ဘ၀မှာ ပထမဆုံးအကြိမ် အဖေ့ရွာကို လိုက်ခဲ့တယ်..။ ရွာမှာနေတဲ့ ဘကြီးအရင်းက လက်မခံလို့ သွေးနည်းနည်းဝေးတဲ့ အမျိုးအိမ်မှာ နေရတယ်..။ လာကတည်းကလည်း သိပ်ကြီးလိုက်ချင် ခဲ့တာမဟုတ်ဘဲ အဖေ့ မလွန်ဆန်နိုင်လို့ လိုက်ခဲ့ရတာဆိုတော့ အဲဒီတုံးက ၀မ်းနည်းလိုက်တာလေ..။
အဖေပြန်သွားကတည်းက နေ့ရှိသရွေ့ ဆီမီးခုံပဲ ကျွန်တော်ပြန်ချင်နေခဲ့တယ်..။ နေရတာကလည်း ဆွေတွေမျိုးတွေ အိမ်ဆိုပေမယ့် .. အခုမှ . တွေ့ကြရတဲ့ အမျိုးတွေဆိုတော့ စိတ်ကျဉ်းကြပ် နေမိတယ်..။ ၀မ်းကွဲအမတွေက ရေခပ် .. ၀မ်းကွဲညီအကိုတွေက မနက်လင်း ပေါက်တူးထမ်းပြီး ယာထဲ ဆင်းကြ.. ကျွန်တော်ကတော့ .. မြေဖြူလေး တစ်ချောင်း ကိုင်ပြီး သူတို့လုပ်စာ ထိုင်စားရင်း စာသင် ဆိုတော့ လိပ်ပြာ က မသန့်ချင်တော့ဘူး..။
တစ်ရက်လည်း မဟုတ်တော့.. ကျွန်တော် မနေနိုင်တော့ဘူး..။ ကျွန်တော်ပါ မနက်ဖန် ပေါက်တူးပေါက် လိုက်ပါရစေ လို့ သူတို့ကို ဖွင့်ပြော လိုက်တယ်..။ အားလုံးက ၀ိုင်းတားကြပေမယ့် ကျွန်တော်က ဇွတ်မှိတ်ပြောတော့ သူတို့ လက်ခံ လိုက်ကြတယ်..။
စာသင်ရတာကလည်း ညနေပိုင်း ဆိုတော့ မနက်ပိုင်း ပေါက်တူး ပေါက် လိုက်ရတာ အချိန်အားဖြင့် ဘာ ပြသာနာမှ မရှိဘူးလေ..။
မနက်လင်း ညီအကိုတတွေ ပေါက်တူးလေး ကိုယ်စီထမ်းပြီး တော ထဲ သွားကြပေါ့..။ လမ်းမှာ ကျွန်တော်စာသင်တဲ့ တပည့်တွေ က ကျွန်တော့်မြင်တော့ နှုတ်ဆက်ကြတယ်..။ “ ဆရာ ပေါက်တူး ပေါက်လား ” တဲ့..။
လယ်ထဲရောက်တော့ ညီအကိုတတွေ.. သူ့အပိုင်းကိုယ့်အပိုင်း ခွဲဝေပြီး အခင်း ဟိုဖက် ဒီဖက် .. လွန်းပျံ ပေါက်ကြရတယ်..။ ပေါက်ရတာက နှမ်းခင်း..။ နှမ်း ဆိုတဲ့ အမျိုးက စိုက်ကတည်းက မျိုးကြဲပက်ပြီး စိုက်တာ ဆိုတော့ အပင်တွေ ပြွတ်သိပ်ပေါက်လေ့ ရှိတယ်..။
အဲဒါကို အတန်းလိုက်.. ပြွတ်ပေါက်နေတဲ့ အထဲ.. သန်တဲ့ စွမ်းတဲ့ အပင်လောက် ချန်ထားပြီး ကျန်တဲ့ အပင်တွေကို ပေါက်တူးနဲ့ ခုတ်လှဲပစ်လိုက်ရတယ်..။ မနက်ဝေလီဝေလင်းက စပေါက်ရတယ်..။ နေ့လည် မွန်းတည့်လောက်မှာ ခန နားကြတယ်..။ နေကလည်း အဲဒီအချိန် တအားပြင်းတော့ မနားလို့ မရဘူး..။
နောက်ပြီး ထမင်းစားဖို့ကလည်း ရှိသေးတယ်..။ မနက်စော အိမ်ကထွက်ကတည်းက ထမင်းက ယူမလာနိုင်ဘူး..။ ကျွန်တော်တို့ ထွက်တာက အစောကြီးဆိုတော့ ဘယ်လိုလုပ်ချက်ပြုတ်ကြရ အုံးမှာလဲ..။ နေ့လည် ကျွန်တော်တို့ နားမယ့်အချိန်လောက်မှ အိမ်ကချက်ပြုတ်ပြီး ယာထဲ လာပို့ ပေးတယ်..။
တော ဆိုတော့ ဘယ် ထမင်းချိုင့် ရှိမှာလဲ..။ ထန်းသမားတွေ ထန်းရေချို ထည့်တဲ့ မြူအိုး ထဲ ထမင်းတွေရော ဟင်းတွေရော ထည့်ပြီး လာပို့တာကို.. ယာဘေး သစ်ပင်အောက်မှာ.. စားကြရတယ်..။ ရောသမမွှေပေါ့..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment