tag:blogger.com,1999:blog-1206290634485212522024-03-05T18:05:01.886+06:30ကြုံခဲ့ရ နဗနဘ၀Believe it or not! This is my life.. my real life..navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.comBlogger316125tag:blogger.com,1999:blog-120629063448521252.post-53320811540405090762012-11-24T08:08:00.000+06:302012-11-24T08:08:05.396+06:3050.1 ဘ၀ထဲ ရွာလည်ကြသူများ ကျွန်တော့်မှာ.. နိုင်ငံခြားသား မိတ်ဆွေတစ်ယောက်ရှိတယ်..။ သူက.. အင်ဒိုနီးရှားလူမျိုး။ စက်မှုဇုန်က စက်ရုံတစ်ရုံမှာ.. အလုပ်လုပ်တယ်..။ မြန်မာပြည်ရောက်နေတာ အနည်းဆုံးဆယ့်လေးငါးနှစ်ရှိပြီ..။

စလာတုံးကတော့.. တစ်နှစ်-နှစ်နှစ်လောက်ဆိုပြီး လာတာပဲ..။ ဒီရောက်တော့.. နီးစပ်ရာအ၀န်းအ၀ိုင်းထဲက မြန်မာမလေးတစ်ယောက်နဲ့ အကြောင်းပါပြီး အခုထိ မပြန်နိုင် ရှာတော့ဘူး..။ အင်ဒိုနီးရှားမှာ..မယားကြီးနဲ့ သမီးနှစ်ယောက်ရှိတယ်..။

သမီးအကြီးက.. လွန်ခဲ့တဲ့ နှစ်နှစ်လောက်က.. မင်္ဂလာဆောင်တယ်..။ အဖေဖြစ်တဲ့သူ့ကို.. မင်္ဂလာပွဲ ပြန်လာချီးမြှင့်စေချင်တယ်..။ သူကလည်း ပြန်သွားချင်ရှာတယ်..။

ဒါပေမယ့် ဒီကမိန်းမက.. ပြန်သွားပြီး ပြန်မလာမှာကို ကြောက်တော့.. ပေး-မပြန်ဘူး..။ ဒီမှာကလည်း.. သမီးတစ်ယောက်-သားတစ်ယောက် ထွန်းကားနေပြန်တယ်..။ သားလေးက အတော်ငယ်သေးတယ်..။ အရင်မွေးသမျှက သမီးတွေချည်း ဆိုတော့ သားယောက်ျားလေးကို သူအတော်သဲတယ်..။

နောက်ဆုံးတော့.. သူ မပြန်ဖြစ်လိုက်ဘူး..။

ပြန်သွားဖြစ်ရင်လည်း. ဟိုဖက်မိသားစုက သူ့ကို မြန်မာပြည်ပြန်ခွင့် ပေးချင်မှ ပေးမှာဆိုတာ သူသိတယ်...။ ဟိုဖက်ရောက်သွားပြန်တော့လည်း ဟိုဖက်ကို သိပ်ကြီး ပစ်ပစ်ခါခါ လုပ်ပြီး ပြန်လာဖို့ ခက် ထင်ပါရဲ့ ..။ ဒါကြောင့်.. ခမျာ့.. ပြန်ချင်ပေမယ့်.. မပြန်လမ်းကိုပဲ ရွေးရှာတယ်..။

ဒီက မိန်းမကတော့.. ပျော်တာပေါ့..။ ဒီမှာက.. ယောက္ခမတွေရော-ခယ်မတွေရော-ယောက်ဖတွေရော.. သူ့လစာပေါ် မှီခိုနေကြတာ။

ဒီက မိန်းမက.. အသားလတ်လတ်-တောင့်တောင့် ကြည့်ပျော်ရှုပျော်ရှိတယ်..။ ဒါပေမယ့် အတော့်ကို ဆင်းရဲရှာတယ်..။ သူအလုပ်လုပ်တဲ့စက်ရုံမှာ.. သန့်ရှင်းရေးဝန်ထမ်း လုပ်ထင်ပါရဲ့ ..။

အဲဒါကို မောင်မင်းကြီးသားက.. နှစ်ခြိုက်တော်မူပြီး.. ယူမယ်ဆိုပြီး ယူခဲ့တာပဲ..။ ယူပြီး မိန်းခလေးဖက်က.. တဆွေလုံး-တမျိုးလုံး အိမ်ပေါ်တက်နေတော့.. မောင်မင်းကြီးသား ခွကျနေတယ်..။

သူက အင်္ဂလိပ်လို တစ်လုံးစ နှစ်လုံးစပဲ ပြောတတ်တယ်..။ သူ့မိန်းမက.. အဲဒီ တစ်လုံးစ-နှစ်လုံးစ ကိုတောင် နားမလည်ဘူး..။

ယောက္ခမတွေ အိမ်ပေါ်တက်နေတဲ့ဒဏ်ကို သူမခံနိုင်တဲ့ အကြောင်း သူ့မိန်းမကို အခုလို ပြောလေ့ရှိတယ်..။ '' အိုင် မဲရစ်ယူ- အိုင်နိုးမဲရစ် ယူအာပါးပါး-ယူအာမားမား '' တဲ့..။

အဲဒါထက်လည်း သူ ရှေ့ဆက် မပြောတတ်တော့ဘူး..။ ဟိုကလည်း အဲဒီ '' အိုင် နိုး မဲရစ် ယူအာပါးပါး '' ဆိုတာတောင် ဘာပြောမှန်းမသိတော့ ဒီထက် ရှေ့ဆက်လည်း အလကားပဲ..။

အဲဒါထက်ပိုပြီး ..သိပ်စိတ်ဆိုးလွန်းအားကြီးရင်တော့.. သူလုပ်တာ တစ်ခုရှိတယ်..။ အဲဒါက သူ့ပတ်စ်ပို့ ပြေးယူတော့တာပဲ..။

မိန်းမလုပ်သူကလည်း.. အဲဒါကို အထာက နပ်နေပြီ..။ ဒီယောက်ျား.. အ၀တ်တစ်ထည်-ကိုယ်တစ်ခုအပြင် ပတ်စ်ပို့ ကိုင်လိုက်တာနဲ့ သိပ်စိတ်ဆိုးနေပြီဆိုတာ.. သိတယ်..။ အဲသလိုတော့ မဖြစ်ချေဘူး ဆိုပြီး

စကားလုံးကလွဲပြီး ကျန်တဲ့နည်းမျိုးစုံနဲ့ ချော့တော့တာပဲ..။

ယောက်ျားက စိတ်ဆိုးတိုင်း ပတ်စ်ပို့ ပြေးယူတော့.. မိန်းမက စိတ်ဆိုးရင်ရော.. ဘာလုပ်တယ်လို့ ထင်လဲ..။ သူလည်း.. ပတ်စ်ပို့ ပြေးယူတာပဲ..။

ဒင်းကို ငါသိပ်ဒေါသထွက်တယ်.. ဒင်းဒုက္ခရောက်သွားအောင် ဒင်းပတ်စ်ပို့ကို ငါတစ်ခုခု လုပ်ပစ်လိုက်မယ်ဆိုတဲ့ သဘောပေါ့..။ ဒီတစ်ခါကျ.. ယောက်ျားက ချော့တဲ့အလှည့်..။

သူ့မိန်းမ တော်ရုံ စိတ်ဆိုးရင် ပတ်စ်ပို့မကိုင်ဘူးဆိုတာလဲ..သူက နောကျေပြီးသား..။

အဲသလိုနဲ့ပဲ.. ပတ်စ်ပို့လုရင်း- ပတ်စ်ပို့လက်ဝယ်ရှိသူကို ကျန်တဲ့သူက အလျော့ပေးချော့မော့ရင်းနဲ့ သူတို့ လင်မယား.. အခုထိ အတူတကွ ရှိနေခဲ့တယ်..။ သူတို့ရဲ့  မျိုးဆက်ကလေးတွေလည်း ကုန်ဆုံးသွားတဲ့

အချိန်တွေအတိုင်း တသွေမတိမ်း ကြီးပြင်းလာခဲ့တယ်..။

သူတို့ ညားခါစက.. ကိုယ့်မြန်မာမိန်းကလေး.. အဖေအရွယ် နိုင်ငံခြားသား ယူရကောင်းသလားဆိုပြီး ကရုဏာဒေါသော ဖြစ်မိသေးတယ်..။ ဒီဘဲကြီးလည်း.. ဒီမှာနေစဉ်.. ယာယီမယားတစ်ယောက်

အတည်လိုလိုနဲ့ သူ့ဆန္ဒအာသာပြေဖို့ တွကကိန်းနဲ့ယူပြီး အချိန်တန်အိမ်ပြန်သွားမှာပါလို့ တွေးခဲ့ဖူးတယ်..။

အခုတော့.. ကျွန်တော့်အထင်.. လွဲပြီထင်ပ..။ တော်ရုံလင်မယား တွဲလက်မမြဲနိုင်တဲ့ ဆယ့်ငါးနှစ်တာကာလကို သူတို့ကျော်လွှားပြခဲ့တယ်..။ ဘဲကြီးရဲ့  အဆင်ကလည်း ဒီသောင်ယံက မောင်မခွါတော့မယ် အခြေအနေရှိမို့ ယနေ့မှစ.. နောင်နှစ်ပေါင်းများစွာ .. သူတို့လင်မယား ပတ်စ်ပို့အပြိုင်လုနေကြဦးမယ် ဆိုတာလည်း

သေချာသလောက်ပါ..။

ကိုယ့်မြန်မာအမျိုးသမီးတစ်ယောက်ကို သားမှတ်မှတ်-မယားမှတ်မှတ် ပေါင်းသင်းလို့ ကျေနပ်မိပေမယ့်.. ဖခင်နဲ့လင်-အရှင်လတ်လတ် ဆုံးရှုံးလိုက်ရတဲ့ သူ့အရင်မိသားစုအတွက်တော့.. ကျွန်တော်စိတ်မကောင်းပါ..။

ကျွန်တော်နဲ့ ဆုံတိုင်း.. အင်ဒိုနီးရှားက သူ့သမီးတွေ အရွယ်ရောက်နေပြီလို့ တမ်းတမ်းတတ-လွမ်းလွမ်းဆွတ်ဆွတ် အခုလို သူ အမြဲ ပြောလေ့ ရှိပါတယ်..။ '' မိုင် ဒေါ့တား .. အော ဘစ် ( my daughters .. all big ) '' တဲ့..။

သူ့ရဲ့  တောင်တစ်ခွန်း-မြောက်တစ်ခွန်း အင်္ဂလိပ်စကားက.. ရယ်စရာကောင်းပေမယ့်.. ကျွန်တော် မရယ်ဖြစ်ပါ..။

navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com9tag:blogger.com,1999:blog-120629063448521252.post-22696742053939090752012-05-24T13:11:00.000+06:302012-05-24T13:16:34.342+06:3049.2 အမှတ်တရ ဖဲဝိုင်းဖမ်းခံထိတဲ့နေ့

ဟို တစ်ရက်က.. မျှော်လင့်မထားတဲ့ ဖုံးတစ်လုံး ၀င်လာတယ်..။ ကျောင်းမပြီးခင်ကတည်းက.. မတွေ့ဖြစ်တော့တဲ့ သူငယ်ချင်းတစ်ယောက်ဆီက ဖုံးပဲ..။ ထူးခြားတာက.. အခု အဲဒီသူငယ်ချင်းက.. ဘုန်းကြီးဝတ်နဲ့ ဖြစ်နေတယ်..။ ပိုပြီးထူးခြားတာက.. သူလုပ်နေတဲ့ လုပ်ငန်းစဉ်မှာ.. တတပ်တအား ပါဝင်လှူဒါန်းစေခြင်ကြောင်း ပြောလာတာပဲ..။ အဲဒါထက် ပိုထူးခြားတာက.. သူ့လုပ်ငန်းဆိုတာ.. ရွှေဖြစ်ငွေဖြစ် ဖိုထိုးနေတာ ဆိုပဲ..။

ရွှေကလည်း.. ဖြစ်ခါနီးနေပြီတဲ့..။ အီလက်ထရွန် တစ်လုံး ဖယ်ထုတ်ဖို့ပဲ ကျန်တော့သတဲ့..။ တယ်လီဖုံးနဲ့ဆိုတော့လည်း.. ကျွန်တော့်မှာ.. ခွတီးခွကျပေါ့..။ သူပြောသမျှ ပြန်ပြောရတာကအစ.. ဘုန်းကြီးလို “ တင်ပါ့ဘုရား- မှန်ပါ့ဘုရား ” လို့ ပြောရခက်..။ ကျောင်းတုံးကလို “ ဟေ့ကောင်-မင်းဟာက ဟုတ်လို့လားကွာ ” လို့ ရင်းရင်းနှီးနှီး ပြောလို့ကလည်း မဖြစ်..။ အီလက်ထရွန်ကို ဖယ်ထုတ်ဖို့ဆိုတာကလည်း .. လွယ်တာမှတ်လို့..။ ကြားဖူးဖတ်ဖူးထားတာက.. အဏုမြူဗုံးဆိုတာ.. အဲဒီ အီလက်ထရွန်ကိုပဲ.. စွမ်းအင်အခြေမတူတဲ့ ပတ်လမ်းတစ်ခုကနေ အခြားတစ်ခုဆီကို လွတ်မြောက်စေတာကနေ ထွက်ပေါ်လာတာ လို့ပဲ..။

အဲဒါတော့.. သူ့ကို မပြောဖြစ်ပါဘူး..။ သူ့ယုံကြည်ချက်နဲ့ သူဆိုတော့လည်း.. သိပ်ကြီး ကပျက်ယပျက် မလုပ်ချင်တော့ဘူး..။ ဒီကြားထဲ.. သူက ဘုန်းကြီးဝတ်ကြီးနဲ့ဆိုတော့.. အားလည်း နာမိတယ်..။ ပြောလည်း ရမှာ မဟုတ်ဘူး..။ ကျောင်းမှာကတည်းက.. သူက.. ဓါတုဗေဒ.. ခရေဇီ သမား..။ အိပ်တာတောင်.. ရင်ဘတ်ပေါ် ဓါတုဗေဒစာအုပ်မှောက်.. အိပ်တဲ့ကောင်..။

ဒါထားတော့..။ အဓိကက.. သူဖုံးဆက်လာတာကနေ.. ကျောင်းတုံးက.. ဖဲမရိုက်ဘဲနဲ့ .. အဆောင်မှုးက ဖဲဝိုင်းဝင်ဖမ်းတော့.. သူ့ဖမ်းသွားတာ.. ခေါင်းထဲပေါ်လာတာ.. ပြောချင်လို့ပဲ..။ အဲဒီတုံးက.. သူ့ဘေးကုတင်မှာ ဖဲဝိုင်းရှိတယ်..။ သူက.. ဖဲငွေ့တောင်မလှုံဘဲ.. ဓါတုဗေဒ စာအုပ်လေး ရင်ဘတ်ပေါ်တင်ပြီး အိပ်ပျော်နေတယ်..။ ကျွန်တော်တို့ ပထမနှစ်တုံးက.. မန္တလေးစက်မှုတက္ကသိုလ်ကျောင်းအဆောင်တွေက.. hall-type တွေ..။ ရန်ကုန်မှာလို အခန်းသီးသန့်မဟုတ်ဘူး..။

ကုတင်တစ်လုံးနဲ့ တစ်လုံးကလည်း ကပ်လို့..။ အဲဒီတုံးက သူ့ဘေးကုတင်မှာက.. ၀ိုင်း ဖြစ်နေတယ်..။ ၀ိုင်းဖြစ်နေတယ် ဆိုပေမယ့်.. ဆရာလာဖမ်းမှာ စိုးလို့.. အဆောင်ရှေ့မှာ.. အစောင့်ထားသေးတယ်..။ စောင့်ပေးတဲ့ ကောင်က.. အခု စင်ကာပူမှာ.. အခြေကျနေတဲ့.. မျိုးသူရဆွေဆိုတဲ့ကောင်..။ အဲဒီကောင်က.. ထူးအိမ်သင် ခရေဇီ..။ ဂစ်တာတစ်လက်နဲ့.. အဆောင်ရှေ့မှာ.. ဆရာလာ-မလာကို ထူးအိမ်သင် သီချင်းလေးညည်းရင်း စောင့်ပေးရှာတယ်..။ ဒါပေမယ့်.. သီချင်းထဲ ဈာန်ဝင်သွားပြီး.. အဆောင်မှုး သူ့ဘေးကနေ.. ဖြတ်ဝင်သွားတာ.. သတိမထားလိုက်မိဘူး..။ သီချင်းကို ဖီးလ် အပြည့်နဲ့ မျက်စိတွေဘာတွေမှိတ်ပြီး.. အပြည့်ယူနေတော့.. ဆရာကို ဘယ်မြင်မလဲ..။

မျက်စိလည်း ပွင့်လာရော.. ဆရာက.. သူ့ကျော်ပြီး အဆောင်ထဲတောင် ရောက်နေပြီ..။ ဖဲဝိုင်းကကောင်တွေကတော့.. သူ့တို့ဇောနဲ့သူတို့ဆိုတော့.. ဘယ်သိမလဲ..။ အဲဒီတော့မှ.. သူကလည်း ကြောက်အားလန့်အားနဲ့ တာဝန်ကျေ လှမ်းအော်တယ်..။ “ ကို ဥက္ကာရေ.. ဆရာ လာတဲ့ ” တဲ့..။ ရိုက်နေကြတာက.. လူတွေအများကြီး.. ။ စောင့်ခိုင်းတဲ့ကောင်က.. သွေးရူးသွေးတန်းနဲ့.. မုံရွာသား ဥက္ကာ ကို နာမည်တပ်ပြီး.. အော်တော့.. ဥက္ကာကတော့.. နာမည်ပေါက်သွားပြီ..။ ပြေးမရတော့ဘူး..။

ကျန်တဲ့ကောင်တွေကတော့.. ၀ုန်းကနဲနဲ့ ခုန်ပြန်ကျော်လွှား လွတ်ရာ လွတ်ကြောင်း ပြေးကြတော့တာပေါ့..။ အဲဒီထဲက တစ်ယောက်က.. ကြောက်ကြောက်နဲ့ ထိုင်ရာကနေ ထခုန်ပြီး ပြေးတာ.. ဘေးကုတင်မှာအိပ်နေတဲ့.. စောစောက ဓါတုဗေဒစာအုပ်လေး ရင်ဘတ်ပေါ်မှောက်အိပ်နေရှာတဲ့.. သကောင့်သား ဗိုက်တက်နင်းမိတယ်..။ သူ့ဗိုက်တက်နင်းမိတော့.. အဲဒီကောင်လည်း.. “ အားကနဲ အော်ရင်း ငုတ်တိုင်ထထိုင်တယ် ”..။ အဲဒီအချိန် ဆရာက ရောက်လာတော့.. ဖဲထုတ်နဲ့.. ဗိုက်တက်နင်းခံရတဲ့.. ကောင်ပဲ ဖဲဝိုင်းနားမှာ ကျန်ခဲ့တော့တယ်..။

ကျန်တဲ့ကောင်တွေကတော့.. လွတ်သွားတာပေါ့..။ လွတ်တယ်ဆိုပေမယ့်.. တချို့က.. ဆရာမမြင်အောင်.. တံခါးကွယ်မှာ ပုံးနေတော့.. ထွက်မရသေးဘူး..။ ဆရာအပြန်ကို စောင့်နေရတယ်..။ အဲဒီတုံးက တံခါးကွယ်မှာ.. ပုံးနေတာက.. သစ်လွင်ဦးဆိုတဲ့ ကောင်..။ သူ့နာမည်ပြောင်က.. ရော့ခ်ပလွေ..။ ၁၉၉၁ လောက်မှာ.. ဇော်ဝင်းထွဋ်ရဲ့ “ ရော့ခ်တစ္ဆေ ” ဆိုတဲ့ ခွေထွက်တယ်..။ အဲဒီအခွေကို နားထောင်ပြီး.. ဇော်ဝင်းထွဋ်ရဲ့ အသံပါဝါက သူ့လောက် မကောင်းဘူးလို့ ပြောလို့.. သူ့ကို သူငယ်ချင်းများက.. ဟိုက ရော့ခ်တစ္ဆေ..မင်းက ရော့ခ်ပလွေ ဆိုပြီး နာမည်ပေးခဲ့ကြတာ..။

အဲဒီမှာ ဆရာက.. ဖဲထုပ်နဲ့ဝိုင်းကျန်ပိုက်ဆံတချို့ကို သိမ်းရင်း.. သူနဲ့အတူပါလာတဲ့.. အဆောင် EC ကို ပြောတယ်..။ အဆောင် EC ဆိုတာ.. ကျောင်းသားထဲက.. ပြန်ရွေးထားတဲ့ ကျောင်းသားပဲ..။ အဲဒီတုံးက.. ဆရာနဲ့ ပါလာတာက.. မောင်မောင်သန်း ဆိုတဲ့ ရေနံချောင်းသား..။ ဆရာက “ ဟေ့ မောင်မောင်သန်း.. ဖဲရိုက်တဲ့ကောင်တွေကို မှတ်ရအောင် ဘော့ပင်နဲ့ စာရွက် ယူခဲ့ ” လို့ ပြောတယ်..။ ဒါပေမယ့်.. မောင်မောင်သန်းက.. နားနည်းနည်း လေးတော့.. ဆရာမမြင်အောင် ပုံးနေတဲ့ကောင်တွေကို “ ဟေ့ ကောင်တွေ မင်းတို့ကို ဆရာတွေ့သွားပြီ- ထွက်ခဲ့ ” ဆိုပြီး တံခါးကြားက ကောင်တွေကို ဆွဲထုတ်လာတယ်..။

လာဖမ်းတဲ့ ဆရာတောင်.. ခွက်ထိုးခွက်လှန်ရီတယ်..။ သူခိုင်းတာက.. ဘော့ပင်နဲ့စာရွက်ယူခိုင်းတာ.. မောင်မောင်သန်းက.. သောက်တလွဲကြားပြီး ပုန်းနေတဲ့ကောင်တွေကို ဆွဲထုတ်လာတာကိုး..။ ရော့ခ်ပုလွေကဆိုတာ.. မိုးမွှန်နေအောင် ဆဲတော့တာပဲ..။ ဆရာက ဘော့ပင်နဲ့စာရွက်ယူခိုင်းတာကို သူတို့က ကြားပြီး.. ဟိုကောင် မောင်မောင်သန်းက.. မကြားဘဲ သူတို့ကို ဖော်ကောင်လုပ်မှတော့.. ဆဲပြီပေါ့..။

အဲဒီအကြောင်းက.. ခုတော့လည်း သူငယ်ချင်းများ ဆုံတိုင်း.. ပြောပြော ရီနေကြတဲ့.. ကျောင်းတုံးက.. အမှတ်တရ တစ်ခုကို ဖြစ်လို့..။

navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com3tag:blogger.com,1999:blog-120629063448521252.post-26913868732969541132012-05-15T16:53:00.005+06:302012-05-15T17:52:07.066+06:3049.1 ကျမကို ချစ်ရင်တဲ့.. အံ့ရော

ဘလော့ဂ်ကို မရေးဖြစ်တာ အတော်ကြာပါပကော..။ အဓိကကတော့.. မအားနေတာရယ်.. အင်တာနက်နဲ့ အလှမ်းဝေး နေတာရယ်ကြောင့် မရေးဖြစ်တာပဲ..။ ဒီကြားထဲ ကျန်းမာရေးကလည်း.. နည်းနည်း လေး ယိုယွင်းချင်လာတယ်..။ ယွင်းပြီပေါ့..။ အသက်ကလည်း.. လေးဆယ်ကျော်ခဲ့ပြီ..။ အနေအထိုင်အစားအသောက်ကလည်း.. မဆင်မခြင် အရင်အတိုင်း ကိုး..။

အရက်ဆိုတာကလည်း.. ဘယ်ကနေဘယ်လို.. ရှောင်ရမှန်းကို မသိဘူး ဖြစ်နေတယ်..။ ပေါင်းနေသင်းနေတာကလည်း.. ပုလင်းတူဗူးဆို့တွေ..။ ထွက်လိုက်ရတဲ့ ခရီးဆိုတာကလည်း.. အိမ်မှာ နေရတယ်ကို မရှိဘူး..။ ကြာလာတော့.. ဟိုနားက နာသလိုလို- ဒီနားကနာသလိုလိုနဲ့- မော်တော်ကားစကားနဲ့ ပြောရရင်.. အင်ဂျင်ကကျနေပြီ..။

မဒမ်ကတော့.. တဖွဖွပြောရှာတယ်..။ ဆေးလေးဘာလေး စစ်ပါလားတဲ့..။ စစ်မနေချင်ပါဘူးအေ.. ရောဂါသိရတော့လည်း ကုနိုင်တာလိုက်လို့.. လို့ ဘာရယ်မဟုတ် ပြန်ပြောမိတယ်..။ အဲသလိုနဲ့.. နေခဲ့တာ.. လေးငါးနှစ်လောက် ရှိခဲ့ပြီ..။ ပြီးခဲ့တဲ့ သုံးလေးလလောက်ကတော့.. ရင်ဘတ်ထဲက အောင့်သလိုလိုရှိတာနဲ့ ဆရာဝန်သွားပြဖြစ်တယ်..။

စစ်လိုက်ရတဲ့ ဆေး..။ ကိုးဆယ့်ခြောက်ပါးလုံး ကုန်ရော..။ နောက်ဆုံးတော့ အဖြေထွက်တယ်..။ အသည်းရောင်နေတယ်..။ ကိုလက်စရောများနေတယ်..။ LDL က ရှိသင့်တာထက် သုံးဆလောက်ဖြစ်နေသတဲ့..။ ဆရာဝန်က ပြောရှာတယ်..။ ခင်ဗျားကို နဂိုရ်က.. တစ်နေ့ လေးပက်လောက်တော့ သောက်ခွင့်ပေးမလို့ တဲ့..။ အခု ဆေးစစ်ချက်ထွက်လာတော့.. လုံးဝသောက်လို့ မဖြစ်တော့ဘူးတဲ့..။

အနည်းဆုံး ဆေးသုံးလလောက် စွဲသောက်ပြီး.. အခြေအနေကောင်းမှ ပြန်သောက်ပါ လို့ မှာတယ်..။ ဒါပေမယ့်.. သို့သော်.. ဘယ်လိုပြောရမလဲ.. ခက်သားကလားကိုး.. ဆရာဝန်မှာတမ်း အသာဘေးချပြီး.. ရံဖန်ရံခါတော့လည်း.. သောက်နေမိတာပဲ..။ အရင်လောက်တော့.. မသောက်ဖြစ်တော့ပါဘူး..။

ဆရာဝန်ချိန်းတဲ့ follow up မကြာခင်က သွားပြဖြစ်တယ်..။

ခင်ဗျားကြည့်ရတာ.. ကောင်းလာသလိုပဲလို့ ဆရာ၀၀န်က ပြောတယ်..။ အော်-အင်း-ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ပေါ့..။ ဆရာဝန်က ထုံးစံအတိုင်း.. ဟိုစမ်းဒီစမ်းလုပ်ပြီး.. နောက်တစ်ကြိမ် follow up အတွက် ရက်ချိန်းပေးတယ်..။ လာမယ့် July လ.. 19 ရက်နေ့ တစ်ခေါက်ပြန်ပြပါတဲ့..။ ဆယ့်ကိုး ဂျုလိုင်ပေါ့..။

သူ့ရက်ချိန်း ကြားတော့.. ဘာရယ်မဟုတ် ကျောင်းနေဖက်သူငယ်ချင်းတစ်ယောက်.. သူ့ရည်းစားဆီက အဖြေတောင်းတာ.. သွား သတိရမိတယ်..။ ကောင်မလေးကို proposed လုပ်ပြီး.. အဖြေတောင်းတော့.. ကောင်မလေးက.. စဉ်းစားအုံးမယ်.. တစ်လပြည့်တဲ့နေ့ အဖြေပေးမယ်လို့ ပြောလွှတ်လိုက်တယ်..။ သူ proposed လုပ်တဲ့ ရက်က.. ဇွန်လဆယ့်ကိုးရက်နေ့..။

ဆိုတော့.. သူ့ကို အဖြေပေးမယ့်နေ့က.. ဂျုလိုင်ဆယ့်ကိုး ဖြစ်နေတယ်..။ သူကတော့ မသိရှာပါဘူး..။ သူငယ်ချင်းတွေ စုနေတဲ့ တိုက်ခန်းပြန်ရောက်တော့.. အဲဒီအကြောင်း သူဖောက်သည်ချတယ်..။ အဲဒီမှာ.. ငလုံး ဆိုတဲ့ကောင်က.. ဟ-မင်းကို အဖြေပေးမယ့်ရက်က.. ဆယ့်ကိုးဂျုလိုင်ဖြစ်နေတယ်..။ အဲဒီနေ့က အာဇာနည်နေ့ကွ..။ တို့ တတိုင်းပြည်လုံး ၀မ်းနည်းရတဲ့နေ့..။ မင်းလည်း အခြေအနေကောင်းမှာ မဟုတ်ဘူးလို့ ထပြောတယ်..။

