယ့်ဖက် တွက်ကြစတမ်းဆိုရင် သူ့မိဘအတွက်လည်း စီစဉ်ပေးရဖို့ ရှိတယ်..။

ဒါပေမယ့် ကျွန်တော့်မိဘများအတွက် မိန်းကလေးတိုင်းမက်မောတဲ့ လက်ဝတ်လက်စား ရောင်းချပြီး မဒမ်က ကြည်ကြည်ဖြူဖြူ အိမ်ဝယ်ခွင့်ပေးကတည်းက မဒမ့်ကို
ကျေးဇူးတင်နေပြီ..။

ကျွန်တော့်လုပ်စာအများစု ကနေ ၀ယ်နိုင်တာဆိုပေမယ့် ကျွန်တော့်နာမည်ပါတာမပါတာက အရေးမကြီးဘူးလို့ ကျွန်တော်ခံယူတယ်..။

မိဘမောင်နှမများက
သူတို့သားသူ့တိုမောင် နာမည်ပါစေချင်တာ နားလည်ပေမယ့် အဓိက က နေရဖို့လို့ ကျွန်တော် လက်ခံထားတော့ သူတို့တတွေ မခေါ်နိုင်မပြောနိုင် ဖြစ်တာ..
ဒေါသထွက်ရပါတယ်..။

အဲဒီကိစ္ဒဖြစ်ပြီး တစ်လလောက် အဖေတို့အိမ်ဖက် ခြေဦးတောင်မလှည့်တော့ဘူး..။

နောက်မှ အဖေ စက်ရုံလိုက်လာတယ်..။

ဖြစ်သင့်ဖြစ်ထိုက်တာတွေ
သားအဖနှစ်ယောက် အခြေအတင်ပြောကြပြီး အဖေလက်ခံသွားတယ်..။

ကျွန်တော့်မိန်းမနာမည်နဲ့ အိမ်မှာ သူတို့နေရတာ ဘာမှ အရေးမကြီးဘူးဆိုတာကို..။

အခုတော့ အရာအားလုံး အေးဆေးဖြစ်သွားခဲ့ပါပြီ..။

ချွေးမကို ချစ်လိုက်တာ တခါတခါ ကျွန်တော်တောင် အပြင်လူ ဖြစ်ဖြစ်သွားတယ်..။

Monday, October 20, 2008

32.1 မမ သို့ ကျေးဇူးတင်လွှာ

ကျွန်တော့်ဘ၀ တွေ့ကြုံခဲ့ရသမျှကို ၂၀၀၄ ခုနှစ်လောက်က ပုဂံဖိုရမ်မှာ စရေးခဲ့တယ်..။ စရေးတုံးကတော့ ဘာရယ်မဟုတ်.. ကိုယ့်ဘ၀ကိုယ့်အကြောင်း လေး ရေးကြည့်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ရေးခဲ့တာပါပဲ..။

ရေးရင်းရေးရင်းနဲ့ တတ်နိုင်သမျှ ရိုးသားပွင့်လင်းမှုကို အခြေခံပြီး လူတစ်ယောက်အကြောင်း လူတစ်ယောက်ရဲ့ သမိုင်း ကို လက်ကုန်ထုတ် ရေးမယ်လို့ အတွေးဝင်လာခဲ့တယ်..။ မျှော်လင့်မထားတဲ့ စာဖတ်ပရိတ်သတ်များရဲ့ အားပေးမှုကို ရရှိလာခဲ့တာကြောင့်လဲ ပါပါတယ်..။

နောက်.. ပုဂံဖိုရမ် ပျက်သုဉ်းတော့ နေးတစ်ဖိုရမ်ကို ပတ်စာခွါဖျာလိပ်ပြီး ကျွန်တော်တို့ ပြောင်းလာခဲ့ကြတယ်..။ နေးတစ်ကို စီစဉ်ကျသူများက.. ပုဂံက ပို့စ်အဟောင်းတွေကို စိတ်လိုလက်ရ အပင်ပမ်းခံ ပြောင်းရွှေ့ပေးခဲ့လို့ နေးတစ်မှာ ရေးဖို့ အားတွေ ဖြစ်လာခဲ့ရတယ်..။

အဲသလိုနဲ့ နေးတစ်မှာ ကျွန်တော့်ဘ၀ကို ဆက်ရေးခဲ့တာ.. ဒီနေ့အထိ တိုင်အောင်ပေါ့..။

နေးတစ်မှာ အာရုံလာ လာသလို ရေးနေခဲ့တာ.. သုံးနှစ်လောက် ရှိတဲ့ အခါမတော့ အွန်လိုင်းကနေ စသိခင်မင်ခဲ့ရတဲ့ ညီငယ်တစ်ယောက်လို ဖြစ်နေတဲ့ နားခိုရာဘလော့ဂ် ပိုင်ရှင် ထွန်းခိုင်က “ခင်ဗျား စာတွေ ပို့လိုက် ကျုပ် ဘလော့ဂ်လုပ်ပေး မယ် ”လို့ ပြောလာတယ်..။

ကျွန်တော်က စာရေးရင် တခါတည်း ပို့စ်ရီပလိုင်း ဘောက် ဖွင့်ပြီး ရေးလေ့ရှိတာမို့.. လက်ခံကော်ပီ ရှိတာက ရှိ၊ မရှိတာက မရှိနဲ့ ထွန်းခိုင် အတော်လေး ဦးနှောက်ခြောက်ခံ အချိန်ပေးပြီး ဒီ ကြုံခဲ့ရနဗနဘ၀ ဆိုတဲ့ ဘလော့ဂ်လေး ကို ဖန်တီးပေးခဲ့ရပါတယ်..။

သူ့ကျေးဇူးနဲ့ ပဲ.. ကျွန်တော့်ရဲ. ဒီဘလော့ဂ်လေး ဖြစ်တည်လာခဲ့တာ ဆိုရင် မမှားပါဘူး..။

ရိုးရိုးသားသား ၀န်ခံရရင်.. လွန်ခဲ့တဲ့ တစ်လလောက်အထိ ဘလော့ဂ်တွေဆိုတာ.. ကျွန်တော်နဲ့ တော်တော်လေး စိမ်းပါတယ်..။ မြန်မာပြည်ကနေ ပုံမှန်အတိုင်း ၀င်လို့လဲ မရတဲ့အပြင် အပင်ပမ်းခံ အားထုတ်ပြီး သွားကြည့်ရမှာကိုလဲ ပျင်းတော့. ဘလော့ဂ်ယဉ်ကျေးမှုနဲ့ ကြုံကြိုက်ဖို့ ခက်နေခဲ့ပါတယ်..။

ဆိုတော့ မျှော်လင့်မထားတဲ့ အနေအထားကနေ ဘလော့ဂါလောကထဲရောက် လာခဲ့ပြီး မမျှော်လင့်တဲ့ အားပေးမှုကို ရရှိခဲ့ရလို့ ကျွန်တော့်မှာ အတော့်ကို ၀မ်းမြောက်ဝမ်းသာ အံ့သြတကြီး ဖြစ်ရပါတယ်..။

နောက် ကျွန်တော့်ရဲ. အံ့သြ၀မ်းမြောက်မှုတွေကို အဆုံးစွန်အထိ ပီတိလွှမ်းစေတဲ့ အဖြစ်အပျက်တစ်ခုက ဒီရက်ပိုင်းမှာ ဖြစ်လာခဲ့ပြန်တယ်..။

အဲဒါကတော့ ကျွန်တော့် ဘလော့ဂ်က တဆင့် အတွေးရွက်လွှင့်ပြီး ဆီမီးခုံကို အရောက်သွားခဲ့တဲ့ စေတနာရှင် စာဖတ်ပရိတ်သတ် တစ်ယောက်က ကျွန်တော်စာသင်ခဲ့တဲ့ ရွာကျောင်းလေးကို တမံတလင်း ခင်းဖို့ စင်ကာပူကနေ ငွေသုံးသိန်းခွဲ ပို့လိုက်တာပါပဲ..။

ကျွန်တော် လုပ်အားပေး ဆရာလေးအဖြစ် စာသင်ပေးခဲ့တာ နှစ်ပေါင်း နှစ်ဆယ် နီးပါး ရှိသည့်တိုင် မြေကြီးကို မွေ့ယာလုပ်၊ ဖုန်ထဲ သဲထဲ ဖင်ခုထိုင်ပြီး စာသင်နေဆဲ ရွာက ကလေးငယ်များအတွက် တော့ တကယ့်ကို လိုအပ်နေတဲ့ အရာတစ်ခု သူမက ဖန်ဆင်းပေးခဲ့တာပါပဲ..။

ဘလော့ဂ်တွေမှာ ရေးလေ့ရေးထရှိတဲ့ “ ပထမဆုံးများ ” ဆိုတာမျိုး ဆန်ဆန် ပြောရရင်တော့ သူမရဲ.အလှူ သူမရဲ.စေတနာဟာ ဆီမီးခုံသမိုင်း ဆီမီးခုံရာဇ၀င်မှာ ဆီမီးခုံရွာသူရွာသား မဟုတ်သူ တစ်ယောက်ရဲ. အဦးဆုံး အစဆုံး ပထမဆုံး အလှူ တစ်ခုပါပဲ..။

ပီတိဆိုတာ ကူးစက်တတ်ပါတယ်..။ အဲဒါလေးကို ကျန်တဲ့ ဘလော့ဂ်ကြွလာ ညီကိုမောင်နှမများပါ ကြည်နူးခံစားစေချင်တဲ့ စိတ်နဲ့ ကျွန်တော့်ဘလော့ဂ်မှာ ကာယကံရှင်ကို ခွင့်တောင်းပြီး ရေးလိုက်ရပါတယ်..။

အလှူရှင်နဲ့ပတ်သက်လို့ ကျွန်တော့်ဘလော့ဂ် စီဘောက်ထဲမှာ “မမ ” လို့ သူ့ကိုယ်သူ သုံးနှုန်း ရေးနေတာကလွဲလို့ ကျွန်တော်တခြား ဂဃနဏ မသိသေးပါ ..။

“ မမ ” ကို အရမ်းကျေးဇူးတင်မိပါကြောင်း..။ ဆမိတ်ခုံက ခုံခုံအငယ်စားလေးတွေ ကိုယ်စား ပြောကြားပါရစေခင်ဗျား..။

32.2 ဆရာကန်တော့ပွဲငွေ ငါးဆယ် အလွဲသုံးစား လုပ်ခဲ့သူကို မကြောက်ကြသူများ

လာမယ့် နိုဝင်ဘာလ (၈) ရက် (၉) ရက်လောက် ရွာပြန်ဖို့ ကျွန်တော်စိတ်ကူး ထားပါတယ်..။ မမ ရဲ့ မွန်မြတ်တဲ့ အလှူလေးကို ကိုယ်တိုင်ကိုယ်ကျ ကြပ်ကြပ်မတ်မတ် ဂရုတစိုက် ဆောင်ရွက်ပေးမယ် ဆိုတဲ့ စိတ်ကူးနဲ့ပါ..။

တိုက်တိုက်ဆိုင်ဆိုင်ပဲ.. ဆမိတ်ခုံ ရွာက နဗန သေးသေးလေးတွေအတွက် နောက်ထပ် အလှူရှင် နှစ်ယောက် ထပ်ပေါ်လာပါတယ်..။

သူတို့နဲ့ ကျွန်တော် ဒီရက်ပိုင်း ဂျီတော့မှာ ကျွန်တော့်ဘလော့ဂ် ကအစပြုလို့ စကားစမြည် ပြောဖြစ်ကြရင်းကနေ ရွာက ကလေးငယ်များအတွက်.. အကျိုးရှိရာရှိကြောင်း တခုခုလုပ်ပေးပါဆိုပြီး လှူကြတာပါပဲ..။

တစ်ယောက်က ဂျပန်မှာနေတဲ့ ညီမငယ် တစ်ယောက်ပါ..။ (ညီမငယ်လို့ ကျွန်တော်ထင်တာပါ.. ကိုယ့်အသက်ကို လျှော့မတွက်ရဲလို့ ညီမလို့ ခေါ်လိုက်တာပါ ဟဲဟဲ )

ဆင်းရဲပြီး ပညာတော်တဲ့ ကလေးတွေကို လက်ရှိထောက်ပံ့ပြီး ဆေးကျောင်းထားပေးနေတဲ့ ကြားက ဆမိတ်ခုံက ကလေးငယ်များအတွက်.. တစ်သိန်းနှစ်သောင်း လှူမယ် ပြောလာလို့ ကျွန်တော့်မှာ အတိုင်းမသိ ၀မ်းသာ ရပါတယ်..။

နောက်ညီမငယ် တစ်ယောက်ကတော့ “ ဆင်းရဲပြီး မတတ်နိုင်တဲ့ ကလေးငယ်များကို ရည်ရွယ်တယ် ” ဆိုပြီး သုံးသိန်းလှူပါတယ်..။ ကျွန်တော့်ဘလော့ဂ် စီဘောက်မှာ.. ငွေအိမ်စံ ဆိုတဲ့ နာမည် နဲ့ ၀င်ဝင်ရေးတဲ့ ညီမငယ် ဖြစ်ပါတယ်..။

သူတို့ကို ကျွန်တော်ပြီးခဲ့တဲ့ သင်္ကြန် ရွာကအပြန်.. ရန်ကုန်မန္တလေး ကားလမ်းတလျှောက် မြင်ခဲ့ရတဲ့ မြင်ကွင်းလေးတွေ ဂျီတော့မှာ ပြန်ပြောဖြစ်တယ်..။

ပဲနွယ်ကုံး၊ ကျောက်တံခါး နားဖြတ်တော့ ကုလားမကြီးတွေ ဆာရီကြီးတွေ တလွင့်လွင့်နဲ့ စပါးခင်းထဲ ချွေးတလုံးလုံး ဖုန်တထောင်းထောင်း နဲ့ စပါးလှေ့ နေတာ တွေ့တော့ “ အော်.. တို့လူမျိုးတွေ.. ကုလားဗမာမရွေး.. အားလုံး တတန်းတည်း မွဲနေကြပါ့လား ” ဆိုတဲ့ အတွေးတစ ကျွန်တော့် ခေါင်းထဲ ရောက်လာခဲ့ပါတယ်..။

အဲဒါလေး ကို သူတို့နဲ့ ပြောဖြစ်ပါတယ်..။ တကယ်တော့ ကျွန်တော်တို့နိုင်ငံမှာ.. ဆမိတ်ခုံမှ မဟုတ်ပါဘူး..။ နေရာတော်တော်များများမှာ.. အကူအညီဆိုတာ လိုနေတာပါ..။ ဆရာဖေမြင့်ရေးတဲ့ ကမ်းစပ်ပေါ် ဒီလှိုင်းနဲ့ မေးတင်လာတဲ့ ကြယ်ငါးတွေလို သဘောထားပြီး ကိုယ့်နီးစပ်ရာ ကိုယ်လက်လှမ်းမီရာ တတ်နိုင်တာလေးတွေ လုပ်ကြဖို့ပဲ ရှိတယ်လို့ ကျွန်တော်မြင်ပါတယ်..။

အလှူရှင်များကိုတော့ အရမ်းအရမ်း ကျေးဇူးတင်မိပါတယ်..။ ငယ်ငယ်တုံးက ဆရာကန်တော့ပွဲ ငွေငါးဆယ် အလွဲသုံးစားလုပ်ဖူးတဲ့ ကျွန်တော့်ကို ယုံယုံကြည်ကြည် လှူတာနဲ့တင်.. ကျွန်တော်က ကျေနပ်ပီတိဖြစ်နေ ပါပြီ..။ ဟဲဟဲ..။

ဘာပဲဖြစ်ဖြစ်.. သူတို့ စိတ်မပျက်စေရပါဘူး..။ သူတို့ရဲ. အလှူကို ထိထိရောက်ရောက် အောင်အောင်မြင်မြင် ဖြစ်ကို ဖြစ်စေရမယ်လို့ ကျွန်တော် ကတိပြုပါတယ်..။

ချစ်ခင်စွာ
နဗန





32.3 ဖုန်ထဲသဲထဲ ဖင်ခုထိုင် စာသင်ခဲ့တဲ့ လူငယ်တဦးရဲ. ကျေးဇူးတင်စကား

ဒီရက်ပိုင်း စေတနာရှင်များက အားစိုက်လှူဒါန်းထားတဲ့ ကိစ္စလေးတွေနဲ့ နည်းနည်း အလုပ်ရှုပ်နေလိုက်တယ်..။

ရွာကို ဖုံးဆက်.. လိုအပ်တဲ့ အချက်အလက်လေးတွေ တောင်း.. ပြန်ဖို့ စီစဉ်ပေါ့..။

ရွာကလူတွေကတော့ အံ့သြ၀မ်းသာ ဖြစ်နေကြတယ်..။ အခုလို.. ရွာအ၀န်းအ၀ိုင်း အပြင်ဖက်ကနေ ရွာကကလေးတွေအတွက် တခုတ်တရ လှူတယ်ဆိုတာ ဖြစ်တောင့်ဖြစ်ခဲ မဟုတ်လား..။

ရွာက လူတွေတင်မက.. အင်တာနက် လက်တကမ်းမှာ ရှိတဲ့ ရွာကလူတွေကိုပါ အပျော်တွေက ကူးစက် နေတယ်..။

တိုက်တိုက်ဆိုင်ဆိုင်.. ကျွန်တော် လုပ်အားပေး ဆရာလေး လုပ်ခဲ့တဲ့ ရွာ ဇရပ်နှစ်ဆောင်ပေါ်က နေ တရုတ်ပြည်မှာ PhD ယူနေတဲ့ တပည့်လေး တစ်ယောက်က ကျွန်တော့်ဘလော့ဂ်ကို လာဖတ်ရင်း အလှူရှင်တွေကို ကျေးဇူးတင်စကား ဂျီတော့မှာ လာပြောတယ်..။

ကျွန်တော်ရေးခဲ့သလို.. မြေကြီးကိုမွေ့ယာလုပ် ဖုန်ထဲသဲထဲ ဖင်ခုထိုင် ပြီး ရွာကကျောင်းကလေးမှာ ငယ်စဉ်ဘ၀တွေ ကြိုးစားဖြတ်ကျော်ခဲ့တဲ့ လူငယ်လေး တစ်ဦးပေါ့..။

မြန်မာပြည်ကနေ ဘီအီး ရပြီး.. တရုတ်ပြည်မှာ မာစတာ တက်ခွင့်သူရတယ်..။ အခုတော့ မာစတာ ပြီးသွားလို့ ဒေါက်တာဘွဲ့ယူဖို့ လုပ်နေတယ်..။ (ကံ့ကူလက်လှည့် ငယ်ဆရာက တော်တော့ သူတို့ တော်တာပေါ့ .. ဟဲဟဲ)

သူရဲ့ ဂျီတော့က တဆင့်ပြောလာတဲ့ ကျေးဇူးတင်ကြောင်းလေးကို (သူ့ခွင့်ပြုချက်နဲ့ပဲ) အလှူရှင်တွေနဲ့ တကွ ဘလော့ဂ်ကြွလာ ဆွေသဟာများ ကြည်နူးပါစေကြောင်း မျှဝေလိုက်ပါတယ်..။

“kthihacn: ဟုတ်...ကျေးဇူးတင်ပါတယ် လို့ ပြောလိုက်ပါ အုံး...မြေကြီးကို မွေ့ယာလုပ်၊ ဖုန်ထဲသဲထဲ ဖင်ခုထိုင်ပြီး စာသင်လာတဲ့ သူတယောက်က ပြောတယ်လို့”

Sent at 5:13 PM on Monday


32.4 အလှူရှင်များသို့ ကျေးဇူးတင်လွှာ

ဒီရက်ပိုင်း ဆမိတ်ခုံရွာက ကလေးငယ်များအတွက် နောက်ထပ် အလှူငွေ လေးသိန်း ထပ်ရပါတယ်..။ အလှူရှင်နှစ်ယောက်စလုံး စင်္ကာပူ ကပါ..။

အလှူရှင်နှစ်ယောက်ထဲက ညီမငယ်က သူ့မိဘနှစ်ပါး နာမည်ကို အလှူရှင်နေရာမှာ ထားပြီးလှူပေးဖို့ ပြောရင်း တသိန်းလွှဲလိုက်တာပါ..။

နောက် ညီငယ်လေး တစ်ယောက်ကတော့ အကို့ရွာက ကလေးငယ်များရဲ့ အနာဂါတ်အတွက် စီမံပါ ဆိုပြီး သုံးသိန်း လှူပါတယ်..။ ကျွန်တော့်ဆီ တကူးတက သုံးလေးခါလောက် စင်္ကာပူက နေ လှမ်းဖုံးဆက်ပြီး စကားပြောဖြစ်ကြတာမို့ သူ့အကြောင်း သူ့ဘ၀ သူ့ခံယူချက်ကို ကျွန်တော် သိရပါတယ်..။

အခုထိ လှူကြတာ ငါးယောက် ရှိပါပြီ..။ အလှူငွေ က စုစုပေါင်း ဆယ့်တစ်သိန်း ခုနှစ်သောင်း ပေါ့..။ မရည်ရွယ်မမျှော်လင့်ပဲ ဖြစ်လာတဲ့အပြင် အလှူရှင်များရဲ့ ဦးတည်ချက် စေတနာက ကောင်းမွန်မြင့်မြတ်လွန်း တာမို့ ကျွန်တော့်အနေနဲ့ အားရ၀မ်းသာ မုဒိတာ ပွားရပါတယ်..။

ကျွန်တော့်သမီးငယ် တစ်နှစ်ခွဲလောက်မှာ အပြင်းအထန် ဖျားပါတယ်..။ လင်မယားနှစ်ယောက် ပြာတောက်ပြီး နောက်ဆုံး သမီးငယ်ကို ကလေးဆေးရုံမှာ တင်လိုက်ရပါတယ်..။ ဆေးရုံရောက်တော့ တယောက်အိပ် ကုတင်တစ်လုံးကို ကန့်လန့်ဖြတ်သုံးပိုင်း ပိုင်းပြီး ကလေးငယ် သုံးယောက် ထားရတဲ့ အထိ ကလေးငယ်တွေ ဒုက္ခရောက်နေတာ မြင်ရတော့ တပူပေါ် နှစ်ပူဆင့် ကျွန်တော် အတော် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်..။

ဆေးရုံအ၀င်ဝ လူနာအတက်အဆင်း ဂရပ်မှာ နေ့စဉ် အဆုံးအပါး အလေအလွင့် စာရင်းကလည်း အဲဒီရက်ပိုင်းမှာ လေးငါးယောက်ကနေ တခါတရံ ဆယ်ဂဏန်းအထိ ရှိနေတာ ဖတ်ခဲ့ရပြန်တယ်..။

ရာသီအကူးအပြောင်း ကပ်ရောဂါ ဖြစ်ချိန်လိုမျိုး နဲ့ ကြုံလို့ ၀န်နဲ့အား မမျှတဲ့ အကျိုးဆက်တွေ မြင်ခဲ့ရတယ် ဆိုပေမယ့် ကျွန်တော့် ရင်မှာ အတော်မချိ ဖြစ်ခဲ့ရပါတယ်..။ တဆက်တည်း ၀န်နဲ့အား ဘာလို့ မမျှရတာလဲ ဆိုတဲ့ အတွေး ခေါင်းထဲ ရောက်လာခဲ့ပါတယ်..။

ရန်ကုန် လို မြို့ကြီးမှာ ဘာလို့ ကလေးဆေးရုံ တစ်ရုံထဲ ရှိနေခဲ့ရပါသလဲ..။ နောက်ထပ် ကလေးဆေးရုံ ထပ်ဆောက်ဖို့ မလိုတော့လို့ လား..။ နှစ်စဉ် ရာသီအကူးအပြောင်းတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ရောဂါ ဘယတွေကြောင့် ဆေးရုံရောက်လာတဲ့ ကလေးငယ်များထဲက တချို့ ကြွေလွင့်သွားတာဟာ ဘယ်သူမှ မတတ်နိုင်တဲ့ ကံတရားရဲ့ စေစားမှုလား..။

ကျောင်းကြီးတွေ ဆောက် ဘုရားကြီးတွေဆောက်.. ထမင်းရေချောင်းစီး အလှူကြီး ပေးနေကြသူတွေ ရဲ့ စေတနာသဒ္ဒါတရားဟာ ကလေးဆေးရုံဆီ ဘာကြောင့် ရောက်မလာရတာလဲ..။ ဘယ်အချက်တွေက သူတို့လက်ရှိအလှူတွေဟာ ကလေးဆေးရုံကို လှူတာထက် ပိုသာမြင့်မြတ် ကောင်းမွန်တယ်လို့ တွန်းအား ပေးနေခဲ့ပါသလဲ..။

စတဲ့ မေးခွန်းပေါင်း များစွာ ကိုယ့်ကိုယ်ကိုယ် ပြန်လှန်မေးခွန်းထုတ်ရင်း ကျွန်တော်တို့ လူမျိုးရဲ့ အလှူတွေ အကြောင်းကို ကြုံရင် ကြုံသလို ဝေဖန် စစ်ကြောတတ်လာပါတယ်..။

မြန်မာလူမျိုး အများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်တာမို့ သူတို့ရဲ့ အလှူအတန်းဆိုင်ရာ အတွေးအခေါ်ဟာ ဗုဒ်ဓ့ဘာသာက ဆင်းသက်လာတာဖြစ်မယ်လို့ သုံးသပ်မိပါတယ်..။ အဲဒါနဲ့ပဲ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီးရဲ. အလှူအတန်းဆိုင်ရာ သဘောထားကို သူပြောငါပြောတွေ အသာထားပြီး ကိုယ်တိုင် လေ့လာကြည့်ခဲ့မိပါတယ်..။

အလှူရှင်များရဲ့ ကျေးဇူးတရားကို ကျွန်တော်လက်လှမ်းမီသလောက် လေ့လာထားတဲ့ (တနည်းအားဖြင့် သဘောကျ နှစ်ခြိုက်လက်ခံထားတဲ့ )
ဗုဒ္ဓကိုယ်တော်တိုင်ရဲ့ အလှူဒါန ဆိုင်ရာ အမြင်များနဲ့ ပြန်လှန်ဆပ်ခွင့် ပေးပါလို့ တောင်းဆိုရင်း ကျန် ညီအကိုမောင်နှမတွေပါ ကြိုက်သော်ယူ. မကြိုက်ရင် ပယ်နိုင်စေဖို့ .. မျှဝေလိုက်ရ ပါတယ်..။

... ........................................................................................................

၁) မိထွေးတော်ဂေါတမီအား
အလှူဒါနဆိုင်ရာ ဟောချက်

နြိေ၈ာ ဓါ ရုံ မှာ မဟာပဇာပတိ ဂေါတမီ နှင့် ညီတော်အာနန္ဒာကို မြတ်စွာဘုရားက တသီးပုဂ္ဂလ အလှူ နဲ့ ဘုံအလှူ ဘယ်ဟာက ပိုပြီး အရေးပါ အကျိုးများ ကြောင်း ဟောခဲ့ပါတယ်..။

အဲသလို ဟောဖို့ ဖြစ်လာတာက.. မိထွေးတော် ဂေါတမီက ကိုယ်တိုင် ၀ါဖတ်.. ကိုယ်တိုင် ဗိုင်းငင် ..ကိုယ်တိုင် သစ်ခေါက်ဆိုး ကိုယ်တိုင် ရက်ကန်းယက်ထားတဲ့ သင်္ကန်း ကို မြတ်စွာဘုရားထံ ကပ်လှူ ရာက စလာခဲ့တာပါပဲ..။

ဘုရားက မိထွေးတော် ဂေါတမီ ကိုယ်တိုင် အပင်ပမ်းခံ စိတ်ရှည်လက်ရှည် စီမံလာခဲ့တဲ့ သင်္ကန်းကို လက်ခံတော် မမူဘဲ “ ဂေါတမီ၊ ဒါကို သံဃာအား လှူလိုက်ပါ.. ဒါက ပိုပြီး သင့်မြတ်တယ် ” လို့ ပြောတော့ ဂေါတမီက

“ အသျှင့်အတွက် ရည်ရွယ်ထားပြီးသားဖြစ်ပါတယ် ” လို့ ပြန်လျှောက်ထားတယ်..။

“ သံဃာကို လှူတာဟာ
ဗုဒ္ဓကို လှူပြီး ဖြစ်သွားပါတယ် ဂေါတမီ ” လို့ ဘုရားကလည်း ဆက်ပြောတယ်..။


ဒါပေမယ့် ဘုရားကိုပဲ ဦးတည် လှူဒါန်းချင်နေတဲ့ မိထွေးတော်ဂေါတမီက “ ဘာပဲဖြစ်ဖြစ် အရှင့်အတွက်မို့ ဒါကို လက်ခံပါ ” လို့ ဇွတ်လျှောက်ထားတောင်းဆိုပြန်တယ်..။

ဗုဒ်ဓ့ကလည်း အလျော့မပေးဘဲ “ သံဃာဟာ အလွန်ပူဇော် ထိုက်ပါတယ် ဂေါတမီ ” လို့ ပြောပြန်တယ်..။

အဲဒီအချိန်မှာ ဘေးက နားထောင်နေတဲ့ ညီတော် အာနန္ဒာက မနေနိုင်တော့ဘဲ ၀င်လျှောက်တယ်..။

“ တပည့်တော် ၀င်လျှောက်ပါရစေ အသျှင်၊ ဂေါတမီ ဟာ ကျေးဇူး များသူဖြစ်ပါတယ်..။ သူ့လုပ်အားကို အားပေးတဲ့အနေနဲ့ လက်ခံ ဖို့ ပန်ကြားပါရစေ အသျှင် ”

ညီတော် အာနန္ဒာ အဲသလို ပြောတော့
ဗုဒ္ဓက

“ အာနန္ဒာ၊ ဂေါတမီဟာ ငါ့အတွက် ကျေးဇူးကြီးလှပါတယ်..။ ဒါပေမယ့် ငါ့အဆုံးအမကို လိုက်နာ နေသူဆီက ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ ရိုသေပေးကမ်းခြင်း ပြုလုပ်တာကို သင့်မြတ်တယ်လို့ ငါ မယူဆဘူး ”

“ အာနန္ဒာ၊ တသီးပုဂ္ဂလ အလှူ နဲ့ ဘုံအလှူ ရယ်လို့ နှစ်မျိုး ရှိတယ်။ တသီးပုဂ္ဂလ အလှူတွေရဲ့ အကျိုးကျေးဇူးဟာ ပြောမကုန်အောင် များတာတွေ ရှိတယ်..။ ဒါပေမယ့် ကျေးဇူးအများဆုံး လို့ ပြောရလောက်တဲ့ တသီးပုဂ္ဂလ အလှူကပေးစွမ်းတဲ့ အကျိုးကျေးဇူးဟာ ဘုံအလှူတစ်ခုက ပေးစွမ်းမယ့် အကျိုးကျေးဇူးထက် ပိုတယ်လို့ ငါလက်မခံနိုင်ဘူး ”

“အာနန္ဒာ၊ အလှူ ဟာ လေးမျိုး ရှိတယ်..။ ”

၁) ပေးသူ(လှူသူ) ချို့တဲ့ တဲ့ အလှူ
၂) ယူသူ (အလှူရရှိသူ) ချို့တဲ့ တဲ့ အလှူ
၃) နှစ်ပါးစုံ ချို့တဲ့ တဲ့ အလှူ
၎) နှစ်ပါးစုံ ပြည့်စုံတဲ့ အလှူ ရယ်လို့ ဖြစ်တယ်..။

“ အာနန္ဒာ၊ ရိုးရိုးသားသား မပေးလှူခြင်း ( အမျှော်အခေါ် နှင့်ပေးခြင်း ) ဟာ ပေးသူချို့တဲ့ တဲ့ အလှူဖြစ်ပြီး ရိုးရိုးသားသား လက်မခံခြင်း (အသုံးမလိုဘဲ လက်ခံခြင်း ) ဟာ ယူသူချို့တဲ့တဲ့ အလှူဖြစ်တယ် ”

.. ... .... .... .... .... .... .... ..... .... .... ..... .....

ဆိုတော့.. အဲဒီ ဟောချက်ကို ဖတ်ပြီး ကျွန်တော်တွေးတယ်..။
ဗုဒ္ဓက တသီးပုဂ္ဂလ ဦးတည်ပြီး လှူတာထက်.. ဘုံ သဘောမျိုး လှူတာကို ပိုအားပေးတယ်..။ ပုဂ္ဂိုလ် ကြည်ညိုပြီး လှူတာထက် အဖွဲ့အစည်းကို ဦးတည်လှူတာမျိုးကို သာဖြစ်စေချင်တယ်..။ တကယ်လိုအပ်ချက်ရှိနေတဲ့ နေရာကို သူလိုအပ်နေတာသိပြီး ကိုယ်လဲ အကျိုးရ သူလဲ အကျိုးရ .. ဘေးဘယ်ညာသူတွေလဲ အဲဒီအလှူပေါ်က အကျိုးရ.. ရေရှည်သဘောလည်း ဆောင်တဲ့ အလှူမျိုးကို ဗုဒ်ဓ့က အကျိုးများတဲ့အလှူလို့ ပြောခဲ့တယ်..။

..............................................................................................................................................................

