Saturday, April 5, 2008

8.1 နစ္စ ဂီတ ….

ပထမနှစ်ဦး တက်ဖို့မန္တလေးကို ရွာကနေ လာခဲ့တယ်။ အဖေလိုက်ပို့တယ်။ မန္တလေး နယူးစီဗွီလိုင်းထဲက ဘုန်းကြီးကျောင်းတကျောင်းမှာ သားအဖနှစ်ယောက် တည်းရတယ်။ ကျောင်းထိုင်က ရွာဆက်ပေါ့။

သင်္ကန်းအညိုရုံတဲ့ ရွှေကျင်ဘုန်းကြီးကျောင်းပဲ။ ကျောင်းဝင်းထဲ ဖိနပ်စီးရတယ်။ သုဓမ္မာကျောင်းတွေက ဖိနပ်မစီးရဘူး။ ရွာကဘုန်းကြီးကျောင်းအားလုံးက သုဓမ္မာကျောင်းတွေချည်းပေါ့။

ရွှေကျင်က ၀ိနည်းပိုလေးစားတဲ့ အယူရှိတယ်။ သင်္ကန်းအရောင်ကလဲ သစ်ခေါက်ဆိုးအရောင် အညိုတမျိုးပဲ ရုံတယ်။ ၀တ္ထု (ငွေ) မကိုင်ဘူး။ ဆေးလိပ်မသောက်ဘူး။ စတာတွေ ရှောင်တယ်။

ကျောင်းရောက်ခါစ ရေချိုးခန်းထဲမှာ ကျွန်တော်သီချင်းဆိုတယ်။ တူးတူးရဲ့ ဧကရီ လို့ အမည်ရတဲ့ သီချင်း။ " စိုးမိုးမှု ဒီရင်မှာ နှလုံးသားထဲ စူးနစ်စေခဲ့တယ် ကေသရီ ရယ်..." လို့ အော်နေတုံးပဲ ကိုရင်တစ်ပါး တံခါးလာခေါက်တယ်။ တကာကြီး ဒီကျောင်းထဲမှာ သီချင်းမဆိုရဘူး လို့ ပြောလာတယ်။

တချို့ညတွေ ကျောင်းထိုင်ဘုန်းကြီးကို ၀တ်ဖြည့်ရတယ်။ ၀တ်ဖြည့်တယ်ဆိုတာ နှိပ်ပေးရတာကို ဘုန်းကြီးပြောပြောတာပဲ။ တည ကျွန်တော် ၀တ်ဖြည့်ဖို့ ဘုန်းကြီးအခန်းရောက်သွားတယ်။

"မောင့်ရဲ့ ရှေ့မှာ မြင်နေရတဲ့ မဲ တဲ့ အရာလေးတစ်ခုကို မေကသာ ဖြူတယ်ဆိုရင် ဖြူလိုက်ပါ မောင့်အကြိုက်လိုက်ကာ မေ့သဘောပဲပေါ့ မေရယ် မေရယ်.. " အောင်သူရဲ့ သီချင်းသံက ဘုန်းကြီးအခန်းထဲက တိုးတိုးလေး ထွက်နေတယ်..။

အခန်းတံခါး အသာဖွင့်လိုက်တော့ သီချင်းသံက ခြင်ထောင်ထဲက ထွက်နေတာပဲ။ ဘုန်းဘုန်း တပည့်တော် လာပါတယ်ဘုရားလို့ ကျွန်တော်က လျှောက်လိုက်တယ်။ " အဟွတ်.. ဟွတ်.... နောက်နေ့ညမှ လာခဲ့ .. အဟွတ် အဟွတ်.. " လို့ ဘုန်းကြီးက ခြင်ထောင်ထဲက မထွက်ဘဲ ပြန်ပြောတယ်။ ကတ်ဆက်သံ တိတ်သွားတယ်။ ဒါပေမယ့် ခြင်ထောင်ထဲမှာ မီးခိုတွေ အူနေတယ်..။

ခြင်ထောင် ထောင် သီးချင်းဖွင့်ပြီး ဆေးလိပ်ခိုးသောက်နေတာပဲ။

Friday, April 4, 2008

8.2 ဖလက်ရှာလေး ကျွန်တော်

တစ်ပတ်လောက်နေတော့ ရန်ကင်းတောင်အရှေ့ဖက် ရေတံခွန်တောင်ခြေက မန္တလေးစက်မှုတက္ကသိုလ် ဆိုတဲ့ ကျောင်းသစ်ကြီးဆီ သားအဖနှစ်ယောက် ချီတက်ခဲ့ကြတယ်။

