Friday, June 12, 2009

44.1 သူတို့ရထား စီးကြမလား

Wenzhou မှာ နှစ်ရက်နေပြီး ရေမြင်းရဲ့ အလုပ်ကိစ္စအတွက်နဲ့ ကျွန်တော်တို့အဖွဲ့ Changzhou ဆိုတဲ့ မြို့ကို ထွက်ခဲ့ကြတယ်..။ Changzhou ဆိုတာ.. တရုတ်ပြည်ရဲ့ ရှေးဘုရင်နန်းစိုက်တဲ့ နန်ကင်း(Nanjing)နေပြည်တော်နားက စက်မှုလက်မှု ထွန်းကားတဲ့ မြို့ တစ်မြို့ပါပဲ..။ ပုံမှန်ဆိုရင်တော့ Wenzhou ကနေ Nanjing နိုင်ငံတကာလေဆိပ်ကို လေယာဉ်စီး၊ အဲဒီကမှ တဆင့် Changzhou ကို အမြန်ရထား ပြန်စီးရပါတယ်..။

ဒါပေမယ့် ထုံးစံအတိုင်း လေယာဉ်လက်မှတ်က စောင့်ရမယ် ဆိုတာနဲ့ .. Wenzhou ကနေ Nanjing ကို.. ရိုးရိုး ရထားစီး၊ အဲဒီကမှ တဆင့် Changzhou ကို အမြန်ရထားပြန်စီး ဖို့ ဆုံးဖြတ်လိုက်ကြတယ်..။ ပြည်မကြီးရဲ့ ရထား စီးဖူးသွားတာပေါ့..။ စီးတာမှ တန်အောင်ကို စီးခဲ့ရတယ် ပြောရမှာပဲ..။ Wenzhou ကနေ ညနေ ငါးနာရီလောက် ထွက်လာတာ.. နောက်တနေ့ မနက် ရှစ်နာရီလောက်မှ Nanjing ရောက်တယ်..။

ရထားက.. ကျွန်တော်တို့ ရွှေနိုင်ငံက.. ရန်ကုန်မန္တလေး အမြန်ရထား ဆန်ဆန်ပါပဲ..။ အဆင်အပြင်.. သွားတာလာတာ.. နှေးတာမြန်တာ ကအစ.. အတူတူလောက် ရှိတယ်..။ ထူးခြားတာက.. တွဲစောင့်က ကျွန်တော်တို့ဆီမှာလို့.. ယောက်ျားမဟုတ်ဘဲ မိန်းမ ဖြစ်နေတယ်..။ မိန်းမတောင်မှ ကျားကျားလျားလျား စစ်သားကြီးလုံးလုံး ဗိုလ်မှုးကြီးရှုံးလောက်ကဲ့ ဆိုတဲ့ မိန်းမမျိုး..။

ရင်အုပ်ကျယ်ကျယ်.. အရပ်မြင့်မြင့် .. စစ်စိမ်းရောင် ယူနီဖောင်း တင်းတင်းရင်းရင်းနဲ့ သူ့ပုံက ကိုယ့်ထက်တောင် ယောက်ျားပီသ နေသေးတယ်..။ အရယ်အပြုံးမရှိ၊ မျက်နှာ သေနဲ့.. ဒေါက်ထိမောက်ထိကြီး..။ သူ့ကြည့်ပြီး နည်းနည်းတော့ ဖြုံသွားခဲ့ရတယ်..။ သူကတော့.. ကျွန်တော်တို့ လက်မှတ်ကို တချက်တောင်းကြည့်ပြီး ကျွန်တော်တို့ စီးရမယ့် အခန်းကို မထုံတက်တေးရုပ်နဲ့ တရုတ်သရဲတွေ လက်ညှိုးထိုးသလို ထိုးပြတယ်..။

