Wednesday, February 20, 2008

5.1 အပျိုညုတဲ့ ဗိုလ်ကု

သူ့ကျောင်းမှာ ဦးကုမာရ ဆိုတဲ့ ဦးဇင်းတစ်ပါးရှိတယ်။ ကျွန်တော်နဲ့က အသက်မတိမ်းမယိမ်းပဲ။ သူက လေးနှစ်လောက်တော့ ကြီးတယ်။ ကျွန်တော်ကတော့ ဗိုလ်ကု လို့ သူ့ကို ခေါ်တယ်။ သူက ဆွမ်းစားကျောင်းကိုင်ရတဲ့ ဦးဇင်း။ အစားအသောက်ကတော့ ပေါမှပေါ။ လူကလဲ ထိုနည်းလည်းကောင်းပဲ။ အရမ်းရီရတယ်။

ကျောင်းကို ရေလာခပ်တဲ့ အပျိုတွေကို ထိုင်ကြည့်ပြီး စာချိုးက ချိုးသေးတယ်။ "ဟော.. ဟိုက လာနေတာ.. ပလီပလာနဲ့ ရီမာ.. သူ့နောက်က အတော်ပိုတဲ့ မော်ချို... ငါကတော့ အပျိုညုတဲ့ ဗိုလ်ကု.. " တဲ့ဗျား။

နောက်တော့ အပျိုညုတဲ့ ဗိုလ်ကုက ပလီပလာနဲ့ ရီမာကို ခိုက်သွားတယ်။

ရီမာရဲ့အဖေက ကောင်စီဥက္ကဌ ဦးကျော်အောင်။ ဗိုလ်ကု..ကြည့်လဲ လုပ်ဦး လို့ ကျွန်တော်ကပြောတော့... ဗလရဲ့သီချင်း ဆိုပြတယ်..။

"ဆွမ်းစားတိုင်းလဲ မြင်ယောင်တယ်... ဆွမ်းခံတိုင်းလဲ မြင်ယောင်တယ်.. မင်းရဲ့အလှက ဘယ်သူဖန်ဆင်းပေးတာလဲ... "

"သူ့ရဲ့အလှက ဦးကျော်အောင်နဲ့ ဒေါ်ခင်တင့် ဖန်ဆင်းထားတာလေ.." လို့ ကျွန်တော်က နောက်တော့.. မင်းက အသဲနှလုံးမရှိတဲ့ကောင်.. ကိုယ်ချင်းစာတရား နည်းပါးတဲ့ကောင်ပဲ လို့ မှတ်ချက်ပေးတယ်။

ရီမာ ရေတွင်းလာတိုင်း မထိတရိစတယ်။ ကျွန်တော့်မိတ်ဆွေ ကျောင်းထိုင်ဘုန်းကြီးကို တက်တိုင်တဲ့ အကြိမ်ပေါင်းကလဲ မနည်းဘူး။ ပထမတစ်ကြိမ်တုံးက အတော်ဆိုးတယ်။

ရီမာ က ဘုန်းကြီးတက်လျှောက်တယ်..။ ဦးဇင်းတစ်ပါး သူ့ကို မရိုးမသားစကားပြော တယ်ပေါ့။ ဘွဲ့နာမည်တော့ မသိဘူး။ လူမြင်ရင် သိတယ် ဆိုတာနဲ့ ကျောင်းရှိကိုယ်တော်တွေ တန်းစီပြရတယ်။ (ရဲစခန်းမှာ တရားခံဖြစ်နိုင်ဘွယ်ရာ လူတွေတန်းစီခိုင်းပြီး.. တရားလိုက တစ်ဦးချင်းလိုက်ကြည့်သလိုမျိုး နဲ့ ရီမာကလိုက်ကြည့်ရတယ်..။ )

မယုံရင်ပုံပြင်မှတ်.. ဗိုလ်ကုကို တွေ့ပေမယ့် သူပဲလို့ မပြောဘဲ ရီမာငိုပြီး ပြန်သွားတယ်။

နောက်တော့ သူတို့ချစ်သူတွေ ဖြစ်သွားကြတယ်။ ယုံချင်ယုံမယုံချင်နေ တရုတ်တန်းဈေးက အဖြစ်အပျက်ကလေး.. ပေါ့။ တကယ်ဗျ။ ဦးကျော်အောင် ဒေါ်ခင်တင့်တို့ကတော့ ရင်ထုမနာပေါ့။ နောက်တော့ ဗိုလ်ကု လူထွက်ပြီး ရီမာ့ကို ခိုးပြေးသွားကရော။

မှတ်မှတ်ရရ လွန်ခဲ့တဲ့ ခြောက်လလောက်က ဗိုလ်ကု ကျွန်တော့်ဆီ ရောက်လာတယ်။ ရီမာတော့ မပါလာဘူး။ ကလေးနှစ်ယောက်ရှိနေပြီလို့ ပြောတယ်။ ဆောက်လုပ်ရေးတချို့မှာ လေဘာကန်ထရိုက် ပုံစံမျိုးလုပ်နေတယ်။ အဆင်ပြေတယ် လို့ ပြောသွားတယ်။

ရှေးဟောင်းနှောင်းဖြစ်တွေပြောပြီး ရီကြမောကြပေါ့။

Tuesday, February 19, 2008

5.2 ဗိုလ်ကုရဲ့ ချိန်းတဲ့ည

ဘရွှေရောက်က ဇီးကွက်မ ယူလို့ဆိုပြီး မြေးလုပ်တဲ့ ရီမာ က အိမ်ပေါ်က ဆင်းသွားတယ်။ ရှက်လို့တဲ့..။ တကယ်က သူ့အိမ်မှာနေရင် ဗိုလ်ကုနဲ့ ချိန်းတွေ့ဖို့ မလွယ်တာကြောင့်ပဲ။ အကြောင်းရှာတာပေါ့..။ ဗိုလ်ကုနဲ့ ရီမာကြိုက်နေတယ်လို့ သတင်းသန့်သန့်ထွက်တော့ ရီမာကို ကြိုက်နေတဲ့ မြင့်ဦးက အရက်မူးအောင် သောက်ပြီး ရပ်ကွက်ပတ်ဆဲတယ်။ နာမည်တော့ မတပ်ဘူးပေါ့..။

"ရပ်ကွက်ထဲက အပျိုတွေက.. သိမ်ဝင် ( အ၀ှာ ) မှ အထင်ကြီးတယ်.. ငါတို့မှာလဲ ပါ ပါ တယ်ဟ... " ဆိုပြီးတော့ပေါ့။ ဦးဇင်းရဟန်း ဆိုတာ သိမ်ဝင်ထားရတာကိုး။

ဘရွှေရောက် ဇီးကွက်မနဲ့ယူလို့ဆိုပြီး ရီမာက အတော်ပိုတဲ့မော်ချိုတို့အိမ် မှာ နေတယ်။ မော်ချိုတို့အိမ်က ဗိုလ်ကုကျောင်းနဲ့နီးတယ်။

ဗိုလ်ကုနဲ့ကျွန်တော်က.. ညတိုင်းတီဗွီသွားကြည့်တယ်။ တစ်ရွာလုံးမှ တီဗွီက တစ်လုံးထဲရှိတယ်။ ဘာလာလာ ဘာလွှင်လွှင့် ထိုင်ကြည့်ကြတယ်။ သတင်းလဲ ထိုင်နားထောင်နေကြတာပဲ။ တစ်ယောက် ငါးမူးပေးရတယ်။ ဗိုလ်ကုက အလကားကြည့်ရတယ်။ သူက ဘုန်းကြီးကိုး။ ဦးဇင်း တီဗွီကြည့်သွားမလို့လား လို့ မေးရင် ဗိုလ်ကုက မကြိုက်ဘူး။ တီဗွီ ဘုန်းပေးမလို့.. ဗျ.. လို့ မေးတဲ့ တကာတကာမတွေကို ပြန်ပြန်ပြောတယ်။

ရုံထဲမှာ ထိုင်ခုံတွေဘာတွေ မရှိပါဘူး။ မြေကြီးပေါ်ဖိနပ်ခုထိုင်ပြီး ကြည့်ကြတာပဲ။ ရီမာနဲ့ မော်ချိုကလဲ နေ့တိုင်းလာကြည့်တယ်။ ဗိုလ်ကုနဲ့ရီမာက အကြည့်ချင်းဆုံ ရင်တွေတုန်ဖင်တွေခုန်ပေါ့။ တီဗွီကလာတာ တစ်ခုမှ သူတို့မကြည့်ဘူး။

တစ်ခါတစ်လေ တီဗွီကအပြန်မှာ ချိန်းတွေ့ကြတယ်။ ဘုန်းကြီးကျောင်းအပြန်လမ်းက မော်ချိုတို့ ခြံစည်းရိုးဘေးက ဖြတ်ပြန်ရတယ်။ တိတိကျကျပြောရရင် မော်ချိုတို့ အိမ်သာရှိတဲ့ ခြံစည်းရိုးဘေးက ဘုန်းကြီးကျောင်း အ၀င်လမ်းပဲ။ ရီမာက ခြံစည်းရိုးအတွင်း အိမ်သာဘေးကနေရပ်ပြီး စကားပြောတယ်။ ဗိုလ်ကုက လမ်းမဖက်ခြမ်းကနေ တွတ်တီးတွတ်တာ လုပ်တယ်။ ရွာကအိမ်သာတွေက ကျင်းကြီးတွေနဲ့ပေါ့။ ယင်လဲမလုံ ဘာမှမလုံဘူး။ လေအဝှေ့မှာ ရနံ့တသင်းသင်းနဲ့ပဲ။ တစ်ချက်တစ်ချက် အရမ်းနံတယ်။ ဒါပေမယ့် သူတို့နှစ်ဦးကတော့ အရမ်းပျော်နေကြတယ်။

ရီမာက ဗိုလ်ကုကို .. ကိုလေး .. လို့ ခေါ်သဗျ။ ဗိုလ်ကိုကလဲ အမာ.. တဲ့။

တစ်နေ့မှာ ကျွန်တော်လဲ ဗိုလ်ကုကို နောက်ချင်တာနဲ့ .. ရီမာက မှာလိုက်တယ်.. ဒီနေ့ည တွေ့ချင်တယ်.. လို့ ဗိုလ်ကုကို ပြောလိုက်မိတယ်။ ဘယ်အချိန်လို့ ပြောလဲ လို့ ဗိုလ်ကုမေးတာကို.. ပြီးပြီးရော ညနှစ်ချက်တီး..လို့ ပြန်ပြောလိုက်တယ်။ ကျွန်တော်ကတော့ ညနှစ်ချက်တီးဆိုရင် ဗိုလ်ကုသွားမှာမဟုတ်တော့ဘူးလို့ ထင်တာ။

ဒါပေမယ့်... "အမာက ၀ီရိယ အရမ်းကောင်းတယ်.. ချိန်းတဲ့အချိန်ထက် အမြဲစောရောက်နေတာ... လာလိုက်ခဲ့..သွားကြမယ်.." ဆိုပြီး ညဆယ့်တစ်နာရီလောက်ကတည်းက.. ဓါးလှံကြီးကိုင်ပြီး.. ရှေ့က ချီတက်တော်မူတယ်။ လကွယ်ညဆိုတော့ မှောင်မှည်းနေတာပေါ့။ ဗိုလ်ကုကတော့ အိမ်သာနား ခြံစည်းရိုးမှာ ဖားပျံကပ်နည်း ကပ်နေတယ်။ စူးရှတဲ့ မျက်ဝန်းအစုံနဲ့ မမှိတ်မသုန် အိမ်ထဲက ထွက်လာမယ့် အရိပ်ကို စောင့်မျှော်နေတယ်။

ကျွန်တော့်မှာတော့ သူဖြစ်ပျက်နေတာကို ကြည့်ပြီး နောက်တာပါကွာလို့ လဲ မပြောရဲတော့ဘူး။ သူက အဟုတ်ကြီးကို ထင်နေတော့ နောက်တာလို့ သိသွားရင် ကျွန်တော့်ကို ဆော်တော့မှာ။

အဲဒါနဲ့ပဲ ဆောင်းလေတဖြူးဖြူး ချမ်းချမ်းစီးစီးကြီးထဲ.. အိမ်သာနံလေး တသင်းသင်းနဲ့ .. အောင့်အီး နေရတယ်။ ကံကောင်းတာလား ကံဆိုးတာလားတော့ မသိဘူး။ ဗိုလ်ကုက လာပြီ ဆိုပြီး အိမ်သာနားက အချက်ပြတယ်။ တကယ်လဲ မည်းမည်း မည်းမည်းနဲ့ လူတစ်ယောက် အိမ်သာနားကို လာနေတာ ၀ိုးတ၀ါးမြင်ရတယ်။

ဒါပေမယ့် အဲဒီလူက အိမ်သာထဲ တန်းဝင်သွားတယ်။ ပြီးတော့ အမှန်အကန်ကို အညစ်အကြေးတွေ စွန့်ထုတ်နေတော့တာပဲ။ အသံပေါင်းစုံအနံပေါင်းစုံပေါ့ဗျာ။
ဗိုလ်ကုက စိတ်မရှည်ဘူး။ သူတို့ချင်းအချက်ပေးနေကျပုံစံအတိုင်း ပါးစပ်ကို ပွစိပွစိလုပ်ပြီး... "ရှုး.. ပလွတ်ပလွတ် .. ပြွတ်ပြွတ် " နဲ့ အသံပေးတယ်။

အထဲကလူက ငြိမ်နေတော့ ဗိုလ်ကုက အားမလိုအားမရနဲ့ "အမာ.. ကိုလေး ပါ .. ဗိုက်မကောင်းဘူးလား အစားမှားလို့ လား" လို့ ပြောလိုက်ကာမှ..

"အမလေး လုပ်ကြပါဦး... လူ လူ... ခြံစည်းရိုးနားမှာ လူကပ်နေတယ်.." ဆိုပြီး မော်ချိုအမေ ဒေါ်မြသန်းကြီး.. အိမ်သာထဲက အူယားဖားယားထွက်ပြေးရော။ ကျွန်တော်တို့နှစ်ယောက်လဲ... ကျောင်းကို တချိုးတည်းပြန်ပြေးခဲ့ရတယ်။

နောက်တော့ ဗိုလ်ကု လူထွက်ပြီး သူ့ဇာတိရွာပြန်သွားတယ်။ လူဝတ်ကြီးနဲ့ ရီမာကို သုံးလေးခေါက် လာခိုးဖို့ကြိုးစားတယ်။ နောက်ဆုံးအခေါက်မှာ ရီမာလိုက်သွားတယ်။

Sunday, February 10, 2008

4.1မောင်တုတ်နဲ့ သန်းလွင်မ

ကျွန်တော်တို့ရပ်ကွက်မှာ အရက်ပုန်းဆိုင် သိပ်ပေါတယ်။ ညနေညနေဆို ရပ်ကွက်ထဲက ခွေးတွေတောင် ကိုယ်ယောင်ဖျောက်နေရတယ်။ အမူးသမားတွေရဲ့ ဓါးစာခံဖြစ်သွားမှာ စိုးတယ်နဲ့တူပါရဲ့။ ဒါတောင်မှ
"ဟေ့ ဘယ်ခွေးမှ လူမထင်ဘူးကွ"
"ခွေးမသောက်တဲ့အရည်တွေသောက်လာတဲ့ သေနာ"
"ခွေးလောက်မှ အသုံးမကျတဲ့ယောက်ျား နေ့ရှိသရွေ့ဒီအရည်ပဲမျိုဆို့" စတဲ့ ခွေးတံဆိပ်ဓါတ်ပြားက ဆူညံနေတော့တာပဲ။

အမူးသမားများ ကိုယ့်သားကို ဆဲတာတောင်မှ "လူကမွေးတဲ့ခွေးသား" တဲ့။ မူးသာမူးတယ် သူ့ကိုယ်သူတော့ ခွေးအဖြစ်မခံနိုင်ဘူး။

နေ့တိုင်းမူးတဲ့အထဲမှာ ကျွန်တော်တို့ဘေးအိမ်က မောင်တုတ်ဆိုတဲ့ လူလဲပါတယ်။ သူ့မိန်းမနာမည်က သန်းလွင်မ။ မောင်တုတ်မူးလာရင် သန်းလွင်မက မကြားတကြား "ဟဲ့ ခွေး" ဆိုပြီးသူ့ယောက်ျားကို စောင်းမြောင်းပြောတယ်။ "ဟဲ့ခွေးဆိုတာ ဘယ်သူ့ပြောတာလဲကွ" လို့မောင်တုတ်က ဒေါသူပုန်ထတယ်။

"ဟဲ့ခွေးဆိုမှတော့ ခွေးကိုပြောတာပေါ့ ငမူးရဲ့လူလိုနားမလည်ဘူးလား" လို့သန်းလွင်မက ပြန်အော်တော့မှ မောင်တုတ်လဲ လျှာလေးအာလေးနဲ့
"ငါ့လိုကောင်ကိုခွေးနဲ့နှိုင်းလို့ကတော့ နင်အရှင်လတ်လတ် ငရဲရောက်သွားမယ် ခွေးမ"
"ငါရှာကျွေးတာစားနေပြီး ကျွေးတဲ့လက်ကို ကိုက်တဲ့ ခွေးထက်မိုက်တဲ့မိန်းမ"
"ပစ်ထားလိုက်လို့ လမ်းဘေးမှာ ခွေးလေခွေးလွင့်လို ဖြစ်သွားမယ် ဘာမှတ်လဲ" ဆိုပြီးမပြီးနိုင်မစီးနိုင် ခွေးဋီကာ ချဲ့တော့တာပဲ။

သန်းလွင်မကလဲ အားကျမခံ
"အံမယ် အံမယ် ခွေးပါးစပ်က နတ်စကားထွက်လို့ ဒီအိမ်ထောင်စုကြီးကို ဘယ်သူရှာကျွေးနေတယ်ဆိုတာ အိမ်က ခွေးကအစ သိတယ်။ ရှင့်တွေ့ရင် အိမ်ကခွေးကတောင် အမြီးမနှံ့ဘူးခွေးရဲ့" နဲ့ ပြန်ပက်တယ်။

"ဟဲ့နှစ်ယောက်စလုံး တော်ကြတော့.. ခွေးနှစ်ကောင်ကိုက်နေတဲ့အတိုင်းပဲ တကတဲတော် ခွေးဇာတ်ခင်းနေကြတဲ့ ခွေးမျိုးတွေ" ဆိုပြီးမောင်တုတ်ရဲ့ ယောက္ခမဒေါ်မိန်းကလေး ၀င်ပြောမှ ခွေးဇာတ်တစ်ခန်းရပ်တယ်။