၂) ကောသလမင်းကြီးကို ဟောတဲ့ အလှူဒါနဆိုင်ရာ ဟောချက်

နောက် ကောသလ မင်းကြီး လျှောက်ထားမေးမြန်းလို့ အလှူဒါန ဆိုင်ရာ
ဗုဒ္ဓ ဟောချက် တခု ရှိသေးတယ်..။

ကောသလမင်းကြီး က “ ဘယ်သူ့ လှူရင် ကောင်းမလဲ ” လို့ ဘုရားကို လျှောက်ထားတော့ “ ခင်မင် တဲ့သူကို လှူတာ ကောင်းတယ် ” လို့
ဗုဒ္ဓ က ပြန်ပြောတယ်..။

အဲဒီမှာ ကောသလမင်းကြီးက အမေးပြန်ပြင်ပြီး မေးရတယ်..။ “ ဘယ်သူ့လှူရင် အကျိုးများမလဲ ” ပေါ့..။

အဲသလို မေးရင်တော့ အဖြေက တမျိုး ဖြစ်လိမ့်မယ်လို့
ဗုဒ္ဓက ပြန်ပြောပြီး “ကဲ .. သင့်အမေးအဖြေပေါ်အောင် သင့်ကို မေးခွန်းနည်းနည်း ပြန်မေးရမယ် ” ပြောတယ်..။

မေးပုံက စစ်ဖြစ်နေတဲ့ တိုင်းပြည်မှာ လေးသည်တော် လိုနေလို့ လေးသည်တော်တွေ ခေါ်တယ်..။ သတ်မှတ်ထားတဲ့ အရည်အချင်းက အမျိုးမြတ်ရမယ်.. သင့်တင့်တဲ့ အသက်အရွယ်ဖြစ်ရမယ်.. ရုပ်ဆင်းအင်္ဂါကောင်းရမယ်.. လေးပစ် တတ်ရမယ်.. ဆိုပါစို့တဲ့..။

အမျိုးတော့ မြတ်တယ်.. ဒါပေမယ့် လေးမပစ်တတ်ဘူးဆို ခန့်မလား လို့ ကောသလမင်းကြီးကို
ဗုဒ္ဓက မေးတယ်..။
အမျိုးမြတ်ပေမယ့် လေးမပစ်တတ်ဘူးဆို.. ဘယ်ခန့်လို့ဖြစ်မလဲ လို့ ကောသလမင်းကြီးက ပြန်ဖြေလျှောက်ထားတယ်..။

ရုပ်ဆင်းအင်္ဂါကောင်းမွန်တယ်.. လေးတော့ မပစ်တတ်ဘူး ဆိုရင်ကောလို့
ဗုဒ္ဓက မေးပြန်တယ်..။

အဲဒါဆိုရင်လဲ ခန့်လို့ မဖြစ်ပါဘူးလို့ ကောသလက ပြန်ဖြေတယ်..။

အဲဒီမှာ
ဗုဒ္ဓက “ ဘယ်သူ့လှူရင် အကျိုးများမလဲ ” ဆိုတဲ့ မင်းကြီးရဲ့ အမေးကို ဖြေရရင် အလှူခံတဲ့သူက ဘယ်လောက် အမျိုးမြတ်တဲ့သူဖြစ်ဖြစ် ဘယ်လောက် ရုပ်ဆင်းအင်္ဂါတင့်တယ် တဲ့သူ ဖြစ်ဖြစ်.. ရာဂဒေါသမကုန်တဲ့ သူဆိုရင် အဲဒီသူကို လှူရတာဟာ အကျိုးမဲ့ဖို့ပဲ ရှိတယ်..။ အကျိုးများတဲ့အလှူဆိုတာ.. ရာဂဒေါသကုန်သူ နဲ့ ကုန်အောင် ကျင့်ကြံနေသူတွေကို လှူခြင်းပဲ..။ လို့ ပြောတယ်..။

... .... ဆိုတော့ ဘယ်သူ့လှူရင် အကျိုးများမလဲ ဆိုတဲ့ မေးခွန်းကို
ဗုဒ္ဓဖြေသွားခဲ့တဲ့ ဗုဒ္ဓရဲ့ ဒါနဆိုင်ရာ အတွေးအမြင် တစေ့တစောင်းကို ကျွန်တော်တို့ နားလည်ခံစားခွင့်ရပါတယ်..။ အပေါ်က ပြောခဲ့တဲ့ တသီးပုဂ္ဂလ ထက် အဖွဲ့အစည်း(ဘုံ)အလှူကို ဗုဒ္ဓက ပိုအားပေးတယ်..။

သို့သော် ဘယ်သူ့လှူရင် အကျိုးများမလဲ လို့ တသီးပုဂ္ဂလ ဆန်ဆန် မေးခဲ့ရင်တော့ ရာဂဒေါသကုန်နေသူနဲ့ ကုန်ရာကုန်ကြောင်း ကျင့်ကြံနေသူကို လှူမှ အကျိုးများမယ်လို့
ဗုဒ္ဓက ဟောတယ်..။ ရာဂဒေါသကုန်သူ နဲ့ ကုန်ရာကုန်ကြောင်းကျင့်ကြံနေသူတွေဟာ.. လောကကိုငြိမ်းချမ်းစေမယ့် လူတွေပဲ..။ လောက ငြိမ်းချမ်းရာငြိမ်းချမ်းကြောင်း ဖော်ဆောင် နေသူတွေပဲ..။

အဲဒီသူတွေကို ပံ့ပိုး လှူဒါန်းတာဟာ.. လောကငြိမ်းချမ်းရေးကို
ပံ့ပိုးတာနဲ့ အတူတူပဲ..။ လောကငြိမ်းချမ်းရင် ကိုယ်တင်မက.. အားလုံး အကျိုးများစေတာပဲ..။ ဒါကြောင့် အဲဒီလိုမျိုးအလှူကို အကျိုးများစေတဲ့ အလှူလို့ ပြောခဲ့တာပဲ.။

( တခုတော့ ရှိတာပေါ့လေ.. ရာဂဒေါသကုန်သူ ဆိုတဲ့ ယေဘုယျ အပြောလောက်နဲ့တော့ မလုံလောက်ဘူးပေါ့..။ ရာဂ ဆိုတာ ဘယ်လို.. ဒေါသ ဆိုတာ ဘာ ဆိုတဲ့ တိကျသေချာတဲ့ ရှင်းလင်းချက် နဲ့ တွဲပြောရင်တော့ ရာဂဒေါသကုန်သူ ဆိုတာ ဒီလိုလူကိုးလို့ လူတိုင်း မြင်သာထင်သာ ရှိမှာပါ .. လက်တွေ့မှာက ဒေါသ ဆိုတဲ့ စကားလုံးကိုတောင် ဘုရားဆိုလိုရင်း ထိမိအောင် ဖွင့်ဆိုဖို့ ခက်နေကြရတယ် .. ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကောသလမင်းကြီးကို ပြန်လှန်မေးခွန်းထုတ်ရင်း ပြောဆိုခဲ့တဲ့ ဥပမာမှာ ထင်ရှားတဲ့ အချက်ကတော့ လေးသည်တော် လိုအပ်နေတဲ့ အဓိက အရည်အချင်းက လေးပစ်တတ်ဖို့ ပဲ လို့ မီးမောင်းထိုးပြခဲ့တယ်..။ ဆိုတော့ အလှူတွေနဲ့ ပတ်သက်ပြီး ကိုယ့်မျှော်မှန်းချက် ကိုယ့်ရည်ရွယ်ချက်ကို တိကျရှင်းလင်းသေချာအောင် စောကြောကြည့်ဖို့ လိုလိမ့်မယ်လို့
ဗုဒ္ဓက ညွှန်ပြခဲ့တယ်..)

အခုခေတ် ပြောပြောနေတဲ့ လှူဖွယ်ပစ္စည်း.. လှူချင်တဲ့ စေတနာ.. အလှူခံပုဂ္ဂိုလ်.. လှူမယ့် ပုဂ္ဂိုလ် .. လေးမျိုးစုံရင် ပြီးရော ဆိုတာမျိုး.. စေတနာ သုံးတန် ပြတ်ရင် ပြီးရောဆိုတာမျိုး .. ခပ်ကြမ်းကြမ်း အလှူဒါန ဆိုင်ရာ အမြင်တွေက
ဗုဒ္ဓဖြစ်စေချင်ခဲ့တဲ့ အလှူဒါနဆိုင်ရာ အမြင်လားဆိုတာတော့ ဝေဖန်စမ်းစစ် ကြည့်ကြဖို့ပါပဲ..။

၃) ရှင်သာရိပုတ္တရာကို ဟောတဲ့ ဒါနဆိုင်ရာ ဟောချက်

နောက်ဟောချက်တခုကတော့ အလှူဒါန ခုနှစ်မျိုး အကြောင်းပဲ..။ လူတွေ ဘာကြောင့် လှူကြတန်းကြ ဆိုရင် ခုနှစ်မျိုး ရှိတယ်လို့
ဗုဒ္ဓက ခွဲခြမ်းပြတယ်..။ အဲဒါတွေက..

၁) နောင်ဘ၀အတွက် မြုပ်နှံဖို့ ရည်ရွယ်တဲ့ ဒါန
၂) ကုသိုလ်ရတယ် ဆိုပြီး လုပ်တဲ့ ဒါန
၃) မရှိတဲ့သူကို ရှိတဲ့သူအနေနဲ့ ပေးကမ်းတဲ့ ဒါန
၎) မိဘမျိုးရိုး ထုံးစံအရ ပေးတဲ့ဒါန
၅) ဂုဏ်ရှိသူတွေ အတုခိုးပေးတဲ့ ဒါန
၆) စိတ်ချမ်းသာ ၀မ်းသာဖို့အတွက် လုပ်တဲ့ ဒါန
၇) အတွေးအခေါ်ရဲ့ ရိက္ခာအဆင်တန်ဆာအဖြစ် ပေးလှူတဲ့ ဒါန ( ပါဠိလို စိတ္တာလင်္ကာရ ) ပဲ..။

အဲဒီအလှူခုနှစ်မျိုးမှာ ရှေ့ခြောက်မျိုးက လူတိုင်း လွယ်လွယ် နားလည်နိုင်ပေမယ့် နောက်ဆုံးအလှူကိုတော့ ဘုရားဟောခဲ့တယ်ဆိုတာတောင် မသိကြပါဘူး..။ လက်ရှိအလှူဒါန ဆိုင်ရာ အတွေးမြင်တွေကလဲ.. ရှေ့ခြောက်မျိုးထဲက မထွက်နိုင်လောက်ကို ဖြစ်နေခဲ့တာလဲ ပါပါတယ်..။

တကယ်တမ်း (ကျွန်တော့်သဘောအရ) အကျိုးကျေးဇူးအများဆုံး အလှူဒါနက နောက်ဆုံး နံပါတ်ခုနှစ်ပဲ..။ အဲဒီအလှူမျိုးက ကျွန်တော် နားလည်သလို ပြောရရင် လှူမယ့်သူက အလှူခံသူရဲ့ လုပ်ငန်းမှာ လောက အကျိုးများပုံမြင်ပြီး ဒီလုပ်ငန်းကို ဆက်လက်တိုးတက် လုပ်ကိုင်နိုင်အောင် ရည်ရွယ်ပြီး လှူဒါန်းတာမျိုး ပဲ..။

ပုဂ္ဂိုလ်ကို ငဲ့ပြီး လှူတာမျိုး မဟုတ်ဘူး..။ ကိုယ့်တွက်ကိုယ့်တာ ကြည့်ပြီး လှူတာမျိုးလဲ မဟုတ်ဘူး..။ လုပ်ငန်း (သို့) အဖွဲ့အစည်းကို ငဲ့ပြီး လှူတာမျိုး ပဲ..။ အဲဒီအဖွဲ့အစည်းရဲ့ ကောင်းရာမွန်ရာ ဖြစ်ကြောင်း လောကအကျိုးများကြောင်းကို ငဲ့ပြီး လှူတာမျိုးပဲ..။

လုပ်ငန်း အောင်မြင်ရင် အောင်မြင်သလောက် အကျိုးကျေးဇူးကြီးမား စေတဲ့ အလှူပဲ..။ ကိုယ်ကျိုးရတာလောက်လဲ မကဘူး..။ သူကျိုးရတာလောက်လဲ မကဘူး..။ လုပ်ငန်းနဲ့ ထိစပ်နေသူမှန်သမျှ အကျိုးကျေးဇူး ရစေတဲ့ အလှူပဲ..။

..........................................................................................................................................

ဆိုတော့
ဗုဒ္ဓဓမ္မဆိုင်ရာ အလှူဒါန ဟောချက်တွေဟာ.. လူတိုင်း လက်လှမ်းမီတဲ့ လူတိုင်း သိနိုင်တဲ့ အတွေးမြင်တွေပါပဲ..။ ဒါပေမယ့် အဲဒီအတွေးအမြင်တွေက ပေါက်ဖွားပေးလိုက်တဲ့ လက်တွေ့ အလှူဒါန တွေက ဗုဒ်ဓ့ပြောခဲ့သလို အကျိုးတကယ်များတဲ့ အလှူတွေမှ ဟုတ်ရဲ့လားလို့ ကျွန်တော်ဖြင့် မကြာခဏ ဇဝေဇ၀ါ ဖြစ်ရပါတယ်..။

နိဂုံးချုပ်အနေနဲ့ ပြောရရင်တော့.. ဆမိတ်ခုံ ရွာက ချို့တဲ့ရှာသူ ကျောင်းသားကလေးများရဲ့ အနာဂါတ်ကို ရေရှည် အကျိုးကျေးဇူးပေးစွမ်းမယ့် အဖွဲ့အစည်းလေး တခု ကျွန်တော်တို့ ဖွဲ့စည်းပြီး ဗုဒ်ဓ့ဟောခဲ့သလို အကျိုးကျေးဇူး တကယ်များတဲ့ အလှူဖြစ်အောင် ကြိုးစားပါ့မယ်..။

အဲဒါဟာ. လှူသူ အကျိုးရတာလောက်လဲ မကပါဘူး..။ အလှူလက်ခံရရှိတဲ့ ကလေးငယ်တွေ အကျိုးများတာလောက်နဲ့ လဲ မပြီးစေရပါဘူး..။ သူတို့ ကတဆင့် ဆက်နွှယ်ပျံ့လွှင့် ထိစပ်လေရာ ပတ်ဝန်းကျင်တိုင်း အကျိုးကျေးဇူး ရတဲ့ အထိ ဦးတည်လုပ်ဆောင်ပါ့မယ်..။

အလှူရှင်များနဲ့ တကွ.. ဘလော့ဂ်ကြွလာ ဆွေသဟာများ.. ကျန်းမာစွာ ချမ်းသာကြပါစေဗျား..။

ချစ်ခင်စွာ
နဗန

Thursday, October 16, 2008

31.1 ရွှေဘိုသူကြီး

မိသားစုအကြောင်း ခနထားပြီး သူငယ်ချင်းများအကြောင်း ပြောအုံးမှ..။ ဒီသူငယ်ချင်းတွေ အကြောင်းကလဲ မကုန် မကုန်နိုင်ဘူးလို့ တော့ မထင်ကြပါနဲ့..။ တကယ်လည်း မကုန်နိုင်ဘူး ဖြစ်နေတယ်ဗျာ..။

လွန်ခဲ့တဲ့ နှစ်လလောက် က အလုပ်ကိစ္စလေး တခုနဲ့ တရုတ်ပြည်သွားတယ်..။ တရုတ်ပြည်ကအပြန် ဘန်ကောက်လေဆိပ်မှာ.. လေယာဉ်က ပုံမှန်ထွက်ရမယ့်အချိန်မထွက်နိုင်ဘဲ.. ခရီးသည် တစ်ယောက် ကျန်နေလို့ တနာရီလောက် နောက်ကျပြီးမှ ထွက်တယ်..။

ကျွန်တော်နဲ့ အတူပါလာတဲ့ သူငယ်ချင်းက “ ဘယ်မအေပေး စောင့်နေရတယ် မသိဘူး ” လို့ မအောင့်နိုင် မအီးနိုင် ရေရွတ် တဲ့အချိန် အရပ်ရှည်ရှည် ထောင်ထောင်မောင်းမောင်း ဘဲတပွေ အိပ်ကြီးအိပ်ငယ် အသွယ်သွယ်နဲ့ လေယာဉ်ပေါ် တက်လာတယ်..။

အားလုံးက သူ့ကို ၀ိုင်းပြီး မေတ္တာပို့တဲ့ အကြည့်နဲ့ ကြိုဆိုကြတယ်..။ သူကတော့ အေးဆေးပဲ..။ သူနောက်ကျလို့ အားလုံးက စောင့်နေရတာကိုတောင် မသိတဲ့ အထာနဲ့ ကုလားမင်းသား စလိုးမိုးရှင်း လျှောက်သလိုမျိုး လျှောက်ဝင်လာတယ်..။

ကျွန်တော်လည်း ဒီကောင် ငါမြင်ဖူးပါတယ်လို့ တွေးနေတုံး.. သူကပဲ “ ဟ ဆီမီးခုံ ” လို့ ၀မ်းသာအားရ ထအော်တယ်..။ ကျွန်တော်လည်း “ ဟ သူကြီး .. သင်္ဘောကဆင်းလာတာလား ” လို့ ပြန်နှုတ်ဆက် မိတယ်..။

အခုနက ဘယ်မအေပေး စောင့်နေရတယ် မသိဘူး ဆိုတဲ့ သူငယ်ချင်းက.. “ အော် လက်စသတ်တော့ မင်းသူငယ်ချင်းကိုး ” လို့ ၀င်ပြီး မှတ်ချက်ချတယ်..။

နောက်မှ သိရတာက.. Boarding Pass ပျောက်သွားလို့ ကြာနေတာတဲ့..။ သူကြီး က ရွှေဘိုသား..။ လူတစ်ဖက်သားကို ချိုးချိုးနှိမ်နှိမ် ပြောရမယ်ဆို.. သူ့မီအောင် ပြောနိုင်တဲ့ သူ မရှိလောက်ဘူး..။ ဟာသ လည်း အတော်မြောက်တဲ့ ကောင် ပေါ့..။

31.2 သူကြီး နဲ့ ဘီလူး

ကျွန်တော်တို့ သူငယ်ချင်းတတွေ ဆုံရင် တစ်ယောက်ကို တစ်ယောက် မှိုချိုးမျှစ်ချိုး ပေါက်တတ်ကရ လုပ်ကြံဇာတ်ခင်း ပြီး ရစရာလုံးဝ မရှိအောင် နှိပ်ကွပ်လေ့ ရှိတယ်..။ အဖေတွေရော အမေတွေရော မိန်းမတွေရော.. ဘာမှ မကျန်အောင်.. နိုင်ပြီးရော ပြောကြတာပဲ..။

အဲသလိုမျိုး ပြောခဲ့ဆိုခဲ့ကြတာ.. ကျောင်းကတည်းဆိုတော့.. နာရကောင်းမှန်း မသိကြတော့ပါဘူး..။ ဒီအဖွဲ့ ဒီသူငယ်ချင်းတွေက ဒီလိုပဲ ပြောတတ်ကြတယ်လို့ အားလုံးက လက်ခံထားလိုက်ကြတော့တယ်..။

ဘီလူးဆိုတဲ့ကောင်ကလည်း သင်္ဘောသားပဲ.. ။ သူကြီးလိုမျိုး ပေါ့..။ ဘီလူးကတော့ ညောင်ဦးသား..။ ထုံးစံအတိုင်း နာမည်ရင်းတွေ ပျောက်ပြီး နာမည်ပြောင်တွေပဲ တွင်ကျန်နေခဲ့တော့တယ်..။ ဘီလူး မင်္ဂလာဆောင်တော့ သူကြီးကို ဖိတ်တယ်..။

ဖိတ်စာလေး ပေးပြီး သူကြီး ငါ့မင်္ဂလာဆောင် လာဖြစ်အောင် လာနော်လို့ ဘီလူးကပြောတယ်..။ ဟ လာမှာပေါ့ ဘီလူးရ လို့ သူကြီးက ပြန်ပြောတော့.. “ လူချည်းတော့ မလာခဲ့နဲ့ လက်ဖွဲ့ပါ ယူခဲ့ ” လို့ ဘီလူးက ထပ်ပြောတယ်..။