အဖေကတော့ ကျောင်းဝင်းထဲရောက် ခနနေပြီး ပြန်သွားခဲ့တယ်။ ဘီဝမ်း ဆောင်မှာ နေရတယ်။ ဟောကြီးထဲမှာ ကုတင်လေးတွေ စီရရီချထားတဲ့ ဟောတိုက် အဆောင်ပဲ။ ကျွန်တော့်ဘေးမှာ ရှမ်းပြည်ဟဲဟိုးက ဇေယျကျော် ဆိုတဲ့ အရှည်ကြီးနေတယ်။

သူနဲ့ကျွန်တော် တစ်ရက်တည်း ကျောင်းရောက်တာပဲ။ သူ့အမေက သူ့ကို လိုက်ပို့တယ်။ ပြန်ခါနီးသူ့အမေက သူ့သားကို ဖက်ငိုတယ်။ အရှည်ကြီးလဲ ငိုတယ်။ သူတို့သားအမိနှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ဖက်ငိုနေတာကြည့်ပြီး ကျွန်တော်အံ့သြနေမိတယ်။

နောက်မှ သိရတယ်။ အရှည်ကြီး ဆယ်တန်းအထိ သူ့အမေက ကျောင်းသွားခါနီးတိုင်း သနပ်ခါးလိမ်းပေး အင်္ကျီဝတ်ပေး လုပ်နေတုံး ဆိုပဲ။ သိပ်ချစ်ကြတယ်။ စီးပွားရေးကလဲ ပြေလည်တော့ လုပ်ပေးနိုင်တာပေါ့။
ကျွန်တော်တို့က မန္တလေးစက်မှုတက္ကသိုလ်ရဲ့ ပထမဦးဆုံး အသုတ်ကျောင်းသားတွေ။ စုစုပေါင်း သုံးရာရှိတယ်။ အမျိုးသမီးက ထုံးစံအတိုင်း နှစ်ဆယ်လောက်ပဲ ပါတယ်။

ကျောင်းသားကျောင်းသူတွေက ဖရက်ရှာလေးတွေ။ ကိုယ့်ထက်အတန်းကြီးတဲ့ စီနီယာဆိုတာကလဲ မရှိဆိုတော့.. တက္ကသိုလ် ကျောင်းသားဘ၀ကို..ကိုယ်ထင်သလို ထင်တိုင်းကြဲကြတယ်။ ကျောင်းသူ လေးတွေကလဲ တက္ကသိုလ်ကျောင်းသူအထာလေးတွေနဲ့ အူတူတူ ကျောင်းသားလေးတွေကို ပညာပေး ချင်ကြတယ်။

တစ်ရက် ကျွန်တော် စာသင်ဆောင်တစ်ရှေ့ကို ခေါင်းငိုက်စိုက်ချပြီး ဖြတ်လျှောက်လာတယ်။ စာသင်ဆောင် လှေခါးထစ်ပေါ်မှာ ကျောင်းသူ ငါးယောက်လောက် စုထိုင်နေတယ်။ ကျွန်တော်က တစ်ယောက်တည်း။ သူတို့အနားအရောက်မှာ..

" ဟေ့.. ဘာရှာနေတာလဲ.. " လို့ သူတို့က မကြားတကြားလှမ်းနောက်တယ်။

ခေါင်းကို ဆတ်ကနဲမော့.. ရီဝေေ၀အကြည့်နဲ့ သူတို့တတွေကို မော့ကြည့်ရင်း..

" ရောင်ပြန်ဟပ်မယ့် အချစ်တွေ လိုက်ရှာနေတာ.. " လို့ ကျွန်တော် ပြန်ပြောလိုက်တယ်။ ပါးစပ် အဟောင်းသားနဲ့ သူတို့တတွေ ကျန်ခဲ့တယ်။

တစ်ယောက်နဲ့တစ်ယောက်လဲ သိပ်ခင်ခင်မင်မင် ရင်းရင်းနှီးနှီးမဖြစ်သေးတော့ တို့ကနိဆိတ်ကနန်း အကဲစမ်းနေကြတဲ့ အချိန်ပေါ့။ နောက်တော့ ကျုတိုရီရယ်တွေ ဖြေရတယ်။ ရူပဗေဒ ကျုတိုရီရယ်ဖြေတော့ တကျောင်းလုံး ကျွန်တော်အမှတ်အများဆုံးရတယ်။