အဲဒီကျမှ.. သကောင့်သားလည်း.. ကောင်မလေးဆီ တစ်ခေါက်ပြန်သွားပြီး.. အဖြေကို.. တစ်ရက်စောပြီး ပေးချင်ပေးပါ..။ ဒါမှ မဟုတ်.. တစ်ရက်နောက်ကျပြီး ပေးချင်ပေးပါလို့ .. တောင်းဆိုတယ်..။ ကောင်မလေးက.. တစ်ရက်နောက်ဆုတ်ပြီး ဂျုလိုင်နှစ်ဆယ်ရက်နေ့ အဖြေပေးမယ်လို့ သဘောတူလိုက်တယ်..။

အဲဒီရက်ရောက်တော့.. သကောင့်သား အစောကြီး အခန်းကနေ ထွက်သွားတယ်..။ ပြန်လာတော့ မျက်နှာက မသာမယာနဲ့..။ ဘာဖြစ်လာတာလဲ- အဆင်မပြေခဲ့ဘူးလားလို့ အားလုံးက ၀ိုင်းမေးတော့.. တစ်ဝက်ပြေ-တစ်ဝက်မပြေ လို့ မပွင့်တပွင့် နဲ့ ပြန်ဖြေတယ်..။

မချစ်နိုင်ဘူးလို့ ပြောလွှတ်လိုက်လို့လား ဆိုပြန်တော့လည်း မဟုတ်ဘူးတဲ့..။ ဒါဖြင့်ရင်.. နောက်ထပ် ရက်ချိန်းထပ်ပေးလို့လား ဆိုပြန်တော့လည်း.. မဟုတ်ဘူးတဲ့..။ ဒါဆိုရင် -မင်းဟာက ဘာလဲကွာ လို့ သူငယ်ချင်းတွေက.. စိတ်မရှည်တဲ့ လေသံနဲ့ မေးတော့မှ.. ကောင်မလေးက.. အချက်နှစ်ချက် တောင်းဆိုလိုက်လို့ဟေ့ လို့.. သကောင့်သားက ပြောတယ်..။

အင်း ပြောစမ်းပါအုံး.. သူက ဘာတွေတောင်းဆိုလိုက်လို့လဲ.. လင်းစမ်းပါအုံး ဆိုတော့.. သကောင့်သားက.. ပြောရခက်နေတယ်..။ သက်ပြင်းကို အတွဲလိုက်ချ- အခန်းမျက်နှာကျက်ကို အကြောင်းမဲ့အကြာကြီးမော့ကြည့်- နောက်တော့မှ အသက်ဝအောင် ရှုပြီး အခုလိုပြောတယ်..။

"ကောင်မလေးက သူ့ကို ကြိုက်ရင် အရက်ဖြတ်ရမယ်" တဲ့..။

ဟ-ဒါများ.. ဖြတ်မယ်ပြောလိုက်ပေါ့..။ ညားပြီးမှ ပြန်သောက်-အဲဒီအချိန်ကျ သူလည်း ဘာတတ်နိုင်တာမှတ်လို့ - ဆိုပြီး ငလုံးက ထပြောတယ်..။ ကျန်တဲ့လူတွေကလည်း.. ဟုတ်သားပဲ-အဲဒါများကွာ ပေးလိုက် ကတိ၊ ဆိုပြီး ၀ိုင်းပြောကြတယ်..။

အေး.. ငါကိုယ်တိုင်လည်း.. အဲဒီအချက်တော့.. လိုက်လျောနိုင်ပါတယ်..။ ဒါပေမယ့်..နောက်တစ်ချက် ရှိသေးတယ်..။ အဲဒါက သဘောတူဖို့ တော်တော်ခက်တယ်ကွ ဆိုပြီး.. " သက်ပြင်းတွေ အတွဲလိုက်ချ- မျက်နှာကျက်မော့ကြည့် " လုပ်နေပြန်တယ်..။

ဟ- ဘာကတိမို့လို့လဲ လို့ အားလုံးက ၀ိုင်းမေးကြတယ်..။ သူတော်တော်နဲ့ မဖြေဘူး..။ သူငယ်ချင်းများက.. လုပ်ပါ.. ငါတို့လည်း ၀ိုင်းစဉ်းစားပေးလို့ရတာပေါ့..။ နို့မို့ရင် မင်းဇာတ်လမ်းက.. လိပ်ခဲတင်းတင်းဖြစ်နေမှာ.. ဆိုပြီး မရမက အတင်း အစ်အောက်တော့မှ..

" သူ့ကို ချစ်ရင် ငါ့ သွားခေါ ကို ပြင်ပေး ရမယ် တဲ့ ကွာ " တဲ့..။ အဖြေက ထွက်လာတယ်..။

မိန်းမများ တောင်းဆိုစရာ ရှားလို့..။ အဲဒီသကောင့်သားကလည်း သွားက တော်တော်လေး ခေါရှာတယ်..။ မွေးရာပါ ခေါ တာ။ အဲဒါကြီး သွားပြုပြင်လို့ ဘယ်ဖြစ်မလဲ..။ အဲဒါက.. သူ့ရဲ့ trade mark ..ပဲ..။ ငယ်တုံးက.. ပြင်ခိုင်းရင်လည်း တော်သေး။ တသက်လုံး ခေါ လာတဲ့ သွား.. ချစ်သူအလိုကျအောင်.. ရိုက်ချိုးပြုပြင်လိုက်ဖို့ ဆိုတာ လွယ်တာမှတ်လို့..။

ဟေ့ အဲဒါတော့.. အဲဒီကောင်မ လွန်တယ်။ မကြိုက်ရင်လည်း နေပစေ..။ မင်း trade mark တော့ အပျက်မခံနဲ့..။ ဆိုပြီး တချိန်လုံးငြိမ်နေတဲ့ ကလေးသား သန်းဝင်းနိုင်က မှတ်ချက်ဝင်ပေးတယ်..။

အခုတော့လည်း.. အဲဒီ သွားခေါ လက်မောင်းကို ကနွဲ့ကယျချိတ်ပြီး.. ကလေးတစ်ယောက်နဲ့ မိသားစုလိုက် ကြွချီလာတာ.. ဟိုးတစ်ရက်က.. မင်္ဂလာဆောင်တစ်ခုမှာ တွေ့လိုက်ရတယ်..။

သွားက အရင်ထက်တောင် ပိုခေါ လာ သလိုပဲ..။ အဲဒီနေ့က..။

navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com14tag:blogger.com,1999:blog-120629063448521252.post-23094937355734402962011-04-22T16:40:00.005+06:302011-04-22T17:05:00.320+06:3048.1 မြေဇာမြက်တို့ဖြင့် ယက်လုပ်ထားသော သပွတ်အူတို့အကြောင်း ၁၉၉၆ မှာ ကျောင်းပြီးတယ်..။ ကျောင်းပြီးလို့ သိပ်မကြာခင်ပဲ.. လှိုင်သာယာ စက်မှုဇုံမှာ အလုပ်ရတယ်..။ အဲဒီကစလို့ လှိုင်သာယာမြေက မခွါနိုင်တော့တာ.. အခုဆို ဆယ့်လေးငါးနှစ်ရှိခဲ့ပြီ...။ အဲဒီနှစ်ကာလတွေမှာ နေထွက်က နေ၀င်၊ ခေါက်ရိုးကျိုးနေတဲ့ ဘ၀ပုံဟန်တွေကြား ကိုယ်ကိုယ်တိုင်လည်း ဟိုတွန်းဒီတိုက်နဲ့ ရွေ့ရွေ့မျောပါ ခဲ့ရတယ်...။

လောကဓံသံပါတ်တင်းထားတဲ့ အနာဂါတ်မဲ့ နရီစီးချက်တွေကိုလည်း နေ့စဉ်နဲ့အမျှ ကြားယောင်ခဲ့ရတယ်..။

မထိခလုတ်၊ ထိခလုတ် တစ်ယောက်နဲ့တစ်ယောက် ငြိကြတာတွေ၊ ဆတ်ဆတ်ထိမခံ ရွှေပန်းကန် ဖြစ်ကြတာတွေ၊ ၀ိဒေဟရာဇ်ပုတ်သင်လို မရှိမဲ့ရှိမဲ့ မာန်မာန နဲ့ ထလက်ခမောင်း ခတ်ကြတာတွေ၊ မထူးတော့တဲ့ ဘ၀တွေမို့ မထူးဇာတ်ခင်းကြတာတွေ၊ ထိရှလွယ်သလောက် မေ့ပျောက်လွယ်တာတွေ၊ အမိသော်လည်း သားတော်ခဲ တာတွေ စတဲ့ ဒိတ်လွန်လူ့ကျင့်ဝတ်တွေကလည်း ကိုယ့်မျက်စိအောက်မှာပဲ မမြင်ချင်တဆုံး ရှိခဲ့တယ်..။

တကယ်တော့ လူ့လောကဟာ.. မြစ်လယ်မှာ မျောနေတဲ့ ပုရွက်ဆိတ်အုံလို- ရေပေါ်က ပုရွက်ဆိတ်တချို့ ရှင်သန်ဖို့အတွက်.. ရေအောက်မှာ ပုရွက်ဆိတ်ပေါင်း ထောင်သောင်းမက ယက်ကန်ယက်ကန်နဲ့ အနစ်မွန်းခံနေကြရတာမျိုးပါပဲ..။

အဲဒါဟာ.. ဘယ်တော့မှမရိုးနိုင်တဲ့ လူသားရဲ့ ဂန္တ၀င်ပြကွက်တစ်ခုဆိုပေမယ့် ကျွန်တော့်အတွက်တော့.. ထိထိခိုက်ခိုက် မွန်းမွန်းကျပ်ကျပ်လေး မခံစားဘဲ မတတ်နိုင်အောင် ဖြစ်ရပါတယ်..။

အဲဒီခံစားချက်တွေ စုမိရာက ဒီစာကို မွေးဖွားမိပါတယ်..။ ဒီစာဟာ.. မြင်တွေ့ကြားသိရတဲ့ လောကဓံရဲ့လုပ်ရပ်ကို ပုတ်ခတ်တဲ့ စာမဟုတ်ပါ..။ မြုပ်ဇာတ်ကို ပေါ်စေချင်တဲ့ စေတနာနဲ့ ဖွဲ့သီထားတဲ့ စာပါ..။
navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com9tag:blogger.com,1999:blog-120629063448521252.post-71352246135147014772011-04-22T16:30:00.000+06:302011-05-03T16:55:07.637+06:3048.2 ပါရာစီတမော- အရည်တစ်ရာဖိုး

အကြိမ်ကြိမ်ကိုယ့်ကိုကိုယ် အားပေးမဲတင်းပြီးလာခဲ့တယ်ဆိုပေမယ့်. တကယ်တမ်း မန်နေဂျာအခန်းရှေ့ရောက်တော့..ကိုညိုတစ်ယောက် တံခါးခေါက်ဖို့ လက်က မ၀ံ့..။ ဒီနေ့မှ အလုပ်ပြန်ဆင်းတယ်- ဒီနေ့ပဲ ခွင့်ထပ်တင်ပြန်ပြီဆိုရင်.. မန်နေဂျာက “ မင်း ထွက်တော့ ” လို့ ပြောတော့မှာ သူကြိုသိနေတယ်..။

ဒီလထဲ သူအလုပ်ပျက်ပေါင်း များပြီ..။ ရှိသမျှ ခွင့်ကုန်လို့ လစာမဲ့ခွင့်ယူတာကိုပဲ ကိုးရက်..။ ဒီနေ့ပါ ထည့်တွက်ရင် ဆယ်ရက်..။ သေချာတယ် ။ သူ့ကို ဘယ်နည်းနဲ့မှ ခွင့်ထပ်ပေးတော့မှာ မဟုတ်ဘူး..။ မန်နေဂျာကလည်း အပေါက်က ခပ်ဆိုးဆိုး..။ အထက်ဖား အောက်ဖိ မန်နေဂျာ...။

ဘယ်အလုပ်သမားကမှ သူ့ကို သိပ်နှစ်မြို့လှတာတော့မဟုတ်ဘူး..။

တွေးရင်း တွေးရင်း ကိုညို စိတ်မောလူမောနဲ့ မွန်းကျပ်လာတယ်..။

ဒါပေမယ့် ခွင့်ကလည်း မယူလို့မဖြစ်..။ အဆောင်မှာက နေမကောင်းတဲ့ သားလေးကတစ်ယောက်ထဲ...။ ဖျားနေတာ လေးငါးရက် ရှိပြီ..။ ဖြစ်စ ကတည်းက လမ်းထိပ်ဆေးဆိုင်က စပ်ပေးတဲ့ ဆးတိုက်နေတာ.. သက်သာသလိုလိုနဲ့ အခုထိ အဖျားက မပျောက်..။ သားက အခုမှ အခါလည် သာသာပဲ ရှိသေးတယ်..။

မွေးစတုံးက ပါးစုံဖောင်းဖောင်း မဲမဲလုံးလုံး နဲ့ သိပ်ချစ်ဖို့ ကောင်းတဲ့ကောင်..။ အခုတော့.သူ့ခမျာအရိုးပေါ် အရေတင်မျက်တွင်းဟောက်ပက်နဲ့..။

သားအကြောင်းတွေးမိတော့.. ခွေးမ မိနွဲ့ကြည် အကြောင်း ကိုညို့ခေါင်းထဲ ရောက်လာပြန်တယ်..။ ကိုညိုက အညာသား..။ စစ်ကိုင်းတိုင်း မြောင်မြို့နယ်..သောင်ကြီးဆိုတဲ့ ရွာက..။ ရွာမှာ ပေါက်တူးပေါက်.. လယ်စိုက်.. သူရင်းဌားလိုက်တာ စိတ်ကုန်လို့ ရန်ကုန်တက်လာခဲ့တာ..။

ရန်ကုန်ရောက်တော့.. စက်မှုဇုံက သစ်အချောကိုင်စက်ရုံမှာ လုပ်ရင်း.. မိနွဲ့ကြည်နဲ့ တွေ့တယ်..။

မိနွဲ့ကြည်က.. အောက်သူ..။ ဟင်္သာတဖက်က...။ သူလည်း ရေကြည်ရာ မြက်နုရာရှာရင်း ရန်ကုန်ရောက်လာခဲ့တာပဲ..။ မိနွဲ့ကြည်က ကိုညိုတို့အဆောင်နဲ့ မျက်နှာခြင်းဆိုင် အဆောင်မှာနေတယ်..။ အဆောင်လို့သာ ဆိုတာပါ..။ ၈ ပေပတ်လည် ကျောချင်းကပ် အခန်း ဆယ်ခန်းလောက်ပါတဲ့ ထရံကာ ဓနိမိုး ၀ါးကြမ်းခင်း တန်လျားပဲ..။

အခန်းခက.. တစ်လကို နှစ်သောင်း..။ ဒါတောင် ဈေးအချိုဆုံး အဆောင်မို့လို့..။ အဲဒီအခန်းကိုပဲ လေးငါးယောက် စုနေကြရတယ်..။ ၈ ပေပတ်လည် အခန်းမှာ.. လေးငါးယောက်စုနေတယ်ဆိုလို့လည်း မအံ့သြနဲ့..။ ညအိပ်လို့ ကျောတခင်းစာ ရရင် သူတို့နေလို့ ရတာပဲ..။

အဲသလိုမနေလို့.. တစ်ယောက်ထဲ တစ်ခန်း ငှားနေဖို့ဆိုတာ တော်ရုံမဖြစ်နိုင်ဘူး..။ ရတဲ့လခ လေးငါးသောင်းထဲက အဆောင်ကြေး နှစ်သောင်း နှုတ်ရင် ဘာနဲ့ သွားစားမလဲ..။

အခုလိုနေတာတောင်မှ တစ်လတစ်လ အလျင်က မှီချင်တာ မဟုတ်ဘူး..။ နေ့ပြန်တိုး- ရက်တိုး- လတိုးတွေနဲ့ လုံးချာလည် လိုက်နေကြရတာ..။

မိနွဲ့ကြည်က အထည်ချုပ်စက်ရုံမှာ လုပ်တယ်..။ မိနွဲ့ကြည်က ဖြူဖြူနွဲ့နွဲ့နဲ့ ရွက်ကြမ်းရေကျို သိပ်မဆိုးတဲ့ ရုပ်ရည်ရှိတယ်..။ သူ့ကိုကြိုက်တဲ့သူလည်း သိပ်မနည်းလှဘူး..။ ကိုညိုနဲ့မညားခင်က မီးသွေးကားနောက်လိုက် ခင်မောင်ဆိုတဲ့ ကုလားနဲ့ ညားဖူးတယ်..။

အဲဒီကုလားကလည်းတမျိုး..။ကုလားမို့ အသားမည်းရတဲ့ကြား.. မီးသွေးကားနောက်လိုက်တယ်..။ဒီကြားထဲ.. လက်ဖျံမှာ ကျီးကန်းရုပ် ဆေးမင်ကြောင်က ထိုးထားသေးတယ်..။ ဘယ်တရုပ်- ညာတရုပ် နဲ့ သိပ်ကျက်သရေတုံးတယ်..။ မိနွဲ့ကြည်.. ဘာကြည့်ပြီး ဒီကောင့်ကို ကြိုက်ခဲ့သလဲ မသိ..။

မိန်းမတွေက သိပ်နားလည်ရခက်တယ်..။ အထူးသဖြင့် မိနွဲ့ကြည်..။ ကိုညိုနဲ့ ညားခါစက ကိုညို့ကို တုန်နေအောင် သူချစ်တယ်..။ တနေ့ တနေ့ ကိုညို့မျက်နှာကို အရိပ်တကြည့်ကြည့်နဲ့..။ သားလေး မွေးလာတော့လည်း.. သဲသဲကိုလှုပ်လို့..။ ဟော အခုတော့လည်း.. သူချစ်လှပါတယ် ဆိုတဲ့.. ကိုညိုတို့သားအဖကို ထားပစ်ခဲ့ပြီး နောက်လင်နောက် ပါသွားပြန်ပြီ..။

သူကတော့.. နောက်လင်နဲ့ အခုဆို ပျော်လို့မော်လို့..။ ကိုညို့မှာသာ.. သားကတစ်ဖက်-အလုပ်ကတစ်ဖက်နဲ့ သွက်ချာပါဒ လိုက်နေရတော့တယ်..။ ဒီကြားထဲ သားက နေမကောင်းတော့ ပိုဆိုးပြီပေါ့..။ လူခွဲမရှိ- ကူညီမယ့်သူ မရှိ..။ အားလုံးလိုလိုကလည်း..ကိုယ့်အပူနဲ့ကိုယ်-သူ့အပူနဲ့သူ..။ တောင်မင်း မြောက်မင်း မကယ်နိုင်တဲ့ ဘ၀တွေ..။

နောက်ဆုံးတော့ ခွင့်တွေ တစ်ရက်ပြီး တစ်ရက် ယူရင်းနဲ့ အခုလို.. မန်နေဂျာနဲ့ ထိပ်တိုက်တွေ့ဖို့ ဖြစ်လာတော့တာပဲ..။ အခုတော့ ပေါက်တဲ့ နဖူး မထူးတော့ဘူး..။ လာမယ့်ဘေး ပြေးတွေ့မယ်..။ ခွင့်ပေးရင်ပေး.. မပေးတော့လည်း ဘာအရေးလဲ..။

နဖူးပေါ်စီးကျလာတဲ့ ဇောချွေးကို သုတ်ရင်း ကိုညို ထွေထွေထူးထူး သိပ်မတွေးတော့ဘဲ.. အခန်းတခါးကို ဆွဲဖွင့်လိုက်တယ်..။ ထင်တဲ့အတိုင်း မန်နေဂျာရဲ့ ကျက်သရေမရှိတဲ့ မျက်နှာက ကိုညို့ကိုတွေ့တော့ ရှုံ့တွသွားတယ်..။

“ ခင်ဗျားတို့ အလုပ်သမားတွေ ကျုပ်အခန်းကို တခါးအရင်မခေါက်ဘဲ မ၀င်ရဘူး လို့ ပြောထားတယ် မဟုတ်လား ”

ထုံးစံအတိုင်း မန်နေဂျာက ဒေါသတကြီးနဲ့ ဆီးဟောက်တယ်..။ ကိုညို မကြားသလိုနဲ့ အခန်းတခါးကို ဒုန်းကနဲ့ ဆောင့်ပိတ်ပစ်လိုက်တယ်..။
ပုဆိုးကို တင်းတင်း တိုတို ပြင်ဝတ်တယ်..။ မာတောင့်တောင့် ကိုယ်ဟန်နဲ့ ခြေသံပြင်းပြင်း လျှောက်ရင်း.. မန်နေဂျာစားပွဲရှေ့က ခုံမှာ ၀င်ထိုင်လိုက်တယ်..။

အဆီပြန်နေတဲ့ မန်နေဂျာရဲ့ မျက်နှာကတော့.. ခရမ်းချဉ်သီးပုပ်တစ်လုံးလို နီညိုရောင် သမ်းနေပြီ..။ ပြူးထွက်နေတဲ့ မျက်လုံးနှစ်လုံးကလည်း ..မျက်မှန်ကိုင်းပေါ်ကနေ ပုဇွန်မျက်လုံးလိုမျိုး ငေါထွက်နေတယ်..။ အခန်းထဲက စာရေးမတချို့ကတော့ လုပ်လက်စအလုပ်တွေ ရပ်ပြီးကိုညို့ကို အံ့သြမင်သက်မိစွာနဲ့ ကြည့်နေကြတယ်..။

ကိုညို အတွေးထဲမှာတော့ အိမ်မှာကျန်ခဲ့ရှာတဲ့ သားငယ်ရဲ့မျက်နှာနဲ့ လင်ငယ်နဲ့ ပျော်မြူးနေတဲ့ မိနွဲ့ကြည်ရဲ့ မျက်နှာပဲ တလှည့်စီ မြင်ယောင်နေတယ်..။

မုန်တိုင်း မလာခင် ပင်လယ်ဟာ ငြိမ်သက်သွားသလိုမျိုး တခန်းလုံး ဆယ်စက္ကန့်လောက် တိတ်ဆိတ်သွားတယ်...။

“ ကျုပ် ခွင့်လိုချင်တယ် ”

မတိုးလွန်း.. မကျယ်လွန်း.. သွားကြားကထွက်လာတဲ့ လေသံနဲ့ ကိုညို တုံးတိတိ ပြောချလိုက်တယ်..။ မန်နေဂျာကြီးရဲ့ ၀ဖိုင့်ဖိုင့်ခန္ဓာကိုယ် ဆတ်ကနဲ တုန်သွားတယ်..။

“ ဘာ... ”

မန်နေဂျာရဲ့ ဟိန်းဟောက်သံမဆုံးလိုက်ခင်မှာပဲ ကိုညို ထပ်ပြောလိုက်တယ်..။

“ ကျုပ် ဒီနေ့ ခွင့်လိုချင်တယ် ”

မန်နေဂျာက ဟက်ကနဲ လုပ်ရယ် တစ်ချက် ရယ်တယ်..။ နောက် ကိုညို့မျက်နှာကို သနားစရာ သတ္တ၀ါတစ်ကောင်ကို ကြည့်သလိုမျိုး စေ့စေ့ကြည့်ရင်း တခွန်းခြင်း ပြောတယ်..။

“ ခင်ဗျား ဘာကောင်လဲ..။ ခင်ဗျားကို အရေးယူမယ်.. တစ်- ကျုပ်အခန်းကို တခါးမခေါက်ဝင်ခွင့်မတောင်းဘဲ ၀င်တယ်၊ နှစ်- အထက်အရာရှိကို မချေမငံ မလေးမစား ဆက်ဆံတယ်..။ သုံး- အလုပ်ဆင်းရက်မှာ ယူနီဖောင်းမ၀တ်ဘဲ စက်ရုံကိုလာတယ်..။ ”

“ဒါကြောင့် ကျုပ် ခင်ဗျားကို ပြင်းပြင်းထန်ထန် အရေးယူမယ် ”

သူ့စကားအဆုံးမှာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ကိုညိုထိုင်ရာကနေ ၀ုန်းကနဲ ထရပ်လိုက်တယ်..။

“ ခင်ဗျားအရေးယူမှာတွေ ကျုပ်စိတ်မ၀င်စားဘူး.. ကျုပ် ဒီနေ့ခွင့်မရရင်.. ထွက်တယ်၊ ခင်ဗျားတို့စက်ရုံကနေ ကျုပ်ထွက်တယ် ”

ပြောပြောဆိုဆိုနဲ့ ကိုညို အနားမှာရှိနေတဲ့ ကုလားထိုင်ကို ကန်ထုတ်ပစ်လိုက်တယ်..။ ကုလားထိုင်က ဒလိမ့်ခေါက်ကွေးနဲ့ လွင့်စင်သွားတယ်..။

“ ဟေ့ စာရေးမတွေ ဂိတ်ကိုဖုံးဆက်စမ်း.. လုံခြုံရေးတွေကိုခေါ်.. ရဲစခန်းပါဆက်.. ဒီကောင့်ကို ဖမ်းချုပ်မယ် ”

တခန်းလုံး ကမ္ဘာပျက်သလို ဗြောင်းဆန်သွားတော့တယ်..။ သူ့ကို လက်ညှိုးငေါက်ငေါက်ထိုးရင်း တလစပ်အော်ဟစ်နေတဲ့ မန်နေဂျာကြီးရဲ့ နေရာမှာ.. မိနွဲ့ကြည်ရဲ့ လင်ငယ်မျက်နှာ ပေါ်လာတယ်..။ ကိုညို ဘာကိုမှ မမြင်တော့..။

လက်တကမ်းအကွာမှာ ရှိနေတဲ့ မန်နေဂျာကြီးရဲ့ အင်္ကျီကော်လာကို လှမ်းဆောင့်ဆွဲလိုက်တယ်..။

နောက်.. ခွပ်ကနဲ.. အားပါးတရ လက်သီးနဲ့ ထိုးချပစ်လိုက်တယ်..။ အားကနဲအော်ပြီး မန်နေဂျာကြီး ဖင်ထိုင်ကျသွားတော့တယ်..။
စာရေးမတွေရဲ့ “အမယ်လေး သေပါပြီ ” ဆိုတဲ့အသံတွေက တခန်းလုံးကို ဖုံးလွှမ်းသွားတယ်..။ အဲဒါတွေကို ကျောခိုင်းပြီး ကိုညို ချာကနဲ လှည့်ထွက်လာခဲ့တော့တယ်..။

“ ဟေး ကိုညို- ဒီနေ့အလုပ်ဆင်းတာ စောလှချည်လား ”

ခပ်သုတ်သုတ်လျှောက်လာတဲ့ ကိုညို့ကိုမြင်တော့.. လမ်းဘေးအရက်ပုန်းဆိုင်ထဲကနေ လှအေး လှမ်းအော်နှုတ်ဆက်တယ်..။ လှအေးမြင်တော့
ကိုညို ဆိုင်ဖက်ကို ခြေဦးလှည့်လိုက်တယ်..။ လှအေးနဲ့ သူနဲ့က.. သောက်ဖော် သောက်ဖက်တွေ..။ လှအေးက ဆိုက်ကားနင်းတယ်..။ သူလည်းအညာသားပဲ..။ ကျောက်ပန်းတောင်းဖက်က..။

“ သူငယ်ချင်း ဘာဖြစ်လာတာလဲ.. မျက်နှာလည်း မကောင်းပါလား ”

ဆိုင်ထဲရောက်ရောက်ခြင်း.. လှအေးက .. ကိုညို့မျက်နှာအရိပ်အကဲကြည့်ပြီး တန်းမေးတယ်..။

“ ငါ မန်နေဂျာကို လက်သီးနဲ့ထိုးပြီး အလုပ်ထွက်လာခဲ့ပြီ ”

“ ဟာ.. ကွာ ၊ မင်းတော့ ဒုက္ခပဲ ”

ကိုညို့စကားအဆုံးမှာ လှအေး အလန့်တကြား ထအော်တယ်..။

“ မတတ်နိုင်ဘူုး.. ငါလည်း အကြောင်းတွေစုံသွားတော့.. စိတ်က လွတ်သွားတယ်ကွာ.. ”

ကိုညိုလည်း စိတ်ပျက်လက်ပျက်နဲ့ ပြောပြောဆိုဆို.. လှအေးသောက်နေတဲ့ခွက်ကို လှမ်းယူပြီး တရှိန်ထိုးမော့ပစ်လိုက်တယ်..။ လှအေးကအလိုက်တသိ နောက်တစ်ခွက် ထပ်ငှဲ့တယ်..။ ငှဲ့လို့မှ မဆုံးသေးဘူး..။ ကိုညိုက ယူမော့ပစ်လိုက်ပြန်တယ်..။

“ ဟေ့ကောင်.. ဖြေးဖြေးသောက်ပါဟ.. လခွီးတဲ့မှ.. နောက်က ရဲလိုက်လာတဲ့အတိုင်းပဲ ”

ရဲဆိုမှ ကိုညို သတိရသွားတယ်..။ အခုအချိန်ဆို သူ့ကိုလည်း ရဲတွေ လိုက်ရှာနေလောက်ပြီ..။ အထိုးခံရတဲ့ မန်နေဂျာက ဒီအတိုင်းတော့ နေမှာမဟုတ်ဘူး..။ ရဲတိုင် အမှုဖွင့်တာလောက်တော့ လုပ်ကိုလုပ်မှာ..။ ကဲ.. ခုမှတော့ မထူးတော့ဘူး..။ လုပ်ချင်ရာ လုပ်တော့..။ မူးအောင်သောက်ပြီးမှ အဆောင် ပြန်တော့မယ်..။ ဖြစ်ချင်ရာ ဖြစ်တော့..။

ကိုညို မထူးဇာတ်ခင်းပြီး.. တစ်ခွက်ပြီးတစ်ခွက် .. သောက်နေတာ.. ဘယ်နှစ်ခွက်မှန်းမသိတော့..။ လူကလည်း အတော့်ကို မူးနေပြီ..။ လှအေးလည်း ခေါင်းကြီး ငိုက်စိုက်ကျလို့..။ သားအတွက် ဆေးဝယ်မယ်ဆိုပြီး .. ချေးလာတဲ့ ပိုက်ဆံလည်း အရက်ဖိုးပေးလိုက်ရတာနဲ့ ကုန်ပြီ..။
လက်ထဲမှာ ဆိုင်ရှင်ကို မရမကတောင်းပန်ပြီး ပြန်တောင်းထားတဲ့ တစ်ရာပဲ ကျန်တော့တယ်..။

ပြန်တော့မယ်ဆိုပြီး ကိုညို ဒယီးဒယိုင်နဲ့ထရပ်တော့.. ဆိုင်အပြင်ဖက်မှာက အလင်းရောင် မရှိသလောက်ဖြစ်သွားပြီ..။ လမ်းမပေါ်မှာတော့အလုပ်သွားအလုပ်ပြန်.. ဈေးသွားဈေးပြန်တွေနဲ့ စည်ကားလို့..။ လှိုင်သာယာမှာက.. မနက်စော အလုပ်သွား- ညနေမိုးချုပ်မှ.. အလုပ်ပြန်ကြတာ ဆိုတော့.. နေ၀င်ရီတရောဆိုရင်.. လမ်းမတိုင်းမှာ လူတွေက ကြိတ်ကြိတ်တိုးနေလေ့ ရှိတယ်..။

ဟင်းရွက်-ကန်ဇွန်းရွက်.. တိုလီမိုလီ.. ဆီဆန်ဆား.. ငါးပိငါးခြောက်..ဘီး-ဖျာ-အိုးခွက်.. အ၀တ်အထည်အတိုအစ.. ရောင်းတဲ့သူတွေကလည်းအဲဒီအချိန်မှ လမ်းပုခုံး မေးတင် ရောင်းကြတာ..။ တချို့လည်း အလုပ်ပြန်မှ.. ကမန်းကတန်း.. ဆန်တဗူး- ဆီငါးကျပ်သား- မီးသွေး တစ်ရာဖိုး အပြေးအလွှားဝယ်ပြီး ညစာ ချက်ကြရတာ.. ဆိုတော့.. လမ်းမပေါ်မှာက ရှုပ်ယှက်ကို ခတ်လို့ ပေါ့...။

ဒီကြားထဲ ဆိုက်ကား-စက်ဘီး-ဂါလီ-ရေစည်လှည်း တွေကလည်း.. ဟိုဟိုဒီဒီ ဥဒဟို သွားလို့ လာလို့..။ ဒါ့အပြင် ကားကြီး-ကားငယ် ဆိုင်ကယ်စတာတွေကလည်း ကြိုကြားကြိုကြား လမ်းထဲ ၀င်ဝင်လာပြန်တယ်..။

အဲသလောက် စည်ကားလှတဲ့ လမ်းမပေါ်မှာ ကိုညိုလည်း.. ဟိုလူ့တိုး- ဒီလူ့တိုက်နဲ့ သိုင်းကွက်နင်းပြီး ပြန်လာခဲ့တယ်..။ လမ်းထိပ် ဆေးဆိုင်ရောက်တော့.. ကိုယ့်ကိုယ်ကို အနိုင်နိုင်ရပ်ရင်း.. သားအတွက် ဆေးစပ်ပေးပါလို့ ကိုညို ဗလုံးဗထွေးနဲ့ ပြောတယ်..။

ဆိုင်ရှင်က.. စိတ်မသက်မသာနဲ့ကြည့်ရင်း.. ပိုက်ဆံကောပါရဲ့လား.. အရင်အကြွေးတွေလည်း များလှပြီ ကိုညို လို့ မပွင့်တပွင့် ပြန်ပြောတယ်..။

ကိုညို့ပါးစပ်က.. အယုတ္တ-အနတ္တ အဆဲမျိုးစုံ ထွက်လာတော့တယ်..။ နောက် အရက်ဆိုင်က ပြန်တောင်းလာတဲ့ တစ်ရာတန်ကိုဆေးကောင်တာ ပေါ် ပစ်တင်လိုက်တယ်..။ တဆက်တည်း.. “ ပါရာစီတမော- အရည်တစ်ရာဖိုးပေး ” လို့ လျှာလေးအာလေးနဲ့ ကိုညိုပြောလိုက်တယ်..။

ဆိုင်ရှင်က ဘာမှပြန်မပြောတော့ဘဲ.. တပုလင်းခြောက်ရာတန် ကယ်လ်ပေါတံဆိပ် ပါရာစီတမော ပုလင်းအဖုံးကို ဖွင့်လိုက်တယ်..။ နောက်အဲဒီအဖုံးထဲ ဆေးရည်အပြည့်ဖြည့်.. ပလတ်စတစ်အိပ်ထဲ ထည့်.. သရေပင်နဲ့ ချည်ပြီး ကိုညို့ကို လှမ်းပေးတယ်..။ ကိုညိုလည်း အဲဒီဆေးထုပ်လေးကို ကျစ်ကျစ်ပါအောင် ကိုင်ပြီး အဆောင်ပြန်လာခဲ့တော့တယ်..။

အဆောင်ရောက်တော့.. သားငယ်က ပက်လက်...။ အခန်းထဲက ဖျာစုတ်ပေါ်မှာ.. ဖုတ်လှိုက်ဖုတ်လှိုက်နဲ့..။ သူ့အဖေ ပြန်လာတာတောင်..သိဟန် မတူတော့..။ ပါလာတဲ့ ဆေးထုပ်ကို ကပျာကယာဖြည်ပြီး.. ကိုညို သားကို တိုက်တယ်..။ ဒါပေမယ့်မူးနေတော့..လက်ကလိုရာမရောက်၊ ဆေးက ဖိတ်တစ်ဝက်-စင်တစ်ဝက်..။ ကလေးငယ်ကလည်း.. ပါးစပ်ထဲဝင်လာတဲ့ ဆေးကိုတောင်မှ.. အသိရှိရှိ မျိုမချနိုင်တော့..။

အဲဒီညက သားကို တင်းတင်းပွေ့ချီရင်း ကိုညို တအစ်အစ်နဲ့ ငိုနေခဲ့တယ်..။

navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com7tag:blogger.com,1999:blog-120629063448521252.post-71700498634329139312010-07-22T11:29:00.001+06:302010-07-22T12:34:53.288+06:3047.1 မြေတိုင်းစာရေးကြီး ဦးဘိုးလှိုင် အဖေ့အကြောင်း ရေးတော့ ဘွားတင်ရဲ့အဖေ ဦးဘိုးလှိုင် အကြောင်းပါ ထည့်ရေးမှ ပြည့်စုံမယ်လို့ တွေးမိတယ်..။ ဘာဖြစ်လို့လည်း ဆိုတော့ အဖေက ဦးဘိုးလှိုင်ရဲ့ အချစ်ဆုံးမြေး..။ ဦးဘိုးလှိုင်က ကိုလိုနီခေတ် အစိုးရ၀န်ထမ်း၊ တစ်လကို လစာ သုံးကျပ်ခွဲရတဲ့ မြေတိုင်းစာရေးကြီး..။ မြေတိုင်းစာရေးဆိုတာ ကိုလိုနီခေတ် တောင်သူလယ်သမားတွေရဲ့ ကောက်ပဲသီးနှံစိုက်ပျိုးဖြစ်ထွန်းမှုကို လယ်ခင်းယာခင်းအရောက် ကိုယ်တိုင် သုံးသပ်လေ့လာပြီး အစိုးရကိုယ်စား မြေခွန်တော် စည်းကြပ်ကောက်ခံရသူပဲ..။

သီးနှံအထွက်နှုန်းကောင်းတဲ့ လယ် ကို အခွန်လျော့ပေါ့ ကောက်ခံတာတို့၊ ပုံမှန်လောက်သာထွက်တဲ့ လယ်ကို အခွန်စည်းကြပ်မှု လျှော်ပစ်တာတို့ ဆိုတာ ဦးဘိုးလှိုင်ရဲ့လက်ဖျား ငွေသီးစေတဲ့ လုပ်ပိုင်ခွင့်တွေပေါ့...။ ရာသီအလိုက် သီးနှံရိတ်သိမ်းချိန် ရောက်တိုင်း ဦးဘိုးလှိုင်က.. ဆူးဖြူးကုန်း နယ်တကျောက လယ်ယာမြေ တွေကို စနည်းနာ ထွက်လေ့ရှိတယ်..။

အဲသလို စနည်းနာ မထွက်ခင် ညမှာ “ မနက်ဖန်.. မနက်၊ ရုံးရင်းတောအပိုင်း အကွက်အမှတ် (----- မှ ------ အထိ) မြေတိုင်းစာရေးကြီး ဦးဘိုးလှိုင်မှ ကွင်းဆင်း စစ်ဆေးမည်ဖြစ်ပါသဖြင့် သက်ဆိုင်ရာ အခင်းရှင်များအနေဖြင့် မိမိတို့ ယာကွက်မှ အသင့်စောင့်ဆိုင်းနေကြပါရန် အသိပေးနှိုးဆော်အပ်ပါတယ် .. ဗျို့ ” ဆိုပြီး ဗျို့ဟစ်မောင်းထုလေ့ ရှိပါတယ်..။

မောင်းသံ ကြားတာနဲ့ တချို့အခင်းရှင်တွေက ဦးဘိုးလှိုင်အိမ် လာပြီး.. သူတို့အကွက် အခွန်တော် လျော့ပေါ့စေရန် အလို့ငှာ အသပြာ ငွေတစ်မတ်ကို ဦးဘိုးလှိုင်ရှေ့ချထားတဲ့ ကွမ်းအစ်ထဲ ထည့်ပါတယ်..။ တစ်ယောက် တစ်မတ်ဆိုပေမယ့် တောင်သူတစ်ရာ မတ်တစ်ရာ..။ မတ်တစ်ရာ ငွေနှစ်ဆယ့်ငါးကျပ် ဆိုတော့ တစ်လတစ်လ လစာ သုံးကျပ်ခွဲရတဲ့ မြေတိုင်းစာရေးကြီးရဲ့ ၀င်ငွေကို တွက်သာကြည့်ပေတော့..။

ဒီကြားထဲ ဦးဘိုးလှိုင်က ရလာသမျှ ၀င်ငွေအားလုံးကို ရင်းနှီးမြုပ်နှံမှုအဖြစ် လယ်ယာမြေတွေပဲ ပြန်ဝယ်တော့ ဧက ထောင်ချီပိုင်တဲ့ မြေပိုင်ရှင်ကြီး ဖြစ်လာ ခဲ့တယ်..။ ဒါတင်မက ပိုင်ဆိုင်သမျှ လယ်မြေအားလုံးကို မြေစုမြေငှားချလိုက်ပြန်တော့ ဦးဘိုးလှိုင်ရဲ့ စီးပွားရေးက ဒီလှိုင်းတွေလိုဆပွားတိုးလာခဲ့တော့တယ်။

မြေစုမြေငှားချတယ်ဆိုတာ.. ကိုယ့်မြေကို တကယ်လယ်လုပ်မယ့်သူဆီ အငှားချပြီး ထွက်ရှိလာတဲ့ ကောက်ပဲသီးနှံကို မြေရှင်နဲ့ မြေငှား အချိုးကျ ခွဲဝေ ယူကြတာပါပဲ..။

မြေရှင်က သီးနှံစတင်စိုက်ပျိုးချိန်မှာ မျိုးစေ့ စိုက်ထုတ်မပေးရရင် ထွက်လာတဲ့ သီးနှံရဲ့ သုံးဆယ်ရာခိုင်နှုန်း ဝေစုရပြီး၊ မျိုးစေ့ စိုက်ထုတ်ပေးရရင်တော့ ငါးဆယ်ရာခိုင်းနှုန်း မြေစုပြန်ရပါတယ်...။

ဘွားတင်က ဦးဘိုးလှိုင်ရဲ့ တစ်ဦးတည်းသော သမီးဖြစ်တာမို့ ဦးဘိုးလှိုင် ရှာသမျှ စည်းစိမ်တွေဟာ အဖေတို့ ညီအကိုမောင်နှမ ဆယ့်သုံးယောက်အတွက် ပိုလျှံတာထက်ကို ပြည့်စုံစေခဲ့ပါတယ်..။
navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com3tag:blogger.com,1999:blog-120629063448521252.post-21432674545405357492010-07-22T10:51:00.000+06:302010-07-22T12:08:12.344+06:3047.2 အုံးဖေ (သို့) ကုန်းဖေ အဖေ့ကို ကျန်တဲ့ညီအကိုမောင်နှမတွေက နာမည်ရင်း အုံးဖေ အစား ကုန်းဖေ လို့ ခေါ်ကြပါတယ်..။ အဖေက အတိုင်အတော အလွန်ထူတဲ့အပြင် ကုန်းချော ကုန်းတိုက်ကလည်း မောင်နှမတွေကြား အလွန်လုပ်လို့ ကုန်းဖေ နာမည်တွင်ခဲ့ဟန် ရှိပါတယ်..။ အဘိုးဖြစ်သူ ဦးဘိုးလှိုင်အလိုလိုက်တာကြောင့်လဲ အဖေ စိတ်ကြိုက်ဆိုးခွင့်ရခဲ့ဟန် ရှိပါတယ်..။

ဦးဘိုးလှိုင်ကလည်း အဖေ့ကို သည်းသည်းလှုပ်မျှ ချစ်ပါတယ်..။ ညတိုင်း အဖေက သူမအိပ်မချင်း ဦးဘိုးလှိုင်ကို “ အဘ ” “ အဘ ” နဲ့ ခေါ်ပါတယ်..။ ဦးဘိုးလှိုင်ကလဲ “ ဗျ ” “ဗျ” နဲ့ ခေါ်သမျှ တခွန်းမကျန် ပြန်ထူးလေ့ရှိပါတယ်..။ တခါတရံ အဖေ အိပ်ပျော်သွားပြီး ခေါင်းရင်းခြံက ဆိတ်တွေ “ပဲ” “ပဲ” နဲ့ အော်နေတာကိုတောင် ဦးဘိုးလှိုင်က သူ့မြေး ခေါ်သံထင်ပြီး “ဗျ” “ဗျ” နဲ့ ပြန်ထူးနေတတ်ပါသေးတယ်..။

နောက်ဆုံး ဘွားတင်က “ အဖေ့မြေးက အိပ်သွားတာ ကြာပေါ့ ” “ ခေါင်းရင်းခြံက ဆိတ်အော်သံကို မြေးခေါ်သံ ထင်မနေနဲ့ အိပ်တော့ ” ဆိုမှ ဦးဘိုးလှိုင် က စိတ်ချလက်ချ အိပ်တယ်လို့ ဆိုပါတယ်..။ တကယ်တော့ အဖေတို့ ညီအကိုမောင်နှမတတွေဟာ အဘိုးဖြစ်သူ ဦးဘိုးလှိုင်ရဲ့ စောင့်ရှောက်မှုနဲ့ ကြီးပြင်း လာခဲ့ကြရတယ်ဆိုရင် မမှားပါဘူး..။

ဦးဘိုးလှိုင်က သတ္တိဗျတ္တိနဲ့လည်း ပြည့်စုံတယ်လို့ ဆိုပါတယ်..။ အဖေ့ရဲ့ စိတ်ဓါတ်တော်တော်များများဟာ ဦးဘိုးလှိုင်ဆီက အမွေရခဲ့ဟန် တူပါတယ်..။

အဖေတို့ လူလားမြောက်တဲ့အချိန်က မြန်မာ့ပြည်တွင်းရေး အရှုပ်ထွေးဆုံး အချိန်ဆိုတော့ မြို့ မြို့အလျောက်၊ တော..တောအလျောက် သိပ်ကြီးငြိမ်းချမ်းလှတယ်လို့ မဟုတ်ပါဘူး..။ ဂျပန်က အပြေး၊ အင်္ဂလိပ်က တကျော့ပြန်အ၀င်.. ဂျပန်တွေ ကျန်ခဲ့တဲ့ သေနတ်တွေဆိုတာကလဲ ရွာတိုင်း အိမ်တိုင်းနီးနီးလောက်မှာ ဖောချင်းသောချင်း ရှိကြတာဆိုတော့ ဓါးပြတိုက်တယ် လူသတ်တယ်ဆိုတာ အတော့်ကို လွယ်လွယ်နဲ့ လုပ်နေကြတဲ့ အချိန်ပေါ့..။

အဖေတို့အိမ်မှာကို သေနတ် သုံးလက်ရှိတယ်လို့ ဆိုပါတယ်..။ ဦးဘိုးလှိုင်က တစ်လက်၊ အဖေ့ရဲ့အကိုအကြီးဆုံး ဦးခင်မောင်ကိုင်တာက တစ်လက်နဲ့ အဖေ့အထက်ကပ်လျက် ဦးဟန်စိန်က တစ်လက်.. ပေါင်းသုံးလက်ပေါ့..။ အဖေကတော့ အဲဒီအချိန်က ဆယ့်နှစ်နှစ်၊ဆယ့်သုံးနှစ်လောက်ပဲ ရှိသေးတာမို့ သေနတ်ကိုင်ခွင့် မရသေးပါဘူး..။

သေနတ်ကိုင်ချင်ရင် သူ့အကိုအကြီးဆုံး ဦးခင်မောင်ရဲ့ သေနတ်ကို ခိုးခိုးကိုင်ရလေ့ရှိပါတယ်..။ ဒါပေမယ့် ဦးခင်မောင်က အိမ်သိပ်မကပ်တော့ အဖေ့အနေနဲ့ တရားဝင် သာ သေနတ်ကိုင်ခွင့်မရတာ သေနတ်ကိုတော့ ကောင်းကောင်း ပစ်တတ်နေခဲ့ပါပြီ..။ အဲသလို သေနတ်ခိုးကိုင်တဲ့ အကျိုးကျေးဇူးက အဖေ့ဘ၀ လောကဓံခရီးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်..။

တစ်ရက် အဖေတို့အိမ် ဓါးပြ အတိုက်ခံရပါတယ်..။ ဓါးပြတွေက ညဆယ့်နှစ်နာရီလောက် အိမ်ကိုဝင်စီးပြီး ဓါးစာခံအဖြစ် အဖေ့မိဘနှစ်ပါးနဲ့ ညီအကိုမောင်နှမ တချို့ကို ဖမ်းလိုက်ကြပါတယ်..။ အဖေက အဲဒီညက ဦးဘိုးလှိုင်နဲ့ အိမ်ပေါ်မှာ အိပ်တာမို့ အဖမ်းမခံရဘူး..။ အဖေ့အကို ဦးခင်မောင်က အဲဒီအချိန် တခြားရွာ ခရီးလွန်နေလို့ အိမ်မှာမရှိဘူး..။

အဲဒါနဲ့ အဖေက ဦးခင်မောင် သေနတ်ယူပြီး အဘိုးဖြစ်သူ ဦးဘိုးလှိုင်နဲ့ အိမ်အပေါ်ကနေ ဓါးပြတွေကို ခံ ပစ်ကြတယ်..။ အဖေ့အထက်က ဦးဟန်စိန် ကလည်း ၀ိုင်းထဲက ပဲမှော်တိုက်အောက်ကနေ ဓါးပြတွေကို ပစ်တယ်..။ ဓါးပြတွေက အဲသလို အပစ်ခံရတော့ ဘွားတင်ကို အကျပ်ကိုင်ပြီး အော်ခိုင်းတယ်။ “ အမေတို့ကို မိထားပြီ.. အုံးဖေတို့ ဟန်စိန်တို့ မပစ်ကြပါနဲ့ ” ပေါ့..။

ဒါပေမယ့် အဖေတို့က နားမထောင်ဘူး..။ အော်လေ တွန်းပစ်လေ ပဲ..။ နောက်ဆုံး ဓါးပြ လေးယောက်သေပြီး ဓါးပြတွေ ထွက်ပြေးကြတော့တယ်..။

နောက်နှစ်ရက်အကြာ.. အဲဒီသတင်းကြားတဲ့ မြို့က အာဏာပိုင်တွေ ရောက်လာပြီး ဓါးပြတွေကို ခံချတဲ့ အဖေတို့ ညီအကိုနှစ်ယောက်ကို ဂုဏ်ပြုတဲ့အနေနဲ့ မြင်းစီးရိုင်ဖယ် နှစ်လက် ဆုချတယ်..။

အဲဒီကစပြီး ပစ်ချင်ခတ်ချင်၊ တိုက်ချင်ခိုက်ချင်တဲ့စိတ်က အဖေ့ဆီမှာ သန္ဓေတည်သွားခဲ့ပါတော့တယ်..။
navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com6tag:blogger.com,1999:blog-120629063448521252.post-48900784067383809392010-07-22T09:23:00.000+06:302010-07-22T12:25:29.827+06:3047.3 အုံးဖေ တောခိုပြီ မြန်မာပြည်က ဂျပန်ပြေးတော့ အဖေ နွားထိုးကြီးမြို့ပေါ်တက်ပြီး ကျောင်းနေတယ်..။ ကျောင်းက အင်ဂလိုဗနီကူလာ ဆိုတဲ့ အင်္ဂလိပ်စာသင်ကျောင်း ပဲ..။ အဖေကျောင်းနေစဉ်မှာ ဖဆပလအစိုးရနဲ့ ကွန်မြူနစ်၊ရဲဘော်ဖြူ ကွဲပြဲပြီး သူတလူ ငါတမင်း ကိုယ်ပိုင်ရာပိုင်ရာ နယ်မြေတွေ အုပ်ချုပ်ပြီး ဗိုလ်လုပ်ကြ တော့တယ်..။

နွားထိုးကြီးမြို့ကို အဲဒီတုံးက ဖဆပလ အစိုးရက အုပ်ချုပ်နေတယ်..။ အုပ်ချုပ်တယ်သာ ဆိုတယ်.. မြို့ပေါ်ကွက်ကွက်ကလေးလောက်သာ.. ဖဆပလ အာဏာစက်ရှိတယ်..။ နယ်ထဲက ရွာတွေကတော့ ကွန်မြူနစ်ရွာ ဖြစ်တဲ့ရွာကဖြစ်၊ ရဲဘော်ဖြူ ရွာဖြစ်တဲ့ရွာကဖြစ်နဲ့ ဖြစ်ချင်သလို ဖြစ်နေခဲ့တယ်..။ တဖွဲ့နဲ့ တဖွဲ့ အယောင်ဆောင် အပြစ်ဖို့ လုယက် ဓါးပြတိုက်တာတွေကလဲ မိုးလုံးပြည့်ပေါ့..။

ဖဆပလ အစိုးရ ဘက်တော်သားတွေ ကိုယ်နှိုက်က လစ်ရင်လစ်သလို ဓါးပြတိုက် လူသတ်လုပ်တယ်..။ လုပ်ပြီး ရဲဘော်ဖြူ လွှဲချတယ်..။ အဲဒါကို မခံနိုင်တဲ့ ရဲဘော်ဖြူရဲမေ မတင်က အဖေ့ကို မြှောက်ပေးတယ်..။ “ ရဲဘော် ဓါးပြလော၊ ဘမောင် ဓါးပြလော ” ဆိုတဲ့ စာရွက်တွေ နွားထိုးကြီး တမြို့လုံးမတင်မြှောက် ပေးတာနဲ့ အဖေလိုက်ကပ်တယ်..။

ဘမောင် ဆိုတာက ဖဆပလ လူကြီး..။

အကျိုးဆက်အနေနဲ့ ဖဆပလက အဖေနဲ့ မတင်ကို လိုက်ဖမ်းတော့တယ်..။ မတင်ကလည်း အုံးဖေ နင်.. ဒီအတိုင်းနေလို့ မရတော့ဘူး..။ ရဲဘော်ထဲ ၀င်ရင် ၀င် မ၀င်ရင် နင့်ကို ကာကွယ်နိုင်မှာ မဟုတ်တော့ဘူးနဲ့ ဆွယ်တယ်..။ တချိန်တည်းမှာ ဦးဘိုးလှိုင်တို့ ဘွားတင်တို့ ပိုင်ဆိုင်တဲ့ မြေတွေယာတွေ အိမ်တွေကို ရဲဘော်ဖြူက သိမ်းရုံမက အသက်ကိုပါ ရန်ရှာချင်နေပြီ..။

အဲဒီမှာ အဖေစဉ်းစားတယ်..။ သူ ရဲဘော်ဖြူထဲဝင်လိုက်ချင်းအားဖြင့် သူ့မိသားစုကို ကာကွယ်နိုင်မယ်..။ ဖဆပလကလည်း သူ့ကို လိုက်ဖမ်းနေပြီ..။ ဒီကြားထဲ သေနတ်ကိုင်ပြီး ပစ်ချင်ခတ်ချင် စိတ်ကလည်း ထိမ်းမနိုင်သိမ်းမရ ကြွထနေတယ်..။ အဲဒါနဲ့ပဲ ရဲဘော်ဖြူထဲ ၀င်ဖို့ ဆုံးဖြတ်လိုက်တော့တယ်..။

အဲသလိုနဲ့ အသက်ဆယ့်ခြောက်နှစ်သား မောင်အုံးဖေတစ်ယောက် သူပုန်ဖြစ်သွားခဲ့ရပါတော့တယ်..။
navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com0tag:blogger.com,1999:blog-120629063448521252.post-58234672726207623112010-07-22T08:39:00.000+06:302010-07-22T12:41:55.438+06:3047.4 ကွန်မြူနစ် အဖမ်းခံရခြင်း မိဘ ညီအကိုမောင်နှမတွေ တားနေတဲ့ကြားက စစ်သင်တန်းတက်ဖို့ ရဲဘော်ဖြူ ဌာနချုပ်ရှိရာ ပုပ္ပားကို အဖေ စွတ်ရွတ်ထွက်လာခဲ့တယ်..။ ဒါပေမယ့် ပုပ္ပါး မရောက်ခင် တောင်သာနယ်ထဲက သနပ်ပင်ရွာမှာ အဖေတို့ရှစ်ယောက်အဖွဲ့ ထမင်းစားနေတုံး ကွန်မြူနစ်က ပစ်ဟယ်ခတ်ဟယ်နဲ့ ၀င်ဖမ်းပါတော့တယ်..။ အဖေ့မိတ်ဆွေ ကိုဘရွှေ သေနတ်မှန်ပြီး အဲဒီမှာသေတယ်..။ ကျန်တဲ့လူတွေကိုတော့ ကျောက်ပန်းတောင်းနယ် လှိုင်သာရွာက ကွန်မြူနစ်အချုပ်ဆီ ကြိုးတုပ်ပြီး ခေါ်သွားခံရတယ်..။

အဖေတို့ သိထားတာက ကွန်မြူနစ်နဲ့ ရဲဘော်ဖြူက တပ်ပေါင်းစုမဟာမိတ်တွေ..။ အချင်းချင်း နားလည်မှုလွဲပြီး ဖမ်းတယ်လို့ပဲ အဖေတို့က ထင်တယ်..။ အဲဒါကြောင့် အဖမ်းခံရပေမယ့် သိပ်ကြီး စိုးရိမ်လှတယ်တော့ မဟုတ်ဘူး..။ ဒါပေမယ့် နောက်မှ သိရတာက မြင်းခြံခရိုင်မှာ ကွန်မြူနစ်နဲ့ ရဲဘော်ဖြူက မတည့်နေလို့ မဟာမိတ်အဖြစ်က ရပ်စဲထားကြပြီ..။

အဲဒါနဲ့ပဲ ကွန်မြူနစ်အချုပ်ထဲမှာ အဖေတို့ ဘယ်နေ့အသတ်ခံရမလဲ လို့တွေးပူရင်း စိုးတထိတ်ထိတ်နဲ့ သုံးလလောက် ကြာသွားတယ်..။ ဒါပေမယ့် သေကံမရောက်ချင်တော့ ရဲဘော်ဖြူတပ်ရင်းတစ်ရင်းက သတင်းရပြီး အဖေတို့ကိုဝင်ကယ်တယ်..။ အဲသလိုနဲ့ ကွန်မြူနစ်အချုပ်ကနေ အဖေတို့ လွတ်မြောက်လာခဲ့တယ်..။

လွတ်မြောက်လာသူတွေထဲမှာ ရဲဘော်ဖြူမဟုတ်ဘဲ ကွန်မြူနစ်ကဖမ်းထားတဲ့ ရဲဌာနအုပ် ဦးဘရီနဲ့ ရာဇ၀တ်အုပ် ဦးကံညွှန့် ဆိုတာလဲ ပါလာခဲ့တယ်..။ ကယ်သူက ရဲဘော်ဖြူဆိုတော့ ဦးဘရီတို့လည်း အဖေတို့နဲ့ အတူ ရဲဘော်ဖြူဌာနချုပ်ဆီ လိုက်လာခဲ့ကြရတယ်..။ ဒါပေမယ့် လမ်းခုလတ်မှာ ဦးဘရီတို့က အစိုးရ၀န်ထမ်း ပဲ လုပ်စားတတ်လို့ အဖေတို့နောက် မလိုက်လိုဘဲ ဖဆပလ အစိုးရထံ ပြန်လိုကြောင်း မေတ္တာရပ်ခံတယ်..။

နောက်ဆုံး ဦးဘရီတို့အနေနဲ့ တကွေ့မဟုတ်တကွေ့ ရဲဘော်ဖြူတွေကို ဖမ်းမိရင် တတ်နိုင်သလောက် ကူညီပေးရမယ်ဆိုတဲ့ ကတိတောင်းပြီး လမ်းခွဲ လိုက်ကြတယ်။

တိုက်တိုက်ဆိုင်ဆိုင် နောင်တချိန် အဖေ့ကို ဖဆပလအစိုးရက ဖမ်းမိတော့ အဲဒီကတိကပဲ အဖေ့ကို ထောင်နန်းစံရမယ့်အရေးက လွတ်မြောက် စေခဲ့ပါတယ်..။
(အဲဒီ အကြောင်း နောက်မှ ရေးပါ့မယ်)
navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com3tag:blogger.com,1999:blog-120629063448521252.post-64968014810205583052010-07-22T07:56:00.000+06:302010-07-23T13:02:16.454+06:3047.5 အုံးဖေက မပူလေပြီ

မြေရှင်ယာရှင် မိသားစုက ပေါက်ဖွားလာခဲ့တဲ့ အဖေ၊ တောတွင်းလက်နက်ကိုင် သူပုန်လုပ်တော့ ရာထူးကောင်းကောင်း ပေးခြင်းခံရတယ်..။
လိုအပ်တဲ့ စစ်သင်တန်းတွေ တက်ပြီးတာနဲ့ အဖေ တပ်ရေးဗိုလ်ကြီး တန်းဖြစ်တယ်..။ အဲဒီကစပြီး အဖေက သူ့နာမည် အုံးဖေကနေ ဘုန်းနိုင်လို့
ပြောင်းပစ်လိုက်တော့တယ်..။

ဗိုလ်ဘုန်းနိုင် ပေါ့..။

ရွာက ဦးဘိုးလှိုင်တို့ မိသားစုကတော့ အဖေ ပုပ္ပါးမှာရှိနေစဉ်မှာပဲ တံတားဦးကို ပြောင်းသွားခဲ့ကြတယ်..။ ရွာက ရှိသမျှ လယ်ယာမြေတွေ၊
ယက္ကန်းစက်တွေကလည်း ရဲဘော်ဖြူက ပြည်သူပိုင် သိမ်းပစ်လိုက်လို့ ကုန်ပြီ..။ အသက်ကိုတောင် အဖေ့မျက်နှာနဲ့ ရန်မရှာတာလို့ ဆိုတယ်။

အဖေ့ကတော့ တစ်ယောက်တည်း သင်းကွဲပြီး တောထဲမှာ ကျန်ခဲ့ရှာတယ်..။ နောက် တာဝန်နဲ့ အဖေ နွားထိုးကြီးနယ်ကို
ပြန်ရောက်လာခဲ့တယ်။ ပြန်ရောက်ရောက်ခြင်း မိသားစုပိုင်ထဲက ကြွင်းကျန်နေတဲ့ မြေစုထည့်တဲ့ ဂိုဒေါင်ကြီးသုံးလုံးကို အဖေဖျက်ပြီး တံတားဦး
ပို့ပစ်လိုက်တယ်..။

အဲဒီကိစ္စနဲ့ ပါတ်သက်ပြီး ပါတီဌာနချုပ်မှာ အဖေ အစစ်အဆေး ခံရတယ်..။ တချိန်တုံးက မိသားစုပိုင် ပစ္စည်းဆိုပေမယ့် အခု ရဲဘော်ဖြူက
ပြည်သူပိုင်သိမ်းထားလို့ ရဲဘော်ပိုင် ဖြစ်နေတဲ့ ဂိုဒေါင်တွေကို အဖေက မလိမ့်တပတ်နဲ့ ဖျက်ပို့လိုက်တာကိုး..။ ဒါပေမယ့် ကြီးကြီးမားမား
အရေးယူခြင်း မခံရဘဲ စစ်ဆေးမှုက အဖေ လွတ်မြောက်လာခဲ့တယ်..။

အဖေက သူ့ကိုယ်သူ မိသားစုရဲ့ ကယ်တင်ရှင်လို့ ထင်တယ်..။ ဒါပေမယ့် အကိုကြီး ဦးခင်မောင်နဲ့ ဘွားတင်တို့တတွေက အဖေ
သူပုန်ဖြစ်နေတာ ကို ဘယ်လိုမှ မမြင်ရက်ကြဘူး..။ မကြာခဏဆိုသလို အလင်းဝင်ဖို့ စာတတန်ပေတတန်နဲ့ ဖျောင်းဖျကြတယ်..။ ဒါပေမယ့်
အဖေက ခေါင်းမာတယ်..။ ဘယ်သူဘာပြောပြော ဗိုလ်ဘုန်းနိုင်အဖြစ်နဲ့ နေရတာကို ကျေနပ်နေခဲ့တယ်..။

ဒီကြားထဲ အဖေနဲ့ သူ့မိသားစု ပြဿနာတက်တယ်..။ အဖေ့မိတ်ဆွေ ဦးမြကြီးက အဖေ့ကို ခြောက်လုံးပြူး အကောင်းစားတစ်လက် ငွေ ၃၀၀
နဲ့ ရောင်းတယ်..။ အဖေ့လက်ထဲ ပိုက်ဆံမရှိတာနဲ့ တံတားဦးကို အဖေ ပိုက်ဆံလှမ်းမှာတယ်..။ ဘွားတင်တို့ကလည်း ရဲဘော်ဖြူက ထွက်မှ
ပိုက်ဆံပေးမယ်ဆိုပြီး အကျပ်ကိုင်တယ်..။

နောက်ဆုံးအဖေက လိုချင်တဲ့ပိုက်ဆံမရရင် ရွာမှာကျန်နေသေးတဲ့ အိမ်ကြီးကို ဖျက်ရောင်းပစ်မယ်ဆိုပြီး ခြိမ်းခြောက်စာ တေးထပ်ရေးပြီး
ဘွားတင်တို့ဆီ ပို့လိုက်တယ်..။ အိမ်ကြီးက တကယ့်ရှေးအိမ်ကြီး၊ ပျဉ်ထောင်ကာ အုတ်ကျွပ်မိုး၊ ပေခုနှစ်ဆယ်ပတ်လည်လောက် ရှိတာဆိုတော့
ဖျက်ရောင်းရင် အဖေလိုချင်တဲ့ ခြောက်လုံးပြူးတော့ ကောင်းကောင်းရတယ်..။

အဖေပို့လိုက်တဲ့ ခြိမ်းခြောက်စာတေးထပ်ကို ဖတ်ပြီးမှ ဘွားတင်က ပိုက်ဆံ သုံးရာ အဖေ့ဆီ လှမ်းပို့တော့တယ်..။ တေးထပ်ထဲမှာ အဖေက
သူ့ကိုယ်သူ မိသားစုကို ကယ်တင်ဖို့သူပုန်ဗိုလ်လုပ်နေရတဲ့အကြောင်း၊ ဒါပေမယ့် မိသားစုက သူ့အပေါ်မှာ အကောင်းမမြင်တဲ့ အကြောင်း၊
သူတောင်းတဲ့ ငွေသုံးရာမပေးရင် အိမ်ကြီးကို ဖျက်ရောင်းပစ်မယ့် အကြောင်း စတာတွေ တော်တော်လေး စုံစုံစေ့စေ့ ရေးထည့်လိုက်တယ်။

ကျွန်တော်တို့ငယ်စဉ် ကလေးဘ၀မှာ အဖေမူးလာတိုင်း အဲဒီတေးထပ်ကို တရှိုက်မက်မက် ဆိုလေ့ရှိလို့ နားရည်ဝနေခဲ့ရတယ်..။

ဘလော့ဂ်ကြွလာ ဆွေသဟာတို့လည်း အဖေ့ရဲ့ တေးထပ်ကို မျှဝေခံစားကြည့်နိုင်ဖို့ ရေးတင်ပေးလိုက်ပါတယ်..။

“ ဖပီတာ ဆွေတစ်စုကိုလ.. မသေမှုကြံကာ၊
ချွေဆုနဲ့ ပန္ထနာငယ် မှန်မကွာ မောင်အုံး...။
သူတို့တော့ လွတ်ရာကို ဇွတ်တစ်ခါ ရှောင်လို့သာပုန်း...။
ကြံရစ်တဲ့ သားခမြာကို မသနာကာ အိုမုန်း..။

ခါးတမာ ပုံထုံးသို့ အကုန်လုံးက ရွံရှာ
အသက်တွေ ကာကွယ်ပေးပေမယ့် ဖါသည်လေးလို ဆဲကြပြန်တာ၊
သဲဝက အမြဲနာတယ် ဆဲကြပါဆွေတစုရဲ့
နေမှုက ကံမခေ ဇွဲနဲ့လူပေ..။

အုံးဖေက မပူလေပြီ
ဇဗ္ဗူမြေတည်စားသော်လည်း
ဒီတရား အနိစ္စသညာ စိတ်ကထင်မှာ၊
အိမ်ကြီးကို ရှုစားကာငယ်.. ခုများမှ ရွံ့မုန်းပြီကွဲ့လေး...။ ”

navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com3tag:blogger.com,1999:blog-120629063448521252.post-52123198622987085362010-07-22T07:51:00.000+06:302010-07-27T12:00:50.098+06:3047.6 ဘကြီးခင်မောင်
အဖေ့ရဲ့ မွေးချင်း ဆယ့်သုံးယောက်ထဲမှာ အကြီးဆုံး ဒေါ်မြစိန်က အရွယ်မတိုင်ခင်သေသွားတော့ ဒုတိယမြောက် ဦးခင်မောင်က အကြီးဆုံး
ဖြစ်ကျန်ရစ်ခဲ့တယ်..။ ဦးခင်မောင်ကို ရင်းနှီးတဲ့ စာပေအသိုင်းအ၀ိုင်းက “ဆိတ်ငါးကောင် ဦးခင်မောင်” လို့ ခေါ်ကြတယ်..။ စာရေးဆရာ
အီကြာကွေးတို့ ကိုလေး(အင်းဝဂုဏ်ရည်) တို့ မြသန်းတင့်တို့နဲ့ စာပေမိတ်ဆွေတွေပေါ့..။

အဖေ စကားပြောကောင်းတယ်ဆိုတာ သူ့အကို ဦးခင်မောင်ရဲ့ ခြေဖျားတောင် မီမယ်မထင်ဘူး..။ စာလိုပေလို ပြောမလား၊ အရပ်စကား
အောက်ကလိအာ ပြောမလား.. ကြိုက်တဲ့ဖက်ကလာ ပြောနိုင်တဲ့ လူမျိုးပဲ..။ အခုတော့ အသက်ကြီးလှပါပြီ..။ ဟိုးရှေ့နားမှာ ရေးခဲ့တဲ့
ဘကြီးဟန်စိန်အကြောင်းမှာ “ဟန်စိန်သုံးထောင်၊ အုံးဖေနှစ်ထောင် ” ဆိုတာ တကယ်တော့ ဘကြီးဟန်စိန်မဟုတ်ဘဲ.. ဘကြီးခင်မောင်
လုပ်ခဲ့တာလို့ သိရပါတယ်..။

အဖေ့ညီအငယ်ဆုံး ဦးကျော်မြင့် ရန်ကုန်မှာ မင်္ဂလာဆောင်တော့ မလာနိုင်တဲ့ ကျွန်တော့်အဖေက လက်ဖွဲ့ငွေ ငါးထောင်ကို သူ့အကိုအကြီးဆုံး
ဦးခင်မောင်နဲ့ လူကြုံပါးလိုက်တယ်..။ အဲဒါကို ဘကြီးခင်မောင်က.. “ ခင်မောင် သုံးထောင်၊ အုံးဖေ နှစ်ထောင် ” ဆိုပြီး လက်ဖွဲ့ပစ်ခဲ့တယ်..။

အဲဒီအကြောင်းကို နောင်ဆယ်နှစ်လောက်ကြာမှ အဖေက သိရတယ်..။

အဖေ အစိုးရအလုပ်မှာ ပြဿနာတက်တော့ ငွေလိုတာနဲ့ သူ့ညီအငယ်ဆုံး ဦးကျော်မြင့်ဆီ ချေးတယ်..။ မင်္ဂလာဆောင်တုံးက လက်ဖွဲ့ထားတဲ့
ငွေကိုပဲ ချေးတယ်သဘောမထားဘဲ ပြန်ယူပါဆိုပြီး ငွေနှစ်ထောင်ပြန်ပေးတော့မှ အဖေက “ ဟ.. မင်းမင်္ဂလာဆောင်တုံးက ငါလက်ဖွဲ့ခဲ့တာ
ငါးထောင်ပါ ” လို့ ပြန်ပြောတော့ ဦးကျော်မြင့်က လက်ဖွဲ့စာအုပ်ကြီးထုတ်ပြတယ်..။

စာအုပ်ထဲမှာ “ ခင်မောင်သုံးထောင်၊ အုံးဖေ နှစ်ထောင် ” လို့ ရေးထားတာမြင်မှ အဖေလည်း ဇာတ်ရည်လည်တော့တယ်..။

ဘကြီးခင်မောင်က အဲသလိုမျိုး..။

အခုတော့ တံတားဦးမြို့မှာ သမီးအကြီး မမာမာအေးနဲ့ အတူနေတယ်..။ သမီးဖြစ်သူက မိသားစုအရေးအရာတွေကို အဖေ
ဘယ်လိုပဲ၊ဘယ်ညာပဲ နဲ့ တိုင်ပင်ဖို့ ကြိုးစားတိုင်း “ ငါ့သမီး အဖေသေပြီလို့ သဘောထားလိုက် ” လို့ ဘကြီးခင်မောင် ပြန်ပြောလေ့ရှိတယ်..။

တစ်ရက် ဘကြီးခင်မောင် လည်ရာကပြန်လာပြီး ရှိတာလှန်လှောစားမယ်ဆိုပြီး မီးဖိုချောင်ဝင်တယ်..။ ဒါပေမယ့် အိုးခွက်ပန်းကန်တွေက
ပြောင်တလင်း ခါလို့ စားစရာ ဘာမှ မရှိတော့ဘူး..။

အဲဒါနဲ့ သမီးဖြစ်သူကို “ ငါ့သမီး စားစရာဘာမှလည်း မရှိပါလား ” လို့ မေးတယ်..။

“ အဖေပဲ ငါ့သမီး- အဖေသေပြီလို့ သဘောထားလိုက် ဆို၊ သေတဲ့သူက ထမင်းစားစရာမှ မလိုဘဲ ” လို့ မမာမာအေးက ပြန်ပြောတယ်..။

ဘကြီးခင်မောင်လည်း တဟားဟားရယ်ရင်း အေးပါဗျာ၊ ဒါဆိုလည်း တခြားသွားစားတော့မယ် ဆိုပြီး ထွက်သွား သတဲ့..။

navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com0tag:blogger.com,1999:blog-120629063448521252.post-3904387914604678312010-07-22T07:30:00.000+06:302010-07-27T12:58:46.425+06:3047.7 အုံးဖေ အမြန်လာ
အဖေနဲ့ ဘကြီးခင်မောင်က သိပ်တည့်လှတယ်တော့ မဟုတ်ဘူး..။ မိဘလက်ငုတ်လက်ရင်း မြေတချို့ကို ဘကြီးခင်မောင်နဲ့ ဘကြီးဟန်စိန်
နှစ်ယောက်ခွဲဝေပြီး လုပ်ကိုင်စားသောက်နေတာကို အဆင်ပြေနေတဲ့ ညီအကိုမောင်နှမတချို့က မငြိုငြင်ပေမယ့် အဆင်မပြေတဲ့
ညီအကိုမောင်နှမတချို့ကတော့ လိုချင်ရှာတယ်..။

အဲဒီအထဲမှာ အဖေလည်း ပါတော့.. ညီအကိုချင်း.. အပြောအဆို အဆက်အဆံ သိပ်မကောင်းတော့ဘူးပေါ့..။

ဒါပေမယ့် အဖေ သူပုန်ဗိုလ်ဖြစ်နေတဲ့အချိန်တုံးကတော့ ဘကြီးခင်မောင်က အဖေ့ကို အတော်သံယောဇဉ်ကြီးရှာတယ်..။ သူ့ညီကို သူပုန်
မလုပ်ဖို့ နည်းမျိုးစုံနဲ့ သူကြိုးစားခဲ့တယ်..။ နောက်ဆုံး အဖေ့ကို တံတားဦးညာခေါ်ပြီး ရဲလက် သူကိုယ်တိုင် အပ်၊ ဖမ်းခိုင်းတဲ့အထိ လုပ်ခဲ့တယ်။

တောထဲရောက်နေတဲ့ အဖေ့ကို “အုန်းဖေ အမြန်လာ၊ အဖေအခြေအနေမကောင်း ” လို့ စာလှမ်းပို့တယ်..။ အဖေလည်း သူ့အဖေ ဦးဘသိန်း
အခြေအနေမကောင်းဘူး အထင်နဲ့ တံတားဦးကို အပြေးသွားခဲ့တယ်..။ ဟိုရောက်တော့ ဦးဘသိန်းရဲ့ အခြေအနေက ထင်သလောက် မဆိုးဘဲ
အာဂန္တုဖျားလောက် ဖျားနေတာကို တွေ့ရတယ်..။

ရောက်မှတော့ မထူးပါဘူး တစ်ညတစ်လေ အိပ်ပြီး နောက်ရက်မှ ပြန်လို့ ဘကြီးခင်မောင်က တားတာနဲ့ အဖေလည်း တစ်ညအိပ်လိုက်တယ်..။
အဲဒီညမှာပဲ ဘကြီးခင်မောင်က ရဲတွေခေါ်လာပြီး အဖေ့ကို ဖမ်းတော့တယ်..။ အဲဒီမှာ သူပုန် ဗိုလ်ဘုန်းနိုင် အစိုးရရဲ့ အဖမ်းခံ ရပါတော့တယ်။

နောက်ရက်ကျတော့ တံတားဦးရဲစခန်းကနေ စစ်ကိုင်းဖက်ကူးပြီး လက်ထိပ်တန်းလန်းနဲ့အဖေ့ကို မြင်းခြံပို့ဖို့ လုပ်တယ်..။ မန္တလေးက
မနက်စောထွက်တဲ့ သင်္ဘောစီးဖို့ စစ်ကိုင်းဆိပ်ခံဘောတံတားပေါ်မှာ အဖေရယ်၊ ရဲတပ်ကြပ်ကြီး ဦးမောင်စိုးရယ်၊ ဘကြီးခင်မောင် ရယ်
စောင့်နေကြတယ်..။

ဘကြီးခင်မောင်က လက်ထိပ်တန်းလန်းနဲ့သူ့ညီကို ကြည့်ပြီး အတော့်ကို စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုတယ်..။ အဖေကတော့ သူ့ကို
ညာခေါ်ပြီး ရဲလက်အပ်တဲ့ ဘကြီးခင်မောင်ကို စိတ်နာနာနဲ့ စကားမပြောဘဲ သူ့လက်ထိပ်က ရှည်ထွက်နေတဲ့ သံကြိုးကို အပေါ်
ပစ်မြှောက်လိုက် ပြန်ဖမ်းလိုက်နဲ့ ဆော့နေခဲ့တယ်..။

လက်ထိပ်တန်းလန်းနဲ့ ခပ်ငယ်ငယ် ရာဇ၀တ်သားက အဲသလိုမျိုး လက်ထိပ်ကိုမြှောက်လိုက် ပြန်ဖမ်းလိုက်လုပ်နေတာကို တွေ့တော့
ဆိပ်ခံဘောတံတားပေါ်က ဆီထမင်းရောင်းတဲ့ အဒေါ်ကြီးက “ ငါ့တူ ဘာမှုနဲ့ အဖမ်းခံရတာလဲ ” လို့ မနေနိုင်မထိုင်နိုင် စပ်စုတယ်။ နဂိုရ်ကမှ
စိတ်အချဉ်ပေါက်နေတဲ့ အဖေက “ ငါးနှစ်သမီးလေးကို မုဒိန်းကျင့်ပြီး သတ်ပစ်လိုက်လို့ အဖမ်းခံရတာပါ အဒေါ်ကြီးရယ် ” လို့ ရွဲ့ဖြေ
ဖြေတယ်..။

“ ဟင် ” ဆိုပြီး အဒေါ်ကြီးလည်း ဆီထမင်းဗန်းလေး မပြီး ထွက်သွားတော့တယ်..။ အဲဒါကို မြင်နေကြားနေတဲ့ ဘကြီးခင်မောင်က “ မင်းကွာ၊
မဟုတ်တာတွေ လျှောက်ပြောနေတယ် ” ဆိုပြီး တဟီးဟီးနဲ့ ငိုပါတော့တယ်..။ သူ့ညီကို သူကိုယ်တိုင် လက်ထောက်ချ ဖမ်းပြီး မချိတင်ကဲ
ဖြစ်နေတုံး ညီဖြစ်သူက ရွဲ့ပြီး လျှောက်ပြောတော့ ဘကြီးခင်မောင်လည်း ၀မ်းနည်းပက်လက် ဖြစ်သွားဟန် တူပါတယ်..။

အဖေကတော့ သူ့အကို ငိုတာကို ကြည့်ပြီး “ ခင်ဗျား အခုမှလာငိုမနေနဲ့.. ခင်ဗျားလုပ်လို့ ကျုပ်အခုလို နေရတာ.. ခင်ဗျားပြန်တော့ .. ခင်ဗျား
မပြန်ရင် ကျုပ်က ဟောဒီဆိပ်ခံပေါ်ကနေ ခုန်ချလိုက်မှာ ” ဆိုပြီး တကယ်ခုန်ချမယ် လုပ်လို့ ရဲတပ်ကြပ်ကြီးနဲ့ ဘကြီးခင်မောင် ခမျာ အဖေ့ကို
အတော်ဆွဲရတယ်လို့ ဆိုပါတယ်..။

နောက်ဆုံးတော့ ရဲတပ်ကြပ်ကြီးက “ ကိုခင်မောင် ခင်ဗျားညီကို စိတ်ချပါ.. ခင်ဗျားရှိနေရင် သူလည်း စိတ်ဆင်းရဲနေမှာ၊ အဲဒါကြောင့်
ပြန်လိုက်ပါ ” လို့ ပြောတာနဲ့ ဘကြီးခင်မောင်လည်း မျက်ရည်စက်လက်နဲ့ ပြန်သွားခဲ့ပါတယ်..။

အဖေလည်း အဲသလိုနဲ့ မြင်းခြံထောင်ကို ရောက်သွားပါတော့တယ်..။ ထောင်ထဲမှာ တစ်ပတ်လောက် နေပြီးတော့ “နွားထိုးကြီး အစိုးရဘဏ်
ဖောက်မှု ” နဲ့ အဖေ စဲချက်တင်ခံရပါတယ်..။

navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com0tag:blogger.com,1999:blog-120629063448521252.post-66658981978644053132010-07-22T07:08:00.000+06:302010-07-27T13:09:20.414+06:3047.8 ကံကြမ္မာ ဆန်းကြယ်ပုံက အဖေ့ကို ရုံးထုတ်တော့ အဖေ့ရဲ့အမှုကို စစ်မယ့်သူက တချိန်တုံးက ကွန်မြူနစ်အချုပ်မှာ အတူအချုပ်ခံခဲ့ရတဲ့ ဌာနာအုပ် ဦးဘရီ ဖြစ်နေတယ်..။ နောင်တချိန် ရဲဘော်ဖြူတွေကို ဖမ်းမိရင် တတ်နိုင်သလောက် ကူညီပါ့မယ်လို့ သူပေးခဲ့တဲ့ ကတိအတိုင်းပဲ အဖေ့ကို ဦးဘရီက လိုလေသေးမရှိ ကူညီခဲ့ပါတယ်..။

အမှုမစစ်ခင်မှာ အဖေ့ကို ဦးဘရီက မှာထားတယ်..။ “ ကိုအုံးဖေ.. အမှုသွား၊အမှုလာ.. မေးပုံမြန်းပုံတွေကို ခင်ဗျား သိမှာမဟုတ်ဘူး.. အဲဒါကြောင့် ကျုပ်က ရှေ့ကနေ “ဟုတ်သလား ” လို့ မေးရင် ခင်ဗျားက “ဟုတ်တယ် ” လို့ပဲ ဖြေ၊ ကျုပ်က “ မဟုတ်ဘူးလား ” လို့ မေးရင် “ မဟုတ်ပါဘူး ” လို့ ဖြေ ” လို့ မှာထားတာပဲ..။

အဲဒါနဲ့ အဖေလည်း ဌာနအုပ် ဦးဘရီက “ ဟုတ်သလား ” လို့ မေးရင် “ ဟုတ်ပါတယ် ” လို့ ဖြေလိုက်တယ်..။ “မဟုတ်ဘူးလား ” လို့ မေးရင် မဟုတ်ဘူးလို့ပဲ ဖြေလိုက်တယ်..။ အဲဒီမှာ အဖေ.. စွဲချက်ကနေ .. ကွင်းလုံးကျွတ်လွတ်လာခဲ့တော့တယ်..။

navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com5tag:blogger.com,1999:blog-120629063448521252.post-56518824537891673002009-09-11T00:07:00.004+06:302009-09-11T00:26:49.495+06:3046.1 အဖေ့မွေးနေ့ အတွေးတစမကြာမတင်ကပဲ အဖေ့အသက် ၇၇ နှစ်ပြည့်လို့.. ကျွန်တော်တို့မိသားစု အဖေ့ကို ကန်တော့ဖြစ်ကြတယ်..။ တခမ်းတနား ကြီးကြီးကျယ်ကျယ် ကန်တော့တာမျိုးတော့ မဟုတ်ပါဘူး..။ အဖေ့အတွက် ပုဆိုးတစ်ထည် အင်္ကျီတစ်ထည် အပြေးအလွှားသွားဝယ်ပြီး သားမိသားဖတတွေ အဖေ့အိမ် ချီတက်ကန်တော့ကြတာပဲ..။

အကန်တော့ခံ မွေးနေ့ရှင်ကလည်း စွပ်ကျယ်ချိုင်းပြတ်နဲ့ အိမ်အောက်က ကွပ်ပျစ်မှာ တင်ပလ္လင်ခွေထိုင်ပြီး အကန်တော့ခံတာပါပဲ..။ တကယ်တော့ ၇၇ နှစ်ဆိုတဲ့ အသက်ဟာ.. အတော်အိုပြီပဲ..။ စားနိုင်သောက်နိုင် သွားနိုင်လာနိုင် တုံးလို့ ဘယ်လိုပဲပြောပြော.. ဇရာထင်တိုင်းကြဲထားတဲ့ ဒဏ်ရာဒဏ်ချက်တွေက အဖေ့ကိုယ်ပေါ်မှာ ပွရွ နေပါတော့တယ်..။

အဖေနဲ့ ဒီနှစ်ပိုင်းတွေမှာ မကြာခဏ တွေ့နေကြတယ်ဆိုပေမယ့်.. အဲသလောက် အိုစာသွားတာကို.. အမှုမဲ့အမှတ်မဲ့နဲ့ ကျွန်တော်သတိမထားမိခဲ့ဘူး..။ အဲဒီနေ့ကမှ.. အဖေ့အသက်နဲ့ဇရာကို ယှဉ်တွဲစပ်ဟပ် သတိထားမိတော့တယ်...။

တချိန်တုံးက အားတွေမာန်တွေနဲ့ တင်းတင်းရင်းရင်း ရှိခဲ့တဲ့ အဖေ့လက်မောင်းတွေဟာ အခုတော့ စွပ်ကျယ်ချိုင်းပြတ်အောက်မှာ ခြောက်ကပ်ပိန်လှီလို့..။ လက်ပြင်း တွဲကျဖို့ အသားရယ်လို့ တောင် လုံလုံလောက်လောက် မရှိတော့တာ တွေ့ရတယ်..။ တချိန်တုံးက ဘီးမတိုးခဲ့တဲ့ အဖေ့ခေါင်းဆိုလည်း.. အခုတော့ တောမီးလောင်ထားတဲ့ ကျက်တီးကုန်းမြေလို ဟိုတစ်ကွက် ဒီတစ်ကွက် ငုံးတိတိနဲ့..။

အဲဒါတွေဟာ.. အဖေ့အတွက်.. အချိန်များများစားစား မကျန်တော့ဘူးဆိုတဲ့.. နိမိတ်ပုံ သင်္ကေတတွေ ဖြစ်မယ်ထင်ပါရဲ့..။

တကယ်တော့ အဖေဟာ.. ဘ၀အနိမ့်အမြင့်အတက်အကျ လှိုင်းလုံးတွေအောက်မှာ ထွေးလုံးရစ်ပတ် ကူးခတ်ခဲ့ရဖူးတယ်..။ အလိုဆန္ဒတွေနောက် တကောက်ကောက်လိုက်ရင်း အချစ်နဲ့အမုန်းတွေကို အဖေ အလဲအလှယ်လုပ်ခဲ့ဖူးတယ်..။ မတူညီတဲ့ အိမ်ထောင်ဖက်တွေကနေ ပေါက်ဖွားလာခဲ့တဲ့ သူ့ရင်သွေး တွေရဲ့ ယုံကြည်ကိုးစားမှု၊ မုန်းတီးနာကျဉ်းမှုတွေ ကိုလည်း အဖေ လက်ခံရယူခဲ့ဖူးတယ်..။

အဲသလို အဖြစ်သနစ်တွေနဲ့ ဘ၀ကိုထုဆစ်ခဲ့တဲ့ ကျွန်တော့်အဖေ သိပ်မကြာလှတော့တဲ့ အနာဂါတ်ကာလတစ်ခုမှာ ဟောဒီကမ္ဘာကနေ.. ဝေသီမှုန်ဝါး လွင့်ပါးပျောက်ကွယ်သွားရတော့မယ်..။

ဂျပန်ဧကရာဇ် မီဂျီဘုရင် လက်ထက် .. ဆာမူရိုင်းတွေ အကြောင်း ရိုက်ထားတဲ့ The Last Samurai ဆိုတဲ့ ဇာတ်ကားထဲမှာ.. ဆာမူရိုင်းခေါင်းဆောင် (katsumoto) သေသွားပြီဆိုတာကြားတော့.. ဧကရာဇ် မီဂျီက

'' Tell me how he died '' လို့ စိတ်မကောင်းကြီးစွာနဲ့ မေးပါတယ်..။

katsumoto နဲ့ အတူ သွေးသောက်ဖွဲ့ပြီး အတူတိုက်ပွဲဝင်ခဲ့သူ အမေရိကန်စစ်ဗိုလ် ( Nathan Algren ) အဖြစ် သရုပ်ဆောင်သူ မင်းသားတွမ်ခရုဇ်က.. ဧကရာဇ်ရဲ့ အမေးကို..