သူကြီးက “ ဟ. . ခွေးဖင်ပူးတာ လက်ဖွဲ့ ပေးဖို့ မလိုပါဘူး ” လို့ ပြောပြီး တဟားဟား နဲ့ အော်ရယ်တော့တာပဲ..။

ကျွန်တော်တို့သူငယ်ချင်းတတွေက.. အဲသလိုမျိုး..။ ကြုံရင်ကြုံသလို နှိပ်ကွပ်တာ..။

သူကြီး ရဲ့ သားလေးမွေးတော့.. သူကြီးက သင်္ဘောလိုက်နေတယ်..။ သူကြီးမိန်းမ ကလေးမွေးပြီ လို့ ကြားတော့ ကျွန်တော်တို့ သူငယ်ချင်းတတွေ.. သတင်းသွားမေးကြမယ် ဆိုပြီး တိုင်ပင်ကြတယ်..။ ဘီလူးက “ အခု မသွားကြနဲ့အုံး.. သူငယ်ချင်းတို့ .. ကလေးက.. လူနဲ့မတူသေးဘူး ” လို့ အရွှန်းဖောက်တယ်..။

ဘီလူးက အဲသလိုမျိုး ကွယ်ရာမှာ ပြောတာကို သူကြီးသင်္ဘောက ဆင်းလာတော့ ကျန်တဲ့သူငယ်ချင်းတွေက ၀ိုင်း ပြောကြတယ်..။

ဒီကောင်က ဒီလိုပြောသတဲ့လား.. နေနှင့်အုံးပေါ့.. ဒီကောင့်သမီး တက်နေတဲ့ ဒဂုံ(၁) ကို ငါရောက်အောင်သွားပြီး ဒီကောင့် ငယ်ကျိုးငယ်နာတွေ ဖော်ပစ်မယ်လို့ သူကြီးက ဘီလူးကို ပြန်ကြိမ်းတယ်..။ ဘီလူးမှာ သမီးလေး တစ်ယောက်ရှိတယ်..။

အဲဒီသမီးလေးကို.. ဒဂုံ(၁) မှာ ထားတယ်..။ လေးငါးတန်းတော့ ရောက်ပြီ ထင်ပါရဲ့..။

သူကြီးက ဘီလူးနဲ့ တွေ့တိုင်း အမြဲပြောတယ်..။ “ မင်းတို့က မမွေးခင်တုံးကတော့ လင်ရောမယားရော သံချွန်မီးဖုတ်ထိုးမလို့ လုပ်ပြီး.. အခုမှ ဒဂုံ(၁) ထားရတာနဲ့ အိမ်က ကားနဲ့ အကြိုအပို့ လုပ်ရတာနဲ့.. သိပ်ချစ်ပြနေကြတယ်.. ကလေးမလေးကို ငါ တစ်ရက် အဲဒီအကြောင်းတွေ ဖော်ကောင်လုပ်အုံးမယ် ” တဲ့..။

အဲဒီအကြောင်း ပြောရင် ဘီလူး ငြိမ်သွားတော့တာပဲ..။

နောက် ကျွန်တော်တို့အဖွဲ့ထဲက တစ်ကောင် ရှိသေးတယ်..။ သူက အခုထိ လူပျိုကြီး..။ သူ့ရည်းစားက အသက်သူ့ထက်ကြီးတယ်..။ သမီးရည်းစားတို့ ဘာသာဘာဝ သူတို့ ချိန်းတွေ့ကြတာကို သူကြီးက လည်ပြောတယ်..။

“ သူတို့ ချိန်းတွေ့နေတာတော့ မင်းတို့ သွားမချောင်းကြနဲ့နော်.. တခြား သမီးရည်းစားတွေ လို ကယုကယင် ချစ်တင်းနှောနေတာ တော့ တွေ့ရမှာ မဟုတ်ဘူး..။ တစ်ယောက်နဲ့ တစ်ယောက် ဆံပင်ဖြူတွေ နှုတ်ပေး နေတာ နဲ့ အံကပ်တွေ ဖြုတ်ဆေး နေတာပဲ တွေ့ရမှာ ” တဲ့..။

စနေကျ ပြောနေကျ နောက်နေကျ သူငယ်ချင်းတွေ ဆိုတော့လည်း ကာယကံရှင် ခမျာ စိတ်မဆိုးနိုင် ပါဘူး..။ ကိုယ့်အလှည့်ကျ မနွဲ့စတမ်း ဆိုတာမျိုး ပေါ့..။ တကွေ့မကြုံ တကွေ့ကြုံမှာပေါ့ သူကြီးရာ လို့ တေးမှတ်ထားကြတယ်..။

သူကြီး မိန်းမ မရခင် ကောင်မလေး တစ်ယောက်နဲ့ ဖြစ်တော့ ကျန်တဲ့သူငယ်ချင်းများက ၀ိုင်းမေးကြတယ်..။ ခင်ဗျားတို့ လွန်လွန်ကျွံကျွံတွေ ဖြစ်ကုန် ပြီမဟုတ်လား လို့..။

ကျွန်တော်တို့ ဘာသာ အလိုအရ.. နေကာရ် (မွတ်ဆလင် အလို) မလုပ်ဘဲ.. သူများသားသမီးကို အဲသလိုလုပ်ရင် ကျွန်တော့်အဖေ ခွေးဖြစ်သွားမှာ ပေါ့ လို့ ရုပ်တည်ကြီး နဲ့ ပြောပြီး
သူကြီးက ဇွတ်ပေငြင်းတယ်..။

အဲဒါကို အံကပ်တွေဖြုတ်ဆေး.. ဆံပင်ဖြူတွေ နှုတ်ပေး လို့ အပြောခံရတဲ့ တစ်ယောက်က “ ဟ သူကြီး ရွှေဘို အိမ် ဖုံးဆက်ကြည့်လိုက်အုံး.. ခင်ဗျားအဖေ ဖုံးလာကိုင်လို့ ပါပါးလား လို့ ခင်ဗျားမေးရင် ဟိုဖက်က ၀ုတ်ဝုတ် လို့ ထူးနေအုံးမယ် ” တဲ့..။ ၀င် ပြောတယ်..။

31.3 ချစ်သူများနေ့ လက်ဆောင်

သူကြီးကလဲ ဘယ်ရမလဲ..။ သူ့ကို နှိပ်ကွပ်ထားတာ မှတ်ထားပြီး အခွင့်ကြုံလာတော့ ပြန်တွယ်တယ်..။ ချစ်သူများနေ့ နီးလာတော့ သမီးရည်းစားတွေ တစ်ယောက်နဲ့တစ်ယောက် လက်ဆောင် တွေ ၀ယ်ပေးကြတယ်..။

အဲဒါ ဆံပင်ဖြူနှုတ်အံကပ်ဆေး တယ်ဆိုတဲ့ ကောင်ကို စတယ်..။ မင်း ဆော် အတွက်.. ချစ်သူများနေ့ လက်ဆောင် ၀ယ်ပေးပြီးပြီလား ပေါ့..။ ဟိုက ဘာဝယ်ရမှန်းမသိလို့ ၀ယ်မပေးရသေးပါဘူးကွာလို့ အတည်ပြောတယ်ထင်ပြီး ကောင်းကောင်းမွန်မွန် ပြန်ဖြေတယ်..။

ကိုရီးယားကားတွေထဲကလို.. သူများနဲ့မတူတဲ့ အိုင်ဒီယာနဲ့ ပေးပါ့လား လို့ သူကြီးက အတည်ပေါက် နဲ့ ဆက်လှော်တယ်..။ ဟိုကောင်ကလဲ အဟုတ်ထင်ပြီး သူကြီးမှာ အိုင်ဒီယာ ရှိလို့လား.. အိုင်ဒီယာကောင်းလေး တွေ ရှိရင်လဲ.. လုပ်စမ်းပါအုံး လို့ ပြန်မေးတယ်..။

အဲဒီတော့မှ သူကြီးက ဆော်တော့တာပဲ..။

မင်းဆော်ကြီးကို နှစ်ညအိပ်သုံးရက် နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ သွားထားပါ့လား တို့.. ချစ်သူများနေ့ လက်ဆောင် အဖြစ် စတုမဓူ နဲ့ တောင်ဝှေးတစ်ချောင်း ပေးပါ့လား တို့ တဖက်က မဆဲမချင်း ပြောတော့တာပဲ..။

အကြောင်းတိုက်ဆိုင်တိုင်းလည်း.. သူကြီးက သူတို့မင်္ဂလာဆောင်မှာ လူထုဒေါ်အမာ နဲ့ ဦးသုခက လူပျိုရံ နဲ့ အပျိုရံ လုပ်မှာလေ လို့ ပြောသေးတယ်..။

အပြောခံ ရတဲ့ သူငယ်ချင်းခမျာ.. ဘာပြန်ပြောရမှန်း မသိတော့ရင်.. “ ငါ-ိုးမသား ကုလားကြီး မင်းနဲ့ငါနဲ့ တွေ့ကြသေးတာပေါ့ ” လို့ ပဲ ပြောပြီး သူလဲ လိုက်ရယ်နေရတော့တယ်..။

31.4 ဆမိတ်ခုံ မင်းက နောက်ဆုံးမှ ရှု

MIT မှာ တက်နေတုံးက မုံရွာသား မိုးဟိန်း ရောဂါဖောက်လို့ ရွှေဘို သွားရသေးတယ်..။

မိုးဟိန်းရဲ့ ကောင်မလေး က အဲဒီတုံးက ရွှေဘိုကောလိပ်မှာ ဒုတိယနှစ် တက်နေတယ်..။

သူကြီးကို အကူအညီတောင်းရတာပေါ့..။ သူက ရွှေဘိုသားဆိုတော့.. မိုးဟိန်းဖွန်ကိစ္စ .. သူကြီးအိမ်မှာ တည်းရင်း ကြောင် မယ်ဆိုတဲ့ စိတ်ကူးနဲ့ ကျွန်တော်ရယ် မိုးဟိန်းရယ် ဥက္ကာ ဆိုတဲ့ ဖယ်ခုံသားရယ်.. ရွှေဘို ချီတက်ခဲ့ကြတယ်..။

သူကြီး က လိုက်ပို့ရှာတယ်..။ သူငယ်ချင်းများရဲ့အနွံတာလည်း တကယ်ခံတယ်..။ ကျွန်တော်တို့ လက်မှတ်ဖြတ်တော့ ထိုင်ခုံက သုံးခုံပဲ ကျန်တော့တာ.. တလမ်းလုံး သူကြီးက နောက်ကတွယ်စီးရင်း လိုက်လာတယ်..။

ဘယ်လောက် နေရာချင်း လဲ မယ် ပြောပြော သူလက်မခံဘူး..။ ကိုယ်က အိမ်ရှင်.. သူငယ်ချင်းတို့ စီးကျပါ လို့ ပြောပြီး ဇွတ်ငြင်းတယ်..။

မန္တလေးက အစောကြီး ထွက်ခဲ့တာဆိုတော့ ရွှေဘိုကို နေ့လည်လောက် ရောက်သွားတယ်..။ သူကြီး က သူ့အိမ်ရောက်တော့ သူ့အဖေနဲ့အမေကို ကျွန်တော်တို့နဲ့ မိတ်ဆက်ပေးတယ်..။

“ ဟောဒီ မိုးဟိန်းဆိုတဲ့ကောင် ဖွန်ကြောင်ချင်လို့ ဒီကောင်တွေ လိုက်လာခဲ့တာ ” လို့တော့ ဘယ်မိတ်ဆက်ပေးမလဲ..။ သူငယ်ချင်းတွေက .. ရွှေဘို တခါမှ မရောက်ဖူးလို့ လိုက်လည်ကြတာ ပေါ့..။

ဒါပေမယ့် သူကြီးက သူ့အိမ်ရောက်ရောက်ချင်း ကျွန်တော့်ကိုတော့ ဆောက်နဲ့ထွင်းတယ်..။

သူတို့အိမ် ခါးပန်း ချိတ်ထားတဲ့ အမဲခြောက် ကို လက်ညှိုးထိုးပြပြီး “ သူငယ်ချင်းတို့ ညနေကျရင် အဲဒီအမဲခြောက် ချက်ကျွေးမယ် မနက်စာအနေနဲ့ကတော့ အနံ့ရှုကြ.. ဆမိတ်ခုံက နောက်ဆုံးမှ ရှု.. မင်းက နှာခေါင်း ကြီး တယ် ” လို့ ပြောတယ်..။

ကျွန်တော်က ကသည်းမျိုး ဆိုတော့ နှာတံ ပေါ်တာကို သူကြီးက ရေးကြီးခွင်ကျယ်လုပ် တာ.. ဟားဟား..။ တကယ်တမ်းက အဲဒီလောက် မကြီးပါဘူး..။ လူရွှင်တော် ကျော်ထူး လောက်ပါပဲ..။ ဟားဟား..။

နှာခေါင်းကြီးတာနဲ့ ပတ်သက်ပြီး မဒမ်ကလည်း မကြာခဏ ပြောတယ်..။ သားနဲ့သမီးက မီးမီးနဲ့တူလို့ သူတို့ နှာတံလေးတွေက လှတာ ဆိုပဲ..။ ကိုကြီး နဲ့ တူရင် ကလေးတွေ ရုပ်ဆိုး မယ်တဲ့..။

ကျွန်တော်လည်း ပြန်ပြောရတယ်..။ ဟုတ်တယ် ကိုကြီးတို့က နှာခေါင်းကြီးတော့ အသက်ရှုရတာ ချောင်ချောင်ချိချိ ရှိတာပေါ့..။ မီးမီးတို့လို ကိုယ့်နှာခေါင်းနဲ့ကိုယ် လေကို မ၀တ၀ ရှုနေရတာမျိုးကတော့ သနားစရာပဲ လို့..။

ဒီလိုပဲ မနိုင်နိုင်အောင် ပြောရတာပဲ..။

နောက်ရှိသေးတယ်..။ ကျွန်တော့်အသားအရေ ကို မဒမ်က ကိုင်ကြည့်ပြီး ကိုကြီးတို့ အသားအရေက ပျော့တိပျော့တွဲ နဲ့ ကြီးရင် ရုပ်ကျ မြန်မယ်တဲ့..။ မီးမီးတို့လို အသားအရေကမှ တင်းတင်းရင်းရင်း နဲ့ ကောင်းတာ တဲ့..။

သူပြောတာ ဟုတ်တော့ ဟုတ်မှာပါပဲ..။ မဒမ်က တော်တော့်ကို အရွယ်တင်တယ်..။

ဒါပေမယ့် သူအဲဒီလို ပြောတိုင်း ကျွန်တော်ကတော့ “ ဟုတ်တယ်.. ကိုကြီးတို့က ရုပ်ပျော့တယ်.. မီးမီးတို့က ရုပ်မာ တယ် ” လို့ ပြန်ပြောလိုက်တယ်..။


31.5 သူကြီး သရဲအထင်ခံရခြင်း

MIT မှာတုံးက သူကြီးရဲ့ အခန်းဖော်က ဂျီတီ..။ ဂျီတီက သရဲ တအားကြောက်တတ်တယ်..။ ကျွန်တော်တို့ တာမွေဖက် အခန်းငှားနေတုံးက ဂျီတီနဲ့ ကလေး ရန်ဖြစ်ကြတယ်..။ အခန်းက ကျွန်တော်တို့ ကလေးတို့ စုငှားထားတဲ့ အခန်း..။

ဂျီတီက ခဏလာနေတာ..။ အခန်းရှင် ကလေး နဲ့ ရန်ဖြစ်မှတော့ “ မင်းတို့အခန်း ငါမနေဘူး ဆင်းမယ် ” ဆိုပြီး ကျောပိုးအိပ်တလုံးထဲ အ၀တ်တွေထိုးထည့်ပြီး ဂျီတီ ဆင်းသွားတယ်..။

ရန်ဖြစ်တာက ညဆယ်နာရီလောက်..။ ထိုးကြကြိတ်ကြ နဲ့ ကွဲပြဲတဲ့အထိ ပြင်းပြင်းထန်ထန်လေး ဖြစ်သွားပေမယ့် ဂျီတီ အခန်းက စိတ်လိုက်မာန်ပါ ဆင်းသွားတော့ ကလေး ကစိတ်မကောင်းဘူး..။

တားဖို့ကျတော့လဲ ရန်ဖြစ်ထားတဲ့ အရှိန်က မကုန်တော့.. ပြောမထွက်ဘူး ပေါ့လေ..။

ကျန်တဲ့ သူငယ်ချင်းများကတော့ ကလေးကိုပဲ ၀ိုင်း အပြစ်တင်ကြတယ်..။ ညကြီးမင်းကြီး ဂျီတီ ဘယ်သွားအိပ်မလဲ.. ဒီအချိန်ကြီး ဆင်းသွားတာ.. ဒုက္ခရောက်ပြီပေါ့ နဲ့ တယောက်တပေါက် ကလေးကို ကောင်းချီးပေးကြတယ်..။

ဒါပေမယ့် ပြောလို့မှ ကျွန်တော်တို့စကားမဆုံးသေးဘူး..။ ဂျီတီ ပြန်ရောက်လာတယ်..။ ကလေးကို စိတ်ပြေသွားလို့ ပြန်လာတာ မဟုတ်ဘူး..။ မီးကပျက်နေတဲ့ အပြင် လမ်းထိပ်မှာ ခွေးတွေ သူ့ကို ၀ိုင်းဟောင်တော့ နဂိုရ်ကမှ သရဲ တအားကြောက်တတ်တဲ့ ဂျီတီ အခန်းပြန်ပြေးလာတယ်..။

ဂျီတီသရဲ ကြောက်ချက်ကတော့ သူ့အခန်းဖော် သူကြီးကိုတောင် သရဲထင်ပြီး အဆောင်ဝရံတာက ခုန်ချဖို့ လုပ်ဖူးသေးတယ်..။

