Monday, June 30, 2008

13.2 နတ်ကတော်တွေ

နတ်ပွဲထဲက နတ်ကတော်တွေ အကြောင်း ဆက်ကြဦးစို့..။

နတ်ကတော် တော်တော်များများဟာ.. ယောက်ျားတွေပဲ..။ အခြောက်တွေပေါ့..။ တချို့မိန်းမ နတ်ကတော်တွေလဲ ရှိပါတယ်..။ ဒါပေမယ့်.. အရည်အတွက်က ခပ်နည်းနည်းပါပဲ..။ ရွာနတ်ပွဲကို လာတဲ့ နတ်ကတော်တွေကတော့.. ယောက်ျားနတ်ကတော် အခြောက်တွေ ချည်းပါပဲ..။

နေ့ခင်းဖက်မှာ.. သူတို့နတ်က ကြတယ်..။ မနက်ကိုးနာရီခွဲလောက်ကနေ.. ညနေ သုံးနာရီခွဲလောက်အထိ.. ခြိမ့်ခြိမ့်သဲသဲ.. က ကြတယ်..။ မြန်မာဆိုင်းဝိုင်းနဲ့.. ဒစ်စကို သီချင်းကအစ.. ဆိုကြတယ်..။

"ကိုကို ရေ.. ကွယ်ရာမှာ ခြေမများနဲ့နော်.. ကိုကိုရေ.. " ဆိုတာလဲ ပါတယ်..။

" ရင်မှာခံစား.. သူမမြင်နိုင်ပေ.. အတွင်းကြေ.. အတွင်းကြေ.. " ဆိုတာလဲ ပါတယ်..။

"နတ်ပွဲလာတဲ့ သူဌေးကတော်... ပိုက်ဆံများများ ယူခဲ့နော်.. " လို့လည်း.. မားကတ်ကင်း ဆင်းလေ့ရှိတယ်..။ တူနောင်း ဂျိမ်းဂျိမ်း ဂျိမ်းဂျိမ်းဆိုတဲ့.. နတ်ဒိုးသံတော့.. မကြားချင်မှ အဆုံးပေါ့..။

ဆိုင်းသံ သီချင်းသံ.. ချွေးနံ့ .. အမွှေးနံ့သာပေါင်းစုံနံ့တွေ နဲ့နတ်ကွန်းတစ်ခုလုံးမှာတော့.. လူတွေက ပြည့်ညှပ်ကျပ် နေတာပါပဲ..။ နတ်ကတော်က သီချင်းဆိုလိုက် ကလိုက်နဲ့.. ၀ိုင်းကြည့်နေတဲ့.. ပုရိတ်သတ်ထဲ.. ခွက်ထိုးခံတယ်..။ အသီးသီး အသသ.. အကြောက်တရားရှိသလောက် သဒ္ဓါသလောက်.. အမျှော်ရှိသလောက် ထည့်ကြတယ်..။

ခွက်ထဲက ငွေတစ်ချို့ကို.. မမနှဲ နတ်ရုပ်ရှေ့မှာ ရပ်နေတဲ့.. နန်းထိုင်ဆီ နတ်ကတော်က ကရင်း လှမ်းပေးတယ်..။ နန်းထိုင်က.. နတ်ရုပ်ရဲ့ အချွန်အတက်တွေကြားထဲ.. ပိုက်ဆံတွေ လိုက်ညှပ်တယ် ( ညနေကျမှ.. အဲဒီပိုက်ဆံတွေ သိမ်းတယ်.. )

ဆိုင်းဆရာက သူလည်း.. ရှိသေးတယ်ဆိုတာ.. နတ်ကတော် သိအောင် နတ်ဒိုးနဲ့ အချက်ပြတယ်..။ ပိုက်ဆံတစ်ဆုပ်နှိုက်ပြီး နတ်ကတော်က.. ဆိုင်းဝိုင်းထဲ ပစ်ချပေးတယ်..။ တိုးဝှေ့ကြည့်နေတဲ့.. ပုရိတ်သတ်ကို.. တုတ်တစ်ချောင်းနဲ့ အော်ကြီးဟစ်ကျယ် အာဏာပြ ထိန်းသိမ်းနေတဲ့.. ရဲသားကိုလည်း.. တစ်ရာလောက် နတ်ကတော်က ပေးလိုက်တယ်..။ ခွက်ကျန်ကိုတော့.. သူ့ပီအေ ဆီ ပေးလိုက်ပြီး ကွေးနေအောင် သူ ဆက်ကတယ်..။

"တူနောင်ဂျိမ်းဂျိမ်း ဂျိမ်းဂျိမ်း.. နတ်ပွဲလာတဲ့ သူဌေးကတော် ပိုက်ဆံများများ ယူခဲ့နော်.. တူနောင်ဂျိမ်းဂျိမ်း ဂျိမ်းဂျိမ်း..."

ချွေးသံရွှဲရွှဲနဲ့.. မီးကုန်ယမ်းကုန် ကတာတွေကို ညနေပိုင်းရောက်တာနဲ့ တစ်ခန်းရပ်တယ်..။ နောက်တော့.. ရေမိုးချိုး ဖီးလိမ်းပြင်ဆင်ပြီး ပွဲခင်းလျှောက်ကြတယ်..။

တစ်ချို့အခြောက်တွေ တော်တော်ချောကြတယ်..။ မိန်းမချော ချောကြတာပဲ..။ ၀တ်ထားတာကလဲ.. မိန်းမရှုံးလောက်တယ်..။ တစ်ချို့ဆို.. ဇာပေါက်.. အင်္ကျီလိုဟာ ၀တ်ထားတော့ မမြင် သင့်တာတွေ မြင်နေရတယ်..။ ဆေးတွေ ဘာတွေနဲ့ လဲ စီမံထားဟန်တူပါရဲ့..။ အရွယ်ရောက်ပြီး အမျိုးသမီး တစ်ယောက်ရဲ့ ပိုင်ဆိုင်မှုထက် သူတို့မလျော့ကြဘူး..။ အင်္ကျီ အောက်မှာ လှုပ်တုတ်လှုပ်တုတ်နဲ့ပေါ့..။ အဲဒါကို.. သူတို့က ဂုဏ်ယူဟန်တူပါတယ်..။ ဖင်လေး ယမ်းတန်းယမ်းတန်းနဲ့ ပွဲခင်းတစ်လျှောက် လူးလာခေါက်တုံ လုပ်နေကြတယ်..။

သူတို့မှာလည်း.. သူတို့ဖောက်သည်နဲ့သူတို့ပဲ..။ လက်ဖျားငွေသီးနေတဲ့သူတွေ ဆိုတော့.. ငွေလိုသူ ရွာသားတွေ ၀ိုင်းနေတာပေါ့..။ တစ်ချို့ အခြောက်အိပ်တဲ့ နတ်ကွန်းထဲက ခြင်ထောင်ဘေးမှာ.. ရွာသားတွေ တုံကင်ယူပြီး တန်းစီစောင့်တဲ့ အဖြစ်မျိုးတောင် ရှိတတ်တယ်..။ သူ့အရပ်နဲ့ သူ့ဇာတ်လို့ ပြောရမယ်ထင်ပါရဲ့..။

ကျွန်တော့်မှာ.. အဲဒီလိုမျိုး.. ယောက်ျားချင်း အချစ်ရှာတဲ့ သူငယ်ချင်း တစ်ယောက်ရှိတယ်..။ သူ့နာမည်က ကျော်ဆွေလို့ ခေါ်တယ်..။ တုံကင်ယူ တန်းစီစောင့်ရတဲ့ အကြောင်း.. သူပြောပြလို့.. သိရတာပါဗျာ.. ဟဲဟဲဟဲ..။ ( ပြောမယုံကြုံဖူးမှ သိ လို့ တော့ မပြောရဲဘူးဗျို့ )

လက်ထဲ ငွေနှစ်ကျပ်လောက်ရှိရင် ရုပ်ရှင်ကောင်းကောင်းကြည့်လို့ ရတဲ့ ခေတ်ဆိုတော့.. သူတို့ဆီက.. ငွေငါးကျပ်လောက်ရရင်.. ထင်ရာလုပ်လို့ ရသွားနိုင်တဲ့အနေအထားဆိုတော့.. မားကတ်က.. ပိုတင်ရှယ် ရှိနေတော့တာပေါ့..။ အဲဒီအချိန်တုံးက.. အေအိုင်ဒီအက်စ်ဆိုတာ.. ကြားတောင် မကြားဖူး ကြသေးဘူး..။


ကြုံလို့.. အခြောက်တစ်ယောက်နဲ့ ကျွန်တော့်အကြောင်း ပြောရဦးမယ်.. ။ ဟီးဟီး

အထက်တန်းကျောင်းသားဘ၀မှာ.. စာသင်ပေးတဲ့ ကျွန်တော့်ဆရာမ တစ်ယောက်ရှိတယ်.။ ဆရာမတို့က.. အထည်ဆိုင် ဖွင့်ထားတယ်..။ ပုံမှန်ကတော့.. ရွာဈေးမှာ.. ရောင်းတာပဲ..။ နတ်ပွဲချိန်မှာတော့.. ပွဲခင်းထဲထွက်ပြီးရောင်းတယ်..။ ကျွန်တော်က.. သူတို့ဆိုင်ကို.. ညစောင့်အိပ်ပေးရတယ်..။ သူတို့ဆိုင်က.. နတ်ကွန်းနဲ့ နီးတယ်..။ အဲဒီမှာ ဇာတ်လမ်း စတာပဲ..။

ဆရာမတို့ဆိုင်နဲ့ မျက်စောင်းထိုးမှာ.. မြို့ကလာဖွင့်တဲ့.. အလှပြင်ဆိုင်တစ်ဆိုင်ရှိတယ်..။ အဲဒီဆိုင်က ကောင်မလေးတွေ က.. ချစ်စရာလေးတွေ..။ သူတို့ကို ငမ်းချင်တာနဲ့ ညနေညနေဆို.. ကျွန်တော်လည်း.. ဘောင်းဘီရှည်နဲ့ တီရှပ်နဲ့ ပဲများနေခဲ့တယ်..။ ဒါပေမယ့်.. ခုတ်ရာတခြား ရှရာတခြားဖြစ်တော့တာပဲ..။ အလှပြင်ဆိုင်က ကောင်မလေးတွေက.. မကြွေဘဲ.. မေဘယ်ထွန်းထွန်းလို့ ခေါ်တဲ့ အခြောက်တစ်ယောက်က.. ကျွန်တော့်ကို အရမ်းခိုက်သွားခဲ့တယ်..။

ညဆယ့်တစ်နာရီလောက်ဆို.. ကျွန်တော်အိပ်တယ်..။ ကျွန်တော်နဲ့အတူ.. ၀င်းနိုင်ဦးလို့ ခေါ်တဲ့.. သူငယ်ချင်းလည်း..လာအိပ်တယ်..။ အအိပ်ဆတ်ချက်ကတော့.. မေဘယ်ထွန်းထွန်း ဆိုင်ပေါ်လာပြီး ကျွန်တော့်ကို ဟိုကိုင်ဒီကိုင် လုပ်တာတောင်.. ချက်ချင်းမနှိုးဘူး..။ အခြောက်မို့လို့ပေါ့.. သူခိုးဆိုရင်.. ဆရာမတော့.. ဒေ၀ါလီ ခံရပြီပဲ..။

ကျွန်တော်ရုတ်တရက် လန့်နိုးလာတဲ့ အထိ.. အဲဒီအခြောက်က.. လက်မလျော့ချင်ဘူး..။ ခနလေး ခနလေး.. ငါးမိနစ်လောက်ပဲ လို့.. ဇွတ်ပြောနေသေးတယ်..။ ကျွန်တော်လည်း.. ထူပူပြီး. သူ့ကို လက်သီးနဲ့ ထိုးပစ်လိုက်တယ်..။ သခင်မ နဲ့ တိုင်ပြောမယ်လို့.. ပြောပြီး ပေစောင်းပေစောင်းနဲ့.. သူပြန်ထွက်သွားတယ်..။

ကျွန်တော်တို့ ရုန်းရင်းဆန်ခတ် ဖြစ်တာကို ကြားတဲ့.. ဘေးဆိုင်တွေ နိုးလာပြီး စပ်စုကြတယ်..။ အလှပြင်ဆိုင်ထဲက.. မချောတွေကလည်း.. ပြူတစ်ပြူတစ်နဲ့ပေါ့..။ အိပ်ချင်နေတဲ့ စိတ် ဘယ်ရောက်သွားမှန်းမသိအောင်.. ကျွန်တော် ရှက်နေခဲ့တယ်..။ ၀င်းနိုင်ဦးကတော့.. ပြုံးစိစိ လုပ်နေတယ်..။

အဲဒီအခြောက် အမှတ်သည်းခြေမရှိဘူး..။ နောက်ရက်တွေမှာလဲ.. ဆိုင်နားမှာ ရစ်သီရစ်သီ လုပ်နေတုံးပဲ..။

သူက ရစ်သီရစ်သီလုပ်နေတော့.. ကျွန်တော့်မှာ.. ကောင်းကောင်းမအိပ်ရဲတော့ဘူး..။ နိုးနိုးကြားကြား ဖြစ်နေခဲ့တယ်..။ မကြာခန လန့်လန့်နိုးတယ်..။ ကျွန်တော့်အိပ်မက်ထဲကို.. မကြာခန သူအလည်လာတယ်..။ အဟတ်ဟတ်..။

ဝင်းနိုင်ဦးကတော့.. ဒီအခြောက်ကို.. နည်းနည်းတော့ ပညာပေးရအုံးမယ် ဆိုပြီး.. တစ်ည သူ့ကို ပခုံးဖက်ပြီး ထွက်သွားတယ်..။ နောက်တစ်နေ့မှာ.. ကျွန်တော်တစ်ယောက်တည်း ဆိုင်မှာရှိနေချိန်.. ပေစောင်းပေစောင်းနဲ့.. အဲဒီအခြောက် ရောက်လာတယ်..။

ရှင့် သူငယ်ချင်း ဒီည မလာဘူးလား လို့.. ရောက်ရောက်ခြင်း.. မေးတယ်..။ လာမှာပေါ့.. စောသေးလို့ လို့.. ကျွန်တော်ပြန်ပြောတော့.. ရှင့် သူငယ်ချင်းက ကာစတန် ကလားလို့.. သူဆက်မေးတယ်..။ ကျွန်တော်ကတော့. စကားပြောချင်စိတ် မရှိတာနဲ့.. အင်းမလုပ်အဲမလုပ် လုပ်နေခဲ့တယ်..။

" မနေ့ညက..ကျမ က သူ့ကို ဘာမှ မတောင်းဆိုပါဘူး."

"သူ့ဆန္ဒကို တောင် လိုအပ်ရင် ကျမက ဖြည့်ပေးဖို့ အဆင်သင့်ပါ.."

"ဒါပေမယ့် သူက ကျမ အိပ်ထောင်ထဲက ပိုက်ဆံခုနှစ်ကျပ်နဲ့ မီးခြစ်တစ်လုံး အတင်းနှိုက်ပြီး ထွက်ပြေးသွားတယ် .."

"ရပါတယ်လေ.. သူ့တန်ဘိုးသူ ဖြတ်သွားတာပဲ.. "

"ကျမက ခွင့်လွှတ်ပေမယ့်.. သခင်မက တော့ ခွင့်လွှတ်မှာမဟုတ်ဘူး.. "

... ကရားရေလွှတ် တတွတ်တွတ် ပြောပြီး ချာကနဲ သူ လှည့်ထွက်သွား ခဲ့တယ်...။

အခြောက်ရင်မှာ.. ဒဏ်ရာတွေနဲ့လားတော့.. ကျွန်တော်မဝေခွဲနိုင်ခဲ့ပါဘူး..။


ကြုံလို့ အဖေနဲ့ အတူ နတ်မေးတဲ့ အကြောင်း ပြောရဦးမယ်..။ နန်းထိုင်လုပ်တဲ့ ကိုဖိုးအေး က.. အဖေ့မိတ်ဆွေ..။ တစ်ည.. အဖေ့ကို အပျင်းပြေ နတ်မေးရအောင်ဆိုပြီး သူက လာခေါ်တယ်..။ အဖေနဲ့ ကျွန်တော်ပါ နတ်ကွန်းထဲ လိုက်သွားခဲ့တယ်..။

ဟိုရောက်တော့.. ကိုဖိုးအေးတို့မိသားစုရယ် ကျွန်တော်တို့ သားအဖရယ် နတ်ကတော်ရှေ့မှာ ထိုင်ကြရတယ်..။ ကျွန်တော်တို့ မျက်စိရှေ့မှာတင် နတ်ကတော်တကိုယ်လုံး အံ့သြဖွယ်ရာ ကောင်းလောက်အောင် တွန့်လိမ်ကောက်ကွေးပြီး တဆတ်ဆတ်တုန်သွားတယ်..။ အဲဒီလို ဖြစ်တာဟာ.. နတ်ဝင်တာပဲ လို့.. နောက်မှ သဘောပေါက်တယ်..။

နတ်က ဘယ်နေရာက ၀င်သွားမှန်းတော့ မသိပါဘူး..။ အ၀င်တော့ နည်းနည်းကြမ်းတယ် ပြောရမှာပဲ..။ ခနနေတော့.. နတ်ကတော်က.. သံသေးသံကြောင်နဲ့.. ငါ့ကို.. ချိုချင်ဆက်စမ်း ဘဲဥဆက်စမ်းနဲ့ ပြောတယ်..။ အဲဒီအခါမှ.. ၀င်သွားတဲ့ နတ်က.. မနှဲလေးမှန်း သိကြရတယ်..။

နတ်ကတော် ပါးစပ်က.. ထွက်တဲ့.. လေယူလေသိမ်း စကားသံကို ကြည့်ပြီးမှ.. ဘယ်နတ်ဝင်တယ်ဆိုတာ.. သိကြရတယ်..။ ဥပမာ.. ညစ်တီးညစ်ပတ်တွေ တစ်တစ်ခွခွ ပြောရင် အမေဂျမ်း ၀င်တာပဲ..။ ကြက်ကြော်ဆက်စမ်း အရက် ဆက်စမ်း ဆိုရင်.. ကိုကြီးကျော်တဲ့..။ တဆတ်ဆတ်တုန်ရင်း နတ်ကတော်က.. တအေ့အေ့ နဲ့.. ကြို့ထိုး နေရင်း ဘိုးပြည့် ၀င်နေပြီတဲ့..။

ကြည့်ရတာ.. အားတဲ့နတ် အလှည့်နဲ့ ၀င်ရဟန်တူပါရဲ့..။

နတ်ဝင်သွားတာနဲ့.. မေးချင်ရာ မေးလို့ ရသွားပြီ..။ တစ်ယောက်တစ်ပေါက် ၀ိုင်းမေးကြတယ်..။ နတ်ကတော်ကလည်း.. အသံသေးအသံကြောင်နဲ့ မေးသမျှ ပြန်ဖြေတယ်..။ အားလုံး ရယ်လိုက်မောလိုက်နဲ့ ဟာသလုပ်နေကြသလိုပါပဲ..။

ကိုဖိုးအေးက အဖေ့ကို မေးချင်ရာမေးလို့ ပြောတယ်..။ အဖေက.. နတ်ကို အယုံအကြည်မရှိသူဆိုတော့.. မမေးတော့ပါဘူး ဖိုးအေးရာလို့ ပြန်ပြောတယ်..။ ကိုလေးအုံး မမေးချင် ရင် ကျွန်တော်မေးပေးမယ်လို့ ကိုဖိုးအေးက ပြောပြီး အဖေ့ကိုယ်စား.. နတ်ကတော်ကို မေးပေးတယ်..။

ကိုဖိုးအေးက အဖေ့ကို လက်ညှိုးထိုးပြီး..

"သူ့မိန်းမ အိမ်က ထွက်သွားတာ ကြာပြီ.. ဘယ်တော့ပြန်လာမလဲ.. " လို့ မေးတယ်..။

နတ်ကတော်က..

"တော်တော်နဲ့ ပြန်လာမှာမဟုတ်တော့ဘူး.. ခင်ဗျားကို ချစ်တော့ချစ်တယ်.. ဒါပေမယ့်.. အရမ်းကြောက်သွားပြီ.. လူကြီးစုံရာနဲ့ လိုက်ခေါ် မှ ပြန်လာလိမ့်မယ်.. " လို့ ပြန်ဖြေတယ်..။ ကျွန်တော်နဲ့ အဖေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး နတ်တော့.. သောက်တလွဲဖြစ်ပြီလို့ တွေးပြီး ရယ်ကြတယ်..။

အမေက မန္တလေးကို သွားတာ..။ ကျွန်တော့်အကို တက္ကသိုလ် ပထမနှစ်တက်တာကို.. လိုက်ပို့တာပဲ..။ ကိုဖိုးအေးမေးခွန်းက .. မရှင်းမရှင်းဆိုတော့.. နတ်ကတော်က.. ကျွန်တော့်အမေ စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားတယ် ထင်သွားတာကိုး..။

ကိုဖိုးအေးကလည်း ပြုံးစိစိနဲ့ပေါ့..။

နဂိုရ်ကမှ.. မယုံတဲ့ ကျွန်တော့်အဖေအတွက်တော့.. ပြောစရာတစ်ခု ထပ်ရသွားတာပေါ့..။ အဖေက မယုံဆို.. ငယ်ငယ်ကတည်းကလို့ ပြောရမှာပဲ..။

အရွယ်ကောင်း လူပျိုပေါက်အရွယ်မှာ.. အဖေနဲ့ သူ့သူငယ်ချင်းတစ်ယောက်.. ပါးစောင်ထဲ ဇီးဖြူသီးငုံ သရင်းကြီးမြစ်သွေးလိမ်းပြီး နတ်သွားမေးဖူးတယ်တဲ့..။ မနေ့က အကောင်းကြီး .. ဒီမနက်မှ ကောက်ခါငင်ခါ.. ပါးစောင်ကြီးယောင်ကိုင်းလာတယ်လို့ ... ပြောတော့.. ထုံးစံအတိုင်း နတ်ကတော်က.. နတ်ပူးပြီး.. ကိုကြီးလုပ်ထားတာ ( ကိုကြီးလုပ်ထားတာဆိုတာ..ကိုကြီးကျော်ပြုစားထားတာလို့ ဆိုလိုတာပဲ ) ပျောက်ချင်ရင်.. ကန်တော့ပွဲထိုးတောင်းပန်ရမယ် လို့.. လုပ်ချတော့တာပဲ..။

အဖေတို့က အဲဒီအချိန်တုံးက ကွန်မြူနစ်ယောင်ယောင် ဘာယောင်ယောင်ဆိုတော့.. ပါးစောင်ထဲက ဇီးဖြူသီးထုတ်ပြ ပြီး ဘာကိုကြီးလုပ်ထားတာလဲ .. ခင်ဗျားတို့ နတ်ကတော်တွေ လူတွေကို လိမ်စားနေတာပဲ အားလုံးကို ဖမ်းတယ် ဆိုပြီး နတ်ကတော်တွေေ၇ာ.. နတ်ရုပ်တွေရော.. အားလုံး ကားပေါ်တင် စခန်းခေါ်သွားခဲ့တယ်လို့.. အဖေ ပြန်ပြောပြဖူးတယ်..။

တကယ်တော့ နတ်ပွဲတွေဆိုတာ.. ကောင်းတဲ့ဖက်က ကြည့်ရင်.. ကောင်းကွက်တွေ တော့ ရှိပါတယ်..။ အနယ်နယ်က.. ထွက်ကုန်ပစ္စည်းတွေ.. ရောင်းကြ၀ယ်ကြ ဖလှယ်ကြပေါ့..။ ကုန်စည်တွေ စီးဆင်းတယ်..။ စီးပွားရေးအရ အပြန်အလှန်အကျိုးပြုကြတယ်..။ မြန်မာလူမျိုးတွေ.. နတ်ပွဲကို အမှီပြုပြီး.. ခရီးသွားခွင့်ရတယ်..။ တချို့တချို့ဆို.. အပျော်ခရီးတစ်ခုလို သဘောထားကြတာပဲ..။

Sunday, June 29, 2008

13.3 ရွာကဓလေ့တစ်ချို့

ရွာနတ်ပွဲမှာ.. ရွှေဘိုကျောက်မြောင်း နွယ်ငြိမ်းဖက်က.. စဉ့်အိုး စဉ့်ခွက် အစုံပလုံ တောင် လာရောင်းလေ့ ရှိကြတယ်..။ ဧရာဝတီ မြစ်ကျောတစ်လျှောက် စဉ့်အိုးတွေကို ဖောင်ဖွဲ့ပြီး စုန်ဆင်းလာကြတယ်..။ နတ်ပွဲမစမှီ တစ်ပတ်လောက်ကတည်းက.. စဉ့်အိုးဖောင်ကြီးတွေ ရွာဆိပ်ကမ်းမှာရောက်နေပြီ..။

စဉ့်အိုးဖောင်ဆိုတာ.. စဉ့်အိုးကြီးတွေကို.. ချုပ်တန်းတွေနဲ့ ချုပ်.. တွဲစပ်ပြီး ရေထဲ ဒီအတိုင်းမျောလာတဲ့ ဖောင်ကြီးတွေပဲ..။ အထူးသဖြင့်.. ရာဝင်အိုး ရာ့ငါးဆယ်ဝင်အိုးစတဲ့ အိုးအကြီးကြီးတွေကို.. အမာခံထား.. အဲဒီအိုးကြီး တွေထဲမှာမှ.. အိုးအငယ်တွေ အဆင့်ဆင့်ငုံ တိုလီမိုလီ စဉ့်ခွက် စဉ့်ရုပ်တွေ ထည့်ထားတဲ့ ဖောင်တွေပေါ့..။

မြစ်ဆိပ်ကနေ.. ပွဲခင်းအရောက်တော့ နွားလှည်းပဲ အားကိုးကြရတယ်..။

အရောင်းအ၀ယ်မကောင်းတဲ့ နှစ်တွေမှာ.. နတ်ပွဲသာ ပြီးသွားတယ်.. စဉ့်အိုးသည်တွေကတော့ ငုတ်တုတ်ကျန်ခဲ့ရှာတယ်..။ တစ်ခါတစ်လေ.. တစ်လကိုးသီတင်း.. ရွာမှာ.. သူတို့ သောင်တင်နေခဲ့ကြတယ်..။
မရောင်းရတဲ့ စဉ့်အိုးတွေကို.. ပြန်သယ်သွားဖို့ကလည်း ဘယ်လိုမှ မဖြစ်နိုင်.. ၀ယ်သူကလည်း မရှိတော့ ဆိုတော့.. သူတို့ခမျာ.. ယောင်ခြာခြာပေါ့..။

တစ်ချို့ကတော့.. ရွာခံ လူရင်းတွေဆီ.. စဉ့်အိုးတွေ အပ်ထားခဲ့ပြီး.. ပြန်သွားလေ့ရှိတယ်..။ နောက်နှစ်မှ.. စာရင်းရှင်းကြတယ်..။ ပွဲချိန်တုံးက စည်ကားသလောက် ပွဲပြီးတော့လည်း.. ဟာလာဟင်းလင်း အမှိုက်တွေ ဟိုလွှင့် ဒီလွှင့်နဲ့ ကျန်ခဲ့တာပါပဲ..။

နတ်ပွဲပြီးပြီးချင်း နောက်ရက် ညနေမှာ.. ကျွန်တော်တို့ တစ်ရွာလုံး.. အိမ်နံရံတွေ တုတ်နဲ့ရိုက်.. သံပုံးတွေတီး.. တုံးတွေခေါက်ပြီး သရဲနှင်လေ့ရှိတယ်..။ ဘယ်အိမ်က စတီးမှန်းတော့ မသိပါဘူး..။ ဟိုဖက်အိမ်က တီးတဲ့အသံ ဒီဖက်အိမ်ကကြား.. ဒီဖက်အိမ်က တီးတဲ့အသံ နောက်အိမ်ကကြားနဲ့.. တစ်ရွာလုံး ဆူညံပွက်အောင်.. တီးကြတာပဲ..။

အဲဒီလို တီးလိုက်မှ.. မမြင်ရတဲ့ နတ်ပွဲလာ မကောင်းဆိုးဝါး နာနာဘာဝတွေ.. ရွာကနေ ပြန်သွားကြတယ်လို့.. အယူရှိကြတယ်..။

ကျွန်တော်တို့ ကလေးတုံးကတော့.. အဲဒီလို.. ကိုယ့်အိမ်ကို တဗုံးဗုံးနဲ့ ရိုက်ရတာကို အရမ်းပျော်တယ်..။ တစ်နှစ်မှ တစ်ကြိမ်ပဲ ရိုက်ရတာကိုး..။ တခြားအချိန် အိမ်ထရံ တဗုံးဗုံးနဲ့ တီးလို့ကတော့.. ကျောကော့သွားမှာပေါ့..။

ကျွန်တော်တို့ရွာမှာ.. အဲဒီလို ထူးခြားတဲ့ ဓလေ့လေးတွေရှိတယ်..။

ဥပမာ.. ဦးသုခရဲ့ ဘ၀သံသရာ သီချင်းဖွင့်သံကြားရင်.. လူတစ်ယောက်တော့ သေရှာပြီလို့.. တစ်ရွာလုံးက နားလည်ကြတယ်..။

"ဘ၀ သံသရာ.. ရှည်လျား ထွေပြား မနေမနား တသွားတည်း သွားကြတာ .. " လို့သာ ကြားလိုက်.. ရွာသားတစ်ယောက်တော့ မာလကီးယားဖြစ်ပြီလို့ တထစ်ချပြောနိုင်တယ်..။ အဲဒီသီချင်းက အသုဘ မူပိုင်သီချင်းပဲ..။ တခြားအချိန်တွေမှာ.. လုံးဝဖွင့်လေ့မရှိဘူး..။

"တူနှစ်ဖြာ ရွှေဂဟေဆက်ပါလို့.. သွေမပျက်တဲ့ သစ္စာ.. " ဆိုတဲ့ တွံတေးသိန်းတန် သီချင်းသံကြား၇င်တော့.. လူထီးကလေးနဲ့ လူမလေး တို့ ရွှေဂဟေ ဆက်တော့မယ်လို့.. သိကြရတယ်..။

ရွာကလူတိုင်းနားလည်တဲ့ တီးလုံးတစ်ခု ရှိသေးတယ်..။ ရုပ်ရှင်ပြခါနီးတိုင်း ဖွင့်တဲ့ တီးလုံးပဲ..။ ကြည်နူးဖွယ်တီးလုံးလို့.. ကျွန်တော်တို့ကခေါ်တယ်..။ အဲဒီတီးလုံးဖွင့်ရင် မကြာမှီ ရုပ်ရှင်ပြတော့မယ်လို့.. ပြောနိုင်တယ်..။

ရုပ်ရှင်ပြခါနီး ဖွင့်တဲ့တီးလုံးလို့ ပြောတာနဲ့.. ရွာသာဆိုတာ.. ရုပ်ရှင်ရုံတွေဘာတွေနဲ့ လို့.. အထင်မကြီးကြနဲ့အုံး..။ တစ်နှစ်လုံးနေမှ လွန်ရောကျွံရောပြ ဆယ်ရက်ပဲ..။ အထူးသဖြင့် ကျွန်တော်ပြောခဲ့တဲ့ နတ်ပွဲ နဲ့ ရွာဘုရားပွဲလောက်ပဲ ရုပ်ရှင်က ပြတယ်..။

ရွာမှာ.. အမြဲရုပ်ရှင်ကန်ထရိုက် ဆွဲတဲ့ ရွာသားတစ်ယောက်ရှိတယ်..။ ဦးရွှေအောင်လို့ ခေါ်တယ်..။ အဲဒီလူ စကားပြောလည်း အင်မတန်ကောင်းတယ်..။ သေနတ်ပစ်သံ မြင်းခွါသံ စတဲ့ ရုပ်ရှင်ထဲက အသံပေါင်းစုံကို လည်း.. အသံတုလုပ်တတ်တယ်..။

"ယနေ့ည ကျွန်တော်များ ကြမ်းမယ် ရမ်းမယ်.. ဒူးမထောက်လက်မမြှောက်ဆိုတဲ့.. နယ်ချဲ့တော်လှန်ရေး ဇာတ်ကားကြီးမှာ.. ဒက်ဒက်ဒက်ဒက်.. တက်ကလောက် တက်ကလောက် ခွပ်ခွပ်ခွပ်.. ဒက်ဒက်ဒက်ဒက်.. အဲဒီလို အဲဒီလို ကြမ်းမယ်ရမ်းမယ် ပေါ့ခင်ဗျာ.. " စသဖြင့်.. မကြည့်ချင်ကြည့်ချင်ရအောင် သူပြောလေ့ရှိတယ်..။

ကျွန်တော်ကသာ.. သေနတ်သံကို ဒက်ဒက်ဒက်ဒက် နဲ့ ရေးတာ.. သူ့လုပ်တဲ့ အသံတုက.. တကယ့်သေနတ်ပစ်သံလိုမျိုးပဲ..။ မြင်းခွါသံလည်း.. တကယ့် မြင်းတွေ ဒုန်းစိုင်းနေတဲ့ အတိုင်းပဲ..။

ရန်ကုန်မှာလို ပွဲချိန်သတိပြု တို့ ဘာတို့တော့ မရှိပါဘူး..။ ဦးရွှေအောင် ပြချင်တဲ့ အချိန် ရုပ်ရှင်စတာပဲ..။ ညရှစ်နာရီ.. ကိုးနာရီ .. တစ်ခါတစ်လေ ဆယ်နာရီလောက်မှ ပြတယ်..။ ရုံဝင်လူနည်း ရင် နည်းသလို.. စောင့်ပြီးမှ.. ပြတယ်..။ ဒါပေမယ့်.. ကြည်နူးဖွယ်တီးလုံး ဖွင့်ပြီဆိုရင်တော့.. မကြာခင် ရုပ်ရှင်စတော့မယ်လို့ တစ်ရွာလုံးက နားလည်ကြတယ်..။ တချို့ကလည်း.. အဲဒီတီးလုံးသံကြားမှ.. အိမ်က ထွက်လာကြတာပဲ..။

ကျွန်တော်တို့ ငယ်ငယ်တုံးကတော့ ဒီနေ့ည ရုပ်ရှင်သွားကြည့်ကြမယ်လို့ အမေတို့က ပြောထားရင် ကလေးဆိုတော့ ညနေစောင်းကတည်းက စိတ်လောနေပြီ..။ ဦးရွှေအောင်ကလည်း.. လော်စပီကာနဲ့.. ဟောဒီလိုဟောဒီလို.. ကြမ်းမယ် ရမ်းမယ် အော်နေလေတော့.. ကျွန်တော် ဂနာမငြိမ်တော့ဘူး..။ သွားချင်နေပြီ..။

အမေတို့ အမတို့က.. ရုပ်ရှင်သွားခါနီး ဖီးလိမ်းပြင်ဆင်ကြတာကို ကျွန်တော်က စိတ်မရှည်ဘူး..။ အမေတို့ကလည်းဗျာ.ဟိုမှာပြတော့မှာဗျ.. မြန်မြန်လုပ်တာမဟုတ်ဘူး.. ရုပ်ရှင်ကြည့်မှာပဲကို အလှ အဲဒီလောက်ကြီးပြင်ဖို့ မှ မလိုတာပဲ နဲ့.. ဂျီကန်လေ့ရှိတယ်..။

ဟဲ့.. သေနာကလေးရဲ့.. ကြည်နူးဖွယ်တောင် မဖွင့်သေးဘူး.. တကတည်းတော် ဒေါ့ရင်းနားပန် ထားရသလိုပဲ.. လို့.. အမေက ပြန်ပြောလေ့ရှိတယ်..။ ( ဒေါ့ရင်း ဆိုတာ.. မရပ်မနား တရစပ်အော်တဲ့.. အကောင်လေးတွေကို ခေါ်တာ..ကျွန်တော်တို့ ရွာဖက်မှာ.. ညနေစောင်းဆိုရင်.. သူတို့အသံတွေ ချည်းပဲ..။ ကလေးတွေ နားပူနားဆာလုပ်တိုင်း မိဘတွေက.. ဒေါ့ရင်း နားပန် ထားရသလိုပဲ လို့ ပြောလေ့ရှိတယ်..။ )

တစ်ခါတစ်ရံကျတော့လည်း.. ကြည်နူးဖွယ်သာ ဖွင့်ထားတာ..။ တော်တော်ကြာတဲ့အထိ.. ရုပ်ရှင်က ပြတာမဟုတ်ဘူး..။

ကိုရွှေအောင်ခမျာလည်း.. ရုံဝင်ကြေးနဲ့ ကန်ထရိုက်ကြေး ကာမိလေအောင် ကြည်နူးဖွယ်ကို.. အချိန်ဆွဲ ဖွင့်ရတာလေးတွေ ရှိပါတယ်..။

နောက်ပြီး နောက်ဆုံးညမှ.. ကြည့်မယ် ဆိုတဲ့.. ရွာသားတွေကလည်း မနည်းဘူး..။ ကျွန်တော်ပြောခဲ့သလို.. တစ်နှစ်လုံးနေမှ.. ရုပ်ရှင်က.. လေးငါးရက် ကြည့်ရတာဆိုတော့.. မကြည့်လိုက်ရ မရှိလေအောင်.. ရွာကလူတွေ ကြည့်ကြလေ့ရှိတယ်..။

ရုပ်ရှင်စပြတဲ့.. ပထမရက်မှာ.. ဘာကားပြပြ တစ်ချို့ ရွာသားတွေက မကြည့်ဘူး..။ နောက်ဆုံးညမှ ကြည့်မယ်လို့ ယတိပြတ် ဆုံးဖြတ်ထားကြတယ်..။ ကိုရွှေအောင်ကလည်း.. လည်တယ်..။ ဒုတိယညလောက်ကတည်းက.. "ဒီနေ့ ကျွန်တော်များ.. နောက်ဆုံးနောက်ဆုံး နောက်ပိတ်ဆုံး အားပါးတရ နှုတ်ဆက်ပွဲညဖြစ်ပါတယ်.. " လို့ ကြေငြာတော့တာပဲ..။

ရွာသားတွေကလည်း.. နောက်ဆုံးညတဲ့ဟေ့.. မကြည့်လိုက်ရ မရှိရလေအောင် အားပေးလိုက်ကြစို့ လို့ မောင်းတင်ပြီး.. ကြည့်ကြတာပေါ့..။

ဒါပေမယ့်.. နောက်တစ်နေ့ညမှာလည်း.. "ယနေ့ည ကျွန်တော်များ နောက်ဆုံး နောက်ဆုံး နောက်ပိတ်ဆုံး ဘုရားစူး အားပါးတရ နှုတ်ဆက်ပွဲည ဖြစ်ပါတယ်.." လို့.. ကိုရွှေအောင်က အော်ပြန်တယ်..။

အဲဒီကနေ.. ရွာမှာ.. ဆိုရိုးစကားတစ်ခု ပေါ်လာခဲ့တယ်..။

ဘယ်တော့မှ.. မပြုပြင်မပြောင်းလဲ မပြီးဆုံးနိုင်တဲ့ ကိစ္စရပ်တွေကို.. "ကိုရွှေအောင် နောက်ဆုံး ည " လို့ ပြောလေ့ရှိကြတယ်..။


ကျွန်တော်တို့ ရွာမှာ..

" ကိုရွှေအောင့် နောက်ဆုံးည "
" ကိုညိုအေး အရက်ဖြတ်တာ "
" မောင်ကျင် ဓါးကြိမ်း ကြိမ်းတာ "
" ကိုဆန်နီ အိမ်ပေါ်က ဆင်းတာ "

ဆိုတဲ့.. ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့.. အဖြစ်အပျက်တွေကို ခိုင်းနှိုင်းပြောတဲ့.. ဆိုရိုးတွေ ရှိတယ်..။

ဦးညိုအေး ဆိုတဲ့ လူကြီးကလည်း.. တစ်နှစ်မှာ.. အနည်းဆုံး ဆယ်ကြိမ်လောက် အရက်ပြတ်ပြီ ကြေငြာပြီး နောက်ပြန်သောက်တာပါပဲ..။ မောင်ကျင်ဆိုတဲ့ လူကတော့.. ဓါးတစ်ချောင်းဆွဲပြီး.. မိုက်တဲ့ကောင်ထွက်ခဲ့လို့ နေ့တိုင်းနီးနီး ရပ်ကွက်ထဲ လှည့်စိန်ခေါ်လေ့ရှိတယ်..။ ဒါပေမယ့် မောင်ကျင်သာ သေသွားတယ်.. သူနဲ့ရန်ဖြစ်ပြီး ဓါးခုတ်ခံလိုက်ရတယ်ဆိုတဲ့ အသံ တစ်ခါမှ မကြားဖူးဘူး..။

ကိုဆန်နီဆိုတာကတော့ သူ့မိန်းမ နဲ့ ရန်ဖြစ်ပြီး တော်ကြာနေရင်း အိမ်ပေါ်က ဆင်းပြန်ပြီ..။ ဒါပေမယ့် နောက်ရက်မှာ.. သူ့အိမ်ပေါ် ပြန်ရောက်နေတာပါပဲ..။

အဲဒါကြောင့်.. ရွာမှာ.. ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ အဖြစ်အပျက်တွေကို.. သူတို့ လေးယောက်ရဲ့ ဆိုရိုးတွေနဲ့ ခိုင်းနှိုင်းပြောကြတာပဲ..။

Saturday, June 28, 2008

13.4 ရွာက ဗွီဒီယိုရုံ

နောက်တော့ ရွာမှာ ဗွီဒီယိုရုံတွေ ပေါ်လာခဲ့တယ်..။ ကိုရွှေအောင်လည်း.. ရုပ်ရှင်ပြတာကနေ.. ဗွီဒီယိုပြတဲ့ ဖက်ကူးသွားခဲ့တယ်..။ ဗွီဒီယိုပြတာက ကရိကထ နည်းတယ်..။ မြတ်တယ်..။ လူသက်သာတယ်..။

ရုပ်ရှင်ပြတုံးကလို.. လိပ်ခေါင်းထွက်အောင် အော်စရာလည်း မလိုတော့ဘူး..။ ဗွီဒီယိုရုံရှေ့မှာ.. ဘလက်ဘုတ် တစ်ချပ်ထောင်ပြီး ည ပြမယ့်ကား ကြေငြာထားလိုက်ရုံပဲ..။

ကိုရွှေအောင်က စကားပြောတာ ကောင်းတာ..။ စာသိပ်တတ်တာမဟုတ်ဘူး..။ ဗွီဒီယို နိုင်ငံခြားကား ပြတဲ့ရက်တွေဆို.. သူ့ဘလက်ဘုတ်မှာ ကြေငြာထားတာတွေ က.. သိပ်ရယ်ရတယ်..။

ဂျိန်းစဘွန်းမင်းသား ပီးယာ့စ်ဘရော့နန် ပါဝင်တဲ့ သ၀ါးအစ်နော့အီနပ် ဆိုတဲ့ ဇာတ်ကားကို "ယနေ့ည ဂျိမ်းစဘွန်းမင်းသားချော ပြဲဘရော့ဆုပ် ပါဝင်တဲ့ ထောင့်အပြင်တန်းမရှိ ဇာတ်ကားသစ်ကြီး " .. လို့ ခပ်တည်တည်နဲ့ ကိုရွှေအောင်က ရေးထားတယ်..။

ပီးယာ့စ်ဘရော့နန် နဲ့ ပြဲဘရော့ဆုပ် ဘယ်လိုလွဲသလဲတော့ သူပဲ သိလိမ့်မယ်..။ သ၀ါးအစ်စ် နော့အီနပ်ကိုလည်း.. ထောင့်အပြင် တန်းမရှိ တဲ့..။

တစ်ခါတုံးကလည်း..

ယနေ့ည..

" ကင်းမြီးကောက်အား ခွဲစိတ်ခြင်း" လို့ ကြေငြာထားလို့ ဘာလဲဟ လို့ သွားကြည့်မိတယ်..။ ဇာတ်ကား နာမည်က Scopion Operation ဆိုတဲ့ တရုတ်ကား ဖြစ်နေတယ်..။ ဆေးရုံမှာ ခွဲစိတ်တာကို အော်ပရေးရှင်းလို့ နားလည်ထားတာနဲ့.. ကင်းမီးကောက်အား ခွဲစိတ်ခြင်း လို့ ကိုရွှေအောင်က ဘာသာပြန်ချလိုက်တာပဲ..။

မှတ်မှတ်ရရ စတားလုန်း ကား တစ်ကားရှိသေးတယ်..။ ဇာတ်ကားနာမည်က Tango & Cash လို့ ထင်တာပဲ..။ စတားလုန်းကို ရွာကလူတွေက ရမ်ဘိုလို့ပဲ သိကြတယ်..။ အဲဒီကားမှာ.. စတားလုန်းက Tango အနေနဲ့ သရုပ်ဆောင်ပြီး သူ့ဘော်ဒါ ( နောက်တော့ ရန်သူ ဖြစ်သွားတဲ့ ) က Cash အနေနဲ့ သရုပ်ဆောင်တယ်..။

ကိုရွှေအောင်က..

"ယနေ့ည.. ရမ်ဘိုနဲ့ ငွေကြေးအရှုပ်တော်ပုံကြီး " လို့ ဘလက်ဘုတ်မှာ ရေးချလိုက်တာပဲ..။

တစ်ခါတစ်ရံ အသက်ဆယ့်ရှစ်နှစ်အောက် ကလေးတွေ မကြည့်သင့်တဲ့ ဗွီဒီယိုကားတွေ ကိုရွှေအောင်ရုံမှာ ပြတယ်..။ ခိုးပြ ခိုးကြည့်ကြတာပါပဲ..။ ညရှစ်နာလောက်မှာ.. မြန်မာကားတစ်ကား ပြလိုက်တယ်..။ ကိုးခွဲဆယ်နာရီလောက်မှာ.. မြန်မာကားပြီးသွားတယ်..။ ရုံခါလိုက်တယ်..။ နောက်မှ.. ကာလသားတွေ တိုးတိုးတိတ်တိတ် ကိုရွှေအောင်နဲ့ ဈေးညှိကြတယ်..။

ဈေးအဆင်ပြေတာနဲ့ မီးအားလုံးပိတ်.. အသံဖျောက်ပြီး ရွာသားတွေ အားပေးကြတယ်..။ ဗွီဒီယို ရုံရှေ့က မီးလုံးပါ ပိတ်ထားတော့ ရုံထဲမှာ.. တီဗွီစကရင် က မီးရောင် လောက်ပဲ ရှိတယ်..။ ကိုယ့်အာရုံနဲ့ ကိုယ် ဆိုတော့လည်း.. ဘယ်သူတွေ လာကြည့်နေကြမှန်း.. တစ်ယောက်နဲ့တစ်ယောက် သိပ်မသိကြပါဘူး..။

ရွာသားများ.. ကြည့်ကလဲ ကြည့်ချင်.. ကိုယ်ကြည့်တာ လူတွေ သိမှာလည်း စိုး တယ်..။ ရွာမှာက.. အဲဒီလိုမျိုး ဇာတ်ကားတွေ ကြည့်သတဲ့ လို့ တစ်ယောက်စကား တစ်ယောက်နားနဲ့ သိကုန်ရင် ရှက်စရာကြီးကိုး..။

မှောင်မဲနေတဲ့ကြား.. တိုးတိုးတိတ်တိတ်ဝင်ကြ ထွက်ကြ ထိုင်ကြ ဆိုတော့.. ရုံထဲမှာ.. တစ်ခါတစ်ရံ ဟိုလူ့တိုက် ဒီလူ့တိုးမိ လေးတွေ ရှိတယ်..။ တစ်ရက် ဗိုလ်ကုနဲ့ ကျွန်တော် သွားကြည့်ကြတယ်..။ ဗိုလ်ကုက ဘုန်းကြီးဖြစ်ပြီး ဒါမျိုးတွေ ကြည့်သလားလို့ အပြောခံရ လူသိမှာစိုး တာနဲ့ နည်းနည်းနောက်ကျပြီးမှ ရုံထဲ ၀င်ကြတယ်..။

မီးအားလုံး ပိတ်ထားတော့ ရုံထဲမှာ အတော်မှောင်နေပြီ..။ ဇာတ်ကားကလည်း ပြနေပြီ ဆိုတော့.. မမြင်မကန်းပေါ့..။ ဗိုလ်ကုနဲ့ ကျွန်တော် နောက်နားလေးမှာ ခပ်ကုပ်ကုပ်နေဖို့အရေး.. ကျော်ခွသွားကြရတယ်..။

အကျော်အခွ ခံရတဲ့ သကောင့်သားများကလည်း.. အာရုံပျက်တယ်ဆိုပြီး သိပ်မကြည်ကြဘူး..။ ဗိုလ်ကုကလည်း.. သင်္ကန်းကြီး တဖားဖားနဲ့ဆိုတော့.. ဟိုလူ့တိုက်ဒီလူ့တိုးပေါ့..။

ဗိုလ်ကုတိုးမိတဲ့ ရွာသားက.. ဟာသလုပ်ချင်တယ်နဲ့ တူပါတယ်..။ ငြိမ်ငြိမ်မနေဘဲ.. "ကိုယ်တော်ရ.. တပည့်တော်ခေါင်းလည်း..ကိုယ်တော့်ဟာ နဲ့ ထိုးမိပါဦးမယ် " လို့ ထအော်တယ်..။

အဲဒီမှာ.. တရုံလုံးတသောသောနဲ့.. ဗိုလ်ကုလည်း.. သောက်ရှက်ကွဲတော့တာပဲ..။

ရုံထဲက လူတွေ ရယ်တာ တော်တော်နဲ့ မရပ်တော့.. ကိုရွှေအောင်က.. ဗီဒီယိုစက်ကို ပိတ်ပစ်လိုက်တယ်..။ ခင်ဗျားတို့ အဲဒီလောက် ဆူညံနေရင်.. ဘေးအိမ်တွေ သိကုန်မှာပေါ့..။ မပြတော့ဘူး လုပ်လို့ ၀ိုင်းဝန်းတောင်းပန်ပြီး အသံမထွက်တော့ပါဘူး ဆိုတဲ့ ကတိနဲ့ ဆက်ကြည့်ကြရတယ်..။

( ဒီအကြောင်းကို မပြောတော့ဘူးလို့ တွေးမိသေးတယ်.. ဒါပေမယ့်.. ရွာ.. ရွာအလိုက်.. ဒါမျိုးလေးတွေ ရှိကြောင်း သိစေချင်လို့ ရေးလိုက်တာပါ.. မသင့်တော်ဘူးထင်ရင်.. ခွင့်လွှတ်နားလည်ပေးကြပါ.. )

Friday, June 27, 2008

13.5 ဗျို့

ကျွန်တော်တို့ ရွာရဲ့ ထူးခြားတဲ့ နောက်ဓလေ့တစ်ခုက.. ဗျို့ဟစ်တာပဲ..။

များသောအားဖြင့် ရွာမှာ အလှူအတန်းလုပ်ရင်.. ဖိတ်စာမဝေကြဘူး..။ ဗျို့ဟစ်တဲ့.. ဦးကျော်မှီကို ငှားပြီး တစ်ရွာလုံး လှည့်ဖိတ်ခိုင်းတာပဲ..။ ဦးကျော်မှီက မောင်း တစ်လုံးနဲ့ ရွာရိုးကိုးပေါက် လှည့်အော်ပြီး ဖိတ်တယ်..။

ဦးကျော်မှီက ရပ်ကွက်တစ်ခုကို ရောက်တာနဲ့ မောင်း တဒူဒူ ထုလိုက်တယ်..။ မောင်းသံကို ကြားတာနဲ့ လုပ်လက်စအလုပ်တွေ ခနရပ်ပြီး ရွာသားတွေက.. နားစွင့်ကြတယ်..။

"ဘယ်ရပ်ကွက်နေ.. ဦးဘယ်သူ ဒေါ်အ၀ှါတို့မှ.. မနက်ဖန်မနက်.. ဘယ်အချိန်မှာ.. အလှူအတန်းပြုလုပ်မည် ဖြစ်ပါသဖြင့်.. .. .. ကြွတော်မူကြပါ .. ဗျို့.. " လို့ ဦးကျော်မှီက အသံကုန် ဟစ်တယ်..။ နောက်ဆုံးမှာ.. ကြွတော်မူကြပါ ဗျို့ ဆိုတာနဲ့ အဆုံးသတ်လေ့ရှိတာကြောင့် ဗျို့ဟစ်တယ် လို့ ပြောလေ့ရှိတယ်..။

ဗျို့ဟစ်ပြီး ဖိတ်ထားတဲ့ အလှူဆိုရင်.. အကန့်အသတ်မရှိတော့ဘူး..။ ကြိုက်တဲ့လူ လာစားလို့ ရတယ်..။ အဲဒီလိုအလှူမျိုးဆိုရင် တစ်ရွာလုံး မီးခိုတိတ်ပဲ..။

ကျွန်တော်တို့ နည်းနည်းကြီးလာတော့.. ဦးကျော်မှီဗျို့ဟစ်တာ ခေတ်မှီလာတယ်..။ အရင်လို တစ်ရွာလုံး လှည့်ပတ်ပြီး မအော်တော့ဘူး..။ ညမှ.. အသံချဲ့စက်နဲ့ အော်တယ်..။ လူခြေတိတ်ချိန် အသံချဲ့စက်နဲ့ အော်တာဆိုတော့ တစ်ရွာလုံး ကောင်းကောင်းကြားရတယ်..။

ဗျို့ဟစ်တာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား အဖြစ်အပျက်တစ်ခု ရွာမှာ ရှိခဲ့ဖူးတယ်..။ ဦးမြင့်သန်းဆိုတဲ့ သူက အလှူလုပ်တယ်..။ ဦးကျော်မှီကို ငှားပြီး ဗျို့ဟစ်ခိုင်းတယ်..။ ဦးမြင့်သန်းမိန်းမက တခြားရပ်ကွက်သူ .. လင်မယားချင်းက ကွဲနေကြတယ်..။ သူ့မိန်းမကို စိတ်နာတာနဲ့ ဦးမြင့်သန်းက ဦးကျော်မှီဗျို့ဟစ်တာမှာ.. သူ့မိန်းမ ရပ်ကွက်မပါလို့ ထည့်အော်ခိုင်းတယ်..။

ဦးကျော်မှီကတော့ အလှူရှင်သဘောအတိုင်း အော်တာပေါ့..။ ညမှာ.. အသံချဲ့စက်ကြီးနဲ့ မနက်ဖန်မနက် ဘယ်အချိန်မှာ.. ဘယ်ရပ်ကွက်နေ ဘယ်သူဘယ်ဝှါက.. အလှူလုပ်မည်ဖြစ်ပါသဖြင့် ကြွတော်မူကြပါ.. ဗျို့.. လို့ အော်တယ်..။ ဒါပေမယ့်.. ကြွတော်မူကြပါ ဗျို့ လို့ အော်ပြီးနောက်မှာ.. မှတ်ချက် ရွာသာအေး မပါ လို့ ဆက်အော်တယ်..။ ရွာသာအေး ဆိုတာ.. ဦးမြင့်သန်းမိန်းမ နေတဲ့ ရပ်ကွက်နာမည်ပေါ့..။

ဗျို့ဟစ်တယ်ဆိုတာ.. မကြားလိုက်ရ မရှိရလေအောင်.. လေးငါးခြောက်ကြိမ် အော်ရတာ..။ နောက်ပြီး အော်တိုင်းအော်တိုင်း " ရွာသာအေး မပါ " ဆိုတာကြီး ထည့်ထည့်အော်နေလေတော့.. ရွာသာအေးရပ်ကွက်က လူတွေက ဒေါသထွက်ကုန်တာပေါ့..။

ရွာမှာတော့.. အဲဒီအဖြစ်အပျက်က.. ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်သွားခဲ့ရတယ်..။

သိပ်ကြီးကြီးကျယ်ကျယ်မလုပ်တဲ့ အလှူမျိုးလေးတွေမှာတော့ ဗျို့ဟစ်တာတွေ ဘာတွေ မလုပ်တော့ဘူး..။ အလှူ့ရှင်က ဆေးလိပ်တစ်စီးလောက်ဝယ်လိုက်တယ်..။ ပြီးမှ သူဖိတ်ချင်တဲ့ အိမ်ကို ဆေးလိပ်တစ်လိပ်စီနဲ့ လိုက်ဖိတ်တာပဲ..။

အထူးသဖြင့် ရပ်ကွက်ထဲက ကလေးတွေကို ဆန်ပြုတ်တိုက်တဲ့ အလှူမျိုးလေးတွေမှာပေါ့..။

တစ်ခါတုံးက ဦးပြုံးရီ အိမ်မှာ နောက်တစ်နေ့မနက် ကလေးတွေ ဆန်ပြုတ်သောက် ကြွပါလို့ ဆေးလိပ်တစ်လိပ်စီနဲ့ ဦးရာကျော်ဆိုတဲ့သူက လိုက်ဖိတ်တယ်..။ ဦးပြုံးရီကိုယ်စား ဖိတ်ပေးတယ်ပေါ့..။

နောက်တစ်နေ့မနက်မှာ.. ကလေးတွေ စုရုံးစုရုံးနဲ့ ဦးပြုံးရီအိမ်ကို ချီတက်ကြတယ်..။ သူ့အိမ်ရှေ့ကို ကလေးတွေ တပြုံတမကြီးရောက်လာမှ ဦးရာကျော်က ဆေးလိပ်တစ်စီး အကုန်ခံပြီး ချောက်ချမှန်း ဦးပြုံးရီ သိတယ်..။ အမှန်က ကလေးတွေကို ဆန်ပြုတ်တိုက်ဖို့ ဦးပြုံးရီမှာ.. အစီအစဉ်မရှိဘူး..။ ဦးရာကျော်က ဦးပြုံးရီကပဲ ဖိတ်ခိုင်းသလိုလို နဲ့ ဆေးလိပ်အကုန်ခံပြီး လိုက်ဖိတ်ထားတာကိုး..။

နောက်ဆုံးတော့ ဦးပြုံးရီလဲ လာတဲ့ကလေးတွေကို သနားတာနဲ့ မုန့်ဖိုးပေးပြီး ပြန်ခိုင်းလိုက်ရတယ်..။

အဲဒီဦးပြုံးရီ ဆိုတဲ့ လူကလဲ လူနောက်ပဲ..။ တစ်ခါတုံးက ရွာဘုရားပွဲညမှာ ပွဲခင်းထဲ သူနဲ့ ကျွန်တော်တွေ့တယ်..။ တွေ့တာနဲ့ ကျွန်တော့်ကို နှစ်ကျပ်ပဲ စိုက်.. အကြော်သွားစားကြမယ်လို့ ပြောတယ်..။ အကြော် တစ်ပွဲ ဆယ့်ငါးကျပ်လောက် ပေးရမှာ.. ငွေနှစ်ကျပ်ပဲ စိုက်ရမှာဆိုတော့ တန်တယ်လို့ ကျွန်တော်တွေးပြီး သူနဲ့ ကျွန်တော် အကြော်ဆိုင်ကို ချီတက်ခဲ့ကြတယ်..။

အကြော်ဆိုင်ရှေ့ရောက်တာနဲ့ ကောင်လေး ပေး မင်းစိုက်မယ့် နှစ်ကျပ် လို့ တောင်းတာနဲ့ အိပ်ထောင်ထဲက ငွေနှစ်ကျပ်သူ့ကို ထုတ်ပေးလိုက်တယ်..။ ဆိုင်ရှင်ကို ကျွန်တော့်ဆီက ရတဲ့ ငွေနှစ်ကျပ်ပေးပြီး အကြော်နှစ်ခု ဗန်းထဲက နှိုက်ပြီး ရော့.. မင်းတစ်ခု ငါတစ်ခု ဆိုပြီးလုပ်တယ်..။ အကြော်တစ်ခုမှ တစ်ကျပ်ပေးရတာကိုး..။

ဟာဗျာ ဦးလေးက အကြော်တစ်ပွဲလောက်ဝယ်ပြီး ကျွန်တော့်ကို နှစ်ကျပ်ပဲ စိုက်ခိုင်းမယ်ထင်လို့ လိုက်လာတာဗျ.. အခုတော့.. ကျွန်တော့်ဆီက ငွေနှစ်ကျပ်နဲ့ တစ်ယောက်တစ်ခု မျှစားတာပဲ .. လို့ ပြောတော့.. မင်းကို ငါမလိမ်ပါဘူး.. နှစ်ကျပ်ပဲ စိုက်ခိုင်းပြီးအကြော်စားကြတာပဲ လို့ ပြန်ပြောပြီး ရယ်နေတယ်..။ အဲဒီလူက အဲဒီလိုလူမျိုးရယ်..။ သူလည်း.. ဦးရာကျော်နဲ့ တွေ့မှ.. ကလေးတွေ.. မုန့်ဖိုးပေးလိုက်ရတယ်..။

Wednesday, June 25, 2008

13.6 သုံးဆယ့်ခြောက်ကောင်ထီ

ကဲ ရွာဘုရားပွဲအကြောင်းစကားစပ်လာပြန်တော့.. သုံးဆယ့်ခြောက်ကောင် အကြောင်း နည်းနည်း ပြောသေးတာပေါ့..။

ရွာဘုရားပွဲမှာ.. ခြောက်ကောင်ဂျင်လို့ခေါ်တဲ့.. အံစာသုံးတုံးခုံပေါ်တင်ပြီး ဆွဲချတဲ့ လောင်းကစားဝိုင်းတွေ ပေါသလို.. သုံးဆယ့်ခြောက်ကောင် ဖွင့်တာလဲ ရှိသေးတယ်..။

ကျွန်တော့်ကို လူလည်ကျသွားတဲ့ ဦးပြုံးရီ သိပ်ကြိုက်တဲ့ လောင်းကစားပေါ့..။ သုံးဆယ့်ခြောက်ကောင်ဆိုတာ.. အကောင်ပလောင် အစုံ သုံးဆယ့်ခြောက်မျိုးပါတဲ့ လောင်းကစားတစ်မျိုးပဲ..။ ဒါပေမယ့် အဲဒီ သုံးဆယ့်ခြောက်မျိုးထဲမှာ.. ဘယ်ကနေ ဘယ်လို မယ်သီလရှင် ပါနေသလဲတော့ ကျွန်တော်မျိုးမလျှောက်တတ်ဘူး..။

ဒိုင်လုပ်တဲ့သူ (သုံးဆယ့်ခြောက်ကောင် ဖွင့်တဲ့သူ) က.. သုံးဆယ့်ခြောက်ကောင်ထဲက တစ်ကောင်ကောင်ကို. စာရွက်တစ်ရွက်မှာ ရေးချပြီး အဲဒီစာရွက်ကို လိပ်.. အလုံပိတ်သေတ္တာထဲမှာထည့်.. သေတ္တာကို သော့ခတ်ပြီး လူမြင်ကွင်းမှာ စိုက်ထားတဲ့ တိုင်ထိပ်မှာ ချည်ထားတာပဲ..။

ဆိုလိုတာက.. ပေါက်မဲက တင်ကြိုရေးပြီးသား..။ ဒိုင်လုပ်တဲ့သူ စိတ်ကြိုက်ရေးထားတဲ့ ပေါက်မဲပေါ့..။ ဒါပေမယ့် ဒိုင်ကိုယ်တိုင်တောင် ပြန်ပြင်ခွင့်တော့ မရှိတော့ဘူး..။ ပြန်ပြင်ချင်ရင်.. တိုင်ထိပ်က သေတ္တာကို ပြန်ချပြီးမှ.. ပြင်ရမှာကိုး..။ တိုင်ထိပ်က သေတ္တာကို ထိုးသားတွေ မမြင်အောင် ပြန်ချပြီး ပြင်ဖို့ဆိုတာ.. မဖြစ်နိုင်သလောက်ပဲ ဆိုပါတော့..။

ကိုယ့်စိတ်ကြိုက်ကောင်ကို ပေါက်မဲ ရွေးပြီး ဒိုင်လုပ်တဲ့ သူက.. အတိတ်စိမ်းပေးတယ်..။ အတိတ်စိမ်းဆိုတာ.. ပေါက်မဲကို သွယ်ဝိုက်သောနည်းနဲ့ ဖော်ပြတဲ့ စကားလုံးတွေပေါ့..။

ဒိုင်ပေးတဲ့ အတိတ်စိမ်းပေါ်မူတည်ပြီး ထိုးသားတွေ ဥာဏ်ရှိသလောက် ချဲ့ကားစဉ်းစားပြီးသကာလ ကိုယ်ထင်ရာ အကောင်ကို ထိုးတာပဲ..။ ကိုယ်ထိုးတဲ့ အကောင်ပေါက်ရင်.. အဆနှစ်ဆယ်နဲ့ ညီမျှတဲ့ လျှော်ကြေးရတယ်..။ (အဆ ကတော့ နယ်အလိုက် ဒိုင်အလိုက် လွဲနိုင်ပါတယ်..။)

ပေါက်မဲဖွင့်တဲ့အခါမှာတော့.. ထိုးသားထဲက တစ်ယောက်က တိုင်ထိပ်က သေတ္တာကို ဖြုတ်ချပြီး ပေါက်မဲကို ကြည့်တာပဲ..။

ဦးပြုံးရီတို့ကတော့ ဒိုင်ပေးတဲ့ အတိတ်စိမ်းကို ဖင်ပြန်ခေါင်းပြန် အပြန်ပြန်အလှန်လှန်စဉ်းစားပြီး.. သူ့စိတ်ထင်ရာ အသားကုန် ထိုးတော့တာပဲ..။

မှတ်မှတ်ရရ ဒိုင်လုပ်တဲ့သူက

"တောင်တန်း ခရီး လေဟုန်စီး၊ ဖြတ်သန်းသွားလာ အစာရှာ " ... လို့ အတိတ်စိမ်းပေးတယ်..။

ဦးပြုံးရီက.. အဲဒီအတိတ်စိမ်းကို ကြည့်ပြီး.. ပေါက်မဲက ပင့်ကူ ကွ.. လို့ အပိုင်တွက်ပြီး ရှိသမျှ ပုံအောတယ်..။ အိမ်နီးနားချင်း ဘော်ဒါတွေကိုပါ ပင့်ကူ ထိုးကြလို့ လိုက်ဆွယ်တယ်..။ ပင့်ကူဆိုတာ.. လေဟုန်စီးနေတဲ့ အကောင်ပဲ.. သူ့အိမ်ပိုင်နက်ထဲ ဖြတ်သန်းသွားလာ ၀င်လာတဲ့ ပိုးမွှားတွေဟာ..သူ့အစာပဲ.. ဒါကြောင့်.. ဒီတစ်ခေါက်ပေါက်မဲဟာ.. ပင့်ကူသေချာတယ်လို့ သူက အခိုင်အမာ ရှင်းပြတယ်..။ သူ့အတွေးနဲ့သူတော့ မဆိုးဘူး ပြောရမှာပဲ..။

နောက်တစ်ရက်ပေါက်ကောင်ဖွင့်တော့.. ဦးပြုံးရီထင်သလို ပင့်ကူ မဟုတ်ဘဲ.. မယ်သီလရှင် ဖြစ်နေတယ်..။ ဒိုင်လုပ်တဲ့သူက.. စစ်ကိုင်းတောင်က မယ်သီလတွေဟာ.. တောင်ပေါ်တကြော လှည့်လည်သွားလာပြီး ဆွမ်းဆန်စိမ်းခံ (အစာရှာ) နေကြတာမဟုတ်လားဆိုတဲ့ ဆင်ခြေနဲ့ ဦးပြုံးရီတို့ကို.. ကျောချသွားတယ်..။

ဒိုင်ပြောတဲ့ ဆင်ခြေကို မကျေမနပ်နဲ့ ဦးပြုံးရီက.. လူပုံအလယ်မှာ.. အခုလို ပြန်ပြောတယ်..။

" မယ်သီလရှင် လုပ်ပြီး လေဟုန်စီးနေတယ်.. အရပ်ပျက်လောက်တောင် အိနြေ္ဒိ မရှိဘူး... " တဲ့..။

ဦးပြုံးရီပြောစကားကြောင့် အားလုံးပွဲကျသွားခဲ့ပါတယ်..။ ဒါပေမယ့်.. သူထင်သလို တော့ ပင့်ကူ ဖြစ်မလာပါဘူး..။ အိနြေ္ဒမရှိဘူးပဲ ပြောပြော ဒိုင်လုပ်တဲ့ ငနဲကတော့ မယ်သီလမှ မယ်သီလပါပဲ..။

တကယ်တမ်း တွက်စစ်ကြည့်ရင်.. လောင်းကစားတော်တော်များများမှာ ဒိုင်လုပ်တဲ့သူက.. ဖြစ်တန်စွမ်းကို ယူပြီး.. ထိုးသားက.. ငွေကြေးအဆကို ယူတာပါပဲ..။

ဥပမာ ဦးပြုံးရီဆိုရင် ပေါက်နိုင်တဲ့.. အကောင် သုံးဆယ့်ခြောက်ကောင်ထဲက.. ပင့်ကူတစ်ကောင်ထဲ ထိုးတယ်..။ ဒိုင်ဖက်မှာ. ကျန်တဲ့ သုံးဆယ့်ငါးကောင် ရှိနေတယ်..။ ဒိုင်နဲ့ ဦးပြုံးရီ နှစ်ယောက်ထဲ လောင်းတယ်လို့ တွေးကြည့်ရင်.. ဦးပြုံးရီက တစ်ကောင်ထဲ.. ဒိုင်က ကျန်တာဘာပေါက်ပေါက် နိုင်ပြီပဲ..။

အကြိမ်ရေ ရာထောင်ချီလာလေလေ.. ဒိုင်က သာလေပေါ့..။ ဒါပေမယ့်.. လုံလောက်တဲ့ အကြိမ်ရေ အထိ လောင်းကြဖို့ဆိုတာ.. လက်တွေ့မှာ မဖြစ်နိုင်ပြန်ဘူး..။ တော်ကြာနေ လူကြီးလာမှာမို့.. တော်ကြာနေ အာဏာပိုင်နဲ့ ကြေးညှိတာမရလို့ .. တော်ကြာနေ.. တိုင်တဲ့တောတဲ့သူ ရှိလို့ ဆိုပြီး ဒိုင်တွေခမျာလည်း.. ခွဲဝေစားသောက်... ကျီးလန့်စာစား .. အခန့်မသင့် ထောင်နန်းစံကြရပြန်တယ်..။

ဒီကြားထဲ ကံဆိုးရင်.. ပေါက်မဲ့အကောင် တစ်ရွာလုံး စွတ်ရွတ်ထိုးလို့ ဒိုင် ဒေ၀ါလီ ခံရတာတွေလည်း.. ရှိတတ်တယ်..။ ဒါပေမယ့် ကျန်တာတွေသာ အေးအေးဆေးဆေးဖြစ်လို့ကတော့.. ဒိုင်ငနဲတို့များ စီးကရက် လက်ကြားညှပ်ပြီး ဘယ်တစ်ယောက် ညာတစ်ယောက်နဲ့ ရွာမှာ ဘူဇွာပေါ့..။

နောက်ဆုံး.. ကြံရာမရရင်.. သောက်တလွဲ အတိတ်စိမ်းပေးပြီး ဖွင့်ချင်တဲ့ အကောင် ဖွင့်ချလိုက်တာပဲ..။ အတိတ်စိမ်းဆိုတာ.. ကိုယ်ပြောချင်သလို ပြောလို့ ရတာမျိုးကိုး..။ လော့၈ျစ်ကယ်လီး မဖြစ်တော့ရော ထိုးသားက ဘာတတ်နိုင်တာမှတ်လို့..။

အဲဒီလိုမျိုး သောက်တလွဲ အတိတ်စိမ်းနဲ့ ဒိုင်အုပ်သွားတဲ့ အဖြစ်အပျက် တစ်ခု ပြောရဦးမယ်..။ ဒိုင်ပေးတဲ့ အတိတ်စိမ်းက..