ဆယ်တန်းကျုရှင်ဆရာလုပ်လာတော့ စာက အဆက်မပြတ်ဘူး။ အဲဒါကြောင့် ကျွန်တော့်အတွက် သိပ်အခက်အခဲမရှိဘူး။ အပြိုင်အဆိုင် နည်းနည်းပြင်းထန်တဲ့ ကျောင်းဆိုတော့ ရူပဗေဒ အမှတ်အများဆုံးရတဲ့ ကျွန်တော့်ကို တော်တော်များများ သတိထားမိလာကြတယ်။

အထူးသဖြင့် အမျိုးသမီးတချို့ပေါ့။ တင်တင်ခိုင်ဆိုတဲ့ မိန်းမက ကျွန်တော့်ရဲ့ အဖြေလွှာကို ခန ငှားကြည့်ပါရစေ ခွင့်တောင်းလာခဲ့တယ်။ ကျွန်တော်လဲ ပေးလိုက်တယ်။ အဲဒီကစပြီး သူမနဲ့ကျွန်တော်ခင်သွားခဲ့တယ်။ သူမက မန္တလေးမြို့ပေါ်က။

တစ်ခါတစ်ရံ သူမအိမ်ကို ကျောင်းပိတ်ရက်မှာ ကျွန်တော်ဖုံးဆက်လေ့ရှိတယ်။ ဖုံးနံပါတ်ကို သူမက ပေးထားတယ်။ ကျွန်တော်ကတော့ ကျောင်းသားရေးရာက ကျပ်စေ့ဖုံးကနေ ကမြင်းတာပဲ။ တစ်ခါဆက် တစ်ကျပ်ကျတယ်။

သူမနဲ့ ဖုံးပြောရတာ အရမ်းပျော်ဖို့ကောင်းတယ်..။ ကဲ ရှုလော့..။

"ဟဲလို.. တင်တင်ခိုင်လား.. "

" ဟုတ်ပါတယ်.. "

"ကျွန်တော် ဒီလုံးပါ.. "

"အော်.. ကိုဒီလုံး ပြော.. ဘာကိစ္စရှိလဲ.. "

"အထွေအထူး မရှိပါဘူး.. သတိရလို့ ဆက်လိုက်တာပါ.. "

... ...

" မတင်တင်ခိုင် ရေချိုးထားတာလား.. "

"ရှင်.. ဘာဖြစ်လို့လဲ "

" တယ်လီဖုံးထဲမှာ မွှေးနေလို့.. "

"ကျမ အခုမှ အိမ်သာက ဆင်းလာတာ.. "

"အိမ်သာက ဆင်းလာတာတောင် ဒီလောက်မွှေးနေတယ်.. ရေများချိုးထားရင်.. ဘယ်လောက်မွှေးလိုက်မလဲ မသိဘူး.. "

" သူ.. သိပ်နောက်တာပဲ.. "

" ဟား ဟား ဟား.. "

Wednesday, April 2, 2008

8.3 စော်မျှော်ကုန်းနဲ့ စော်မျှားခြင်:

အမျိုးသားဆောင်ရှေ့မှာ ရေကျော်လေးတစ်ခုရှိတယ်။ ကွန်ကရစ် အတားလေးနဲ့ဆိုတော့ ညနေညနေ ကျွန်တော်တို့ ထိုင်ကြတယ်။ အမျိုးသမီးဆောင်နဲ့ မလှမ်းမကမ်းပေါ့။ စော်မျှော်ကုန်း လို့ နာမည်ပေးထားတယ်။

အမျိုးသမီးဆောင်ရှေ့မှာလဲ.. အလားတူ ရေကျော်လေး တစ်ခုရှိတယ်။ လင်မျှော်ကုန်းလို့ ကွယ်ရာမှာ ကျွန်တော်တို့ ခေါ်ကြတယ်။ မန္တလေးမှာ ဗောဓိကုန်း ပုဏ္ဏားကုန်း ကျီကုန်း စတာတွေ သိပ်များတာကိုး။ လင်မျှော်ကုန်းဖက်မှာ ကျောင်းသူလေးငါးယောက်ထိုင်နေတာမြင်ရင် ကျွန်တော်တို့ ယောင်ပေယောင်ပေနဲ့ ဖြတ်လျှောက်ကြတယ်။ ထမင်းစားပြီး ထမင်းလုံးစီရင်း ငမ်းရင်းပေါ့။