အခန်းက.. မြန်မာပြည်ကလို လေးယောက်ဆန့် အိပ်စင်ခန်း မဟုတ်ဘဲ တစ်ခန်းကို အိပ်စင်ခြောက်ခု ပါတယ်..။ တစ်ဖက်သုံးယောက်နဲ့ ခြောက်ယောက်အိပ် ဆိုတော့ အပေါ်ဆုံး အိပ်စင်က တွဲခေါင်နဲ့ အတော်ကပ်သွားတာ တွေ့ရတယ်..။ အခန်းအကျယ်အ၀န်းကတော့ ကျွန်တော်တို့ဆီကလိုပါပဲ..။ သိပ်ကြီး ကျယ်လွင့်လှတယ်တော့ မဟုတ်ပါဘုး..။

ဒါပေမယ့် ကျွန်တော်တို့အခန်းထဲမှာ တခြားခရီးသည်တွေ မပါဘဲ ကျွန်တော်တို့ချည်းဆိုတော့.. လွတ်လွတ်လပ်လပ်.. အေးအေးလူလူ တော့ စီးခဲ့ရပါတယ်..။ အဲသလို လွတ်လပ်အေးလူတော့လည်း.. သူငယ်ချင်းတသိုက် ..အိပ်တွေနေရာချပြီးတာနဲ့ အဖျော်ယမကာလေး မှီဝဲဖို့ လုပ်ငန်းစကြပါတယ်..။ လက်တွန်းလှည်းနဲ့ လာရောင်းတဲ့ အရက်နဲ့ အကြော်အလှော် တချို့ဝယ်ပြီး အခန်းထဲမှာပဲ ၀ိုင်းလိုက်ကြတယ်..။

ပါတ်ဝန်းကျင်ရှုခင်းကို ကြည့်လိုက်၊ ခွက်လေးလှည့်လိုက်၊ အမြည်းလေး စားလိုက်နဲ့ ဇိမ်ယူလို့မှ မဆုံးသေးဘူး.. ဗိုလ်မှုးကြီး ရှုံးလောက်ကဲ့ ဆိုတဲ့ တွဲစောင့် မိန်းမ အခန်းဝရောက်လာပြီး ည ဆယ်နာရီဆို မီးပိတ်မယ် လို့ လာပြောတယ်..။ သောက်လို့စားလို့မှ အရှိန်လေးရနေတုံး.. မီးပိတ်မယ်ဆိုတော့.. ကျွန်တော်တို့လည်း နည်းနည်းတော့ ဖီးငုတ်သွားခဲ့ရတယ်..။

သို့သော် သူ့အရပ်နဲ့ သူဇာတ်ဆိုတော့လည်း “ ပိတ်တော့လည်း ပိတ်ပေါ့ ”..။ ဘာတတ်နိုင်တာ မှတ်လို့..။ မကြာပါဘူး.. ရထားတစ်တွဲလုံး မဲမှောင်သွား တော့တယ်..။ ကဲ မီးတော့ ပိတ်သွားပြီဟေ့.. ခွက်လှည့်လက်စလေးတွေ မပြတ်အောင်.. ဟမ်းဖုံးလေးတွေ ဖွင့်ကြတာပေါ့ ဆိုပြီး ဟမ်းဖုံးအလင်းရောင်နဲ့ ကျွန်တော်တို့ ဆက်သောက် နေလိုက်တယ်..။

ဒါပေမယ့်.. ခွက်လှည့်လို့မှ မဆုံးခင်.. တွဲစောင့်ဟာကျုလီမက အခန်းပေါက် ရောက်လာပြန်တယ်..။

“အိပ်ကြတော့” တဲ့..။ “ သောက်တာစားတာတွေ ရပ်ပြီး အိပ်တော့ ” တဲ့..။

မကြုံဖူးပေါင်၊ ဂုဏ်ထူးဆောင် ဆိုတာမျိုးပဲ..။ ကျွန်တော်တို့ အဖွဲ့သောက်စားနေတာ တခြားအခန်းတွေ အနှောင့်အယှက်ဖြစ်တယ်ဆိုလဲ ထားတော့..။ သူများနိုင်ငံမို့ လို့.. သူငယ်ချင်းတသိုက် စကားပြောတာတောင်.. ဗိုင်းကောင်းကျောက်ဖိ လေသံနဲ့၊ အကြော်အလှော်ဝါးတာတောင်.. ညင်ညင်သာသာလေး၊ အံဆုံးနဲ့ကြိတ်ကြိတ် ၀ါးနေတဲ့ကြားက.. “ အိပ်ကြတော့ ” တဲ့..။