အဲဒီတုံးက သူကြီးက မန္တလေး မိန်းထဲ စတိတ်ရှိုးသွားကြည့်မယ် .. ညပြန်မအိပ်ဘူး လို့ ဂျီတီကို ပြောပြီး မိန်းထဲ လစ်သွားတယ်..။

ဂျီတီလည်း သူကြီး ည ပြန်လာမှာ မဟုတ်ဘူး အထင်နဲ့ ခပ်စောစောပဲ အခန်းတံခါးတွေ ပိတ်ပြီး အိပ်လိုက်တော့တယ်..။

ဖြစ်ချင်တော့ စတိတ်ရှိုးပွဲက မလုပ်ဖြစ်ဘူး..။ သူကြီး ပြန်ရောက်တော့ ဂျီတီက အိပ်နေပြီ..။ သူကြီးလည်း ဂျီတီ့ကို မနိုးချင်တော့တာနဲ့ တဖက်ခန်းဝရံတာက ကျော်ခွပြီး အခန်းထဲ ၀င်အိပ်နေလိုက်တော့တယ်..။

ကျွန်တော်တို့ MIT အဆောင် ၀ရံတာတွေက တခန်းနဲ့တခန်းဆက်နေတာ ဆိုတော့ ကျော်ခွ ၀င်လို့ လွယ်တယ်..။


သူကြီး အဲသလို ကျော်ခွဝင်ပြီး ပြန်လာအိပ်တာကို မသိတဲ့ ဂျီတီ .. တရေးနိုးတော့ .. သူကြီးခုတင်ပေါ် လူတစ်ယောက် တွေ့လိုက်ရတော့ ခေါင်းနပန်း အတော်ကြီးသွား ခဲ့တယ်..။

အသံလည်း မထွက်ရဲ.. ဇောချွေးတွေကပြန်.. အော်ဟစ်ထွက်ပြေးဖို့ ကလည်း မ၀ံ့..။ နောက်ဆုံး အရဲစွန့်ပြီး တခုခုလုပ်ဖို့ ဂျီတီ ဆုံးဖြတ်လိုက်တယ်..။

သူအိပ်နေတဲ့ ခေါင်းအုံး နဲ့ လှမ်းပစ်ကြည့်မယ်.. လူဆိုရင် အသံထွက်မှာပဲ၊ သရဲ ဆိုရင်တော့ လှုပ်မှာ မဟုတ်ဘူး လို့ တွေးပြီး ဂျီတီ သူကြီးကို ခေါင်းအုံး နဲ့ လှမ်း ပေါက်တယ်..။

ဖြစ်ချင်တော့ ပစ်လိုက်တဲ့ ခေါင်းအုံး ထောင့်စွန်းက သူကြီး မျက်လုံး သွားမှန်တယ်..။ နာလည်း နာ အောင့်လည်း အောင့် အိပ်ချင်မူးတူး နဲ့ ဆိုတော့ သူကြီး ဘယ် အသံထွက်နိုင်မလဲ..။ အဲဒါကို ဂျီတီ က တကယ့်သရဲ ပဲလို့ ထင်သွားတော့တယ်..။

ပုဆိုးတောင် မ၀တ်နိုင်ဘူး .. သရဲသရဲ နဲ့ အော်ပြီး ၀ရံတာထွက်ပြေးပြီး ခုန်ချဖို့ လုပ်တော့တာပဲ..။

သူကြီးလည်း အဲဒီတော့မှ.. ပျာယာခတ်ပြီး “ ဂျီတီ ငါပါဟ.. သူကြီးပါ.. သရဲ မဟုတ်ပါဘူး ” နဲ့ အတင်းလိုက်ဆွဲရတယ်..။ ဒါတောင် ဂျီတီက ငါ့နားမလာနဲ့နော်.. ငါခုန်ချလိုက်တော့မယ် လုပ်နေသေးတယ်..။ နောက်မှ.. သူကြီးမှန်းသိသွားတယ်..။

ဂျီတီက အဲသလောက် သရဲကြောက်တာ..။




31.6 ဂျီတီရဲ. ခြင်ထောင်ထောင်နည်း

ဂျီတီက သရဲ သာ ကြောက်တာ..။ ကျန်တဲ့ ဖက်အားလုံးမှာတော့ ထူးချွန်တယ်..။ သီချင်းဆိုလည်း အတော်ကောင်းတယ်..။ ဇော်ဝင်းထွဋ်သီချင်း တွေ သူဆိုရင် နားထောင်လို့ အတော့်ကို နားဝင်ပီယံ ဖြစ်တယ်..။ အသံ ကိုယ်နှိုက်ကိုက အနုပညာ မြောက်တယ်..။

ရုပ်ကတော့.. ပြောခဲ့သလို.. ဓါးခုတ်ကောင်ပေါင်နဲ့ကောင်ပဲ.. ဟဲဟဲ.။ လိပ်နင်ဂျာနဲ့လည်း တူတယ်လို့ သူကြီးကတော့ ဂျီတီကို မကြာခဏ ချီးမွမ်းတယ်..။

ကျွန်တော်တို့ သူငယ်ချင်းတွေကြားမှာ အချင်းအချင်း အတင်အစီး မရှိ.. အကျော်အခွမရှိ.. စိတ်ရင်းအင်မတန် ကောင်းပြီး သူငယ်ချင်းများရဲ. အနွံအတာ ကို အငြီးအညူ မရှိ ခံတဲ့ သူကို မီးမြှင့်တယ်လို့ ပြောလေ့ ရှိတယ်..။ ဂျီတီက အဲသလို သူငယ်ချင်းမျိုးပဲ..။

သူငယ်ချင်းတွေနဲ့ တွေ့ဆုံကြုံတိုင်း သောက်စားသမျှ ဒိုင်ခံ ရှင်းဖို့ပဲ အမြဲတွေးနေတတ်တဲ့သူ..။ သူ့အလှည့် ကိုယ့်အလှည့်ဆိုတာ.. စိတ်ထဲကို မထားတဲ့ သူပဲ..။ နှစ်ပေါင်းများစွာ ပေါင်းလာခဲ့သူတွေဆိုတော့.. ဘယ်ကောင်က ဘယ်လို စိတ်ဆိုတာ.. တစ်ယောက်နဲ့တစ်ယောက် နှောကျေ နေကြပါပြီ..။

နေတာထိုင်တာကတော့ ကျွန်တော်နဲ့ နင်လားငါလားပါပဲ..။ ကျောင်းအဆောင်မှာ နေတုံးကလဲ တအားဖြစ်သလို နေတာပဲ..။ ဂျီတီရဲ. ခြင်ထောင် ထောင်နည်း ဆိုတာ ကျောင်းမှာ မှတ်မှတ်သားသား ပြောကြတဲ့ အထိ ပေါ့..။ စာသင်နှစ် တစ်နှစ်မှာ ဂျီတီက ခြင်ထောင်ကို တစ်ကြိမ်ပဲ ထောင်တယ်..။ ကျောင်းဖွင့်လို့ ကျောင်းရောက်ရောက်ခြင်း တကြိမ် .. ပါလာတဲ့ ခြင်ထောင်ကို ထုတ် ကုတင်မှာ ချည်တုပ် ထောင်ထားလိုက်တယ်..။

ကျောင်းတွေပိတ်ပြီ ဆိုတာနဲ့.. နေရပ်ပြန်ဖို့ .. ပစ္စည်းတွေ သိမ်းတော့မှ.. သူ့ခြင်ထောင်ကို ပြန်ဖြုတ်.. သေတ္တာထဲ ပြန်ထည့် လိုက်တော့တယ်..။

ဒီကြားထဲကတော့.. သူ့ကုတင်ပေါ်မှာ ခြင်ထောင်ကြီးက အမြဲတမ်း ထောင်ရက်ပဲ တွေ့ရမယ်..။ တနေ့တခါ အတင်အချ လုပ်ဖို့ ဝေးလို့.. တစ်နှစ်တစ်ခါတောင် ကျောင်းပိတ်သွားလို့ လုပ်တာ..။

သူ့ခြင်ထောင်သာ အဲသလိုမျိုး အပျင်းထူတာ..။ သူကြီးရဲ. ခြင်ထောင်ကိုတော့ အပင်ပမ်းခံ မဟုတ်တရုတ် လုပ်တယ်..။

သူကြီး မူးပြန်လာမယ့် ညမှာ.. ဂျီတီက သူကြီးခြင်ထောင်ကို ပြောင်းပြန်ထောင်ထားလိုက်တယ်..။ မူးမူးရူးရူး နဲ့ ပြန်လာတဲ့ သူကြီး.. အိပ်ရာထဲဝင် အိပ်ဖို့ ခြင်ထောင်ကို လှပ်တယ်..။ ဂျီတီက ပြောင်းပြန်ထောင်ထားတော့ အပေါက်က အမိုးရောက်နေတယ်..။

မူးကမူး.. ခြင်ထောင်က အပေါက်ရှာမရ နဲ့ သူကြီးခမျာ ရွာတွေ လည် နေတာပေါ့..။ ဂျီတီကတော့ တဖက်ကုတင်ကနေ အိပ်ချင်ယောင်ဆောင်ပြီး ကြိတ်ရယ်နေခဲ့တယ်..။

ဂျီတီက အဲသလိုမျိုး..။ သူငယ်ချင်းအပေါင်းအသင်း ကို follow လိုက်ရမယ်ဆိုလဲ သူ့အပြင် မရှိဘူး..။

အခု စင်ကာပူမှာ လင်ရောမယားရော ရောက်နေတဲ့ ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက်ရှိတယ်..။ ယောက်ျားလုပ်တဲ့သူက ကျွန်တော်တို့ ဂျီတီတို့နဲ့ အတန်းတူ.. same batch ပေါ့..။ သူ့အမျိုးသမီးက ကျွန်တော်တို့ထက် တတန်း ငယ်တယ်..။

အဲဒီကောင်မလေးရဲ. အချစ်ကို ရဖို့ ကြိုးစားနေစဉ်.. ဂျီတီကို .. အဲဒီသူငယ်ချင်းက ပြောလာတယ်..။ “ဂျီတီ ကိုယ်တို့ နှစ်ယောက် ကိစ္စပြီးသွားပြီ ” ပေါ့..။

“ ဟ.. အဲဒါကောင်းတယ်.. အဲဒီသောက်ကောင်မ ပဲကိုများတယ် ပစ်ထားလိုက် ” လို့ ဂျီတီလည်း ချက်ခြင်းပဲ follow လိုက် ကောင်းချီးပေးတယ်..။

ဟိုက ပြောတဲ့ ကိစ္စပြီးသွားပြီ ဆိုတာက အဆင်ပြေသွားပြီလို့ ပြောတာ..။ ဂျီတီက.. ဇာတ်လမ်းပြတ်သွားပြီ အထင်နဲ့ မစဉ်းမစား follow လိုက်ပစ်လိုက်တာ..။

“ ဟ.. အဲဒီလိုမဟုတ်ဘူးလေ ဂျီတီ.. ကျွန်တော်နဲ့သူနဲ့ အဆင်ပြေသွားပြီလို့ ပြောတာ ” လို့ ဟိုတစ်ယောက်လည်း ပျာပျာသလဲ ရှင်းချက်ထုတ် ကြွားရတယ်..။

ဂျီတီကတော့ “ ဟ.. အဲဒါလည်း ကောင်းတာပဲ ” လို့ ချက်ခြင်း ထပ် follow လိုက် ပြောပြန်တယ်..။

ဂျီတီဆိုတာ.. အဲသလိုမျိုး ကောင်.။

31.7 ကိုယ့်လဲ အလှည့်လေး ပေးပါအုံး

ကျွန်တော်တို့ အဖွဲ့ထဲမှာ မြန်မာ့မီးရထားမှာ အလုပ်လုပ်နေတဲ့ ဇော်ကြီး ဆိုတဲ့ လယ်ဝေးသား လဲ ပါတယ်..။ ကျောင်းပြီး အလုပ်အစောဆုံး ရတဲ့ သူငယ်ချင်း တွေထဲမှာ သူက ထိပ်ဆုံးကပေါ့..။ ကျွန်တော်တို့က ဟိုယောင်ယောင် ဒီယောင်ယောင်ဖြစ်နေချိန် သူက အလုပ်ဝင်ဖြေပြီး တခါတည်း တန်းအောင်သွား ခဲ့တယ်..။

ရတော့ လည်း officer level လက်ထောက်အင်ဂျင်နီယာ အနေနဲ့ အရာရှိပေါ့လေ..။ မနက်မနက် ၀တ်စုံပြည့်နဲ့ မောင်းမင်းကြီးသားက ခေါင်းမော့ ရင်ကော့နဲ့ အလုပ်သွားရင် ကျန်တဲ့ကောင်တွေကတော့ ပေါက်သင်ညိုခေါင်းထု ထားသလိုမျိုး.. ငေးငေးငိုင်ငိုင် အူတူတူနဲ့ ကျန်ခဲ့ကြရတယ်..။

ဇော်ကြီးက အရပ်ထောင်ထောင်မောင်းမောင်း လူကောင်ကြီးကြီး .. မျက်မှန်ကထူထူ.. သူတို့မီးရထား ယူနီဖောင်း အဖြူရောင်နဲ့ အတော့်ကို ကြည့်ကောင်းတာ..။ တိမ်ဦးလေပြေ မောင့်ကိုစေ ရုပ်ရှင်ထဲက ၀င်းဦးလိုလို ဘာလိုလို..။ ကုလား ၀င်းဦး စတိုင်ပေါ့..။ ဇော်ကြီးက အသားတော့ ညိုတယ်..။

တခါတလေ သူက အလုပ်သွား.. ကျွန်တော်တို့ကလဲ မြို့ထဲသွားဖို့ ကြုံလာ လို့ ဘတ်စ်ကား အတူစီးမယ် အတွေးနဲ့ “ ဇော်ကြီး အတူသွားကြတာပေါ့ ” လို့ ပြောမိရင် “ သူငယ်ချင်းတို့ ကိုယ်တို့အရာရှိတွေက ယူနီဖောင်းနဲ့ ဘတ်စ်ကား မစီးရဘူး .. သူငယ်ချင်းတို့ ဖာသာ စီးကြပါ ” လို့ ပြန်ပြောပြီး Taxi နဲ့ သူဒိုးတယ်..။

ကျွန်တော်တို့မှာ အောင့်သက်သက်နဲ့ ပေါ့..။ ဒါပေမယ့် နောက်မှ သိရတာက အရာရှိယူနီဖောင်းနဲ့ ဆိုက်ကားမစီးရ ဘတ်စ်ကားမစီးရ ဘူး ဆိုပဲ..။

ဇော်ကြီးက အခုအချိန်အထိ လူပျိုကြီး..။ လူပျိုသိုးကြီးပေါ့..။ မိန်းမလဲ ရမယ်မထင်တော့ပါဘူး..။ ကျွန်တော်တို့ကတော့ မိန်းမ မရ.. ယောက်ျားယူပစ်ကွာ လို့ တွေ့တိုင်း ဟာသလုပ်ကြတယ်..။ ကျွန်တော်တို့ အဲသလိုပြောတိုင်း သူ့မျက်လုံး ခပ်ပြူးပြူးကို အသားကုန် ထပ်ပြူးပြီး ဆဲတော့တာပဲ..။

သူကြီးက သူ့ကို နာမည်ပေးထားတယ်.. ။ A Man With Prawn Eye တဲ့..။ ပုဇွန်မျက်လုံးနဲ့ လူပေါ့..။ ဟားဟား..။

မိန်းမသာ မရသေးတာ..။ တစ်ယောက်ထဲ မတ်တပ်အိပ် လေးဘက်ထောက် ထိုင်နေရတယ် ဆိုတဲ့ လူမျိုး..။ အမြဲတမ်း ပြတ်လပ် နေတာပဲ..။ သူငယ်ချင်းတွေ ဆုံကြလို့.. သောက်ကြစားကြ .. ကာရာအိုကေ သွားကြတိုင်း.. တို့ကတော့ အောက်ပြုတ်ဆိုပြီး လိုက်လိုက်လာတယ်..။

(အောက်ပြုတ်ဆိုတာ.. ဖဲစကား နဲ့ ပြောတာ.. ရှိုးရိုက်ရာမှာ.. နောက်ထပ်လိုက်စရာ ပိုက်ဆံ မရှိတော့တဲ့ အခြေအနေကို ပြောတာပဲ )

စားသောက်ဆိုင် ပိုက်ဆံရှင်းတော့လည်း သူနဲ့မဆိုင်သလို နေတယ်..။ ကာရာအိုကေ မှာ ဘီလ်တောင်းတော့လဲ.. အသံမထွက်ဘူး..။ အဲ.. အားလုံး သောက်စားပျော်ပါးပြီးလို့ အိမ်အပြန်လမ်းမှာ တစ်ယောက်ယောက်က ကွမ်းယာလေးတော့ ၀ါးကြအုံးစို့ ဆိုတဲ့ အသံကြားလို့ကတော့ ဇော်ကြီးက သူ့အိပ်ထောင်ထဲ လက်နှိုက်ပြီး ဒေါကြီးမောကြီး နဲ့

“ သူငယ်ချင်းတို့ ငါလဲ အလှည့်လေးပေးကြပါအုံး မင်းတို့ချည်း ရှင်းနေတာ ” လို့ ပြောပြီး ကွမ်းယာဖိုး အတင်း လုရှင်းတော့တာပဲ..။

ပြီးပြောသေးတယ်..။

နောက်ဆုံးတော့ ငါပဲ ရှင်းလိုက်ရတာ .. ဆိုပဲ..။

31.8 ငါ့ဆို ဓါတ်လှေကားများ တောင်းမလားမသိဘူး

တက္ကသိုလ်မှာ.. အတူတက်ကြစဉ်က သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် ဘ၀ တွေ သိပ်မကွာလှ ဘူး ထင်ရပေမယ့်.. ကျောင်းပြီးလို့ ကိုယ်စီကိုယ်စီ လမ်းရွေးချယ် လျှောက်လှမ်းကြတာ ဆယ်နှစ် ဆယ့်ငါးနှစ်ကြာ တဲ့အခါမှာတော့ .. ကွာတဲ့ဘ၀တွေ တအား ကွာသွားခဲ့တယ်..။