ကျောင်းရေက ထုံးဓါတ်လွန်ကဲ လွန်းလို့ အသားဖြူတဲ့လူတောင် မဲတယ်။ ကျွန်တော်တို့ ကျောင်းသားတော်တော်များများ သနပ်ခါးလူးကြတယ်။ အထူးသဖြင့် ညနေပိုင်းရေမိုးချိုးပြီး ခါးခါးလိမ်း တတ်ကြတယ်။

ကျောင်းသူတွေက.. သူတို့နား ကျွန်တော်တို့ရောက်တာနဲ့ မထိတထိ မကြားတကြား စ တယ်။

" ဟဲ.. ငါ့သနပ်ခါးတုံး ပျောက်သွားပါတယ်.. အောက်မေ့နေတာ.. လက်စသတ်တော့ ဒင်းတို့ လက်ချက်ကိုး.." လို့ နောက်တယ်။

ကျွန်တော်တို့အဖွဲ့က ရုတ်တရက် သူတို့ရှေ့မှာ ရပ်လိုက်ပြီး ပြောတဲ့ ကျောင်းသူကို လက်ညှိုးငေါက်ငေါက်ထိုးပြီး..

"ငါ တယ်.. မပြောလိုက်ချင်ဘူး.. ဟိုတစ်နေ့ကမှ ၀ယ်ပေးထားတာ.. ပျောက်ပြန်ပြီလား.. စည်းကမ်း သိပ်မဲ့တယ်.. " လို့ ပြန်ခွပ်ကြတယ်။

ပြီးမှ အားရပါးရ ရယ်ပြီး ထွက်လာခဲ့ကြတယ်။

တစ်ခါတုံးကလဲ ကျောင်းတွင်းအားကစားပြိုင်ပွဲတွေလုပ်ဖို့ အစည်းအဝေးလုပ်ကြတယ်။ အမျိုးသား ထမင်းစားဆောင်မှာ အစည်းအဝေး ကျင်းပတယ်။ အီးစီတွေနဲ့ ဆရာဆရာမတွေပါတယ်။ အမျိုးသမီးဆောင်က အီးစီ မိန်းကလေး သုံးယောက်နဲ့ အဆောင်မှုး ဆရာမ တစ်ယောက် အစည်းအဝေးတက်တယ်။

အစည်းအဝေးကျင်းပတဲ့ ထမင်းစားဆောင်ကို သွားချင်ရင် ကျွန်တော်တို့ B1 အဆောင်ဘေးလမ်းက သွားရတယ်။ ဆရာမနဲ့ သူ့တပည့်ကောင်မလေး သုံးယောက်လာတာကို မြင်တဲ့.. ကျွန်တော့်တို့ အဆောင်ထဲက.. အောင်သန်းဆိုတဲ့ ငနဲက သူ့ underwear ကို တံခါးကြားကနေ တုတ်နဲ့ထိုးပြီး အပြင်ဖက်လမ်းဖက်ဆီ လှုပ်စိလှုပ်စိလုပ်ပြတယ်။

ဘာလုပ်တာလဲ အောင်သန်းလို့ ကျွန်တော်ကမေးတော့ " စော် မျှား နေတာ " လို့ ပြန်ပြောတယ်။ အောင်သန်းက အတော်ရွှတ်နောက်တဲ့ ကောင်။ ကိုယ်ခန္ဓာက ခပ်သေးသေးဆိုတော့ ကျွန်တော်တို့က အသေးလေးလို့ ခေါ်တယ်။

ဟေ့ကောင် အသေးလေး မလုပ်နဲ့.. တော်ကြာ မိုးမီးလောင်သွားဦးမယ် .. လို့ ကျွန်တော်ကပြောမှ.. သူ့ အောက်ခံဘောင်းဘီကို ပြန်သိမ်းသွားတယ်။


တစ်ခါတစ်လေ ညကြီးမင်းကြီး အားလုံးတိတ်ဆိတ်နေတဲ့အချိန် "ကို စိုးသူ .. ကို စိုးသူ .. " လို့ အောင်သန်း ထ ထ အော်တယ်။ အဆောင်ထဲက လူတွေ ကဘာဖြစ်တာလဲဟ လို့ နားစွင့်တော့မှ..

" နာမည် ခေါ်သံငါကြားတယ်.. " ဆိုတဲ့ ဇော်ဝင်းထွဋ် သီချင်းကို ထ ဆိုတယ်။

ခွေးမသား စိုးသူငါးနှစ်သားလောက်ကတော့ မင်းခန္ဓာကိုယ်လောက်ပဲရှိတယ် လို့ အားလုံးက ၀ိုင်းသမတော့မှ တိတ်တယ်။