(မှတ်ချက်။ မောင်တုတ်နဲ့သန်းလွင်မ လင်မယား နေ့တိုင်းရန်ဖြစ်ပါတယ်..။ နေ့တိုင်း ဆဲကြဆိုကြနဲ့ပါပဲ..။ ဒါပေမယ့် အခုအချိန်အထိ ရွှေလက်တွဲမြဲနေပါကြောင်း ။ သူတို့ဘ၀နဲ့ သူတို့တော့ ပျော်နေဟန်ရှိပါတယ် )

4.2 အဆဲကြမ်းတဲ့ ဦးစိန်လှ

ဒေါ်မိန်းကလေးရဲ့ ယောက်ျားက ဦးစိန်လှလို့ခေါ်တယ်။ သူကလဲ ပါးစပ်သိပ်ကြမ်းတယ်။ ကမ္ဘာ့အဆဲပြိုင်ပွဲ ဆိုတာများ ရှိလို့ကတော့ ရှိသမျှဆုအားလုံး သူတို့မိသားစုက သိမ်းကြုံးယူသွားမှာပဲ။

"ဦးလေးဦးလေး ဦးလေးက စကားပြောရင် ဆဲပြောတာဆို" လို့ ကလေးတစ်ယောက်က ဦးစိန်လှကို သွားမေးမိတယ်။ "အဲဒါ ဘယ်မအေပေးက မင်းကိုပြောလိုက်တာလဲ" လို့တန်းဆဲတော့တာပဲ။

ဦးစိန်လှအဆဲ အဲသလောက်ကြမ်းတာကို ကလေးတွေကလဲ အမှတ်မရှိဘူး။ ညနေညနေကျောင်းဆင်းချိန် ကလေးတချို့ ဦးစိန်လှတို့အိမ်ရှေ့က ဖြတ်ပြန်ကြတယ်။ ကလေးတွေကလဲ မလွယ်ဘူး။ ဦးစိန်လှအိမ်ရှေ့ရောက်မှ ကကြီးကခွေးအံတယ်။ "ကကြီး ခခွေး ဂငယ် ဃကြီး င... စ လုံး... ဆ လိမ်"ဆိုပြီး ရပ်ထားလိုက်ကြတယ်။ ဆ လိမ် ဆိုတာ စိန်လှပေါ့။ ဆလိမ် စိန်လှ။

ဦးစိန်လှမကြားမချင်း ကကြီးကနေ ပြန်ရွတ်တယ်။

"ကကြီး ခခွေး ဂငယ် ဃကြီး င.. စ လုံး... ဆ..လိမ်.."

အဲဒီမှာတင် ဦးစိန်လှကြီး ထွက်လာပြီး ပွဲကြမ်းတော့တာပဲ။ တုတ်ကောက်ကိုင်ပြီး တစ်ရပ်ကွက်လုံး ပတ်ဆဲတော့တာပဲ။

သူဆဲတာတွေတော့ အသေးစိတ် မရေးတော့ပါဘူးဗျာ။ ဒါပေမယ့် သူ့မိန်းမ ဒေါ်မိန်းကလေး ရှက်ဟန်တူပါရဲ့။ တော်..ဒီအသက်အရွယ်ကြီးရောက်နေပြီ။ တော်ဆဲတဲ့အတိုင်း တကယ်ရော စိတ်သွားတိုင်းကိုယ်ပါလို့လား နဲ့ ထအော်မှ ပိုဆိုးသွားတယ်။

"ဟေ့ စိန်လှတဲ့ကွ.. စိတ်သွားတိုင်းကိုယ်ပါတယ်ကွ.. မပါရင် ဘားပလက်ထိုးမယ် " ဆိုပဲ။

(အမှန်က အဲဒီထက်တောင်ကြမ်းတယ်ဗျ။ ကျုပ်မရေးပြတော့ပါဘူး။ ) ကျွန်တော်တို့ရွာ အဆဲကြမ်းပုံကတော့ ပြောလို့ကုန်မှာမဟုတ်ပါဘူး။ ရွာမြောက်ပိုင်းရပ်ကွက်က ပိုဆိုးသေး။

ဒီအကြောင်းတွေပြန်ပြောရတာ ရွာကို လွမ်းတယ်ဗျာ...

Saturday, February 9, 2008

4.3 ရေထမ်းသမားကျော်လွင်

စကားစပ်လို့ပြောရဦးမယ်။ ကျွန်တော်တို့ရွာက ဧရာဝတီမြစ်ဘေး မန္တလေးရွှေမြို့တော်ကြီးနဲ့ မလှမ်းမကမ်းမှာ ရှိတယ်။ ရွာမြောက်ပိုင်းရပ်ကွက်က တံငါသည်တွေ။ ရေလုပ်ငန်းနဲ့ အသက်မွေးကြတယ်။ မြစ်ကမ်းဘေးက ရပ်ကွက်ပေါ့။

သူတို့အိမ်သာတွေက တမျိုး။ အိမ်သာကျင်းမရှိဘူး။ ခြေတံရှည်အိမ်သာတွေပဲ။ နှစ်တိုင်းမြစ်ရေကြီးတဲ့အချိန် စုဆောင်းမိတဲ့ အညစ်အကြေးအားလုံး တက်ရေ ကသိမ်းကျုံးသန့်ရှင်းသွားတာပဲ။ ( ဝေါ့ )

အဲဒါကြောင့် ကျွန်တော်သူငယ်ချင်းတချို့ကအမြဲနောက်တယ်။ မင်းတို့က ပလုံရေသောက်တဲ့ ကောင်တွေတဲ့။ အိမ်သာကျင်းမရှိ.. အောက်မှာ မြစ်ရေပဲရှိတော့.. အိမ်သာတက်နေတဲ့အချိန် စိန်မွှတ်တား လက်သံ စမ်းနေသလိုပဲ။ "ပလုံ ပလုံ" နဲ့ပေါ့ဗျာ။

အဲဒါကြောင့် မြစ်ရေသောက်တဲ့ ကျွန်တော်တို့ကို ပလုံရေသောက်တဲ့ကောင်တွေလို့ ခေါ်ခံထိတာ။ ဒါပေမယ့် ခင်ဗျားတို့မယုံမရှိနဲ့ မြစ်ရေသောက်ကျင့်ရှိတဲ့လူ ကျန်တဲ့ရေ မတိုးတော့ဘူး။ မြစ်ရေက သိပ်ကောင်းတာ။ (ဝေါ့...)