" စားပြီးသောက်ပြီး ခြေသလုံးကြီး ၊ အိမ်ပြန်လက်ဆောင် မက်ကလောင် " လို့ ရေးထားတယ်..။

ဦးပြုံးရီတို့လို ရွာသားများ တွေးချင်သလိုတွေး ထင်ချင်သလိုထင်.. ယူဆချင်သလို ယူဆပြီး ထိုးချင်ရာ ထိုးကြတယ်..။

နောက်ရက် ပေါက်ကောင် ဖွင့်တော့.. "လိပ် " တဲ့..။

ဟ .. ပေးထားတဲ့ အတိတ်စိမ်းနဲ့ ဘာဆိုင်လို့လဲ လို့ ရွာသားတွေ မကျေမနပ် စောဒက တက်တော့.. ဒိုင်လုပ်တဲ့ ငနဲက "မဆိုင်တာကိုက အဖြေပဲ.. လိပ်လေ.. ကိုယ့်ဖက်ကိုယ် ယက်တယ်.. မဆိုင်တဲ့ အတိတ်စိမ်းပေးပြီး ကိုယ့်ဖက်ကိုယ် ယက်လိုက်တာပဲ.. " လို့ ပြန်ပြောတယ်..။

ရွာသားတွေ အီလည်လည်နဲ့ ခံကြရရှာတယ်..။

Tuesday, June 24, 2008

13.7 လေးကောင်ဂျင်

ရွာမှာခေတ်စားတဲ့ နောက်ထပ်လောင်းကစားနည်းတစ်မျိုး ရှိသေးတယ်..။

ဘုရားပွဲရှိရှိ မရှိရှိ.. အခါအခွင့်သင့်တိုင်း.. တိုးတိုးတစ်မျိုး ကျယ်ကျယ်တစ်ဖုံ.. ကစားကြတာပဲ..။ ရွာက လူတွေကတော့.. အဲဒီလောင်းကစားကို ကဗျာဆန်ဆန်.. လေးမျက်နှာဘုရားဖူး သွားတယ်လို့ ပြောလေ့ရှိကြတယ်..။

အမှန်ကတော့ လေးကောင်ဂျင်ဝိုင်းပါပဲ..။ ကြက်၊၀က်၊ဖား၊မြွေ လေးကောင် ကို ( အံစာတုံးပုံ ) ဂျင်သီးရဲ့ မျက်နှာပြင်လေးဖက်မှာ အသီးသီးအသသ ပုံထွင်းထားတာပါပဲ..။ ကျန်တဲ့ နှစ်မျက်နှာကို ထုတ်ချင်းဖောက် အပေါက်ဖောက်ပြီး .. တုတ်တံ တပ်ထားတယ်..။ အောက်ခံ ကြွေပန်းကန်ပြားပေါ်မှာ.. အဲဒီ ဂျင်သီးကို ဒိုင်လုပ်တဲ့သူက လှည့်ပြီး ကွမ်းအစ် အဖုံးလိုမျိုး အအုပ်အဆောင်းတစ်ခုနဲ့ ဂျင်သီး လည်နေတုံး အုပ်ထားလိုက်တယ်..။ အဲဒီအဖုံးက အလင်းပိတ်လိုမျိုးပေါ့..။ အပြင်ကနေ အထဲကို မမြင်ရဘူး..။ လည်တာရပ်သွားပြီး ဂျင်သီး လဲကျသွားတာနဲ့ အဖုံးဖွင့်ပြီး ပေါက်ကောင်ကို ကြည့်ကြတာပဲ..။

ကြက်နဲ့မြွေကို အနီေ၇ာင်ချယ်ထားတယ်..။ သူတို့ကို အနီကောင်တွေလို့ ခေါ်ကြတယ်..။ ဖားနဲ့ဝက်က အမဲကောင်နှစ်ကောင်ပေါ့..။

ဂျင်ဝိုင်းမစခင်မှာ.. ဒိုင်လုပ်တဲ့ သူက.. အစမ်းလှည့်ပြရတယ်..။ အစမ်းလှည့်တာ.. အကောင်စုံပေါက်မှ.. ပွဲစလို့ရတယ်..။ အစမ်းလှည့်တာ.. ကြက်၊၀က်၊ဖား ချည်း တစ်လှည့်စီကျနေပြီး မြွေ လုံးဝ မကျသေးဘူးဆိုရင်.. ပွဲစလို့ မရသေးဘူး..။ ဆိုလိုတာက.. သူ့ဂျင်သီးက.. လေးကောင်လုံး ကျနိုင်တယ်ဆိုတာ..သက်သေပြတဲ့အနေနဲ့ အစမ်းလှည့်ပြရတာပဲ..။

ထိုးသားတွေကတော့.. အမျိုးမျိုးပဲ..။ တစ်ချို့ဆို ဒိုင်အစမ်းလှည့်နေကတည်းက.. ဘာပြီး ဘာကျ တယ်ဆိုတာကို လိုက်မှတ်ထားကြတယ်..။ စာရွက်တစ်ရွက်ရှေ့ချပြီး.. ပထမ မြွေ..ပြီးတော့ ဖား .. နောက်ပြီး ဖားပဲကျ.. နောက် မြွေ.. နောက်ပြီး ၀က်.. စသဖြင့်.. အကြိမ်တိုင်းရဲ့ ပေါက်ကောင်တိုင်းကို လိုက်မှတ်ပြီး အဲဒီမှတ်ထားတဲ့ အစီအစဉ်အတိုင်းထိုးကြတယ်..။

ဥပမာ... ဆယ်ကြိမ် လှည့်တာမှာ..

မြွေ ၊ ဖား ၊မြွေ ၊ ၀က်၊ ၀က် ၊ ကြက် ၊ဖား ၊ ဖား ၊ မြွေ ၊ ၀က်.. ပေါက်ကောင် ထွက်သွားတယ်ဆိုပါစို့..။

ဆယ့်တစ်ကြိမ်မြောက် ဘာကောင်ထိုးမလဲ ဆိုတာကို ဆုံးဖြတ်ရာမှာ.. ဆယ်ကြိမ်မြောက် ထွက်သွားတာက.. ၀က်..။ လေးကြိမ်မြောက်တုံးက ၀က်ထွက်ပြီး နောက်တစ်လှည့်က ၀က် ဆက်ထွက်တယ်..။ ငါးကြိမ်မြောက် ၀က်ထွက်ပြီးတော့ ခြောက်ကြိမ်မြောက်မှာတော့.. ကြက် ထွက်ထားတယ်..။ ဒါကြောင့် ပြီးခဲ့တဲ့ အစဉ်အလာတွေအရ.. ၀က်ပြီး နောက်ထွက်မယ့်အကောင်က.. ၀က် ( သို့ ) ကြက် ဖြစ်ရမယ် လို့ တွေးပြီး ဆယ့်တစ်ကြိမ်မြောက် အကောင်ကို ဆုံးဖြတ်တာပဲ..။ အဲဒီလိုမျိုး ထိုးသားကို လမ်း သမားလို့ ခေါ်တယ်..။ သူတို့က.. ထွက်ပြီးသားလမ်းကြောင်း (အစဉ်အလာ )ကို ကြည့်ပြီးထိုးတဲ့သူမျိုးတွေ..။

တစ်ချို့ထိုးသားတွေကျတော့.. အသံနားထောင်ပြီး ထိုးတဲ့ လူမျိုးတွေပဲ..။ အရှိန်ကုန်ပြီး ဂျင်သီး အောက်ခံပန်းကန်ပြားပေါ်မှာ လဲကျသွားတဲ့ အသံကို မှတ်ထားပြီး သူတို့ ထိုးလေ့ရှိကြတယ်..။ ဂျင်သီးရဲ့ အောက်ဖက်မျက်နှာပြင်နဲ့ ပန်ကန်းပြားမျက်နှာပြင် ရိုက်ခတ်မိတဲ့အသံက.. တစ်ကောင်နဲ့တစ်ကောင် မတူဘူးလို့ သူတို့ယုံကြည်ကြတယ်..။

ဥပမာ .. လည်နေတဲ့ ဂျင်သီးအရှိန်ကုန်ပြီးလဲကျသွားတာမှာ.. ကြက်ရုပ်ထွင်းထားတဲ့မျက်နှာပြင်က အောက်ဖက် ပန်းကန်ပြားပေါ်အပ်လျက် လဲကျသွားတယ်ဆိုပါစို့..။ ပေါက်ကောင်က.. ကြက်နဲ့ မျက်နှာချင်းဆိုင် မျက်နှာဖက်မှာ ရှိတဲ့ မြွေပေါ့..။ ကြက်ရုပ်ထွင်းထားတာမှာ ထွင်းထားတဲ့ ကောက်ကြောင်းတွေက.. ကျန်တဲ့ မြွေ၊ဖား၊၀က် ထက် များတယ်..။ အဲဒီလို ထွင်းထားတဲ့ ကောက်ကြောင်း အနည်းအများ အတိမ်အနက်ပေါ်မူတည်ပြီး.. ပန်းကန်ပြားပေါ် လဲကျ တဲ့အချိန်မှာ ထွက်တဲ့ အသံက.. တစ်ကောင်နဲ့တစ်ကောင် မတူကြဘူးလို့ သူတို့က ဆိုကြတယ်..။

ရွာမှာ ဆိုင်းဆရာတစ်ယောက်ရှိတယ်..။ စိန်မြဟန်လို့ ခေါ်တယ်..။ မြန်မာ့အသံကနေ.. သူ့လက်သံ တစ်ခါလွှင့်ပြီးနောက်မှာ.. သူ့ကိုယ်သူ မြန်မာ့အသံ စိန်မြဟန်လို့ နာမည်တပ်ထားတယ်..။ သူက .. အသံနားထောင်ပြီးထိုးတဲ့ ထိုးသား..။ ဆိုင်းဆရာဆိုတော့.. အသံတွေကို နားထောင်တဲ့ နေရာမှာ.. လူသာမန်တွေထက်.. ကျွမ်းကျင်တယ်လို့ တစ်ရွာလုံးက လက်ခံထားကြတယ်..။ သူထိုးတာ လိုက်ထိုးတဲ့ သူ့ပရိတ်သတ်ကလဲ မနည်းဘူး..။

နေ့ခင်းကြောင်တောင် အိပ်မက်တွေမက်... ယိုးဒယားမ မလုံတလုံပုံကို မှန်ဘီလူးကြီးနဲ့ ပြူးပြဲကြည့်ပြီး ချဲဂဏန်း .. ရှာတဲ့ ကျွန်တော့်မိတ်ဆွေ ဘုန်းဘုန်းလဲ .. လေးမျက်နှာဘုရား လာဖူးလေ့ရှိတယ်..။

ချာချာလည်နေတဲ့ ဂျင်သီးကို ဓါတ်လက်စွပ်အကြီးကြီး စွပ်ထားတဲ့ လက်ညှိုးနဲ့ ထိုး.. ပါးစပ်ကလဲ.. ပွစိပွစိနဲ့ ရွတ်ပြီး .. သူ့တကာတကာမတွေကို.. ဟိုဟာထိုး ဒီဟာထိုးနဲ့ ဂျင်ဝိုင်းနောက်ကနေ.. အမိန့်ပေးနေတတ်တယ်..။

လေးကောင် တစ်ကောင် ပေါက်ကောင်ဖွင့်တာဆိုတော့.. လမ်း အတိုင်းထိုးသူတွေ မှန်တဲ့အခါမှန်ကျ.. မှားတဲ့အခါ မှားကျပေါ့..။ မြန်မာ့အသံစိန်မြဟန်နဲ့ အဖွဲ့လဲ.. အောင်ဖျာလိပ်ရတဲ့ အကြိမ်ပေါင်း ဘယ်နည်းမလဲ..။ ဓါတ်လက်စွပ်နဲ့ ဘုန်းဘုန်းလဲ.. သင်္ကန်းခေါင်းမြီးခြုံပြီး ပြန်ရပေါင်း များမှများပေါ့..။

ကျွန်တော်လည်း.. ရံဖန်ရံခါ ဂျင်ဝိုင်းကို အားပေးလေ့ရှိပါတယ်..။ သိပ်တော့ အထင်မကြီးပါနဲ့..။ သတ်မှတ်ထားတဲ့ အနည်းဆုံး လစ်မစ်နားမှာ ၀ဲလည်ဝဲလည် ထိုး တာပါ..။ ဂျင်ဝိုင်းတွေမှာ များသောအားဖြင့်.. အနည်းဆုံး ဘယ်လောက် ထိုးရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိတယ်..။ အဲဒီလစ်မစ်ဟာ.. ကျွန်တော့်လစ်မစ်လို့ ဆိုပါစို့..။

လွန်ခဲ့ ဆယ့်လေးငါးနှစ်လောက်ကဆိုတော့.. အဲဒီလစ်မစ်က.. နှစ်ဆယ်ပေါ့..။ အနည်းဆုံး နှစ်ဆယ်ကျပ်ထိုးရတယ်..။ ဟင်.. နှစ်ဆယ်ထဲလား လို့ အပြစ်တင်မစောနဲ့ဦး..။ အဲဒီနှစ်ဆယ်ထဲတောင် အတော်စွန့်စားပြီးမှ ထိုးရဲတာ..။ အဲဒီတုံးက လက်ဘက်ရည်တစ်ခွက်မှ.. တစ်ကျပ်ခွဲလောက်ပေးရတာ..။

နှစ်ဆယ်ထဲထိုးပေမယ့်.. ကံကောင်းလို့ နှစ်ကြိမ်ထဲသာ ဆက်တိုက်ပေါက်.. ငွေနှစ်ရာအသာလေး ရတယ်..။

ထိုးပုံထိုးနည်း.. မျိုးစုံရှိတယ်..။ ပေါက်နိုင်တာက လေးကောင်.. မြွေ၊ဖား၊ကြက်၊၀က်..။ ကိုယ်ထိုးတာက.. တစ်ကောင်တည်း ဆိုရင်.. ဂျင်စကားနဲ့ " သြ " တာလို့ ခေါ်တယ်..။ ဒိုင်က သုံးကောင်..ကိုယ်က တစ်ကောင် ကစားတာပဲ..။ ကိုယ်ထိုးတဲ့ အကောင် ပေါက်ရင်.. လျော်ကြေး သုံးဆ ရတယ်..။ တစ်ရာထိုး သုံးရာ ရတယ်..။

နောက်တစ်မျိုးက.. ကိုယ်နှစ်ကောင် ဒိုင်နှစ်ကောင် ကစားတာ..။ အဲဒီလို နှစ်ကောင်စီကစားတာမှာ.. နှစ်မျိုး ထပ်ကွဲတယ်..။ တစ်မျိုးက.. ခေါင်းပန်း လှန်တာနဲ့ သဘောသဘာဝအတူတူပဲ..။ ကိုယ်ကြိုက်တဲ့ နှစ်ကောင်ကို ခွထိုးတာပဲ..။ အဲဒီလိုမျိုး နှစ်ကောင် ခွထိုးတာကို.. ဂျင် ဝေါဟာရ မှာ.. " ကြိုးတင်တာ" လို့ ခေါ်တယ်..။

အစက ကျွန်တော်ရှင်းပြခဲ့သလို.. လေးကောင်ဂျင်မှာ.. အနီရောင်ခြယ်ထားတဲ့ အကောင် (မြွေ၊ကြက်) နဲ့ အနက်ရောင် ခြယ်ထားတဲ့ အကောင် (၀က်၊ဖား) ရယ်လို့ ရှိတယ်..။ ကိုယ်က အနီနှစ်ကောင် ကို ခွထိုးရင်.. အနီကြိုးတင်တယ်လို့ ခေါ်တယ်..။ မြွေ ပေါက်ပေါက် ကြက်ပေါက်ပေါက်.. ထိုးထားတာနဲ့ ညီမျှတဲ့ ပိုက်ဆံအလျော်ရတယ်..။ တစ်ဆပေါ့..။ တစ်ရာထိုးတစ်ရာလျော်တယ်..။ (ဒါပေမယ့် အကောက် နည်းနည်းနုတ်ပြီး ကျန်တာ လျော်တယ်.. တစ်ရာနည်းနည်းလျော့တယ်..)

အနက်ကြိုးတင်တယ်ဟေ့ ဆိုရင်.. ၀က်နဲ့ဖားပေါ့..။ ၀က်ပေါက်ပေါက် ဖားပေါက်ပေါက်.. တစ်ဆ အလျော်၇တယ်..။ ဒါမှမဟုတ်.. ၀က်နဲ့မြွေ နှစ်ကောင် ကြိုးတင်လဲ ရတယ်..။ ကြက်နဲ့ဖား တင်လဲ ရတယ်..။ ကြိုက်သလို နှစ်ကောင်တွဲ ကြိုးတင်လို့ ရတယ်..။

နောက်တစ်မျိုးက.. တစ်ကောင်ကို ခေါင်းတိုက်ပြီး တစ်ကောင်ကို ဖင်ပြန်တယ်လို့ ခေါ်တယ်..။ ဥပမာ.. ၀က်နဲ့ဖားဆိုပါစို့..။ ၀က်ပေါက်ရင်.. အလျော်ရမယ်..။ ဖားပေါက်ရင်.. အလျော်မရသလို.. အစားလဲ မခံရတဲ့ အခြေအနေမျိုးပေါ့..။ ကျန်တဲ့.. ကြက်နဲ့မြွေ ပေါက်ရင်တော့ ဒိုင်ဝါးပေါ့..။ အဲဒီလိုမျိုး.. ကိုယ့်စိတ်ထဲ.. ပိုကြိုက်တဲ့ တစ်ကောင်ကို ရွေး... လိုလိုပိုပို အကြိုက်နည်းတဲ့ တစ်ကောင်ကောင်ကို အရံထားပြီး ဒိုင်နှစ်ကောင်ကိုယ်နှစ်ကောင် ဖိုက်တာကို.. ခေါင်းတိုက်တယ်လို့ ခေါ်တယ်..။

ဥပမာ.. ကိုယ့်စိတ်ထဲမှာ.. ၀က် ပေါက်မယ်လို့ ထင်နေတယ်..။ ဒါပေမယ့်.. ဖားလည်း ထွက်နိုင်တယ်လို့ တွေးနေမိတယ်ဆိုပါစို့..။ ၀က်နဲ့ဖား ထွက်နိုင်ခြေမှာ.. ၀က်က ပိုများတယ်လို့ ကိုယ်က သိပ်ယုံနေရင်.. ၀က်ကို ခေါင်းတည်.. ဖားကို ဖင်ထားပြီးထိုးကြတယ်..။

ဝက်ပေါက်ရင်.. နှစ်ဆရတယ်..။ ဖားပေါက်ရင်.. အရင်း ပဲ..။ ကျန်တဲ့နှစ်ကောင် ပေါက်ရင်တော့ ဒိုင်စားပေါ့..။ ကြိုးတင်တာက.. ကိုယ်ထိုးထားတဲ့ နှစ်ကောင်ထဲက ဘာကောင် ပေါက်ပေါက် တစ်ဆအလျော်ရတယ်..။ အခုဟာကတော့.. ကိုယ်ခေါင်းတည် ထားတဲ့ အကောင်ပေါက်မှ.. အလျော်နှစ်ဆရတယ်..။ ဖင်ထားတဲ့ အကောင်ပေါက်ရင်.. အလျော်မရသလို.. အစားလည်း မခံရဘူး..။

အဲဒီလိုမျိုး ၀က်ကို ခေါင်းတည်.. ဖားကို ဖင်ထား ထိုးတာကို.. "၀က်ခေါင်း ဖားဖင် " လို့ ဂျင်လောကမှာ ခေါ်ကြတယ်..။ ဖားကို ခေါင်းတည်ပြီး ၀က်ကို ဖင်ထားရင်.. ဖားခေါင်း ၀က်ဖင် ပေါ့..။ ကျန်တဲ့ အကောင်တွေနဲ့လဲ ကိုယ်ကြိုက်ရာ တွဲပြီး ကြက်ခေါင်း ဖားဖင်.. မြွေခေါင်း ကြက်ဖင်.. ၀က်ခေါင်း ကြက်ဖင်.. စသဖြင့်.. ထိုးကြတယ်..။

(နည်းနည်းတော့ တက်ကနစ်ကယ် ဆန်လွန်းသလို ဖြစ်နေပေမယ့်.. မသိသေးသူတွေ.. လေးကောင်ဂျင်ဝိုင်း အကြောင်း သိစေချင်လို့ အသေးစိတ် ရေးနေမိတာပါ..)