စိတ်ထဲမယ် နည်းနည်းတော့ ကျွဲမြီးတိုသလို ဖြစ်သွားခဲ့ရတယ်..။ ရေမြင်းကတော့ အိစိကွစိ နဲ့ အခြေအတင် ပြန်ပြောပါသေးတယ်..။ ဒါပေမယ့်.. ဟာကျုလီမက ဘူးဆို ဖရုံမသီးဆိုတဲ့ မျက်နှာပေးနဲ့မို့ ကျွန်တော်ကပဲ.. “ ကဲပါ ရေမြင်းရာ၊ အိပ်ဆိုတော့လည်း အိပ်ကြတာပေါ့.. အိပ်ရေးဝတာပေါ့ ” လို့ ၀င်ဖြတ်ရင်း bloody communist လို့ ပါးစပ်က အလိုလို ထွက်သွားတော့.. တခြား သူငယ်ချင်းက “ဟေ့ကောင်၊ ဟေ့ကောင်” ဆိုပြီး ပါးစပ်လှမ်းပိတ်တယ်..။

ဟာကျုလီမကတော့.. ကျွန်တော်ပြောတာ နားမလည်တာလား၊ မကြားတာလား မသိပါဘူး..။ ခပ်တည်တည်နဲ့ လှည့်ထွက်သွားတော့တယ်..။

ကျွန်တော်တို့သူငယ်ချင်း တသိုက်လည်း.. မူကြိုကလေးတွေလို.. မအိပ်ချင်လည်းအိပ်၊အိပ်ချင်လည်းအိပ်၊ မျက်စိကို ဇွတ်မှိတ်လို့ အိပ်လိုက်ကြရပါတော့တယ်..။

အတွေ့အကြုံက ဒီလောက်တင်ပဲလားဆိုတော့.. မကပြန်ဘူး..။ နောက်တနေ့မနက်.. နန်ကင်းဘူတာ မရောက်မီ တစ်နာရီခွဲလောက်အလိုမှာ.. ဟာကျုလီမ ပေါက်ချလာပြီး.. ကျွန်တော်တို့ကို အခန်းထဲက ခဏထွက်ပေးလို့ လာပြောပြန်တယ်..။ ဘာဖြစ်လို့လဲ ဆိုတော့.. အခန်းသန့်ရှင်းရေး ကြိုလုပ်ထားမလို့တဲ့..။ နောက်တစ်နာရီခွဲလောက်ဆို.. ရောက်တော့မယ် တဲ့..။

ဒီတစ်ခါတော့ ကျွန်တော်တို့လည်း ဘယ်ရမလဲ..။

“ ဟောင် .. ဟောင် ” ဆိုပြီး တက်ညီလက်ညီ အားလုံးထွက်ပေးလိုက်ကြပါတယ်...။



Wenzhou ကနေ စီးခဲ့ရတဲ့ .. ဟာကျုလီ ရထား

(ဂျင်းအင်္ကျီနဲ့ ပုဂ္ဂိုလ်က ရေမြင်း ပေါ့ )



ဘီယာကိုမြုံ့ စောင်ကိုချုံလျက်

(ကျော်သူရနဲ့ကျွန်တော်)