တစ်ရွာလုံး သောက်ရေက မြစ်ရေပဲ။ လူတိုင်း မြစ်ရေပဲသောက်တာ။ ရွာမှာ မြစ်ရေထမ်းရောင်းတဲ့ လူတန်းစား တစ်ရပ်တောင်ရှိတယ်။ အဲဒီလောက် မြစ်ရေက တွင်ကျယ်တယ်။

ရေထမ်းရောင်းသူများအကြောင်းဆိုလို့ ပြောရဦးမယ်။ ရွာမှာ မြစ်ရေထမ်းပြီးရောင်းတဲ့ ကျော်လွင်ဆိုတာရှိတယ်။ ရွာကလူတွေ သိပ်သနားဖို့ကောင်းတယ်။ ကျွန်တော့်အမြင်နဲ့ ပြောတာပါ။ သူတို့ဘ၀သူတို့တော့လဲ ပျော်နေဟန်ရှိပါတယ်။

မြစ်နဲ့ ရွာအရှေ့ပိုင်းကအိမ်တွေဆိုရင် တစ်မိုင်ပျော့ပျော့လောက်ဝေးတယ်။ ရေတစ်ထမ်း သုံးကျပ်ပဲရတယ်။ ခမျာများမှာ ခါးချိအောင်ထမ်းကြရတယ်။ ကံကောင်းချင်တော့ ကျော်လွင်ထီပေါက်တယ်။ သုံးသိန်းဆု။ အဲဒီတုံးက သုံးသိန်းက ကားတစ်စီးဝယ်လို့ရတယ်။

ကျော်လွင်က ထီပေါက်တဲ့ ပိုက်ဆံနဲ့ စက်ဘီးဝယ်လိုက်တယ်။ အခုအချိန်ကစပြီး ရေထမ်းမရောင်းတော့ဘူးတဲ့။ စက်ဘီးနဲ့ပဲ ရေသယ်ရောင်းတော့မယ်တဲ့။ တကယ်လည်း ဧရာဝတီမြစ်ကို စက်ဘီးနဲ့သွား။ စက်ဘီး ဘေးတစ်ဖက်စီမှာ ရေပုံးနှစ်ပုံးချိတ်ပြီး ရေရောင်းတာပဲ။

ကျော်လွင်ထီပေါက်တဲ့ပိုက်ဆံနဲ့ ရေသယ်ရောင်းနေတာကို မြင်တဲ့ ၀ါးထောင်ပိုင်ရှင် ကိုစိုးမြင့်က စုပ်တသပ်သပ်နဲ့။ "ကျော်လွင်တို့များ တုံးပါ့.. ငါ့မှာသာ သုံးသိန်းရှိလို့ကတော့.. ၀ါးထောင်ကို တိုးချဲ့ပစ်လိုက်မယ်.. " တဲ့ဗျား။

ရွာကလူတွေ သနားဖို့ကောင်းတယ်ဆိုတာ.. အဲဒါပြောတာ..။ ကျွန်တော့်မိတ်ဆွေတစ်ယောက် ပြောနည်းပြောရရင်.. ၀ါးလုံးခေါင်းထဲက ဖားတွေ .. တဲ့။

"ဟာ.. နွားခြေရာခွက်ထဲက ဖားသူငယ်.. ဒါမှမဟုတ် ၀ါးလုံးခေါင်းထဲ လသာ လုပ်ပါ" လို့ ကျွန်တော်ကပြန်ပြောတော့..

"သိတယ် .. အဲဒီစကားပုံနှစ်ခုကို သက်သက်မဲ့ပေါင်းစပ်ပြီးပြောလိုက်တာတဲ့.."

ဝါးလုံးခေါင်းထဲက ဖား က ပိုဆိုးသတဲ့။

ရေထမ်းရောင်းတဲ့ ကျော်လွင်ရဲ့အဖေက ဦးခရမ်းလို့ခေါ်တယ်။ ဦးခရမ်းကိုလဲ ရပ်ကွက်ထဲက ကလေးတွေက ဦးစိန်လှကို စနည်း စကြတယ်။ ဦးခရမ်းအိမ်ရှေ့ရောက်တာနဲ့ ကလေးတွေက.. "လမ်းခရီး နီးသလား" "လမ်းခရီး ဝေးသလား" နဲ့ အော်ပြေးကြတယ်။

ဦးခရမ်းက သိပ်ကျပ်မပြည့်ဘူး။ ရွာမှာ ဦးကံညွှန့်ဆံပင်ညှပ်ဆိုင်ဆိုတာ ရှိတယ်။ ဦးကံညွှန့်က ဆိုင်သိပ်မကပ်ဘူး။ ဆံပင်ညှပ်ချင်တဲ့သူက ဦးကံညွှန့်ဆိုင်မှာ မရှိရင် ဆိုင်ထဲက သံချောင်းကို ငါးချက်ခေါက်ရတယ်။ သံခေါင်းခေါက်သံ ငါးချက်ကြားတာနဲ့ ရောက်ရာအရပ်က ဦးကံညွှန့်အမြန်ပြန်လာတယ်။

ကျော်လွင်ငယ်ငယ်တုံးက ဦးခရမ်းက သူ့သားကိုဆံပင်ညှပ်ဖို့ ဦးကံညွှန့်ဆိုင် ခေါ်သွားတယ်။ ဆိုင်ရောက်တော့ ဦးကံညွှန့်က မရှိဘူး။ အဲဒါနဲ့ ဦးခရမ်းက သံချောင်းခေါက်တယ်။ ငါးချက်ပဲ ခေါက်ရမှာကို အားပါးတရ အချက်တစ်ရာလောက် မရပ်မနားခေါက်ပစ်လိုက်တယ်။ တစ်ရွာလုံး မီးလန့်တယ်ထင်ပြီး အုံးအုံးကြွက်ကြွက်ဖြစ်သွားတော့တာပဲ။ :D

Thursday, February 7, 2008

4.4 မိုက်စိန်ကျော်

သတိရတုံး အဖေ့မိတ်ဆွေဦးစိန်ကျော် အကြောင်းပြောရအုံးမယ်...။

ဦးစိန်ကျော်ကို ကျွန်တော်တို့တစ်ရွာလုံးက မိုက် စိန်ကျော်လို့ ခေါ်တယ်..။ မိုက်ကမ်း လို့ ခေါ်တာမဟုတ်ဘူး။ ဘာပွဲလမ်းရှိရှိ မိုက် (Mic ) ကိုင်ပြီး အသံချဲ့စက်နဲ့ အသားကုန်အော်လို့ မိုက်စိန်ကျော်ဖြစ်သွားတာ။

ဘုရားပွဲကနေ အသုဘအဆုံး သူ့အသံချည်းပဲ..။ ရွာမှာ စကားပုံတောင် ရှိတယ်။ "ရပ်ကွက်ထဲက မိန်းမတွေ... လမ်းဘေးမှာ သေးထိုင်မပေါက်နဲ့.. စိန်ကျော်က မိုက်ထင်ပြီး ၀င်ပြောသွားဦးမယ်" တဲ့။

ဦးစိန်ကျော်မှာ သမီးတစ်ယောက်ရှိတယ်။ သန်းသန်းမော်လို့ ခေါ်တယ်။ ယောက်ျားစိတ်ပေါက်နေတဲ့ မိန်းမပဲ။ ယောက်ျားလေးလို နေ။ ယောက်ျားလေးလို ပြော။ ယောက်ျားလေးတွေနဲ့ပဲ ကစားတယ်။ ဘောလုံးကန်တယ်။ ဂွေလှိမ့်တယ်။ ရန်ဖြစ်ရင်လဲ ယောက်ျားလေးလိုပဲ ဆဲတယ်။

တစ်ခါက မင်းသိန်း ဆိုတာနဲ့ ရန်ဖြစ်တယ်။ သန်းသန်းမော်အမေက ဒေါ်စန်း။ မင်းသိန်းက ဒေါ်စန်းကို ငါကိုင်တုတ်တယ်။ သန်းသန်းမော်ကလဲ အားကျမခံ မင်းသိန်းအဖေ ဦးမောင်မောင်ကို ငါကိုင်တုတ်တယ်။ ကြားရတဲ့လူတွေ ၀ိုင်းရယ်ကြတာပေါ့။

ဦးစိန်ကျော်မိန်းမ ဒေါ်စန်းကလဲ တမျိုး။ ဦးကံညွှန့် ဆံပင်ညှပ်ဆိုင်သွားပြီး ဆံပင်ညှပ်တယ်။ ဦးကံညွှန့် ညှပ်တဲ့ပုံ မကြိုက်လို့ဆိုပြီး ညှပ်ပြီးမှ ငါ့ဆံပင်တွေ ပြန်တပ်ပေးလုပ်လို့ ဦးကံညွှန့်ခမျာ တောင်းတောင်းပန်ပန်နဲ့ အလကား ညှပ်ပေးလိုက်ရတယ်။

Wednesday, February 6, 2008

4.5 ချဲကြိုက်တဲ့ ဘုန်းဘုန်း

ဦးစိန်ကျော်အကိုက ဘုန်းကြီး။ အရှင်သီရိန္ဒ လို့ ဘွဲ့မည်ရှိတယ်။ ညီအကိုချင်း တည့်သလားဆိုတော့ တစောင်းစေးနဲ့ မျက်ချေးလိုပဲ။ ဦးစိန်ကျော်ကလဲ ဂျစ်တစ်တစ်နဲ့ ဆိုတော့.. ပိုဆိုးတာပေါ့။

ဘုန်းကြီးတွေနဲ့ စကားပြောရင် "တင်ပါ့ ဘုရား" လို့ စကားထောက်ရတယ်။ ဒါပေမယ့် ဦးစိန်ကျော်က သူ့အကို ဘုန်းကြီးနဲ့ စကားပြောရင် "တင်ပါ့သံဃာ" လို့ ပဲ ပြောတယ်။

ကိုယ်တော်က ဘုရား မှမဟုတ်တာ .. သံဃာပဲ။ ဒါကြောင့် တင်ပါ့ သံဃာပဲ ပြောနိုင်မယ် တဲ့။ ဒါပေမယ့် ကျွန်တော်နဲ့ အဲဒီဘုန်းကြီးနဲ့ကတော့ အတော့်ကို ခင်ခင်မင်မင်ရှိတယ်။ သူ့ကျောင်းထဲမှာ ရေတွင်းရှိတယ်။ အိမ်သုံးရေအတွက် အဲဒီရေတွင်းက ရေခပ်ရတယ်။

ကျွန်တော်ရေထမ်းနဲ့လာတာတွေ့ရင်.. လာဦး လို့ အဲဒီဘုန်းကြီးက အမြဲခေါ်တယ်။ သူ့ကိုအရင် ၀ပ်ချကန်တော့ရတယ်။ ပြီးမှ.. သူ့အိပ်မက်ကို နားထောင်ရတယ်။ အဲဒီဘုန်းကြီး နေ့ခင်းကြောင်တောင် တောင် အိပ်မက်မက်တယ်။

တစ်ခါတုံးကလဲ မှန်ဘီလူးကြီးနဲ့ အလုပ်ရှုပ်နေတယ်။ ကျွန်တော်ရောက်သွားတော့ ကြည့်စမ်းပါဦး မင်းဘယ်လိုထင်လဲ လို့ သူကြည့်နေတဲ့ ဟာကို ပြတယ်။ ယိုးဒယား ထီးချိုင်းဖြစ်နေတယ်။ ဒီနေရာကို ဘယ်လိုထင်လဲဆိုပြီး ဓါတ်ပုံထဲကယိုးဒယားမရဲ့ မတော်ရာကို ထောက်ပြတယ်။

မဆိုးပါဘူး လှသားပဲ.. လို့ ကျွန်တော်ကပြန်ပြောတော့.. ငါ့လခွီးတဲ့မှ... ဂဏန်းမေးတာကွလို့.. ဟောက်တယ်။

ဒီတစ်ပတ်သုံးထိပ်စည်း သေချာတယ်။ ဆယ့်တစ်ဘရိတ် ထွက်လိမ့်မယ်။ ကဲကြည့်.. ငါတွက်ပြမယ်ဆိုပြီး အိုင်းစတိုင်းရဲ့ အီကွေးရှင်းကတောင် အရှုံးပေးရလောက်တယ်။ တွက်လိုက်တာ။

ထိုးစမ်းကွာ။ မင်းမို့လို့ ဒီအကွက်ပေးတာ။ သေချာပေါက်ကို ပေါက်ရမယ်။ လို့ မြှောက်ပေးတော့တာပဲ။

ကိုယ်တော် အဲဒီလောက်သေချာနေရင် ကိုယ်တော်တ၀က်စိုက်လေ။ တပည့်တော်နဲ့အတူတူ ထိုးတာပေါ့ .. လို့ ကျွန်တော်က ပြန်ပြောတော့.. မင်းနဲ့ငါနဲ့ ကံမစပ်ဘူးကွ... တဲ့။ ကိုယ်တော်ပဲ ဟိုတစ်နေ့တုံးကတော့ မင်းနဲ့ငါနဲ့ နေ့တူနံတူ စီးပွားရေးအတူလုပ်ရင် ကြီးပွားမှာဆို.. လို့ နည်းနည်းကလိပေးလိုက်တော့...