ဂျင်ဝိုင်းအမှီပြုပြီး ရွာသူရွာသားတွေ .. ဘ၀ပျက်သူပျက်.. ဘ၀လှသူလှပေါ့..။ များသောအားဖြင့်တော့.. ဘ၀ပျက်ကြတာများပါတယ်..။ မြသီတို့လို အရပ်ပျက်ကလေးတွေ ကတော့.. ဂျင်ဒိုင်တွေဘေးနားမှာ.. နှုတ်ခမ်းနီပါးနီ ချယ်မှုန်းပြီး ပျော်တပြုံးပြုံး မော်မဆုံးပေါ့..။

ဆီးထုတ် ဆီးပေါင်း ကွမ်းယာ ရောင်းသူကရောင်း..။ ထမင်းသုတ် ထမင်းကြော် ရောင်းသူကရောင်းနဲ့.. အတော့်ကို စည်စည်ကားကားပေါ့..။ ဂျင်ဝိုင်းနောက်နားကနေ.. ကုလားထိုင်တစ်လုံးနဲ့ လောဘသမားတွေအပေါ် ကတုံးပေါ် ထိပ်ကွက်.. အပေါင်ခံတဲ့သူတွေကလည်း ရှိသေးတယ်..။

စက်ဘီး ဆွဲကြိုး ကအစ ရေဒီယို ကတ်ဆက်.. အင်္ကျီ လုံချည်အဆုံးပေါ့..။

အဲဒီလိုမျိုး အပေါင်ခံတဲ့ ဘူဇွာတွေထဲမှာ.. ကိုမောင်စိုးဆိုတဲ့ ငနဲက ဆရာကြီးပဲ..။ လောင်းကစားသမား နှဲသမား ပါးစပ်လို့ ဆိုကြပေမယ့်.. ကိုမောင်စိုးကတော့ အမြဲတမ်းဆင်ပေါ်ကပဲ..။ လက်ဖျားငွေသီးတဲ့ ဒိုင်တွေ တောင် တစ်ခါတစ်ရံ ကိုမောင်စိုးရှေ့မှောက် ဒူးထောက်ရတယ်..။

ဒါပေမယ့်.. တစ်ရက်မှာ.. ကိုမောင်စိုး နဲ့ ရဲသားတစ်ယောက်နဲ့ မပြေမလည်ဖြစ်တယ်..။ ပြည်သူ့ရဲသားကြီးက ကျောသားရင်သား မခွဲခြားဘဲ ကိုမောင်စိုးကို မိုက်ကြေးခွဲတယ်..။ ဂျင်ဝိုင်းနားမှာ စီးပွားရှာနေပေမယ့်.. ငါမှ လောင်းကစားမလုပ်တာဆိုပြီး ကိုမောင်စိုးက.. မပေးဘူး..။ မပေးရကောင်းလားဆိုပြီး သောက်မြင်ကတ်ပုဒ်မနဲ့ ကိုမောင်စိုးကို ရဲစခန်းက ဆင့်ခေါ်တယ်..။

ရွှေပေါင်ခံ ငွေတိုးပေးရအောင် ဘယ်မလဲ လိုင်စင်.. လို့ စခန်းမှုးကြီးက ရစ်တယ်..။ လိုင်စင်မရှိဘဲ အပေါင်ခံတာ.. ဥပဒေက ခွင့်မပြုဘူးဆိုပြီး ကိုမောင်စိုးကို တရားစွဲ မယ်လုပ်တယ်..။ နောက်ဆုံးတော့.. ဆင်မကြောက်ဖိနပ်ဖြစ်မယ့်အရေး မျှော်တွေးပြီး အေးရာအေးကြောင်း ကြည့်ကျက်လုပ်လိုက်ရတယ်..။

ဒါပေမယ့်.. ကိုမောင်စိုးက မကျေနပ်ချက်ကို မျိုသိပ်ပြီး အကွက်ကောင်းစောင့်နေတယ်..။ တစ်ရက်မြို့ပေါ်တက်သွားပြီး ခရိုင်ရဲမှုးနဲ့ ၀င်တွေ့တယ်..။ ကျွန်တော်တို့ရွာမှာ.. ရွာရဲစခန်းမှုးနဲ့ ပေါင်းပြီး ဂျင်ဝိုင်းအကြီးအကျယ်လုပ်နေတယ်.. အခုချက်ခြင်း လိုက်ဖမ်းပါ လို့ ရဲမှုးကို တိုင်တယ်..။

ရဲမူးနဲ့အဖွဲ့ ကားတစ်စီးနဲ့ ချက်ခြင်း လိုက်လာတယ်..။ ရွာရောက်တော့.. ဂျင်ဝိုင်းက မရှိတော့..။ ကြက်ပျံမကျ စည်ကားလှတဲ့ ဂျင်ဝိုင်းကြီးက ကြက်ပျောက်ငှက်ပျောက်ဖြစ်သွားရော..။

ကိုမောင်စိုးကို သတင်းမှားပေးမှုနဲ့ ခရိုင်ရဲမှုးက အရေးယူမယ်လုပ်တယ်..။ ဒါပေမယ့်.. ဂျင်ထိုးနေတဲ့ လူတွေသာ မရှိတော့သာ.. ဂျင်ဝိုင်းလုပ်ထားတဲ့ သဲလွန်စ တွေကတော့ ကျန်နေခဲ့တယ်..။ ကိုမောင်စိုးခမျာ.. ရဲမှုးကြီးကို မနည်းရှင်းပြတောင်းပန်ရတယ်..။ နောက်ကို.. သတင်းမှားမပေးမိဖို့ ဆင်ခြင်ပါဆိုတဲ့ အမှာစကားပါးပြီး ရဲမှုးကြီးတို့ ပြန်သွားတယ်..။

ရွာမှာတော့ ကိုမောင်စိုးခမျာ လူတကာ့ချဉ်ဖတ်ဖြစ်သွားခဲ့ရတယ်..။

နောက်မှ ကိုမောင်စိုး သိရတာက.. ကိုမောင်စိုး လာပြီးတိုင်ချက်ဖွင့်နေပြီဖြစ်တဲ့အကြောင်းနဲ့ ရဲမှုးကြီးတို့ ကိုယ်တိုင်လာရောက် ဖမ်းဆီးမှာ ဖြစ်တဲ့ အကြောင်းကို.. ရဲမူးကြီးက ရှေ့တော်ပြေးတစ်ယောက်ကို.. ဆိုင်ကယ်နဲ့ တင်ကြိုအကြောင်းကြားခဲ့တာကြောင့်.. ကိုမောင်စိုးနဲ့ ရဲမှုးကြီးတို့ ဂျင်ဝိုင်း ရောက်တဲ့အချိန်မှာ.. ခွေးတစ်ကောင်ကြောင်တမြီး မှ မတွေ့ရတော့တာ ပါတဲ့..။

အဲဒီအဖြစ်အပျက်နောက်ပိုင်းမှာတော့ ပေါ်ပေါ်တင်တင် ဂျင်ဝိုင်းတွေ ခေတ္တခဏ နိဌိတံ (တခန်းရပ်) သွားခဲ့တယ်..။ ဒါပေမယ့် .. ခိုးကြောင် ခိုးဝှက် ကြိတ်ဝိုင်းတော့ ရှိနေမြဲပဲ..။ ကိုမောင်စိုးကတော့ ဂျင်လောက ကနေ အနားယူသွားခဲ့တယ်..။ မယူလို့လဲ မရတော့ဘူးလေ..။ သူတို့ကို တိုင်ရကောင်းလားဆိုပြီး.. ဂျင်ဒိုင်လူမိုက်များက.. လာရဲလာကြည့် ဓါးနဲ့ ထိုးမယ်လို့.. ကြိမ်းထားတာကိုး..။

လောင်းကစားသမားများကလဲ.. ပြောရင်ပြောတဲ့အတိုင်း တကယ်လုပ်တဲ့ သာဓကတွေ ရှိတော့ ကိုမောင်စိုး ဖြုံတာပေါ့..။ နောက်တော့ ရွာရဲစခန်းက စခန်းမှုး တခြားနယ် ပြောင်းရတယ်..။ စခန်းမှုး အသစ်ရောက်လာခဲ့တယ်..။ ဂျင်ဝိုင်းကတော့ ကြိတ်ဝိုင်းလုပ်မြဲပေါ့..။

အဲဒီလိုမျိုး စခန်းမှုးအလွဲအပြောင်းကာလမှာ.. နောက်ရောက်လာတဲ့ စခန်းမှုးအသစ်က.. ကြိတ်ဝိုင်းကို ၀င်ဖမ်းတယ်..။ ကြိတ်ဝိုင်းလုပ်နေတဲ့ အိမ်ကို စခန်းမှုးအသစ်နဲ့ ပြည်သူ့ရဲတွေ ရောက်လာတဲ့အချိန်မှာ... ယခင်စခန်းမှုးကြီးက အဲဒီအိမ်အောက်မှာ အိပ်ပျော်နေတယ်..။ ကြိတ်ဝိုင်းဒိုင်နဲ့ စခန်းမှုးအဟောင်းက မိတ်ဆွေရင်းချာတွေပေါ့..။

အိပ်ပျော်နေတဲ့ စခန်းမှုးကြီးကို နိုးပြီး စခန်းမှုးအသစ်က ဂျင်ဝိုင်းကို အတူတူ ၀င်ဖမ်းပစ်လိုက်တယ်..။ ဒါပေမယ့်.. တရားစွဲထောင်ချ တဲ့အဆင့်အထိတော့ မရောက်ပါဘူး..။ ကြည့်ကြက် လုပ်လိုက်ရတယ်..။ နောက်တော့လည်း.. ကြိတ်ဝိုင်းဒိုင်နဲ့ စခန်းမှုးအသစ်နဲ့ မိတ်ဆွေရင်းချာတွေ ဖြစ်သွားခဲ့ကြတယ်..။

အဲဒီလိုနဲ့ ရွာရဲ့ လောင်းကစားသံသရာဟာ ခေတ်တွေ ဘယ်လိုပြောင်းပြောင်း လူတွေ ဘယ်လို ပြောင်းပြောင်း.. မပြောင်းမလဲ ဆက်လက်လည်ပတ်နေခဲ့တော့တယ်..။

Monday, June 23, 2008

13.8 ၀ါဆိုဝါခေါင် ရေတွေကြီးတော့

မကြာခင်.. ၀ါဆိုဝါခေါင်ရောက်တော့မယ်..။

"၀ါဆို ၀ါခေါင် ရေတွေကြီးလို့ သပြေသီးမှည့် ကောက်စို့ကွယ်.. " ဆိုတဲ့ ကဗျာလေးကို ငယ်ဘ၀ကတည်းက.. အတော်ကြိုက်ခဲ့တယ်..။ ဧရာဝတီနဲ့ အတူ ကြီးပြင်းလာခဲ့ရတာဆိုတော့.. အဲဒီကဗျာထဲက စကားလုံးတိုင်းဟာ.. ကျွန်တော့်နှလုံးသားမှာ ပုံရိပ်ထင်လာတဲ့အထိ.. စွမ်းတယ်..။

သပြေသီးဆိုတာ.. ကျွန်တော်တို့ငယ်ဘ၀ရဲ့ စပျစ်သီးပေါ့..။ ရေကြီးတဲ့ အချိန်နဲ့ သပြေသီးတဲ့အချိန်က အတူတူပဲ..။ ငယ်ငယ်တုံးက မြစ်ရေကြီးရင် သိပ်ပျော်တယ်..။ တရွာလုံး ရေ၀င်နေတော့.. သွားရေးလာရေး လှေနဲ့ ပဲ သွားကြရတယ်..။

ကျွန်တော်တို့ရွာမှာ ရပ်ကွက်ပေါင်း ဆယ့်သုံးရပ်ကွက်ရှိတယ်...။ ရွာလည်ခေါင်မှာ ဦးပိန်တံတားလိုမျိုး တံတားကြီး တစ်စင်းရှိတယ်..။ ဦးပိန်တံတားလောက်မရှည်ပေမယ့်.. အတော်တော့ ရှည်တယ်..။ ရပ်ကွက်ဆယ့်သုံးခုကို.. အဲဒီတံတားကြီးက စည်းခြားပေးထားသလိုမျိုး ဖြစ်နေတယ်..။ တံတားကြီးရဲ့ အနောက်ဖက်ခြမ်း ရပ်ကွက်တွေကို.. အနောက်ရွာလို့ အလွယ်ခေါ်ကြတယ်..။ တံတားကြီး အရှေ့ဖက်ခြမ်းကိုတော့ အရှေ့ရွာတဲ့..။

ရေကြီးရင်.. အဲဒီတံတားကြီးအောက်မှာ.. ရေတွေ ဖွေးဖွေးလှုပ်ပေါ့..။ ရေစီးသိပ်သန်တယ်..။ ရေကလဲ.. လူတစ်ရပ်ကျော်ကျော်လောက်နက်တယ်..။ ညနေဆိုရင်.. ကျွန်တော်တို့ တံတားပေါ်ရောက်နေပြီ..။ ရွာကလူတော်တော်များမျာကလဲ.. လှေကလေးတွေ ကိုယ်စီကိုယ်စီနဲ့ တံတားပတ်လည် .. အပန်းဖြေလိုမျိုး လာကြတယ်..။ ရေချိုးကြ.. ရေပက်ကြ.. လှေနစ်ကြနဲ့ အတော့်ကို ပျော်စရာကောင်းတယ်..။ ရွာမှာတော့ ရေကြီးတဲ့အချိန်ဟာ.. သင်္ကြန်ထက် ပျော်စရာကောင်းတယ်..။

တံတားကြီးရဲ့ ရေအောက်ဖက်မှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ်..။ တံတားပေါ်ကနေ ခုန်ချပြီး ရေစီးနဲ့ မျောလိုက်သွားရင်.. အဲဒီညောင်ပင်ကြီးဆီ တန်းရောက်တယ်..။ ညောင်ပင်ကြီးကနေ တံတားဆီ ပြန်လာဖို့ကတော့ ရေဆန်ကူးပြီး ပြန်ရတယ်..။ ပြောခဲ့သလို.. ရေစီးသိပ်သန်တယ်..။ အတော့်ကို အသည်းအသန်ကူးမှ.. တံတားဆီပြန်ရောက်တယ်..။


ကျွန်တော်တို့သူငယ်ချင်းတတွေကတော့.. ညောင်ပင်ကနေ တံတားဆီ.. ရေကူးပြိုင်လေ့ရှိတယ်..။ တံတားပေါ်ကနေ.. လောင်းကြေးထပ်ပြီး ကျွန်တော်တို့ပြိုင်ပွဲကို.. အားပေးတဲ့ သူတွေလဲ မနည်းဘူး..။

မှတ်မှတ်ရရ.. ကျွန်တော်နဲ့ မျိုးမြင့် နဲ့ ရေကူးပြိုင်တယ်..။ နှစ်ယောက်သား.. တံတားပေါ်ကနေ ရေထဲခုန်ချပြီး ညောင်ပင်ဆီ မျောလိုက်သွားတယ်..။ ညောင်ပင်က အကိုင်းတစ်ခုပေါ်မှာ.. နှစ်ယောက်သား ပြိုင်တူရပ်ပြီး.. ၀မ်းတူးသရီးဆို.. ရေထဲခုန်ချ.. တံတားဆီကို.. အပြိုင်ကူးကြတယ်..။
တံတားပေါ်က.. လူတွေကလဲ.. ဟေး .. ဟေး နဲ့ ကောင်းချီးပေးနေတယ်..။ ကျွန်တော်တို့ နှစ်ယောက်ကလဲ.. အနိုင်မခံအရှုံးမပေးပေါ့..။

ရေစီးကသိပ်သန်တော့.. ကျွန်တော့်ဘောင်းဘီက.. ပေါင်းရင်းလောက်အထိ လျှောလျှောသွားတယ်..။ ဘောင်းဘီကို.. ပြန်ဆွဲတင်နေရတာကိုက.. အလုပ်တစ်ခုဖြစ်နေတယ်..။ ဘောင်းဘီမျော့ကြိုးက ပျော့နေတော့.. ပိုဆိုးတာပေါ့..။


မျိုးမြင့်ကတော့.. ကျွန်တော့်လို ဖြစ်ဟန်မတူဘူး..။ တံတားဆီ ကူးသွားလိုက်တာ.. ဖြောင့်လို့..။ ကျွန်တော် ရှုံးရော..။ ကျွန်တော့်ဖက်က လောင်းထားတဲ့ ဘော်ဒါတွေက သောက်သုံးကို မကျဘူးလို့ ဆဲတယ်..။ ကျွန်တော်လဲ.. ဘောင်းဘီက ကျွတ်ကျွတ်နေလို့ကွ လို့ ပြန်အော်ရင်း တံတားတိုင်ကို ကုတ်ကတ်ပြီး တံတားပေါ်တက်လာတယ်..။


ကျွန်တော်တံတားပေါ် ရောက်တဲ့အထိ.. အောင်နိုင်သူကြီးမျိုးမြင့်က.. တက်မလာသေးဘူး..။ ဟေ့ကောင်တက်ခဲ့တော့.. နိုင်ပါတယ်ဆိုမှ.. မဏ္ဍပ်တိုင် တက်ပြချင်နေသေးတယ်လို့ ကျွန်တော်တို့က လှမ်းဟောက်တော့.. မျိုးမြင့်က..

"ငါ့ ဘောင်းဘီ မရှိတော့ဘူး.. ဘောင်းဘီဖြစ်ဖြစ် ပုဆိုးဖြစ်ဖြစ် တစ်ခုခု ချပေးပါ.." လို့.. မျက်နှာငယ်လေးနဲ့ ပြောတယ်..။

အဲဒါထက်ဆိုးတဲ့ အဖြစ်အပျက်တစ်ခုရှိသေးတယ်..။ အဲဒီနှစ်က တိုးတဲ့ရေက သိပ်အေးတယ်..။ ရေကြီးတာမှာနှစ်မျိုးရှိတယ်..။ ဧရာဝတီ မြစ်ဖျား..မေခ မလိခ ဒေသက ရေခဲတောင်တွေ အရည်ပျော်ပြီး ရေတိုးတာဆိုရင်.. ရေက ကြည်နေပြီး သိပ်အေးတယ်..။ အထက်အညာမှာ.. မိုးကြီးလို့ မြစ်ရေတိုးတာဆိုရင်.. ရေနောက်တယ်..။

အဲဒီလို ရေကြည်တိုးတဲ့ နှစ်မှာ.. ကျွန်တော်တို့ သူငယ်ချင်းတတွေ.. လှေစီးထွက်ကြတယ်..။ အပျော်စီးကြတာပဲ..။ လှေကို မနစ် နစ်အောင် စီးကြတယ်..။ သူများလှေတွေကိုလည်း.. လိုက်နစ်တယ်..။ ကိုယ့်လှေကိုလဲ သူများတွေ နစ်တာခံရတယ်..။ လှေပြိုင်ကြတယ်..။ သိပ်ပျော်ဖို့ကောင်းတယ်..။

ကျွန်တော်က ပဲ့ ကိုင်တယ်..။ လှေရဲ့ နောက်မြီးမှာ ထိုင်ပြီးလှေကို ထိန်းလှော်တာကို.. ပဲ့ကိုင်တယ်လို့ ခေါ်တာပဲ..။ တံတားအောက်နား.. ရေစီးသန်သန်နေရာမှာ.. ကျွန်တော်တို့ လှေမှောက်သွားတယ်..။ ရေက ကျွန်တော်တို့ တရပ် မမှီတော့.. မှောက်နေတဲ့ လှေကို.. နီးစပ်ရာကမ်းဖက် တွန်းယူရတယ်..။

အဲဒီတုံးက ချည်ကြမ်းပုဆိုး ကျွန်တော်ဝတ်ထားတယ်..။ လှေမှောက်ပြီး ပုဆိုးရေစိုသွားတယ်..။ ချည်ကြမ်းဆိုတော့.. ရေစိုရင် သိပ်လေးတယ်..။ မှောက်နေတဲ့ လှေကို.. ပဲ့ပိုင်းကနေ.. ကျွန်တော်က ရေကူးရင်း တွန်းပေးရတယ်..။ ရှေ့ပိုင်းက သူငယ်ချင်းများကလည်း.. ရေကူးရင်း လှေကို ဆွဲတယ်..။

ပုဆိုးကြီးက လေးတော့.. တွန်းရတာ.. သိပ်အဆင်မပြေချင်ဘူး..။ အဲဒါနဲ့ ကျွန်တော်.. ပုဆိုးကို စလွယ်သိုင်းပြီး ပဲ့ပိုင်းကနေ.. ရေငုပ်လိုက် လှေတွန်းလိုက် အသက်ရှုလိုက်နဲ့ ရေတိမ်တဲ့ကမ်းစပ် ရောက်လာတယ်..။

အရပ်မှီသွားရင်.. လှေကို.. မပြီး .. ပက်လက်လှန် ရေတွေထုတ်.. ပြန်စီးလို့ရပြီပေါ့..။ တံတားပေါ်က လူတွေကလဲ.. ကျွန်တော်တို့ လှေမှောက်ပြီး .. လှေကို ပြန်လှန်ဖို့ ကြိုးစားနေတာ.. ကြည့်နေကြတယ်..။ ကျွန်တော့်တပည့်မ ဆယ်တန်းကျောင်းသူလေးတွေလဲ.. ကြည့်နေတဲ့အထဲမှာ.. ပါတယ်..။

ကျွန်တော်တို့လဲ.. လှေပြန်လှန်ဖို့.. ခြေဖျားထောက်မတ်တပ်ရပ်လိုက်ကြတယ်..။

ဝေါကနဲ.. တံတားပေါ်က လူတွေ ၀ိုင်းရယ်ကြတယ်..။ ကျွန်တော့်သူငယ်ချင်းများကလဲ.. ဟာ.. ကနဲ မှင်သက်မိပြီး ကျွန်တော့်ကို ကြည့်နေကြတယ်..။ ကျွန်တော်လဲ.. အဲဒီတော့မှ..ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိတယ်..။ ကျွန်တော့်ပုဆိုးက မရှိတော့..။

ရေက ကျွန်တော့်ပေါင်လယ်လောက်ပဲ နက်တယ်..။ လှိုင်းကြက်ခွပ်ကလေးတွေက.. ကျွန်တော့်ရဲ့ မိမွေးတိုင်းဖမွေးတိုင်းဖြစ်နေတဲ့ အောက်ပိုင်းကို ကလူကျီစယ်နေတယ်..။ ကျွန်တော်လည်း.. ရုတ်တရက် ထိုင်ချလိုက်မိတယ်..။ ဒါပေမယ့်.. တံတားပေါ်က ရယ်သံများကို.. တိတ်ဆိတ်သွားအောင်တော့.. ကျွန်တော်မတတ်နိုင်ခဲ့ပါဘူး..။

မင်းတော့ သောက်ရှက်ကွဲပြီလို့.. သူငယ်ချင်းများ ပြောလာတာကို.. ရေကဒီလောက်အေးပြီး အထက် တက်ကပ်နေတာ.. ဘယ်လိုလုပ် ရှင်းရှင်းလင်းလင်းမြင်ရမှာလဲ..။ သူတို့ဖာသာ စိတ်မှန်းနဲ့ကြည့်ပြီး ရယ်တာတော့.. ငါလဲ မတတ်နိုင်ဘူးလို့ ဘုတောပစ်လိုက်တယ်..။

ဒါပေမယ့်.. ကျွန်တော်.. အတော့်ကို ရှက်နေခဲ့မိတယ်..။

မြစ်ရေကြီးတဲ့အချိန်.. အဲဒီလိုမျိုးပျော်ရပါးရ တာတွေရှိသလို.. စိတ်ညစ်ရတာတွေလဲ.. တပုံကြီးပေါ့..။ မြစ်ရေ တအားကြီးရင်.. မြစ်ကမ်းနားက အိမ်တွေ.. မြုပ်ကုန်တယ်..။ ဖြစ်ရိုးဖြစ်စဉ် ဆိုရင်တော့.. သူတို့အိမ်တွေ လွတ်တယ်..။ အားလုံးက ခြေတံရှည်တွေနဲ့ကိုး..။

ဒါပေမယ့်.. ပုံမှန်ထက် ပိုတိုးတဲ့ နှစ်တွေမှာတော့.. အိမ်ပါမြုပ်ကုန်တော့တာပဲ..။ အဲဒီလိုနှစ်မျိုးတွေမှာ.. ရွာအရှေ့ပိုင်းက.. ဘုန်းကြီးကျောင်းတွေ..ဘုရားကုန်းတွေပေါ်မှာ.. သူတို့တွေ စခန်းချကြရတယ်..။ အိမ်မွေးတိရိစ္ဆာန်တွေဖြစ်တဲ့.. ကြက်၊၀က်၊ဘဲ၊နွားတွေ နဲ့ လူတွေ.. တရုန်းရုန်းပေါ့..။

ဒီကြားထဲ.. သေတဲ့သူက သေတယ်..။ မသာချစရာ သင်္ချိုင်းကုန်းက ရေမြုပ်နေပြီ..။ မြုပ်စရာမြေမရှိ.........။ အတော့်ကို ဒုက္ခသုက္ခ ရောက်ကြရတယ်..။ နှစ်တိုင်းကတော့ ရေကြီးတဲ့အချိန်သေလဲ.. သင်္ချိုင်းမြေက ရေမမြုပ်တော့.. ကိစ္စမရှိဘူးပေါ့..။ ဒါတောင်မှ.. သင်္ချိုင်းကို လှေနဲ့ သွားကြရတယ်..။ လိုက်ပို့သူတွေလဲ လှေနဲ့.. ဘုန်းကြီးတွေလဲ လှေနဲ့.. သင်္ချိုင်းကုန်းကို ချီတက်ကြရတယ်..။

ဘုန်းကြီးလှေက.. " ဘ၀ သံသရာ " သီချင်းဖွင့်ပြီး ရှေ့ဆုံးက ကြွတယ်..။ နောက်က အလောင်းတင်ထားတဲ့ လှေ လိုက်တယ်..။ သူတို့နောက်လှေတွေကတော့.. ရပ်မိရပ်ဖများပေါ့..။ အဲဒီလိုမျိုး.. ရေတွေကြီးနေတုံး.. မသာချတာ.. သုံးလေးကြိမ် ကျွန်တော်ကြုံဖူးတယ်..။ ထူးထူးခြားခြား မသာလောင်း ရေနစ်တဲ့ အကြောင်းပြောရဦးမယ်..။

မသာ တင်ထားတဲ့လှေကို လှော်တဲ့သူတွေက များသောအားဖြင့် ငမူးတွေချည်းပဲ..။ ရွာမှာ.. အလောင်းကို..မူးမှ ကိုင်ရဲကြတယ်..။ သေတဲ့ မိန်းမကြီးနာမည်က.. မကုလားမ..။ အသက်တော့ ကြီးပါပြီ..။ ကိုးဆယ့်ခြောက်ပါးရောဂါနဲ့ သေတာပဲ..။ ရေကြီးတဲ့အချိန်သေတော့.. ထုံးစံအတိုင်း အခေါင်းကို လှေပေါ်တင်ပြီး တသီတသန်းကြီး သင်္ချိုင်းကုန်းကို သွားကြတာပေါ့..။ (အလောင်းစည်သူမင်းကြီး ဖောင်စကြာနဲ့ တိုင်းခန်းလှည့်လည်တာမျိုးနဲ့တောင် ဆင်ဆင်တူလိမ့်မယ်. )

