Wednesday, July 30, 2008

16.1 မသာနဲ့ ဖဲဝိုင်း

အသုဘချတာနဲ့ စပ်ပြီး ရွာဖက်က ဓလေ့တစ်ခုပြောရဦးမယ်..။ ရွာဖက်မှာ.. အလောင်းဝယ်တာ ခေတ်စားတယ်..။ အလောင်းကောင်ကြီးကို အရောင်းအ၀ယ်လုပ်တာ တော့ မဟုတ်ပါဘူး..။ အလောင်းကို ဗန်းပြပြီး လောင်းကစားသမားတွေက.. ခုနှစ်ရက်ခုနှစ်လီ ဖဲဝိုင်းအကြီးအကျယ်လုပ်လေ့ရှိကြတယ်..။

မသာရှင်တွေကို လောင်းကစားဒိုင်တွေက.. အသုဘစားရိတ်ဘယ်လောက်ပေးမယ်.. ဖဲဝိုင်းလုပ်ခွင့် သူတို့ကိုပေး ဆိုပြီး.. ညှိနှိုင်းလေ့ရှိတယ်..။ အဲဒီလို မျိုး ညှိတာကို.. အလောင်းဝယ်တယ်လို့ ရွာမှာ အလွယ်ခေါ်ကြတယ်..။

မြန်မာ့ရိုးရာဓလေ့အရ.. မသာအိမ်မှာ ဖဲဝိုင်းတစ်ပတ်ထောင်ခွင့်ရှိတယ်..။ အဲဒီလိုမျိုးဖဲဝိုင်းကို ရဲဖမ်းလေ့ မရှိဘူး..။ တကယ့် ဥပဒေထဲမှာကတော့ ဘယ်လိုရှိလည်း မပြောတတ်ဘူး..။ ရွာမှာကတော့ မသာအိမ်က ဖဲဝိုင်းကို ရဲဖမ်းခွင့်မရှိဘူးလို့ နားလည်ထားကြတယ်..။

အလောင်းဝယ်တဲ့ လောင်းကစားဒိုင်က.. အယုတ်အလတ်အမြတ်မရွေး .. ဈေးတူပေးတယ်..။ သူဌေးသေလည်း ဒီဈေးပဲ..။ ဆင်းရဲသားငမွဲသေလည်း ဒီဈေးပဲ..။ သူ့ဖက်ကကြည့်တော့.. သူဌေး ဆင်းရဲသား အရေးမကြီးဘူး..။ ဖဲဝိုင်းက အကောက်ဘယ်လောက်ရမလဲပဲ အရေးကြီးတယ်..။

ဖဲဝိုင်းထောင်ခွင့်ရတာနဲ့ တနယ်လုံးမှာရှိတဲ့.. ဖဲသမားတွေကို ချိန်းတယ်..။ ပြီးတော့ ချိမ့်ချိမ့်သဲသဲ ဖဲဝိုင်းကျင်းပကြတယ်..။ သေတဲ့မသာတိုင်း အလောင်းဝယ်လို့တော့ မရပါဘူး..။ ရောင်းတဲ့သူမှ ရောင်းကြတာပါ..။ များသောအားဖြင့်တော့ မသာစားရိတ်မတတ်နိုင်တဲ့ မျက်နှာမွဲ မသာလေးတွေပဲ ရောင်းလေ့ရှိကြပါတယ်..။

အလောင်းရောင်းတာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား အဖြစ်အပျက်တစ်ခု ပြောရဦးမယ်..။ ရွာအနောက်ပိုင်းမှာ ဦးအောင်ကြည်လို့ ခေါ်တဲ့ အဘိုးကြီးတစ်ယောက်ရှိတယ်..။ သူ့မိန်းမက ဒေါ်လှစိန်..။ သေတာကြာပြီ..။ ဦးအောင်ကြည်က မုဆိုးဖိုကြီး..။ သူ့မှာ သမီးနှစ်ယောက် သားတစ်ယောက်ရှိတယ်..။ တစ်ရက် ဦးအောင်ကြည် အကြီးအကျယ် နေမကောင်းဖြစ်တယ်..။ အသက်ကလည်း ကြီးတော့ အိပ်ရာထဲ ဘုန်းဘုန်းလဲ တော့တာပေါ့..။ ငွေရေးကြေးရေးကလည်း ချို့တဲ့ရှာတော့.. ဆေးလည်း မယ်မယ်ရရ မကုနိုင်..။ တတ်သမျ စွမ်းသမျ ဆေးမြီးတိုနဲ့ ကု ဆိုတော့ အခြေအနေက ပိုပိုပြီးပဲ ဆိုးလာခဲ့တယ်..။

နောက်ဆုံးတော့ သားသမီးတွေကိုယ်နှိုက်က လက်လျော့ထားလိုက်ကြတဲ့အထိပဲ..။ သေမယ့်နေ့ကိုပဲ စောင့်နေကြတော့တယ်..။ ဦးအောင်ကြည်ကြီး သေတော့မှာ.. မနက်လား ညလားပဲ ဆိုတဲ့ သတင်းကလည်း တရွာလုံး ပြောနေကြပြီ..။ အားလုံးက သေမှာပဲ လို့ တထစ်ချ ယုံထားလိုက်ကြတယ်..။

ဖဲသမားတွေကလည်း မျော်တလင့်လင့်ပေါ့..။ အဆိုးဆုံးက အလောင်းဝယ်တဲ့ ၀င်းဖေ..။ ဦးအောင်ကြည် အခြေအနေမကောင်းဘူးလို့ ကြားကတည်းက လူစုထားပြီးပြီ..။ အားလုံးအဆင်သင့် ရယ်ဒီပဲ..။ ဒါပေမယ့် ဖြစ်ချင်တော့ ၀င်းဖေမှာ အပြိုင်အဆိုင်ပေါ်လာတယ်..။ အလောင်းဝယ် ဖဲဝိုင်းထောင်ပြီး ၀င်းဖေ လက်ဖျားငွေသီးနေတာကို မြင်ပြီး ကိုတိုးအောင် ဆိုတဲ့ ရွာသားကလည်း.. ၀င်းဖေလုပ်သလို လိုက်လုပ်လာတယ်..။ သူတို့နှစ်ယောက်က အပြိုင်တွေဖြစ်လာခဲ့တယ်..။

ဦးအောင်ကြည်ကိစ္စမှာတော့ တိုးအောင်ထက် လက်ဦးအောင် ၀ယ်မှ ဖြစ်မယ်လို့ ၀င်းဖေတွေးတယ်..။ ဦးအောင်ကြည်ကလည်း သေဖို့ သေချာနေပြီဆိုတော့.. ဦးအောင်ကြည်ရဲ့ သမီးအကြီး ခင်ဝင်းကြည် နဲ့ ၀င်းဖေ သွားတွေ့တယ်..။ အကယ်လို့များ တိုးအောင် လာညှိရင် လက်မခံဖို့နဲ့ တိုးအောင်ကူမယ့် ငွေထက် သူပိုပေးမယ်လို့ ခင်ဝင်းကြည်ကို ပြောခဲ့တယ်..။ တိုးအောင်ကလည်း အားကျမခံ ခင်ဝင်းကြည်ကို ၀င်းဖေ ပြောသလို ပြောတယ်..။ ဈေးကွက်အပြိုင်အဆိုင်က ပြင်းထန်လာခဲ့တယ်..။

ခင်ဝင်းကြည်တို့ ခမျာလည်း.. ကိုယ့်အဖေမသေသေးဘဲ လာဈေးညှိနေတဲ့ ၀င်းဖေနဲ့ တိုးအောင်ကို စိတ်ဆိုးရ ကောင်းမှန်းတောင် မသိရှာကြပါဘူး..။ အသုဘစားရိတ်အတွက် တနည်းတဖုံ အထောက်အပံ့ဖြစ်တယ်ဆိုပြီး ကျေးဇူးတောင် တင်နေရှာတယ်..။

နောက်ဆုံးတော့ ဈေးကွက်ဆုံးရှုံးမှာကြောက်တာနဲ့ ၀င်းဖေက ခင်ဝင်းကြည်ကို လက်သိပ်ထိုးပြီး ဘယ်လိုမှ မအောက်မေ့ပါနဲ့.. လိုအပ်တာရှိသုံးဖို့ဆိုပြီး ငွေငါးထောင် ပေးတယ်..။ စရံ သဘောဆန်ဆန်ပေါ့..။ ခင်ဝင်းကြည်ကလည်း ယူတယ်..။ အဲဒါကို သိတဲ့ တိုးအောင်က အသုဘစားရိတ်အားလုံးနဲ့ ရက်လည်ဆွမ်းသွတ်သည်အထိ တာဝန်ယူတဲ့အပြင် ဖဲဝိုင်းက ရတဲ့ အကောက် ဆယ်ရာခိုင်နှုန်းပေးဦးမယ် လို့ ခင်ဝင်းကြည်ကို ဈေးဖွင့်တယ်..။

တိုးအောင်ပြောတဲ့ အစီအစဉ်က မငြင်းသာအောင် ဖြစ်နေလေတော့ ခင်ဝင်းကြည် သဘောတူလိုက်တယ်..။ တိုးအောင်နဲ့ သဘောတူလိုက်တာကို ကြားတဲ့ ၀င်းဖေက ပေးထားတဲ့ ငွေငါးထောင် ဒေါ်သတကြီးနဲ့ ပြန်တောင်းတယ်..။ ပေးတုံးက ဘာအနှောင်အဖွဲ့မှ မပါဘဲ ကိုယ့်သဘောနဲ့ကိုယ်ပေးထားတာပဲ ဆိုပြီး ခင်ဝင်းကြည်က ပြန်မပေးဘူး..။

ငွေငါးထောင် ပြန်မရကောင်းလားဆိုပြီး ၀င်းဖေက အလောင်းကြိုရောင်းထားတဲ့ အကြောင်း ရွာထဲ လည်ပြောတယ်..။ အစကတော့ ခင်ဝင်းကြည်နဲ့ သူပဲ တိုးတိုး တိုးတိုး ကြိတ်ညှိနေတာ..။ တိုးအောင် အလောင်း ရသွားပြီဆိုမှ.. မစားရတဲ့အမဲ ၀င်းဖေ သဲနဲ့ ပက်တာပဲ..။

ဓလေ့တစ်ခုလို ဖြစ်နေပေမယ့်လည်း.. မသေသေးတဲ့ မိဘကို ကြိုရောင်းသလိုမျိုး ဖြစ်သွားခဲ့ရတာကို တရွာလုံးက နှာခေါင်းရှုံ့ကြတယ်..။ ခင်ဝင်းကြည်ကတော့ ဘယ်သူတွေ ဘာပြောပြော ဂရုမစိုက်ပါဘူး..။ အဲ.. ဒါပေမယ့် ဖြစ်ချင်တော့.. ဦးအောင်ကြည်က မသေဘဲ.. နေပြန်ကောင်းလာခဲ့တယ်..။

ယနေ့အထိ.. တုတ်ကောက်တစ်ချောင်းနဲ့ ရွာမှာ ဦးအောင်ကြည် ဟိုဟိုဒီဒီ လျောက်သွားနေဆဲ ပေါ့..။

Tuesday, July 29, 2008

16.2 သုံးဆယ့်တစ်ဘုံ ဆမိတ်ခုံ

မန္တလေးနဲ့ ပတ်သက်ပြီး ဆိုရိုးတစ်ခု ရှိခဲ့ဘူးတယ်..။ ပျင်းပျော်ပျက်ပြေး မန္တလေး လို့ ကျွန်တော်တို့ငယ်စဉ် က ကြားဖူးတယ်..။ မန္တလေးရောက်စမှာ ပျင်းမယ်..။ ပြီးရင်ပျော်လာမယ်..။ နောက်တော့ ပျက်စိးပြီး.. မန္တလေးကနေ ထွက်ပြေးတာနဲ့ အဆုံးသတ်မယ်လို့ ဆိုလိုတာပဲ..။ ( မောင်ကယ်လ်ဗင် ဟုတ်လား.. )

ကျွန်တော်တို့ ရွာကိုတော့.. သုံးဆယ့်တစ်ဘုံ ဆမိတ်ခုံ လို့ ခေါ်ကြတယ်..။ ရွာရဲ့ နာမည်အမှန်က.. ဆီမီးခုံ..။ ဒါပေမယ့် ဖတ်တော့အသံ ဆိုတဲ့ အတိုင်း.. ဆမိတ်ခုံ လို့ပဲ ပြောကြညွှန်းကြတယ်..။ ဆမိတ်ခုံလို့ ပြောမှပဲ နားလည်ကြတယ်..။ ရေးရင်တော့ ဆီမီးခုံ ပေါ့..။

ရွာမှာ.. လူပေါင်းစုံ အလွှာပေါင်းစုံ အကျင့်စရိုက်ပေါင်းစုံ ရှိတယ်..။ အဲဒါကြောင့်ပဲ သုံးဆယ့်တစ်ဘုံ ဆမိတ်ခုံလို့ ခေါ်တာ..။ ရွာသမိုင်းနဲ့ ပတ်သက်လို့ ကြီးကြီးကျယ်ကျယ်ပြောရရင်တော့.. သမိုင်းကြောင်းတို့ ထုံးစံအတိုင်း အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်လည်တာက စပြောရမှာပဲ..။

အဲဒီမင်းကြီးက လက်ညှိုးညွှန်ရာ ရေဖြစ်တယ်လို့ .. မြန်မာ့သမိုင်းမှာ.. နာမည်ကြီးတယ်..။ (အခုအချိန်အထိ အသက်ရှင်နေရင်ကောင်းမှာ.. သူ့ကို ရေအရင်းအမြစ်ဌာနမှာ.. ခန့်ရမယ်..) အဲဒီလက်ညိုးညွှန်ရာ ရေဖြစ်တဲ့ မင်းကြီးက ဖောင်စကြာကြီးစီးပြီး တိုင်းခန်းလှည့်လည်သတဲ့..။ ပြီးတော့ ဘာအကြောင်းနဲ့မှန်းမသိဘဲ.. သူ့ဖောင်တော်ကြီးပေါ်မှာ.. ဆီမီးတစ်ထောင် ထွန်းညှိသတဲ့..။ အဲဒီလို ထွန်းညှိထားတဲ့ ဆီမီးတွေက.. ကျွန်တော်တို့ ရွာဖြစ်မယ့် နေရာကို ဖောင်တော်အရောက်မှာ.. ငြိမ်းသွားသတဲ့..။

အဲဒီမှာ.. သူ့ထွန်းတဲ့ ဆီမီးကုန်သွား (ငြိမ်းသွား) တဲ့ နေရာကို.. '' ဆီမီးကုန် '' ဆိုတဲ့ နာမည်နဲ့ ရွာတည်စေလို့ အလောင်းစည်သူမင်းကြီးက မိန့်တော်မူသတဲ့..။ အဲဒီကနေ.. ဆီမီးကုန် ဆိုတဲ့ ရွာ ဖြစ်လာသတဲ့..။ နောက်တော့ (ထုံးစံအတိုင်း) ကာလရွေ့လျောပြီး.. ဆီမီးကုန်က နေ ဆီမီးခုံ လို့ ဖြစ်လာသတဲ့..။

ယုံချင်ယုံမယုံချင်နေ.. ကျွန်တော်မှတ်သားခဲ့ရတဲ့ ရွာသမိုင်းကြောင်းကတော့.. အဲဒီအတိုင်းပဲ..။ အဲ ဒါပေမယ့်.. ရွာနဲ့ ပတ်သက်လို့.. ထင်ရှားတဲ့.. သမိုင်းကြောင်းကတော့.. ဥမ္မာဒန္တီပျို့ကို ရေးတဲ့ စာဆိုတော် ဦးရွှန်းဆိုတာ သူ့ခေတ်သူ့အခါက.. ကျွန်တော်တို့ရွာကို အပိုင်စားရတဲ့ ရွာစား..။ ဦးရွှန်းအပိုင်စားရတဲ့ ရွာက ကျွန်တော်တို့ရွာအပါအ၀င် သုံးရွာရှိတယ်..။ ကျွန်တော်တို့ရွာနဲ့ မြစ်ခြားတဲ့ သာထွန်း ဆိုတဲ့ ရွာရယ်.. ကျွန်တော်တို့နဲ့ မြစ်တစ်ဖက်ကမ်းထဲက ငါ့နန်း ဆိုတဲ့ ရွာရယ်ပေါ့..။ ငါ့နန်း ဆိုတာကြီးကလည်း တမျိုးကြီးနော်..။ ( စကားပြောရင်တော့ ငနန်းလို့ ပဲ ပြောကြပါတယ် )

ကျွန်တော်တို့ရွာရဲ့ မြစ်ညာဖက်မှာ.. ငါန်းမြာကြီး ဆိုတဲ့ ရွာရှိတယ်..။ '' တံတားဦးက ကွမ်းနုဝါ၊ ငါန်းမြာက ဆေး၊ ကိုင်းထုံး ပြည်ရှား နဲ့ သာဝါးလို့ ထွေး '' ဆိုတဲ့.. သံပေါက်ထဲက.. ငါန်းမြာပေါ့..။ ရွာရဲ့ မြစ်ကြေ( အောက် ) ဖက်မှာတော့.. မြန်မာ့သမိုင်းမှာ ရန္တပို စာချုပ်လို့ နာမည်ကြီးတဲ့.. ရန္တပို ရွာလေးရှိတယ်..။

အားလုံးက ဧရာဝတီ မြစ်တကြောက ရွာတွေပေါ့..။

အဲဒါက.. သမိုင်းကြောင်းနဲ့ ဆက်နွယ်ပြီး လျောက်ပြောကြည့်တာ..။ ကျွန်တော်ရွာမှာရှိတဲ့ အချိန်.. တနည်းအားဖြင့် ကျွန်တော်တို့ခေတ်မှာကျတော့.. ရွာနဲ့ပတ်သက်တဲ့ ဆိုရိုးက တမျိုး ဖြစ်သွားပြီ..။

'' မိန်းမလိုချင် ဆမိတ်ခုံဝင်၊ ရလိုရငြား သာထွန်းသွား၊ မရအဆုံး နေပူကုန်း '' တဲ့..။

သာထွန်း နဲ့ နေပူကုန်း ဆိုတာတွေက.. မြစ်အနောက်ဖက်ကမ်းက ရွာတွေ..။ ကျွန်တော်တို့ ရွာက မြစ်အရှေ့ဖက်ကမ်းကရွာ..။ ပုဝါပါးနဲ့ ကြက်သားထုတ်တဲ့ ရွာသူတွေ များလာလို့ ပေါ်ပေါက်လာတဲ့ ဆိုရိုးပေါ့..။ တနယ်တကျေးက မိန်းမလိုချင်တဲ့သူတွေ.. ကျွန်တော်တို့ ရွာကို အရင်ဝင်ပါ.. မိန်းမရဖို့ သေချာသလောက်ပဲလို့ ဆိုလိုတာပါ..။ အကယ်လို့များ ကျွန်တော်တို့ရွာမှာမှ မိန်းမမရရင် မြစ်တဖက်ကမ်းကူးပြီး သာထွန်းဆိုတဲ့ ရွာကို သွား၊ အဲဒီရွာကမှ မရလို့ကတော့ နေပူကုန်းဆိုတဲ့ ရွာမှာ သေချာပေါက် ရကိုရတယ်လို့ ရွာဖက်မှာ ပြောလေ့ရှိကြတယ်..။

.. .. .. .. .. .. .. .. .. ..

အဲဒီဆိုရိုးက.. ရွာကို သဘောင်္ပျက်ဖော်တဲ့ သူတွေ ရောက်လာတာကနေ ပေါ်လာတာပဲ..။ ကျွန်တော်တို့ရွာနားက မြစ်ထဲမှာ.. ရေအောက်မြုပ်နေတဲ့ သဘောင်္ပျက်တော်တော်များများ ရှိတယ်..။ ဒုတိယကမ္ဘာစစ်က မြုပ်တာလိုလို.. မဟာမိတ်တပ်တွေပိုင်တဲ့.. ရွှေချောင်းတွေသယ်လာတဲ့ သင်္ဘောတွေ မြုပ်သွားတာလိုလို.. ကောလဟလ တွေ တပုံကြီးပေါ့..။ ဘယ်သူမှတော့ သေချာမသိပါဘူး..။ ဒီလိုပဲ ထင်ရာပြောနေကြတာပဲ..။

အလောင်းစည်သူမင်းကြီး လက်ညှိုးအထိုးလွန်လို့ ရေတွေကြီးပြီး သူစီးလာတဲ့ဖောင်စကြာကြီးတောင် ရွာနားမှာ မြုပ်သွားခဲ့တယ်လို့ မပြောတာပဲ တော်သေးတယ်..။

ဒါပေမယ့်.. ဘယ်တုံးက ဘာတွေ သယ်လာတဲ့ သဘောင်္တွေမှန်းသာ မသိတာ.. ရွာနားမှာ.. ရေအောက်မြုပ်နေတဲ့ သဘောင်္သုံးလေးစီးရှိတာတော့ သေချာတယ်..။ ကျွန်တော်တို့မျက်စိရှေ့မှာတင် သင်္ဘောပျက်ဖော်တဲ့သူတွေ ဖော်တင်သွားတဲ့ သင်္ဘောသုံးစီး ရှိတယ်..။ သူတို့တတွေ.. လူတွေပြောနေသလို.. သင်္ဘောပျက်ထဲက ရွှေချောင်းတွေ တကယ်ရမရတော့ မသိဘူး..။ ရွာသူ လေးငါးယောက်တော့ သူတို့နဲ့ ညားသွားခဲ့တယ်..။

သင်္ဘောပျက်ဖော်တဲ့အလုပ်က နှစ်ချီကြာတယ်..။ မြင်မြင်ချင်းတောင် ချစ်ကြသေးတာဆိုတော့.. တစ်နှစ်လောက် ဆိုတဲ့ အချိန်ဟာ.. တူနှစ်ဖြာရွှေဂဟေဆက်ဖို့ သိပ်လုံလောက်တာပေါ့..။ ရွာနားက သင်္ဘောပျက်ဖော်ပြီးတော့.. သာထွန်းနားက သင်္ဘောပျက်ကို ဖော်..။ နောက်ဆုံးသင်္ဘောက.. နေပူကုန်းရွာနားမြုပ်နေတဲ့ သင်္ဘော..။

ရွာနား သင်္ဘောဖော်တုံးက မစွံတဲ့ လူက.. သာထွန်းမှာ စွံ..။ သာထွန်းမှာ မစွံတဲ့သူက နေပူကုန်းမှာ.. မိန်းမရ..။ အဲဒီကနေ..'' မိန်းမလိုချင် ဆမိတ်ခုံဝင်၊ ရလိုရငြား သာထွန်းသွား၊ မရအဆုံး နေပူကုန်း '' လို့ .. ပြောစမှတ်ကို တွင်ရော..။

Monday, July 28, 2008

16.3 မွတ်တာ စစ်နှဲ့ပါ

သင်္ဘောဖော်တဲ့အဖွဲ့သားတစ်ယောက် ပေးတဲ့ ရည်းစားစာတစ်စောင်အကြောင်း ပြောရဦးမယ်..။ သင်္ဘောဖော်တဲ့အဖွဲ့ထဲက စိုးလွင်ဆိုတဲ့ကောင်က ကျွန်တော်တို့ရွာက မစိန်ရှင်ဆိုတဲ့ အမကြီးကို ကြိုက်တယ်..။ မစိန်ရှင်တို့က ရွာမှာ အလယ်အလတ် ရွှေမရှားငွေမရှား..။ စိုးလွင်က.. စာမတတ်ပေမတတ်.. ငမွဲ..။ (ဒါပေမယ့် ရေငုပ်တော့ကျွမ်းတယ်)

မစိန်ရှင်တို့က.. ဈေးထဲမှာ.. ဆန်ဆီ ရောင်းတယ်..။ စိုးလွင်တို့က တစ်ပတ်နှစ်ခါလောက် ကုန်းပေါ်တက်ပြီး ဆန်ဆီ အခြောက်အခြမ်း ဈေးလာဝယ်လေ့ရှိတယ်..။ လာတိုင်း မစိန်ရှင်တို့ဆိုင်မှာ.. ဆန်ဝယ်တယ်..။ ဖောက်သည်တွေပေါ့..။ တွေ့ပါမြင်ပါများတော့.. စိုးလွင်က မစိန်ရှင်ကို ခိုက်သွားတယ်..။

အဲဒီလိုနဲ့ နှလုံးသွေးတွေနဲ့ တည်ဆောက်ထားတဲ့ ခံစားချက်တွေကို စိုးလွင် ကြိုးစား စာစီတယ်..။ အခွင့်သာရင် မစိန်ရှင်ကို ပေးမယ်ပေါ့..။

တစ်ရက် ထုံးစံအတိုင်း စိုးလွင် ဆန်ဝယ်တယ်..။ မစိန်ရှင်အတွက် ချစ်သ၀ဏ်လွှာကိုလည်း လစ်ရင်ပေးဖို့.. လက်ထဲမှာ ဆုပ်ထားတယ်..။ ဒါပေမယ့် နဖူးတွေ့ဒူးတွေ့ကျတော့ စိုးလွင်ကြောက်နေတယ်..။ နောက်ဆုံး မထူးဘူးဆိုပြီး.. မစိန်ရှင် တဖက်အလှည့်မှာ.. စာကို ဆန်ပုံထဲ ထိုးထည့်ပြီး စိုးလွင်လစ်တယ်..။

ကံဆိုးချင်တော့.. စိုးလွင်ရဲ့ စာကို မစိန်ရှင်က မတွေ့ဘဲ.. သူ့အမေ ဒေါ်ခင်မြက ဆတုတ်မွှေရင်း တွေ့သွားတယ်..။ (ဆန်ချင်တဲ့အခါ ပြည်တောင်း တင်းတောင်းရဲ့ မျက်နှာပြင်သပ်ချတဲ့ တုတ်ကို ဆတုတ်လို့ ကျွန်တော်တို့အရပ်မှာ ခေါ်တယ်.. )

အဲဒီစာက ရွာမှာတော့ ပြောမဆုံးပေါင် တောသုံးတောင် ဟိုးလေးတကြော်ကြော် ဖြစ်သွားခဲ့ရတယ်..။ စိုးလွင်က စာကောင်းကောင်းမရေးတတ်လေတော့.. စာလုံးပေါင်းတွေကမှား.. တင်စားချက်ကတွေ သောက်တလွဲ.. အမြီးအမောက်မတည့် ဖြစ်ကုန်ရှာတယ်..။

မစိန်ရှင် ရဲ့ နာမည်တောင် မှန်အောင် မပေါင်းတတ်ရှာဘူး..။

စာအစမှာ.. ချစ်ရတဲ့ မစိန်ရှင် လို့ ရေးချင်ဟန် တူပါတယ်..။ ဒါပေမယ့် တကယ့်စာထဲမှာက '' ချွစ်ရတဲ့ မစိနရှ '' တဲ့..။

'' မစိနရှ ကို ချွစ်တာ မွတ်တာ စစ်နှဲ့ပါ '' တဲ့..။ (ချစ်တာ မေတ္တာစစ်နဲ့ပါ လို့ ရေးတာ )
ကုဋေကုဋာမက ချစ်နေမှာပါ ဆိုတာကိုကျတော့.. '' ဣဌနာဣဌနာ မက ချွစ်နေမှာပါ '' လို့ ရေးထားတယ်..။

နောက်ဆုံးမှာတော့.. '' ကို ချွစ် တာကို လာ ခံ ရင် လူကြီ စုံရာနဲ့ လာတောင် မယ် '' ဆိုပြီး အဆုံးသတ် ထားတယ်..။

အဲဒီစာကို မစိန်ရှင်အမေ ဒေါ်ခင်မြကြီးက ဘေးဆိုင်က မုန့်ဟင်းခါးသည် ဒေါ်တင်အေးကို ပေးဖတ်တယ်..။ ဒေါ်တင်အေးက.. မောင်းထုလိုက်တာ.. တစ်ရွာလုံးသိရော..။

( မောင်ကယ်လ်ဗင် တို့ ကဖိုးသား တို့ မောင်နား တို့ ကိုရင်ရမ်း တို့ တတွေလည်း.. ကောင်မလေးကို တကယ်ချွစ်ရင် လူကြီစုံရာ နဲ့ ကောင်မလေးအိမ် သွား တောင် ကြပါလား )

Sunday, July 27, 2008

16.4 တဖက်သတ်သိန်းဝင်း

မုန့်ဟင်းခါးသည် ဒေါ်တင်အေး ဆိုလို့ ပြောရဦးမယ်..။ သူ့မှာ သိန်းဝင်းလို့ ခေါ်တဲ့ သားတစ်ယောက်ရှိတယ်..။ တစ်ရွာလုံး သူမကြိုက်ဖူးတဲ့ မိန်းကလေး မရှိသလောက်ပဲ ..။ တဖက်သတ်သိန်းဝင်းလို့ ကျွန်တော်တို့က နာမည်ပြောင်ပေးထားတယ်..။ အားလုံး သူက တဖက်သတ်ကြိုက်တာချည်းပဲ..။ ဘယ်သူမှ ပြန်မကြိုက်ပါဘူး..။

ဒါတောင်.. ကျမသားကသိပ်ပွေတာ ၊ မျက်နှာများလွန်းလို့.. စိတ်ညစ်ပါတယ်လို့ ဒေါ်တင်အေးက အကြောင်း သင့်တိုင်း ငြီးတာလိုလို ကြွားတာလိုလို ပြောတတ်သေးတယ်..။ တစ်ဦးတည်းသော သား ဆိုတော့လည်း.. မြှောက်တွေး တွေးပြီး ပြောတာနေမှာပေါ့..။

သိန်းဝင်းကလည်း ဇမသေးဘူး..။ သူတဖက်သတ်ကြိုက်နေတဲ့ ခင်လှ မန္တလေးဈေးဝယ်သွား တာကို သူနဲ့ ထွက်ပြေးပါပြီဆိုပြီး လုပ်ကြံသတင်းလွှင့် တယ်..။ ရွာကနေ မန္တလေးကို သွားကြရင်.. အနည်းဆုံး နှစ်ညသုံးညအိပ် သွားကြတာဆိုတော့.. ထင်မယ်ဆိုလည်း ထင်စရာပဲ..။ တယ်လီဖုန်းမရှိ ဘာမရှိဆိုတော့.. ခင်လှ ပြန်မလာမချင်း တစ်ရွာလုံး သို့လောသို့လောပေါ့..။ သိန်းဝင်းကလည်း.. ခင်လှနဲ့တပြိုင်နက် ရွာကပျောက်သွား လေတော့.. ဟုတ်များဟုတ်နေပြီလားလို့ တချို့လည်း တွေးနေကြတာပေါ့..။

အချိန်တန်တော့ ခင်လှလည်း မန္တလေးကနေပြန်လာ..။ သိန်းဝင်းလည်း တခြားရွာသွားရှောင်နေတာကနေ ပြန်လာ..။ ကျွန်တော်တို့နှစ်ယောက် ထွက်ပြေးတယ်လို့ ဘယ်သူ မဟုတ်တယုတ် သတင်းလွှင့်တာလဲ လို့ မောင်မင်းကြီးသားကတောင် အတည်ပေါက်နဲ့ ရန်ရှာချင်သေးတယ်..။

ကျမသားကို သွားပုပ်လေလွှင့် ပြောတဲ့သူတွေ ကျမနဲ့ တွေ့မယ်လို့ ဒေါ်တင်အေးကပါ အကဲဝင်ပိုလိုက်သေးတယ်..။

အဲဒီလောက်နဲ့ပြီးသွားလားဆိုတော့ မပြီးသေးဘူး..။ ညည ခင်လှတို့အိမ်နားမှာ.. လူတစ်ယောက်က.. '' ဒေါ်တင်အေးသား သိန်းဝင်းက ခင်လှကို ကြိုက်လို့ပါတဲ့ဗျို့.. '' ဆိုပြီး အော်အော်ပြေးတဲ့ သတင်းက ထွက်လာပြန်တယ်..။ လျပ်စစ်မီးမရှိ လမ်းမီးမရှိဆိုတော့.. ဘယ်သူအော်ပြေးမှန်း မသိဘူးပေါ့..။

ဒေါ်တင်အေးကတော့ သူ့သားကို နာမည်ဖျက်ရကောင်းလားဆိုပြီး စိတ်တွေဆိုးနေရှာတယ်..။ သိန်းဝင်းကတော့ အော်ပြေးတဲ့ကောင် မိလို့ကတော့ နုတ်နုတ်စင်းပစ်မယ် လို့ ကြိမ်းတယ်..။

ခင်လှတို့ဖက်ကလည်း.. တစ်ခါကနှစ်ခါဆိုတော့.. သည်းမခံနိုင်တော့ဘူး..။ တစ်ည.. '' ဒေါ်တင်အေးသား သိန်းဝင်းက ခင်လှကို ချစ်လို့ပါတဲ့ဗျို့ '' လို့ အသံကြားတာနဲ့ ခင်လှတို့ ဆွေမျိုးတတွေ .. အော်တဲ့ကောင်ကို ၀ိုင်းဖမ်းကြတယ်..။

ကွိကနဲ မိတယ်..။ အဲဒီတော့မှ.. ညတိုင်းလာလာအော်နေတာ.. သိန်းဝင်းကိုယ်တိုင် ဖြစ်နေမှန်း သိကြရတယ်..။

ရွာမှာတစ်လ လောက် ပြောမပြီးတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားခဲ့ရတယ်..။

ဒါတောင် ဒေါ်တင်အေးက လေသံ သိပ်လျော့ ချင်တာ မဟုတ်ဘူး..။ အပျို လူပျို ချစ်တယ်ကြိုက်တယ် ပြောတာ အစမ်းလုပ်လို့.. သိန်းဝင်းက ခင်လှကိုကြိုက်တာ ရာဇ၀တ်မှုမှ မဟုတ်တာ.. လို့ ဟောင်ဖွာ ဟောင်ဖွာလုပ်နေသေးတယ်..။

သိန်းဝင်းအဖေ ဦးတင်လေးကတော့ ငါ့သားရာ မင်းမို့ အရှက်မရှိကွာ လို့ မချင့်မရဲ ပြောရှာတယ်..။ ဦးတင်လေးက လူရိုးကြီး..။ သူ့သားကိုလည်း သိပ်ချစ်ရှာတယ်..။ သူ့သားဘာလုပ်လုပ် ဆူတာငေါက်တာ မရှိသလောက်ပဲ..။ အမေလုပ်တဲ့ ဒေါ်တင်အေးကလည်း.. သိန်းဝင်းကို အလိုလိုက်ထားလေတော့ ကျားအတောင်ပံ တပ်ပေးထား သလို ဖြစ်နေတော့တာပေါ့..။

သိန်းဝင်းက ဆယ်တန်းကို တဘုန်းဘုန်းကျတယ်..။ အောင်တဲ့ အသံလည်း အခုထိ မကြားပါဘူး..။ အပြင်ဖြေ ဖြေရင်း အခန်းစောင့် ဆရာမနဲ့ အကြီးအကျယ် ကွိုင်တက်လို့ ကြားထဲမှာ.. သုံးနှစ်လောက် နားလိုက်ရသေးတယ်..။ သိန်းဝင်းဆယ်တန်းအပြင်ဖြေ ဒုတိယနှစ်မှာ.. ဒေါ်ညွန့်ညွန့်ဆိုတဲ့ အပေါက်ဆိုးဆိုး ဆရာမ အခန်းစောင့်ကျတယ်..။

အဲဒီဆရာမက အဖမ်းအဆီးမှာ.. ဆာပုလင်းနှင်းမောင်ထက်သာတယ်..။ သိန်းဝင်းကလည်း.. ရွတ်တွတ်တွတ် ဆိုတော့ တွေ့ကြတာပေါ့..။ သိန်းဝင်းက ခိုးမလို့ စာရွက်တစ်ရွက် ဒေါ်ညွန့်ညွန့် အလစ် ထုတ်တယ်..။ ပထမဆုံး စာကြောင်းတောင် ပြီးအောင် မကူးရသေးဘူး.. ဒေါ်ညွန့်ညွန့်လက်ထဲ အဲဒီစာရွက်ပါသွားတယ်..။ နောက်တစ်ရွက် သိန်းဝင်း ထပ်ထုတ်တယ်..။ လယ်ထဲက ကြွက် သိန်းငှက် ကုတ်တာကမှ.. နှေးအုံးမယ်..။ ကြည့်တောင် မကြည့်ရသေးဘူး.. ဒေါ်ညွန့်ညွန့်လက်ထဲ ပါသွားပြန်တယ်..။

ထုတ်လိုက် .. ပါသွားလိုက် နဲ့ ကြာတော့.. သိန်းဝင်း မခံစားနိုင်တော့ဘူး..။ မေးခွန်းထဲ ပါသမျ စာရွက်ကလည်း ဒေါ်ညွန့်ညွန့် သိမ်းလို့ ကုန်ပြီ..။ ခိုးဖို့ ယူလာတဲ့ စာရွက်လက်ကျန်တွေကလည်း.. မေးတဲ့ ထဲမှာ မပါလေတော့.. အပိုလို ဖြစ်သွားပြီ..။ စိတ်ဓါတ်ကျကျနဲ့ သေးပေါက်သွားမယ် လို့ သိန်းဝင်း ထ ခွင့်တောင်းတယ်..။

ဒေါ်ညွန့်ညွန့်ကလည်း.. မယုံသင်္ကာဆိုတော့.. အိမ်သာကို ကိုယ်တိုင်လိုက်ပို့တယ်..။ နဂိုရ်ကမှ စိတ်တိုနေတာ ဆိုတော့.. သိန်းဝင်းက အိမ်သာထဲမ၀င်ဘဲ အပြင်ဖက်မှာ.. ဒေါ်ညွန့်ညွန့်ဖက်လှည့် ပုဆိုးလှန်ပြီး သေးကော့ပန်းပါလေရော..။

ဟယ်.. ယုတ်မာလိုက်တာ ဆိုပြီး အပျိုကြီး ဒေါ်ညွန့်ညွန့် မျက်စိမျက်နှာပျက်ပြီး တချိုးတည်း ပြန်ပြေးပါလေ ရော..။ သိန်းဝင်းလည်း စာမေးပွဲဖြေခွင့် သုံးနှစ်အပိတ်ခံလိုက်ရတယ်..။

အိမ်သာနားမှာ.. မတော်တရော် လုပ်ပြတာကြောင့် သုံးနှစ်အပိတ်ခံရတာမဟုတ်ဘူး..။ ရင်တုန်ပန်းတုန်ဖြစ်နေတဲ့ အပျိုကြီး ဆရာမကို.. စာမေးပွဲခန်းထဲ ပြန်ရောက်ရောက်ခြင်း သိန်းဝင်း က လက်ဆွဲလို့ ပြဿနာကြီးသွားတာ..။ ကြည့်ရတာ သိန်းဝင်းလည်း မထူးဇာတ်ခင်းဟန်တူပါတယ်..။

အိမ်သာကနေ စပ်ဖြီးဖြီး မျက်နှာ နဲ့ သိန်းဝင်းပြန်လာတယ်..။ ဒေါ်ညွန့်ညွန့်ကတော့ သူ့အနားကို မလာတော့ဘူး..။ ဒါပေမယ့် သိန်းဝင်းက အခန်းရှေ့မှာ ရပ်နေတဲ့ ဒေါ်ညွန့်ညွန့်ဆီ ထသွားတယ်..။ လက်ထဲမှာက.. ခိုးဖို့ယူလာတဲ့ စာရွက်စာတမ်း လက်ကျန် တထပ်ကြီးကိုင်လို့ ပေါ့..။ အခန်းထဲမှာ ရှိတဲ့ ကျောင်းသား.. ကျောင်းသူတွေကလည်း သိန်းဝင်း ဘာများလုပ်မှာလည်းလို့ ကြည့်နေကြတယ်..။

မျက်စိမျက်နှာပျက်နေတဲ့ ဒေါ်ညွန့်ညွန့် လက်ကို သိန်းဝင်း ဆတ်ကနဲ ဆွဲလိုက်တယ်..။ ကြောက်အားလန့်အားနဲ့ ဆုပ်ထားတဲ့ ဒေါ်ညွန့်ညွန့်ရဲ့ လက်သီးဆုပ်ကို.. လက်ချောင်းတစ်ချောင်းခြင်း အတင်းဖြည် ပြီး.. သူ့လက်ထဲက ခိုးရာပါ စာရွက်တွေကို '' ရော့.. အင့် .. အင့် ..ဒါ အကုန်ပဲ '' လို့ ထိုးထည့်ပြီး သိန်းဝင်း ချာကနဲ လှည့်ထွက်သွားတယ်..။

အတန်းထဲက ရှိသမျလူအားလုံး.. ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့ကြတယ်..။ ငါးစက္ကန့်လောက် မှင်သက်မိနေရာကနေ.. အိကနဲ ငိုပြီး ဒေါ်ညွန့်ညွန့်လည်း ထွက်သွားတယ်..။ ခနနေတော့ ကျောင်းအုပ် ဆရာကြီးနဲ့ တာဝန်ရှိတဲ့သူတွေရောက်လာခဲ့ကြတယ်..။

အဲဒီလိုနဲ့ ဦးတင်လေး ဒေါ်တင်အေးတို့၏ သားလှရတနာ ရင်နှစ်သည်းချာ မောင်သိန်းဝင်း အား အခြေခံပညာ အထက်တန်းစာမေးပွဲ ဖြေဆိုခွင့် သုံးနှစ် ရပ်နားလိုက်သည် ဆိုတဲ့.. အမိန့် ထွက်လာခဲ့တော့တယ်..။ ဒေါ်တင်အေးကတော့ ထုံးစံအတိုင်း ဆယ်တန်းအောင် ဘွဲ့ရတော့ အစိုးရကျွန်ပဲ ဖြစ်မှာပေါ့.. ဆယ်တန်းမအောင်တော့ ဘာအရေးလဲ လို့ သူ့သားကို မဆုံးမတဲ့အပြင်.. ထောက်ခံသယောင်ယောင် လုပ်နေသေးတယ်..။

လူဖြောင့် စိတ်တို .. လူရိုးကြီး ဦးတင်လေးကတော့.. ဒေါသတကြီးနဲ့ သိန်းဝင်းကို အိမ်မှာမနေနဲ့လို့ နှင်ချတယ်..။ သိန်းဝင်းကလည်း.. ဟုတ်ကဲ့ ဆိုပြီး ချက်ခြင်းဆင်းဖို့ အထုပ်အပိုးပြင်တယ်..။ ဒါပေမယ့် အိမ်တံခါးဝနားတောင် သိန်းဝင်းမရောက်ပါဘူး..။ ဦးတင်လေးက သိန်းဝင်းလက်ကိုဆွဲပြီး.. '' ငါ့သား ရာ အဖေပြောဆိုဆုံးမခဲ့တာတွေ တစ်ခုမှ မင်းနားမထောင်ခဲ့ပါဘူး.. အိမ်ပေါ်ကဆင်း ဆိုတာကျတော့မှ ဟုတ်ကဲ့ တဲ့လား.. နားထောင်စရာရှားလို့ ငါ့သားရာ '' လို့ ပြောပြီး ငိုတယ်..။

ဒေါ်တင်အေးကလည်း.. သားလေး ဘယ်မှ မသွားရဘူးလို့ ပြောရင်း.. ငိုတဲ့ပွဲထဲ ၀င်လာတယ်..။ ဆယ်မိနစ်လောက် .. သားအမိသားအဖ သုံးယောက် ကြိတ်ငို အော်ငို ရှိုက်ကြီးတငင်ငိုပွဲဆင်ပြီး တဲ့ နောက်မှာ တော့.. အရာအားလုံး ပိုနေမြဲကျားနေမြဲ ပြန်ဖြစ်သွားပါတော့တယ်..။


အချစ်ဆိုတာ.. ဆန်းကြယ်တယ်လို့ ပြောကြတယ်..။ ဘယ်ပုံဘယ်နည်း ဆန်းကြယ်တယ် မပြောတတ်ပေမယ့်.. နည်းနည်းတော့ ..ပုံမှန်မဟုတ်ဘူးလို့ ထင်မိတယ်..။ ဒါမှမဟုတ်.. အိမ်ထောင်ရေးနဲ့ အချစ်ကို ကျွန်တော်မခွဲခြားတတ်တာလားတော့ မသိဘူး..။

ရပ်ကျော်ရွာကျော် သိန်းဝင်း.. နောက်ဆုံးတော့ ကြိုက်လို့ပါတဲ့ဗျို့ လို့ ညည သူသွားသွားအော်နေတဲ့ ခင်လှ နဲ့ အဟုတ်ညားသွားတယ်..။ ခါးခါးသီးသီး မုန်းနေတဲ့ ခင်လှရဲ့ နှလုံးသားမှာ.. သိန်းဝင်းအတွက် အချစ်တွေ ဘယ်လို ပေါက်ဖွားသွားခဲ့တာလဲ ဆိုတာတော့ မယ်မင်းကြီးမ မှ သိမှာပဲ..။

Saturday, July 26, 2008

16.5 သိန်းဝင်းနဲ့ခင်လှ

အချစ်ဆိုတာ.. သေချာတွေးကြည့်တော့.. ပဲလှော်တစ်ထုပ် ဖောက်စားသလိုပါပဲ..။

စ စားခါစမှာတော့.. ထွားပေ့အောင်ပေ့ကြီးပေ့ ဆိုတဲ့.. ပဲလှော်စေ့ကို ရွေးစားကြတာပဲ..။ စုန်းပြူးတို့ ပိုးပေါက်တို့ အပိန်အလိမ်တို့ကို ဘေးဖယ်ထားကြတယ်..။ စားရင်း စားရင်း.. ရွေးချယ်စရာက နည်းနည်းလာတော့.. အပိန်လေးမှန်းသိပေမယ့်လည်း.. လက်မလွှတ်ပါဘူး..။ ပိုးပေါက်မှန်းသိသိချည်းနဲ့ လည်း ၀ါးတာပါပဲ..။ ဒီလောက်မာနေတဲ့ စုန်းပြူးစေ့ ကိုတောင်မှ.. တစ်ချက်လောက်တော့ ကိုက်ကြည့်ပြီးမှ ထွေးထုတ် လိုက်ကြတယ်..။

ခင်လှလည်း ငယ်ရွယ်နုပျို အလှသွေးကြွယ်နေတဲ့ အချိန်တွေမှာတုံးကတော့ သိန်းဝင်းလိုကောင်ကို ပိုးပေါက် အပိန်အလိမ် စုန်းပြူး လို သဘောထားမှာပေါ့..။ ဘယ် ဂရုစိုက်မလဲ..။ တဖြည်းဖြည်းနဲ့.. အသက်တွေက ကြီးလာ..။ ကိုယ်နဲ့ ရွယ်တူ လူပျိုအရေအတွက်က လုံးပါးပါးလာ..။ နောက်ဆုံးတော့.. ခင်လှရဲ့ ပဲလှော်ထုတ်ထဲ.. သိန်းဝင်း တစ်ကောင်ပဲ ငူငူကြီးပေါ့..။

ပိုးပေါက်လေးကိုမှ ကြိုက်တာ.. အဲဒီပိုးပေါက်ထဲ ၀င်နေတဲ့ ငန်ကျိကျိ ဆား အရသာလေးကိုက တမျိုးလေးလို့ တွေးပြီး.. ကိုသိန်းဝင်းရယ်.. လူကြီးစုံရာနဲ့ လာတောင်ပါတော့ လို့ ခင်လှ နှလုံးသားစစ်ပွဲမှာ.. အလံဖြူပြခဲ့လေသလား ဆိုတာတော့.. ကျွန်တော်မျိုးမလျောက်တတ်ပါ..။

သေချာတဲ့.. အမှန်တရားကတော့.. ဦးသိန်းဝင်း + ဒေါ်ခင်လှ ဆိုတဲ့ မိသားစု သုံးဆယ့်တစ်ဘုံ ဆမိတ်ခုံရွာရဲ့ သန်းခေါင်စာရင်းမှာ တိုးလာခဲ့တာပဲ..။

ကျွန်တော်နောက်ဆုံးအခေါက် ရွာရောက်တော့.. ရွာလူဦးရေ တိုးတက်ရေးမှာ.. သူတို့လင်မယား အားတက်သရော ပါဝင်ဆောင်ရွက်နေကြောင်း တွေ့ခဲ့ရတယ်..။ အိမ်ထောင်သက် ငါးနှစ်မှာ.. ဂျုနီယာ သိန်းဝင်း လေးယောက်ထွက်ပေါ်လာတဲ့အထိ သူတို့ နှစ်ယောက် အစွမ်းပြထားတယ်..။

ရွာကထွက်လာခဲ့တာ.. ဆယ်စုနှစ် တစ်ခုနီးပါး ကြာခဲ့ပြီမို့.. သိန်းဝင်းနဲ့ ကျွန်တော် ရှေးဟောင်းနှောင်းဖြစ်တွေ ပြောပြီး ရယ်ကြမောကြပေါ့..။ ငယ်ငယ်တုံးကတော့.. ကျွန်တော်တို့ နှစ်ယောက် သိပ်တည့်ချင်တာမဟုတ်ဘူး..။ သိန်းဝင်းက စလို့ ကောင်းတယ်..။

စာရွက်တစ်ရွက်ပေါ်မှာ.. ၉၁၄ လို့ ရေးပြီး .. သိန်းဝင်း ဒါဘာလဲ လို့ ကျွန်တော်တို့က မေးတိုင်း သူ အရမ်းစိတ်ဆိုးလေ့ရှိတယ်..။ သူ့အဖေနာမည်က ဦးတင်လေး.. ။ ကိုတင်လေး ပေါ့..။ ၉၁၄ ( ကိုးတစ်လေး ) ဆိုတာ.. ကိုတင်လေးကို ညွှန်းမှန်း အားလုံးက သိကြတယ်..။

အခုလည်း သိန်းဝင်းနဲ့ တွေ့တွေ့ချင်း.. ဒီတစ်ပတ် ချဲ ၉၁၄ ကောင်းတယ်..။ ထိုးပါ့လား လို့ ကျွန်တော်က နောက်တော့ မအေပေး မင်းကတော့ အရင်အတိုင်းပဲ လို့ ပြောရင်း အိမ်လိုက်ခဲ့ကွာ ခင်လှနဲ့လည်း တွေ့ရတာပေါ့ လို့ ခေါ်နေတာနဲ့ သိန်းဝင်းအိမ် ရောက်သွားခဲ့တယ်..။ ကျွန်တော့်မြင်တော့.. မတွေ့တာတောင် ကြာပြီနော်လို့ ကလေးနို့တိုက်နေရင်း ခင်လှ ပြုံးပြီး နှုတ်ဆက်တယ်..။

အေးဟဲ့.. ရွာမရောက်ဖြစ်ပေမယ့်.. နင်တို့ကိုတော့ သတိရပါတယ်.. အခုကလေး ဘယ်နှစ်ယောက် ရနေပြီလဲ လို့ ကျွန်တော်က မေးတော့.. တော့်သူငယ်ချင်းကိုသာ မေးကြည့်တော့ လို့ ခင်လှက ရယ်ရင်း ပြောတယ်..။

သိန်းဝင်းက စပ်ဖြီးဖြီးနဲ့ ရန်အောင် လေးကြိမ်မြောက်အကယ်ဒမီ ရတုံးက လုပ်သလိုမျိုး လက်လေးချောင်း ထောင်ပြတယ်..။ မိန်းမနိုင်ချင်ရင် ငါ့လို လုပ်ကွ.. တစ်နှစ်တစ်ယောက် မွေးခိုင်းထားလိုက်တာ.. ခင်လှ မီးဝင်မီးထွက်နဲ့ ငါ့ဖက်ကို မလှည့်နိုင်ဘူး .. လို့ တဟားဟားနဲ့ သိန်းဝင်းက ရယ်ရင်းဆက်ပြောတယ်..။ ခင်လှက အနားရှိတဲ့ သနပ်ခါးတုံးနဲ့ လှမ်းပစ်တယ်..။ သိန်းဝင်းက ရှောင်ရင်း.. လာကွာ.. လဘက်ရည် သွားသောက်ရအောင် လို့ ပြောတယ်..။ ခင်လှကို နှုတ်ဆက်ပြီး ကျွန်တော်တို့ နှစ်ယောက် လဘက်ရည်ဆိုင်ဖက် ချီတက်ခဲ့ကြတယ်..။

လဘက်ရည်ဆိုင်နား ရောက်မှ.. ငါ့ကို ဘီယာတိုက်ကွာ.. လဘက်ရည်မသောက်တော့ဘူး လို့ သိန်းဝင်း ထဖောက်တယ်..။ ဟ .. ရွာမှာ ဘီယာ ရှိလို့လား လို့ ကျွန်တော်ကမေးတော့.. တိုက်မလား မတိုက်ဘူး လား ဒါပဲ ပြော.. ရွာက ဘီယာက မင်းတို့ ရန်ကုန်က ဘီယာထက် လတ်ဆတ်တယ်.. ဈေးချိုတယ် .. လို့ ပြောတာနဲ့ ကျွန်တော်လည်း အူကြောင်ကြောင် နဲ့ သိန်းဝင်းခေါ်ရာ လိုက်သွားခဲ့တယ်..။

ဧရာဝတီမြစ်ရိုးအတိုင်း သောင်ပြင်ကိုဖြတ်ပြီး လမ်းလျောက်လာတာ.. ဆယ့်ငါးမိနစ်လောက်လည်း ကြာရော ကမ်းနားက တဲတစ်လုံးကို ကျွန်တော်တို့နှစ်ယောက် ရောက်တယ်..။ ဘီယာ နှစ်ဗူးပေးလို့ သိန်းဝင်းက ရောက်ရောက်ခြင်း မှာတယ်..။ ခနနေတော့.. ဆိုင်ရှင်အဘိုးကြီးက ဘီယာနှစ်ဗူးလက်ကကိုင်ပြီး ထွက်လာတယ်..။

ဟ.. တယ်ဟုတ်ပါ့လား.. ရွာမှာတောင် ဘီယာရနေပြီပဲ လို့ ကျွန်တော်တွေးနေတုံး အဘိုးကြီး လာချတဲ့ ဘီယာဗူးက စားပွဲပေါ်ရောက်လာတယ်..။ အဲဒီတော့မှ.. ဘီယာဗူးခွံထဲ ထန်းရည်တွေ ထည့်လာမှန်း ကျွန်တော်သိတော့တယ်..။ ငါ ထင်တော့ထင်သားပဲ.. ရွာမှာ ဘီယာရတာ မဖြစ်နိုင်ဘူးလို့ .. လို့ ကျွန်တော်ကပြောတော့.. ငါလခွီးတဲ့မှပဲ.. နှိုင်းနှိုင်းချိန်ချိန်ယုံပေါ့ကွ လို့.. သိန်းဝင်း က ကျွန်တော့်ကို ကောင်းချီးပေးတယ်..။

အဲဒီနေ့က.. သူငယ်ချင်းနှစ်ယောက်.. ဘီယာဗူးထဲက ထန်းရည်လေးငုံလိုက်.. ပဲကြီးလှော်လေး ၀ါးလိုက်နဲ့.. ညနေစောင်းတဲ့ အထိ သောက်နေခဲ့ကြတယ်..။ အတော်လေး ရေချိန်ကိုက်တော့ ညနေစာ အိမ်လိုက်စားလို့ အတင်းခေါ်တာနဲ့ ကျွန်တော်လည်း သိန်းဝင်းအိမ် တခေါက်လိုက်သွားပြန်ရတယ်..။

မူးမူးရူးရူးနဲ့ သိန်းဝင်းက ခင်လှကို ထမင်းဝိုင်းပြင်ခိုင်းတယ်..။ ကလေးတွေ တပုံတခေါင်းနဲ့.. စီးပွားရေးကလည်း သိပ်အဆင်မပြေရှာတော့.. ခင်လှလည်း မျက်နှာမကောင်းဘူး..။ ကျွန်တော်လည်း စိတ်မသက်မသာနဲ့ ကြည့်နေ ရတယ်..။

သိန်းဝင်းကတော့ အလိုက်ကန်းဆိုးမသိတာလား.. သူငယ်ချင်းရှေ့ အာဏာပြချင်တာလားတော့ မသိဘူး..။ ခင်လှကို ဆူလားငေါက်လား လုပ်နေတယ်..။ ကျွန်တော်လည်း မျက်နှာပူအားနာလာတာနဲ့ သူငယ်ချင်းရာ ငါမပြန်သေးပါဘူး နောက်ရက်မှ အေးအေးဆေးဆေးမင်းအိမ် လာစားပါမယ်လို့ ပြောမိတယ်..။

အဲဒီလို ပြောလိုက်မှ.. ပိုဆိုးသွားတယ်..။ သူ့မိန်းမ ထမင်းဟင်း စီစဉ်တာ.. ကြာလို့ ကျွန်တော် ဒီစကားမျိုး ပြောပါတယ် ဆိုပြီး ခင်လှကို ထိုးမယ် ကြိတ်မယ် သိန်းဝင်း ထလုပ်တယ်..။ ပါးစပ်ကလည်း.. အယုတ္တအနတ္တ မျိုးစုံ ဆဲဆိုလို့ပေါ့..။

ခင်လှလည်း.. သည်းခံနိုင်မှု အတိုင်းအတာ ကုန်သွားဟန် တူပါတယ်..။ ကျွန်တော့်ရှေ့မှာတင်.. တွဲသတ်ကြတော့တယ်..။ ကလေးတွေက ငို.. ဘေးအိမ်တွေက၀ိုင်းကြည့်.. သူတို့နှစ်ယောက်ကို ဆွဲမရ ဖြေမရ နဲ့ ကျွန်တော့်မှာ.. သောက်ထားတာလေးတောင် ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားတယ်..။

တွဲသတ်တာကို ရုတ်တရက်ရပ်ပြီး ဒီမိန်းမနဲ့ ဒီနေ့တော့.. စာရင်းအပြတ်ရှင်းမယ် ဆိုပြီး သိန်းဝင်း အိမ်ပေါ်တက်သွားတယ်..။ ဓါးများတက်ယူတာလား ဆိုပြီး ကျွန်တော့်မှာ ခေါင်းနဘမ်းအတော်ကြီးသွားတယ်..။ ခနနေတော့ သိန်းဝင်းပြန်ဆင်းလာတယ်..။ သူ့ကိုယ်ပေါ်မှာ.. အန်ဒါဝယ်ယာ လေးတစ်ထည်ပဲ ၀တ်ထားတော့တယ်..။ ကိုယ်လုံးကိုလည်း ဆီတွေ သုတ်ထားသေးတယ်..။

လာစမ်း ခင်လှ..ငါ့အကြောင်းသိကြသေးတာပေါ့ ဆိုပြီး သိန်းဝင်း ၀င်လုံးတယ်..။ ခင်လှကလည်း အားကျမခံ ပြန်ပြီး ကုတ်ဖဲ့ ဆွဲတယ်..။ ဒါပေမယ့်.. သိန်းဝင်းကိုယ်လုံးက ဆီတွေနဲ့ ဆိုတော့.. ခင်လှ စိတ်သွားတိုင်းကိုယ်မပါရှာဘူး..။


မိန်းမ နဲ့ ရန်ဖြစ်ရင် ကိုယ်တုံးလုံးချွတ် ဆီသုတ်ပြီး ချကွ.. သူတို့က ဟိုဟာ ဒီဟာဆွဲညှစ်ပြီး အနိုင်ယူဖို့ လောက်ပဲ တတ်တာ.. လို့ ခင်လှနဲ့ သတ်နေရင်း သိန်းဝင်းက အော်ကြီးဟစ်ကျယ် ကျွန်တော့်ကို သင်တန်း ပေးနေသေးတယ်..။

စိတ်ပျက်လက်ပျက်နဲ့ ကျွန်တော်ထိုင်ကြည့်နေတုံး ဦးတင်လေး ရောက်လာတယ်..။ အဲဒီမှ ပွဲကပြီးသွားတယ်။

Friday, July 25, 2008

16.6 သူငယ်ချင်းထားရီ

ရွာနဲ့ ပတ်သက်ပြီး.. ဟိုရောက်ဒီရောက်ပြောရရင်.. ထားရီအကြောင်း.. ပြောမယ်..။

ထားရီနဲ့ ကျွန်တော်က ငယ်သူငယ်ချင်းတွေ..။ ဒါပေမယ့်.. ထားရီက.. ကျွန်တော့်ထက်.. တစ်နှစ်လောက်တော့ ကြီးတယ်..။ အကောင်ကလည်း ထွားတယ်..။ သူ့မိဘများကလည်း.. ချမ်းသာလေတော့.. ထားရီကို ဖူးဖူးမှုတ်ထားတယ်..။ အလိုလိုက်ခံထားရသူမို့.. ထားရီက.. အဖေအမေကိုတောင် သိပ်လူထင်တာမဟုတ်ဘူး..။

ကျွန်တော်တို့ သုံးတန်းနှစ်မှာ.. အတန်းပိုင်ဆရာက ဦးအုန်းငွေ..။ ၀၀တုတ်တုတ်.. ဗိုက်ရွှဲရွှဲနဲ့ ဆရာပေါ့..။ ကျွန်တော်တို့က သူ့ကို.. ကွယ်ရာမှာ.. ဗိုက်ဆူကြီး လို့ ခေါ်ကြတယ်..။ သူက ရိုက်ခဲတယ်..။ ဒါပေမယ့်.. အပြစ်ရှိတဲ့ ကျောင်းသားကို ဗိုက်ခေါက် ဆွဲ ဆွဲလိမ်လေ့ရှိတယ်...။

သူ ဗိုက်ခေါက်ဆွဲလိမ် မှာကို.. ကျွန်တော်တို့ သေမလောက်ကြောက်ကြတယ်..။ ဒါပေမယ့် ထားရီနဲ့ တွေ့တော့.. ဆရာလည်း လက်လန်သွားတယ်..။

တစ်ရက် ထားရီကို ဆရာက ဗိုက်ခေါက်ဆွဲလိမ်တယ်..။ ထားရီက '' အမယ် နင်ကများ ငါ့ကို ဗိုက်ခေါက်ဆွဲလိမ်တယ် .. နင့်ကိုလည်း ပြန်ဆွဲလိမ်မယ်.. '' ဆိုပြီး ဆရာ့ဗိုက်ဆူဆူကြီးကို ပြန်ဆွဲလိမ်တယ်..။ ဆရာလည်း.. အံသြလွန်းလို့ ကြက်သေသေနေတယ်..။ နောက်မှ.. ဒေါသထွက်ထွက်နဲ့.. ထားရီကို ကြိမ်လုံးနဲ့ ဆော်တယ်..။

ထားရီကလည်း.. အားကျမခံ.. ဆရာ့လက်က ကြိမ်လုံးကို လုပြီး ပြန်ရိုက်တယ်..။ အဲဒီနေ့က.. ပွဲကြီးပွဲကောင်းပဲ..။ နောက်တော့ ထားရီကို.. သူ့မိဘတွေ ပြန်လာခေါ်သွားတယ်..။

ကျောင်းထုတ်ခံရတဲ့ အထိတော့ မဖြစ်ပေမယ့်.. ထားရီကို အတန်းပြောင်းလိုက်ရတယ်..။ ငါးတန်းနှစ်ရောက်တော့ ထားရီနဲ့ ကျွန်တော် အတန်းပြန်တူသွားတယ်..။

ငါးတန်းနှစ်မှာ.. ကျွန်တော်တို့ကို မြန်မာစာသင်တဲ့ ဆရာနာမည်က ဦးသန်းလို့ ခေါ်တယ်..။ ကျွန်တော်တို့ကတော့.. ဆရာသန်း လို့ပဲ အလွယ်ခေါ်ကြတယ်..။ အဲဒီဆရာက ခပ်တည်တည်နဲ့ နောက်လေ့ရှိတယ်..။ မြန်မာစာဆိုတော့.. ရှေ့ကနေ..သူက စာခေါ်ပေးတယ်..။ ကျွန်တော်တို့က..သူ ခေါ်ပေးတဲ့.. စာကို လိုက်ရေးကြရတယ်..။

တခါတရံ ကျောင်းဆင်းခေါင်းလောင်းတီးနေတာတောင် စာခေါ်တာ သူမရပ်ဘူး..။ ၀ါကျ တစ်ကြောင်း ပြီးသွားတိုင်း နောက်တစ်ကြောင်းက.. နောက်တစ်ကြောင်းက နဲ့.. ဆက်ပြောတယ်..။ ကျောင်းသားအားလုံးက.. ပြီးတော့မယ် လို့ ထင်နေတုံး..'' နောက်တစ်ကြောင်းက '' ဆိုတဲ့ သူ့အသံက ထွက်ထွက်လာတယ်. ..။ ကျောင်းသားတွေလည်း.. ''အာ..'' လို့ ပြိုင်တူ ညည်းသံ ထွက်လာတယ်..။ အဲဒီတော့ မှ.. '' နောက်တစ်ကြောင်းက ..... ..... မျဉ်းပိတ်လိုက်တော့ '' လို့ အရွှန်းဖောက်ပြီး စာသင်တာ ရပ်လိုက်တယ်..။

သူလည်း.. ထားရီနဲ့ တွေ့တော့ ဆလံသရတာပါပဲ..။ ကျွန်တော်တို့ ခေတ်တုံးက ပထမအစမ်း ဒုတိယအစမ်း အတန်းတင် စာမေးပွဲ ဆိုပြီး တစ်နှစ်ကို စာမေးပွဲသုံးကြိမ်ဖြေရတယ်..။ ပထမအစမ်းဖြေတော့.. ဆရာက မြန်မာစာ ၀ါကျဖွဲ့တဲ့ မေးခွန်း မေးတယ်..။

အောက်ပါ စကားလုံးများကို ၀ါကျဖွဲ့ပြပါ ဆိုပြီး စကားလုံး လေးငါးဆယ်လုံး ပေးထားတဲ့ မေးခွန်းမျိုးပေါ့..။ ဥပမာ လိမ္မာသည်.. ဆိုတဲ့ စကားလုံး ပေးထားရင်.. '' စုစု သည် လိမ္မာသည် .. '' လို့ ၀ါကျဖွဲ့ပြရတာမျိုး..။ လိမ္မာသည် ဆိုတဲ့ စကားလုံးကိုတော့.. ထင်ရှားအောင် အန်ဒါလိုင်း တားပေးရတာပေါ့..။

မှတ်မှတ်ရရ.. ဆရာမေးခွန်းထဲမှာ.. ပေါက်လွှတ်ပဲစား ဆိုတဲ့ စကားလုံးပါတယ်..။ အဲဒီစကားလုံးကို.. ထားရီက.. အခုလို ၀ါကျဖွဲ့ပြထားတယ်..။

'' ကျွန်မသည် ၀က်ကို ခဲနှင့် ပေါက် ပြီး လွှတ် ပြီး ပဲစား ခိုင်းထားပါသည်။ ''

'' ကုန်းပေါ်ဖုတ်'' ဆိုတဲ့ စကားလုံးကိုကျတော့...

'' ကျွန်မသည် အုတ်ခဲကို ကုန်းပေါ် ၌ ဖုတ် သည် ။ '' တဲ့...

'' နဘေကာရံ အချိတ်အဆက်'' ဆိုတဲ့ စကားလုံးကို.. ဆရာမျော်လင့်ထား တဲ့ အဖြေက.. ''ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် နဘေကာရံအချိတ်အဆက် မိမိဖြင့် ကဗျာများကို ရေးဖွဲ့လေ့ ရှိသည် '' ဆိုတာမျိုး..။

ထားရီ ဖြေထားတာက..

'' ဆရာကြီး သခင် ကိုယ်တောင်မှိုင်းသည် နဘေး တွင် ကာရံ ပြီးမှ အချိတ်အဆက် မိမိ စာရေး လေ့ ရှိသည်။'' တဲ့ဗျား..

နောက်နှစ်တွေမှာတော့.. ထားရီ ရဲ့ အဲဒီလိုမျိုး အမြီးအမောက် မတည့်တဲ့.. ဖြစ်ရပ်မှန်ဟာသတွေကို.. ကျွန်တော် တို့ မကြားရတော့ပါဘူး..။ ငါးတန်းနှစ်မှာပဲ.. ကျောင်းတော်ကြီးကို ထားရီ နှုတ်ဆက် ခွဲခွါပြီး မြန်မာပြည် ပညာရေး လောက ကနေ အနားယူသွားတာကြောင့် မို့ပါ..။

ပါရမီနည်းတာကိုး လို့ တရွာလုံးက စုတ်သပ်ပေမယ့်.. မိဘတွေ အလိုလိုက်လွန်းတာရဲ့ အကျိုးဆက် ရလာဒ်တစ်ခုလို့သာ ကျွန်တော်ကတော့ မြင်မိပါတယ်..။

နောက်တစ်ချက်က.. ဆရာတွေရဲ့ အခန်းကဏ္ဍ လည်း ပါမယ်ထင်ပါတယ်..။ ထားရီ ရဲ့ အဖြေလွှာကို.. ဆရာသန်း အခန်းထဲမှာ.. ဖတ်ပြနေတုံးက.. အူတက်မတက် ရယ်ပွဲဖွဲ့ခဲ့တဲ့ အထဲမှာ.. ကျွန်တော်လည်း ပါခဲ့ပေမယ့်.. အခုနေပြန်တွေးကြည့်တော့.. ဆရာသန်းအနေနဲ့ မလုပ်ခဲ့သင့်ဘူးလို့.. မြင်လာပါတယ်..။

ထားရီအကြောင်း ပြောရင်းကနေ.. ဆရာတွေအကြောင်း ပြောဖို့ စိတ်ထဲမှာ ဖြစ်လာတယ်..။

အခု အသက်သုံးဆယ့်ခြောက်နှစ် အထိ.. တပည့်ဘ၀က မကျွတ်သေးလေတော့.. တွေ့ခဲ့ကြုံခဲ့ တဲ့ ဆရာတွေကလည်း.. နည်းမှမနည်းဘဲကိုး..။ ဆရာဆိုတာလည်း.. လူထဲက လူသားများသာ ဖြစ်တာမို့.. အမှားတွေ အမှန်တွေ.. အားသာတာတွေ အားနည်းတာတွေ.. ရှိရှာမပေါ့..။

Thursday, July 24, 2008

16.7 ငယ်ငယ်တုန်းက ဆရာများ

ဆရာတွေအများကြီးထဲကမှ.. ပေါ့ပေါ့ပါးပါး.. အမှတ်တရ ဆရာများအကြောင်း ပြောပါရစေ..။

အပူအပင် သောကတွေများလှတဲ့.. ဒီလောကကြီးထဲမှာ.. မွန်းကျပ်မှုတွေရဲ့ အောက်.. မလူးသာမလွန့်သာ ရှိနေကြတဲ့ ကျွန်တော်တို့တတွေ.. စိတ်ရဲ့ ဖြေရာ.. အပြုံးလေးတပွင့်.. လှိုက်လှိုက်လှဲလှဲ.. ပွင့်လန်းပေါ်ပေါက်လာပါစေတော့ ဆိုတဲ့ စေတနာနဲ့ မျဝေခြင်းမို့.. ဒီကောင်ကတော့ အနန္တဂိုဏ်းဝင် ဆရာတွေကို ကျေးဇူးကန်းအပုပ်ချတယ်လို့.. မမှတ်ယူကြစေလိုပါ.. ဖိုရမ်မိတ်ဆွေဘော်ဘော်တို့ရေ..။

ပထမဆုံးခေါင်းထဲရောက်လာတဲ့ ဆရာမ က ဒေါ်ခင်သက်မာ..။ ကျွန်တော်ကိုးတန်းနှစ်မှာ.. သူက.. ဘိုင်အိုသင်တယ်..။ ဆရာမလို့သာ ဆိုတာ... တက်ကသိုလ် ကမဟာဘွဲ့ရပြီးစ အသစ်စက်စက်ဆရာမလေး ဆိုတော့..ကျွန်တော်တို့နဲ့ အသက်က သိပ်မကွာပါဘူး..။ လွန်ရောကျွံရေ ကြီး.. ခြောက်နှစ် ခုနှစ်နှစ်ပေါ့..။

စာသင်တာတော့ ဇွဲနဘဲ အတော်ကြီးတယ်..။ တပည့်တွေ နားလည်ဖို့.. စာတစ်ပုဒ်.. အခေါက်တစ်ရာလောက် ရှင်းပြလေ့ရှိတယ်..။ နောက်ဆုံး တပည့်တွေက.. ဆရာမကို အားနာတာနဲ့ နားလည်ပါပြီ ပြောမှပဲ ရပ်တယ်..။

သင်တဲ့ ဘာသာက ဘိုင်အို..။ သင်တာက အင်္ဂလိပ်လို..။ တောကျောင်းက တောသားကျွန်တော်တို့အဖို့ကတော့.. ဆွံ့ အ နားမကြား .. ကုလားကား ထိုင်ကြည့်တာထက် ဆိုးတော့တာပေါ့..။

ဒီကြားထဲ.. ဆရာမရဲ့ လက်စွမ်းပြမှုကလည်း.. အံ့မခန်း လေ..။ တစ်ရက် ဆရာမက ရှေ့ကနေ.. '' နီ ဂ ဘိုး ရား ဆဲလ်.. '' '' နီ ဂ ဘိုးရား ဆဲလ် '' .. နဲ့ သင်တယ်..။

ဆဲလ် ဆိုတာတော့.. နည်းနည်း သိသလိုပဲ..။ ဒါပေမယ့် နီဂဘိုးရား ဆိုတာက ဘာမှန်းမသိဘူး..။ မအောင့်နိုင်တဲ့ အဆုံး.. ဆရာမ နီဂဘိုးရား ဆိုတာ.. ဘာကို ပြောတာလဲ လို့ ထမေးမိတယ်..။

ဟဲ့ ဒါတောင် မသိဘူးလား.. နီဂဘိုးရားဆဲလ် ဆိုတာ.. ဒီလို စာလုံးပေါင်းရတယ်ဆိုပြီး ဘလက်ဘုတ်မှာ Neighboured Cells လို့ ရေးပြတယ်..။



ကျွန်တော်ရှစ်တန်းနှစ်မှာ.. ဦးမြင့်ဆွေလို့ ခေါ်တဲ့ ဆရာက ကာယချိန်ယူတယ်..။သူက ခပ်ရွတ်ရွတ်ပဲ..။ ဆံပင်ကလည်း.. ဆရာတစ်ယောက်အနေနဲ့ ဆိုရင်အတော် ရှည်တယ် ပြောရမယ်..။ ဂုတ်ထောက်ပေါ့..။

အဲဒီတုံးက.. ကျောင်းအုပ်ဆရာကြီးက.. ဦးသန်းဆွေ လို့ ခေါ်တယ်..။ ဆရာကြီးက.. စည်းကမ်းသိပ်ကြီးတယ်..။ ဆရာဦးမြင့်ဆွေနဲ့ ဆို.. တကျက်ကျက်ပဲ..။ ဆရာက.. လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်တယ်..။ ကျောင်းသားတွေနဲ့ ဟေလားဝါးလား လည်း အမြဲလုပ်နေလေ့ရှိတော့.. ဆရာကြီးက.. သိပ်သဘောမကျဘူး..။ အမြဲလိုလို.. ခေါ်ဆူလေ့ရှိတယ်..။

ဆရာကလည်း.. အခွင့်သာရင် သာသလို.. ဆရာကြီးကို ပြန်တွယ်လေ့ရှိတယ်..။

ကာယချိန်မှာ.. ကျောင်းသားတွေရဲ့ ကာယလေ့ကျင့်ခန်းကို.. ဖိဖိစီးစီး မလုပ်ဘဲ.. ကျောင်းသားတွေနဲ့.. ယောင်ခြောက်ဆယ်လုပ်နေတယ် .. လို့ ဆရာများအစည်းအဝေးမှာ.. ဆရာဦးမြင့်ဆွေ .. တစ်ရက် အဆူခံထိတယ်..။

နောက်တစ်နေ့ ကာယချိန်မှာ.. ဆရာက အတန်းထဲဝင်လာပြီး.. ယောက်ျားလေးတွေ အားလုံး အတန်းရှေ့ထွက်ခဲ့လို့ ခေါ်တယ်..။ နောက်ပြီး အူလည်လည်နဲ့ ထွက်လာတဲ့ ကျွန်တော်တို့ တတွေကို.. ခါးတောင်းကြိုက်ကြ လို့.. အမိန့်ပေးတယ်..။ ကျွန်တော်တို့လည်း ဘုမသိဘမသိနဲ့ ပုဆိုးလေးတွေမပြီး ခါးတောင်းကြိုက်တာပေါ့..။

ကျွန်တော်တို့ ကြိုက်ထားတဲ့ ပုံစံကို တစ်ချက်ကြည့်ပြီး.. အဲဒီလိုမျိုးမဟုတ်ဘူး.. ဖင်ကြားကို ပုဆိုးစထည့်ပြီး မြှောင်နေအောင် ကြိုက်.. လို့ .. လုပ်ပြန်တယ်..။ အတန်းထဲက.. ကောင်မလေးတွေကတော့.. ရယ်နေကြတယ်..။

ဆရာနဲ့ကလည်း.. သူငယ်ချင်းလို ဖြစ်နေကြတော့.. ကျွန်တော်တို့လည်း.. ထူးပြီး ရှက်မနေကြပါဘူး..။ သူခိုင်းတဲ့အတိုင်း ဖင်ကြားကို ပုဆိုးစသွင်းပြီး မြှောင်နေအောင် ကြိုက်လိုက်ကြတယ်..။

'' မင်းတို့ရဲ့ ချစ်လှစွာသော.. ကျောင်းအုပ်ဆရာကြီးက.. ဆရာ့ကို.. ကာယချိန်မှာ.. ကာယလေ့ကျင့်ခန်း ဖိဖိစီးစီးမလုပ်လို့..အပြစ်ဖို့ ငြိုငြင်တော် မူတယ်.. ''

'' ဒါကြောင့် .. အခု ဖိဖိစီးစီးလုပ်တဲ့အနေနဲ့.. အတန်းထဲက စပြီး တန်းစီထွက်ကြမယ်.. ငါ့နောက်လိုက်ခဲ့ကြ.. ငါရပ်ဆိုရင် ရပ်.. ငါခိုင်းတဲ့အတိုင်း လိုက်လုပ်ကြ '' လို့ ပြောပြောဆိုဆို ဆရာသမားက ရှေ့က ချီတက်သွားတယ်..။

ကျွန်တော်တို့လည်း.. ဖင်လေးတွေ ယမ်းတန်းယမ်းတန်း နဲ့.. ဘယ်ညာနင်းပြီး လိုက်သွားကြရတယ်..။ ကျောင်းအုပ်ကြီးအခန်းရှေ့လည်း ရောက်ရော.. ဆရာက လက်ပြပြီး အားလုံးရပ် .. နောက်လှည့်လို့ ပြောတယ်..။

ဆရာကြီးအခန်းဖက်ကို.. ဖင်ပေးပြီး ကျွန်တော်တို့လည်း.. ဇဝေဇ၀ါနဲ့.. နောက်လှည့် ကြရတယ်..။ အားလုံး နောက်လှည့်ပြီးရင်.. ကုန်းကြ .. လို့ ဆရာက ဆက်ပြောတယ်..။

ဆရာသမား ခိုင်းတဲ့ အတိုင်း ကျွန်တော်တို့ လုပ်နေတုံး.. ကျောင်းအုပ်ဆရာကြီး သူ့အခန်းထဲက ဒေါသတကြီးနဲ့ ထွက်လာတယ်..။ ဆရာ.. ဒါက ဘာသဘောလဲ လို့.. ဆရာကြီးက မေးတော့.. '' ဒါ .. ခါး လေ့ကျင့်ခန်း လုပ်နေတာလေ .. ဖိဖိစီးစီးလုပ်ချင်တာမို့.. ကျောင်းအောက်.. လေ့ကျင့်ရေးကွင်းထဲ ရောက်တဲ့အထိ မစောင့်ဘဲ.. ကျောင်းခန်းထဲက ထွက်ကတည်းက လုပ်လာတာ .. '' လို့ ဆရာဦးမြင့်ဆွေက.. မခိုးမခန့် ပြန်ပြောတယ်..။

နောက်တနေ့မှာ.. ဆရာလည်း.. ထုချေလွှာတင်လိုက်ရရှာတယ်..။

ပြဿနာက အဲဒီလောက်နဲ့ ပြီးသွားလားဆိုတော့.. မပြီးသေးဘူး..။

ဆရာ ဆရာမတွေ လခထုတ်ရက် ရောက်တော့.. ဆရာဦးမြင့်ဆွေရဲ့ လခကို ကျောင်းအုပ်ကြီးက.. ထုတ်ခွင့်မပေးဘူး..။ ဆံပင်ရှည်လို့ ထုတ်မပေးတာလို့.. ဆရာကြီးက.. အကြောင်းပြတယ်..။ ဆရာကလည်း ခပ်ရွတ်ရွတ်ဆိုတော့.. ဆရာကြီးအခန်းသွားပြီး.. ဆရာကြီးရှေ့ သူ့ခေါင်း ထိုးပေးရင်း..

'' ကျွန်တော့်ခေါင်းက.. ကြိုက်တဲ့ ဆံပင်တစ်ချောင်းကို.. ဆရာကြီး နှုတ်လိုက်ပါ.. ''

'' ဆရာကြီးခေါင်းက.. ဆံပင်တချောင်းလည်း.. ကျွန်တော့်ကို နှုတ်ခွင့်ပေးပါ.. ''

'' ပြီး.. ဆရာကြီး နှုတ်ထားတဲ့ ကျွန်တော့်ဆံပင်နဲ့ ကျွန်တော် နှုတ်ထားတဲ့ ဆရာကြီးဆံပင်ကို တိုင်းကြည့်မယ်.. ။ ရှည်တဲ့ လူ .. လခမယူကြေး .. ။ ''

လို့.. လုပ်ချလိုက်တယ်..။

ဆရာကြီးက.. ထိပ်တော်တော်ပြောင်တယ်..။ မရှိမဲ့ရှိမဲ့ နောက်စေ့က ဆံပင်ကို.. ပတ်ပြီး ငယ်ထပ်နား တင်ထားတာမို့.. ဆံပင်ကပါးပေမယ့်.. တစ်ပင်တစ်ပင် အတော်ရှည်တယ်..။ တစ်ချောင်းခြင်းသာ.. စိတ်ကြိုက်တိုင်းရင်.. ဆရာကြီးရှုံးဖို့ သေချာတယ်..။

ဆရာဦးမြင့်ဆွေက.. အဲဒီလို ဆရာမျိုး..။

ဆရာက.. ဂျစ်ကန်ကန်သာ နိုင်တာ..။ စိတ်ရင်းတော့ ကောင်းရှာတယ်..။ အနုပညာလည်း.. ၀ါသနာပါတယ်..။ ခြောက်လုံးပတ်ကနေ.. ကီးဘုတ် ဂစ်တာအထိ.. သူတီးနိုင်တယ်..။ (ဂျေအယ်လိုပေါ့.. ဂျေအယ်ကတော့ ပုလွေလဲ ကျွမ်းတယ်နဲ့ တူတယ်.. )

ကျောင်းကပွဲတွေမှာဆို.. သူ့လက်သံချည်းပဲ..။ ကျွန်တော်တို့အဖွဲ့ကလည်း.. ကျောင်းကပွဲဆို..ပါပြီးသား ဆိုတော့ ဆရာနဲ့ ကျွန်တော်တို့ တတွဲတွဲပေါ့..။ အကော်ဒီယံအုန်းကျော်ရဲ့ '' ယောင်ပေစူး '' သီချင်း သရုပ်ဖော်လည်း ကျွန်တော်တို့ ကဖူးတယ်..။ နောက်.. မူးယစ်ဆေးဝါး ပညာပေး တခန်းရပ် ပြဇာတ်.. ကျွန်တော်တို့ ကခဲ့ကြတယ်..။

Sunday, July 20, 2008

15.1 စကားကပ်တဲ့သားအဖ

ကျွန်တော်ကလဲ ကျွန်တော်ပဲ..။ ကျောင်းပြီးပေမယ့်.. မိဘကို ဟုတ်တိပတ်တိ မယ်မယ်ရရ မထောက်ပံ့နိုင်သေးတဲ့ ဘ၀...။ ရတဲ့ လခလေး ရှစ်ထောင်ကလဲ.. တစ်နေ့ထမင်းနှစ်နပ် အပြင်ဆိုင်ကြုံရာစား.. အပေါင်းအသင်းဘော်ဒါတွေနဲ့ မကြာခန ခွေးမသောက်တဲ့ အရည်တွေ မျိုဆို့.. တိုက်ခန်းလခ နှုတ် ဆိုတော့.. ဇီးကွက်ခေါင်းဖြတ်တာကမှ.. ကျန်လိမ့်ဦးမယ် ဆိုတာမျိုးပေါ့..။

အဖေ့အတွက် ဖြစ်နိုင်ရင် လေယာဉ်ပျံတောင် ၀ယ်ခဲ့ချင်တာပေါ့.. ဒါပေမယ့်.. သွားရတဲ့ သင်တန်းက တစ်လ.. ရတဲ့ allowance က မဖြစ်စလောက် ဆိုတော့.. အဲဒီခွက်လေးတောင် အနိုင်နိုင် ၀ယ်လာခဲ့ရတာ.. လို့ ကျွန်တော်က မျက်နှာငယ်လေးနဲ့ပြောတော့.. အေးပါမောင်ရာ.. အဖေက ချစ်လို့စတာပါ.. သားသမီးလုပ်စာ မမျှော်ကိုးပါဘူး.. သားသမီး လုပ်စာစားရမှ.. အသက်ရှင်မယ်ဆိုရင်.. အဆိပ်စားသေပစ်လိုက်မယ့်ကောင်ပါ.. လို့ ထပ်တွယ်တယ်..။