'' I will tell you how he lived '' လို့ ပြန်ဖြေခဲ့ပါတယ်..။

အခုလည်း ကျွန်တော့်အဖေ ဘယ်လိုသေမလဲ ဆိုတာထက်.. သူ ဘယ်လိုရှင်သန်နေထိုင်သွားခဲ့တယ် ဆိုတာလေး.. ပြောမလားလို့ စိတ်ကူးမိတာနဲ့ နိဒါန်းချီလိုက်ရပါကြောင်း..navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com23tag:blogger.com,1999:blog-120629063448521252.post-10339382314613411982009-09-10T18:28:00.001+06:302009-10-08T15:46:06.984+06:3046.2 လူလင်မယား စီးပွားတခြားမန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်ထဲမှာ.. “ ဖောင်ချင်း” ဆိုတဲ့ ရွာရှိပါတယ်..။ အဲဒီရွာနဲ့ တစ်မိုင်ခွဲလောက် အကွာ မှာ ဆူးဖြူးကုန်းဆိုတဲ့ ရွာရှိပါတယ်..။ အဲဒီရွာနှစ်ရွာ.. တစ်ရွာနဲ့တစ်ရွာ တစ်မိုင်သာသာ ဝေးပေမယ့်.. နွားထိုးကြီးနယ်တကျော ကတော့.. နှစ်ရွာ့တစ်ရွာပေါင်းပြီး “ ဖောင်ချင်း ဆူးဖြူကုန်း” လို့ပဲ အရပ်ခေါ် အလွယ် လုံးပေါင်းခေါ်ကြပါတယ်..။

အဲဒီရွာတွေဟာ.. ကိုလိုနီခေတ် အင်္ဂလိပ်လက်အောက်မှာ.. အတော်အသင့် တိုးတက်ဖွံ့ဖြိုးမှု ရှိခဲ့ကြတဲ့ ရွာတွေပေါ့..။

ဆူးဖြူးကုန်း ဆိုရင်.. မန္တလေး မြင်းခြံ ရထားလမ်းဘေးမှာ ရှိလို့.. လမ်းပန်းဆက်သွယ်ရေး အထူးကောင်းမွန်ပါတယ်..။

ရွာသူရွာသားအများစုက .. တောင်သူလယ်သမား ထန်းသမားတွေ ဖြစ်ကြပြီးတော့..လက်ငါးချောင်း မပြည့်တဲ့လူနည်းစုကတော့ လယ်ပိုင်ရှင် မြေပိုင်ရှင် သူဌေးတွေ ဖြစ်ပါတယ်..။

အဲဒီ လူနည်းစု ဘူဇွာ လူတန်းစားထဲမှာ.. ထူးခြားတဲ့.. လင်မယား နှစ်ယောက် ရှိပါတယ်..။

မိန်းမဖြစ်သူက.. ဆူးဖြူးကုန်းရွာသူဖြစ်ပြီး ကသည်း(ကုလား) စစ်စစ် ဖခင်နဲ့ ဗမာမိခင်က ပေါက်ဖွားလာတဲ့ ကပြားဖြစ်ပါတယ်။်ယောက်ျားဖြစ်သူကတော့ ဖောင်ချင်းရွာသား ဖြစ်ပြီး အဖေဗမာ အမေဗမာက မွေးလာတဲ့ ဗမာစစ်စစ် ဖြစ်ပါတယ်..။

ကသည်းသွေးတစ်ဝက်ပါတဲ့.. အမျိုးသမီးက ဗမာရုပ်မပေါက်ဘဲ.. ကသည်းရုပ် ပေါက်နေပြီး.. ဗမာစစ်စစ် အမျိုးသားကတော့ ဖြူဖြူနွဲ့နွဲ့ ပိန်ပိန်ပါးပါးနဲ့ လူချောလူလှ တစ်ယောက်ဖြစ်ပါတယ်..။ သူတို့နှစ်ယောက်ဟာ လုံးဝ အသွင်မတူကြသလို တစ်ယောက် နဲ့တစ်ယောက်လည်း မေတ္တာသက်ဝင်ပြီး အိမ်ထောင်ဖက်တွေ ဖြစ်လာကြတာမဟုတ်ပါဘူး..။

နှစ်ဖက်မိဘတွေက မြေရှင်ယာရှင်တွေ ဖြစ်တာကြောင့်.. နှလုံးသားချင်း မနီးသော်ငြား.. လယ်ချင်းထပ်၊ယာချင်းထပ်ပြီး သူတို့ ဘ၀ တွေကို ပေါင်းစပ်ပေးခဲ့ရာကနေ အကြင်လင်မယားဘ၀ ရောက်ရှိလာကြတာ ဖြစ်ပါတယ်..။

သူတို့ရဲ့ မင်္ဂလာဦးခရီးဟာ နှစ်ဖက်မိဘ လက်ဖွဲ့တဲ့ မြေဧက နှစ်ထောင်နဲ့ သက်တောင့်သက်သာ၊ မပူမပင် မကြောင့်မကြဖြတ်သန်း ခွင့် ရခဲ့ကြပါတယ်..။ ကိုယ်တိုင် ထွန်ယက်စိုက်ပျိုး စရာမလိုဘဲ မြေထောက်၊မြေငှားချရာကနေ ရလာတဲ့အဖိုးအခနဲ့တင်ပြည့်ပြည့် စုံစုံ ကုံကုံလုံလုံ နေနိုင်ခဲ့ကြပါတယ်..။

သို့သော် သူတို့ဟာ လူချင်းသာ အကြင်လင်မယားအဖြစ် ပေါင်းဖက်နေထိုင်ခဲ့ကြပြီး စီးပွားရေးရာကတော့ လုံးဝကို ပေါင်းစည်းခြင်း မရှိခဲ့ကြပါဘူး..။

မိန်းမဖြစ်သူကလည်း သူ့ဖက်က လက်ဖွဲ့တဲ့ မြေဧက တစ်ထောင်ကို အရင်းပြုပြီး ကိုယ့်ဖာသာ လုပ်ကိုင်စားသောက်နေသလို ယောက်ျားဖြစ်သူကလည်း.. သူ့စီးပွားနဲ့သူ သူရတဲ့ ဧကတစ်ထောင်ကို မြေထောက်ချ၊ ငွေတိုးပေး ရွှေပေါင်ခံပြီး နေထိုင်ခဲ့ကြ ပါတယ်..။ ပိုဆိုးတာက.. ယောက်ျားဖြစ်သူက မိသားစုတာဝန်ကို လုံးဝမယူဘဲ.. တစ်ဦးတစ်ယောက်တည်းအိုးခွဲ ချက်စား တာပါပဲ..။

သူစားချင်တဲ့ ဟင်းကို သူ့ဖာသာချက်ပြီး စားပါတယ်..။ ကျန်နေတဲ့ ဟင်းကျန်ကို သူစားပြီးတာနဲ့ သေတ္တာထဲ သော့ခတ်ပြန်သိမ်း ပါတယ်..။

ဒီထက် အံ့သြစရာကောင်းတာက.. ယောက်ျားဖြစ်သူဟာ.. ဇနီးမယားနဲ့ သမီးသားတွေရှိရာ ဆူးဖြူးကုန်းရွာကိုညအိပ်ရုံလောက်ပဲ နေပြီး မနက်လင်းတာနဲ့ သူ့ဇာတိ ဖောင်ချင်းရွာကို ပြန်တာပါပဲ..။ အဲသလို ပြန်တာဟာ တစ်ပတ်တစ်ခါ၊ တစ်လတစ်ခါ မဟုတ် ပါဘူး..။ နေ့စဉ်နဲ့အမျှ ပြန်တာ.. သူမသေခင် သွားနိုင်လာနိုင်တဲ့အထိ ဖြစ်ပါတယ်..။

သူ့အမ အပျိုကြီးတွေကလည်း သူတို့မောင်ကို သဲသဲလှုပ်မျှ ချစ်ကြပြန်ပါတယ်..။ သူတို့မောင် နေ့တိုင်း ဆူဖြူးကုန်း ဖောင်ချင်း အသွားအပြန်လမ်းခရီးမှာ ပင်ပမ်းရင်နာဖို့ ဇရပ်တစ်ဆောင် ဆောက်လုပ်ပေးထားတဲ့အပြင် တခါတရံနေထိုင်မကောင်းလို့သူတို့မောင် ပြန်မလာဖြစ်ရင် ချက်ခြင်း လှည်းကောက်ပြီး ဆူးဖြူးကုန်း ပေါက်ချလာတော့တာပဲ..။

သူတို့လင်မယားဟာ အဲသလိုမျိုး စီးပွားရေးရာ လူမှုရေးရာတွေမှာ အစပ်အဟပ်မတည့်ကြပေမယ့် မျိုးဆက်ပြန့်ပွားရေး တာဝန်ယူမှု အပိုင်းမှာတော့ အတော့်ကို တက်ညီလက်ညီ ရှိတာ တွေ့ရပါတယ်..။ အောက်ပါ စာရင်းကို ကြည့်ရင် သူတို့ရဲ့ ညီညွှတ်မှုနဲ့ အားထုတ်မှုကို ပါးစပ်အဟောင်းသားနဲ့ အသိအမှတ်ပြုနိုင်ကြပါလိမ့်မယ်..။

၁) ဒေါ်မြစိန်
၂) ဦးခင်မောင်
၃) ဒေါ်သန်းနွဲ့
၎) ဦး ဟံစိန်
၅) ဦးအုံးဖေ
၆) ဦးကျော်သောင်း
၇) ဦးစောမောင်
၈) ဦးကံညွှန့်
၉) ဦးစိန်ထွန်း
၁၀) ဦးလှအောင်
၁၁) ဒေါ်ကြည်လှ
၁၂) ဦးတင့်ဆွေ
၁၃) ဦးကျော်မြင့်

အထက်ပါ သားသမီး တဆယ့်သုံးဦးဟာ ဖောင်ချင်းရွာသား (ဦး)ဘသိန်း နဲ့ ဆူးဖြူးကုန်းရွာသူ (ဒေါ်) အေးတင် တို့ကနေ ဖြစ်ထွန်းပေါ်ပေါက်လာခဲ့ကြတာ ဖြစ်ပါတယ်..။ အဲဒီထဲက သမီးဦး ဒေါ်မြစိန်ဟာ ငယ်ရွယ်စဉ်မှာပဲ ဖိတ်စင်ခဲ့ပါတယ်..။ နံပါတ် (၆) ဦးကျော်သောင်းနဲ့ နံပါတ် (၁၀)၊ (၁၁)၊ (၁၂) တို့လည်း ကျောက်ပေါက်၊ ခွေးရူးကိုက်ခံရ၊ အသဲရောင်အသားဝါ ရောဂါတွေကြောင့် သူတို့မိသားစုထဲကနေ စောစီးစွာ ခွဲခွါသွားခဲ့ကြပါတယ်..။

နောက်ဆုံး.. မွေးချင်း တဆယ့်သုံးယောက်မှာ ရှစ်ယောက်သာ သိုက်သိုက်ဝန်းဝန်း စည်စည်ကားကားနဲ့ “ လူလင်မယား၊ စီးပွားတခြား ” မိဘများနဲ့အတူ ပျော်ရွှင်စွာ ရှင်သန်နေထိုင်ခဲ့ကြပါတယ်..။

သူတို့ထဲက နံပါတ်(၅) ဦးအုံးဖေ ဆိုတာ နောက်တချိန်မှာ ကျွန်တော့်အဖေ ဖြစ်လာပြီး ဦးဘသိန်းနဲ့ ဒေါ်အေးတင်ဆိုတာ ကျွန်တော့်ရဲ့ အဘိုးနဲ့ အဘွားရယ်လို့ ဖြစ်လာခဲ့ပါတော့တယ်..။navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com9tag:blogger.com,1999:blog-120629063448521252.post-78735202392029026262009-09-10T15:55:00.001+06:302009-10-16T15:43:07.152+06:3046.3 ဘွားတင်အဘိုးဦးဘသိန်းနဲ့ အဘွားဒေါ်အေးတင်အကြောင်းကို ငယ်ငယ်တုံးက အိပ်ရာဝင်ပုံပြင်ဆန်ဆန်လို နားထောင်ရင်း ကျွန်တော်တို့ ကြီးပြင်းလာခဲ့ရပါတယ်..။ အဖေက စိတ်လိုလက်ရ ရှိရင် အဘိုးနဲ့ အဘွားအကြောင်း.. သူ့ညီအကို မောင်နှမ များ အကြောင်းကို စီကာပတ်ကုံး ပြောလေ့ ရှိပါတယ်..။ လက်ရှိဘ၀က ဆင်းရဲနေတဲ့အချိန် အဘိုးနဲ့အဘွားက တချိန်တုံးက မြေရှင်ယာရှင်ကြီးတွေလို့ သိရတော့ ဘာရယ်မဟုတ် ကလေးပီပီ အဲဒီအကြောင်းတွေ နားထောင်လို့ကို မ၀ခဲ့ပါဘူး..။

အဘိုး ဦးဘသိန်းက ကျွန်တော်မမွေးမီ ကတည်းက ဆုံပါးသွားတာမို့ သူ့ရုပ်ရည် ပုံပန်းသဏ္ဍာန်ကို အဖေ့အပြောလောက်နဲ့ပဲ မှန်းဆနိုင်ပါတော့တယ်...။ အဘွား ဒေါ်အေးတင်ကိုတော့ ကံအကြောင်းလှပြီး သူမဆုံးခင် တစ်နှစ်အလို ၁၉၈၉ ခုနှစ်မှာ.. ကျွန်တော် ဆုံတွေ့ခွင့် ရခဲ့ပါတယ်..။ ၁၉၈၈ ခုနှစ်မှာ ဆယ်တန်းအောင်ပြီး.. ကျောင်းတွေပိတ်တော့.. ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ဖြစ်နေတဲ့ ကျွန်တော့်ကို အဖေက ရန်ကုန်က သူ့ညီအငယ်ဆုံး ဦးကျော်မြင့်အိမ် ပို့ပါတယ်..။

အဘွားဒေါ်အေးတင်က အဲဒီအိမ်မှာ နေပါတယ်..။

အဘွားရော ဘထွေးဦးကျော်မြင့်ရော အဲဒီကျမှ ကျွန်တော် စတွေ့ဖူးတာပါ..။ အဖေ့ဖက် ဆွေမျိုးများနဲ့ ကျွန်တော်တို့မိသားစုရဲ့ ဆက်ဆံရေးက နည်းနည်းစိမ်းတယ်လို့ ပြောနိုင်ပါတယ်..။ အနေဝေးတဲ့အပြင် အကူးအလူး အဆက်ဆံကလည်း မရှိသလောက်ပါပဲ..။ အဖေ ကိုယ်တိုင်က သူ့ညီအကိုမောင်နှမ တချို့နဲ့ အဆင်မပြေတာလေးတွေ ရှိတော့ .. သွေးကစကားပြောဖို့ အခွင့်အရေးကလည်း နည်းခဲ့ဟန် ရှိပါတယ်..။ ဒီကြားထဲ ကျွန်တော်တို့ ကိုယ်တိုင်က အဖေ့ရဲ့ သားကြီးသမီးကြီးတွေ မဟုတ်ပြန်တော့.. အလှမ်းက ပိုဝေးသွားခဲ့ရပါတယ်..။

အဘွားကတော့ ကျွန်တော့်ကို ချစ်ရှာပါတယ်..။ သူ့ခမျာလည်း အသက်ကကိုးဆယ်ကျော်.. အိပ်ရာထဲက ထဖို့တောင် အနိုင်နိုင်ဖြစ်နေချိန်မှာ အနီးကပ်ပြုစုမယ့် ကျွန်တော်ရောက်သွားတော့ အဆင်ပြေသွားခဲ့ပါတယ်..။

အဘွားနဲ့ နေခဲ့ရတဲ့ ရှစ်လလောက်မှာ ငယ်တုံးက အဖေ့တဆင့်ပြောနဲ့ သိခဲ့ရတဲ့ အဘိုးဦးဘသိန်းအကြောင်း၊ အဘွားအကြောင်း၊ သူတို့မိသားစုတွေအကြောင်း တော်တော်များများ ဃဂဏန သိခဲ့ရပါတယ်...။ အဘိုးက မိသားစု တာဝန်မယူတဲ့အပြင် သားသမီးတွေရဲ့ ပညာရေးအတွက် အဘွားက ကြွေးတင်ခံပြီး ကျောင်းထားတာကိုတောင် အတန်တန် တားခဲ့တယ်လို့ ဆိုပါတယ်..။

အဘွားနဲ့ အဘိုးပိုင်တဲ့ မြေတွေယာတွေက လွတ်လပ်ရေးရစပြီးစ ကွန်မြူနစ် ရဲဘော်ဖြူ ကြီးစိုးချိန်မှာ “မြေလုပ်သူ မြေရ ” လမ်းစဉ်နဲ့ ဆုံးရှုံးသွားတဲ့အပြင် တခြားစီးပွားရေးတော်တော်များများလည်း တော်လှန်ရေးကောင်စီ လက်ထက် ပြည်သူပိုင်လှိုင်းလုံးအောက် စုန်းစုန်းမြုပ်သွားခဲ့လေတော့ အဘွားဟာ သားသမီးတွေရဲ့ ပညာရေးအတွက် အတော်လေး ရုန်းကန်ခဲ့ရ ရှာပါတယ်..။ အဘိုးဦးသသိန်းကတော့ “ အေးတင်.. ကြွေးတင် ကျွန်ဖြစ်ခံပြီး နင့်သားတွေကို ကျောင်းမထားနဲ့ ” “နင့်သားတွေ ဆရာဝန်၊ အင်ဂျင်နီယာတွေဖြစ်တဲ့အခါ သူတို့မယားတွေပဲ ကောင်းစားမှာ ” လို့ အမြဲပြောရင်း သူ့ဖာသာ နေသာသလို နေသွားခဲ့ပါတယ်..။

ဒါပေမယ့် အဘွားကတော့ အဘိုးဘယ်လောက်ပဲ တားတား သူ့သားတွေရဲ့ ပညာရေးအတွက် နောက်ဆုံး မန္တလေးမြို့မှာ ဒေါနပန်းထိုင်ရောင်းတဲ့အထိ အပင်ပမ်းခံ ကြိုးကုတ်ခဲ့ပါတယ်..။ အဲဒီ အားထုတ်မှုတွေရဲ့ အသီးအပွင့်အဖြစ် အဖတ်တင်ကျန်ရစ်တဲ့ သားသမီးရှစ်ယောက်ထဲက နံပါတ်ခြောက် ဦးကံညွှန့်က ဒေါက်တာကံညွှန့်ရယ်လို့ ဖြစ်သွားပြီး သူ့အောက် ကပ်လျက် ဦးစိန်ထွန်းကတော့ ပုံနှိပ်ရေးနဲ့ စာအုပ်ထုတ်ဝေရေးမှာ ညွှန်ကြားရေးမှုးအဖြစ်နဲ့ ဘ၀ကို ရှင်သန်နေထိုင်နိုင်ခဲ့ပါတယ်..။ အငယ်ဆုံးသား ဦးကျော်မြင့်ဆိုလည်း ရန်ကုန်စက်မှုတက္ကသိုလ်ကနေ အင်ဂျင်နီယာတစ်ယောက်အဖြစ်ကို ရရှိစေခဲ့ပါတယ်..။

တကယ်တော့ သားသမီးဆယ့်သုံးယောက်ရဲ့ မွေးသမိခင်ဖြစ်ရတာ လွယ်မယ်မထင်ပါဘူး..။ ရိုးရိုးလေး စဉ်းစားကြည့်ရင်တောင် တစ်ယောက်နဲ့တစ်ယောက် တစ်နှစ်ခွဲကွာတယ် ထား..။ ဆယ့်သုံးယောက်ဆိုတော့ နှစ်ပေါင်း နှစ်ဆယ်လောက်က မီးဝင်မီးထွက်နဲ့ အဘွားခမျာ လုံးချာလည်လိုက်နေခဲ့မယ် ထင်ပါတယ်..။ အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆူးဖြူးကုန်းရွာမှာ ရာဇ၀င်တွင် ပြောစမှတ်တွင်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်..။

အဘွားကိုယ်တိုင် ရဟန်းခံပေးပြီး ကျောင်းဆောက်လှူဒါန်းထားတဲ့ ဆရာတော် ဦးပါဝရက သူ့ဒါယကာမကြီးကို တွေ့ချင်လို့ မေးတိုင်း “ မပေါ့မပါးဖြစ်နေလို့ပါဘုရား ” “ ကလေးငယ်သေးလို့ပါ ဘုရား ” “မပေါ့မပါးဖြစ်နေပြန်လို့ပါဘုရား ” “ ကလေးငယ်သေးလို့ပါ ဘုရား” နဲ့ချည်း တိုးနေလို့ နောက်ဆုံး သူကိုယ်တိုင် အိမ်ကြွပြီး အဘွားကိုသွားတွေ့တော့ အဘွားက ဗိုက်ကြီးကြီးနဲ့ ထိုင်ရှိခိုးသတဲ့..။

အဲသလိုမျိုး ဘ၀ကို ရှင်သန်နေထိုင်သွားခဲ့တဲ့၊ သားသမီးဆယ့်သုံးယောက် မွေးဖွားခဲ့သူ၊ လူလင်မယား စီးပွားတခြား အိမ်ထောင်ဖက်နဲ့ သစ္စာမပျက်ပေါင်းဖက်ခဲ့သူ၊ မြေးလေးဆယ့်သုံးယောက်ရဲ့ အဘွား ဖြစ်သူ (ဒေါ်) အေးတင် ခေါ် ကျွန်တော့်အဘွားဟာ ကျွန်တော့်လက်ပေါ်မှာပဲ.. ၁၉၈၉ ဒီဇင်ဘာလမှာ ဘ၀တပါးသို့ ထွက်ခွါသွားခဲ့ပါတော့တယ်..။navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com10tag:blogger.com,1999:blog-120629063448521252.post-84927851833880199262009-09-10T13:51:00.000+06:302009-10-16T16:02:12.130+06:3046.4 ဘွားတင်ဆီက ရတဲ့ အမွေတသက်လုံး တခါမှ မတွေ့ဖူးတဲ့ အဘွားကို မသေခင်မှာ အကြောင်းတိုက်ဆိုင်ပြီး ကျွန်တော်တွေ့ရတယ်..။ နောက် အနီးကပ် ချေးသေးကအစ ပြုစုရတော့ ဆွေမျိုးသားချင်းတချို့က “ မြေးတွေထဲမှာ ဒီကောင် ကံအကောင်းဆုံး၊ အဘွားကို ပြုစုခွင့်ရတာ နည်းတဲ့ ကံမဟုတ်ဘူး ” နဲ့ မြှောက်ပြော ပြောကြပါတယ်..။ အဖေတူ အမေတူ ညီအကိုမောင်နှမ ငါးယောက်မှာ ဘ၀အနေအထိုင်နဲ့ အလုပ်အကိုင် တခြားသူတွေထက် ကျွန်တော်က အဆင်ပြေနေပြန် တော့လည်း “ အဘွားပြုစုတဲ့ ကံကြောင့် အခုလို ကြီးပွားတာ ” လို့ ပြောသူတွေက ပြောကြပြန်ပါတယ်..။

သူတို့ဘယ်လိုပြောပြော အဲဒီတုံးက အဘွားကို ပျော်ပျော်ကြီး ပြုစုပေးခဲ့သလားလို့ မေးသူက မေးခဲ့ရင်.. မဟုတ်ပါဘူးလို့ပဲ ကျွန်တော် ရိုးသားစွာ ၀န်ခံပါ့မယ်။

ကျွန်တော်နဲ့ ဆုံတွေ့ချိန်မှာ အဘွားဟာ မီးစာကုန် ဆီခမ်းလုနေတဲ့ အရွယ်.။ အပေါ့သွားဖို့တောင် အိပ်ရာက မထနိုင်တော့လို့ အပေါ့သွားချင်တိုင်း သူ့ကို ကျွန်တော် ချိုင်းကြားကနေမပြီး အိုးပေါ် တင်ပေးရတဲ့ အခြေအနေ..။ အဘွားခုတင်နဲ့ ကျွန်တော့်ခုတင်ကြားမှာ ထိုင်လို့ရတဲ့ ဆီးအိုးတစ်လုံးက ever ready!..။ ဒီကြားထဲ ဆီးကလည်း မကြာခဏ သွားတာမို့ အိုးပေါ်တင် အိုးပေါ်ချ အလုပ်တင် တနေ့တနေ့ အကြိမ်သုံးလေးဆယ်ထက် မနည်း လုပ်ပေးရပါတယ်..။

ဆီးက နေ့ခင်းထက် ညပိုသွားတော့ အိပ်ရေးဝတဲ့ ညဆိုတာလည်း မရှိသလောက် ဆိုပါတော့..။

တခါတခါကျတော့လည်း အဘွားကိုယ်တိုင် ဆီးသွားချင်မှန်း မသွားချင်မှန်း မသေချာတတ်ပြန်ပါဘူး..။ “ ဟဲ့ လုပ်ပါအုံး ..ထွက်ကျတော့မယ် ထွက်ကျတော့မယ် ” ဆိုလို့ ကပျာကယာ ထပြီး အိုးပေါ်တင်ပေးလိုက်တယ်..။