44.2 Changzhou သို့

အဲသလိုနဲ့ ကျွန်တော်တို့အဖွဲ့ Nanjing (နန်ကင်း) ရွှေမြို့တော်ကြီး ကို ဘေးမသီရန်မခ၊ အိပ်ရေးဝစွာ နဲ့ အောင်မြင်စွာ ဆိုက်ရောက်လာခဲ့ကြတော့တယ်..။ အညာသား အညာဆောင်းနဲ့ တသက်လုံး နပမ်းလုံးလာခဲ့တယ်ဆိုပေမယ့်.. တရုတ်ပြည်က အအေးဒဏ်က အညာထက် ပိုပြင်းတာကို သတိထားမိတယ်..။ ကျွန်တော်တို့ မပြောနဲ့။ သူတို့ ဌာနေတရုတ်တွေတောင်.. သိုးမွှေးအင်္ကျီ အထပ်ထပ်နဲ့ ချမ်းနေကြတာ တွေ့ရတယ်..။

တရုတ်မလေးကတော့ ခြေထောက်တွေပါ ချမ်းဟန်တူတယ်..။ အားလုံးလိုလို လည်ရှည်ဘွတ်ဖိနပ် တွေနဲ့ စတိုင်ကျကျ ကြွကြွရွရွလေးတွေမို့ ကျွန်တော်တို့မှာ သူတို့ကို မကြည့်မိဖို့ မတတ်နိုင်အောင် ဖြစ်ကြရပါတယ်..။ (ကိုယ့်ကိုယ်ကိုတောင် သနားလာပြီ )

သို့သော်.. အဲသလို အလှအပ တွေမှာ ယစ်မူးနေဖို့ အချိန်မရဘဲ ရေမြင်းရဲ့ အလုပ်ကိစ္စက လောနေတာနဲ့ .. ချက်ခြင်းပဲ.. Nanjing ဘူတာကနေ .. changzhou ကို ချီတက်ခဲ့ကြတော့တယ်..။ ဒီတစ်ခါ စီးရတဲ့ ရထားက Shanghai ~ Nanjing အမြန်ရထားဆိုတော့.. အရင်ရက်က စီးခဲ့ရတဲ့ ရထားနဲ့ မဆီလေးရယ်မှ အိုမဆိုင် ဆိုသလိုပါပဲ..။

ကြားဖူးနေကျ ကျဉ်ဆန်ရထားတွေလောက် မမြန်ပေမယ့်.. ကီလိုမီတာ နှစ်ရာလောက်တော့ သူလည်း အမြန်ဆုံးမောင်းတာ တွေ့ရပါတယ်..။ အဲဒီရထားတွေက ပုံမှန် Shanghai ကနေ စထွက်ပြီး Nanjing မှာ ဂိတ်ဆုံးတာပဲ..။ ကျွန်တော်တို့ သွားမယ့် Changzhou ဆိုတာကတော့ ကြားဘူတာ ပေါ့..။

Nanjing ကနေ ခရီးသည် အတက်အဆင်းလုပ်တာ တခြားဘူတာ ရပ်တာတွေပါ ထည့်တွက်ရင်.. Changzhou အရောက် တစ်နာရီခွဲလောက်တော့ ကြာပါတယ်..။ ဒါပေမယ့် ရထားက အတော့်ကို သက်တောင့်သက်သာ ငြိမ့်ငြိမ့်ညောင်းညောင်း ရှိတာမို့ Changzhou ကို ရောက်လို့ ရောက်မှန်းတောင် မသိလိုက်ပါဘူး..။ ရထားခကလည်း သူ့ခရီးနဲ့သူ အတော့်ကို သက်သာတယ်လို့ ပြောရမှာပဲ..။ တစ်ယောက်ကို တရုတ်ယွမ်လေးဆယ် ဆိုတော့ မြန်မာငွေ ခုနှစ်ထောင်လောက်ပဲ ကျတာမို့ ရွှေနိုင်ငံက ရထားခနဲ့ယှဉ်ရင်တောင် နည်းနေပါသေးတယ်..။

Changzhou ရောက်တော့ ရေမြင်းရဲ့ business partner က ဘူတာမှာ လာကြိုနှင့်နေတယ်..။ စက်ရုံက GM ကိုယ်တိုင် လာကြိုမှာ လို့ ရေမြင်းက လမ်းတစ်လျှောက် ပြောပြောနေတာမို့ .. တကယ်တမ်းတွေ့ရတော့ ဟုတ်မှ ဟုတ်ရဲ့လားလို့တောင် ထင်မိတယ်..။ လူက အသက်နှစ်ဆယ်အစိတ်လောက် ချာတိတ်လေး ဖြစ်နေတဲ့အပြင် သေးသေးညှက်ညှက်လေးဆိုတော့.. သူ့ကို တွေ့တွေ့ချင်း ကျွန်တော့်မှာ ဒီကောင် ဒရိုင်ဘာ ထင်ပါရဲ့ လို့တောင် တွေးမိသေးတယ်..။

နောက် ရေမြင်း မိတ်ဆက်ပေးတော့မှ.. GM ဖြစ်နေမှန်း သိရတော့တယ်..။

တရုတ်ပြည်မကြီးမှာ (ကျွန်တော်တို့ ထိတွေ့ခွင့်ရခဲ့သလောက် ) စီးပွားရေးလုပ်ငန်းတွေရဲ့ အရေးပါအရာရောက်တဲ့ သူတွေက.. အဲသလို လူငယ်လူရွယ်တွေ ဖြစ်နေတာ တွေ့ခဲ့ရတယ်..။ ကျွန်တော်တို့စက်ပစ္စည်းတွေဝယ်ဖို့ ဆွေးနွေးခဲ့တဲ့ Wenzhou စက်ရုံရဲ့ Executive Level ကလည်း လူငယ်တွေပဲ..။ ကုန်ကြမ်းကိစ္စနဲ့ ရောက်ခဲ့တဲ့ စက်ရုံမှာလည်း ဈေးနှုန်းဖြတ်တာ.. အရောင်းအ၀ယ်စကားပြောတာ.. စတာတွေကို ဒိုင်ခံပြီး ဆွေးနွေးတာ ချာတိတ်လေး တစ်ယောက်ပဲ..။

တရုတ်ပြည်ရဲ့ စီးပွားရေးက ဒီရေတက်သလို ဘက်ပေါင်းစုံက ပြိုင်တက်လာတော့.. အလုပ်အကိုင်အခွင့်အလမ်းတွေက.. လူငယ်လူရွယ်တွေလက်ထဲ အလိုလို ရောက်သွားခဲ့ဟန် တူပါတယ်..။ လုပ်ရင်းကိုင်ရင်းနဲ့ လူငယ် တွေရဲ့ အရည်အသွေးတွေကလည်း..မုဆိုးစိုင်သင် ပြည့်ဝလာဟန် ရှိပါတယ်..။ သူတို့ကြည့်ပြီး အခွင့်အလမ်းတွေသာ လုံလုံလောက်လောက် ရှိခဲ့ရင် .. ကိုယ့်နိုင်ငံက လူငယ်တွေလည်း..သူတို့လို မဖြစ်စရာ မရှိဘူးလို့ တွေးမိတယ်..။ စံနစ်ကောင်းဆိုတာ.. လူပျင်းလူဖျင်းတွေကိုတောင် ဒရွတ်တိုက်ဆွဲခေါ်နိုင်စွမ်း ရှိပါတယ်..။ စံနစ်မကောင်းလို့ကတော့ လူတော်လူမော်တွေတောင် လူရှော်ဖြစ်သွားရော..။

ရန်ကုန်စီးပွားရေး တက္ကသိုလ် မှာ နိုင်ငံခြားက ပုဂ္ဂိုလ်ကျော်တစ်ယောက် “ ကွန်ဖြူးရှပ်အတွေးအခေါ်နဲ့ တရုတ်ပြည်စီးပွားရေး ” ခေါင်းစဉ်နဲ့ ဟောပြောပွဲ လုပ်ပါတယ်..။ ကွန်ဖြူးရှပ်ရဲ့ အတွေးအမြင်တွေက မျက်မှောက် ခေတ် တရုတ်ပြည်စီးပွားရေးကို ဘယ်လိုလွှမ်းမိုး တိုးတက်စေတယ် လို့ သူပြောတော့.. အငြိမ်းစား ပါမောက္ခချုပ် ဆရာကြီး ဦးမြသိန်းက “ တရုတ်ပြည်စီးပွားရေး boom ဖြစ်လာတာ.. ကွန်ဖြူးရှပ်ကြောင့် မဟုတ်ပါဘူး ..ကွန်ဖြူးရှပ်ပေါ်တာ နှစ် နှစ်ထောင်ကျော်ပါပြီ.. တရုတ်ပြည်က အခုမှ တိုးတက်လာတာပါ ” လို့ ထပြောတယ်..။