ကဲကဲ .. ဒီအသားဖ တော်ကြတော့ လို့ အမေ၀င်ပြောမှ.. ပွဲက ပြီးသွားတယ်..။ အဖေနဲ့ ကျွန်တော်က အဲဒီလိုမျိုး မကြာခန စကားနိုင်လုလေ့ရှိကြတယ်..။

မှတ်မှတ်ရရ ဆယ်တန်းအောင်ခါစ.. မကြာခင် တက္ကသိုလ်ကျောင်းသားကြီးဖြစ်တော့မှာမို့.. ရွာသားကျွန်တော်.. အရူးထပြီး ဂစ်တာတီးသင်တယ်..။ တက္ကသိုလ်ကျောင်းသားတို့ တတ်အပ်တဲ့ အဌာရသ ပညာရပ်တွေထဲမှာ.. ဂစ်တာတီးခြင်းကလည်း..ပညာ တစ်ခုအနေနဲ့ ပါတယ်လို့ ခံယူထားတာမို့ ဂစ်တာတီးတတ်အောင် လေ့ကျင့်တယ်..။

ဂစ်တာကို သိပ်ကျွမ်းကျွမ်းကျင်ကျင်ကြီး တီးတတ်ဖို့အထိတော့ နဂိုရ်ကတည်းက မရည်ရွယ်ပါဘူး..။ သူများတွေ မိန်းကလေးဆောင်ရှေ့ ဂစ်တာတီးနေရင်.. ကိုယ်လည်း တစ်ပုဒ်နှစ်ပုဒ် ၀င်တီး ၀င်ဆိုနိုင်ရင် တော်ပြီဆိုတဲ့ အတွေးနဲ့ တီးတာပါပဲ..။

အဲဒီအချိန်တုံးက.. ကျွန်တော်တို့ အိမ်ရဲ့ ညများစွာဟာ.. ကျွန်တော့်ရဲ့ နားဝင်ပီယံသူ့လက်သံ လွှမ်းခြုံနေခဲ့တာပေါ့..။ ညရောက်ပြီဆို.. ထရံချိတ်ထားတဲ့ ဂစ်တာအိုကို ဖြုတ်ပြီး.. ရစ်သမ်ခေါက်တယ်..။ အစဆိုတော့ ဖိုးကြီးအို ခါးကုန်းကုန်း မသေပါနဲ့အုံး... တို့ စိုင်းထီးဆိုင်ရဲ့.. '' နင်ဟာ အတောင်ပါတဲ့ ငှက်ပါ.. '' တို့ ကို အပ်ကြောင်းထပ်အောင် တီးတယ်..။

ကျွန်တော့်ရဲ့ ဂီတလက်သံကို.. ကျန်တဲ့ သူတွေက ဘာမှ မပြောပေမယ့်.. အဖေနဲ့ကတော့ တကျက်ကျက်ပဲ..။ ကျွန်တော်ခေါက်တဲ့ ရစ်သမ်ကို အဖေ့နားထဲမှာက.. ကန့်လန့်ကြီး ၀င်နေတယ်..။ ကျွန်တော်လက်ကွက်ဘယ်လိုပြောင်းပြောင်း ဘိ ဘယ်လိုပြောင်းပြောင်း အဖေ့နားထဲမှာ.. ဗျင်းဗျင်းဗျတ် ပဲ ကြားနေတော့ ပြဿနာတက်တော့တာပဲ..။

တစ်ည ကျွန်တော်ဂစ်တာတီးကောင်းနေတုံး အဖေက.. ဟေ့ကောင် မင်း ဗျင်းဗျင်းဗျတ်ကြီး တော်တော့.. ငါအိပ်မရဘူး လို့ ထဟောက်တယ်..။ အဖေ့ကို ဂီတနဲ့ ချော့သိပ်နေတာဗျ လို့ ကျွန်တော်က စောဒက တက်တော့.. မင်းတို့ ဂီတ ငါ့ဘယ်လိုမှ နားဝင်မချိုဘူး ကွ.. လို့ ထပ်ပြောတယ်..။

အဲဒါဆို.. အဖေတို့ ဂီတနဲ့ဆိုရင် အဖေအိပ်ပျော်လို့လား လို့ ကျွန်တော်က ကတ်သပ်ပြောတော့.. အေး ပျော်တယ်ကွာလို့ အဖေက ပြန်ပြောတယ်..။ အဲဒါဆိုကောင်းပြီ.. အဖေ့အိပ်ရာနားမှာ.. ပတ်မကြီးလာတီးမယ်ဗျာ.. အဖေ ဘယ်လိုလုပ်အိပ်နိုင်မှာလဲ .. လို့ ကျွန်တော်က ပေငြင်းတယ်..။

လာတီးကွာ.. ငါပျော်အောင်အိပ်မယ်လို့ အဖေကလည်း.. အတင်းခံပြောတယ်..။

မဟုတ်သေးဘူးလေ.. ခေတ်ဆိုတာ စီးမျောနေတာ.. အဖေတို့ မြန်မာ့ဆိုင်းဝိုင်းလည်း ဂီတပဲ.. ကျွန်တော်အခုတီးနေတဲ့.. ဂစ်တာဆိုတာကလည်း.. တကမ္ဘာလုံး လက်ခံထားတဲ့ ဂီတပဲ.. ခေတ်ရေစီးနဲ့လိုက်ပြီး အဖေစီးမျောသင့်တယ် လို့ ကျွန်တော်ကလည်း လျာဆက်ရှည်တယ်..။

အဖေကလည်း ဟေ့.. မင်းဖာသာ စီးမျောချင်မျော.. မစီးမျောချင် မမျောနဲ့.. ငါကတော့.. မစီးမျောနိုင်ဘူးကွလို့ ဆက်ပြောတယ်..။

ခေတ်ရေစီးကို မစီးမျောနိုင်ဘူးဆိုရင်.. အခုအချိန်ကစပြီး.. ကျွန်တော့်ကို ငါ့သား လို့ မခေါ်တော့နဲ့.. '' သားတော် '' လို့ ခေါ်ရမယ် လို့ ကျွန်တော်ကပြောတော့.. အေး ခေါ်မယ်ကွာ လို့ တုံးတိတိကြီး ပြန်ပြောတယ်..။ အဖေ့သူငယ်ချင်း ဦးစိန်ဝင်းကိုတွေ့တိုင်း.. အဆွေတော် ကျန်းခန့်သာလို့ မာပါစ လို့ ပြောင်းပြီး နှုတ်ဆက် ဆိုတော့လည်း.. အေးဆက်မယ်ကွာလို့ အဖေက ဆက်ပြောတယ်..။

နေဦး မနက်ဖန်ကစပြီး.. ခေတ်ရေစီးကို မစီးမျောချင်တဲ့ အဖေ အခုလက်ရှိဝတ်နေတဲ့ ပုဆိုးအစား တောင်ရှည်ပြန်ဝတ်ရမယ် လို့ ကျွန်တော်လည်း ဆက်ပြောတယ်..။ အေး.. ၀တ်မယ်ကွာ.. မင်းဝယ်ပေး.. အခုလောလောဆယ်တော့.. မင်း ဗျင်းဗျင်းဗျတ်ကြီး တောင်ထရံ ချိတ်ပြီး အိပ်တော့ လို့ ဒေါကြီးမောကြီးနဲ့ ထအော်တယ်..။

ကဲကဲ..ဒီသားအဖ ညကြီးမင်းကြီး အော်ကြီးဟစ်ကျယ်နဲ့ တော်ကြပါတော့လို့ ထုံးစံအတိုင်း အမေက ထပြောမှ.. ပွဲပြီးသွားတယ်..။

အဖေနဲ့ ကျွန်တော်နဲ့က အဲဒီလို..။


နောက်တော့လည်း.. ကျွန်တော်ဂစ်တာတီးတာ တားမရမှန်း အဖေ သိသွားဟန် ရှိပါတယ်..။ အရင်လို ဒေါကြီးမောကြီးနဲ့ ထထ မအော်တော့ပါဘူး..။ ဒါတောင်မှ.. ကျွန်တော်ဆိုတဲ့ သီချင်းတွေကို.. မကြိုက်ရင် မကြိုက်သလို..ဝေဖန် ကန့်ကွက်လေ့ရှိသေးတယ်..။

ကျွန်တော်ကလည်း.. တစ်ခါတစ်လေ အဖေ့ကို မထိတထိ စချင်ရင်.. အဖေမကြိုက်လောက်တဲ့ သီချင်းတီးပြီး စတယ်..။ ဥပမာ.. စိုင်းထီးဆိုင် ရဲ့ '' ငါ့ဘ၀ '' ဆိုတဲ့ သီချင်း..။ အဖေ သိပ်မုန်းတဲ့ သီချင်းပေါ့..။

အဲဒီသီချင်းက.. '' ဆန္ဒ ရယ် လိုလားမှုရယ်.. ထာဝစဉ် မျော်လင့်လျက် ရှိပေမယ့် ကံခေတော့ ဝေးရော့ပေါ့ကွယ်.. '' ဆိုတာနဲ့ စတယ်..။ သီချင်းအလယ်လောက်မှာ..

'' အဖေ အမေ ဆိုလည်း.. အို.. ခေါ် စရာကို မရှိတယ်.. ။ ၀မ်းနည်းမိတယ်.. ရင်နာမိတယ်.. ငါ့ဘ၀တလျောက် မှာလေ.. ''

ဆိုတဲ့ အပိုဒ်ပါတယ်..။

အဲဒီအပိုဒ် ကျွန်တော်ဆိုတာနဲ့.. '' ဟေ့ လူက မွေးတဲ့ ခွေးသား.. ဒီမှာ ငုတ်တုတ်ကြီးထိုင်နေတာ.. မင်းအဖေ မဟုတ်လို့ ဘယ်သူလဲ.. '' နဲ့ ထကစ်တော့တာပဲ..။

အဖေမုန်းတဲ့ နောက်သီချင်းတစ်ပုဒ်ရှိသေးတယ်..။ စိုးလွင်လွင်ရဲ့ '' ရင်ဆိုင်စရာ စွမ်းအားမရှိတော့လို့ပါ '' ဆိုတဲ့ သီချင်း..။

ကျွန်တော်အဲဒီသီချင်းဆိုတိုင်း.. အဖေက.. '' ငါ့သားရာ.. မင်းမို့.. ဒါလောက် လူညွှန့်တုံးတဲ့ သီချင်း ဆိုတယ်.. ပြင်ဆို.. ရင်ဆိုင်စရာစွမ်းအားအပြည့်နဲ့ပါ လို့ ပြင်ဆို.. '' လို့ အမြဲ ပြောတယ်..။


အဖေနဲ့ ပတ်သက်တဲ့ အမှတ်တရတွေက အဲဒီလိုမျိုး သိပ်များတယ်..။

Saturday, July 19, 2008

15.2 အဖေနဲ့အမေ

အဖေအရက်မူးတိုင်း.. အိမ်ရှိလူကုန် နှိပ်ပေးရတယ်..။ မူးရင် အဖေက သွေးနည်းနည်း ဆိုးတယ်..။ ရစ်တယ်..။ အဖေ့ကို နှိပ်ပေးရတိုင်း ကျွန်တော် ပြဿနာတက်လေ့ရှိတယ်..။ ကျွန်တော်နှိပ်တာ.. ပျော့တယ်.. ပြင်းတယ်.. စေတနာမပါဘူး.. စသဖြင့်.. အဖေ အမြဲအလိုမကျဖြစ်တယ်..။ အဖေ့ကို နှိပ်ပေးရလို့ ကျွန်တော်ညောင်းတော့ ဘယ်သူက ကျွန်တော့်ကို ပြန်နှိပ်ပေးမှာလဲ လို့ ကျွန်တော်မေးရင် အဖေသိပ်စိတ်ဆိုးတယ်..။

အဖေမူးရင် ဆိုလေ့ရှိတဲ့.. တေးသွားအတိုအထွာလေးတွေ ရှိသေးတယ်..။ မကြာခန ကြားနေရတော့.. အခုအချိန်အထိ ကျွန်တော်အလွတ်ရနေသေးတယ်..။

''လိမ်နိုင်ရင် ပညာရှိ .. ညာနိုင်ရင် သစ္စာရှိ.. ၀ိနိုင်မှ လူမော် '' ဆိုတဲ့ စာသား အဖေ သိပ်ကြိုက်တယ်..။ ၀ိနိုင်မှ လူမော်ဆိုတာ.. ၀ မရှိဘဲ ၀ိလုပ်နိုင်မှ လူတော်ဖြစ်မယ် ဆိုတဲ့ အဓိပ္ပယ်ပဲ..။ ကျွန်တော်လည်း.. အဲဒါကို အစက နားမလည်ပါဘူး..။ နှိပ်ပေးနေရလို့ စိတ်ကုန်နေတဲ့ ကြားထဲ.. အဖေဆိုတဲ့ သီချင်းတွေကို ဘယ်ခံစားနိုင်ပါ့မလဲ..။ နောက်မှ.. အော်.. ၀ိနိုင် မှ လူမော် ဆိုတာ.. ဒါကို ဆိုလိုတာပါလားလို့ သိလာတာပဲ..။

အဖေ့ရဲ့ အရက်မူးတေးသွား နောက်တစ်ပုဒ်ရှိသေးတယ်.. '' ဂွေးတောက်ရွက် ဟင်းချို သေးပေါက်လျက် သီချင်း ဆို '' ဆိုတဲ့ တေးသွားပဲ..။ မူးပြန်လာလို့ အိမ်ပေါက်ဝ ရောက်တာနဲ့ အဲဒီသီချင်းဆိုပြီး.. အဖေ ပုဆိုးလှန် ကော့ပန်းတော့တာပဲ..။


ပြောရဦးမယ်..။ အဖေ့မှာ.. မိန်းမသုံးယောက်တောင် ရှိတယ်..။ ကျွန်တော်တို့ အမေက.. ကြီးမှယူလို့ မယားကြီးလို့ ခေါ်ရမယ်ဆိုတဲ့ လော့ဂျစ်နဲ့ ဆိုရင်တော့ အကြီးဆုံးပေါ့..။ အရပ်ပြော ပြောရရင်တော့.. အငယ်ဆုံးပါပဲ..။

ကျွန်တော့်မှာ.. အဖေတူအမေတူ ညီအကိုမောင်နှမက.. ငါးယောက်ရှိတယ်..။ အဖေတူ အမေကွဲက.. ကိုးယောက်တောင် ရှိတယ်ဆိုတော့.. စုစုပေါင်း ညီအကို မောင်နှမ.. ဆယ့်လေးယောက်တောင်ရှိတယ်..။ အဲဒီထဲက.. အမတစ်ယောက်ဆိုရင်.. ကျွန်တော်အခုအချိန်အထိ.. အပြင်မှာ မတွေ့ဖူးဘူး..။ အဆက်အသွယ်လည်း မရှိဘူး..။ အဖေကိုယ်တိုင်တောင်.. သူတို့သားအမိ ဘယ်မှာ နေမှန်းမသိဘူး..။ သူတို့က ဒုတိယအိမ်ထောင် ပေါ့..။

အဖေ့ရဲ့ ပထမဦးဆုံး မိန်းမနဲ့က.. ယောက်ျားလေး ခြောက်ယောက် မိန်းကလေး နှစ်ယောက် မွေးတယ်..။ အကြီးဆုံး ယောက်ျားလေးက.. ကျွန်တော့်အမေနဲ့ သုံးနှစ်လောက်ပဲ ကွာတယ်..။ အဖေနဲ့ အမေနဲ့က.. ဆယ့်သုံးနှစ်ကွာတယ်..။ အဖေက ဆယ့်ငါးနှစ်သားလောက်မှာ.. အိမ်ထောင်ကျတယ်..။

ကျွန်တော်ငယ်ငယ်က.. အဖေနဲ့ မြို့လိုက်သွားတယ်..။ မြို့ရောက်တော့.. အဖေ့ရဲ့ အရင်အိမ်ထောင်က သားတွေ အဖေ့ကို လာတွေ့တယ်..။ ကျွန်တော်က ငယ်သေးတော့.. အဖေတူ မအေကွဲ အကိုတွေ ရှိမှန်းဘယ်သိမလဲ..။ ဒီကောင်တွေ ငါ့အဖေကို အဖေခေါ်တယ်.. ဘယ်ကကောင်တွေလဲ လို့ ကျွန်တော့်မှာ နားမလည်နိုင် ဖြစ်ရတယ်..။

အိမ်ပြန်ရောက်တော့.. အမေ့ကို ပြန်ပြောပြမိတယ်..။

'' အမေ အမေ.. အမေ့သား မဟုတ်တဲ့ အဖေ့သားတွေ.. ကျွန်တော်မြို့မှာ တွေ့ခဲ့တယ်..။ အဲဒီကောင်တွေက.. အဖေ့ကို အဖေခေါ်သဗျ.. '' လို့..။

မှတ်မိသေးတယ်..။ အဖေနဲ့ အမေ အကြီးအကျယ် နောင်ဂျိန်ပလေးတော့တာပဲ..။

အဖေနဲ့ အမေ ရန်ဖြစ်ရင် အဖေက အမေ့ကို မခံချိမခံသာ ဖြစ်အောင် သိပ်ပြော သိပ်လုပ်လေ့ရှိတယ်..။

အမေ့ကို တရားနည်းလမ်းကျကျ ဘယ်တော့မှ အဖေပြန်ရှင်းလေ့မရှိဘူး..။ အမေ ဘာပြောပြော ထိုင်ပြီး ဘုတော့နေတာပဲ များပါတယ်..။

ရှင့်ကို ယူမိတာ.. သိပ်မှားတယ် လို့ အမေက ပြောရင်.. '' မှား ပဒါး '' ပေါ့ကွာ လို့ အဖေက ချက်ချင်းပြန်ပြောတယ်..။ အမေက.. သိပ်စိတ်ကုန်တာပဲ လို့ ပြောရင်.. အဖေက.. '' ကုန် ပဒုံ '' ရှင့်ကို မပေါင်းချင်ဘူး ဆိုရင်.. '' မပေါင်း ပဒေါင်း '' .. နဲ့ တစ်ခွန်းမကျန် အောက်ကလိအာ လိုက်ပြောနေတော့တာပဲ..။

နောက်ဆုံးတော့ အမေငိုတာနဲ့ပဲ ဇာတ်သိမ်းလေ့ရှိတယ်..။

အဖေနဲ့ အမေရန်ဖြစ်တာဟာ.. ကျွန်တော်တို့ အတွက်ကတော့.. အိပ်ရာဝင်ပုံပြင်တွေကို ဖြစ်လို့..။

အခုတော့လည်း.. အဘိုးကြီးအဘွားကြီးတွေ ဖြစ်ကုန်ပြီပေါ့..။ အဖေလည်း.. အရင်လို မာန်တွေ မရှိရှာတော့ပါဘူး..။ အခုဆိုရင်အမေမသိအောင် အဖေခမျာ ဆေးလိပ်ခိုးသောက် နေရတဲ့ အထိပဲ..။ အရင်ကဆို.. ငါဖာသာ သောက်တာ ဘယ်သူ့ ဂရုစိုက်ရမှာလဲ ဆိုတဲ့ အဖေလေ..။

အဖေအပြင်က ပြန်လာရင်.. အမေက.. အဖေ့အင်္ကျီ အိပ်ကပ် တန်းနှိုက်တာပဲ..။ တွေ့သမျ စီးကရက် ဆေးပေါ့လိပ် ချိုးပြီး အကုန်လွှင့်ပစ်တော့တာပဲ..။ အဖေကတော့.. အမေလုပ်သမျ.. ရယ်ကျဲကျဲနဲ့ ကြည့်နေတယ်..။

ပြီးမှ.. မျက်မှန်ဘူးထဲ ထည့်ထားတဲ့.. ဆေးလိပ်ထုတ်ပြီး အမေမသိအောင် သောက်တော့တာပဲ..။

'' မင်းအမေလည်တယ် ဆိုတာ.. အဖေအိပ်နေသလောက်ပဲ ရှိတယ် ငါ့သား.. သူက ဆေးလိပ်ဆိုရင်.. အင်္ကျီ အိပ်ကပ်ထဲမှာပဲ သိမ်းလို့ ရတယ်လို့ ထင်နေတဲ့ မိန်းမ ကွ .. မျက်မှန်ဘူးထဲ ဆေးလိပ်ထည့်လို့ ရတာ.. သူမသိဘူး '' လို့် ကျွန်တော့်ကို ပြောပြီး အဖေ တဟားဟား ရယ်နေတတ်တယ်..။


အဖေက အဲဒီလို လူမျိုး..။

သတိရလို့.. အဖေရေးတဲ့ စာတစ်စောင်အကြောင်း ပြောရဦးမယ်..။ အဲဒီတုံးက ကျွန်တော်က ကျောင်းပြီးစ..။ အလုပ်အကိုင်မယ်မယ်ရရ မရှိသေးတဲ့အချိန်..။ ဆယ်တန်းဂိုက် လုပ်လိုလို ဘာလိုလို လုပ်ရင်း တစ်ယောက်ထဲ မတ်တတ်အိပ်နေတဲ့ အခါသမယပေါ့..။

ကျွန်တော်နေတဲ့ အဆောင်လိပ်စာနဲ့ စာတစ်စောင်ရောက်လာတယ်..။ အဖေ့ဆီက..။

စာအိပ်ဖွင့်ကြည့်တော့.. မဂ္ဂဇင်းတစ်စောင်ထဲက ဖြတ်ညှပ်ထားတဲ့.. ကာတွန်းစာရွက်လေး တွေ့ရတယ်..။ တခြား ဘာစာမှ မပါဘူး..။ အဲဒီ ကာတွန်းစာရွက်ပဲ ပါတယ်..။

ပုဆိုးအဖာ အင်္ကျီအဖာနဲ့ ခပ်နွမ်းနွမ်း အဘိုးကြီးတစ်ယောက်က ဗေဒင်ဆရာရှေ့မှာ ကျုံ့ကျုံ့လေး ထိုင်နေတဲ့ ပုံ သရုပ်ဖော်ထားတယ်..။

ဗေဒင်ဆရာက ...