ဆီးက တစ်စက်မှ မထွက်..။ တစ်မိနစ်စောင့်လည်း မထွက်.. နှစ်မိနစ်စောင့်လည်း မထွက်.. ငါးမိနစ်စောင့်လည်း မထွက်..။ နောက်ဆုံး “ ခုနက တကယ် ထွက်ကျတော့မယ့်ဟာ.. အိုးပေါ်ရောက်မှ မထွက်တာကွယ်.. ငါ့ကို ခုတင်ပေါ်သာ ပြန်တင်ပါတော့ ” ဆိုတော့ ပြန်တင်ပေးရပြန်ပါတယ်..။

ခုတင်ပေါ်ရောက်လို့ ခေါင်းအုံးနဲ့ခေါင်း ထိရုံရှိသေး.. “ သေးက ပေါက်ချင်လာပြန်ပြီ ငါ့မြေးရယ် ” တဲ့..။

“ အဘွား.. တော်တော့ဗျာ.. ဟုတ်တာလည်း မဟုတ်ဘူး.. ဒီလောက်ပေါက်ချင်နေရင်လည်း အိပ်ရာထဲသာ ပေါက်ချလိုက်တော့ ”

ဘယ်လိုမှ မရှည်နိုင်တော့တဲ့ စိတ်အလိုအတိုင်း အဘွားကို ငြိုငြိုငြင်ငြင် ကျွန်တော် ပြန်ပြောမိတတ်ပြန်ပါတယ်..။ ဒါပေမယ့် ပြောလို့မှ စကားက မဆုံးသေးဘူး “ဗျော..ဗျော.. ဗျော.. ဗျော ” နဲ့ ဆည်ကျိုးသလား အောက်မေ့ ရတယ်..။ အဟုတ် ထွက်ကျကုန်တာမျိုးလည်း ကြုံခဲ့ရပြန်ပါတယ်..။

အဲဒီတော့လည်း ထမိန်လဲပေး..၊ သုတ်သင်ပေး..၊ အိပ်ရာခင်း လဲပေး ပေါ့..။ ပျော်တယ်မဟုတ်ပေမယ့်.. ဒီအလုပ်က ငါလုပ်ရမှာ ဆိုတဲ့ အတွေးနဲ့ပဲ ကျော်ဖြတ်ခဲ့ရပါတယ်..။

တခါတခါလည်း.. အဘွားခေါ်နိုးတာကို နိုးရဲ့သားနဲ့ ပေအိပ်နေဖို့ ကြိုးစားမိတတ်ပြန်တယ်..။ ဒါပေမယ့် အဲသလို ပေအိပ်နေရင် အဘွားက ခုနှစ်သံချီဟစ်ပြီး အိမ်ရှိလူုကုန်ခေါ်နိုးလို့.. အိမ်ကလူတွေပါမက တရပ်ကွက်လုံး နိုးကုန်ပါတော့တယ်..။ “ အဘွားကလည်းဗျာ.. အဲသလောက်ကြီး အော်ရလား ” လို့ အိပ်မှုန်စုန်မွှားနဲ့ ကျွန်တော်ပြောတော့ ပြုံးစိစိနဲ့ “ မင်းမှ မထတာကွယ် ” တဲ့..။

အဲဒါအပြင် တခြားနိစ္စဓူဝအလုပ်တွေအနေနဲ့ကတော့ မနက်စော အဘွားအိပ်ရာထတာနဲ့ အိမ်ရှေ့ ရေကန်နားခေါ်သွား၊ မျက်နှာသစ်ပေး သွားတိုက်ပေး ရပါတယ်..။ နေ့လည် ဆယ့်တစ်နာရီလောက် ရောက်တာနဲ့ အဘွားရေချိုးဖို့ ပြင်ဆင် ရပါတယ်..။ အတူနေဘထွေး(ဦးလေး) ဦးကျော်မြင့်က မြန်မာဆေးဆရာ လုပ်တော့ (သူက အင်ဂျင်နီယာဆိုပေမယ့်.. မြန်မာဆေး ဗေဒင်လည်း အတော်တတ်ပါတယ်) ရေချိုးတာကအစ.. ဆေးရွက်ပြုတ်ရည်နဲ့ စပ်ချိုးစေပါတယ်..။

ဂန့်ဂလာရွက်ကို အရင်ပြုတ်..၊ ပွက်ပွက်ဆူပြီဆိုမှ.. အဘွားချိုးမယ့်ရေဇလုံထဲ တည့်..၊ နောက် ရေအေးနဲ့ ရော..၊ ကိုင်ကြည့် မပူမအေးဆိုမှ အဘွားကို သွားခေါ်..၊ တကိုယ်လုံး ရေသုံးသပ် ပေးတော်မူရပါတယ်..။

ရေမျိုးချိုးပြီး တာနဲ့ ခါးလယ်က ကျိုးနေတဲ့ သစ်သားဘီးကျိုးတစ်ချောင်းနဲ့ အဘွားခေါင်းကို ရှင်းလင်းပေးရပါတယ်..။ နောက်.. ကြက်ဥနှစ်လုံး၊ ဖီးကြမ်းငှက်ပျောသီး (ဇောင်းလွတ်) တစ်လုံး၊ ထန်းဖိုဦးထန်းလျက် နှစ်ခဲ ကို ရောသမမွှေလုပ်ပြီး အဘွားစားဖို့ ပူတင်းဖုတ်ရပြန်ပါတယ်..။

ပူတင်းကျက်တော့ အဘွားကိုခွံ့.. ပိုတာ ကိုယ်စားပေါ့..။

တစ်ပတ်တစ်ခါ သားဆရာဝန်နဲ့ ညွှန်မှုးလာတွေ့လို့ သူတို့အမေကို သာကြောင်းမာကြောင်း မေးရင်း “ အမေ ဘာလိုလဲ ” လို့ မေးတိုင်း “ ငါ့မြေးလေးအတွက် ပုဆိုးတစ်ထည်လောက် ၀ယ်ပေးလိုက်စမ်းပါ ” လို့ အဘွားပြောတတ်ပါတယ်..။ တခါတရံ သူ့သားတွေ ကန်တော့တဲ့ ပိုက်ဆံ ကျွန်တော်ရတတ်ပြန်ပါတယ်..။

တခါတလေကျတော့လည်း ဂျေညီညီရဲ့ “မျက်စိကို ဖွင့်ကြည့်လိုက်ရင် မင်းရှိနေမှ ” သီချင်းကို “ မျက်စိကိုဖွင့်ကြည့်လိုက်ရင် ဘွား ရှိနေမှ ” လို့ ကျွန်တော် စိတ်လိုလက်ရ ဆိုမိပြန်ပါတယ်..။

တခါတလေကျတော့လည်း.. “ အဘွားပဲ ပေါက်နိုင်မလား.. ကျွန်တော်ပဲ သေးအိုးပေါ်တင်ပေးနိုင်မလား.. ပြိုင်ကျတာပေါ့ ” ဆိုပြီး မြေးအဘွားနှစ်ယောက် ဆီးအိုးတင်ပြိုင်ပွဲ လုပ်တတ်ပါသေးတယ်..။

အဲသလိုနဲ့ပဲ အဘွားနဲ့ကျွန်တော်ရဲ့ တွေ့ဆုံမှုက ရှစ်လလောက်အကြာမှာ နိဂုံးချုပ်ခဲ့ရပါတယ်..။

အဘွားအခြေအနေ ပုံမှန်မဟုတ်ဘဲ.. ဆိုးလာတဲ့နေ့က.. အိမ်မှာ ကျွန်တော်နဲ့ ကလေးတွေပဲ ရှိနေခဲ့ပါတယ်..။ ဘထွေး(ဦးလေး)ကျော်မြင့်က အဲဒီတုံးက မရမ်းကုန်း အထည်စက်ရုံအမှတ်လေးရဲ့ စက်ရုံမှုးအဖြစ်နဲ့ တာဝန်ထမ်းဆောင်နေလို့ သူ့စက်ရုံကို ရုံးဆင်းချိန်အထိ မစောင့်ဘဲ လှမ်းဆက်ရပါတယ်..။ အိမ်က ကျိုက်ဝိုင်းဘုရားလမ်းမှာ ရှိလို့ ဆယ်မိနစ်လောက်အတွင်းပဲ ဦးလေး ရောက်လာပါတယ်..။

ဦးလေးရောက်ပြီး နာရီဝက်လောက်ကြာတော့.. အဘွား ဆုံးသွားခဲ့ပါတယ်..။ မျက်ရည်တွေစီးကျရင်း ဦးလေးက အဘွားရင်ဘတ်ပေါ် လက်နှစ်ဖက်မှောက်ခုံထပ်ပြီး နှလုံးပြန်ခုန်လိုပြန်ခေါ်ငြား ကြိုးစားပါတယ်..။

ကျွန်တော်ကတော့ ကြောင်စီစီနဲ့ ရပ်ကြည့်နေခဲ့မိပါတယ်..။ ဒါပေမယ့် ဘွားတင်ကတော့ သူ့ထုံးစံအတိုင်း ခေါင်းမာမာနဲ့ ပြန်မလာတော့ပါဘူး..။ နောက်တော့ ဆူဖြူးကုန်းရွာက ဒေါ်အေးတင်ရဲ့ သားသမီးမြေးမြစ်တွေ တဖွဲဖွဲနဲ့ ရောက်လာခဲ့ကြ ပါတော့ တယ်..။ ရပ်ကွက်ထဲက မိတ်ဆွေတချို့လည်း ရောက်လာကြပါတယ်..။

ဧည့်သည်တွေကို ဧည့်ခံရင်း ဦးလေး ဦးကျော်မြင့်က “ ဘွားတင်က သူပိုင်တာတွေ အားလုံးကို သူ့ပေးသွားတယ် ” လို့ ပြောတော့ အားလုံးက ကျွန်တော့်ကို ဘွားတင်ဘာတွေ ပေးသွားပါလိမ့်ဆိုတဲ့ အတွေးနဲ့ ၀ိုင်းကြည့် ကြပါတယ်..။

“ သေးအိုး နဲ့ ဘီးကျိုး ပေးသွားတာလေ ”.. လို့ ဦးလေးဆက်ပြောတော့မှ အားလုံး ပြုံးကြပါတယ်..။

နောက်နှစ်ရက်မြောက်မှာ အသံလွှင်ရုံနောက်ကျောက ကြံတောသုဿန်မှာ ဘွားတင်ကို သင်္ဂြိုလ်ပါတယ်..။ မီးမသင်္ဂြိုလ်ခင်.. ရေခဲတိုက်ကထုတ်ပြီး.. နောက်ဆုံးခရီးနှုတ်ဆက်ကြပါတယ်..။ ပင့်ထားတဲ့ ဘုန်းကြီးတွေက လိုအပ်တဲ့ ရွတ်ဖတ်မှုတွေ လုပ်ပြီး.. သားသမီးတွေ ကန်တော့ကြပါတယ်..။

သားသမီးတွေပြီးတော့ မြေးတွေ ကန်တော့ ကြပါတယ်..။ ကျွန်တော့်တ၀မ်းကွဲ အမတွေ တအစ်အစ်နဲ့ ကြိတ်ငိုနေတဲ့အချိန် ကျွန်တော် ကန်တော့တာက လိုအပ်တာထက် ပိုကြာနေခဲ့ပါတယ်..။ ဦးလေးဦးကျော်မြင့် ပုခုံးလာညှစ်မှ ကြမ်းနဲ့ကပ်နေတဲ့ ကျွန်တော့်ခေါင်း ပြန်မော့လာမိပါတယ်..။

ဒါပေမယ့် အဲဒီနေ့က ကျွန်တော် ၀မ်းနည်းနေခဲ့သလား ဆိုတာတော့ ကျွန်တော်ကိုယ်တိုင် မဝေခွဲနိုင်ခဲ့ပါကြောင်း...။navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com15tag:blogger.com,1999:blog-120629063448521252.post-61128299089935818632009-08-12T15:01:00.002+06:302009-08-13T12:44:57.041+06:3045.1 Guangzhou (ကွမ်ကျိုး) သို့တရုတ်ပြည်ရဲ့ တော်လှန်ရေးခေါင်းဆောင်ကြီး ဆွန်ယက်ဆင် ( Sun Yat-Sen ) အကြောင်း ဖတ်တုံးက.. ကန်တုံပြည်နယ်၊ ကန်တုံမြို့ ဆိုတဲ့ စကားလုံးတွေနဲ့ ရင်းနှီးခဲ့ ရတယ်..။ ဆွန်ယက်ဆင်ရဲ့ တော်လှန်ရေး မွေးဖွားရာနေရာ၊ အချက်အချာ ဒေသအဖြစ်နဲ့ ဖတ်မှတ်ခဲ့ရတာပဲ..။ နောက်များမှ.. ကန်တုံ(Canton) ဆိုတာ အင်္ဂလိပ်အခေါ်အဝေါ် ဖြစ်ပြီး.. တရုတ်လိုကတော့ ကွမ်တုံးလို့ ခေါ်ကြောင်းနဲ့ ပြည်နယ်မြို့တော်ကိုလည်း ကန်တုံ အစား.. ကွမ်ကျိုးလို့ ခေါ်မှန်း သိရတော့တယ်..။

ကွမ်တုံးပြည်နယ်က ကမ္ဘာကျော် ဟောင်ကောင်၊ မကာအို တို့နဲ့ ဟိုဖက်ကမ်း ဒီဖက်ကမ်းဖြစ်တဲ့အပြင်.. တရုတ်ပြည်ရဲ့ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ့ အတူ တဟုန်ထိုး အရှိန်ကောင်းကောင်းနဲ့ ဖွံ့ဖြိုးတိုးတက်လာခဲ့တဲ့ ပြည်နယ်တစ်ခုပဲ..။

တရုတ်ပြည်ကို ကျွန်တော်ရောက်ခဲ့တဲ့ သုံးခေါက်မှာ.. ပထမဆုံးအခေါက်က.. ကူမင်း၊၀င်းဇိုး၊ချန်ဇိုး၊နန်ကင်း ကနေ ပြည်တော်ပြန်ခဲ့ကြပြီး ဒုတိယအခေါက်မှ အဲဒီကွမ်တုံးပြည်နယ်ကို ရောက်ခဲ့ရတယ်..။ ခရီးစဉ်ကတော့ ထုံးစံအတိုင်း ရန်ကုန်ကနေ မန္တလေးဆင်း၊ ဆရာသမား ရေမြင်းကို ပင့်၊ ကူမင်းကို ချီတက်..၊ အဲဒီကမှ တဆင့် ကွမ်ကျိုးပေါ့..။ ဒါပေမယ့်.. ဒီတစ်ခေါက်တော့.. ကျွန်တော်ရယ်၊ ရေမြင်းရယ်၊ ကျော်သူရ ရယ် အပြင်.. နောက်တိုးမိတ်ဆွေတစ်ယောက်ပါ ပါလာခဲ့တယ်..။ နိုင်ငံခြားကိုတစ်ခါမှ မရောက်ဖူးလို့ အတွေ့အကြုံရအောင်ဆိုပြီး သူ လိုက်လာခဲ့တာပဲ..။

တကယ်လည်း သူမျှော်လင့်သလို.. အတွေ့အကြုံတွေ တပုံကြီး ရသွားခဲ့တယ်..။

အဲဒီအခေါက် ကူမင်း.. ကွမ်ကျိုးလေယာဉ်က နောက်ကျတယ်..။ ညဉ့်အတော်နက်မှ ကွမ်ကျိုးကို ရောက်တယ်..။ ရောက်ရောက်ခြင်းပဲ.. နီးစပ်ရာ ဟိုတယ်တစ်ခုမှာ အိပ်လိုက်ကြရတယ်..။ ထူးခြားတာဆိုလို့ ကျော်သူရက ဟိုတယ်အခန်းခကို ဈေးဆစ်တာပဲ..။ reception desk မှာ အခန်းအမျိုးအစားနဲ့ သက်ဆိုင်ရာဈေးနှုန်း ရေးထားတာကြည့်ပြီး ကျော်သူရက.. ဈေးကို သုံးချိုးနှစ်ချိုးလောက်နဲ့ ဆစ်တယ်..။ ဧည့်ပါးလို့လား တော့ မပြောတတ်ဘူး..။ ယွမ်လေးရာ ရေးထားတဲ့အခန်းကို နှစ်ရာ့ငါးဆယ်လောက်နဲ့ ဈေးတည့်သွားတယ်..။

ကျွန်တော့်အလိုသာဆိုရင်.. ရေးထားတဲ့ ဈေး.. ပေးလိုက်မိမှာပဲ..။ ကျော်သူရ ပြောမှပဲ ဟိုတယ်ခ ဆိုတာ.. အလျော့အတင်းရှိမှန်း သိတော့တယ်..။

နောက်တနေ့မနက်မှာ ရေမြင်းအမ မိတ်ဆွေတွေနဲ့ တွေ့တယ်..။ ရေမြင်းအမက ကွမ်ကျိုးမှာနေတယ်..။ သူ့အဆက်အသွယ်နဲ့ပဲ.. ကျွန်တော်တို့အဖွဲ့.. ကွမ်ကျိုးကနေ.. ကီလိုမီတာ လေးဆယ်လောက်ဝေးတဲ့.. တုံးကွမ် (Dongguan) လို့ ခေါ်တဲ့ မြို့ကို သွားခဲ့ကြတယ်..။ ကွမ်ကျိုး ကနေ တုံးကွမ် တောက်လျှောက် လမ်းတွေ သိပ်ကောင်းတယ်..။ ဘန်ကောက်က အဝေးပြေးလမ်းတွေလိုပဲ ကွန်ကရစ်မိုးပျံလမ်းတွေပဲ..။တုံးကွမ်မှာ.. ကျွန်တော်တို့ လိုချင်တဲ့ စက်ပစ္စည်းစက်ရုံက လူတွေနဲ့ တွေ့ပြီး လိုအပ်တာလေးတွေ ကြည့်ကြရှုကြ ဆွေးနွေးကြနဲ့ တနေကုန်သွားခဲ့တယ်..။

ကိစ္စပြီးလို့ ပြန်မယ်လုပ်တော့ စက်ဝယ်တာ၊ မ၀ယ်တာ အပထားလို့.. မိတ်ဖြစ်ဆွေဖြစ်.. ညစာ ကျွေးပါရစေ၊ စားပြီးမှ ပြန်ကြပါ..။ တုံးကွမ်နဲ့ ကွမ်ကျိုး လွန်ရောကျွံရော မောင်းရ တစ်နာရီပေါ့..။ သူတို့ ယာဉ်မောင်းနဲ့ လိုက်ပို့ပေးပါ့မယ် ဆိုပြီး.. ဒင်နာ စားဖို့ အတင်းပြောနေတာနဲ့ပဲ ကျွန်တော်တို့လည်း ညစာကို တုံးကွမ်မှာ လွေးလိုက်ကြတော့တယ်..။ ထုံးစံအတိုင်း.. “ ဟောင် ” ကြ ရပြန်တယ်..။ အားလုံး စားပြီး သောက်ပြီးတော့.. ကျွန်တော်တို့လဲ ဒေါင်ချာဆိုင်း လို့..။ သူတို့တတွေလည်း သိုင်းကွက်တွေ နင်းလို့ ပေါ့..။

စက်ရုံ သူဌေးက မူးနေတဲ့ကြားက သူ့ဒရိုင်ဘာကို ကျွန်တော်တို့ လိုက်ပို့ ဖို့ လျှာလေးအာလေးနဲ့ အမိန့်ပေးတယ်..။ မင်း ယာဉ်မောင်းက ငါတို့တည်းတဲ့နေရာ သိလို့လားလို့ မေးတော့.. “ သိဖို့ မလိုဘူး.. ငါ့ကားမှာ GPS ပါတယ်.. မင်းတို့ တည်းမယ့် ဟိုတယ်သာ ပြောလိုက် .. GPS အညွှန်းအတိုင်း ငါ့ ဒရိုင်ဘာ မောင်းလိမ့်မယ် ” တဲ့..။

တယ်ဟုတ် ပါ့လားလို့ မူးမူးနဲ့ အံ့သြမိရသေးတယ်..။

အဲသလိုနဲ့ ညဆယ့်တစ်နာရီလောက်မှာ တုံးကွမ်ကနေ ကျွန်တော်တို့အဖွဲ့ ကွမ်ကျိုးကို ပြန်ခဲ့ကြတယ်..။ ရေမြင်းက ဒရိုင်ဘာကို ကျွန်တော်တို့တည်းတဲ့ ဟိုတယ်လိပ်စာ ပေးလိုက်တယ်..။ ဒရိုင်ဘာက အဲဒီလိပ်စာကို GPS မှာ ထည့်သွင်းပြီး လမ်းကြောင်းအညွှန်းအတိုင်း မောင်းတော့တာပဲ..။ ကျွန်တော်တို့အားလုံးလည်း ခပ်ထွေထွေဖြစ်နေတဲ့ အရှိန်ရယ်၊ ခရီးပမ်းလာတာရယ်ကြောင့် ကားပေါ်မှာ ယူပြီး လိုက်လာခဲ့ကြတယ်..။

နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်သွားတာမျိုး မဟုတ်ပေမယ့် မှေးကနဲဖြစ်လိုက်.. နိုးတ၀က်ဖြစ်လိုက်.. ခေါင်းထောင်ထလိုက်နဲ့ ရောက်နိုးရောက်နိုး လိုက်လာခဲ့ကြတာ.. နောက်တစ်နေ့မနက် သုံးနာရီသာ ထိုးသွားတယ်..။ ကျွန်တော်တို့ ဟိုတယ်က GPS ကျေးဇူးနဲ့ ဘယ်ဆီ ဘယ်ဝယ်မှန်းတောင် မသိသေးဘူး ဖြစ်နေပါရော..။

ရေမြင်း.. ဒရိုင်ဘာကို သေချာမေးအုံး..၊ ဒီလမ်း ဒီခရီးက ဒီလောက် ကြာစရာ အကြောင်းမရှိဘူး..။ တစ်ခုခုတော့ လွဲနေပြီလို့ အားလုံးက စိုးရိမ်တကြီး ၀ိုင်းပြောတော့မှ.. ကိုယ်ရွှေဒရိုင်က သူလည်း လမ်းပျောက်နေတယ် လို့ ၀န်ခံတော့တယ်..။ ကောင်းလေစွ..။

ဖြစ်ပုံက.. ကွေ့ရမယ့်လမ်းကို မကွေ့မိဘဲ ကျော်သွားမိသည့်တိုင် GPS က ကျော်သွားပြီလို့ မပြောဘဲ.. နောက်ထပ် ဖြစ်နိုင်မယ့်လမ်းကြောင်းအသစ်တစ်ခုကို ပြန်ညွှန်းတာမို့.. ရွာလည် ကုန်တော့တာပဲ..။

ဥပမာ ပြောရရင်.. ဆူးလေ အသွားမှာ သမ္မတရုပ်ရှင်ရုံရှေ့ကနေ ဘူတာကြီးဖက်မှားချိုးမိတာကို.. လမ်းမှားချိုးမိတယ်လို့ မပြောဘဲ.. ဘူတာကြီးရှေ့ကနေ ပန်းဆိုးတန်းကို ညွှန်၊ အဲဒီကမှ ကန်ပတ်လမ်းအတိုင်း ဗဟန်းအ၀ိုင်းပြန်ပတ်၊ အဲဒီကမှ.. သမ္မတရုပ်ရှင်ရုံ စသဖြင့် လမ်းညွှန်တာမျိုးဆိုတော့..တစ်ခါပဲမှားရင် ကိစ္စမရှိပေမယ့် အမှားပေါ် အမှားထပ်တော့.. ဟိုကွေ့ဒီကွေ့နဲ့.. မရောက်နိုင် ဖြစ်နေတော့တာပဲ..။

GPS ဆိုတော့လည်း လူ့စိတ်ကို ဘယ်သိမလဲ..။ မှားကွေ့မိတာလား၊ ကွေ့ချင်လို့ ကွေ့တာလား ဆိုတာ သူမှ မဝေခွဲနိုင်တာဆိုတော့.. လမ်းမှားသွားပြီလို့လည်း ဘယ်ပြောတော့မလဲ..။

နောက်ဆုံးတော့.. ကိုယ်ရွှေဒရိုင်ဘာကို.. ပြောရတယ်..။ ငါတို့ကို ရှေ့နားမှာသာ ချထားခဲ့ပေတော့..၊ တို့ဖာသာ.. Taxi ငှားပြန်လိုက်တော့မယ် လို့..။

အဲသလိုနဲ့ GPS နဲ့မောင်းတဲ့ ကားကြီးပေါ်က ဆင်းပြီးသကာလ.. တွေ့ရာ Taxi ဖမ်းတားပြီး ပြန်လာခဲ့တာ.. ဆယ်မိနစ်လောက်ပဲ ကြာတယ်..။ ကျွန်တော်တို့ တည်းမယ့် ဟိုတယ်ရှေ့ ဆိုက်ဆိုက်မြိုက်မြိုက် ပြန်ရောက် လာခဲ့ကြ ပါတော့တယ်..။navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com8tag:blogger.com,1999:blog-120629063448521252.post-22942262911041759492009-08-12T14:05:00.000+06:302009-08-12T15:08:10.438+06:3045.2 Dongguan ( တုံးကွမ် ) က ငပွေးတရုတ်ပြည်မှာ ကျွန်တော်တို့နဲ့ ရင်းနှီးအဖွဲ့ကျတဲ့ တက်စီဒရိုင်ဘာ တစ်ယောက်ရှိတယ်..။ သူ့ပုံက မျက်စိမှေးမှေး၊ ပိတ်တိပ်တိပ် နဲ့မို့ ငပွေး လို့ ကျွန်တော်တို့က ခေါ်တယ်..။ သူက ကျွန်တော်တို့ကို GPS နဲ့ လိုက်ပို့တယ် ဆိုတဲ့ တုံးကွမ်စက်မှုဇုန်နယ်ထဲက ဟုတ်ကျယ် ဆိုတဲ့ မြို့ကပဲ..။ အဲဒီ ဟုတ်ကျယ်မှာ ကျွန်တော်တို့ တည်းနေကျ Sunshine Capital ဆိုတဲ့ ဟိုတယ် ရှိတယ်..။ တုံးကွမ်ကို ရောက်တိုင်း ကျွန်တော်တို့အဖွဲ့ အဲဒီမှာပဲ တည်းလေ့ ရှိတယ်။ စီးပွားရေးအချက်အချာကျတဲ့ နေရာမှာ ရှိတဲ့ ဟိုတယ်ဆိုတော့... ယောက်ျားသားတို့ပျော်စရာ အကုန်အစုံ ရှိတဲ့ ဟိုတယ်ပဲ..။ ဘား၊ နိုက်ကလပ်၊ ကာရာအိုကေ အားလုံး ရှိတယ်..။

ငပွေးက အဲဒီဟိုတယ်အောက်မှာ အမြဲဂိတ်ထိုးလေ့ရှိတဲ့ တက်စီဒရိုင်ဘာ ပေါ့..။ ငပွေးက လူနောက်..။ အင်္ဂလိပ်လို တစ်လုံးမှ မတတ်ပေမယ့်.. လက်ဟန်ခြေဟန်မျိုးစုံလုပ်ပြီး.. သူပြောချင်တာကို ရအောင် ပြောတတ်တယ်..။ အဲသလိုမျိုး လက်ဟန်ခြေဟန်အလုပ်ကောင်းလို့လည်း တခြားတက်စီဒရိုင်ဘာတွေထက် သူ့ကိုပိုပြီး မှတ်မှတ်ထင်ထင် ရင်းနှီးသွားခဲ့ကြတာပဲ..။ ငပွေးနဲ့ စတွေ့တာက. ကျွန်တော်တို့အဖွဲ့ ညနေခင်းလမ်းလျှောက်ဈေး ပတ်မယ်အတွေးနဲ့ ဟိုတယ်အောက် ဆင်းလာတဲ့အချိန်၊ သူက ဟိုတယ် Lobby မှာ ငုတ်တုတ်ထိုင်ပြီး ဧည့်မျှော်နေတဲ့ အချိန် တွေ့ကြတာပဲ..။