ပုံမှန်ကတော့ ဖြေးဖြေးလေးနဲ့ ငြိမ့်ငြိမ့်လေး လှော်ကြတာပဲ..။ ဒါပေမယ့်.. မကုလားမ အလှည့်ကျမှ.. ဘုန်းကြီးလှေက.. တော်တော်လေးရှေ့ရောက်နေတယ်..။ အလောင်းတင်ထားတဲ့ လှေက.. နောက်ကျနေတယ်..။ ဘုန်းကြီးလှေကို.. အမှီလိုက်မယ်ဆိုပြီး ငမူးတွေ.. ကြုံး လှော်လိုက်တာ.. နစ်ပါလေရော..။

မသေခင်တုံးကတော့.. မကုလားမ တို့.. ရေကူးသိပ်ကျွမ်းတာပေါ့..။ အခုတော့.. အလောင်းကောင်ကြီး အခေါင်းထဲလည်း ထည့်ထားသေးဆိုတော့.. ယက်ကန်ယက်ကန်တောင် မလုပ်နိုင်ရှာတော့ပါဘူး..။ သစ်သားခေါင်းမို့ တော်သေးတယ်..။ နောက်လှေတွေက.. ၀ိုင်းဝန်းဆယ်တင်ပြီး .. သင်္ချိုင်းကုန်း အရောက် သွားကြရတယ်..။

ကုလားမတို့များ.. သေတာတောင်.. ရေကူးချင်သေးတယ်.. လို့ ရွာမှာတော့ ပြောစမှတ်ကို တွင်ရော..။

မကုလားမ ဆိုလို့ ပြောရဦးမယ်..။ မကုလားမ နေတဲ့ရပ်ကွက်က တံငါရပ်ကွက်..။ တစ်ရပ်ကွက်လုံး တံငါလုပ်ငန်းနဲ့ အသက်မွေးကြတယ်..။ မြစ်ထဲ ပိုက်မျောပိုက်ချ မြုံးထောင်ပြီး ရလာတဲ့ ငါးကို ရွာဈေးမှာ ရောင်းကြတာပဲ..။ သူတို့တတွေ ဘွင်းဘွင်းရှင်းရှင်း ရိုးသားပွင့်လင်းကြတယ်လို့ပဲ ပြောရမယ်ထင်တယ်..။ အပြောအဆို.. အပြုအမူ စရိုက်တွေကတော့.. နည်းနည်းကြမ်းတယ်..။

သူတို့တင်ကြမ်းတာလား ဆိုတော့ .. မဟုတ်သေးဘူး..။ သူတို့ရပ်ကွက်ထဲမှာ.. ဘုန်းကြီးကျောင်း တစ်ကျောင်းရှိတယ်..။ အဲဒီဘုန်းကြီးကျောင်းက ကျောင်းထိုင်ကိုယ်တော်က ပိုကြမ်းသေးတယ်..။ ဘွဲ့မည်က.. ဦးပညာသာမိ..။ ဒါပေမယ့်.. တစ်ရွာလုံးက.. ငါ -ီး ဘုန်းကြီးလို့ ခေါ်ကြတယ်..။ တကာ တကာမတွေနဲ့ သူတပြန် ကိုယ်တပြန် ငါကိုင်တုတ်နေလေ့ ရှိလို့ အဲဒီလို ခေါ်တာပဲ..။

သူက ပယောဂလိုလို ဘာလိုလို ကုသေးတယ်..။ အရူး ဆရာတော်လို့လဲ ကွယ်ရာမှာ ခေါ်ကြတယ်..။ ကျွန်တော်တို့နယ်ဖက်က..စိတ်မနှံ့တာလိုလို.. အဆံချောင်တာလိုလို ဖြစ်တဲ့ အရူးတော်တော်များများ သူ့ဆီလာကုကြတယ်..။ တချို့လည်း.. အရူးပျောက်ပြီး ပုံမှန်ပြန်ဖြစ်သွားတယ်..။ သူကုလိုက်မှ အရူးမပျောက်ဘဲ အသက်ပျောက်သူတွေလဲ ရှိတယ်..။

ကုပုံကုနည်းကလဲ.. ဓါတ်ကြမ်းကိုင်တာပဲ..။ အရူးကို သံကြိုးနဲ့ချည်..။ ရေထဲနှစ် .. ပယောဂ ဆိုပြီး ရိုက်..။ ဇရပ်ပေါ်မှာ ကြိုးနဲ့ချည်ထား..။ စတာတွေ လုပ်တာပဲ..။ ဦးနှောက်ဆားကစ် နည်းနည်း ယွင်းနေ တဲ့အရူးတချို့ကတော့.. ဓါတ်ကြမ်းဒဏ်မခံနိုင်တာနဲ့ .. ပုံမှန်ပြန်ဖြစ်သွားဟန်တူပါတယ်..။ ကျွန်တော်သိတဲ့ အရူးတစ်ယောက်ကတော့.. ဆရာတော် ကုပြီး နောက်နေ့မနက်မှာ.. ကျောင်းရှေ့က ဇရပ်ပေါ်မှာ သေနေတယ်..။ ရူးတာတင်မက အသက်ပါ ပျောက်သွားတာပဲ..။

အဲဒီအရူးရဲ့ မိဘမောင်နှမများကတော့.. ၀ဋ်ကျွတ်တယ်လို့ သဘောထားလိုက်ကြဟန်တူပါတယ်..။ ဘာ အမှုအခင်းမှ ဖြစ်တယ်လို့လဲ ကျွန်တော်တို့ တစ်ရွာလုံး မကြားမိပေါင်..။

ကျွန်တော့်ဘော်ဒါဦးဇင်း ဗိုလ်ကုက အဲဒီဆရာတော်နဲ့ ရင်းနှီးတယ်..။ ကျွန်တော်နဲ့ ဗိုလ်ကု ရံဖန်ရံခါ အဲဒီကျောင်းရောက်တယ်..။ အခေါင်းနဲ့ ရေဆင်းကူးတဲ့ မကုလားမနဲ့ အဲဒီဘုန်းကြီးကလဲ တကာရင်း ဆရာရင်းတွေ..။

တစ်ခါတုံးက ကျွန်တော်နဲ့ ဗိုလ်ကု.. အဲဒီဘုန်းကြီးနဲ့ စကားစမြည်ပြောနေတုံး မကုလားမ ရောက်လာတယ်..။ ဘုန်းကြီးဘေးနား ဆောင့်ကြောင့်ထိုင်ပြီး ပုဇွန်ထုတ်လတ်လတ်ဆတ်ဆတ်လေး ရလာလို့ ကပျာကယာ ကြော်ပြီး လာကပ်တာ ဘုရားဆိုပြီး ပုဇွန်ထုတ်သုံးကောင်ကြော်ထည့်ထားတဲ့ ပန်းကန်ကို ဘုန်းကြီးရှေ့ ထိုးပေးတယ်..။ အချိန်က မွန်းလွဲ နှစ်ချက်တီးကျော် နေပြီ..။

ဘုန်းကြီးကလဲ.. အေး ကောင်းသကွာ.. ကပ်တဲ့သူက ကပ်မှတော့ ၀ါးရသေးတာပ ဆိုပြီး တစ်ကောင်ပြီးတစ်ကောင် ကောက်ဝါးတယ်..။ ပြီးမှ.. မကုလားမကို..

" ဟဲ့ ကုလားမ.. နင်က ဘာတုံး " လို့ မေးတယ်..။

" တပည့်တော်က လူပေါ့ " လို့ မကုလားမက ပြန်ဖြေတယ်..။

" ငါ က ဘာလဲ " လို့ ဘုန်းကြီး က ဆက်မေးပြန်တယ်..။

မကုလားမက.. " ကိုယ်တော်က ဘုန်းကြီးပေါ့.. လူတကာသိတာအဆန်းလုပ်လို့.. " လို့ ပြန်ပြောတယ်..။
"အေး ဘုန်းကြီးကို ဘုန်းကြီးမှန်းသိရင် ရှိလေးဘာလေးခိုးအုံး..။ အလိုက်ကန်းဆိုးမသိ ငါ့ဘေးနားလာ ဆောင့်ကြောင့်ထိုင်နေတယ်..။ နင့်အ၀ှာ.. ငါ မီးညှပ်နဲ့ ကောက်ထိုးလိုက်လို့ ပုဇွန်မီးကင်ထားတာထက် ဆိုးသွားမယ် ဘာ မှတ် လဲ.. " လို့ ပြောချလိုက်တယ်..။

ကျွန်တော်နဲ့ ဗိုလ်ကုမှာတော့.. ရယ်ရခက် တည်ရခက်ကြီးပေါ့..။

Sunday, June 22, 2008

13.9 ရွာဘောလုံးပွဲ

မနေ့ညက အင်္ဂလိပ်ပရီးမီးယားလိဂ် ဘောလုံးပွဲတွေ ထိုင်ကြည့်ရင်းနဲ့ ရွာဘောလုံးပွဲတွေကို ပြန်သတိရနေမိတယ်..။

ရွာဘုရားပွဲမှာ များသောအားဖြင့် ဘောလုံးပွဲ ကျင်းပလေ့ရှိတယ်..။ ရပ်ကွက်လိုက်ဘောလုံးအသင်းတွေအပြင် တခြားရွာက ဘောလုံးအသင်းတွေလဲ ၀င်ပြိုင်ကြတယ်..။ အတော့်ကို စည်စည်ကားကားရှိတဲ့ ပွဲပေါ့..။ တချို့ရပ်ကွက်ကြီးတွေက.. ဘောလုံးတသင်း သပ်သပ်ဖွဲ့ပြီး ၀င်ပြှိုင်တယ်..။ ငယ်တဲ့ ရပ်ကွက်တွေကတော့ နှစ်ရပ်ကွက်ပေါင်းတသင်း စုပေါင်းစပ်ပေါင်းဖွဲ့ပြီး ၀င်ပြိုင်ကြတယ်..။

ကျန်တဲ့ရွာတွေကတော့ တစ်ရွာတစ်သင်းပေါ့..။ ကမ္ဘာ့ဖလားနီးနီး ပြိုင်ပွဲရက်ရှည်တယ်..။ ဒါတောင် တနေ့နှစ်ပွဲကန်တယ်..။ မကုလားမတို့ရပ်ကွက်ကလဲ.. တစ်သင်း ၀င်ပြိုင်တယ်..။ အရူးကိုယ်တော်က အသင်းမန်နေဂျာပဲ..။

ရပ်ကွက်ထဲက ဘောလုံးကန်တတ်တဲ့.. လူငယ်တွေကို.. ဘုန်းကြီးကျောင်းမှာ ကျောင်းအိပ်ကျောင်းစားနဲ့ ကမ့် သွင်းတယ်..။ အစားအသောက်ကတော့ အလျှံအပယ်ပေါ့..။ မနက်စော ဘုန်းကြီးကျောင်းကို ပတ်ပြေးကြရတယ်..။ ညနေ ဘုန်းကြီးကျောင်းထဲမှာ.. လူခွဲကန်ကြတယ်..။ ဘုန်းကြီးက ၀ီစီ တလုံးနဲ့ စီမံခန့်ခွဲတယ်..။

တချို့ ဦးဇင်း ကိုရင်တွေက.. ဘောလုံးကန် အတော်ကောင်းတယ်..။ သူတို့ကို အသင်းမန်နေဂျာဖြစ်တဲ့ ဘုန်းကြီးက အဆိုင်းနဲ့ လူထွက်ပြီး ကန်ခိုင်းတယ်..။ ဘောလုံးပွဲမရှိတဲ့ ရက်.. သင်္ကန်းဝတ်နဲ့ နေစေ..။ ဘောလုံးပွဲရှိတဲ့ရက်.. ယူနီဖောင်းဝတ် ဘောလုံးကန်စေ.. ခွင့်ပြုထားတယ်..။ ၀ိနည်းတွေ ဘာတွေ အသာထား..။ တကာ တကာမတွေကလဲ အပြတ်အားပေးတယ်..။

ကွင်းထဲမှာတော့.. အဲဒီကိုယ်တော်တွေက.. ကတုံးပြောင်တွေနဲ့ပေါ့..။ မာတုကာ မတွေကလဲ.. ဗိုလ်သုန် ကွ ဗိုလ်သုန်.. ဆွဲသွား ကန်ပစ်လိုက်နဲ့ ကွင်းဘေးကနေ အော်ဟစ်အားပေးကြတယ်..။ ဗိုလ်သုန်ဆိုတာ.. သုန္ဒရ ဘွဲ့ကို ချစ်စနိုးနဲ့ ခေါ်ကြတာ..။

သူတို့အသင်းနိုင်နေရင် ကောင်းတယ်..။ ရှုံးရင်တော့ ပြဿနာတက်တော့တာပဲ..။ အသင်းမန်နေဂျာ ဘုန်းဘုန်းကိုယ်တိုင် ကွင်းထဲကို သင်္ကန်းကြီး တဖားဖားနဲ့ ၀င် ပြဿနာရှာတယ်..။ ဒိုင်လူကြီးခမျာ.. အရှင်ဘုရား တပည့်တော် တင်ပါ့ ဘုရား မိုးမွှန်အောင်ပြောပြီး တောင်းပန်ရရှာတယ်..။

ဘောလုံးပွဲဆိုတော့.. ထိမိခိုက်မိ တွန်းမိတိုက်မိလေးတွေ ရှိတာပေါ့..။ ဘောလုံးစည်းမျည်း စည်းကမ်း သေချာနားမလည်တော့.. ကိုယ်ထင်ရာအမှန် လုပ်ပြီး ဇွတ်ပြောဇွတ်ငြင်းတော့တာပဲ..။ တခါတလေ.. သူ့ရပ်ကွက်က ဘောသမားတွေ ခေါ်ပြီး ဒီပွဲ ဆက်မကန်ဘူး.. ဒိုင်ညစ်တယ် .. ပြန်မယ် ဆိုတာမျိုး လုပ်သေးတယ်..။ ဘုရားလူကြီးတွေရော.. ပွဲဖြစ်မြောက်ေ၇း ကော်မတီလူကြီးတွေ ရော ၀ိုင်းဝန်းတောင်းပန်ပြီး ပြေလည်ရာပြေလည်ကြောင်း ညှိကြရတယ်..။


အဲဒီလိုမျိုး ညှိကျနှိုင်းကျ နဲ့ ပြေပြေလည်လည် အောင်အောင်မြင်မြင်ပြီးဆုံးသွားတဲ့ နှစ်တွေ ရှိသလို.. ရပ်ပွဲနဲ့ အဆုံးသတ်သွားတဲ့ နှစ်တွေလဲ မနည်းဘူး..။

ရွာဘောလုံးပွဲဆိုလို့ အထင်မသေးနဲ့ ..။ ရုံဝင်ကြေးပေးပြီး ကြည့်ကြရတယ်..။ ဘောလုံးကွင်းကို ၀ါးထရံ နှစ်ဆင့်နဲ့ ရုံကာလိုက်တယ်..။ ကွင်းထဲမှာ ၀ါးလုံးတန်းနဲ့ ပုရိသတ်တွေကို စည်းတားထားတယ်..။ သူ့ရပ်ကွက် ကိုယ့်ရပ်ကွက် ပုရိတ်သတ်မနည်းဘူး..။ အော်ကြဟစ်ကြ ဆဲကြဆိုကြ နဲ့ အသံဝင်တဲ့အထိ အားပေးကြတယ်..။

ရန်ဖြစ်မှာစိုးလို့ တုတ်ဓါးလက်နက် ကိုင်ဆောင်ပြီး ကွင်းထဲမ၀င်ရလို့ အမိန့်ထုတ်ပြန်ထားပေမယ့်.. ကြံချောင်းတွေ ကိုယ်စီနဲ့ ရုံထဲဝင်ကြတယ်..။ စုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြံ ၀ယ်တာတော့မဟုတ်ဘူး။ ရန်ဖြစ်ရင် ရိုက်ဖို့နှက်ဖို့ ၀ယ်လာကြတာပဲ..။

ရဲတွေခမျာလည်း.. ဘောလုံးပွဲဆိုရင် .. ရိုင်ဖယ်သေနတ်ကြီးတွေ တကားကားနဲ့ လမ်းသလား နေရရှာတယ်..။ ဒါတောင် တကယ်ရန်ဖြစ်တော့ ရဲလက်က သေနတ်လုပြီး ပစ်မယ်ခတ်မယ်လုပ်တဲ့ သာဓကတွေ ရှိသေးတယ်..။

မှတ်မှတ်ရရ မကုလားမတို့ ရပ်ကွက်နဲ့ တခြားရပ်ကွက် ကန်ကြတယ်..။ ဗိုလ်သုန်က ရှေ့တန်းကနေ တစ်ဂိုး သွင်းလိုက်တယ်..။ ရွာသားတစ်ယောက် အပျော်လွန်ပြီး ကျွမ်းထပစ်တယ်..။ မြစ်နားကမ်းနား ရပ်ကွက်က ဆိုတော့.. ကျွမ်းပစ်တာ သူတို့အတွက် ထမင်းစားရေသောက်ပေါ့..။ ဒါပေမယ့် အဲဒီရွာသား ကျွမ်းထအပစ်မှာ သူ့ဘေးနားက သူငယ်ချင်းက ဟေ့ကောင် မလုပ်နဲ့ဆိုပြီး လှမ်းဆွဲလိုက်တယ်..။ လူမဆွဲမိဘဲ ပုဆိုးဆွဲမိသွားတယ်..။ တစ်ပတ်ကျွမ်းပစ်တာဆိုတော့.. ပုဆိုးက ကျွတ်ကျန်ခဲ့တယ်..။

ကွင်းထဲကို လှလှပပ ကြောင်ကျ ကျတယ်..။ ဒါပေမယ့် ပုဆိုးတော့ မပါတော့ဘူး..။ ရွာကလူတော်တော် များများအောက်ခံ ဘောင်းဘီ ၀တ်ရကောင်းမှန်းတောင် မသိကြဘူး ဆိုတော့ တွေးသာကြည့်ပေတော့..။

ရှုံးတဲ့ဖက်က ပုရိတ်သတ်က.. နတ်ကွတ်ကြီး နတ်ကွတ်ကြီး နဲ့ ၀ိုင်းဟားကြတယ်..။ (လူစဉ်မမီတဲ့ ယောက်ျားတွေကို နတ်ကွတ်ခံရတဲ့ကောင် လို့ ရွာမှာ စကြနောက်ကြပြောင်ကြလေ့ရှိတယ်..) ကိုယ်တော်ချောကလဲ မွှန်ထူနေတဲ့အပြင် နတ်ကွတ်လို့ အပြောခံရတော့.. လုပ်မိလုပ်ရာ တိရိစ္ဆာန်ရုံထဲက မျောက်လို့ လုပ်ပြတယ်..။ ပုရိတ်သတ်တွေ ကြက်သေသေနေကြတယ်..။

လုံခြုံရေးတာဝန်ယူထားတဲ့ ရဲသားက အဲဒီပုဂ္ဂိုလ်ကို တုတ်နဲ့ ၀င်ထိန်းတယ်..။ သူတို့ရပ်ကွက်သား ကို ရဲက တုတ်နဲ့ လုပ်ရကောင်းလားဆိုပြီး ဘောလုံးကန်နေတဲ့ ဗိုလ်သုန်တို့က ဘောပွဲရပ်ပြီး ရဲသားကို ၀င်လုံးတယ်..။ အဲဒီမှာ.. ဟိုဖက်ဒီဖက် ဆဲကြဆိုကြ ရိုက်ကြနှက်ကြနဲ့ ပွဲပျက်ကရော..။

……………..

ရွာဘောလုံးကွင်းက တလင်းပြောင်ကြီး..။ မျက်ဆိုလို တပင်တလေတောင်မရှိတဲ့ ကုန်းခေါင်ခေါင်မြေပေါ့..။ နှမ်း မြေပဲ ပေါ်ချိန်ဆို.. နှမ်းတလင်း မြေပဲတလင်းလုပ်တယ်..။ ဘုရားပွဲချိန်တော့ ဘောလုံးကွင်းပေါ့..။ တီဗွီထဲက မြင်နေကျ ဘောကွင်းတွေလို မြက်ခင်းစိမ်းစိမ်း ဘယ်ရှိမလဲ..။ ဘောလုံးကန်ရင်း ချော်လဲလို့ကတော့ ကွဲပြီ ပြဲပြီပဲ..။

ရွာသားတွေဆိုတော့ မာတော့ မာတယ်..။ တော်ရုံတန်ရုံကွဲပြဲတာလောက်တော့ မဖြုံဘူး..။ တချို့ရွာသား ဘောကန်ဖိနပ်တောင်မစီးဘူး..။ ခြေဗလာနဲ့ ကန်တာပဲ..။ တချို့လဲ လူပြည့်ပြီးရော.. မကန်တတ် ကန်တတ်နဲ့ ၀င်ကန်ကြတယ်..။
သာဒင်ဆိုတဲ့ ရွာသားက နောက်တန်းကစားသမား..။ သာဒင်ကို ဘာထင်သလဲ ဆိုပြီး လာသမျှလူ နဲ့ ဘောလုံး သိမ်းကြုံးကန်တယ်..။ တစ်ခါတုံးကလဲ ဘောလုံးက မြေလိမ့်ဘော သာသာ လိမ့်လာတယ်..။ သာဒင်နောက်က ဂိုးသမားက သာဒင်.. ခေါင်းနဲ့တိုက် ခေါင်းနဲ့တိုက် လို့ အော်တယ်..။

သာဒင်လဲ ထွေထွေထူးထူး မစဉ်းစားဘဲ.. ခေါင်းနဲ့ ပစ်တိုက်လိုက်တာ မျက်နှာတစ်ခုလုံး စုတ်ပြတ်သွားတယ်..။ ရွာဘောလုံးပွဲက အဲဒီလိုမျိုး..။ အမှတ်ရစရာတွေ သိပ်များတယ်..။

မကုလားမတို့ ရပ်ကွက် နဲ့ တခြားရပ်ကွက်ကန်ကြပြန်တယ်..။ အသင်းမန်နေဂျာ ဘုန်းဘုန်းက တဖက်သင်းက ဌေးအောင် ဆိုတဲ့ ကောင်သိပ်ကောင်းတယ်.. အဲဒီကောင်ကို အပီကပ်ထားရင် တို့နိုင်ပြီ ဆိုပြီး သူ့အသင်းက သိန်းမောင်ကို ဌေးအောင်ကပ်ဖို့ တာဝန်ပေးထားတယ်..။

သိန်းမောင်ကလဲ ညွှန်ကြားချက်ကို မြေ၀ယ်မကျ နားထောင်တယ်..။ ဘောလုံးမကန်ခင်ကတည်းက ဌေးအောင်နားမှာ ကပ်နေတယ်..။ ဌေးအောင်က ရှုးရှုးပေါက်ချင်လို့ အိမ်သာသွားတယ်..။ သိန်းမောင်က ထပ်ကြပ်မကွာ အိမ်သာအထိ လိုက်တယ်..။ ဌေးအောင်ထိုင်ရင် သိန်းမောင်ထိုင်တယ်..။ ဌေးအောင် ထရင် သိန်းမောင်ထတယ်..။

ဖိုးချို ရဲ့ ပိုင်စိုးမှု ဧကရီသီချင်းထဲကလို.. "မင်း ဘယ်လမ်းသွားသွား.. လှည့်မကြည့်နဲ့ နောက်ကပါတယ်" ဆိုတာမျိုးပဲ..။