'' သားတွေသမီးတွေက.. အင်္ဂျင်နီယာတွေ ဆရာဝန်တွေ ဖြစ်ကုန်ပြီ ဆိုတော့.. ခင်ဗျား မပူရတော့ဘူး .. '' လို့ ပြောတယ်..။

ခပ်နွမ်းနွမ်း အဘိုးကြီးက

'' ဘယ်လို မပူရတော့တာလည်း ဆရာ '' လို့ အားတက်သရော ဗေဒင်ဆရာကို ပြန်မေးတယ်..။

အဲဒီမှာ.. ဗေဒင်ဆရာက..

''အခုချိန်ကစပြီး ကိုယ့်အတွက်ကိုယ်ပဲ ခင်ဗျား ရှာစားရတော့မှာမို့လို့ပါ '' လို့ ပြန်ပြောထားတဲ့ ကာတွန်းစာရွက်လေးပေါ့..။

ကာတွန်းစာရွက်ကို လက်ကကိုင်ရင်း အဲဒီတုံးက အတော့်ကို ကျွန်တော် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်..။

Friday, July 18, 2008

15.3 အဖေ့အပေါင်းအသင်းတွေ

အဖေက.. အပေါင်းအသင်း ပေါတယ်..။ အမေနဲ့သာ စကားကောင်းမပြောတာ.. သူ့အပေါင်းအသင်းတွေက.. အဖေ့ကို စကားပြောသိပ်ကောင်းတဲ့လူလို့ သတ်မှတ်ထားကြတယ်..။

တချိန်က အစိုးရ၀န်ထမ်းလုပ်ခဲ့တာကြောင့်လည်း.. အဖေ့မှာ.. တပည့်တပန်း မရှားဘူး..။ အဖေ့ တပည့်တွေထဲမှာ.. ကိုညိုမောင်ဆိုတဲ့ လူတစ်ယောက်ရှိတယ်..။ သူက စကားမပြောနိုင်ရှာဘူး..။ အ နေလို့ မပြောနိုင်တာတော့ မဟုတ်ပါဘူး..။ လည်ချောင်းကင်ဆာဖြစ်တာနဲ့ လည်ချောင်းကို အပေါက်ဖောက်ထားလို့ မပြောနိုင်တာပဲ..။

သူစကားပြောရင်.. ခူးခူးခဲခဲ နဲ့ လေသံပဲထွက်တယ်..။ သူ့စကားကို.. နားလည်ဖို့ အတော်မလွယ်ဘူး..။ အမြဲ ပေါင်းသင်းနေတဲ့သူတွေလောက်သာ နားလည်ကြတယ်..။ သူ့အားနည်းချက်ကို.. အမြဲစတဲ့.. ကိုဇင်ယော် ဆိုတဲ့သူ ရှိသေးတယ်..။ ကိုဇင်ယော်ကလည်း.. အဖေ့တပည့်ပဲ..။

ကိုညိုမောင်နဲ့ စကားပြောတိုင်း ကိုဇင်ယော်ကလည်း.. ခူးခူးခဲခဲ နဲ့ လုပ်ပြောလေ့ရှိတယ်..။ သူတစ်ပါးရဲ့ အားနည်းချက်ကို မစ သင့်ဘူးဆိုတာ မှန်ပေမယ့်.. သူ့အရပ်နဲ့သူ့ဇာတ်ပေါ့လေ..။ ကိုညိုမောင်ကလည်း.. စိတ်ဆိုးတယ်လို့ မရှိပါဘူး..။ ဘေးလူတွေကလည်း.. သူတို့နှစ်ယောက်ကို ကြည့်ပြီး ရယ်ကြမောကြပေါ့..။

ကိုညိုမောင်ကလည်း မခေဘူး..။ ကိုဇင်ယော်ကို.. ပြန်ဆဲလေ့ရှိတယ်..။ ဒါပေမယ့်.. အဲဒီလို ပြန်ဆဲတာကိုက.. လူရယ်စရာဖြစ်ဖြစ်နေတတ်တယ်..။ ဆဲသံကိုယ်နှိုက်က.. ခူးခူးခဲခဲ နဲ့ကိုး..။ ဒါပေမယ့် နောက်ဆုံးတော့.. ကိုညိုမောင် နည်းလမ်းကောင်းတွေ့သွားတယ်..။

ကိုဇင်ယော်က သူ့ကို စတိုင်း.. ကိုညိုမောင်က ခူးခူးခဲခဲ နဲ့ ပြန်မဆဲတော့ဘူး..။ သူ့အိပ်ထောင်ထဲ ထည့်ထားတဲ့ စာရွက်တစ်ရွက်ပဲ ကိုဇင်ယော်ကို ထုတ်ထုတ်ပြတယ်..။ အဲဒီစာရွက်ပေါ် ရေးထားတဲ့ စာကို မြင်တိုင်း ကိုဇင်ယော် အသံတိတ်တိတ်သွားခဲ့ရတယ်..။

ကိုညိုမောင်က ...

'' ၁၉၇၅ ခုနှစ် တစ်နှစ်လုံး ဇင်ယော် ငါ -ိုး မသား '' လို့ ရေးထားတဲ့ စာရွက်ကို အိပ်ထောင်ထဲ ထည့်ထားတာကိုး..။

ဆဲတာတောင် နှစ်ပြတ် ဆဲနည်းနဲ့ ဆဲတာ..။

အဖေ့တပည့်တွေကလည်း.. အဲဒီလိုမျိုး တွေ..။ ရယ်ရတယ်..။ ပေါက်တတ်ကရ လည်း သိပ်လုပ်ကြတယ်..။ စတာနောက်တာကလည်း ကမ်းကုန်ရော..။ အခုထိ ပြန်တွေးမိတိုင်း မရယ်ဘဲ မနေနိုင်တဲ့ ဖြစ်ရပ်လေးတစ်ခု ဖောက်သယ်ချ ရဦးမယ်..။

ထုံးစံအတိုင်း.. ကိုဇင်ယော်က.. ကိုညိုမောင်ကို.. စ တာပဲ..။ ဒါပေမယ့်.. နောက်တဲ့နည်းက.. တော်တော်လေး လွန်တယ်..။ အဲဒီတုံးက ဘာမှမဖြစ်ခဲ့လို့သာ.. ။ တစ်ခုခု ဖြစ်များဖြစ်ခဲ့ရင်.. တသက်လုံး ပြောပြီးမယ့် အဖြစ်အပျက်မဟုတ်ဘူး..။ ဒါတောင်မှ.. ကိုဇင်ယော် ကန်တော့ပွဲနဲ့ မတောင်းပန်ရရုံတမယ်ပဲ..။ အဖေပါ ၀င်ပြီး ဖြေရှင်းပြေးခဲ့ရတယ်..။

ဖြစ်ပုံက ဒီလို..။

တစ်ရက် ကိုညိုမောင်အိမ်ကို ကိုဇင်ယော် အလည်သွားတယ်..။ အိမ်ရောက်တော့.. အိပ်နေတဲ့ ကိုညိုမောင်ကို ကိုဇင်ယော်တွေ့တယ်..။ ကိုညိုမောင်က အအိပ်နည်းနည်းကြမ်းတယ်..။ ကိုယ့်အိမ်မှာကို အိပ်တာ ဆိုတော့လည်း.. ဟိုပေါ်ဒီပေါ် ဖြစ်လည်း.. သိပ်အရေးမစိုက်ဘူးနဲ့ တူပါရဲ့..။

ဒါပေမယ့် နဂိုရ်ကတည်းက ကြံဖန် စချင် နောက်ချင်နေတဲ့ ကိုဇင်ယော်အတွက်တော့.. ကိုညိုမောင် ပိုးစိုးပက်စက် အိပ်နေတာ မဟာအခွင့်အရေးကြီးပေါ့..။

တိုက်တိုက်ဆိုင်ဆိုင် ရောက်လာတဲ့ မုန့်လက်ကောက်သည်ကို တားပြီး ကိုဇင်ယော်က မုန့်လက်ကောက်ဝယ်တယ်..။ ထန်းလျက်ရည် များများတောင်းတယ်..။ နောက်.. အိပ်နေတဲ့ ကိုညိုမောင်ရဲ့ .. မတော်ရာကို..အဲဒီထန်းလျက်ရည်တွေ သုတ်တယ်..။ ပြီးမှ .. ကိုညိုမောင့်ခွေး ဂျက်ကီကို ခေါ်လိုက်တယ်..။

ဂျက်ကီကတော့ အမြီးတနှန့်နှန့် နဲ့ပေါ့..။ သူက ထန်းလျက်သိပ်ကြိုက်တယ်..။ တွေးသာကြည့်ပေတော့..။

အဲဒီတုံးက အိပ်မက်ထဲမှာ.. ကိုညိုမောင် ဘယ်ရောက်နေလဲ ဆိုတာတော့ ကျွန်တော်မသိခဲ့ပါကြောင်း..။


ကျွန်တော်ရှစ်တန်းနှစ် အရောက်မှာတော့ ကိုညိုမောင် သေသွားရှာတယ်..။ ကိုညိုမောင်သေတာကို ကြားတော့ တရွာလုံး စိတ်မကောင်းဖြစ်ကြတယ်..။ ဖြစ်မှဖြစ်ရလေ လို့ စုတ်သပ်ကြတယ်..။ တကယ်လည်း ကိုညိုမောင် သေပုံက သနားစရာပဲ..။

ကျွန်တော်တို့ရွာက မြင်းမူမြို့နဲ့ နီးတယ်..။ ဧရာဝတီ မြစ်ကြောင်းအတိုင်း မော်တော်နဲ့ ဆန်တက်သွားရင်.. သုံးနာရီလောက်ပဲ ကြာတယ်..။ ရွာကနေ မန္တလေး ကို တိုက်ရိုက်သင်္ဘောနဲ့ သွားလို့ ရသလို.. မြင်းမူအထိ..မော်တော်စီး.. ပြီးမှ မန္တလေးကို ကားဆက်စီးသွားလို့လည်း ရတယ်..။

ရွာကနေ မြင်းမူသွားတဲ့ မော်တော်တွေက မနက်ဝေလီဝေလင်းဆို ထွက်ပြီ..။ တစ်ရက်ကိုညိုမောင် စီးတဲ့ မော်တော်မှောက်တယ်..။ မော်တော်ပေါ်ပါတဲ့.. ခရီးသည်တွေအားလုံးက ရေကူးတတ်သူချည်းဆိုတော့.. နီးရာကမ်း လက်ပစ်ကူးကြတာပေါ့..။ ကိုညိုမောင်လည်း ကြိုးစားကူးတယ်..။

ဒါပေမယ့်.. ကင်ဆာကြောင့် ဖောက်ထားရတဲ့ သူ့လည်ပင်းပေါက်က ကိုညိုမောင်ကို သေရွာပို့လိုက်တယ်..။

လှိုင်းလေတွေကြားမှာ.. အသက်ဘေးအတွက် ကြိုးစားကူးခတ်ရင်း.. လည်ပင်းပေါက်ထဲဝင်လာတဲ့ မြစ်ရေတွေကြောင့် သူ့ခမျာ အတော့်ကို ဝေဒနာခံစားရင်း သေသွားခဲ့ရဟန် ရှိပါတယ်..။ ကျန်ခရီးသည်တွေလည်း.. ကိုယ့်အပူနဲ့ကိုယ် ဘေးလွတ်ရာကို ကူးခတ်နေကြရတာမို့..ကိုညိုမောင် ကို ဘယ်သူ ကယ်နိုင်မှာလဲ..။ ကိုညိုမောင် ရေနစ်သေသွားတာကိုတောင် ချက်ခြင်း မသိကြပါဘူး..။ နောက်မှ ကိုညိုမောင် ကမ်းပေါ် မရောက်လာတာကို သတိထားမိကြတယ်..။

အဲဒီသတင်းကြားကြားချင်း အဖေနဲ့ ကိုဇင်ယော်အပါအ၀င် လူလေးငါးယောက် မော်တော်မှောက်တဲ့ နေရာမှာ.. ပိုက်ချပြီး ကိုညိုမောင်အလောင်းကို လိုက်ရှာကြတယ်..။ တစ်ရက် မတွေ့ .. နှစ်ရက်မတွေ့.. နောက်ဆုံးတော့ လက်လျော့လိုက်ကြရတယ်..။ သုံးရက်မြောက်နေ့မှာတော့ အလောင်းမပါဘဲ အသုဘချကြတယ်..။ အလောင်းမပါတဲ့ အခေါင်းကို ကိုယ်တိုင်ထမ်းပြီး ကိုဇင်ယော်က သူ့အချစ်ဆုံး ရောင်းရင်းကြီးရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ရှာတယ်..။ အဲဒီနေ့က သင်္ချိုင်းကုန်းမှာ ကိုဇင်ယော်ကြီး ငိုတယ်..။ အဖေလည်း မျက်ရည်ဝဲနေခဲ့တယ်..။

အသုဘချပြီး လေးရက်မြောက်နေ့မှာ ကျွန်တော်တို့ရွာရဲ့ မြစ်ကြေဖက်က စားကြူးဆိုတဲ့ ရွာနားမှာ ကိုညိုမောင်ရဲ့ အလောင်းကို တံငါသည်တစ်ယောက်က တွေ့တဲ့ သတင်းထွက်လာတယ်..။ မြစ်နားကမ်းနား ရေနစ်သေတဲ့ အလောင်းမှန်သမျ သေပြီးတစ်ပတ်လောက်ကြာရင် ပုပ်ပြီး မြစ်ဟိုနားဒီနားမှာ ပေါ်လေ့ရှိတယ်..။ အဖေနဲ့ ကိုဇင်ယော် အဲဒီရွာကို လိုက်သွားပြီး မြစ်ကြောင်းအတိုင်း လှေနဲ့ ကိုညိုမောင်ကို ရွာပြန်ခေါ်လာခဲ့ကြတယ်..။ ပုပ်ပွနေတဲ့အပြင် ငါးတွေစားထားတာကြောင့် ကိုညိုမောင် ရယ်လို့တောင် မမှတ်မိနိုင်လောက်တဲ့အထိ ရုပ်ပျက်ဆင်းပျက်ဖြစ်နေခဲ့ပါပြီ..။

ရွာမှာ.. အသုဘအခမ်းအနား နှစ်ကြိမ်လုပ်ရတဲ့ သူအဖြစ် ကိုညိုမောင် မှတ်တမ်းဝင်သွားခဲ့တယ်..။

Thursday, July 10, 2008

14.1 This is your wife

စကားစပ်လာလို့ ၁၉၉၇ ခုနှစ်လောက်က ကျွန်တော် ဘန်ကောက်မှာ ကြုံခဲ့တာလေး ပြောရဦးမယ်..။

၁၉၉၆ မှာ ကျောင်းပြီးတယ်..။ ၁၉၉၇ ဧပြီလမှာ လက်ရှိအလုပ်ထဲ ၀င်တယ်..။ ဈေးကွက်စီးပွားရေး စနစ်အရ မြန်မာနိုင်ငံမှာ ပုဂ္ဂလိက စက်ရုံ အလုပ်ရုံတွေ အပြိုင်းအရိုင်း ပေါ်ပေါက်နေတဲ့ အချိန်ကပေါ့..။

အလုပ်ဝင်ဝင်ခြင်း ဘန်ကောက်ကို ထရိန်နင် သွားရတယ်..။ ဘန်ကောက်ဆိုပေမယ့် မြို့ပေါ်တော့ မဟုတ်ပါဘူး..။ ဘန်းပူး လို့ခေါ်တဲ့ စက်မှုဇုံတစ်ခုက စက်ရုံတစ်ရုံမှာ ထရိန်နင် ပေးတာပဲ..။

သင်တန်းကာလက တစ်လတောင်ကြာတာဆိုတော့ အဲဒီစက်ရုံက ထိုင်း တွေနဲ့ အတော့်ကို ရင်းနှီးသွားတယ်..။ ဒါပေမယ့် စက်ရုံမှုးကစလို့ အင်္ဂလိပ်လို ကောင်းကောင်းမပြောတတ်ကြဘူး..။ ဘရုတ်ကင်းအင်္ဂလိပ် နဲ့ ခြေဟန်လက်ဟန်ပြ ပြီး ပြောကြရတယ်..။

တစ်ရက် .. စက်ရုံမှုးလုပ်တဲ့ထိုင်းက ကျွန်တော့်ကို သူ့အိမ်ခေါ်လည်တယ်

သူ့အိမ်က ဘန်ကောက်ဆင်ခြေဖုံး ရပ်ကွက်တစ်ခုမှာပဲ။

အိမ်ရောက်တော့ သူ့မိန်းမနဲ့ ကျွန်တော့်ကို အခုလို မိတ်ဆက်ပေးတယ်..။

This is your wife … တဲ့...။

ကျွန်တော့်မှာ ရယ်ရခက် တည်ရခက်ကြီးပေါ့..။ အဲဒီပုဂ္ဂိုလ်ကို ကြည့်တော့လဲ အတည်ပြောနေတာဆိုတော့... ကျွန်တော်လဲ မျက်နှာပိုးသပ်ပြီး .. Nice to meet you... လုပ်လိုက်ရတယ်..။

Wednesday, July 9, 2008

14.2 ဘန်ကောက်ကိုအသွား

ဟိုး မြန်မာပြည်အလယ်ပိုင်း.. ရွာငယ်ဇနပုဒ်က.. ရွာသား ကျွန်တော်.. ငယ်ငယ်တုံးက အခုလို တွေးခဲ့ဖူးသေးတယ်..။

'' ငါ ဒီတစ်သက် ရန်ကုန်တောင် ရောက်ဖူးပါ့မလားမသိ '' လို့..။

ကျွန်တော်တို့ ရွာမှာ.. ရန်ကုန် မရောက်ဖူးဘဲ သေသွားတဲ့ သူတွေ တပုံကြီးရှိတယ်..။ သူတို့တသက် ရန်ကုန်ဆိုတာ.. မြေပုံထဲလောက်သာ တွေ့ဖူးကြတာ..။ ဟိုးခေတ်တုံးက အခုလို တီဗွီဆိုတာလဲ မပေါ်သေး..။ နိုင်ငံခြားထွက် အလုပ်လုပ်ရဖို့ဆိုတာကလဲ ဘယ်လိုမှ မဖြစ်နိုင်... ဆိုတော့.. ရန်ကုန်ကို.. ရောက်ဖို့ဆိုတာ.. ရွာသားတွေအတွက်တော့ အိပ်မက်တစ်ခုပဲ..။

အဲဒီလိုမျိုး ရွာမှာကြီးပြင်းခဲ့ရတဲ့ကျွန်တော်.. ၁၉၉၇ ခုနှစ်မှာ.. အလုပ်ကနေ နိုင်ငံခြား သွားဖို့ ဖြစ်လာခဲ့တော့.. တွေးသာကြည့်ပေတော့..။ ဒါတောင် ကြီးကြီးကျယ်ကျယ် မဟုတ်ဘူးနော်..။ သင်တန်းလေး တစ်လလောက်သွားရတာ..။

အဲဒီတုံးက သတိရသေးတယ်..။ နိုင်ငံခြားသွားမှာဆိုတော့.. အင်္ကျီ ဘောင်းဘီ သားသားနားနားလေး ၀ယ်မှဟဲ့လို့ တွေးပြီး စတိုးဆိုင် တကာလျောက်ကြည့်မိတယ်..။

ရတဲ့ လခက တစ်လမှ.. ရှစ်ထောင်ကျပ်..။ ကိုယ်ကြိုက်တဲ့ အင်္ကျီ ဘောင်းဘီက တစ်ထည်တစ်ထည် ကိုးထောင် တစ်သောင်း ဆိုတော့.. အနားကို မကပ်နိုင်ဘူး..။ နောက်ဆုံးတော့ ဒေ၀ူးကချုပ်တဲ့ အင်္ကျီ ဘောင်းဘီ တွေ ရောင်းတဲ့ စတိုးဆိုင်မှာ.. ဂိတ်ဆုံးတယ်..။

မှတ်မှတ်ရရ.. ကတ္တီပါအညိုရောင် ဘောင်းဘီရှည်က တစ်ထည်.. အနက်အစင်းကြား အင်္ကျီ လက်ရှည်က တစ်ထည် ၀ယ်တယ်..။ အိမ်ရောက်တော့ ကိုယ့်ဖာသာ ၀တ်ကြည့်ပြီး တယ်မိုက်တဲ့ ငါပါလား လို့ မှန်ရှေ့မှာ ချီးကျုးမိသေးတယ်..။

ဖိနပ်ကတော့.. သူငယ်ချင်းတစ်ယောက်က အလကားပေးထားတဲ့ ဖိနပ်တစ်ရံ ရှိလို့ တော်သေးတာပေါ့..။ ဒါပေမယ့်.. သူ့ခြေထောက်က နံပါတ်ကိုး စီးတာဆိုတော့.. ကျွန်တော့်လို နံပါတ်ခုနှစ်လောက်စီးတဲ့ ငနဲအတွက်တော့ တော်တော်ကြီးတဲ့ ဖိနပ်ပေါ့..။ ကြီးတာက ပြဿနာမရှိဘူးလို့ ယူဆပြီး ဖိနပ်နဲ့ ပတ်သက်ပြီးတော့ စိတ်အေးသွားခဲ့တယ်..။