သူတို့အဲသလို ဆွေးနွေးတာ နားထောင်ပြီး “ကွန်ဖြူးရှပ်တောင် နှစ်နှစ်ထောင်လောက် ငုတ်တုတ်မေ့နေခဲ့ရပါလား ” လို့ တွေးနေမိခဲ့ပါတယ်..။



Shanghai ~ Nanjing အမြန်ရထားပေါ်က ရွှေနှစ်ယောက်

44.3 Changzhou အမှတ်တရ ည

Changzhou ရောက်ရောက်ခြင်း ရေမြင်းရဲ့ အလုပ်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေခဲ့ကြတယ်..။ စက်ရုံသွားကြည့်.. ဈေးစကားပြော.. ပစ္စည်းရွေး နဲ့ နေ့လည်ဆယ်နာရီလောက်က စလိုက်ကြတာ.. ညနေ ငါးနာရီလောက်မှ အလုပ်က လက်စသတ်နိုင်တော့တယ်..။ ဘူတာကနေဆင်းဆင်းခြင်း စက်ရုံတန်းသွားခဲ့ကြာဆိုတော့.. အဲဒီအချိန်ထိ ဟိုတယ်တောင် မ၀င်ရသေးဘူး..။ စိတ်မောလူမောနဲ့ ဗိုက်တွေလည်း ဆာနေပြီမို့ စားပြီးသောက်ပြီးမှပဲ ဟိုတယ် သွားဖို့ ဆုံးဖြတ်လိုက်ကြတယ်..။ စက်ရုံက GM ဆိုတဲ့ ပုဂ္ဂိုလ်လေးရယ်၊ သူ့ကောင်မလေးလိုလို(စက်ရုံက Accountant လိုလို) ရယ်က ကျွန်တော်တို့အဖွဲ့ကို ညစားလိုက်ကျွေးတယ်..။

GM ကောင်လေးက.. ပိန်ပိန်ပါးပါး ဆံပင်ထောင်ထောင်နဲ့မို့ Fido Dido နဲ့ တူတယ်ကွ လို့ ကျွန်တော် ပြောမိတော့ ကျော်သူရက “ကောင်လေးက စိုင်းစိုင်းခမ်းလှိုင်နဲ့ တူတယ်” လို့ ဖေးဖေးမမလေး ပြောရှာတယ်..။ သူ့ကောင်မလေးကတော့.. တရုတ်မပုံမပေါက်ဘဲ ခြေဆစ်လက်ဆစ်ခပ်တုတ်တုတ်နဲ့ မွန်ဂိုမလေး နဲ့ ပိုတူတယ်..။ ငယ်ဂုဏ်ရှိတာရယ်.. ရွှင်ရွှင်လန်းလန်းတက်တက်ကြွကြွ ရှိတာရယ်ကြောင့် သူက ချစ်စရာတော့ ကောင်းပါတယ်..။

သူတို့လိုက်ကျွေးတဲ့ ဆိုင်က Changzhou မြို့ရဲ့ နာမည်ကျော် တူးမြောင်းတစ်ခုရဲ့ ကမ်းနဖူးက ဆိုင်ပဲ..။ အဲဒီတူးမြောင်းရဲ့ သက်တမ်းက နှစ်ပေါင်း ထောင်နဲ့ချီ ရှိပြီး.. အရှည်က မိုင် တစ်ထောင့်နှစ်ရာ နီးပါး ရှိပါတယ်..။ တရုတ်တွေကတော့ ဆူးအက်တို့ ပမားနားတို့ထက် သူတို့ရဲ့ အဲဒီ Grand Canal က ပိုကြီးမြတ်ပြီး ရှေးပဝေသဏီကတည်းက တရုတ်ပြည်မကြီးရဲ့ ကုန်စည်ကူးသန်းရောင်းဝယ်ရေးအတွက် အချက်အချာ ကျခဲ့တယ်လို့ ဆိုပါတယ်..။