သူသွားလေရာ တကောက်ကောက်လိုက်နေလေတော့ ဌေးအောင် စိတ်မရှည်တော့ဘူး..။ ဟေ့ကောင် သိန်းမောင် ငါ့နောက် တကောက်ကောက်လိုက်ပြီး ဘာလုပ်နေတာလဲ လို့ မေးတယ်..။ ငါတို့ ဘုန်းဘုန်းက မင်းကပ်ထားရင် ငါတို့အသင်း နိုင်ပြီ လို့ ပြောလို့ မင်းနားကပ်နေတာပဲ လို့ သိန်းမောင်က ပြန်ပြောတယ်..။

"ဟာ.. ကွာ.. သောက်တလွဲကောင်ပဲ..။ ကပ်ချင်လဲ ဘောလုံးကန်မှ ကပ်ကွ.. ။ " လို့ ဌေးအောင် က ပြောတော့မှ.. သိန်းမောင် လက်လျော့သွားတယ်..။

ဌေးအောင်တို့ ရပ်ကွက်ကလဲ တမျိုး..။ ဂိုးသမားက ပွဲနီးမှ အထက်လှန်အောက်လျော ဖြစ်တယ်..။ အစားထိုးစရာအရန်ကလဲ မရှိဆိုတော့.. သိန်းထွန်းလို့ ခေါ်တဲ့ ရွာသားကို ဂိုးသမား လုပ်ခိုင်းတယ်..။ သိန်းထွန်းက ဘော်လီဘောသမား..။ ဘောလုံးတော့ ဖြစ်ဖြစ်မြောက်မြောက် မကန်တတ်ဘူး..။ ဘော်လီဘော ကစားတာတော့ အတော်ကောင်းတယ်..။

အသင်းအုပ်ချုပ်သူ ရပ်မိရပ်ဖ များကလဲ.. ဘော်လီဘောသမား.. ဂိုးတော့ ဖမ်းတတ်မှာပဲ ဆိုပြီး အစားထိုးတာပဲ..။ ဒါပေမယ့် တကယ့်ပွဲလဲ ကစားရော.. လာသမျှ ဘောလုံး မဖမ်းဘဲ သိန်းထွန်းက ဘော်လီဘောပုတ်သလို ပုတ်ထုတ်နေတယ်..။ လက်ပူးမ နဲ့ တမျိုး လက်ခွနဲ့ တဖုံ.. တဒိန်းဒိန်း တဒိုင်းဒိုင်းနဲ့ ဘော်လီဘော ကစားသလို ကစားနေတော့တာပဲ..။

ပွဲကြည့် ပုရိတ်သတ်ကတော့ တ၀ါးဝါးနဲ့ပေါ့..။

ရွာဘောလုံးပွဲတွေမှာ.. ကျွန်တော်လဲ ကျွန်တော်တို့ ရပ်ကွက်လက်ရွေးစင် အနေနဲ့ ၀င်နွှဲလေ့ရှိတယ်..။ ကျွန်တော်က ငယ်ငယ်ကတည်းက ဘောလုံးကန် ၀ါသနာပါတယ်..။

မူလတန်းအဆင့် မြို့နယ်လက်ရွေးစင် အရွေးခံရဖူးတယ်..။ မြို့နယ်ဥက္ကဌ ဖလား ဘောလုံးပြိုင်ပွဲတွေမှာ.. ရွာလက်ရွေးစင်အနေနဲ့ ကန်ရလေ့ရှိတယ်..။ ကျွန်တော်တို့ရပ်ကွက်က ဘောလုံးမှာ နာမည်ကြီးတယ်..။ တခါတရံ ဗိုလ်စွဲလေ့ရှိတယ်..။

တစ်နှစ် . ကျွန်တော်တို့ အသင်း ဗိုလ်လုပွဲ တက်ရတယ်..။ တဖက်အသင်းကလဲ ခေသူမဟုတ် အသင်းပေါ့..။ သူ့ဖက်ကိုယ့်ဖက် အားပေးလိုက်ကြတာလဲ ၀က်ဝက်ကွဲပဲ..။ ပွဲကတော့ ကြမ်းတယ်..။ ပုရိတ်သတ်ချင်းလဲ ညှိ.. ဘောသမားအချင်းချင်းလဲ ညှိနေကြတယ်..။

ဒိုင်လူကြီးက မြို့နယ်အဆင့် ဒိုင်လူကြီး..။ ပွဲဖြစ်မြောက်ရေး ကော်မတီက သူ့ကို ပွဲပြတ်ဘယ်လောက်ပေးမယ် ဆိုပြီး အခကြေးငွေနဲ့ ငှားလာတာ..။ သူ့ ကိုယ်ချ.. ကိုယ့်သူချ ဆိုတော့.. ပွဲက သိပ်တော့ ကြည့်မကောင်း တော့ဘူး..။ ကျွန်တော် ဘောလုံးဆွဲလာတာကို တဖက်သင်းနောက်တန်းလူက..

"လာ ထား .. လာထား.. တွေ့ကြသေးတာပေါ့.. ခြေမကျိုးတော့ ပြောချင်တိုင်းပြော.. " လို့ အော်ရင်း မျက်လုံးကြီးပြူးပြီး ကြိမ်းတယ်..။

အဲဒီကောင်ကို ကြောက်ပြီး ကျွန်တော်ဘောလုံးကို ထိန်းပြီး ရှေ့မတိုးရဲတော့ဘူး..။ ကျွန်တော့်အခြေအနေကို ရိပ်မိတဲ့ ကျွန်တော့်တို့ဖက်က နောက်တန်းသမား တစ်ယောက်က

"ဟေ့ ကောင်လေး.. ဖယ် ဖယ်.. ဘောလုံးငါ့ကို ပေး.. အဲဒီကောင် နဲ့ ငါတွေ့ကြသေးတာပေါ့.. " လို့ ပြောပြီး ကျွန်တော့်ဆီက ဘောလုံးကို သယ်ယူသွားတယ်..။

တဖက်ဂိုးရှေ့ရောက်တော့ တရုတ်သိုင်းကား လား အောက်မေ့ရတယ်..။ ချလိုက်ကြတာ..။

ဒိုင်လူကြီးက ခရာမှုတ်ပြီး နှစ်ယောက်စလုံးကို အ၀ါ ကတ် ပြတယ်..။ ဒါပေမယ့် ပွဲက ပိုကြမ်းကြမ်းလာတယ်..။ အ၀ါကတ် ပြစရာလူကလဲ သိပ်မကျန်တော့ဘူး..။

နောက်ဆုံးတော့ ဒိုင်လူကြီးပါ စိတ်ဆိုးလာတယ်...။ သူ့အိပ်ထောင်ထဲက အ၀ါကတ်ကြီးကို ဘောလုံးသမားတွေရှေ့မှာပဲ လွှင့်ပစ်လိုက်တယ်..။ တဆက်တည်းမှာပဲ

"အားလုံးနားထောင်.. အခုအချိန်ကစပြီး ဒီနေ့ပွဲမှာ.. အ၀ါကတ်ဆိုတာ.. မရှိတော့ဘူးကွ " တဲ့..။

ပွဲပြီးတော့ ကျွန်တော်တို့အသင်းက နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်စွဲတယ်..။ ပွဲပြီးပြီးချင်း.. ဘောလုံးသမားတွေ .. ကွင်းလယ်မှာ.. ၀ပ်နေ ၀ပ်နေ လို့ အော်ရင်း ရပ်ကွက်လူကြီးတွေ ကွင်းထဲ ပြေးဝင်လာကြတယ်..။

ကျွန်တော်တို့တတွေလဲ.. အောင်ပွဲမခံနိုင်ဘဲ.. ကွင်းလယ်မှာ.. လေးဘက်ထောက်ပြီး ၀ပ်နေရတယ်..။ ရပ်ကွက်လူကြီးတွေနဲ့ ရဲတွေက ကျွန်တော်တို့ကို ၀ိုင်းထားပေးတယ်..။

ရှုံးတဲ့ဖက်က.. လောက်လေးဂွ နဲ့ လှမ်းပစ်မှာစိုးလို့ ..လို့ နောက်မှ သိရတယ်..။

အခြေအနေ အေးဆေးသွားတော့မှ ကွင်းအပြင်ထွက်ကြရတယ်..။ အပြင်ရောက်တော့ ရပ်ကွက်ထဲက ကုမ္မာရီသမီးပျိုလေးတွေက ပန်းကုံးစွပ်တယ်..။ ပန်းကုံးကိုယ်စီနဲ့.. ရပ်ကွက်ထဲ လမ်းကြိုလမ်းကြားမကျန်.. လှည့်လည် အောင်ပွဲခံကြတယ်..။ နောက်နေ့မနက်မှာ.. ရပ်ကွက်အစည်းအဝေးလုပ်တယ်..။ အောင်ပွဲရ ဘောလုံးအသင်းကို ဂုဏ်ပြုတဲ့အနေနဲ့.. မန္တလေးက ပလာဇာတ်ငှားပြီး အောင်ပွဲခံကြမယ်လို့ ဆုံးဖြတ်တယ်..။

ပွဲမိန့်ရရေး ရဲနဲ့ကောင်စီကို ခွင့်တောင်းတယ်...။ ပွဲအတွက် ကုန်ကျမယ့် ငွေကြေးကိုတော့.. လောင်းကစားဝိုင်းတွေက မျှပြီး ကျခံရမယ်လို့ သဘောတူကြတယ်..။

လူကြီးတချို့ ပွဲငှားဖို့ မန္တလေး တက်သွားကြတယ်..။

ဒါပေမယ့် ရှုံးတဲ့ ရပ်ကွက် က လေသံပစ်တယ်..။ လောင်းကစားဝိုင်းက ရတဲ့ငွေနဲ့ ပွဲထည့်တာ ဘာအထင်ကြီးစရာရှိလဲ ပေါ့..။ လောင်းကစားဝိုင်း မကယ်ရင်.. သူတို့လို ငမွဲရပ်ကွက် .. ပွဲထည့်ဖို့ နေနေသာသာ.. လော်စပီကာတောင် ငှားနိုင်မှာ မဟုတ်ဘူး .. လို့.. အတင်းချတယ်..။

အဲဒါကို ကြားတော့.. ကျွန်တော်တို့ရပ်ကွက်က လူတွေ ဆတ်ဆတ်နာသွားတယ်။ ရပ်ကွက်အစည်းအဝေးထပ်လုပ်တယ်..။ လောင်းကစားဝိုင်း လုံးဝ မလုပ်စေဘဲ.. ရပ်ကွက်ထဲက တတ်နိုင်တဲ့ သူတွေ ငွေစုထည့်ကြမယ် လို့ ဆုံးဖြတ်လိုက်ကြတယ်..။

မခံချင်စိတ်တွေနဲ့ပေါ့...။ ဆယ့်နှစ်ပွဲသမား (လောင်းကစားသမားဒိုင်) တွေ ခမျာတော့ စားပေါက်ပိတ်သွားတာပေါ့..။

ရွာနီးချုပ်စပ်မကျန်.. ဘောလုံးအောင်ပွဲ အဖြစ် ပလာဇာတ်ကမယ် လို့ ကြေငြာတယ်..။ ကျွန်တော်တို့နယ်မှာ.. ပလာဇာတ်ကရင်.. တခြားရွာတွေကလဲ ညအိပ်ညနေ လာကြည့်လေ့ရှိတယ်..။ ဇာတ်အဖွဲ့ရောက်လာတော့.. ရပ်ကွက်လူကြီးတွေက ရှုံးတဲ့ ရပ်ကွက် မခံချင်အောင် ဘောလုံးနဲ့ ပတ်သက်တဲ့ ပြဇာတ်တစ်ပုဒ် မဖြစ်ဖြစ်အောင် ကပေးပါလို့ ဇာတ်ဆ၇ာကို တောင်းဆိုတယ်..။

ပွဲကမယ့်ညမှာ.. အောင်ပွဲရ ဘောလုံးသမားတွေကို ဂုဏ်ပြုပွဲလုပ်တယ်..။ အနယ်နယ်အရပ်ရပ်က ပွဲလာကြည့်တဲ့ ပုရိတ်သတ်တွေရှေ့ ဇာတ်ခုံပေါ်မှာ.. ကျွန်တော်တို့ ဘောလုံးသမားတွေ ဆုတက်ယူရတယ်..။

ဆလိုက်မီးတွေ ထိုးထားတဲ့ ကတ္တီပါ ပိတ်ကားကြီးကို တရွေ့ရွေ့ ဆွဲတင်လိုက်တဲ့ အခါမှာ... ခန့်ခန့်ကြီး ထိုင်နေကြတဲ့ ရပ်ကွက်လူကြီးတွေကို တွေ့ရတယ်..။ သူတို့နဲ့ မျက်နှာချင်းဆိုင် ဇာတ်ခုံထောင့်မှာကတော့.. ရပ်ကွက်ထဲက ကွမ်းတောင်ကိုင် အပျိုချော သုံးလေးယောက်ရှိတယ်..။

မိုက်စိန်ကျော်က.. ဘယ်ပွဲမှာ ဘယ်လို.. ညာပွဲမှာ ညာလို.. ကန်ခဲ့တဲ့.. မောင်ဘယ်သူ ဆုယူရန် ကြွပါလို့ မိုက်နဲ့ ဖိတ်ခေါ်တယ်..။ အဖိတ်ခေါ်ခံရသူက.. ဘောလုံးယူနီဖောင်း အပြည့်အစုံနဲ့ စင်ပေါ်တက်လာတယ်..။ ဇာတ်ခုံထောင့်က အသင့်စောင့်နေတဲ့ ကွမ်းတောင်ကိုင်လေးတွေက ပန်းကုန်း ဆီးပြီး စွပ်တယ်..။

ဇာတ်ခုံထောင့်က ရပ်ကွက်လူကြီးတစ်ယောက် ထလာတယ်..။ ဇာတ်မင်းသမီးအသင့်ယူလာပေးတဲ့ ဆုငွေ စာအိတ်ကို ယူပြီး ဘောလုံးသမားကို ရပ်ကွက်လူကြီးက ဆုချတယ်..။ အောက်က ပုရိတ်သတ်က လက်ခုပ်တွေတီး လက်ခေါက်တွေမှုတ်ပေါ့..။

အတော့်ကို ပျော်စရာ ညတစ်ညပါပဲ..။ မှတ်မှတ်ရရ ဆုကြေးအဖြစ် တစ်ယောက်ငါးဆယ်ကျပ်ရတယ်..။ အဲဒီငါးဆယ်တောင် ပွဲပြီး ရင် ပြန်ပေးရမလိုလို အသံကြားတာနဲ့ မြန်မြန်သုံးပစ်လိုက်ရတယ်..။

Saturday, June 21, 2008

12.1 ကာမိုင်းကိုအသွား

သိပ်ချစ်တယ်ဆိုတာ..သိပ်အားတဲ့လူတွေ.. မူပိုင်ယူထားတဲ့ စကားလုံး ဖြစ်ကောင်းဖြစ်မယ်..။ ညလေးနဲ့ ပတ်သက်တဲ့ အလွမ်းဇာတ်ကို .. မြ၀တီဇာတ်လမ်းတွဲတွေလို.. တမေ့တမော ..ဆက်ကလောက်အောင် အထိတော့ ကျွန်တော်နှလုံးသားက မသန်စွမ်းခဲ့ဘူး..။

အချိန်တန်ကျောင်းတွေပိတ်တော့.. နောင်နှစ်အတွက် ကျောင်းစားရိတ်..ဘယ်က ရမလဲဆိုတဲ့ မေးခွန်းက.. ကျွန်တော့်ကို နှိပ်စက်နေခဲ့တယ်..။ ရွာပြန်ပြီးကျုရှင်ဆရာလုပ်ရတာကိုလည်း.. အတော့်ကို ငြီးငွေ့နေခဲ့ပြီ..။ နောက်ဆုံးတော့.. ကချင်ပြည်နယ် ကာမိုင်းမြို့ကို..သွားဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်..။

ကာမိုင်းဆိုတာ.. မြန်မာပြည်ရဲ့ ကျောက်စိမ်းမှော် ဖားကန့်နဲ့ မိုင်လေးဆယ် ဝေးတဲ့ .. မြို့ငယ်လေးတစ်မြို့ပဲ..။ ဗိုလ်ကုတို့လို ရင်းနှီးတဲ့.. ဦးဇင်းတစ်ပါးက.. အဲဒီမြို့မှာ.. ကျောင်းထိုင်ဖြစ်နေတယ်..။ ကျောင်းဆောက်ရန် ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီဦးဇင်းက.. ထော်လာဂျီနှစ်စီးထောင်ပြီး ဖားကန့်ကာမိုင်း .. ကုန်စည်စီးဆင်းရေးမှာ .. တတပ်တအားပါဝင်နေတယ်..။

ဘော်ဒါဦးဇင်းက ကျောင်းထိုင်ဖြစ်နေမှတော့.. ကိုယ့်အတွက်.. နောင်နှစ်ကျောင်းစားရိတ်.. မခက်လောက်ဘူး လို့ တွေးပြီး မန္တလေးကနေ မြစ်ကြီးနားရထားစီးပြီး ကာမိုင်းကို ထွက်လာခဲ့တယ်..။


မန္တလေးကနေ ညနေရထားနဲ့ တညလုံးစီးရတယ်..။ ရထားလမ်းကလဲ.. မကောင်းတဲ့ နေရာက ခပ်များများပါ..။ ကောလင်း ၀န်းသို အထွက်နားမှာ.. ရထားက လိပ်နှုန်းနဲ့ သွားနေတော့.. ခေါင်းထွက်ကြည့်မိတယ်..။


လျှိုတစ်ခုကို ဖြတ်ပြီး.. ရထားက.. တောင်ပေါ်တက်နေတာပဲ..။ ရထားလမ်းအောက်ဖက်မှာ.. ပေတစ်ရာ လောက်နက်တဲ့ ချောက်တစ်ခုကို တွေ့ရတယ်..။ ချောက်ထဲမှာ.. အ၀တ်စအဖြူလေးတွေ ထိုးထိုးထောင်ထောင်နဲ့ တုတ်တိုင်လေးတွေ.. စိုက်ထားတာ.. မြင်ရတယ်..။ ခန့်မှန်းခြေ.. တုတ်တိုင် သုံးလေးရာလောက်တော့ ရှိလိမ့်မယ်..။

အဲဒီတိုင်လေးတွေက.. လွန်ခဲ့တဲ့ လက .. ခေါင်းတွဲပြုတ်ပြီး တွဲသုံးတွဲနောက်ပြန်လှိမ့်ကျလို့ သေကုန်တဲ့ လူတွေ မြုပ်ထားတာ.. လို့ ဘေးနားက..ခရီးသည်က ရှင်းပြတယ်..။ စုစုပေါင်း လူလေးရာလောက် သေကုန်တယ် လို့ သူက ဆက်ပြောတယ်..။

ဖားကန့်ကို ကျောက်တူးဖို့ လာကြတာ.. မြန်မာပြည်တနှံတလျားက ဆိုတော့.. ဘယ်သူ့ဘယ်ဝှာ အလောင်းတွေမှန်းတောင် ခွဲမရတော့.. အဲဒီနားမှာပဲ.. အားလုံးကို ဖြစ်သလို မြုပ်လိုက်ကြတာပဲ .. ဆိုတဲ့ သူ့နောက်ဆက်တွဲစကားအဆုံးမှာ.. မွန်းကျပ်တဲ့ ဝေဒနာတစ်ခုကို ကျွန်တော်ခံစားလိုက်မိတယ်..။

ကျန်တွဲတွေက ခရီးသည်တွေလည်း.. ကျွန်တော်တို့လို.. တွဲအပြင်ခေါင်းပြူပြီး စုတ်တသပ်သပ်နဲ့ လုပ်နေကြတယ်..။

သူတို့သေသွားခဲ့တာကို မသိတဲ့.. ကျန်ရစ်သူတွေကတော့.. သူတို့တတွေ ငွေထုတ်ပိုက်ပြန်လာမယ့်ရက်ကို စောင့်မျှော်နေကြမှာပါပဲ...။ တချို့တချို့ ယနေ့ထက်အထိတိုင်အောင် မျှော်နေကြမယ်ထင်ပါရဲ့..။

အဲဒီဝမ်းနည်းဖွယ်ရာ တောင်ကြားကို နောက်ချန်ထားရစ်ခဲ့ပြီး.. ကျွန်တော်စီးလာတဲ့ ရထားကြီး ဆက်လက်ထွက်ခွါလာခဲ့တယ်..။ မိုးကောင်းကို ရောက်တော့ မနက်လင်းနေပြီ..။ မေးမြန်းပြီး ကာမိုင်းကားဂိတ်ဖက် ဘူတာကနေလျှောက်လာခဲ့တယ်..။

နေ့လည်ဆွမ်းမစားခင်အမှီ.. ကျွန်တော်ကာမိုင်းကို ရောက်တယ်..။ ဘော်ဒါဦးဇင်း ( ဘွဲ့အမည် ဦးနာရဒ ) ကို ဆိုက်ဆိုက်မြိုက်မြိုက် ကျောင်းမှာ တွေ့တယ်..။ မင်းလာတာအတော်ပဲ.. ထော်လာဂျီတစ်စီးမှာ.. စပယ်ယာလိုနေတယ်.. လို့ သူက ရောက်ရောက်ခြင်း အလုပ်ခန့်လိုက်တယ်..။

Friday, June 20, 2008

Pls give me သိန်းထွန်း

ကြုံလို့သိန်းထွန်းအကြောင်း ပြောရဦးမယ်..။ မြို့နယ်ပေါင်းစုံ ဘော်လီဘော ပြိုင်ပွဲမှာ.. ရွာက တခြားသူငယ်ချင်း သုံးလေးယောက်နဲ့ အတူ သူ အရွေးခံရတယ်..။ မြို့ပေါ်မှာ တခြား ကစားဖော်တွေနဲ့ သူတို့ကို ကမ့်သွင်းပြီး လေ့ကျင့်ပေးတယ်..။ ကမ့်သွင်းတဲ့ ကာလက တစ်လကိုးသီတင်းကြာတာဆိုတော့ သူတို့အားလုံးကို မြို့ပေါ်က အိမ်တစ်လုံးအပြတ်ငှားပြီး နေရေးစားရေး စီစဉ်ပေးထားတယ်..။

သိန်းထွန်းက သူတို့နေတဲ့ အိမ်မျက်စောင်းထိုးအိမ်က မြို့ကြီးသူလေးတွေကို မျက်စိကျတယ်..။ ကောင်မလေးတွေကလဲ အားကစားသမား ထောင်ထောင်မောင်းမောင်း ဆိုတော့ အီစီကလီပေါ့..။ တစ်ရက်လဲမဟုတ် နှစ်ရက်လဲမဟုတ် အကြည့်ချင်းဆုံ ရင်တွေခုန် စကားတွေစကြတယ်..။ နောက်တော့ လဘက်ရည်ဆိုင် အတူထိုင်တဲ့ အထိ တိုးတက်လာခဲ့တယ်..။

ကောင်မလေးတွေနဲ့ အပြန်အလှန်မိတ်ဆက်တော့ သိန်းထွန်းက သူ့ကိုယ်သူ ဒုတိယနှစ် အီးမေဂျာ တက်နေတဲ့ တက္ကသိုလ်ကျောင်းသားလို့ ပြောပြီး မိတ်ဆက်တယ်..။ တကယ်က ဆယ်တန်းတောင် အောင်တာမဟုတ်ဘူး..။ အသက်အရွယ်အရကတော့ ယုံလောက်တယ်..။ ရှစ်တန်းသုံးနှစ်လောက် ကျ ဆယ်တန်းလဲ နှစ်နှစ်လောက် ကျထားတာဆိုတော့.. ပုံမှန်ဆို၇င် ဘွဲ့တောင်ရသင့်နေပြီကိုး..။

အီးမေဂျာ ဒုတိယနှစ် ကျောင်းသားကြီး လို့ ပြောထားတာဆိုတော့ သိန်းထွန်းက စကားပြောရင် မတောက်တခေါက် အင်္ဂလိပ်လို့ ညှပ်ညှပ်ပြောတယ်..။ ကောင်မလေးတွေနဲ့ အကြော်ဆိုင်သွားတာကို '' Let's go to eat အကြော် '' လို့ သူပြောတယ်..။ အကြော်ဆိုင်ရောက်တော့ သူနဲ့ အတူပါလာတဲ့ သူငယ်ချင်း မောင်ခိုင်က