တက္ကသိုလ်ကျောင်းသားဘ၀.. သံသေတ္တာတစ်လုံးနဲ့ နေလာခဲ့တာမို့ ခရီးဆောင်အိတ်ကလဲ မရှိပြန်ဘူး..။ နောက်ဆုံးတော့ အက်ဒီးဒတ် တံဆိပ်ပါတဲ့ ကျောပိုးအိပ် တစ်လုံး နှစ်ထောင်နဲ့ ၀ယ်လိုက်တယ်..။

အဲဒီလိုနဲ့.. နိုင်ငံခြားဆိုတာကြီး သွားဖို့ အဆင်သင့် ဖြစ်နေခဲ့တယ်..။ မသွားခင်ညက ကောင်းကောင်းတောင် အိပ်မပျော်ဘူး..။ ၀ယ်ထားတဲ့ ဘောင်းဘီရှည် အသစ်နဲ့ အင်္ကျီ အသစ်ကို.. ၀တ် ၀တ်ကြည့်ရတာလဲ အမော..။ နောက်တစ်နေ့မနက်မှာတော့.. ကုမ္ပဏီကားနဲ့ လေဆိပ်ကို.. စတိုင်အပြည့်နဲ့ ကျွန်တော်ရောက်သွားခဲ့တယ်..။

နံပါတ်ကိုး ဖိနပ်ကြီးစီး.. အင်္ကျီ ကြယ်သီး အကုန်တပ်.. ကတ္တီပါ ဘောင်းဘီရှည်နဲ့ပေါ့..။ အိပ်ထောင်ထဲမှာကတော့ လေယာဉ်လက်မှတ်နဲ့ ပတ်စ်ပို့ကို ထိုးထိုးထောင်ထောင် ထည့်ထားရင်းပေါ့..။

ကုမ္ပဏီဖက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တစ်ယောက်တော့ ပါပါတယ်..။ ကျန်တဲ့ လုပ်ဖော်ကိုင်ဖက် ခုနှစ်ယောက်ရယ်ဆိုတော့.. အားလုံးပေါင်း ကိုးယောက်ပေါ့..။ Check-in လုပ်.. အချိန်တန်တော့ လေယာဉ်ပေါ်တက်.. အားလုံးအေးဆေးပါပဲ..။

မသွားခင်ကတည်းက.. ထိုင်ခုံခါးပတ် ဘယ်လိုပတ်ရတယ် ဆိုတာကအစ.. နိုင်ငံခြား ရောက်ဖူးတဲ့ သူငယ်ချင်း တစ်ယောက်ကို မေးထားခဲ့တာဆိုတော့.. သိပ်တော့ အခက်အခဲ မရှိပါဘူး..။

အစကတော့ ထိုင်ခုံခါးပတ်မပတ်တတ်မှာ.. သိပ်စိုးရိမ်တယ်..။ စိုးရိမ်လောက်တဲ့ အကြောင်းကလဲ ရှိတယ်..။ အဖေ့မိတ်ဆွေ ရွာသားတစ်ယောက်.. မန္တလေးကနေ ဗန်းမော်ကို.. လေယာဉ် နဲ့ ခရီးသွားတယ်..။ အဖေရောပါတယ်..။ ကျွန်တော်တို့ ငယ်ငယ်တုံးကပေါ့..။ အဖေ့မိတ်ဆွေက တကယ့်တောသား..။ လေယာဥ်ဆိုတာ..တသက်နဲ့တကိုယ်.. အဲဒီတစ်ခါပဲ စီးဖူးတာ..။ လေယာဉ်ဆင်းခါနီးတော့ ထိုင်ခုံ ခါးပတ် ပတ်ထားကြဖို့ ပြောတော့.. သူက မပတ်တတ်ဘူး..။ လေယာဉ်မယ် ခေါ်ပတ်ခိုင်းရမှန်းလဲ မသိတော့.. နောက်ဆုံး ကြံမိကြံရာ ထိုင်ခုံကို နောက်ပြန်ကြီး ဖက်ထားသတဲ့..။

အဲဒီအကြောင်းကို ကြားဖူးထားတော့.. ကိုယ့်အလှည့်မှာ ဒုက္ခရောက်မှာ သိပ်စိုးရိမ်တယ်..။

ထိုင်ခုံခါးပတ်ပတ်တာ.. ကျောပိုးအိတ်က.. ကြိုးလိုမျိုးပါပဲလို့ သူငယ်ချင်းက ရှင်းပြထားလို့ တော်သေးတာပေါ့..။ လေယာဉ်ပေါ်ရောက်ရောက်ခြင်း.. အဲဒီခါးပတ်ကို.. သုံးလေးခါ ဖြုတ်တပ်လုပ်ကြည့်လိုက်တယ်..။

အဲဒီလိုနဲ့.. ဘန်ကောက်လေဆိပ်ရောက်တယ်..။ စတိုင်တင်းတင်းနဲ့ .. Green channel ကနေ ဖြတ်လျောက်လာခဲ့တယ်..။ အဲဒီလောက် စတိုင်းတင်းတာတောင်.. ယိုးဒယားမက.. အချဉ်ထင်ဟန်တူတယ်..။ Excuse me ဆိုပြီး ကျွန်တော့်ကို တားတယ်..။ အိတ်ဖွင့်ပြပါလို့ ပြောတယ်..။

ကျွန်တော်လဲ.. ခပ်တည်တည်နဲ့ အိတ်ဖွင့်ပေးလိုက်တယ်..။ ကျွန်တော့်အိတ်ကို ငုံ့ကြည့်ပြီး.. ယိုးဒယားမက နှာခေါင်းရှုံ့တယ်..။ အထင်သေးလို့ နှာခေါင်းရှုံ့တာမဟုတ်ဘူး..။ နံလို့..။

သွားမယ့်နေ့မတိုင်မီညက.. တစ်လတောင်နေရမှာ ဆိုပြီး ရႇိသမ်.. အက်ႌအ၀တ္အစား တွေ အကုန်ထည့်လာတာကိုး..။ တချို့ဟာတွေက.. ဘန်ကောက်ရောက်မှ လျော်မယ်ဆိုပြီး အပေအတိုင်း ထိုးသိပ်ထည့်လာခဲ့တာ..။ အဆိုးဆုံးက.. အောက်ခံဘောင်းဘီတွေပဲ..။

နှာခေါင်းရှုံ့ပြီး Thank you Thank you, go go လို့ ယိုးဒယားမက ပြောတယ်..။ ကျွန်တော်လဲ.. ဆက်ထွက်လာခဲ့တယ်..။ လေဆိပ်အပြင်ဖက်ရောက်ခါနီးမှာ.. ယိုးဒယားတစ်ကောင်က.. ကျွန်တော့်ကို ပြုံးပြပြီး.. လက်ထဲက အိတ်ကို ဆွဲတယ်..။ ကျွန်တော်လဲ.. နိုးနိုး လို့ ပြန်အော်ရင်း.. အတင်းပြန်ဆွဲတယ်..။ နောက်မှ သိရတယ်..။ အဲဒီကောင်က ကျွန်တော်တို့ကို လာကြိုတဲ့ငနဲ..။

နောက်တော့ သင်တန်းပေးမယ့် စက်ရုံရှိရာ.. ဘန်ပူးစက်မှုဇုံဆီကို.. ကျွန်တော်တို့အဖွဲ့.. ထွက်ခွါလာခဲ့ကြတယ်..။ ဘန်ကောက်မြို့ထဲ ကားဖြတ်မောင်းတော့..ဆောက်လုပ်ဆဲ ဟိုင်းဝေးလမ်းကြီးတွေကို.. တွေ့လိုက်ရတယ်..။

ရန်ကုန်မြို့က.. ဂုံးကျော်တံတားလောက်သာ မြင်ဖူးတဲ့ တောသားကျွန်တော်တို့ အဖို့.. အံ့သြဘနန်း ပါးစပ်အဟောင်းသားကို ဖြစ်လို့ပေါ့..။

ဟာ... တို့ဆီက ဂုံးကျော်တံတား အစင်းတစ်ထောင်လောက် ဆက်ထားသလား အောက်မေ့ရတယ်.. လို့..ကျွန်တော်တို့ထဲက တစ်ယောက်က ထ အော်တယ်..။

လေးဆယ့်ငါးမိနစ်လောက် ကြာတော့.. ကျွန်တော်တို့နေရမယ့်.. စက်မှုမြို့သစ်ထဲက လုံးချင်းတိုက်လေး တစ်လုံးဆီကို ရောက်တယ်..။ မြန်မာပြည်က အက်ဖ်အိုင်အမ်စီးတီး လို စက်မှုဇုံနားက မြို့ပေါ့..။

အ၀တ်လျော်စက် မီးပူ ရေချိုးခန်း အိမ်သာ တီဗွီအပေါ်စက် အောက်စက် ထမင်းစားခန်း စတာတွေကို ယိုးဒယားစက်ရုံက တာဝန်ရှိတဲ့သူတစ်ယောက်က လိုက်ရှင်းပြတယ်..။

နောက်တစ်နေ့မနက် ခုနှစ်နာရီမှာ ကျွန်တော်တို့ကို ကားလာကြိုတယ်..။ ဆယ်မိနစ်လောက်မောင်းတော့ လေ့လာရမယ့် စက်ရုံကို ရောက်တယ်..။ စက်ရုံမှာရှိတဲ့ ၀န်ထမ်းတွေနဲ့ မိတ်ဆက်ပေးတယ်..။

စက်ရုံထဲ ဟိုဟိုဒီဒီလိုက်ပြတယ်..။ ပထမနေ့ကတော့.. အဲဒီလောက်နဲ့ ပြီးသွားတယ်..။ သင်တန်းက တစ်ပတ်ကို ငါးရက်တက်ရတယ်..။ တနင်္လာ ကနေ သောကြာအထိပေါ့..။ စနေ တနင်္ဂနွေ နားရက် မှာ.. ကျွန်တော်တို့အဖွဲ့သွားချင်တဲ့ နေရာကို သူတို့လိုက်ပို့ကြတယ်..။

Tuesday, July 8, 2008

14.3 ချစ်ရပါသော ယပလက်သူ

ပထမအဆုံးအပတ် ပိတ်ရက်မှာ ကျွန်တော်တို့ကို ရှေးဟောင်းမြို့တော်တစ်ခုဆီ လိုက်ပို့ကြတယ်..။ သိပ်ဝေးဝေးလံလံတော့ မဟုတ်ပါဘူး..။ ဘန်ကောက် ဆင်ခြေဖုံး နားမှာပါပဲ..။ ယိုးဒယားမလေး တစ်ယောက်က ကျွန်တော်တို့အဖွဲ့ကို လိုက်ရှင်းပြတယ်..။

စရှင်းပြကတည်းက မြန်မာဘုရင်တွေ လာတိုက်လို့.. မြို့တော်ကို ဒီနေရာရွှေ့လာခဲ့ရတယ်လို့ သူမက ပြောတယ်..။ တစ်နေရာရောက်တော့ ဆင်ရုပ်မြင်းရုပ်တွေနဲ့ စစ်သားရုပ်တွေ တိုက်ပွဲ ဖြစ်နေတဲ့ ပုံစံလုပ်ထားတာကို တွေ့ရတယ်..။ ရှေးမြန်မာ စစ်သားတွေ ၀တ်စား ဆင်ယင်ထားတဲ့ အတိုင်း ထုလုပ်ပြသထားတာပဲ..။ ယိုးဒယားမက ဒါတော့ သိပြီးသားမဟုတ်လား လို့ မြန်မာစစ်သားရုပ်တုကို လက်ညှိုးထိုးပြီး မေးတယ်..။

ဆိုင်တော့မဆိုင်ဘူး..။ မျက်နှာပူသလိုလိုတော့ ဖြစ်မိတယ်..။ ဒါပေမယ့် ပေါ့ပေါ့ပါးပါး ပါပဲ..။

အဲဒီမြို့ဟောင်းထဲမှာ.. ထူးထူးဆန်းဆန်းနေရာတစ်နေရာရှိတယ်..။ ပိသုကာ လက်ရာကလဲ.. ဆန်းပြားတယ်..။ ကမ္ဘောဒီးယားနိုင်ငံက အဲဒီနေရာကွက်ကွက်လေးက သူတို့ပိုင်တဲ့ နေရာ ဆိုပြီး နှစ်နိုင်ငံ အငြင်းပွားနေတယ်လို့.. သိရတယ်..။

အဲဒီပိသုကာ လက်ရာဟာ..ကမ္ဘောဒီးယားနိုင်ငံမှာသာ တွေ့ရနိုင်တဲ့ လက်ရာဖြစ်နေလို့ အဲဒီလို အငြင်းပွားနေကြတာလို့ သိရတယ်..။ ယိုးဒယားမ ရှင်းပြတာကို မှတ်မိသလောက်ပြောရရင်.. (မှားကောင်းမှားနိုင်ပါတယ်) အဲဒီနေရာဟာ.. ရှေးယိုးဒယားလူမျိုးတွေ.. အပျိုစစ်မစစ်.. သစ္စာဆို စစ်ဆေးတဲ့ နေရာလို့ နားလည်မိတယ်..။

ကျွန်တော်တို့ဆီက.. တောင်ပေါ်ဘုရားဆောင်းတန်းလိုမျိုး တောင်ကမုလေးတစ်ခုပေါ်မှာ.. အဲဒီအဆောက်အဦးကို ဆောက်ထားတယ်..။ ဆောင်းတန်းလို ဟာလာဟင်းလင်းကြီး တော့မဟုတ်ပါဘူး..။ အဆောက်အဦးတစ်ခုနဲ့ ပိုတူတယ်..။ ခပ်စောင်းစောင်းဖောက်ထားတဲ့ တံခါးပေါက်လေးတွေ ရှိတယ်..။

နှစ်တစ်နှစ်ရဲ့ လပြည့်နေ့တစ်နေ့မှာ.. အဲဒီတံခါးပေါက်အားလုံးကို လရောင်က တန်းတန်း မတ်မတ်ဖြတ်သွားတယ်လို့.. ဆိုတယ်..။ (ဘယ်ရက်ရယ်လို့တော့ သေချာမပြောပါ )

အဲဒမြို့ဟောင်းထဲမှာ.. ဟိုဟိုဒီဒီ လျောက်ကြည့်နေတုံး.. ထိုင်းမလေး သုံးယောက်ကို တွေ့တယ်။ ဂျင်းပင် ကိုယ်စီနဲ့ ကြည့်ပျော်ရှုပျော်လေးတွေပေါ့..။

ဆတ်ဆော့ပြီး.. လိုက်ပို့တဲ့.. ယိုးဒယား တွေကို.. သတို့နဲ့ မိတ်ဆက်ချင်တယ်..။ ဖြစ်မလား လို့ မေးတော့.. သိပ်ဖြစ်တာပေါ့ ဆိုပြီး သတို့နဲ့ ကျွန်တော်တို့အဖွဲ့ကို မိတ်ဆက်ပေးတယ်..။

အတော့်ကို.. ဖော်ဖော်ရွေရွေ ရှိကြတယ်..။ အလုပ်ပိတ်ရက်မို့ သတို့လဲ.. ရှေးဟောင်းမြို့တော်ထဲ လာကြည့် ကြတာလို့ သိရတယ်..။ ကျွန်တော်တို့ စက်မှုဇုံနဲ့ မလှမ်းမကမ်း စက်မှုဇုံတစ်ခုမှာ ရှိတဲ့.. အထည်ချုပ်စက်ရုံတစ်ရုံမှာ.. အလုပ်လုပ်ကြ နေကြသူလေးတွေပဲ..။

ဘာသာစကားက မပေါက်တော့.. တစ်ယောက်နဲ့တစ်ယောက် ငါးမိနစ်ခြားတစ်ခါလောက် ပြုံးပြနေတာနဲ့ပဲ ပြီးနေတယ်..။ ဒါပေမယ့်.. မိတ်ဆက်ပြီးနောက်မှာတော့.. သတို့အဖွဲ့နဲ့ ကျွန်တော်တို့အဖွဲ့ ပေါင်းသွားခဲ့တယ်..။

ထုံးစံအတိုင်း အကျင့်မကောင်းတဲ့ (အကျင့်ပါနေတဲ့) ကျွန်တော့်နှလုံးသားက.. ဘာသာမတူ လူမျိုးမခွဲဘဲ..သတို့ထဲက တစ်ယောက်ကို.. ကြိုက်သွားတယ်..။ ( မြန်လိုက်တာ )

မတောက်တခေါက် ထိုင်းစကားနဲ့.. သူမကို ကျွန်တော်က လှတယ်.. လို့ ပြောတယ်..။ သူမက ပြုံးပြီး ကျေးဇူးတင်တယ်လို့ ပြန်ပြောတယ်..။ ခြေဟန်လက်ဟန် အမူအရာပေါင်းများစွာနဲ့ သူမနဲ့ကျွန်တော် ရင်းနှီးမှုကို တည်ဆောက်မိကြတယ်..။

ရှေးဟောင်းမြို့တော်အနှံ့ ကျွန်တော်တို့ လျောက်ကြည့်ကြတယ်..။ ဓါတ်ပုံတွေ ရိုက်ကြတယ်..။ နှစ်ကိုယ်တည်းလဲ ရိုက်တယ်..။ မချောသုံးယောက် ကိုယ်တစ်ယောက်လဲ ရိုက်တယ်..။

အချိန်တန်တော့.. လမ်းခွဲရဖို့ ဖြစ်လာတယ်..။ ဘော်ဒါယိုးဒယားတွေနဲ့ လက်သိပ်ထိုး တိုင်ပင်ပြီး .. အပြန်လမ်းမှာ.. ညနေစာအတူစားကြရအောင် စီစဉ်ကြတယ်..။ အနီးအနားက.. စားသောက်ဆိုင်တစ်ခုမှာ.. ညစာ အတူစားကြပြီး.. သတို့နေတဲ့ စက်ရုံကို.. ကျွန်တော်တို့ကားနဲ့ လိုက်ပို့ကြတယ်..။ သတို့က စက်ရုံအဆောင်မှာ နေကြတာပဲ..။

အဆောင်ရှေ့မှာ..ကျွန်တော်တို့နှစ်ယောက် နှုတ်ဆက်နေတာကို.. နှစ်ဖက် ဘော်ဒါတွေက.. စောင့်နေကြရတယ်..။ နောက်ဆုံးတော့..ကျွန်တော်နေတဲ့ အိမ်ဖုံးနဲ့ စက်ရုံဖုံးကို ပေးခဲ့ပြီး.. ဟာတာတာနဲ့.. ကျွန်တော်ပြန်ခဲ့တယ်..။

နောက်တစ်နေ့မှာ..သူမဆီက.. ဖုံးလာတယ်..။ အပြင်မှာ လူချင်းတွေ့တာတောင်.. နားလည်အောင် မနည်းပြောရတာ..။ တယ်လီဖုံးထဲမှာ တစ်ယောက်နဲ့တစ်ယောက် ထိုင်းမဟုတ် မြန်မာမဟုတ်.. အင်္ဂလိပ်မဟုတ် နဲ့ ဘာတွေပြောမိမှန်းတောင် ကိုယ်ကိုကိုယ် မသိကြတော့ဘူး..။ မျောက်နှစ်ကောင် တယ်လီဖုံးဆက်တာကမှ.. ကျွန်တော်တို့ထက် သာအုံးမယ်..။

ဒါပေမယ့်.. ဘာသာစကား မလိုတဲ့.. သံယောဇဉ်အမျှင်တန်းကတော့.. ပိုလို့ တိုးလာခဲ့တော့တယ်..။

တဖြည်းဖြည်းနဲ့ နေသားကျလာတော့.. ထိုင်းစကားလဲ အတော်လေး နားလည်လာခဲ့တယ်။
ပင်ပမ်းနေလား.. သိပ်လှတယ်.. သတိရနေမိတယ်.. ညက အိပ်မပျော်ဘူး.. ချစ်တယ် ... အစရှိတာလေးတွေကိုလဲ ထိုင်းလို ပြောတတ်နေပြီ..။ သူမနာမည်ကိုတောင် ထိုင်းလို ရေးတတ်နေခဲ့ပြီ..။

တစ်ညနေ သူမနဲ့ တွေ့တုံး .. သူမရဲ့ လက်ကိုလှမ်း.. လက်ဖ၀ါးလေးကို ဖြန့်ပြီး ဘောပင်နဲ့ သူမနာမည် ကျွန်တော်ရေးပြလိုက်တယ်..။ အံ့သြတဲ့ အကြည့်တွေကို နှစ်နှစ်ကာကာ ပြုံးပြီး သူမအဆုံးသတ်လိုက်တယ်..။ အဲဒီနောက် ချက်ခြင်းပဲ ကျွန်တော့်လက်ထဲက ဘောပင်ကို ဆွဲယူပြီး စာရွက်တစ်ရွက်နဲ့ အခုလို သူမ ချရေးတယ်..။

I love you ...

Right here waiting for you..
Please forget me not...

ကြည့်လိုက်တာနဲ့.. သီချင်းခေါင်းစဉ်တွေမှန်း သိပေမယ့် အတော့်ကို ကြိုးစားပမ်းစား သူမ ရှာဖွေတွေးတော ခဲ့ရမယ်ဆိုတာကိုကျွန်တော်နားလည် လိုက် မိတယ်..။ ကျွန်တော်လဲ.. အားကျမခံ ဘောပင်ပြန်ယူပြီး အောက်ကနေ အခုလို ရေးလိုက်တယ်..။

I love you more than I can say..

Everything I do, I do it for you..