တချို.က အရမ်းအရမ်းကို အဆင်ပြေသွားတဲ့အချိန်မှာ တချို.ကတော့ ပုံမှန်လေး.. တချို.ကျတော့ ရုန်းရကန်ရတဲ့ အထိ ဖြစ်ကြရတယ်..။ သူ့ဘ၀နဲ့သူ ကိုယ့်ဘ၀နဲ့ ကိုယ်ဆိုပေမယ့် အချင်းချင်းကြားထဲမှာ ရှိတဲ့ သံယောဇဉ်က အပြောင်းအလဲ မရှိတာမို့ တစ်ယောက်နဲ့တစ်ယောက် တတ်နိုင်တာ ကူညီဖို့ကတော့ အားလုံး အဆင်သင့် ရှိကြပါတယ်..။

အထူးသဖြင့် ကျွန်တော်တို့ MIT က သူငယ်ချင်းများ ကြားမှာ ရှိတဲ့ သံယောဇဉ်က တခြား သူသူကိုယ်ကိုယ် တက္ကသိုလ် ကျောင်းသူကျောင်းသားတွေထက် ပိုတယ်လို့ ထင်တယ်..။ တက္ကသိုလ်ကျောင်းသားဘ၀အစ ကျွန်တော်တို့ တွေ့ဆုံခဲ့မှုက.. သူလိုငါလို မဟုတ်ခဲ့တော့ ကျွန်တော်တို့ရဲ. ခင်မင်မှုတွေကို အားကောင်းစေခဲ့တယ်..။ ပိုပြီး ရင်းနှီးစေခဲ့တယ်..။ မေဂျာတူတူ မတူတူ ချစ်ကြည်မှုက အတူတူ ဖြစ်စေခဲ့တယ်..။

ကျွန်တော်အရင်လုပ်ခဲ့တဲ့အလုပ်က ထွက်စ စင်ကာပူမှာ အလုပ်လုပ်ဖို့ စဉ်းစားခဲ့သေးတယ်..။ စင်ကာပူရောက် သူငယ်ချင်းများက ၀မ်းပန်းတသာ အားပေးကြတဲ့အပြင်.. ကျွန်တော်လာရင် နေဖို့ ထိုင် စားဖို့သောက်ဖို့ အထိ သူတို့ ရယ်ဒီလုပ်ထားကြတယ်..။

တချို့ဆို.. ငွေရေးကြေးရေး လိုအပ်ချက်ကအစ အဆုံးစွန်အထိ ကူညီပေးဖို့ အသင့် ရှိနေခဲ့တယ်..။

ပြည်ပရောက် သူငယ်ချင်းများကအဲသလို ကျွန်တော့်အတွက် ကူညီမယ် အားတက်သရော ပြင်ဆင်နေသလို.. ပြည်တွင်းမှာပဲ အဆင်ပြေနေတဲ့ သူငယ်ချင်းများက “ သူငယ်ချင်းရယ်.. နိုင်ငံခြားမသွားပါနဲ့.. မင်းဘာလိုလဲ.. ငါတို့ အားလုံး စုပြီး အလုပ်တစ်ခု လုပ်ကြရအောင် .. လိုတာသာပြော ” ဆိုပြီး သိန်းသောင်းချီ မတည် ပေးကြပြန်တယ်..။

ပြောချင်တာက.. ကျွန်တော်တို့သူငယ်ချင်းများကြား အကူအညီတောင်းတာ အကူအညီပေးကြတာ တွေဟာ တခြား သူငယ်ချင်းများ ကဏ္ဍတွေလို မဟုတ်ဘဲ.. ပိုပြီးနွေးထွေးမှု ရှိတဲ့အကြောင်းပါ..။ အဲသလို ပြောလို့ တခြား သူငယ်ချင်းများရဲ့ ခင်မင်မှုတွေကို .. နှိမ့်ချ ပြောဆိုလိုတာ မဟုတ်ပါဘူး..။

တခြား သူငယ်ချင်းတွေကြားမှာလဲ.. သူတို့ ရင်းနှီးမှု သူတို့ ချစ်ကြည်မှု အလိုက် .. ကူညီမှုတွေ ရှိနိုင်ပေမယ့်.. ကျွန်တော်တို့ သူငယ်ချင်းတွေလောက်.. ကျယ်ကျယ်ပြန့်ပြန့် ရှိမယ် မထင်လို့ပါ..။ ကျွန်တော်ထင်တာ မှားကောင်းမှားနိုင်ပါတယ်..။

အဲသလိုမျိုး သူငယ်ချင်းတွေဆိုတော့.. တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အားနာတယ်ဆိုတာ.. မရှိတော့ဘူး..။

ဇော်ကြီး ဆို.. ပြောခဲ့သလို တစ်ယောက်ထဲ မတ်တပ်အိပ် နေရတဲ့ ကောင်ဆိုတော့.. အတောင်းအရမ်းက ဘာပက်စက်သလဲ မမေးနဲ့..။

ဂျီတီ မန္တလေးကနေ မလာတာကြာလို့ ကျွန်တော်တို့ ဖုံးလှမ်းဆက်ကြတယ်..။ လာခဲ့ပါအုံး ဟ.. ဂျီတီရ ပေါ့..။

“ မလာနိုင်သေးဘူး သူငယ်ချင်းရေ.. ပိုက်ဆံ စုနေရတယ် ” လို့ ဂျီတီက ဖုံးထဲမှာ ပြန်ပြောတော့ ဘာအတွက် ပိုက်ဆံ စုနေရတာလဲ လို့ ကျွန်တော်တို့လဲ ပြန်မေးမိတယ်..။

“ ဇော်ကြီးက အဲယားကွန်း တစ်လုံး မပါရင် ရန်ကုန် မတက်ခဲ့နဲ့ လို့ ရာဇသံ ပေးထားလို့ ပိုက်ဆံစုနေရတာ ” လို့ ဂျီတီ က ပြန်ပြောတယ်..။

မီးရထားက အရာရှိဆိုတော့ အစိုးရကပေးတဲ့ တိုက်ခန်း ဇော်ကြီးရတယ်..။ အဲဒီအခန်းမှာ အဲယားကွန်းမရှိလို့ သူငယ်ချင်းများကို အပူကပ်တယ်..။ အခုတော့ ကျွန်တော်တို့ထဲက တစ်ယောက်က အဲယားကွန်းတစ်လုံး ပေးလိုက်ပါပြီ..။

အဲဒါကို ကြားတဲ့ နယ်က သူငယ်ချင်းတစ်ယောက်က ဘာပြောလဲ ဆိုတော့.. “ ဟ.. ငါရန်ကုန်မလာသေးဘူး.. တော်ကြာ ဇော်ကြီးက ဓါတ်လှေကား တောင်းနေအုံးမယ် ” တဲ့..။

နိုင်ငံခြားကို အလုပ်ကိစ္စနဲ့ ကျွန်တော်သွားတယ်ကြားတိုင်းလဲ ဇော်ကြီးက ပြောသေးတယ်..။ “ ပေါပေါပဲပဲ တော့ လုပ်မလာခဲ့နဲ့နော် ” တဲ့..။

ကျွန်တော်တို့ သူငယ်ချင်းများက အဲသလိုမျိုး..။

31.9 ငလုံး

ငလုံး အကြောင်းကို ကျွန်တော့်ဘလော့ဂ်ရဲ. ဟိုနားဒီနားမှာ တခြားသူတွေ အကြောင်းရေးရင်း နည်းနည်းနည်းနည်း ရေးခဲ့တယ်..။ တကယ်တော့ ငလုံးဆိုတာ.. ကျွန်တော့်ရဲ့ တက္ကသိုလ်ကျောင်းသားဘ၀ ကအစပြုလို့ ယနေ့အချိန်အထိ နီးနီးကပ်ကပ် ရှိနေခဲ့တဲ့ အရင်းနှီးဆုံး သူငယ်ချင်းတစ်ယောက်ပဲ..။

ငလုံးက အောင်လံ သား..။ ထုံးစံအတိုင်း နာမည်ရင်း အောင်နိုင်ထွန်းဆိုတာ ပျောက်ပြီး.. ငလုံး ပဲ ခေါ်ကြတော့တယ်..။

လူကတော့ မလေးရှားမင်းသားလိုလို အင်ဒိုနီးရှား မင်းသားလိုလို ပဲ..။ အသားက ခပ်ညိုညို မျက်လုံးမျက်ခုံးကောင်းကောင်း အရပ်မောင်းက ငါးပေ ခုနှစ်လက်မ လောက် ရှိတယ်..။ လူချော ပေါ့.။

ဖြတ်ထိုးဥာဏ်သိပ်ကောင်းတယ်..။ စကားပြော ကတ်သပ်တာလည်း နိုးတူးပဲ..။

“ ဟေ့ ငလုံး ငါ့ကို ထမင်းကျွေး ” လို့ ပြောရင် “ အေး ငါက ထမင်းကျွေးမယ် မင်းက ဟင်းကျွေး ” လို့ ချက်ခြင်း ပြန်ပြောတယ်..။

သူများမတွေးတဲ့ ရှုထောင့် သူများမမြင်တဲ့ အမြင် သိပ်မြင်တဲ့ ကောင်..။

ကလေး နဲ့ သိန်းတိုးမှာ ဖဲကျွေး ၅၀၀၀ ရှိဖူးတယ်..။ သိန်းတိုးက ပေးရမှာ..။ ကလေးက သိန်းတိုးကို အဲဒီအကျွေး ပြန်တောင်းတယ်..။ သိန်းတိုးက အဆင်မပြေတော့ မပေးဘူး..။ မပေးရကောင်းလားဆိုပြီး ကလေးက “ ဟေ့ကောင် သိန်းတိုးရတယ်.. မင်းကိုယ် မင်း ငွေငါးထောင်နဲ့ တန်ဖိုးဖြတ်ရင်လဲ မပေးနဲ့တော့ ” လို့ စကားနာထိုးတယ်..။

“ အဲသလိုတော့ မပြောပါနဲ့ ကလေးရာ .. ငါ့မှာ ပါတဲ့ နှစ်ထောင် ယူထားလိုက် ” ဆိုပြီး အိပ်ထောင်ထဲက နှစ်ထောင် ထုတ်ပေးတယ်..။

ကလေးနဲ့ သိန်းတိုး အခြေအတင် ကြွေးကိစ္စပြောနေတာ ဘေးကနေ နားထောင်နေတဲ့ ငလုံး အဲဒီမှာ သိန်းတိုးကို ၀င်ပြောတယ်..။

“ ဟ..သိန်းတိုးရ မင်းလောက် အ တဲ့ကောင် မရှိဘူး.. အစောတုံးက မင်းက ငါးထောင်တန်သေးတယ်.. အခု နှစ်ထောင်ပေးလိုက်တော့ မင်း သုံးထောင်ပဲ တန်တော့တာပေါ့ .. လူ အ ” တဲ့..။

ပြီးခဲ့ နှစ် သင်္ကြန် မန္တလေးမှာ ကျွန်တော်တို့သူငယ်ချင်းတွေ မဏ္ဍပ် လုပ်ကြတယ်..။ မိသားစုအားလုံး နဲ့ ကျန် သူငယ်ချင်းတွေ အတော်များများ ပြန်ဆုံဖြစ်ကြတယ်..။ မုံရွာသား လူပျိုကြီး မိုးဟိန်းက မဏ္ဍပ်လာတဲ့ ကောင်မလေး တစ်ယောက် နဲ့ ဘာလိုလို ဖြစ်သွားတယ်..။

ကောင်မလေးက ရန်ကုန်က..။ မိုးဟိန်းရန်ကုန်လာတော့ အဲဒီကောင်မလေး နဲ့ တွေ့ဖို့ ကျွန်တော်တို့ ၀ိုင်းမြှောက်ပေးကြတယ်..။

မိုးဟိန်းက “ နေပါစေတော့ကွာ.. ငါ တကယ်မကြိုက်ပဲနဲ့ ရှေ့မဆက်ချင်ပါဘူးကွာ ” လို့ ကျွန်တော်တို့ကို ပြန်ပြောတယ်..။

အဲဒီမှာ ငလုံးက “ ဟ မိုးဟိန်း မင်းစိတ်ဓါတ်က အောက်တန်းကျလှချည်လား.. တကယ်မကြိုက်တာနဲ့ ရှေ့မဆက်ချင်တော့ဘူး.. မချစ်ချင်တော့ဘူး နဲ့ အတော်အောက်တန်းကျတာပဲ ” လို့ ကောင်းချီးဝင်ပေးတယ်..။

မိုးဟိန်းခမျာ.. ခေါင်းကုတ်ပြီး ဘာပြန်ပြောရမှန်းမသိ ဖြစ်နေခဲ့၇တယ်.။

အဲဒါကြောင့် ပြောတာ..။ ငလုံးက ဖြတ်ထိုးဥာဏ် သိပ်ကောင်းတယ်လို့..။


31.10 ငလုံးရဲ. သောက

တက်ကသိုလ် ကျောင်းသားဘ၀မှာ ကျွန်တော့်နဲ့ ပိုက်ဆံအချေးအငှား လွတ်တဲ့ သူငယ်ချင်းမရှိသလောက် ဆိုပေမယ့် ငလုံးဆီကနေတော့ တခါမှ ကျွန်တော်ပိုက်ဆံ မချေးခဲ့ဖူးဘူး..။ ချေးလောက်ငှားလောက် အောင် အထိ မရင်းနှီးလို့လား ဆိုပြန်တော့လဲ မဟုတ်ဘူး..။

ငလုံးဆိုတာ.. ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ တတွဲတွဲ ရှိခဲ့တဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်..။ ကိုယ့်ထက် အခြေအနေ ဆိုးလို့ မချေးခဲ့တာလား လို့ ပြောရအောင်ကလဲ ငလုံးတို့က သိပ်အချမ်းသာကြီးလို့သာ မပြောနိုင်တာ.. ကိုယ့်ထက် အများကြီး ပြည့်ပြည့်စုံစုံနဲ့ ကျောင်းတက်ခဲ့တဲ့ ကောင်..။

ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး ကျွန်တော့်ရဲ. အချေးအငှား မခံရဘဲ ဒီကောင် လွတ်ထွက် သွားခဲ့သလဲ ဆိုတာတော့ မိုးနတ်မင်းကြီးမှ သိမှာပဲ...။

ကျောင်းပြီးစ တာမွေ၊ မလွှကုန်းလမ်းမှာ တိုက်ခန်းငှားနေကြတုံးကလဲ သူနဲ့ ကျွန်တော် အတူတူနေခဲ့ကြတယ်..။ နောက်တော့ သူက မိုးဟိန်းတို့ ကလေးတို့နဲ့ မလေးရှား ထွက်သွား.. ကျွန်တော်ကလည်း လှိုင်သာယာ သွပ်ပြားစက်ရုံမှာ အလုပ်လုပ်ဆိုတော့ သူငယ်ချင်းတွေ ခြောက်နှစ်လောက် ကွဲသွားခဲ့ကြတယ်..။

ဒါတောင် ကြိုကြားကြိုကြား တစ်နှစ်တခါလောက် သူတို့ မြန်မာပြည်ပြန်လာတိုင်း မတွေ့ကြတဲ့ အခေါက်ဆိုတာ မရှိသလောက် ပါပဲ..။ အဆက်သွယ်က သိပ်မပြတ်ခဲ့ကြပါဘူး..။ အခုတော့ သူတို့လဲ မလေးရှားကနေ အပြီးပြန်လာပြီး ကလေးနဲ့ သူ .. အပြင်အလုပ်လေးတွေ အတူတွဲလုပ်ကြတယ်..။

သူတို့အလုပ်ထဲ ကျွန်တော်မပါပေမယ့်.. ကျွန်တော်နဲ့ကလေးလုပ်နေတဲ့အလုပ်က သူတို့အလုပ်နဲ့ ဆက်စပ် နေပြန်တော့.. ငလုံးနဲ့ ကျွန်တော် တစ်လ နှစ်ကြိမ်သုံးကြိမ်လောက် တွေ့ဖြစ်ကြတယ်..။ တွေ့တိုင်း ကျောင်းသားဘ၀အလွမ်းပြေ အလွမ်းခြေရာလေးတွေကို အရက်သောက်ရင်း ကောက်ကြ. ပြန်ပြောင်းပြောကြ ရယ်ကြမောကြ ပေါ့..။

အဲဒီမှာ ငလုံးက စိတ်မကောင်းခြင်းကြီးစွာနဲ့ ကျွန်တော့်ရဲ. အချေးအငှား မခံခဲ့ရတဲ့ သူ့အကြောင်းကို တခုတ်တရ ပြောလာခဲ့တယ်..။ ဒီလောက် ရင်းနှီးပြီး ကျွန်တော်သူ့ဆီက ပိုက်ဆံ ဘာလို့ မချေးခဲ့ဖူးတာလဲ လို့ မေးခွန်းထုတ်တယ်..။

“ ရှေ့ကလာတာ လူလားခွေးလား လူဆိုရင် ပိုက်ဆံချေး ” ဆိုတဲ့ ကျွန်တော့် ဆောင်ပုဒ်မှာ သူမပါခဲ့ တာဟာ သူ့ဖက်က တခုခု ချွတ်ယွင်းခဲ့လို့ပဲ ဖြစ်ရမယ်လို့ သူ့ကိုယ်သူ အပြစ်တင်မဆုံး ဖြစ်နေခဲ့တယ်..။

“မင်းက လူမဟုတ်လို့ နေမှာပေါ့. ငါက လူဆိုရင်ပိုက်ဆံချေးတာပဲလေ ” လို့ ကျွန်တော်လည်း နောက်သလိုလို ပြန်ပြောမိတယ်..။