တွေ့တွေ့ချင်းပဲ ငပွေးက ဘာမပြောညာမပြောနဲ့ ကျွန်တော်တို့အဖွဲ့ကို လက်ဟန်ခြေဟန်နဲ့ သူလုပ်ပေးနိုင်တဲ့ services မျိုးစုံ သရုပ်ပြပါတယ်..။ သူဟာ တက်စီဒရိုင်ဘာ တစ်ယောက်ဖြစ်ကြောင်း လက်ဟန်ခြေဟန်နဲ့ သရုပ်ဖော်တာ.. ကိစ္စမရှိပေမယ့်.. မိန်းကလေးများနဲ့ ပျော်ပါးချင်ရင်လည်း သူကူညီနိုင်တဲ့အကြောင်း သရုပ်ပြတဲ့အခါမှာတော့ အကုန်လုံး ခွကျကုန်ပါတော့တယ်..။ တရုတ်မဟုတ်၊ အင်္ဂလိပ်မဟုတ် အသံ အူးအူးအဲအဲ နဲ့ ယောက်ျားမိန်းမ ကိစ္စတွေကို body language နဲ့ သူလုပ်ပြတာကိုကြည့်ပြီး ကျွန်တော်တို့မှာ.. ရှက်နိုးနိုးနဲ့ အိုးတို့အမ်းတန်း ဖြစ်ကြရပါတယ်..။

နောက်ဆုံး ရေမြင်းက တရုတ်လို တစ်ခွန်းစ နှစ်ခွန်းစ လှမ်းပြောမှ စပ်ဖြီးဖြီးနဲ့ ငပွေး တခန်းရပ်သွားတော့တယ်..။ အဲဒီကနေ စပြီး ငပွေးနဲ့ ကျွန်တော်တို့ အဖွဲ့ကျသွားခဲ့ကြတယ်..။ တရုတ်ပြည်မကြီးရဲ့ ညဉ့်ငှက်မလေး များအကြောင်းလည်း ငပွေးကနေတဆင့် .. ထဲထဲဝင်ဝင် သိခဲ့ကြရတယ်..။ သူတို့ဆီက ကြမ်းခင်းဈေး ယွမ်နှစ်ရာ့ငါးဆယ်ဆိုတာ.. မြန်မာငွေ ငါးသောင်းလောက် ရှိပါတယ်..။ ငပွေးအဆိုအရ.. အဲသလို ခန္ဓာကိုယ်ရောင်းစား ကြသူတွေထဲမှာ.. စက်မှုဇုန်ထဲက .. အလုပ်သမ လေးတွေလည်း အချိန်ပိုင်းဆန်ဆန် ၀င်လုပ်နေသူတွေ ရှိတာ သိရတော့.. ကိုယ့်နိုင်ငံက စက်မှုဇုန်တွေဆီ အတွေးက ရောက်သွားခဲ့သေးတယ်..။

ငပွေးကတော့ သူပြောတာမယုံရင် ကောင်မလေးတွေဆီက ၀န်ထမ်းကဒ် တောင်းကြည့်လို့ ရတယ် ပြောပေမယ့်.. သိပ်ကြီး ငြင်းလောက်တဲ့ ကိစ္စရယ်လို့ မထင်တာကြောင့် သူ့အဆိုကို ကန့်ကန့်ကွက်ကွက် တော့ မလုပ်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က.. မလေးရှားက မိတ်ဆွေတစ်ယောက် ရန်ကုန်လာလို့ သူ့ကို ညဖက် .. Park Royal ဟိုတယ်က နိုက်ကလပ် ကို လိုက်ပို့ဖူးတယ်..။ နိုက်ကလပ်မှာ သောက်စားပြီးလို့ အပြန်မှာ အဖော်အလှော်လေး လိုချင်တယ်ပြောလို့.. နီးစပ်ရာ ခေါ်ယူဈေးညှိကြည့်တော့.. ငါးသောင်း တဲ့..။ ဒါတောင်မှ.. နိုင်ငံခြားသား အလာများတဲ့ Park Royal လို နေရာကမို့ အဲသလောက် ဈေးဖြစ်နေတယ် ဆိုပေမယ့် ကျန်တဲ့နေရာတွေမှာလည်း သုံးလေးသောင်းအောက် မလျော့ပါဘူး..။

နောက်တနေ့မနက်.. အဲဒီမိတ်ဆွေနဲ့ ပြန်တွေ့တော့.. ညက သူခေါ်သွားတဲ့ မိန်းကလေးအကြောင်း စကားစပ်မိရာကနေ.. စက်မှုဇုန်တွေမှာ အလုပ်လုပ်နေကြတဲ့.. အလုပ်သမလေးများရဲ့ လစာ ကို သူမေးလို့ ပြောမိတယ်..။ တစ်လတစ်လ သုံးလေးသောင်းတော့ ရမှာပေါ့ လို့ ကျွန်တော်ဖြေတော့.. “ It is very attractive to be a prostitue, here ” လို့ သူက မှတ်ချက်ပြုတယ်..။ စိတ်ထဲမှာ.. သူ့မှတ်ချက်ကို မခံချင်သလို ဖြစ်မိပေမယ့်.. သူက အရမ်းကာရော မှတ်ချက်ချတာမဟုတ်ဘဲ.. ၀န်ထမ်းလစာနဲ့ prostitue ညကြေး ကို နှိုင်းယှဉ် ပြောတာမို့.. မခံချင်ပေမယ့် ခံခဲ့ရပါတယ်..။

သူရောက်ဖူးတဲ့ တခြားနိုင်ငံတော်တော်များများမှာ.. ကောင်းရောင်းကောင်းဝယ်လုပ်စားရင် ရမယ့် အနိမ့်ဆုံးလစာ ဟာ.. prostitue လုပ်စားလို့ ရမယ့် ညကြေးထက် အနည်းဆုံး ဆယ်ဆလောက် ရှိသတဲ့..။ အခု ဒီမှာက.. တစ်လလုံး ပင်ပင်ပမ်းပမ်း အလုပ်လုပ်လို့ ရမယ့်လစာနဲ့ ညကြေးက အချိုးတူလောက် ဖြစ်နေတော့.. အနည်းနဲ့အများ Impact ရှိကို ရှိတယ်လို့ သူကတော့ ထောက်ပြသွားခဲ့တယ်..။

ပြည်မကြီးမှာလည်း.. အနိမ့်ဆုံးလစာက.. ယွမ်ရှစ်ရာ၊ တစ်ထောင် ၀န်းကျင်လောက်ပဲ ရှိတာဆိုတော့ လစာ-ညကြေး အချိုးက သိပ်ကြီး မြင့်လှတယ်မှ မဟုတ်ဘဲလေ...။navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com6tag:blogger.com,1999:blog-120629063448521252.post-55214066763612210192009-08-12T13:38:00.001+06:302009-08-13T12:40:24.290+06:3045.3 တရုတ် နဲ့ အတု..ဒီရက်ပိုင်း တရုတ်က လုပ်တဲ့ ကြက်ဥအတုတွေအကြောင်း.. ဟိုဟိုဒီဒီ သတင်းတွေမှာ.. တွေ့နေရတော့.. တုံးကွမ်က တရုတ်တစ်ယောက် ဖောက်သည်ချတဲ့ တရုတ်လုပ်ပစ္စည်းတွေ အတုအလွန်များတဲ့ အကြောင်းလေး ခေါင်းထဲ မှာ ပေါ်လာတယ်..။ ကျွန်တော်တို့ဝယ်မယ့် စက်ပစ္စည်းတွေရဲ့ Electrical Spare Parts တွေကို.. တရုတ်လုပ်ပစ္စည်းတွေ မလိုချင်ဘူးလို့ ပြောကြရာကနေ.. အဲဒီအကြောင်းကို သူက ရယ်စရာအနေနဲ့ ပြောပြ ခဲ့တာပဲ..။

တရုတ်ပြည်က လုပ်တဲ့ ပစ္စည်းတွေမှာ အတု ဘယ်လောက်များသလဲ ဆိုရင်.. တုံးကွမ်က စက်ရုံပိုင်ရှင်သူဌေးတစ်ယောက်.. အကြွေးမဆပ်နိုင်တော့လို့ အဆိပ်သောက်ပြီး ကိုယ့်ကိုယ်ကို သတ်သေတယ်..။ မိသားစုနဲ့ မိတ်ဆွေ အပေါင်းအသင်းတွေကို.. သူတော့ အကြွေးမဆပ်နိုင်တော့လို့ အဆိပ်သောက်သတ်သေသွားပြီ ဆိုတဲ့အကြောင်း သတင်းစကားစာရေးထားခဲ့ပြီး အဆိပ်တကယ်သောက်ပစ်လိုက်တယ်..။ ဒါပေမယ့်.. အဆိပ်က အစစ်မဟုတ်ဘဲ အတုဖြစ်နေတော့ သူမသေဘူး..။

အဲသလို အဆိပ်အတုနဲ့ တိုးပြီး မသေတော့မှ.. သူလည်း တော်တော်ကြောက်သွားပြီး နောင်တလည်း ရသွားခဲ့တယ်..။ သူ့မိသားစုနဲ့ အပေါင်းအသင်းတွေကလည်း.. “ ကံကြီးပေလို့ သာပဲ ” “ အဆိပ်အတုဖြစ်နေတာ တော်သေးတာပေါ့ ” ဆိုပြီး .. အဲဒီသူုကို ၀မ်းသာအားရ ၀ိုင်းဝန်းနှစ်သိမ့်ရင်း.. သေရွာပြန်အထိမ်းအမှန်အနေနဲ့ ပွဲလုပ်ကြတယ်...။ ဒါပေမယ့် အဲဒီပွဲမှာ သူတို့သောက်တဲ့ အရက်ကျမှ အတုဖြစ်နေလေတော့.. သူတင်မက..သူ့ဘော်ဒါတွေပါ အကုန် သေကုန်ရောတဲ့..။navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com7tag:blogger.com,1999:blog-120629063448521252.post-22163202602464522862009-08-12T13:01:00.001+06:302009-08-14T13:05:59.848+06:3045.4 မွှေးလည်းမွှေးတယ် အေးလည်းအေးတယ်လျှပ်စစ်မီးမရှိတဲ့ ဆီမီးခုံရွာသား ကျွန်တော့်ကို မြင်းခြံက အဘွားကြီးတစ်ယောက်က ပယ်ပယ်နှယ်နှယ် “ တောသား၊ လူအ ” လို့ ပြောတာ.. အခုထိ မှတ်မိနေသေးတယ်..။ အဲဒီတုံးက အဘွားကြီးက ကျွန်တော့်ကို လက်ခု (လက်နှီးစုတ်) ပေးပြီး အိမ်ရှေ့စားပွဲပေါ်က ထမင်းအိုး သွားယူလာခဲ့လို့ ခိုင်းတယ်..။ ရွာမှာက.. ထမင်းအိုးဆိုတာ.. မြေကျင်းတူး အုတ်ခဲဆင့်ပြီး ထင်းနဲ့ ချက်ကြတာပဲ..။ လျှပ်စစ်မီးနဲ့ ချက်တဲ့ ထမင်းပေါင်းအိုးဆိုတာ.. မြင်ဖူးဖို့ဆိုတာ ဝေးလို့ ကြားဖူးတယ်ဆိုရင်တောင် လွန်လှပြီ ဆိုတဲ့ အရပ်က လာတာဆိုတော့.. ကျွန်တော်လည်း ကြောင်စီစီ၊ဇဝေဇ၀ါ၊နဝေတိမ်တောင်နဲ့ .. သူပေးလိုက်တဲ့ လက်ခု ကို ယူပြီး မီးစင်ကြည့်ကမယ် စိတ်ကူးပြီး အိမ်ရှေ့ထွက်လာခဲ့တာပေါ့..။

အိမ်ရှေ့ရောက်တော့.. စားပွဲပေါ်မှာရှိတဲ့ ပုပုအိုင့်အိုင့် ပစ္စည်းဟာ.. ထမင်းအိုးပဲ ဖြစ်ရမယ်လို့တော့ တန်းသိပါတယ်..။ စားပွဲနောက်ကပ်ရက် နံရံက ပလပ်ပေါက်ရယ်.. ထမင်းပေါင်းအိုးကို ဆက်ထားတဲ့ ၀ါယာကြိုးတွေကို ကြည့်ပြီး အဲဒါဟာ လျှပ်စစ်နဲ့ချက်တဲ့ ထမင်းအိုးဆိုတာ ခန့်မှန်းမိတာပဲ..။ အဲဒါနဲ့.. ကျွန်တော် မရဲတရဲ လက်နဲ့ တို့ကြည့်တယ်..။ ပူလား ပေါ့..။ ဒါပေမယ့် ကျွန်တော် တို့ကြည့်မိတာက ထမင်းပေါင်းအိုး အပြင်အခွံ ( body ) ဆိုတော့ ဘယ်ပူမလဲ..။

အထဲမှာမှ တကယ့်ထမင်းအိုး ရှိနေတာ မသိတော့.. သေချာအောင်နောက်တစ်ကြိမ် အဲဒီ body ကြီးကိုပဲ ထပ်စမ်းကြည့်တယ်..။ လုံးဝမပူတာ သေချာသွားပြီဆိုမှ.. ပေးလိုက်တဲ့ လက်ခုကို ခါးကြားထိုးပြီး ပလပ်ပေါက်က ကြိုးတွေကို ဆွဲဖြုတ်၊ ပေါင်းအိုးကြီးတစ်ခုလုံးကို အခြေကနေ သိမ်းကြုံးမလာခဲ့တယ်..။ စိတ်ထဲမှာလဲ.. ဒီအဘွားကြီး အသက်ကြီးလို့ ယောင်တောင်ကန်းတမ်း နဲ့ မလိုအပ်ဘဲ လက်ခု ပေးလိုက်တယ်.. သူတို့ထမင်းအိုးက ပူမှမပူဘဲ လို့ တွေးရင်းပေါ့..။

အဲဒီမှာ.. အဘွားကြီးက ပစ်ပစ်နှစ်နှစ် “ တောသား၊ လူအ ” လို့ ထမင်းပေါင်းအိုးတစ်ခုလုံး မချလာတဲ့ ကျွန်တော့်မြင်တာနဲ့ ကောင်းချီးပေးတော့တာပဲ..။

အဲဒီတုံးကတော့ ရှက်တဲ့စိတ်နဲ့ ကျွန်တော့်မှာ ထူအမ်းအမ်းကြီး ဖြစ်လို့ပေါ့..။ ဒါပေမယ့်.. နောက်ပိုင်း အတွေ့အကြုံ၊ အတွေ့အမြင်လေးတွေ ရလာတော့.. “ငါ အဲဒီတုံးက တကယ် အ ခဲ့သလား ” လို့ ပြန်စမ်းစစ်ကြည့်မိတော့.. အဲဒါဟာ.. “ အ ” တာမဟုတ်ဘဲ.. lack of experience မျှသာ ဖြစ်တယ်ဆိုတာ.. သိလာရတယ်..။

အဲဒါလေးနဲ့ ဆက်စပ်ပြီး ဒီတစ်ခေါက် တရုတ်ပြည်ကို အတွေ့အကြုံရအောင်ဆိုပြီး ကျွန်တော်တို့အဖွဲ့နဲ့ လိုက်တာတဲ့ တစ်ယောက် အကြောင်းလေး ပြောချင်တာပါ..။ မရည်ရွယ်ဘဲ၊ မထင်မှတ်ဘဲ.. သူရသွားခဲ့တဲ့ တုံးကွမ်ဟိုတယ်က အိုးနင်းခွက်နင်း အဖြစ်သနစ်ပေါ့..။ ကျွန်တော်တို့အဖွဲ့က သူအပါ လေးယောက်ဆိုတော့.. ဟိုတယ်မှာ နှစ်ယောက်ခန်း နှစ်ခန်း ယူရတယ်..။ ရေမြင်းနဲ့ ကျော်သူရက တစ်ခန်း..။ ကျွန်တော်နဲ့ သူနဲ့က တစ်ခန်းနေတယ်..။

ဟိုတယ်က four stars အဆင့်ရှိတဲ့ ဟိုတယ်ဆိုတော့.. အခန်းအပြင်အဆင်.. facility က မဆိုးလှဘူး..။ ရေချိုးခန်းထဲမှာလည်း တကိုယ်ရေသုံး သွားတိုက်တံ၊သွားတိုက်ဆေး၊ ဆပ်ပြာ၊ bath gel ၊ body lotion က အစ.. condom.. sexual lubricant ပါမကျန် ထည့်ပေးထားတယ်..။ တစ်ခုပဲ ရှိတယ်.. ။ condom နဲ့ အဲဒီ lubricant က FOC မဟုတ်ဘဲ.. တစ်ထုပ်ကို ဆယ် ယွမ် ကျတယ်..။

condom ထုပ်က ပြူးတူးပြဲတဲ နဲ့ သိသာပေမယ့်.. lubricant ထုပ်က မြန်မာပြည်မှာ ခေတ်စားနေတဲ့ တစ်ခါသုံး ခေါင်းလျှော်ရည် ထုပ်နဲ့ အရွယ်အစား ထုပ်ပိုးပုံ တထေရာတည်းဆိုတော့ ကျွန်တော့်အခန်းဖော်ဆရာသမားက ခေါင်းလျှော်ရည်အထင်နဲ့ ရေချိုးတုံး စိန်ပြေနပြေ သမပစ်လိုက်တယ်..။ သူရေချိုးပြီးလို့ ကျွန်တော် ရေအိမ်ဝင် သွားတိုက်မျက်နှာသစ်တော့.. bath tap ပေါ်တင်ထားတဲ့ .. lubricant က တစ်ထုပ် လျော့ နေပြီ..။ lubricant က နှစ်ထုပ်ရှိတယ်..။ for woman နဲ့ for man ပေါ့..။

“ ဟာ.. သွားပြီ .. ဒီလူတော့ ခေါင်းလျှော်ရည် အထင်နဲ့ တီးထည့်ပစ်လိုက်ပြီ ထင်တယ် ” လို့ အလန့်တကြား တွေးရင်း .. အမှိုက်ပုံးထဲ ငုံ့ကြည့်မိတော့.. ထင်တဲ့အတိုင်း တစ်ထုပ်က ဖြဲသုံးထားလို့.. အခွံပဲ ကျန်တော့တယ်..။ အဲဒါနဲ့ ကျန်ခဲ့တဲ့တစ်ထုပ်ကို ကောက်ကိုင်ကြည့်တော့.. for man တဲ့..။ သွား ပြီ..။ လွဲတာမှ.. ခေါင်းလျှော်ရည်နဲ့ လွဲရုံမက.. ယောက်ျားမိန်းမပါ လွဲကုန်တော့တာပဲ..။ ကျွန်တော်လည်း သွားတိုက်ရင်း တန်းလန်းနဲ့ ရေချိုးခန်းထဲက ပြန်ထွက်ပြီး “ ဟေ့လူ.. ခင်ဗျား ခေါင်းလျှော်သေးလား ” ဆိုတော့.. “ အင်း လျှော်တယ်.. ဘာဖြစ်လို့လဲ ” တဲ့..။

“ဘာမှမဖြစ်ပါဘူး.. ခေါင်းလျှော်ရည် ဘယ့်နှယ့် နေလဲ ကောင်းလား ” လို့ ကျွန်တော်လည်း မထူးတော့တာမို့ မသိချင်ယောင်ဆောင် ဆက်မေးတော့

“ အတော်ကောင်းသဗျား.. တရုတ်ခေါင်းလျှော်ရည်က.. မွှေးလည်းမွှေးတယ်.. ဦးရေလည်း အေးတယ်.. အမြုပ်တွေလည်း အများကြီးထွက် တယ် ” တဲ့..။

ကျွန်တော့်မှာ.. ပါးစပ်ထဲက သွားတိုက်ဆေးတွေတောင် အပြင် စင်ထွက်ကုန်တယ်..။ ခွီးကနဲ.. ပဲ..။ ဆက်အောင့်မထားနိုင်တော့ဘူး..။ ရယ်လိုက်ရတာ..။ ၀အောင် ရယ်ပြီးမှ.. သူသုံးလိုက်တာ ခေါင်းလျှော်ရည် မဟုတ်ကြောင်း ပြောရတော့တယ်..။ အဲဒါတောင် စပ်ဖြဲဖြဲ နဲ့ မောင်မင်းကြီးသားက အမြုပ်တကယ်ထွက်တာဗျ လို့.. အရှက်ပြေ ပြောနေသေးတယ်..။ အဲဒီနေ့ညနေက.. ကျွန်တော်တို့အဖွဲ့ လမ်းလျှောက်ဈေး သွားကြတော့ တဖွဲ့လုံးက သူ့ကို “ ခင်ဗျားခေါင်းကို တရုတ်တွေ ကွက်ကြည့်ကွက်ကြည့် လုပ်နေတယ်.. ဘာဖြစ်လို့လဲ မသိဘူးနော် ” လို့.. ၀ိုင်းစကြတယ်..။

သူကလည်း လူနောက်ဆိုတော့.. “ ကျုပ်ခေါင်းက အနံ့ရလို့ နေမှာပေါ့ ” တဲ့..။ ပြန်ပြောတယ်..။ တဖွဲ့လုံး အဲဒီနေ့က တ၀ါးဝါး တဟားဟား နဲ့.. အူပေါက်အောင် ရယ်နေခဲ့ကြတယ်..။ ဇာတ်လမ်းက ပြန်ခါနီး ဟိုတယ် check out လုပ်တဲ့အထိ မပြီးချင်သေးဘူး..။ bill ရှင်းတော့.. ကျော်သူရက “ သူငယ်ချင်း မင်းတို့အခန်းမှာ ယောက်ျားနှစ်ယောက် တည်းပြီး.. lubricant တစ်ထုပ် သုံးထားတယ်တဲ့.. အဲဒါ receptionist တွေက.. မသင်္ကာ ဖြစ်နေတယ် ” လို့ နောက်နေသေးတယ်..။navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com9tag:blogger.com,1999:blog-120629063448521252.post-32541778199860222692009-08-12T13:00:00.001+06:302009-08-28T14:12:45.319+06:3045.5 တရုတ်ပြည်သွားတောလား နိဂုံးတရုတ်ပြည်နဲ့ပါတ်သက်လို့.. ဟိုပြောဒီပြော.. ခပ်သောသောလေး ပြောခဲ့တာ.. ကုန်သလောက် စုံသလောက် ရှိသွားခဲ့ပြီ..။ ပြောစရာကျန်တာဆိုလို့.. တရုတ်ပြည်က (ကျွန်တော်တို့တွေ့ဆုံခဲ့ရတဲ့) ကုမ္ပဏီတွေ အကြောင်းရယ်.. သူတို့ရဲ့ စီးပွားရေးလုပ်ထုံးလုပ်နည်းတွေ အကြောင်းရယ်.. ရဲမြင့်ခေါ် ရေမြင်းရဲ့ တရုတ်ပစ္စည်းများ ခန့်မှန်းဈေးဖြတ်နည်းရယ် လောက်ပဲ ကျန်တော့တယ်..။

အဲဒါလေးတွေကို တရုတ်ပြည်သွားတောလားရဲ့ နိဂုံးအဖြစ်.. အကျဉ်းရုံးပြီး (အကျယ်လည်းရေးစရာမရှိပါ) နည်းနည်းရေးလိုက်ရပါတယ်..။

စီးပွားရေးပြုပြင်ပြောင်းလဲမှု အကျိုးဆက်အဖြစ်နဲ့ တရုတ်ပြည်မှာ.. နိုင်ငံတကာနဲ့ ဆက်သွယ်ဆက်ဆံတဲ့.. အကြီးစား၊အသေးစား၊ အလတ်စား၊ ပိစိကွေး လုပ်ငန်းတွေ ပေါ်ပေါက်လာခဲ့ရတယ်..။ တချို့လုပ်ငန်းတွေကျတော့လည်း ပြည်တွင်းလိုအပ်ချက် ပြည့်မီရေးတောင် မနည်းဖြည့်စွမ်းနေရလေတော့.. နိုင်ငံတကာကုန်သွယ်မှု အတွေ့အကြုံမရှိဘဲ.. လုပ်ငန်းကြီးကတော့ ဧရာမ လုပ်ငန်းကြီးတွေ ဖြစ်နေတာ တွေ့ရပါတယ်..။

တချို့ကျတော့လည်း ပြည်တွင်းပြည်ပ ဒေါင်ဒေါင်မြည် ဆက်ဆံနိုင်တဲ့အထိ.. International Organization တွေ ဖြစ်နေကြပါပြီ..။

များသောအားဖြင့်တော့.. ကွန်မြူနစ်လက်အောက်မှာ နှစ်ပေါင်းများစွာနေလာခဲ့တဲ့ ဒေသခံတရုတ်တွေထက်.. ဟောင်ကောင်၊မကာအို၊တိုင်ဝမ် အစရှိတဲ့ နိုင်ငံခြားတိုင်းပြည်က တရုတ်တွေက ပိုပြီး စီးပွားရေးအမြင် လည်ဝယ်တာ တွေ့ရပါတယ်..။

ကျွန်တော်တို့ စက်ပစ္စည်းဝယ်တဲ့ စက်ရုံတစ်ရုံဆိုရင်.. ဒေသခံတရုတ်တွေ ပိုင်တာဖြစ်တဲ့အပြင်.. သူတို့ရဲ့ ဖောက်သည်တွေကလဲ ပြင်ပကဆိုလို့ ကျွန်တော်တို့ပထမဦးဆုံးဖြစ်နေလေတော့.. အရောင်းအ၀ယ်စာချုပ် လုပ်မယ်ဆိုလည်း.. ကြိုက်သလိုသာလုပ်ဆို ပြီး လက်မှတ်ထိုးပေးတယ်..။

ငွေရေးကြေးရေးကိုလည်း.. ကြိုက်တဲ့ပုံစံနဲ့သာ ပေးဆိုပြီး သဘောတူတယ်..။ သင်္ဘောတင်ဖို့.. ပစ္စည်းတွေထုတ်ပိုးဖို့ ဆိုရင်လည်း.. သူတို့သိမနေဘူး..။ လိမ်မယ်ကောက်မယ်ဆိုတဲ့သဘောမျိုး ဝေးလို့.. ရှိသင့်ရှိထိုက်၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့.. အရောင်းအ၀ယ်စာချုပ်တစ်ခု ဖြစ်ရေးကိုတောင်.. ကျွန်တော်တို့ကပဲ ဦးဆောင်ခဲ့ရတယ်..။

တကယ့်ကို.. နိုင်ငံတကာစီးပွားရေးအဖွဲ့အစည်း အဆင့်မီနေတဲ့.. ကုမ္ပဏီကျတော့လည်း.. ကျွန်တော်တို့နဲ့ ဈေးစကားပြော၊ ဈေးဖြတ်.. လက်ခံတွေ့ဆုံ ဆွေးနွေးတာက.. မြန်မာ့မျက်စိနဲ့ကြည့်ရင် ငချွတ်ကလေးသာသာပဲ..။

အဲဒါကတော့.. တရုတ်ပြည်မကြီးက ကုမ္ပဏီလုပ်ငန်းစုတွေကို .. ကိုယ်စားပြုတဲ့အမြင်ဖြစ်ချင်မှ ဖြစ်ပေမယ့်..ကျွန်တော်တို့ ထိတွေ့သိမြင်ခဲ့ရတဲ့ တစိတ်တပိုင်းရုပ်လုံးပါပဲ..။

တခြားမှတ်မှတ်သားသား ပြောစရာဆိုလို့.. ရေမြင်း ရဲ့ တရုတ်လုပ်ပစ္စည်းများ ကြမ်းခင်းဈေးဖြတ်နည်း သီဝရီ အကြောင်း ပြောရမှာပဲ..။

စက်ရုံတစ်ရုံရောက်လို့.. ဘယ်ပစ္စည်းကဘယ်ဈေးလို့.. ဈေးဖွင့်တာနဲ့ ရေမြင်းက .. ဂဏန်းတွက်စက် ကောက်ကိုင်ပြီး.. ဈေးများတယ်.. ဈေးနည်းတယ်.. ဈေးချောင်တယ်.. တန်တယ်.. စသဖြင့်.. တန်းပြောလို့.. ဘယ်လိုတွက်လိုက်တာလဲ လို့ စပ်စုမိတယ်..။

ဒါများအလွယ်လေး.. သူတို့ပစ္စည်းရဲ့ အလေးချိန်ကို.. မြန်မာပြည်က သံဈေးနဲ့ မြှောက်.. ရလာတဲ့ရလာဒ်ကို သုံးဆပြု လိုက်တာလို့.. ရေမြင်းကပြောတယ်..။

ဥပမာ တရုတ်လုပ်.. Generator တစ်လုံးရဲ့ ဈေးဆိုရင်.. စက်အလေးချိန် တစ်တန်လေးရင်.. သံဈေးတစ်တန် သုံးသိန်းလောက်နဲ့ မြှောက်ပြီး.. သုံးဆထပ်ပြုတော့ ကိုးသိန်းပေါ့..။ စက်ပစ္စည်းမှာ ထည့်သွင်းတပ်ဆင်ထားတဲ့.. Technology မြင့်တာမမြင့်တာ.. သုံးထားတဲ့ပစ္စည်းတွေ Quality ကောင်းတာမကောင်းတာ စတာတွေကို ထည့်မတွက်တော့ဘူးလားလို့ ကျွန်တော်က စောဒကတက်တော့.. “ခင်ဗျားတို့အခုဝယ်တဲ့ စက်တွေမှာ.. အဲဒါတွေထည့်တွက်စရာ ဘာပါလို့လဲ ” တဲ့..။