အခုနေပြန်တွေးကြည့်တော့.. ရယ်ချင်တင်တင်ဖြစ်ပေမယ့်.. အဲဒီတုံးကတော့ ကျွန်တော်နဲ့ သူမ ရယ်စရာ လို့တောင် မထင်ခဲ့ကြပါဘူး..။


Monday, July 7, 2008

14.3 Everything I do, I do it for you

ကြုံကြိုက်လို့.. Everything I do, I do it for you အကြောင်း ပြောရဦးမယ်..။

ကျောင်းပြီးခါစ အင်ဂျင်နီယာ ပေါက်စလေးတွေဖြစ်တဲ့ ကျွန်တော်တို့ သူငယ်ချင်းတတွေ.. ဟိုအလုပ်ခေါ် ဒီအလုပ်ခေါ် လိုက်လျောက် အင်တာဗျုး ထိုင်နေတဲ့ အချိန်ကပေါ့..။

အင်တာဗျုးဆိုတာကြီးကိုလဲ တသက်နဲ့တကိုယ် တခါမှ မထိုင်ဖူးကြဘူး ဆိုတော့.. တခါတရံ အိုးနင်းခွက်နင်း ဖြေတာလေးတွေ ရှိတယ်..။ မြန်မာလို အဗျုးခံရတာ သိပ်အရေးမကြီးပေမယ့်.. နိုင်ငံခြားသားနဲ့ အင်တာဗျုး ခံရရင်တော့.. သိပ်အဆင်က မချောချင်တော့ဘူး..။

ကျွန်တော်တို့အဖွဲ့ထဲက.. သူငယ်ချင်းသုံးလေးယောက် မလေးရှား နိုင်ငံမှာ အလုပ်လုပ်ဖို့ အင်တာဗျုးခံရတယ်..။ မေးတဲ့သူက မလေးလူမျိုး နိုင်ငံခြားသား..။ သူပြောတာ ကိုယ်နားမလည်.. ကိုယ်ကလဲ ပြန်မပြောနိုင်ဖြစ်နေတဲ့.. သူငယ်ချင်းတစ်ယောက် က.. အဲဒီနိုင်ငံခြားသားကို နောက်ဆုံးတော့.. အခုလို ပြန်ပြောခဲ့သတဲ့..။

Iam the best!

My friends are second best!

Everything I do, I do it for you!

Thanks you very much!

အင်တာဗျုးကြောင်း ပြောဖြစ်တော့.. ရွာက အဖြစ်အပျက်တစ်ခု သတိရမိပြန်ရော..။

ကျွန်တော်တို့ ရွာသားတစ်ယောက်က မြို့ပေါ်မှာ.. ရာထူးရာခံလေးနဲ့ ဖြစ်သွားတော့ စောင့်လေမျိုးနွယ် ဆိုတဲ့အတိုင်း ရွာက လူတွေကို.. အလုပ်အကိုင် ဖန်တီးပေးတယ်..။

အဲဒီအရာရှိရဲ့ နာမည်က ဦးစန်းအောင်လို့ ခေါ်တယ်..။ သူ့မှာ သန်းလွင်လို့ ခေါ်တဲ့ တူတစ်ယောက်ရှိတယ်..။ ရွာရိုးကိုးပေါက် ခြေအေးဝမ်းယောင် တရာ့ကိုး တရာ့တစ်ဆယ် သမားပေါ့..။

ဦးလေးလုပ်တဲ့သူက အရာရှိအရာခံလေးဖြစ်တော့.. သူ့တူ ယောင်ခြောက်ဆယ်ကို မြို့ပေါ်မှာ အလုပ်အကိုင်လေး ပေးဖို့ စီစဉ်တယ်..။ ဒါပေမယ့်.. သိက္ခာမကျအောင် အများနည်းတူ သူ့တူကို.. အင်တာဗျုး ၀င်ဖြေခိုင်းတယ်..။ မေးမယ့်မေးခွန်းတွေကိုတော့ ကြိုပြောထား တာပေါ့..။

အင်တာဗျုးဝင်ဖို့ အလှည့်ရောက်တော့ သန်းလွင်လဲ.. အခန်းထဲဝင်.. လူကြီးတွေရှေ့မှာ ကြုံ့ကြုံ့လေး ၀င်ထိုင်တယ်..။ သူ့ဦးလေးနဲ့ တခြားအရာရှိ နှစ်ယောက်က မေးခွန်းတွေ စမေးတယ်..။ သူ့ဦးလေးကတော့ သိပ်မမေးပါဘူး..။ ကျန်တဲ့ အရာရှိနှစ်ယောက်ကပဲ ဒိုင်ခံမေးတယ်..။

သန်းလွင်က နဂိုကတည်းက အူကြောင်ကြောင် ကောင်ဆိုတော့.. ကြိုပြောထားတဲ့ မေးခွန်းကို မေးတာတောင် .. ဟုတ်တိပတ်တိ မဖြေနိုင်ရှာဘူး..။

နိုင်ငံတော် ကောင်စီဥက္ကဌကြီးရဲ့ နာမည်က ဘယ်သူလဲ .. လို့ မေးတာကို ဦးစန်းယု.. လို့ ဖြေရမယ့်အစား ဦးကျော်အောင်လို့ ပြန်ဖြေတယ်..။ ဦးကျော်အောင်က ရွာက ကောင်စီဥက္ကဌ..။

မေးသမျ မေးခွန်းတော်တော်များများကို သောက်တလွဲ ဖြေနေတာကို.. ဦးလေးလုပ်တဲ့သူက စိတ်တိုနေပြီ..။

ဇူဇကာ ပုဏ်ဏားကို သားသမီးတွေ လှူလိုက်တဲ့ ဘုရင်ရဲ့ နာမည် ဘယ်သူလဲလို့ မေးတာကို တေမိ လို့ ပြန်ဖြေတဲ့ အခါမှာတော့ ဦးစန်းအောင် စိတ်မထိန်းနိုင်တော့ပဲ...

'' မင်း အမေ '' လို့ ထဆဲတယ်..။

မင်း အမေ လို့ ထဆဲတာကို.. အမေနာမည် မေးတယ်မှတ်ပြီး သန်းလွင်က..

'' ကျွန်တော့်အမေ ဒေါ်နုပါ '' လို့ ပြန်ဖြေတယ်..။

ဦးလေးလုပ်သူလဲ.. စိတ်ပျက်ပျက်နဲ့..

'' ဘာ ဆိုင်လို့လဲကွ '' လို့ ပြောတယ်..။ အဲဒါကိုလဲ မေးတယ်ထင်ပြီး..

'' ကျွန်တော်တို့က မိဆိုင်ဖဆိုင်ပါ '' လို့ ပြန်ဖြေပြန်တယ်..။

ဦးစန်းအောင်လဲ ဒေါသတကြီးနဲ့

'' မင်းလုပ်တာ ဘာကောင်းလဲ '' လို့ ထအော်တယ်..။

သန်းလွင်လဲ ကြောက်ကြောက်လန့်လန့်နဲ့

''ကျွန်တော်လုပ်တာ.. ဒီနှစ် ပဲလည်းကောင်းတယ် နှမ်းလည်းကောင်းပါတယ် '' လို့ ပြန်ဖြေတယ်.. ။

ဟေ့ ကောင် သွားတော့ကွာ လို့ ဦးလေးလုပ်တဲ့သူက ပြောတဲ့ အခါမှာတော့ ဟုတ်ကဲ့ ဆိုပြီး သန်းလွင်အခန်းထဲက ထွက်သွားရှာတယ်..။

Sunday, July 6, 2008

14.4 အချစ်ပေါ့ဆိမ့် တစ်ခွက် မှာသောက်သွား သူလေး

ကဲ.. ရွာအင်တာဗျုးကြောင်း ချော်တော့ငေါ့တာတွေ ရပ်ပြီး ယိုးဒယားသွားတောလားလေး ဆက်ဦးမှ..။

ဘန်ကောက်မှာ စုစုပေါင်းနေခဲ့ရတာက တစ်လမျသာ ဆိုတော့ ပိတ်ရက် လေးပတ်ပဲရှိတယ်..။

ကဲ .. တခြားအကြောင်းတွေ ချော်တော့ငေါ့တာရပ်ပြီး.. အီဖေ့ကိုယ် အကြောင်းဆက်ဦးမှ..။

လွန်ခဲ့တဲ့ အပတ်ထဲက.. မောင်ရမ်း ကဖိုးသား မောင်ဇန်တို့နဲ့ တွေ့ဖြစ်တယ်..။ မောင်ရမ်းက ဘန်ကောက်မှာ တွေ့ခဲ့တဲ့ ကောင်မလေးရဲ့ ဓါတ်ပုံတွေ ဘာတွေ မရှိဘူးလားလို့ မေးတယ်..။ (အမှန်က.. အဲဒီလိုမျိုး မမေး မေးအောင် ကျွန်တော့်မှာ ရေလာမြောင်းပေး လုပ်လိုက်ရတာ )

ရှိရင် .. အကို့ မိုင်ဆက်ဖ်မှာ.. တင်ပေးပါ့လား.. ပိုမြိုင်သွားတာပေါ့ လို့.. သူက မြှောက်ပေးတယ်..။ မောင်ဇန်နဲ့ ဖိုးသားကလဲ.. ၀ုတ်ဒယ်..၀ုတ်ဒယ် နဲ့ အဆင်းဘီးတပ်တယ်..။ သံဃာအား ဘုရားမလွန်ဆန်နိုင် ဆိုသလို.. မြှောက်ပေးသူများအား ကျွန်တော်မလွန်ဆန်နိုင် ဖြစ်ရပါတယ်..။ ဟဲဟဲဟဲ.. အမှန်က.. အ၀ှာတက်အောင် ကမိတဲ့ ငှက်ပျောတော မင်းသားလို ဖြစ်သွားတာပါ..။

ကဲ.. ချေးခြောက်ရေနူးတယ်လို့ဖြင့် မမှတ်ယူကြစေလိုပါ..။ ၁၉၉၇ ခုနှစ်ရဲ့ နေသာသောနေ့တစ်နေ့မှာ ကျွန်တော့်နှလုံးသား ကော်ရစ်ဒါ ၌.. အချစ်ပေါ့ဆိမ့် တစ်ခွက် မှာသောက်သွား သူလေးရဲ့ ပုံကို ရှုလော့..။

ကဲ ကိုရင်ရမ်းရေ.. တော်လောက်ပါပြီ..ဗျာ.. တော်လောက်ပါပြီ..။ ယိုးဒယားသွား တောလားလေး အဆုံးသတ်ဦးစို့..။

သင်တန်းကာလ က တစ်လတိတိ..။ အိုင်းစတိုင်းရဲ့ အချိန်ဆန့်ခြင်း သဘောတရား ဘယ်လိုပဲ ရှိရှိ နောက်ဆုံးတော့.. ပြည်တော်ပြန်ဖို့ အချိန်ရောက်လာခဲ့တယ်..။

စိုင်းထီးဆိုင်ရဲ့ ပြည်တော်မပြန်နိုင်တဲ့ မင်းခယောက်ျားကို.. တေးသရုပ်ဖော်လုပ်နိုင်စွမ်းမရှိတဲ့ ကျွန်တော်.. '' နွဲ့တင်အတွက် သီချင်းတစ်ပုဒ် '' ဆိုရုံက လွဲလို့ ဘာများတတ်နိုင်ဦးမှာလဲ..။

'' ဘာသာမတူ လူမျိုးမခွဲဘဲ ချစ်တာ..ကိုယ်တို့ နှစ်ယောက်ရဲ့ အချစ်လား ''
.... .... ..... ..... ..... ..... ....

'' ပျော်ရွှင်တာရယ်.. စိတ်ညစ်တာရယ်.. တလှည့်စီတော့.. ကြုံရစမြဲပါ..

ဘယ်သူတွေဖျက်ဖျက် ဘယ်တော့မှ မပျက်ရစေတာ.. တို့နှစ်ယောက်ရဲ့ အချစ်ပါ.. ''

.. ဆရာစိုင်းခမ်းလိတ်ကတော့.. ပြောအားရှိတာပေါ့..။ ဘယ်သူတွေဖျက်ဖျက် ဘယ်တော့မှ မပျက်ရစေတာ တဲ့..။ ကျွန်တော်တို့ရဲ့ ချစ်ခရီးလမ်းကတော့.. အဲဒီလောက်ကြီး ရဲရဲတောက် လက်သီးလက်မောင်း မတန်းနိုင် ခဲ့ရှာပါဘူး..။ အဟင့်..။

၁၉၉၇ ခုနှစ် ဇွန်လ တစ်ဆယ့်ငါးရက် နေ့မှာတော့.. '' နွဲ့တင်အတွက် သီချင်းတစ်ပုဒ် '' ကို.. တီးတိုးရေရွတ်ရင်း ကျွန်တော်ချစ်တဲ့ သူမနဲ့.. ထိုင်းမိတ်ဆွေများကို .. နှုတ်ဆက်ခဲ့ရပါတယ်..။

Saturday, July 5, 2008

14.5 ပြည်တော်ပြန်ခရီး

သူမကိုလွမ်းတဲ့စိတ်ကြောင့်..ပြည်တော်ပြန်ခရီးဟာ..ခြောက်သွေ့လွန်းလှပါတယ်..။ လေယာဉ်မယ်လေးများရဲ့ နှုတ်ခွန်းဆက် အပြုံးချိုချိုတို့ကို ခံစားမှုကင်းမဲ့တဲ့ မျက်နှာပေးနဲ့ တုန့်ပြန်ရင်း တရုတ်သရဲတစ်ကောင်လို လေယာဉ်ပေါ် ကျွန်တော်တက်လာခဲ့တယ်..။

သင်တန်းဖော်တွေကတော့.. ဟေးလားဝါးလားနဲ့ ပြုံးပျော်နေကြတယ်..။ ကျွန်တော့်မှာသာ.. သူများပျော်လို့ မပျော်နိုင် ရည်းစားနဲ့ ခွဲရလို့ မှိုင် ဖြစ်နေခဲ့တယ်..။ လေယာဉ်မယ်လေး လာချတဲ့ အစားအသောက်တောင် စားဖို့ မေ့လျော့နေခဲ့တယ်..။ (အဲဒီကစပြီး စားစရာမရှိရင်.. ရည်းစားကို ဖြစ်ညှစ်လွမ်းတတ်လာခဲ့တယ် ..)

လွမ်းလို့တောင် မ၀သေးဘူး.. ရန်ကုန်လေဆိပ်ကို လေယာဉ်ဆိုက်တယ်..။ အထုတ်အပိုး လေးတွေ ဆွဲပြီး နှေးတုန့်လေးကန် ခြေလှမ်းများနဲ့.. လေဆိပ်ထဲ ၀င်လာခဲ့တယ်..။

Customs officer ရှေ့မှာ ငူငူကြီး ရပ်နေမိတယ်..။ သူကဘာတွေ မေးလို့ ကျွန်တော်ဘာတွေ ပြန်ဖြေနေမိမှန်းတောင် မသိတော့ တဲ့ အထိပေါ့..။ ကျွန်တော့်ကို ကြည့်ပြီး ကာစတန်အော်ဖစ်ဆာကြီး ခေါင်းကုတ်နေတယ်..။

''ဒီငွေလေးလောက်နဲ့.. ကြေငြာမလို့လား..ငါ့ညီရာ..'' လို့.. စိတ်ပျက်လက်ပျက် ပြောသံကြားမှ.. အိပ်မက်ကလန့်နိုးတဲ့သူ လို ကျွန်တော် သတိပြန်ဝင်လာခဲ့တယ်..။

'' ဘာဖြစ်လို့လဲ.. '' '' ခင်ဗျားတို့ပဲ နိုင်ငံခြားငွေ.. ပါလာရင် တရားဝင်ကြေငြာရမယ် ဆို.. '' '' ကြေငြာဖို့ ပျက်ကွက်ရင် ဖမ်းမယ်ဆီးမယ် ရေးထားတယ် မဟုတ်လား.. '' '' အခု ..ကျွန်တော့်မှာ.. အမေရိကန်ဒေါ်လာ တစ်ဆယ့်ခုနှစ်ဒေါ်လာတိတိ ပြန်ပါလာလို့.. စည်းကမ်းအတိုင်း ကြေငြာတာပဲဗျာ..'' .. လို့.. ခရားရေလွှတ် ပြောနေတဲ့ ကျွန်တော့်ကို ထူးဆန်းတဲ့ သတ္တ၀ါတစ်ကောင်လို ကာစတန်အော်ဖစ်ဆာက ကြည့်နေတယ်..။

ကဲပါ မောင်ရာ.. ဒီပမာဏလောက်နဲ့.. ငါလဲ အလုပ်ရှုပ်တယ်.. မောင်ရင်လဲ ဘဏ်တွေ ဘာတွေ သွားနေရဦးမယ်.. ဒီအတိုင်း ယူသာ သွားပါ.. တောင်းပန်ပါတယ်.. လို့ သူကပြောတယ်..။ ခင်ဗျားတို့က အမျိုးမျိုးပဲ လို့ တီးတိုးပြောဆိုရင်း.. ပြင်စရာရှိတာ ပြင်ပေးပြီး.. ကျွန်တော်ထွက်လာခဲ့တော့တယ်..။

.... ..... ..... ..... ...... ...... ....... ....... ......
ကဲပါ မောင်ရာ.. ဒီပမာဏလောက်နဲ့.. ငါလဲ အလုပ်ရှုပ်တယ်.. မောင်ရင်လဲ ဘဏ်တွေ ဘာတွေ သွားနေရဦးမယ်.. ဒီအတိုင်း ယူသာ သွားပါ.. တောင်းပန်ပါတယ်.. လို့ သူကပြောတယ်..။ ခင်ဗျားတို့က အမျိုးမျိုးပဲ လို့ တီးတိုးပြောဆိုရင်း.. ပြင်စရာရှိတာ ပြင်ပေးပြီး.. ကျွန်တော်ထွက်လာခဲ့တော့တယ်..။
.... ..... ...... ...... ...... ...... ...... ...... ....... ....

ဒါပေမယ့်.. လွမ်းရေးထက် ၀မ်းရေးက ခက်သမို့.. နွမ်းလျနေတဲ့ နှလုံးသားကို မသိကျိုးကျွံ ပြုပြီး.. စက်ရုံကို ချီတက်ခဲ့ရတယ်..။ သင်တန်းအတွေ့အကြုံတွေကို အသီးသီးအသသ တာဝန်ရှိသူများထံ တင်ပြကြ ရတယ်..။

ကုမ္ပဏီ စားရိတ်နဲ့.. ဖွန်ကြောင်ခဲ့တာကိုတော့.. လူကြီးတွေ ဘယ်တင်ပြမလဲ..။

ကျွန်တော်တို့အဖွဲ့ခေါင်းဆောင်က.. သင်တန်းတက်ခဲ့ရတာ သိပ်ပင်ပန်း တဲ့အတွက်.. နှစ်ရက်လောက် အနားပေးဖို့ လူကြီးတွေကို တင်ပြတယ်..။ လူကြီးတွေကလည်း.. ကြည်ကြည်သာသာ ခွင့်ပြုတဲ့အတွက်... အဲဒီအခွင့်အရေးကို အမိအရယူပြီး.. မိဘများရှိရာ.. မန္တလေး ကို ပြန်လာခဲ့တယ်..။

ကျွန်တော့်အမက.. သူနာပြုဆရာမ..။ မန္တလေး အဆုတ်ဆေးရုံကြီးမှာ.. တာဝန်ကျနေတယ်..။ အဖေနဲ့အမေက.. အဲဒီအမရတဲ့ လိုင်းခန်းမှာ.. လိုက်နေကြတယ်..။ ကျွန်တော့်ကို တွေ့တော့ အဖေနဲ့အမေက ၀မ်းသာအားရ ပေါ့..။

သားလူလှ နိုင်ငံခြားပြန် ဆိုတော့.. မိဘများက ငွေထုပ်ပိုက်ပြီး ပြန်လာမယ် ထင်နေတယ်..။ သူတို့နဲ့ နီးစပ်ရာ အစိုးရ ၀န်ထမ်းတွေ.. ပညာတော်သင် နိုင်ငံခြားကို သွားတိုင်း အပြန် ခါ.. ကားပါလာတဲ့သူနဲ့.. ဆိုင်ကယ်ဝယ်လာတဲ့သူနဲ့ ဆိုတော့.. သူတို့သားအလှည့်မှာလဲ.. ထိုက်သင့်သလောက် ပါလာခဲ့မယ်လို့ ယုံကြည်နေဟန်တူပါရဲ့..။

ဒါက အမအတွက်ဆိုပြီး.. ပြန်ခါနီးမှ.. ဒရောသောပါး ပြေးဝယ်ခဲ့ရတဲ့အင်္ကျီစ ( ကီလီုစ ) တစ်စ ပေးလိုက်တယ်..။ အမေ့ကိုလဲ.. အလားတူ တစ်စပေါ့..။

အမေနဲ့အမကို အင်္ကျီစ ပေးတော့ ငါ့အတွက်ရော လို့ အဖေက ၀င်မေးတယ်..။ အဖေ့အတွက်ကတော့.. ရော့ ဆိုပြီး ရေနွေးထည့်လိုက်ရင် အရုပ်ပုံလေးတွေ အလိုလို ပြောင်းသွားတဲ့.. မတ်ခွက် တစ်လုံးပေးလိုက်တယ်..။

ကျွန်တော့်လက်ဆောင် ခွက်ကို ကိုင်ပြီး အဖေက အမေ့ကို လှမ်းပြောတယ်..။

''မိန်းမရေ.. မင့်သားလုပ်စာ စားရမယ် မထင်တော့ဘူး.. မိဘကို တောင်းစားခိုင်းမလို့ ခွက်ဝယ်လာတယ်.. '' တဲ့..။

အဖေနောက်နေမှန်းသိပေမယ့်.. ကျွန်တော် စိတ်မကောင်း အတော်ဖြစ်သွားခဲ့ရတယ်..။

ဒီမှာရေးပါ