ဒါက လောင်းကစားကွ.. စီးပွားရေးမှ မဟုတ်ဘဲ... မထိုးချင်လည်းနေကွာ... ငါက မင်းကို မ ချင်လို့ပေးတာ.. အခွင့်အရေးကို မယူတတ်တဲ့ လူမိုက်... လို့ကောင်းချီးပေးတော့တာပဲ။

ကိုယ်တော်ပြောလဲ ခံရမှာပဲ။ တပည့်တော် ပိုက်ဆံမရှိလို့ပါ။ ကိုယ်တော့် အကွက်ကို မယုံလို့ မဟုတ်ပါဘူး။ ဘာညာ နဲ့.. ပြန်ချော့ရတယ်။

ပိုက်ဆံမရှိရင် ငါချေးမယ်... ဆိုပြီး လုပ်ပြန်ရော။ ကျွန်တော်လဲ နည်းနည်း အမြင်ကတ်လာတာနဲ့ အဲဒါဆို.. ပေး.. လို့ ပြောတော့.. သင်္ကန်းတစ်စုံယူသွား.. ဒေါ်ပုဆိုင်သွားရောင်းလိုက် တဲ့..။ သူ့သင်္ကန်းတွေကို ကျွန်တော်က ရောင်းပေးနေကျ။ တစ်ခါတစ်လေ များရင် မြို့တက်ရောင်းပေးရတယ်။

တစ်ခါတုံးကလဲ..
"ကျောင်းမှာ အုတ်ကန်လေးလုပ်ချင်တယ်.. တကာတကာမတွေကိုလဲ အပူမကပ်ချင်ဘူး.. ကထိန်သင်္ကန်းလေး ငါးစုံရှိတယ်.. အဲဒါမနက်ဖန် မြို့တက်ပြီး သွားရောင်းပေးပါဦး..." ဆိုလို့ သွားရောင်းပေးရသေးတယ်...။

ဒါပေမယ့် အဲဒီအုတ်ကန် အခုအချိန်အထိ.. အဲဒီကျောင်းမှာ မရှိသေးဘူး။

ကျွန်တော်လဲ ကျောင်းထဲရောက်တိုင်း ဘုန်းကြီးကို မေးတယ်။ ကိုယ်တော် .. အုတ်ကန် မလုပ်သေးဘူးလား လို့...။ ဘိလပ်မြေနဲ့ အုတ်ဈေးတွေ တက်နေတယ်ကွ.. နောက်မှ လုပ်တော့မယ် လို့ အမြဲပြောတယ်။

ကြည့်ရတာ.. ကိုယ်တော် ချဲတွေ ကြိတ်ထိုးလိုက်လို့ သင်္ကန်းရောင်းရငွေလေး ကုန်ပြီနဲ့တူတယ်.. လို့ ကျွန်တော်ကပြောတော့.. "မင်းလျှောက်မပြောနဲ့ ရွာထဲက တကာတကာမတွေ ကြားရင် ငါသိက္ခာကျတယ်... တိတ်တိတ်နေ .. " မျက်ထောက်နီကြီးနဲ့ ဟောက်တော့တာပဲ။

Tuesday, February 5, 2008

4.6 ဘရွှေရောက်နဲ့ ဇီးကွက်မ

စကားစပ်လို့ ဦးကျော်အောင်အဖေ ရီမာ့အဖိုး ဘရွှေရောက် အကြောင်းပြောရဦးမယ်။

ဘရွှေရောက်မိန်းမ ဒေါ်သန်းရင်က သေသွားတာကြာပြီ။ သားဖြစ်သူ ဦးကျော်အောင်တို့နဲ့ အတူနေတယ်။ လယ်တွေအတော်များများပိုင်တော့ စီးပွားရေးက ရွာအလျောက် တောင့်တင်းတယ်ပြောရမှာပဲ။ ပြဿနာက ဘရွှေရောက်က အသက်ရှစ်ဆယ်နားနီးမှ ပဲပြုတ်သည် ဇီးကွက်မကို ယူမယ်လုပ်တယ်။ သားနဲ့ချွေးမလုပ်တဲ့ ဒေါ်ခင်တင့်တို့က ၀ိုင်းတာတာပေါ့။

"အဖေရယ်.. ဒီအသက်ရောက်နေပါပြီ.. မသင့်တော်ပါဘူး.." လို့ ဦးကျော်အောင်က တားရှာတယ်..။

"သားတို့သမီးတို့ကို အားနာလှပြီ... အိုကြီးအိုမ ပြုစုရတာလဲ မလွယ်ဘူးလေ.. ဆေးပေးမီးယူ လေးတစ်ယောက်လောက် သက်သက်ရှိမှ ဖြစ်မှာ.. " လို့ ဘရွှေရောက်က.. လေပြေလေးနဲ့ သူလုပ်ချင်ရာလုပ်ဖို့ ကြိုးစားတယ်။

"ဟာ.. အဲဒါလဲ မပူနဲ့.. အဖေ့ကို သမီးတို့ ပြုစုမှာပေါ့.. အဖေ့ဝန်တာ ဘာကြီးတာမှတ်လို့.. မိဘကို ပြုစုရတာ သမီးတို့အတွက်တော့ ကြီးမားအဖိုးတန်တဲ့ အခွင့်အရေးပဲ.. " နဲ့.. ဒေါ်ခင်တင့်ကပါ.. ၀င်ပြောတယ်။

ဦးကျော်အောင်ကလဲ.. "ဟုတ်သားပဲ အဖေရာ အဖေလိုချင်တာ အဖေဖြစ်ချင်တာဟာ ပြော.. သားတို့ ဖြည့်ဆည်းပေးမှာပေါ့.. " လို့ ပြောတော့..