ရေမြင်းက ပြန်ပြောတယ်..။

ဟုတ်တော့လည်း ဟုတ်ပါတယ်..။ တရုတ်လုပ် စက်ပစ္စည်းတွေ အထူးသဖြင့် သံထည်ကြီးတွေနဲ့ ခိုင်ခိုင်ခန့်ခန့် လုပ်ထားတဲ့ စက်တွေဆိုရင်.. မူလီ၊၀က်အူကနေ.. ရှိသမျှ ပစ္စည်းအားလုံး တရုတ်ပြည်တွင်းဖြစ်တွေချည်းပဲ ဆိုတော့.. ရေမြင်းရဲ့ တွက်နည်းက.. နည်းနည်းတော့ အကြမ်းဖျဉ်းမှန်းဆနိုင်တာ တွေ့ရပါတယ်..။

ကဲ.. အဲဒါလေးကို.. တရုတ်ပြည်သွားတောလားရဲ. နိဂုံးချုပ်အနေနဲ့.. မျှဝေလိုက်ရပါကြောင်း..။navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com4tag:blogger.com,1999:blog-120629063448521252.post-24225721302897937642009-06-12T12:18:00.004+06:302009-06-18T10:12:53.780+06:3044.1 သူတို့ရထား စီးကြမလားWenzhou မှာ နှစ်ရက်နေပြီး ရေမြင်းရဲ့ အလုပ်ကိစ္စအတွက်နဲ့ ကျွန်တော်တို့အဖွဲ့ Changzhou ဆိုတဲ့ မြို့ကို ထွက်ခဲ့ကြတယ်..။ Changzhou ဆိုတာ.. တရုတ်ပြည်ရဲ့ ရှေးဘုရင်နန်းစိုက်တဲ့ နန်ကင်း(Nanjing)နေပြည်တော်နားက စက်မှုလက်မှု ထွန်းကားတဲ့ မြို့ တစ်မြို့ပါပဲ..။ ပုံမှန်ဆိုရင်တော့ Wenzhou ကနေ Nanjing နိုင်ငံတကာလေဆိပ်ကို လေယာဉ်စီး၊ အဲဒီကမှ တဆင့် Changzhou ကို အမြန်ရထား ပြန်စီးရပါတယ်..။

ဒါပေမယ့် ထုံးစံအတိုင်း လေယာဉ်လက်မှတ်က စောင့်ရမယ် ဆိုတာနဲ့ .. Wenzhou ကနေ Nanjing ကို.. ရိုးရိုး ရထားစီး၊ အဲဒီကမှ တဆင့် Changzhou ကို အမြန်ရထားပြန်စီး ဖို့ ဆုံးဖြတ်လိုက်ကြတယ်..။ ပြည်မကြီးရဲ့ ရထား စီးဖူးသွားတာပေါ့..။ စီးတာမှ တန်အောင်ကို စီးခဲ့ရတယ် ပြောရမှာပဲ..။ Wenzhou ကနေ ညနေ ငါးနာရီလောက် ထွက်လာတာ.. နောက်တနေ့ မနက် ရှစ်နာရီလောက်မှ Nanjing ရောက်တယ်..။

ရထားက.. ကျွန်တော်တို့ ရွှေနိုင်ငံက.. ရန်ကုန်မန္တလေး အမြန်ရထား ဆန်ဆန်ပါပဲ..။ အဆင်အပြင်.. သွားတာလာတာ.. နှေးတာမြန်တာ ကအစ.. အတူတူလောက် ရှိတယ်..။ ထူးခြားတာက.. တွဲစောင့်က ကျွန်တော်တို့ဆီမှာလို့.. ယောက်ျားမဟုတ်ဘဲ မိန်းမ ဖြစ်နေတယ်..။ မိန်းမတောင်မှ ကျားကျားလျားလျား စစ်သားကြီးလုံးလုံး ဗိုလ်မှုးကြီးရှုံးလောက်ကဲ့ ဆိုတဲ့ မိန်းမမျိုး..။

ရင်အုပ်ကျယ်ကျယ်.. အရပ်မြင့်မြင့် .. စစ်စိမ်းရောင် ယူနီဖောင်း တင်းတင်းရင်းရင်းနဲ့ သူ့ပုံက ကိုယ့်ထက်တောင် ယောက်ျားပီသ နေသေးတယ်..။ အရယ်အပြုံးမရှိ၊ မျက်နှာ သေနဲ့.. ဒေါက်ထိမောက်ထိကြီး..။ သူ့ကြည့်ပြီး နည်းနည်းတော့ ဖြုံသွားခဲ့ရတယ်..။ သူကတော့.. ကျွန်တော်တို့ လက်မှတ်ကို တချက်တောင်းကြည့်ပြီး ကျွန်တော်တို့ စီးရမယ့် အခန်းကို မထုံတက်တေးရုပ်နဲ့ တရုတ်သရဲတွေ လက်ညှိုးထိုးသလို ထိုးပြတယ်..။

အခန်းက.. မြန်မာပြည်ကလို လေးယောက်ဆန့် အိပ်စင်ခန်း မဟုတ်ဘဲ တစ်ခန်းကို အိပ်စင်ခြောက်ခု ပါတယ်..။ တစ်ဖက်သုံးယောက်နဲ့ ခြောက်ယောက်အိပ် ဆိုတော့ အပေါ်ဆုံး အိပ်စင်က တွဲခေါင်နဲ့ အတော်ကပ်သွားတာ တွေ့ရတယ်..။ အခန်းအကျယ်အ၀န်းကတော့ ကျွန်တော်တို့ဆီကလိုပါပဲ..။ သိပ်ကြီး ကျယ်လွင့်လှတယ်တော့ မဟုတ်ပါဘုး..။

ဒါပေမယ့် ကျွန်တော်တို့အခန်းထဲမှာ တခြားခရီးသည်တွေ မပါဘဲ ကျွန်တော်တို့ချည်းဆိုတော့.. လွတ်လွတ်လပ်လပ်.. အေးအေးလူလူ တော့ စီးခဲ့ရပါတယ်..။ အဲသလို လွတ်လပ်အေးလူတော့လည်း.. သူငယ်ချင်းတသိုက် ..အိပ်တွေနေရာချပြီးတာနဲ့ အဖျော်ယမကာလေး မှီဝဲဖို့ လုပ်ငန်းစကြပါတယ်..။ လက်တွန်းလှည်းနဲ့ လာရောင်းတဲ့ အရက်နဲ့ အကြော်အလှော် တချို့ဝယ်ပြီး အခန်းထဲမှာပဲ ၀ိုင်းလိုက်ကြတယ်..။

ပါတ်ဝန်းကျင်ရှုခင်းကို ကြည့်လိုက်၊ ခွက်လေးလှည့်လိုက်၊ အမြည်းလေး စားလိုက်နဲ့ ဇိမ်ယူလို့မှ မဆုံးသေးဘူး.. ဗိုလ်မှုးကြီး ရှုံးလောက်ကဲ့ ဆိုတဲ့ တွဲစောင့် မိန်းမ အခန်းဝရောက်လာပြီး ည ဆယ်နာရီဆို မီးပိတ်မယ် လို့ လာပြောတယ်..။ သောက်လို့စားလို့မှ အရှိန်လေးရနေတုံး.. မီးပိတ်မယ်ဆိုတော့.. ကျွန်တော်တို့လည်း နည်းနည်းတော့ ဖီးငုတ်သွားခဲ့ရတယ်..။

သို့သော် သူ့အရပ်နဲ့ သူဇာတ်ဆိုတော့လည်း “ ပိတ်တော့လည်း ပိတ်ပေါ့ ”..။ ဘာတတ်နိုင်တာ မှတ်လို့..။ မကြာပါဘူး.. ရထားတစ်တွဲလုံး မဲမှောင်သွား တော့တယ်..။ ကဲ မီးတော့ ပိတ်သွားပြီဟေ့.. ခွက်လှည့်လက်စလေးတွေ မပြတ်အောင်.. ဟမ်းဖုံးလေးတွေ ဖွင့်ကြတာပေါ့ ဆိုပြီး ဟမ်းဖုံးအလင်းရောင်နဲ့ ကျွန်တော်တို့ ဆက်သောက် နေလိုက်တယ်..။

ဒါပေမယ့်.. ခွက်လှည့်လို့မှ မဆုံးခင်.. တွဲစောင့်ဟာကျုလီမက အခန်းပေါက် ရောက်လာပြန်တယ်..။

“အိပ်ကြတော့” တဲ့..။ “ သောက်တာစားတာတွေ ရပ်ပြီး အိပ်တော့ ” တဲ့..။

မကြုံဖူးပေါင်၊ ဂုဏ်ထူးဆောင် ဆိုတာမျိုးပဲ..။ ကျွန်တော်တို့ အဖွဲ့သောက်စားနေတာ တခြားအခန်းတွေ အနှောင့်အယှက်ဖြစ်တယ်ဆိုလဲ ထားတော့..။ သူများနိုင်ငံမို့ လို့.. သူငယ်ချင်းတသိုက် စကားပြောတာတောင်.. ဗိုင်းကောင်းကျောက်ဖိ လေသံနဲ့၊ အကြော်အလှော်ဝါးတာတောင်.. ညင်ညင်သာသာလေး၊ အံဆုံးနဲ့ကြိတ်ကြိတ် ၀ါးနေတဲ့ကြားက.. “ အိပ်ကြတော့ ” တဲ့..။

စိတ်ထဲမယ် နည်းနည်းတော့ ကျွဲမြီးတိုသလို ဖြစ်သွားခဲ့ရတယ်..။ ရေမြင်းကတော့ အိစိကွစိ နဲ့ အခြေအတင် ပြန်ပြောပါသေးတယ်..။ ဒါပေမယ့်.. ဟာကျုလီမက ဘူးဆို ဖရုံမသီးဆိုတဲ့ မျက်နှာပေးနဲ့မို့ ကျွန်တော်ကပဲ.. “ ကဲပါ ရေမြင်းရာ၊ အိပ်ဆိုတော့လည်း အိပ်ကြတာပေါ့.. အိပ်ရေးဝတာပေါ့ ” လို့ ၀င်ဖြတ်ရင်း bloody communist လို့ ပါးစပ်က အလိုလို ထွက်သွားတော့.. တခြား သူငယ်ချင်းက “ဟေ့ကောင်၊ ဟေ့ကောင်” ဆိုပြီး ပါးစပ်လှမ်းပိတ်တယ်..။

ဟာကျုလီမကတော့.. ကျွန်တော်ပြောတာ နားမလည်တာလား၊ မကြားတာလား မသိပါဘူး..။ ခပ်တည်တည်နဲ့ လှည့်ထွက်သွားတော့တယ်..။

ကျွန်တော်တို့သူငယ်ချင်း တသိုက်လည်း.. မူကြိုကလေးတွေလို.. မအိပ်ချင်လည်းအိပ်၊အိပ်ချင်လည်းအိပ်၊ မျက်စိကို ဇွတ်မှိတ်လို့ အိပ်လိုက်ကြရပါတော့တယ်..။

အတွေ့အကြုံက ဒီလောက်တင်ပဲလားဆိုတော့.. မကပြန်ဘူး..။ နောက်တနေ့မနက်.. နန်ကင်းဘူတာ မရောက်မီ တစ်နာရီခွဲလောက်အလိုမှာ.. ဟာကျုလီမ ပေါက်ချလာပြီး.. ကျွန်တော်တို့ကို အခန်းထဲက ခဏထွက်ပေးလို့ လာပြောပြန်တယ်..။ ဘာဖြစ်လို့လဲ ဆိုတော့.. အခန်းသန့်ရှင်းရေး ကြိုလုပ်ထားမလို့တဲ့..။ နောက်တစ်နာရီခွဲလောက်ဆို.. ရောက်တော့မယ် တဲ့..။

ဒီတစ်ခါတော့ ကျွန်တော်တို့လည်း ဘယ်ရမလဲ..။

“ ဟောင် .. ဟောင် ” ဆိုပြီး တက်ညီလက်ညီ အားလုံးထွက်ပေးလိုက်ကြပါတယ်...။

Wenzhou ကနေ စီးခဲ့ရတဲ့ .. ဟာကျုလီ ရထား

(ဂျင်းအင်္ကျီနဲ့ ပုဂ္ဂိုလ်က ရေမြင်း ပေါ့ )

ဘီယာကိုမြုံ့ စောင်ကိုချုံလျက်

(ကျော်သူရနဲ့ကျွန်တော်)navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com13tag:blogger.com,1999:blog-120629063448521252.post-53089612574007448692009-06-12T11:49:00.002+06:302009-06-18T10:37:04.357+06:3044.2 Changzhou သို့အဲသလိုနဲ့ ကျွန်တော်တို့အဖွဲ့ Nanjing (နန်ကင်း) ရွှေမြို့တော်ကြီး ကို ဘေးမသီရန်မခ၊ အိပ်ရေးဝစွာ နဲ့ အောင်မြင်စွာ ဆိုက်ရောက်လာခဲ့ကြတော့တယ်..။ အညာသား အညာဆောင်းနဲ့ တသက်လုံး နပမ်းလုံးလာခဲ့တယ်ဆိုပေမယ့်.. တရုတ်ပြည်က အအေးဒဏ်က အညာထက် ပိုပြင်းတာကို သတိထားမိတယ်..။ ကျွန်တော်တို့ မပြောနဲ့။ သူတို့ ဌာနေတရုတ်တွေတောင်.. သိုးမွှေးအင်္ကျီ အထပ်ထပ်နဲ့ ချမ်းနေကြတာ တွေ့ရတယ်..။

တရုတ်မလေးကတော့ ခြေထောက်တွေပါ ချမ်းဟန်တူတယ်..။ အားလုံးလိုလို လည်ရှည်ဘွတ်ဖိနပ် တွေနဲ့ စတိုင်ကျကျ ကြွကြွရွရွလေးတွေမို့ ကျွန်တော်တို့မှာ သူတို့ကို မကြည့်မိဖို့ မတတ်နိုင်အောင် ဖြစ်ကြရပါတယ်..။ (ကိုယ့်ကိုယ်ကိုတောင် သနားလာပြီ )

သို့သော်.. အဲသလို အလှအပ တွေမှာ ယစ်မူးနေဖို့ အချိန်မရဘဲ ရေမြင်းရဲ့ အလုပ်ကိစ္စက လောနေတာနဲ့ .. ချက်ခြင်းပဲ.. Nanjing ဘူတာကနေ .. changzhou ကို ချီတက်ခဲ့ကြတော့တယ်..။ ဒီတစ်ခါ စီးရတဲ့ ရထားက Shanghai ~ Nanjing အမြန်ရထားဆိုတော့.. အရင်ရက်က စီးခဲ့ရတဲ့ ရထားနဲ့ မဆီလေးရယ်မှ အိုမဆိုင် ဆိုသလိုပါပဲ..။

ကြားဖူးနေကျ ကျဉ်ဆန်ရထားတွေလောက် မမြန်ပေမယ့်.. ကီလိုမီတာ နှစ်ရာလောက်တော့ သူလည်း အမြန်ဆုံးမောင်းတာ တွေ့ရပါတယ်..။ အဲဒီရထားတွေက ပုံမှန် Shanghai ကနေ စထွက်ပြီး Nanjing မှာ ဂိတ်ဆုံးတာပဲ..။ ကျွန်တော်တို့ သွားမယ့် Changzhou ဆိုတာကတော့ ကြားဘူတာ ပေါ့..။

Nanjing ကနေ ခရီးသည် အတက်အဆင်းလုပ်တာ တခြားဘူတာ ရပ်တာတွေပါ ထည့်တွက်ရင်.. Changzhou အရောက် တစ်နာရီခွဲလောက်တော့ ကြာပါတယ်..။ ဒါပေမယ့် ရထားက အတော့်ကို သက်တောင့်သက်သာ ငြိမ့်ငြိမ့်ညောင်းညောင်း ရှိတာမို့ Changzhou ကို ရောက်လို့ ရောက်မှန်းတောင် မသိလိုက်ပါဘူး..။ ရထားခကလည်း သူ့ခရီးနဲ့သူ အတော့်ကို သက်သာတယ်လို့ ပြောရမှာပဲ..။ တစ်ယောက်ကို တရုတ်ယွမ်လေးဆယ် ဆိုတော့ မြန်မာငွေ ခုနှစ်ထောင်လောက်ပဲ ကျတာမို့ ရွှေနိုင်ငံက ရထားခနဲ့ယှဉ်ရင်တောင် နည်းနေပါသေးတယ်..။

Changzhou ရောက်တော့ ရေမြင်းရဲ့ business partner က ဘူတာမှာ လာကြိုနှင့်နေတယ်..။ စက်ရုံက GM ကိုယ်တိုင် လာကြိုမှာ လို့ ရေမြင်းက လမ်းတစ်လျှောက် ပြောပြောနေတာမို့ .. တကယ်တမ်းတွေ့ရတော့ ဟုတ်မှ ဟုတ်ရဲ့လားလို့တောင် ထင်မိတယ်..။ လူက အသက်နှစ်ဆယ်အစိတ်လောက် ချာတိတ်လေး ဖြစ်နေတဲ့အပြင် သေးသေးညှက်ညှက်လေးဆိုတော့.. သူ့ကို တွေ့တွေ့ချင်း ကျွန်တော့်မှာ ဒီကောင် ဒရိုင်ဘာ ထင်ပါရဲ့ လို့တောင် တွေးမိသေးတယ်..။

နောက် ရေမြင်း မိတ်ဆက်ပေးတော့မှ.. GM ဖြစ်နေမှန်း သိရတော့တယ်..။

တရုတ်ပြည်မကြီးမှာ (ကျွန်တော်တို့ ထိတွေ့ခွင့်ရခဲ့သလောက် ) စီးပွားရေးလုပ်ငန်းတွေရဲ့ အရေးပါအရာရောက်တဲ့ သူတွေက.. အဲသလို လူငယ်လူရွယ်တွေ ဖြစ်နေတာ တွေ့ခဲ့ရတယ်..။ ကျွန်တော်တို့စက်ပစ္စည်းတွေဝယ်ဖို့ ဆွေးနွေးခဲ့တဲ့ Wenzhou စက်ရုံရဲ့ Executive Level ကလည်း လူငယ်တွေပဲ..။ ကုန်ကြမ်းကိစ္စနဲ့ ရောက်ခဲ့တဲ့ စက်ရုံမှာလည်း ဈေးနှုန်းဖြတ်တာ.. အရောင်းအ၀ယ်စကားပြောတာ.. စတာတွေကို ဒိုင်ခံပြီး ဆွေးနွေးတာ ချာတိတ်လေး တစ်ယောက်ပဲ..။

တရုတ်ပြည်ရဲ့ စီးပွားရေးက ဒီရေတက်သလို ဘက်ပေါင်းစုံက ပြိုင်တက်လာတော့.. အလုပ်အကိုင်အခွင့်အလမ်းတွေက.. လူငယ်လူရွယ်တွေလက်ထဲ အလိုလို ရောက်သွားခဲ့ဟန် တူပါတယ်..။ လုပ်ရင်းကိုင်ရင်းနဲ့ လူငယ် တွေရဲ့ အရည်အသွေးတွေကလည်း..မုဆိုးစိုင်သင် ပြည့်ဝလာဟန် ရှိပါတယ်..။ သူတို့ကြည့်ပြီး အခွင့်အလမ်းတွေသာ လုံလုံလောက်လောက် ရှိခဲ့ရင် .. ကိုယ့်နိုင်ငံက လူငယ်တွေလည်း..သူတို့လို မဖြစ်စရာ မရှိဘူးလို့ တွေးမိတယ်..။ စံနစ်ကောင်းဆိုတာ.. လူပျင်းလူဖျင်းတွေကိုတောင် ဒရွတ်တိုက်ဆွဲခေါ်နိုင်စွမ်း ရှိပါတယ်..။ စံနစ်မကောင်းလို့ကတော့ လူတော်လူမော်တွေတောင် လူရှော်ဖြစ်သွားရော..။

ရန်ကုန်စီးပွားရေး တက္ကသိုလ် မှာ နိုင်ငံခြားက ပုဂ္ဂိုလ်ကျော်တစ်ယောက် “ ကွန်ဖြူးရှပ်အတွေးအခေါ်နဲ့ တရုတ်ပြည်စီးပွားရေး ” ခေါင်းစဉ်နဲ့ ဟောပြောပွဲ လုပ်ပါတယ်..။ ကွန်ဖြူးရှပ်ရဲ့ အတွေးအမြင်တွေက မျက်မှောက် ခေတ် တရုတ်ပြည်စီးပွားရေးကို ဘယ်လိုလွှမ်းမိုး တိုးတက်စေတယ် လို့ သူပြောတော့.. အငြိမ်းစား ပါမောက္ခချုပ် ဆရာကြီး ဦးမြသိန်းက “ တရုတ်ပြည်စီးပွားရေး boom ဖြစ်လာတာ.. ကွန်ဖြူးရှပ်ကြောင့် မဟုတ်ပါဘူး ..ကွန်ဖြူးရှပ်ပေါ်တာ နှစ် နှစ်ထောင်ကျော်ပါပြီ.. တရုတ်ပြည်က အခုမှ တိုးတက်လာတာပါ ” လို့ ထပြောတယ်..။

သူတို့အဲသလို ဆွေးနွေးတာ နားထောင်ပြီး “ကွန်ဖြူးရှပ်တောင် နှစ်နှစ်ထောင်လောက် ငုတ်တုတ်မေ့နေခဲ့ရပါလား ” လို့ တွေးနေမိခဲ့ပါတယ်..။

Shanghai ~ Nanjing အမြန်ရထားပေါ်က ရွှေနှစ်ယောက်navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com7tag:blogger.com,1999:blog-120629063448521252.post-53188559779161682532009-06-12T11:07:00.000+06:302009-06-18T13:21:10.929+06:3044.3 Changzhou အမှတ်တရ ညChangzhou ရောက်ရောက်ခြင်း ရေမြင်းရဲ့ အလုပ်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့ကြတယ်..။ စက်ရုံသွားကြည့်.. ဈေးစကားပြော.. ပစ္စည်းရွေး နဲ့ နေ့လည်ဆယ်နာရီလောက်က စလိုက်ကြတာ.. ညနေ ငါးနာရီလောက်မှ အလုပ်က လက်စသတ်နိုင်တော့တယ်..။ ဘူတာကနေဆင်းဆင်းခြင်း စက်ရုံတန်းသွားခဲ့ကြာဆိုတော့.. အဲဒီအချိန်ထိ ဟိုတယ်တောင် မ၀င်ရသေးဘူး..။ စိတ်မောလူမောနဲ့ ဗိုက်တွေလည်း ဆာနေပြီမို့ စားပြီးသောက်ပြီးမှပဲ ဟိုတယ် သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်..။ စက်ရုံက GM ဆိုတဲ့ ပုဂ္ဂိုလ်လေးရယ်၊ သူ့ကောင်မလေးလိုလို(စက်ရုံက Accountant လိုလို) ရယ်က ကျွန်တော်တို့အဖွဲ့ကို ညစားလိုက်ကျွေးတယ်..။

GM ကောင်လေးက.. ပိန်ပိန်ပါးပါး ဆံပင်ထောင်ထောင်နဲ့မို့ Fido Dido နဲ့ တူတယ်ကွ လို့ ကျွန်တော် ပြောမိတော့ ကျော်သူရက “ကောင်လေးက စိုင်းစိုင်းခမ်းလှိုင်နဲ့ တူတယ်” လို့ ဖေးဖေးမမလေး ပြောရှာတယ်..။ သူ့ကောင်မလေးကတော့.. တရုတ်မပုံမပေါက်ဘဲ ခြေဆစ်လက်ဆစ်ခပ်တုတ်တုတ်နဲ့ မွန်ဂိုမလေး နဲ့ ပိုတူတယ်..။ ငယ်ဂုဏ်ရှိတာရယ်.. ရွှင်ရွှင်လန်းလန်းတက်တက်ကြွကြွ ရှိတာရယ်ကြောင့် သူက ချစ်စရာတော့ ကောင်းပါတယ်..။

သူတို့လိုက်ကျွေးတဲ့ ဆိုင်က Changzhou မြို့ရဲ့ နာမည်ကျော် တူးမြောင်းတစ်ခုရဲ့ ကမ်းနဖူးက ဆိုင်ပဲ..။ အဲဒီတူးမြောင်းရဲ့ သက်တမ်းက နှစ်ပေါင်း ထောင်နဲ့ချီ ရှိပြီး.. အရှည်က မိုင် တစ်ထောင့်နှစ်ရာ နီးပါး ရှိပါတယ်..။ တရုတ်တွေကတော့ ဆူးအက်တို့ ပမားနားတို့ထက် သူတို့ရဲ့ အဲဒီ Grand Canal က ပိုကြီးမြတ်ပြီး ရှေးပဝေသဏီကတည်းက တရုတ်ပြည်မကြီးရဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာ ကျခဲ့တယ်လို့ ဆိုပါတယ်..။

သူတို့အဲသလို ပြောမယ်ဆိုလည်း ပြောလောက်ပါတယ်..။ အဲဒီတူးမြောင်းက လူလုပ်တူးမြောင်းဖြစ် တဲ့အပြင် Beijing (ပီကင်း) မြို့ကနေ Hangzhou (ဟန်ကျိုး) မြို့အထိ ကီလိုမီတာ 1770 ရှည်တာဆိုတော့ သူတို့ဂုဏ်ယူမယ် ဆိုလည်း မမှားပါဘူး..။ (အဲဒီအကြောင်းကို ပြည့်ပြည့်စုံစုံလေး သိချင်ရင်.. http://en.wikipedia.org/wiki/Grand_Canal_of_China မှာ သွားဖတ်ကြည့်ကြပါကုန်)

ကြည့်ရတာ ရေမြင်းရဲ့ Partner က အရောင်းအ၀ယ် အောင်မြင်တဲ့အထိမ်းအမှတ် အနေနဲ့ ကျွန်တော်တို့ကို အဲသလို ဆိုင်မျိုး လိုက်ကျွေး ထင်ပါရဲ့..။ ဟင်းပွဲမှာတာကအစ.. honour လုပ်တဲ့သဘောမျိုးလေးတွေနဲ့ မှာတာ သတိထားမိတယ်..။ အဲဒါထက်ပိုထူးခြားတာက .. မှာတဲ့ဟင်းပွဲကို အတီးအမှုတ်နဲ့ လာချတာပဲ..။ မှာသမျှ ဟင်းပွဲတိုင်းကို အတီးအမှုတ်နဲ့ လာချတာတော့ မဟုတ်ပါဘူး..။ သတ်မှတ်ထားတဲ့ ဈေးခပ်ကြီးကြီး ဟင်းပွဲမျိုးကိုသာ.. စားပွဲထိုးမလေးတွေ လေးငါးခြောက်ယောက်က.. တရုတ်ကားတွေထဲက သတို့သမီးလာပို့သလိုမျိုးဆန်ဆန် တခမ်းတနား လာပို့တာပဲ..။

ထွင်တယ်ပဲ ပြောရမလား..။ Marketing Strategy တစ်မျိုးလို့ ဆိုရမလားပဲ..။ လင်ကွင်းသံ၊ ဘင်သံ တွေနဲ့ ဟင်းပွဲကထွက်လာတော့ ဘေးဝိုင်းတွေကပါ.. သတိထားမိပြီး.. ဘယ်ဝိုင်းကမှာတာလဲလို့ ၀ိုင်းကြည့်ကြတယ်..။ မှာတဲ့သူတွေကလည်း.. ငါ့တို့ကို သူများတွေ ကြည့်နေကြပြီဆိုတဲ့အထာနဲ့ ဆိုတော့ ဟုတ်နေတာပါပဲ..။ ကျွန်တော်တို့လည်း ဘယ်နေမလဲ..။ သူတို့ဆီက လင်ကွင်းနဲ့ ဘင်ကို ယူပြီး ကိုယ်တိုင် ကိုယ်ကျ ၀င်တီးပစ်လိုက်ကြတယ်..။ ပိုမြိုင်သွား တာပေါ့..။

သူတို့အခုလို လာပို့ကြတယ်..

ကျွန်တော်တို့က အခုလို ၀င်နွှဲလိုက်ကြတယ်..

စိုင်းစိုင်း (သို့) Fido Dido ၊ မွန်ဂို မလေး နဲ့ ပွကြီးတို့တသိုက်navanahttp://www.blogger.com/profile/00611765151572449024noreply@blogger.com7