“ ငါက အတည်ပြောနေတာ ခုံခုံ ” လို့ ကျွန်တော်နောက်တာကို တကယ်အတည်အတန့် ပြန်ပြောရင်း “ကြည့်ရတာ သူငယ်ချင်းအပေါင်းသင်းနဲ့ ပတ်သက်လို့ ငါ့ဖက်က အားနည်းချက် တခုခု ရှိခဲ့လို့ပဲ ဖြစ်ရမယ် .. မင်းပြန်စဉ်းစားစမ်းပါ.. အဲဒီတုံးက မင်းဘာဖြစ်လို့ ငါ့ဆီက ပိုက်ဆံမချေးခဲ့တာလဲ ” တဲ့..။

ငလုံးအကြောင်း ကျွန်တော်အသိဆုံး ဆိုတော့ သူ တကယ့်ကို လေးလေးနက်နက် ပြောနေမှန်း ရိပ်မိပေမယ့် ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ဆယ့်ငါးနှစ်လောက်က သူ့ဆီက ကျွန်တော်ဘာလို့များ ပိုက်ဆံမချေးခဲ့ဖူးတာလဲ ဆိုတာကိုတော့ ဘယ်လိုလုပ်ပြန်တွေးနိုင်တော့မှာလဲ..။

ဒါပေမယ့် ကျွန်တော်သာ အဲဒီတုံးက ချေးရင် သေချာပေါက်သူချေးမှာ ဆိုတာတော့ မြေကြီးလက်ခတ်မလွဲ ဆိုတာ သိတယ်..။ နောက် ကျွန်တော်အနေနဲ့ကလည်း သူ့ဆီက မချေးရဲစရာ မချေးဝံ့စရာ ကလဲ ရှိမနေခဲ့တာ အသေအချာ ဆိုတော့ အဖြေက မကြုံကြိုက်ခဲ့လို့ အကြောင်းမတိုက်ဆိုင်ခဲ့လို့ ပဲ ဖြစ်ရမယ် ဆိုတဲ့ အဖြေထွက်တယ်..။

အဲဒါလေး ကျွန်တော်တွေးပြီး သူ့ကို ပြန်ပြောပြရတယ်..။ အဲဒါဟာ လက်သင့်ခံနိုင်တဲ့ အဖြေမဟုတ်ဘူး ဆိုပြီး ခေါင်းတယမ်းယမ်း သူလုပ်နေသေးတယ်..။

ကဲ ပါ သူငယ်ချင်းရာ.. ဟိုတုန်းက မချေးခဲ့လဲ အခုချေးပါ.. အခုချေးလဲ နောက်မကျသေးပါဘူး..ကဲ ပေးတစ်သိန်း .. ငါငွေလိုနေတယ်.. လို့ ကျွန်တော်ပြောတော့ “အေး.. ရော့ ” ဆိုပြီး ပိုက်ဆံတစ်သိန်းထုတ်ပေးတယ်..။

အဲဒီတော့မှ ငလုံးလဲ နေသာထိုင်သာ ဖြစ်သွားတော့တယ်..။

အဲဒါကြောင့် ပြောတာ..ကျွန်တော်တို့ အမ်အိုင်တီက သူငယ်ချင်းများကြားမှာ ရှိတဲ့ ရင်းနှီးမှုက တမျိုးလို့..။

31.11 ခင်ဗျားကို ပါမောက္ခချုပ်နဲ့ တိုင်မယ်

ဝိုင်အိုင်တီ ကျောင်းဘေး အင်းစိန်လမ်းမပေါ်မှာ ဟိုးအရင်တုံးက “ထူး” ဆိုတဲ့ အရက်ဆိုင် လေးရှိတယ်..။ ရန်ကုန်မြို့ရဲ. တစ်နှစ်ပိတ်ရက်အများဆုံး ဆိုင်ပေါ့..။ တော်ကြာနေ.. ၀ိုင်အိုင်တီ စာမေးပွဲရှိလို့ တော်နေကြာ.. ဆယ်တန်းစာမေးပွဲရှိလို့ ဆိုပြီး အာဏာပိုင်များက ခဏခဏ အပိတ်ခိုင်းခံ ထိတဲ့ ဆိုင်ပဲ..။

အခုတော့ ဘုရင့်နောင် လမ်းမတန်း သစ်တောရုံးမျက်စောင်းထိုးမှာ ပြောင်းဖွင့်ထားတယ်..။ ၀ိုင်အိုင်တီကို စိတ်နာသွားသလား မသိပါဘူး..။ ဒါမှမဟုတ် နာမည်တူ တခြားဆိုင်လားတော့ မပြောတတ်ဘူး..။

ကျွန်တော်တို့ ကျောင်းသားဘ၀မှာတုံးက အဲဒီဆိုင်နဲ့ ခ၀ဲခြံက သဇင်မင်း ဆိုတဲ့ ဆိုင်ဟာ စက်မှုတက္ကသိုလ် ကျောင်းသားများရဲ. ခြေရာတွေနဲ့ ပြည့်နှက်နေခဲ့တာပေါ့..။ အဲဒီနှစ်ဆိုင်မှာ သဇင်မင်း ဆိုတဲ့ ဆိုင်က ပိုပြီးဈေးချိုတယ်..။ အစားအသောက်ကလဲ ပိုပေါတယ်..။

ဒါပေမယ့် ထူးကတော့ ကျောင်းနဲ့ ပိုနီးတယ်..။ ၀ပ်ရှော့တွေဖက်က အုတ်တံတိုင်းနဲ့ဆို ထူးနဲ့က လမ်းပဲ ခြားတယ်..။

ငလုံးနဲ့ ဥက္ကာက ကျောင်းမှာနေကတည်းက အရက်အတော်သောက်နေကြပြီ..။ ထူး နဲ့ သဇင်မင်းဆိုတာ တစ်ပတ်တစ်ကြိမ်လောက် သူတို့ ရောက်ဖြစ်တဲ့ နေရာတွေ..။

တရက် ငလုံးနဲ့ဥက္ကာ ထူး ကို သွားသောက်ပြီး ပြန်လာကြတယ်..။ သူငယ်ချင်းနှစ်ယောက် နောက်ဆုံး ခွက် နောက်ဆုံးခွက်နဲ့ မော့လိုက်ကြတာ.. အရှိန်မထိန်းနိုင်ဖြစ်ဘူး.. မိုးအတော်ချုပ်သွားတယ်..။

ဆိုင်ကနေပြန်တော့ အတော်ညဉ့်နက်နေပြီ..။ ပုံမှန် ဂိတ်ဝင်ပေါက်က အဲဒီအချိန် ပိတ်သွားတော့ နှစ်ယောက်သား ၀ပ်ရှော့တွေနား အုတ်တံတိုင်းကို မူးမူးနဲ့ ကျော်ခွ ၀င်ကြတယ်..။ သူတို့ အဲသလိုမျိုး ကျော်ခွဝင်တာကို မြင်တဲ့ လုံခြုံရေး အဘိုးကြီးက ကျောင်းသားတွေမှန်းသိတော့ မမြင်ချင်ယောင် ဆောင်နေတယ်..။

အမှန်ကတော့ အဲသလိုမျိုး အုတ်တံတိုင်း ကျော်ခွဝင်ရင် .. လုံခြုံရေးအနေနဲ့ တိုင်ချင် တိုင်လို့ရတယ်..။ အဘိုးကြိးခမျာလဲ အေးရာအေးကြောင်း ပြသာနာ မဖြစ်ပြီးရောဆိုပြီး မမြင်ချင်ယောင် ဆောင် နေဟန် တူပါတယ်..။ ၀ိုင်အိုင်တီ ကျောင်းတော်ကြီးသား တွေဆိုကလည်း များသောအားဖြင့် မြွေတွေ ကိုး..။

ဒါပေမယ့် လုံခြုံရေးအဘိုးကြီး ကအေးပေမယ့် ငလုံးနဲ့ဥက္ကာက မအေးဘူး..။ မူးမူးနဲ့ အဲဒီအဘိုးကြီးကို ရစ်ကြတော့တယ်..။ “ ခင်ဗျားက ဘာလဲ” လို့ ငလုံးကမေးတော့ အဘိုးကြီးက “ ဦးက လုံခြုံရေးပါကွယ်” လို့ ပြန်ဖြေတယ်..။

လုံခြုံရေးဆိုရင် ကျွန်တော်တို့ အုတ်တံတိုင်းကျော်တက်တာကို ခင်ဗျား မြင်မှာပေါ့ .. လို့ ဥက္ကာ က ၀င်ထောက်တယ်..။

“ မြင်ပါတယ်ကွယ် .. လူကလေးတို့က ကျောင်းသားတွေမို့လား.. အဆောင်ပြန်ကြတော့လေ ” လို့ အဘိုးကြီးလည်း ပြေလည်ရာပြေလည်ကြောင်း ပြောရှာတယ်..။

ဒါပေမယ့် သကောင့်သား နှစ်ကောင်က “ဟ.. ခင်ဗျား ကျုပ်တို့ အုတ်တံတိုင်းကျော်တက်တာကို မြင်ရဲ.သား နဲ့ အရေးယူမယ်မလုပ်ဘဲ ဒီအတိုင်းမမြင်ချင်ယောင် ဆောင် လွှတ်ပေးလို့ ရမလား .. တာဝန်ပျက်ကွက်မှုနဲ့ ခင်ဗျားကို ပါမောက္ခချုပ် နဲ့ တိုင်မယ် အခုလိုက်ခဲ့ .. ” လို့ လုပ်ကြတော့တယ်..။

“ တောင်းပန်ပါတယ် လူကလေးတို့ရယ်.. ဦးလေးဖာသာနေပါရစေ ..ပြန်ကြပါတော့ ” လို့ နှစ်ကြိမ်သုံးကြိမ်လောက် တောင်းတောင်းပန်ပန် ပြောမှ ငလုံးတို့လဲ ယိုင်တိယိုင်ထိုးနဲ့ ပြန်ခဲ့ကြတော့တယ်..။

31.12 give me 40 dollars

ဖားကြီးနဲ့ငလုံး ရဲ့ ဇာတ်လမ်းက တမျိုး..။ ဖာကြီးဆိုတာ.. ကလေး က..။

ကျွန်တော်ပြောပြောနေတဲ့ ကလေး ဆိုတဲ့ သန်းဝင်းနိုင်နဲ့ တမြို့တည်းသားတွေ..။ သန်းဝင်းနိုင်က ဆယ်တန်းတစ်နှစ်ကျပြီး နောက်နှစ်မှ အောင်တော့ အမ်အိုင်တီမှာ ပဲ တက်ရတော့တယ်..။ ဖားကြီးကတော့ ဆယ်တန်းကို နှစ်ချင်းပေါက် အောင်ပြီး အာအိုင်တီ ရောက်သွားခဲ့တယ်..။

အတန်းသာ ကွာတာ.။ အားလုံးက ရွယ်တူတွေဆိုတော့ ကလေး က တဆင့်သိရပေမယ့် .. ဖားကြီးနဲ့ ကျွန်တော်တို့အဖွဲ့က ရင်းနှီးတယ်..။ ငယ်သူငယ်ချင်းတွေလိုပါပဲ..။

မဒမ်ကဆို အမြဲပြောတယ်..။ တော့်သူငယ်ချင်းတွေကလဲ ဘီလူးတဲ့၊သူကြီးတဲ့၊ဖားကြီးတဲ့ ဘာနာမည်တွေမှန်းကိုမသိဘူး ဆိုပြီး..။ ဒါတောင် သူမသိသေးတဲ့ ဂုတ်သရိုး ဆိုတဲ့ကောင် ရှိသေးတယ်..။

တရက် ခ၀ဲခြံ သဇင်မင်းကို ဖားကြီးနဲ့ ငလုံး သွားသောက်ပြီး မူးမူးရူးရူးနဲ့ ဆိုက်ကားငှားစီး ပြန်လာကြတယ်..။

ဖားကြီးက တလမ်းလုံး အင်္ဂလိပ်လိုပဲ ပြောလာတော့ ဆိုက်ကားဆရာက နိုင်ငံခြားသား ထင်နေတယ်..။ အာအိုင်တီ မိန်းဂိတ်ဝရောက်တော့ ဖားကြီးက ဆိုက်ကားပေါ်က ဆင်းရင်း how much လို့ ဘိုလို မေးတယ်..။

နဂိုရ်ကမှ နိုင်ငံခြားသား ထင်နေရတဲ့ အထဲ how much လို့ မေးတော့ ဆိုက်ကားဆရာလဲ give me 40 dollars လို့ ပြန်ပြောတယ်..။ သူကလဲ မခေဘူး..။

ငလုံး ဆို မူးနေတဲ့ကြားက ဆိုက်ကားဆရာ အဲသလိုပြန်ပြောတာကြားပြီး အန်ထွက်မတတ်ရယ်တယ်..။ ဖားကြီးခမျာတော့ “ ဟာ ဦးလေးရယ် သဇင်မင်းကနေ ဒီနား တစ်ရာ တော်ပြီပေါ့ ”လို့ ရယ်ရယ်မောမော ပြန်ပြောပြီး တစ်ရာထုတ်ပေးလိုက်ရတယ်..။

31.13 မခင်ဥာဏ်ရဲ. တည်ကြက်လဲ ကြည့်အုံး

ငလုံးအကြောင်းရေးရင်း ဂုတ်သရိုးအကြောင်း သတိရလာတယ်..။ သူလည်း မိုးဟိန်းလို မုံရွာသားပဲ..။ ဂုတ်သရိုး လို့ ဘာလို့ ခေါ်တာလဲ လို့ မိုးဟိန်းကို မေးကြည့်ဖူးတယ်..။ ဂုတ်ဆိုတာ ဆိတ်ကွာ.. သရိုး ဆိုတာ ပစ်တာ.. ကိုဆိတ်ပစ် လို့ သာမှတ်ထားလိုက်လို့ မရေမရာ ပြန်ပြောတယ်..။

ဘာလို့ ခေါ်မှန်း မသိပေမယ့် ခြောက်နှစ်လုံးလုံး ဂုတ်သရိုး ပဲ ခေါ်လာကြတော့ သူငယ်ချင်းအားလုံးက ဂုတ်သရိုးပဲ ခေါ်ကြတော့တယ်..။ ပိန်ပိန် အရပ်နည်းနည်းရှည် တဲ့ အညာသား ရုပ်နဲ့ ကောင်ပဲ..။ အရက် ဆေးလိပ် တအားသောက်တော့ ပါးရိုးနားရိုး နည်းနည်း ချောင်တယ်..။

ကျောင်းသာ ပြီးသွားတယ်..။ ရည်းစားဆိုလို့ မူးလို့ ရှုစရာတောင် မရှိဘူးဆိုတဲ့ ကျောင်းသားစာရင်းထဲမှာ သူက ထိပ်ဆုံးက ပါတာပေါ့..။

ငါက ရုပ်သာဆိုးတာ.. ငါ့ဖင်ကတော့ မင်းတို့မျက်နှာတွေထက် ချောတယ်ဗျ လို့ မကြာခဏ အရွှန်းဖောက်တဲ့ ကောင်ပဲ..။

တကယ်လည်း ဟုတ်တယ်..။ အာအိုင်တီ အီးဆောင် အပေါ်ထပ်ကနေ လှေကားလက်ရမ်း အတိုင်း တရက် သူလျောစီးဆင်းတယ်..။ အောက်နား ရောက်ခါနီးမှ ဟန်ချက်ပျက်ပြီး ပုဆိုးလှန်ပြီး လူက လေးဘက်ထောက် ရက် ကျတယ်..။

အဲဒီမှာ ဂုတ်သရိုး ရဲ. ဖင်ကို ကျန်သူငယ်ချင်းတွေ မြင်ခွင့်ရသွားခဲ့ပြီး အားလုံးက တညီတညွှတ်တည်း “ဖင်တော့ အတော်ချောတဲ့ကောင် ၀င်းမွှတ်နေတာပဲ ” လို့ မှတ်ချက် ပေးကြတယ်..။

ငလုံး ကဆို.. ဂုတ်သရိုးဆိုတဲ့ကောင် ညတိုင်းဖင်ကို မိတ်ကပ်လိမ်းအိပ်တယ် ထင်တယ် လို့တောင် ပြောတယ်..။

တက္ကသိုလ် ကျောင်းသားဘ၀ကို ရည်းစားလက်မဲ့ အံကြိတ်ဖြတ်ကျော်သွားတဲ့ ဖင်ခပ်ချောချော နဲ့ ဂုတ်သရိုး ကျောင်းပြီးတော့ မုံရွာမှာပဲ မိဘလက်ငုတ် စီးပွားရေး ပြန်လုပ်တယ်..။ အဲဒီမှာ ကောင်မလေး တစ်ယောက်နဲ့ သူရည်ငံတယ်..။

တသက်လုံး ရည်းစားမထားခဲ့တဲ့ ဂုတ်သရိုး ပျော်ပြုံးလို့ မဆုံးခင်မှာဘဲ..သူ့အမေက ကောင်မလေးနဲ့ သဘောမတူဘူး ထလုပ်တော့ ဂုတ်သရိုး အသည်းကွဲ ရရှာတယ်..။ ကောင်မလေးက ချို့တဲ့ဟန် ရှိပါရဲ့..။

အဲဒါကို ကြားတဲ့ သူငယ်ချင်းများက.. ဂုတ်သရိုးနဲ့ တွေ့တိုင်း “မခင်ဥာဏ်ရဲ့ တည်ကြက်လဲ ကြည့်အုံးမှာပေါ့ မိတဲ့ကြက်က သေးတယ် ပြောမနေနဲ့ ” လို့ နောက်ပြော ပြောကြတယ်..။

ဂုတ်သရိုးအမေ နာမည်က ဒေါ်ခင်ဥာဏ်တဲ့..။ သူများသားသမီး နဲ့ သဘောမတူဘူး ပြောမနေနဲ့ ကိုယ့်သားကိုလဲ ကြည့်အုံး လို့ ဆိုလိုတာပဲ..။