'' ကိုသိန်းထွန်း လက်သုတ်ပုဝါလေး လှမ်းလိုက်ပါဦး '' လို့ တောင်းတယ်..။ သိန်းထွန်းက လက်သုတ်ပါဝါကို ကောက်ကိုင်ပြီး အခုလို ပြန်ပြောတယ်..။

'' ရော့.. please give me .. '' တဲ့..။

အားလုံးက ၀ိုင်းရယ်တော့ ရှက်ရှက်နဲ့ လက်ထဲက လက်သုတ်ပုဝါနဲ့ မျက်နှာသုတ်တယ်..။

12.2 ဆရာကိုရွှေကျီး

ထော်လာဂျီလို့သာ ဆိုတာပါ..။ ကားအောက်ပိုင်းနဲ့... ဂီယာဘောက်က အစ.. ဒိုင်နာ ပစ္စည်းတွေချည်းပဲ..။ အင်ဂျင် တစ်ခုပဲ.. တရုတ်နီ ( ဂျင်းမင်း ) ဆယ့်ရှစ်ကောင် တပ်ထားတယ်..။

ကာမိုင်းကနေ ဖားကန့်ကို.. ဆန်အိတ်တစ်ရာလောက်တင်ပြီး.. ခေါက်ပြန်ဆွဲတာပဲ..။ ဒရိုင်ဘာနာမည်က.. ရွှေကျီးလို့ခေါ်တယ်..။ ကိုရွှေကျီးပေါ့..။ သူက မုံရွာသား.။ ကျွန်တော့် ဆရာ..။

ကာမိုင်းဖားကန့် ထော်လာဂျီစပယ်ယာဘ၀ ဟာ.. ကျွန်တော့်ဘ၀ရဲ့ မမေ့နိုင်တဲ့ နောက်ထပ်.. အစိတ်အပိုင်းတစ်ခုပေါ့..။

ကာမိုင်းဖားကန့် ခရီးဟာ..မိုင်လေးဆယ်ရှိတယ်..။ တစ်လျှောက်လုံး တောင်ဆင်းတောင်တက်တွေချည်းပဲ..။ တရုတ်နီအင်ဂျင်နဲ့ ထော်လာဂျီဆိုတော့ အတက်မှာ.. လိပ်ကအဘ ခေါ်ရလောက်တဲ့ နှုန်းနဲ့ တက်တာပဲ..။

အတက်ဆိုရင် ဂျမ်းတုံး ကိုင်ပြီး ထော်လာဂျီနောက်က လိုက်ရတယ်..။ တသက်နဲ့တကိုင် စပယ်ယာ မလုပ်ခဲ့ဖူးတော့.. ဆရာမောင်ရွှေကျီးက ငါကိုင်တုတ်တာ.. ခံရပေါင်းမနည်းဘူး..။ ပြောတော့ စက်မှုတက္ကသိုလ်ကျောင်းသားတဲ့ သောက်သုံးကို မကျဘူးလို့ ကောင်းချီးပေးတဲ့ အကြိမ်ပေါင်းလည်း မနည်းဘူးပေါ့..။

ဆန်အိတ်တစ်ရာဝိတ်နဲ့ တက်နေတဲ့ ထော်လာဂျီ အခန့်မသင့်လို့ နောက်ပြန်လှိမ့်ရင် ဂျမ်းတုံးတစ်တုံးထဲနဲ့ မထိန်းနိုင်ဘူး..။ ကျွန်တော့်မှာ.. ဂျမ်းတုံးကို ဘယ်ညာ နှစ်တုံး ကိုင်ထားရတယ်..။

စလိုက်တဲ့အခေါက်က... ဂျမ်းတုံးကိုင်ပြီး လူက ကားဘိန်းရှေ့စောရောက်နေလို့ မောင်ရွှေကျီးက.. မအေ-ိုး ကားက နောက်ပြန်လှိမ့်မှာ.. မင်းကရှေ့ရောက်နေတော့.. ဂျမ်းတုံးဘယ်လိုခုမလဲ .. လို့ အော်ဆဲတာပဲ..။

ကိုယ့်ကို ဆဲနေတာကို မခံချင်တော့ ဖြစ်မိတယ်..။ ပြန်ဆဲဖို့ကျတော့လဲ.. နှုတ်ကမရဲဘူး ဖြစ်နေခဲ့တယ်..။ ဆဲကျင့်မှ မရှိတာကိုး..။ ဒါပေမယ့်.. ဖားကန့်ကာမိုင်း နှစ်ခေါက်လောက် စပယ်ယာလုပ်သက်ရပြီးမှာတော့.. ကျွန်တော့်ဆရာ မောင်ရွှေကျီးတောင်.. ဆဲနည်း ကျွန်တော့်ဆီက ပြန်သင်ရတဲ့အထိ.. ကျွန်တြော်ပန်ဆဲ နိုင်ခဲ့တယ်..။

ကျွန်တော့်ဆရာမောင်ရွှေကျီးက အပေါက်သာဆိုးတာ..စိတ်ရင်းမဆိုးဘူး..။ ကားနားတဲ့ရက်ဆို.. နှစ်ယောက်သား ကျောင်းရှေ့က ကချင်မ ဆိုင်မှာ..ကချင်အရက်သောက်ကြတယ်..။ အဲဒီကချင်မက.. ကလေးတစ်ယောက်အမေ မုဆိုးမ...။ ကိုရွှေကျီးနဲ့က ဘာလိုလို..။


ကချင်မတွေ သိပ်ခင်ဖို့ကောင်းတယ်..။ ပွင့်လင်းရိုးသားကြတယ်..။ ကျွန်တော်က သူ့ကို အပ်ရှောင်.. လို့ ခေါ်တယ်..။ အပ်ရှောင်ဆိုတာ. ကချင်လို အမကို ခေါ်တာပဲ..။


တစ်ခါတစ်လေ မူးလာရင်.. ကျွန်တော်နဲ့ ကိုရွှေကျီး သူ့ကို ညစ်တီးညစ်ပတ်တွေ ပြောကြတယ်..။ ပေါ်တင်ကြီးတော့ မပြောပါဘူး..။ ဗမာစကားကို စကားလိမ်လုပ်ပြီးပြောကြတာပါ..။ ဥပမာ.. ခွေးမသား ..ကို ခါးမသွေး.. လို့ ပြောသလိုမျိုးပေါ့..။

အဲဒီလိုမျိုး ကျွန်တော်တို့ကပြောရင် သူ နားမလည်တော့ဘူး..။ ဟဲ့.. အဲဒါဘာတုံးဟဲ့.. ရှင်းရှင်းပြောကြစမ်းပါ လို့ .. သူက ပြန်ပြန်ပြောလေ့ရှိတယ်..။

ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်ကတော့.. ရယ်ပဲ နေခဲ့ကြတယ်..။


Thursday, June 19, 2008

12.3 စပယ်ယာလေးကျွန်တော်

ထော်လာဂျီမှာအော်တိုစတတ်တာ မပါတော့.. ကျွန်တော့်မှာ.. အင်ဂျင်ရပ်တိုင်း ဂေါက်လှည့်ရတယ်..။ ဆယ့်ရှစ်ကောင်အင်ဂျင်ကို နှိုးအောင်လှည့်ဖို့ဆိုတာ.. အတော် မလွယ်တဲ့ကိစ္စပဲ..။ နောက်ပြီး ကားလေးတွေက အခေါက်တိုင်းကျိုးတယ်..။ ဆန်အိတ်တစ်ရာဆိုတဲ့ ၀ိတ်က မနည်းဘူး..။ မောင်ရွှေကျီးကလဲ.. အဆင်းဆို.. ဟိုင်းလတ်တောင် ရအောင် လိုက်ကျော်တက်တယ်..။ အဲဒီတော့ မကျိုးခံနိုင်ရိုးလား..။

လေးကျိုးရင်.. ကျွန်တော်ဒုက္ခရောက်တော့တာပဲ..။ ကားကို ဂျက်ထောက်.. လေးထုတ်ကိုဖြုတ်..။ ကျိုးတဲ့လေးကိုယူ.. ကြုံရာကားနဲ့.. ၀ပ်ရှော့ရှိတဲ့ ရွာကို လိုက်..။ လေးဆက်ပြီး ကားရှိတဲ့နေရာပြန်လာ.. ပြန်တပ်.. ခရီးဆက်ရတာပဲ..။

တစ်ခါတစ်ရံ စိမ့်ကြီးမြိုင်ကြီး ရိပ်ကြီးတောတောင်.. ရွာမနီးမြို့မနီး မှာ..ကားပျက်တတ်သေးတယ်..။ ကားပေါ်မှာ ဒန်အိုးဒန်ခွက်အမြဲတမ်းပါလို့ ထမင်းတော့ မငတ်ပါဘူး..။ ကုန်သည်ရဲ့ ဆန်အိတ်ကို ဓါးနဲ့ဖြဲပြီး လမ်းဘေးက ထင်းအတိုအစစုပြီး ထမင်းချက်စားရတယ်..။

ဖားကန့်က အပြန်လမ်းကတော့ များသောအားဖြင့် ခါလီပဲ..။ အပြန်ကုန်ဘာမှ ရလေ့မရှိဘူး..။ ဒါပေမယ့်.. ဖားကန့်ကို စက်ဘီးနဲ့ ကြက်ရောင်းတက်တဲ့ သူတွေရှိတယ်..။ စက်ဘီးပေါ် ကြက်ခြင်းတင်ပြီး.. အသွားတုံးကတော့.. သူတို့ကိုယ်တိုင် စက်ဘီးစီးပြီး ဖားကန့်ကို ရောက်အောင်သွားကြတယ်..။

ဖားကန့်မှာ ပါလာတဲ့ ကြက်တွေ ရောင်းချပြီး အပြန်မှာတော့.. ဟိုင်းလတ်တွေ တက်စီးရအောင်ကလဲ.. စက်ဘီးကတဖက် ကြက်ခြင်းကတဖက်နဲ့ ဆိုတော့ သူတို့အတွက် အဆင်မပြေလှဘူး..။

ကျွန်တော်တို့ ထော်လာဂျီကတော့ သူတို့အတွက် အဆင်ပြေဆုံးပဲ..။ ကျွန်တော်တို့အတွက်လည်း.. အဆင်ပြေတာပဲ..။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဆီကရတဲ့ ကားခဟာ.. ကျွန်တော်တို့ ဆရာတပည့်နှစ်ယောက်အတွက်.. အပ်ရှောင်ဆိုင်မှာ.. သောက်စားဖို့ ကောင်းကောင်းလုံလောက်တယ်..။

ကြုံလို့ သူ့အရပ်နဲ့သူ့ဇာတ်အကြောင်း ပြောရဦးမယ်..။ ကာမိုင်းက လူတွေ ဓါတ်ပုံရိုက်နည်းဟာ.. အတုယူလောက်တယ်..။ အိမ်နီးနားချင်း လေးငါးရောက်စုပြီး သူတို့ ဓါတ်ပုံရိုက်လေ့ရှိတယ်..။ ရိုက်တော့လည်း တစ်ပုံတည်းပဲ..။

အိမ်မှာ ရှိသမျှ.. ကက်ဆက် ရေဒီယို တွေကို လက်ထဲမှာ ကိုင်ထားပြီး ဂရုဖိုတိုရိုက်တာပဲ..။ ဓါတ်ပုံဆရာက လူချင်းပူးခိုင်းရင်.. သူတို့ကို ဘယ်တော့မှ ပူးခိုင်းလို့မရဘူး..။ နည်းနည်းလောက်တော့ ခွဲရပ်ကြတယ်..။ ဓါတ်ပုံရလာမှ ကိုယ့်ပုံကိုယ် ကပ်ကြေးနဲ့ ညှပ်ယူကြတယ်..။ တစ်ပုံတစ်ရာကျရင်.. တစ်ယောက်မှ နှစ်ဆယ်လောက်ပဲ ကျတယ်..။ ဘဲရီးအီကော်နော်မီ ပေါ့..။

ဖားကန့်နဲ့ကာမိုင်းနဲ့ မိုင်လေးဆယ်ခရီးမှာ.. စစ်တပ်ဂိတ်လေးငါးခု ရှိတယ်..။ အဲဒီဂိတ်တွေမှာ.. အချိုရည်ဗူးဝယ်ရတယ်..။ အဲဒီတုံးက.. နှစ်ရာတန်ငါးရာတန် တစ်ထောင်တန် မပေါ်သေးဘူး..။ ဖားကန့်ဖက်မှာ.. ကိုးဆယ်တန်ကို အကြီးတစ်ရွက်လို့ ခေါ်တယ်..။ လေးဆယ့်ငါးကျပ်တန်ကို အသေးတစ်ရွက်လို့ ခေါ်တယ်..။

စီးပွားရေးဖြစ်ထွန်းနေတဲ့ ဒေသဆိုတော့.. ဘာစားစား ဘာဝယ်ဝယ်.. လေးဆယ့်ငါးကျပ်ဆိုတာ.. အနည်းဆုံး .. ငွေကြေးယူနစ်ပဲ..။ ( အခုတော့ မသိတော့ဘူး.. )

ရှမ်းခေါက်ဆွဲတစ်ပွဲ ဘယ်လောက်လဲ လို့ မေးရင် အသေးတစ်ရွက်လို့ ပြန်ဖြေလေ့ရှိတယ်..။

ကျွန်တော်တို့ထော်လာဂျီဆိုရင်.. ဂိတ်တစ်ခုရောက်တိုင်း.. ကျွဲရိုင်း နှစ်ဗူး အနည်းဆုံးဝယ်ရတယ်..။ တစ်ဗူးကို .. အသေးသုံးရွက်ပေးရတယ်..။ တစ်ရာ့သုံးဆယ့်ငါးကျပ် ပေါ့..။ ဖားကန့်အရောက် ဂိတ်က လေးငါးခု ရှိတာဆိုတော့.. အချိုရည်ဗူးဖိုးတင်.. တစ်ထောင့်ငါးရာ နှစ်ထောင်လောက်ကုန်ရော..။

ဆရာရယ်.. ကျွန်တော်တို့ထော်လာဂျီက.. ဘုန်းကြီးကျောင်းက ကားပါ.. တစ်ဗူးပဲ ၀ယ်ပါရစေ.. ဆရာလည်း ကုသိုလ်ရပါတယ်.. လို့ တောင်းတောင်းပန်ပန်ပြောရင်တော့.. တစ်ဂိတ်တစ်ဗူးလောက်နဲ့ ကိစ္စပြီးလေ့ရှိတယ်..။

စပယ်ယာကျွန်တော်မျိုးကတော့.. ဂိတ်နားမရောက်ခင်.. ထော်လာဂျီပေါ်က အပြေးဆင်း.. အကြီးအသေး လေးငါးရွက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း.. ဆရာသမားများ သတ်မှတ်ပေးတဲ့.. အချိုရည်ဗူးကို ကျသင့်ငွေကြေးပေးဆောင်ပြီး ၀ယ်ရပါတယ်..။

တရုတ်နီအင်ဂျင်တပ်ထားတဲ့ ထော်လာဂျီဆိုတော့.. ချောင်းဘေးမြောင်းဘေးနားရောက်တိုင်း ရေဆင်းခပ်ရသေးတယ်..။ အင်ဂျင်က ရေအမြဲဆူနေလေတော့.. ရေလဲ လဲ ပေးရတယ်..။

ကုန်းအတက် ရောက်ပြီဆိုရင် ထုံးစံအတိုင်း ဂျမ်းတုံးကိုင် နောက်ကလိုက်ပေါ့..။ ဒါပေမယ့် တချို့အတက်တွေက.. လမ်းသိပ်ကျဉ်းတယ်..။ တစ်ဖက်က ကားဆင်းလာတာကိုလည်း မမြင်ရဘူး..။ ကိုယ့်ကားတက်လာရင်.. အဆင်းကားတွေက.. လမ်းကျယ်တဲ့နေရာကနေ.. ရပ်စောင့်နေရတယ်..။ နှစ်စီးရှောင်လို့ မလွတ်ဘူး..။

အဲဒီလိုအတက်မျိုးဆိုရင်.. ကျွန်တော်က.. ဆရာမောင်ရွှေကျီးနဲ့ ထော်လာဂျီကို အောက်မှာ ထားခဲ့ပြီး.. ကုန်းထိပ်တက်.. တဖက်အဆင်းကား ကြည့်ပေးရတယ်..။ အဆင်းကားရှင်းမှ.. ဆရာမောင်ရွှေကျီးကို တက်ခဲ့လို့ အချက်ပြရတယ်..။

တစ်ခါတုံးက.. ကျွန်တော် ကုန်းထိပ်တက်ကြည့်ပြီး .. တဖက်အဆင်းကား ရှင်းတာနဲ့.. ဆရာမောင်ရွှေကျီးကို တက်ခဲ့လို့.. အချက်ပြလိုက်တယ်..။ ဆရာမောင်ရွှေကျီး.. လီဗာကို အသားကုန်နင်းပြီး ထော်လာဂျီနဲ့ တက်လာတာ.. လမ်းတ၀က်လောက်ရောက်နေတုံး.. ဟိုင်းလတ် တစ်စီးက ဗြုန်းဆို.. ဆင်း ချလာတယ်..။ ဟိုင်းလတ်တွေက.. တအားမောင်းတော့.. ကျွန်တော်တက်ကြည့်တုံးက.. မရှိဘူး..။ ကျွန်တော်က မောင်ရွှေကျီးကို တက်ခဲ့လို့ ပြောပြီးမှ.. ဗြုန်းဆို ရောက်လာတာ..။

အတက်အဆင်း ခေါင်းချင်းဆိုင်ပြီး.. နောက်ကားတွေပါ.. ပိတ်ကုန်ရော..။

မောင်ရွှေကျီးက ကျွန်တော့်ကို ငါကိုင်တုတ်ပါလေရော..။ ကျွန်တော်လည်း အားကျမခံ.. မိုးမွှန်အောင် ပြန်ဆဲပေးလိုက်တယ်..။ အဲဒီလိုမျိုး ဆရာမောင်ရွှေကျီးနဲ့ နှစ်ပါးသွားကတာမျိုး ကို ဖားကန့်ကအပြန်.. ကျောင်းပြန်ရောက်ရင်လည်း.. က ရသေးတယ်..။

ကျောင်းမှာက ကျွန်တော့်ဘော်ဒါ ဦးဇင်းအပြင် နောက်ထပ် ဦးဇင်း နှစ်ပါးရှိသေးတယ်..။ သူတို့ရဲ့ အစွယ်အပွား ကပ္ပိယတွေကလည်း.. မနည်းဘူး..။

ကျွန်တော်နဲ့ မောင်ရွှေကျီးက.. ကားသမားတွေဆိုတော့.. ကျောင်းရဲ့ ဝေယျာဝစ္စ ဘာမှမလုပ်ဘူး..။ အဲဒါကို.. ကျန်တဲ့ ကပ္ပိယတွေက.. မကြည်ချင်ဘူး..။ သူတို့က ကျောင်းရှိလူကုန်စားဖို့သောက်ဖို့ ချက်ပြုတ်စီစဉ်ကြရတယ်..။

အချိန်တန်လက်ဆေးပြီး ၀င်စားတဲ့ ကျွန်တော်တို့ဆရာတပည့်နှစ်ယောက်ကို.. သူတို့က ပညာပေးတယ်..။ ဟင်းကောင်းကောင်းဆိုရင်.. သူတို့က ၀ှက်ထားလေ့ရှိတယ်..။ ကျွန်တော်တို့ကလည်း.. ၀ှက်ထားတာကို တွေ့ရရှာပြီး.. ကုန်အောင်စားပစ်ကြတယ်..။

အဲဒီလိုနဲ့ပဲ.. မိုးလေး တပြိုက်နှစ်ပြိုက်ရွာတဲ့ အချိန်ကို ရောက်လာခဲ့တယ်..။ မိုးတကယ်ရွာရင်.. ဖားကန့်လမ်းက.. မြေလမ်းဆိုတော့.. ကားတွေ သွားမရတော့ဘူး..။ ( အခုတော့.. လမ်းတွေ ကောင်းသွားလောက်ရောပေါ့.. )

မိုးဦးကျခါစမှာတော့... သိပ်ပြဿနာမရှိပါဘူး..။ လမ်းတွေကလည်း.. ဒီလောက်မပျက်သေးဘူး..။ ဒါပေမယ့်.. သုံးလေးရက်ဆက်.. မိုးရွာလိုက်တာနဲ့.. လမ်းက ပျက်တော့တာပဲ..။

တစ်ချို့ တောင်တက် ကွေ့ တွေနားမှာဆိုရင်.. ဘယ်ကားမှ.. မတက်နိုင်တော့ဘူး..။ လမ်းချော်ပြီး ချောက်ထဲကျတဲ့ကားက..ကျ ကုန်တယ်..။ အဲဒီလို ကွေ့နားမှာ.. ဆင်တစ်ကောင်နှစ်ကောင်အမြဲရှိတယ်..။ ဆင်သမားက.. ကားတွေ ဒုက္ခရောက်တာကို.. ထိုင်စောင့်နေတယ်..။

လမ်းချော်ပြီးမတက်နိုင်တဲ့ကားဆိုရင်.. တစ်စီး .. တစ်သောင်းပဲ..။ ဆင်နဲ့ ဆွဲတင်ပေးတယ်..။ ဟိုင်းလတ်တွေ ဒိုင်နာတွေ.. ဆင်ကိုပဲ အားကိုးကြရတယ်..။ ကျွန်တော်တို့ ထော်လာဂျီက နာမည်ကသာ ထော်လာဂျီ.. ဖိုးဝှီးဒရိုက်.. အထင်မသေးနဲ့..။ တော်တန်ရုံအတက်ကတော့.. အေးဆေးပဲ..။

မှတ်မှတ်ရရနောက်ဆုံးအခေါက် ဖားကန့်ကအပြန်.. လုံးခင်း နားအရောက်.. မိုးတွေက ညှို့လာတယ်..။ ( လုံးခင်းဆိုတာ.. ဖားကန့်နားက.. တောမြို့လေးပေါ့..) ကျွန်တော်တို့ ထော်လာဂျီပေါ်ကို.. ဟိုင်းလတ်ပေါ်က.. ခရီးသည်တွေ.. အလုအယက်ပြောင်းလာကြတယ်..။

မိုးသည်းရင်.. ဟိုင်းလတ်က လမ်းမှာဒုက္ခရောက်တော့မှာကိုး..။ ထော်လာဂျီက ဖိုးဝှီးဆိုတော့.. ဟိုင်းလတ်ထက် စိတ်ချရတယ်..။ အဲဒါကြောင့်.. ဟိုင်းလတ်ပေါ်က ခရီးသည်တွေ.. ထော်လာဂျီပေါ်ပြောင်းလာကြတာပဲ..။

ကျွန်တော်နဲ့ မောင်ရွှေကျီးတို့အတွက်ကတော့.. စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲတာပေါ့..။ ရသမျှ ပါစင်ဂျာကို .. စုပြုံတင်ပြီး.. ခရီးဆက်ခဲ့ကြတယ်..။ ထင်တဲ့အတိုင်း.. လုံးခင်းကထွက်ရုံရှိသေး.. မိုးသည်းတော့တာပဲ..။

မိုးသည်းချက်ကတော့.. ထော်လာဂျီတောင် ယက်ကန်ယက်ကန် တက်ရတယ်..။ တချို့နေရာ တွေမှာ..လမ်းချော်လွန်းအားကြီးလို့.. ကားဘီးကို ချိန်းတပ်ရတယ်..။ သံကြိုးတွေနဲ့ ယက်ထားတဲ့ ချိန်းကို ကားဘီးမှာ..စွတ်ပြီး .. ခရီးဆက်တာပဲ..။ လမ်းကတော့ ပျက်ကရောပဲ..။