သူတို့အဲသလို ပြောမယ်ဆိုလည်း ပြောလောက်ပါတယ်..။ အဲဒီတူးမြောင်းက လူလုပ်တူးမြောင်းဖြစ် တဲ့အပြင် Beijing (ပီကင်း) မြို့ကနေ Hangzhou (ဟန်ကျိုး) မြို့အထိ ကီလိုမီတာ 1770 ရှည်တာဆိုတော့ သူတို့ဂုဏ်ယူမယ် ဆိုလည်း မမှားပါဘူး..။ (အဲဒီအကြောင်းကို ပြည့်ပြည့်စုံစုံလေး သိချင်ရင်.. http://en.wikipedia.org/wiki/Grand_Canal_of_China မှာ သွားဖတ်ကြည့်ကြပါကုန်)

ကြည့်ရတာ ရေမြင်းရဲ့ Partner က အရောင်းအ၀ယ် အောင်မြင်တဲ့အထိမ်းအမှတ် အနေနဲ့ ကျွန်တော်တို့ကို အဲသလို ဆိုင်မျိုး လိုက်ကျွေး ထင်ပါရဲ့..။ ဟင်းပွဲမှာတာကအစ.. honour လုပ်တဲ့သဘောမျိုးလေးတွေနဲ့ မှာတာ သတိထားမိတယ်..။ အဲဒါထက်ပိုထူးခြားတာက .. မှာတဲ့ဟင်းပွဲကို အတီးအမှုတ်နဲ့ လာချတာပဲ..။ မှာသမျှ ဟင်းပွဲတိုင်းကို အတီးအမှုတ်နဲ့ လာချတာတော့ မဟုတ်ပါဘူး..။ သတ်မှတ်ထားတဲ့ ဈေးခပ်ကြီးကြီး ဟင်းပွဲမျိုးကိုသာ.. စားပွဲထိုးမလေးတွေ လေးငါးခြောက်ယောက်က.. တရုတ်ကားတွေထဲက သတို့သမီးလာပို့သလိုမျိုးဆန်ဆန် တခမ်းတနား လာပို့တာပဲ..။

ထွင်တယ်ပဲ ပြောရမလား..။ Marketing Strategy တစ်မျိုးလို့ ဆိုရမလားပဲ..။ လင်ကွင်းသံ၊ ဘင်သံ တွေနဲ့ ဟင်းပွဲကထွက်လာတော့ ဘေးဝိုင်းတွေကပါ.. သတိထားမိပြီး.. ဘယ်ဝိုင်းကမှာတာလဲလို့ ၀ိုင်းကြည့်ကြတယ်..။ မှာတဲ့သူတွေကလည်း.. ငါ့တို့ကို သူများတွေ ကြည့်နေကြပြီဆိုတဲ့အထာနဲ့ ဆိုတော့ ဟုတ်နေတာပါပဲ..။ ကျွန်တော်တို့လည်း ဘယ်နေမလဲ..။ သူတို့ဆီက လင်ကွင်းနဲ့ ဘင်ကို ယူပြီး ကိုယ်တိုင် ကိုယ်ကျ ၀င်တီးပစ်လိုက်ကြတယ်..။ ပိုမြိုင်သွား တာပေါ့..။



သူတို့အခုလို လာပို့ကြတယ်..



ကျွန်တော်တို့က အခုလို ၀င်နွှဲလိုက်ကြတယ်..



စိုင်းစိုင်း (သို့) Fido Dido ၊ မွန်ဂို မလေး နဲ့ ပွကြီးတို့တသိုက်