ကျွန်တော်တို့အညာမှာ တောကြက်တို့ ချိုးငှက်တို့ ထောင်တဲ့ ငှက်ထောင် သမားတွေ ရှိတယ်..။ ကြက်တို့ ချိုးငှက်တို့မှာ ကိုယ်ပိုင် နယ်လေးတွေရှိတယ်..။ တောကြက်ဖ တစ်ကောင် က သူပိုင်တဲ့ နယ်ထဲမှာပဲ နေတယ်..။ နယ်ကျော် နယ်ကျွံလာတဲ့ ကြက်ဖဆိုရင်.. နယ်ခံ ကြက်ဖက အသံကြားတာနဲ့ေ၇ာက်လာပြီး ခွပ်တော့တာပဲ..။

အဲဒါကို သိတဲ့ ငှက်ထောင်သမားက တည်ကြက်လို့ ခေါ်တဲ့ သူ့ကြက်ကို ထောင်ချောက်ထဲ ထားပြီး တွန်စေတယ်..။ တည်ကြက် တွန်သံကြားပြီး ခွပ်ဖို့လာတဲ့ နယ်ခံ ကြက်က ခွပ်ရင်း ထောင်ချောက်ထဲ အမိခံရတာမျိုးပေါ့..။

အဲဒီကနေ.. “ မိတာ သေးတယ်ကြီးတယ် လုပ်မနေနဲ့ တည်ကြည်လဲ ကြည့်အုံးမှပေါ့ ” လို့ အညာမှာ ပြောလေ့ရှိတယ်..။

31.14 ထနောင်းဝင်း သားလေး

ဝိုင်အိုင်တီ မပြောင်းခင် .. စတုတ္ထနှစ် မှာ ကျွန်တော့်အခန်းဖော်က မုံရွာ ထနောင်းဝင်းက နိုင်လင်း ဆိုတဲ့ ကောင်..။ သူငယ်ချင်း အပေါင်းအရောင်းများကို ဘ၀ပေးပြီး ကူညီဖို့ အထိ ခင်တဲ့ သူပဲ..။ ကလေးတို့ ငလုံး တို့နဲ့ မလေးကို အတူထွက်သွားပြီး နောက်တော့ စင်ကာပူမှာ သူ အခြေကျသွားခဲ့တယ်..။

စင်ကာပူမှာ သူအဆင်ပြေနေတဲ့အချိန် ကျွန်တော်တို့ ထဲက သူငယ်ချင်းတစ်ယောက် သင်္ဘောတက်ဖို့ ငွေလိုတာ ကို အားလုံး သူစိုက်ထုတ် ကူညီပေးတယ်..။ အဆင်ပြေမှ ပြန်ဆပ် ဆိုပြီး သိန်း ဆယ်ဂဏန်း လောက် အတိုးမဲ့ နဲ့ သူချေးတယ်.။

ကျွန်တော့်ကို ယောက်ဖ လို့ ခေါ်တဲ့ တဦးတည်း သော သူငယ်ချင်းပဲ..။ ကျန်သူငယ်ချင်းတွေ ခေါ်သလို ခုံခုံ လို့လည်း မကြာခဏ ခေါ်ပါတယ်..။ ဒါပေမယ့် ယောက်ဖ ဆိုတာကတော့ သူ့ရဲ. ပင်တိုင် အခေါ်အဝေါ်ပဲ..။

၂၀၀၄ ခုနှစ်လောက်က ကျွန်တော် စင်ကာပူ ရောက်တယ်..။ Asian Oversea Technical Scholarship (AOTS) ဆိုတဲ့ အဖွဲ့အစည်းရဲ. Sponsor နဲ့ နှစ်ပတ်သင်တန်းလေး ကျွန်တော် တက်ခွင့်ရတယ်..။ နေတာ ထိုင်တာ စားတာသောက်တာ အားလုံး ဖရီးပဲ..။

သင်တန်းလုပ်တဲ့ Orchard Hotel မှာပဲ တည်းရတယ်..။ ဒါပေမယ့် ကျွန်တော်ကတော့ အားတာနဲ့ သူငယ်ချင်းတွေ အခန်းသွားအိပ်တော့တာပဲ..။ အဲဒီတုံးက နိုင်လင်း က သက်မောင်အေးဆိုတဲ့ လုံးခင်းသားရယ်.. စိုးဝင်းဆိုတဲ့ လာရှိုးသားရယ်.. အောင်ခန့်ဆိုတဲ့ ချောက်သား နဲ့ လေးယောက်ပေါင်း နေကြတယ်..။

အဲဒီအချိန်တုံးက သူတို့လေးယောက်လုံး လူပျိုကြီးတွေ..။ အခုတော့ သုံးယောက်ကျန်ပေါ့..။ မနှစ်က နိုင်လင်း ရန်ကုန်ပြန် မင်္ဂလာဆောင်တယ်..။ မင်္ဂလာပွဲကို Park Royal မှာလုပ်တယ်..။ သူငယ်ချင်းအားလုံးကို လက်ဖွဲ့ခြင်း သီးခံပါ ဆိုပြီး အတော့်ကို ကြီးကြီးကျယ်ကျယ် သူ့မင်္ဂလာပွဲ ကျင်းပတယ်..။

ကာယကံရှင် မင်္ဂလာမောင်မယ်က ဘယ်လောက်ပဲ လက်ဖွဲ့ခြင်းသီးခံပါ လို့ ပြောနေသည့်တိုင် သူငယ်ချင်းများရဲ့ ရင်းနှီးခင်မင်မှုအရ.. တခုခုတော့ စုပြီး လက်ဖွဲ့ကြရအောင်လို့ ကျွန်တော်တို့ တိုင်ပင်ကြတယ်..။ အဲဒီမှာ ငလုံးက
“ ဟိုက လက်ဖွဲ့ခြင်း သီးခံပါလို့ စာတတန် ပေတတန် ရေးထားတာကို
မင်းတို့ .. ဒီလောက်လေးတောင် သီးမခံနိုင်ကြဘူးလား.. ” လို့ ၀င်နောက်သေးတယ်..။


အခုတော့ သားလေးတစ်ယောက်နဲ့ စင်ကာပူမှာ သူတို့မိသားစု ပျော်ရွှင်စွာ ဘ၀ကို ဖြတ်သန်းနေကြလေရဲ့..။

သူရဲ့ ငယ်ကျိုးငယ်နာကို နောက်ပို့စ်မှ.. ဖော်ပါ့မယ်..။

Thursday, October 9, 2008

30.1 အဖေ့ရဲ. ကာတွန်းစာ


ကဲ.. အမှတ်တရ တက်ကသိုလ်နေ့ရက်များ အကြောင်းရေးတာ နည်းနည်းများသွားပြီ.. စုံသလောက်လည်း ရှိပြီ.. လောလောဆယ်.. မွေးသဖခင် နဲ့ မွေးသမိခင်၊ မိဘနှစ်ပါး အကြောင်း မိသားစုအကြောင်းလေးတွေ မျှဝေပါ့မယ်..။

ဘလော့ဂ်ကြွလာ ဆွေသဟာများ ပျော်ပြုံး ရင်း ဘ၀အမောတွေ ပြေနိုင်ကြပါစေ..။

အဖေ့ရွာ

စာရေးဆရာမောင်သာရ ရဲ. ၀တ္ထုတစ်ပုဒ်ရှိတယ်..။ မန်းတလေး တက္ကသိုလ် ကျောင်းသား တွေ လေ့လာရေးဆင်းတဲ့ အကြောင်းလေး ရေးထားတဲ့ “ ၀က်လူးကျေးရွာ သွား တောလား “ ဆိုတဲ့
ဝတ္ထု

အဖေက အဲဒီ ၀က်လူးကျေးရွာအုပ်စု ဆူးဖြူးကုန်း(ဆိတ်ဖြူကုန်း) ရွာသား..။ တချို့ က မြင်းခြံခရိုင် နွားထိုးကြီးမြို့ ၀က်လူးကျေးရွာအုပ်စု ဆိတ်ဖြူကုန်းရွာ ဆိုပြီး အပြောင်အပျက်တောင် ပြော ကြတယ်..။

အားလုံးက တိရိစ္ဆာန် နာမည်တွေချည်း ဖြစ်နေတာကိုး..။

အဖေ့ အမေက ကသည်းသွေး ၅၀ ပါတော့ အဖေက ကသည်းသွေး ၂၅ ပါတယ်..။ ညီအကို မောင်နှမ တဆယ့်သုံးယောက် ထဲမှာ အဖေက နံပါတ်လေး..။

အဖေ့ကို သူ့အဘိုး (သူ့အမေရ.ဲအဖေ) က သိပ်ချစ်တယ်..။ သိပ်လည်း အလိုလိုက်တယ်..။ အလိုလိုက်ခံရလွန်းလို့ အဖေကလည်း ဆိုးတယ်..။ ကျန်ညီအကိုမောင်နှမများက အဖေ့ နာမည်ရင်း အုံးဖေ အစား ကုံးဖေ လို့ ခေါ်ကြတယ်..။

အဖေက တအား ကုံးတိုက်လို့တဲ့..။

အမေကတော့ ပခုက္ကူ ဦးအုံးဖေ နဲ့ မရဘဲ ဆီမီးခုံဦးအုံးဖေ နဲ့ ညားတာ ငါးပါးမှောက်တာပဲ လို့ အဖေ့ကို မကြာခန စလေ့ ရှိတယ်..။

အဖေက စကားပြော ကောင်းတယ်..။ အောက်ကလိအာ လည်း သိပ်ပြောတတ်တယ်..။ သားသမီး တွေနဲ့ သူငယ်ချင်းပေါင်း ပေါင်းတယ်..။

ဒီရက်ပိုင်း စာအုပ်ပုံအဟောင်း ပြန်မွှေရင်း ကျွန်တော် ရှေ့နားမှာ ရေးခဲ့တဲ့ အဖေ့စာ လေး ပြန်တွေ့လို့ အဲဒါလေး စကင် ဆွဲပြီးတင်ပေးလိုက်ပါတယ်..။ ‘အချိန်တန်ရင်” ဆိုတဲ့ စာ မဟုတ်ပါဘူး..။ အလုပ် က ရခါစ၊ မိဘများကို မထောက်ပံ့နိုင် ဖြစ်နေတဲ့အချိန်.. မဂ္ဂဇင်း တအုပ်ထဲက အဖေဖြတ်ပြီး ကျွန်တော့်ဆီ ပါးလိုက်တဲ့ ကာတွန်းလေး တပုဒ်ပါ..။

ဘလော့ဂ်ဂါ တွေလို ပြောချင်တာကို ပုံနဲ့ ပြောတာ အဖေက အစောကြီးကတည်းက တတ်နေတာ.. ဟားဟား..

30.2 သက်သာ တာ လုပ်လိုက်


အဖေ့ရဲ့အဖေ ကျွန်တော့်အဘိုးနာမည်က ဦးဘသိန်း..။ အဖွားက ဒေါ်အေးတင်..။ အဘိုးနဲ့ အဘွားမှာ အံ့ဖွယ် တွေရှိတယ်..။ သားသမီး ဆယ့်သုံးယောက်သာ မွေးတာ..။ အိုးခွဲချက်စားကြတယ်..။ အဘွားနဲ့ သားသမီးတွေက ထမင်းအိုး တစ်လုံး..။ အဘိုးက တစ်ယောက်တည်း တစ်အိုး..။

စီးပွားရေးကအစ သူတို့နှစ်ယောက် သီးသန့်..။ အဘိုးက သိပ်ကပ်စေးနှဲတယ်လို့ အဖေကတော့ ပြောတယ်..။

သားသမီးတွေရဲ့ ကိစ္စ၀ိစ္စ အားလုံးကို အဘွားက တာဝန်ယူ လုပ်ကျွေးရတယ်..။ အဘွား ပိုက်ဆံလိုရင် တဖက်လှည့်နဲ့ အဘိုးဆီက ငွေတိုး ပြန်ယူရတယ်..။ တိုက်ရိုက်ယူရင် အဘိုးက မပေးဘူး..။

အဘိုး ကပ်စေးနှဲချက်ကတော့ .. သေခါနီးအထိ ပဲ..။ အဖေ့အောက်ကပ်ရက် ညီက ဆရာဝန်..။ အဘိုး အိပ်ရာထဲ လဲပြီး အသက်ငင်နေတဲ့အချိန် သူ့သားဆရာဝန် ကို မေးတယ်..။

သူ့ရောဂါ ပျောက်နိုင်လား တဲ့..။ ပျောက်နိုင်တယ်လို့ ပြောကြတော့ ဆေးကုရင် ဘယ်လောက် ကုန်မလဲ တဲ့..။

နည်း.. သုံးထောင်လောက်တော့ ကုန်မှာပေါ့ အဖေရာ လို့ သားဆရာဝန်က ပြန်ပြောတော့

“ အခေါင်း စပ်ရင်ရော ဘယ်လောက်ကုန်မလဲ ” တဲ့..။ အိပ်ရာထဲက အဘိုးက အဲသလိုမေးတာ..။

“ အခေါင်းစပ်ရင်တော့ ကျွန်းသားနဲ့ စပ်တောင်မှ လွန်ရောကျွံရောကုန် နှစ်ရာပဲ ” လို့ ပြောတော့

“ သက်သာတာ သာ လုပ်လိုက်ကြ ” လို့ အဘိုးက လေသံပျော့ နဲ့ ပြော သတဲ့..။

မယုံမရှိနဲ့.. တကယ် အဲဒီအတိုင်း ပြောတာ..။

30.3 ဘကြီး ဟန်စိန်


ကျွန်တော်တို့ အညာမှာ အဖေ့ရဲ့ ညီအကိုမောင်နှမ တွေကို ခေါ်တာ နဲ့ အမေ့ဖက်က ဆွေမျိုးသားချင်းတွေကို ခေါ်တာ မတူဘူး..။

အဖေ့အကို ကို ဘကြီးလို့ ခေါ်တယ်..။ ညီကိုကျတော့ ဘဒွေးတဲ့..။ အမေ့အကို ကို ဦးကြီးလို့ ခေါ်ပြီး မောင်ကိုကျတော့ ဦးလေးတဲ့..။ တရွာတပုဒ်ဆန်း သလားတော့ မပြောတတ်ဘူး..။ ကျန်တဲ့ ရွာဖက်ကတွေ အခေါ်အဝေါ် သေချာမသိတော့ ပြောရခက်ပါတယ်..။

အဖေနဲ့ သူ့အထက် ကပ်ရက်အကို က တစောင်းစေးနဲ့မျက်ချေး..။ နေ့တိုင်းနီးနီးလောက် ကို ရန်ဖြစ်တယ်လို့ အဖေပြောတယ်..။ ရန်ဖြစ်တိုင်းလည်း သူတို့အဘိုးက နှစ်ကောင်လုံး လာခဲ့ ၀ိုင်းလယ်ခေါင် ထုတ် မျက်နှာချင်းဆိုင်ဖက်ခိုင်းပြီး ကြိုးချည်ထားသတဲ့..။

ဒီလောက် မတည့်တဲ့ ကောင်တွေ.. မှတ်ကရောဆိုပြီး အဲသလို လုပ်တာပဲ..။ အဲဒါတောင် ကြိုးတုတ်ရက်ကြီး နဲ့ တစ်ယောက်နဲ့တစ်ယောက် အတင်းဖက်.. ပုခုံးမေးတင် ဖိ ဆိုတာမျိုးတွေ အဖေတို့က လုပ်သေးတယ် ဆိုပဲ..။

အဲဒီဘကြီး နာမည်က ဦးဟန်စိန်တဲ့..။ ဘကြီး ဟန်စိန်ပေါ့..။ သူက ကားမောင်းတယ်..။ ဆိတ်ဖြူကုန်းရွာက နေ နွားထိုးကြီးမြို့ကို ခေါက်ပြန်ဆွဲတာ..။ သူတို့ခေတ်တုံးက နယ်ပိုင် မြို့ပိုင်ခေတ်..။ ( ဆရာမောင်သာရ ရဲ့ ၀က်လူးကျေးရွာသွားတောလားထဲက မော်တော်ကား ပေါ့.. ဘကြီးမောင်းတာပဲ )

ဘကြီးဟန်စိန် က ရွတ်တွတ်တွတ်ရယ်..။ တစ်ရက် မြို့ပိုင်က ဘကြီးမောင်းလာတဲ့ ကားကို လမ်းကဖြတ်တားတယ်..။ ဘကြီးက မြို့ပိုင် ကားတားနေတာ မြင်ရဲ့သားနဲ့ မမြင်ချင်ယောင်ဆောင်ပြီး ကျော်မောင်းသွားတယ်..။

နောက်ရက်ကျ မြို့ပိုင်က ဘကြီးကို သူ့ရုံးဆင့်တယ်..။

“ ဟန်စိန် မင်း မနေ့က ငါ ကားတား တာ ဘာလို့ ရပ်မမေးတာလဲ ” လို့ မြို့ပိုင်က မေးတယ်..။

“ မမြင်လို့ပါ မြို့အုပ်မင်းရယ် မြင်ရင် ရပ်ပေးပါတယ် ” လို့ ဘကြီး ကပြန်ပြောတယ်..။

မြို့ပိုင်က ဘယ်ယုံမလဲ..။

“ မင်း မြင်ရဲ့သား နဲ့ မမြင်ဘူး ဇွတ်မငြင်းနဲ့ .. ဟေ့ကောင် ငါ.ဘာကောင်ထင်လဲ ”

ဒေါသတကြီးနဲ့ မြို့ပိုင်က အဲသလိုမေးတော့ ဘကြီး ဟန်စိန်က မျက်နှာငယ်လေးနဲ့ “ မြို့ပိုင်မင်း ကြိုက်တဲ့ အကောင် ပြောပါ.. ကျွန်တော်ထင်ပေးပါမယ် ” လို့ ပြန်ပြောတယ်..။

ဘကြီးလဲ အချုပ်ထဲမှာ တစ်ညအိပ်လိုက်ရတော့တယ်..။