"အေး. စားဝတ်နေရေး မင်းတို့ တာဝန်ယူနိုင်တယ်ဆိုတာ.. ငါလက်ခံတယ်.. ဒါပေမယ့် ငါ့ရဲ့ ကာမဆန္ဒ ကရော..." လို့ ဘရွှေရောက်က ဒေါကြီးမောကြီး နဲ့ ပြောမှ အားလုံးငြိမ်သွားတယ်။ နောက်တော့ ဇီးကွက်မနဲ့ အဟုတ်ညားသွားတယ်။ အသက်က ငါးဆယ်လောက်တောင် ကွာတယ်။

ဇီးကွက်မက ဘရွှေရောက်ကို ယူတော့ တစ်ရွာလုံးက မေးငေါ့ကြတယ်။

ငွေမက်လို့ယူလိုက်တာနေမှာတဲ့...။ ဇီးကွက်မကလဲ ရှင်းရှင်းပဲ။ ဟုတ်တယ် ငွေမက်လို့ယူတာ ဘာဖြစ်လဲ... ဇီးကွက်မ ငွေမမက်အောင် ပဲပြုတ်ကို လက်ငင်းဝယ်စားတဲ့ လူ ဘယ်နှစ်ယောက်ရှိလို့လဲ.. ဇီးကွက်မငွေမက်တာ.. တစ်ရွာလုံးမှာလဲ အပြစ်ရှိတယ် .. လုပ်လိုက်မှ အသံတိတ်သွားကြတယ်...။

ဇီးကွက်မက အသက်ကသုံးဆယ်လောက် ခပ်ညိုညိုခပ်တုတ်တုတ် ခပ်ကြမ်းကြမ်းထဲကပါပဲ။ မနက်ခင်း ပဲပြုတ်လည်ရောင်းရင် တစ်ရွာလုံးက ညနေမှယူဆိုပြီး အကြွေးမှတ်လိုက်တယ်။ ခမျာများမှာ ညနေတစ်ခေါက် အကြွေးတောင်း ရွာလည်ရတယ်။

မောင်ကျင်ဆိုတဲ့ အရက်သမားက ပဲပြုတ်ဖိုးကို အခန်းထဲခေါ် ကုတင်ပေါ်မှာပေးမယ်လုပ်လို့ ဟော်လေးတကြိုးကြိုး ဖြစ်သွားသေးတယ်။

ဇီးကွက်မ ဘရွှေရောက် နဲ့ယူမယ်ကြားတော့ သူ့ရည်းစား မြင့်ဟန်အသဲကွဲပါလေရော။ မင်္ဂလာမဆောင်ခင် ညမှာ အသံချဲ့စက်ငှားပြီး တစ်ညလုံး "သူများနဲ့ညားတဲ့ ငါ့ရည်းစား" သီချင်းကို ဆိုင်းမပါဗုံမပါ ကဗျာလွတ် အော်တော့တာပဲ။ ရွာမှာ အဲဒီအကျင့်ရှိတယ်။ အသံချဲ့စက်ငှားပြီး သီးချင်းတွေကို.. မိုက်နဲ့ အလွတ်အော်ဆိုကြတာပဲ။ ကာရာအိုကေအစ ကျွန်တော်တို့ရွာကလို့တောင် ပြောရမယ်ထင်တယ်...။

လူတွေကတော့ ထုံးစံအတိုင်း မြင့်ဟန်ရဲ့ သူများနဲ့ညားတဲ့ ငါ့ရည်းစားသီချင်းကို ကြားတော့ ၀ိုင်းသနားကြတာပေါ့..။ ဇီးကွက်မကိုလဲ ကွယ်ရာမှာ အပြစ်ဖို့ကြတယ်...။

ခုနှစ်အိုရှစ်အိုကြီးယူတဲ့ မိန်းမ... ငယ်ငယ်ရွယ်ရွယ်နဲ့ မုဆိုးမ ဖြစ်မှာ.. ကြည့်နေ..။ လို့ အတင်းချတာ.. ဇီးကွက်မကြားသွားတော့ .. အမယ်လေး မြင့်ဟန်ကရော ဘယ်လောက်သက်ဆိုးရှည်မှာမို့လို့လဲ.. ဒီလောက် သောက်စားနေတာ.. ဘရွှေရောက်နဲ့ကမှ ကြာကြာပေါင်းရအုံးမယ်.. မြင့်ဟန်ယူရင် ထမင်းငတ်တာ အဆစ်ပါဦးမယ် လို့ တုန့်ပြန်တယ်။

တကယ်လဲ မြင့်ဟန်က ဘရွှေရောက်ထက် အရင်သေသွားတယ်။ ရွာကချက်အရက်တွေ ကလဲ သိတဲ့အတိုင်း ဖားပြုပ်ခြောက်ထည့်ချက်တာနဲ့ ရာဘာဖိနပ်ထည့်ချက်ထားတာတွေ ဆိုတော့ ပြင်းသလားမမေးနဲ့။ (အရက်ချက်တဲ့အကြောင်း နောက်မှ ပြောမယ်... )

4.7 ကျော်လွင်နဲ့ လှသန်း

ကျော်လွင်မှာ လှသန်းလို့ခေါ်တဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်တစ်ယောက်ရှိတယ်။ သူတို့နှစ်ယောက် သိပ်ခင်တယ်လို့ တစ်ရွာလုံးက အသိအမှတ်ပြုကြတယ်။ ရေထမ်းအတူတူ ထင်းချိုးအတူတူ လယ်အငှားလိုက်အတူတူ သူတို့နှစ်ယောက်ကလဲ တတွဲတွဲကိုး။

ဒါပေမယ့် လှသန်းက နည်းနည်းလက်ဆော့ချင်တယ်။ မရှိခိုးနိုးဆိုတဲ့ စကားကလဲ ရှိနေလေတော့ လှသန်းကို လူတွေက သူခိုးလို့ သတ်မှတ်ချင်ကြတယ်။ လှသန်းကလဲ သမိုင်းကြောင်းသိပ်မကောင်းဘူး။

ရွာမှာ အသံချဲ့စက် အငှားလိုက်တဲ့သူ သုံးလေးယောက်ရှိတယ်။ ဒေါ်ချောရဲ့ အသံချဲ့စက်က ယူနစ် ( အသံချဲ့စက် အော်လံကြီးရဲ့ နောက်က ဘုလုံး ) ကို လှသန်းက ခိုးရောင်းစားလိုက်တယ်။ ဒေါ်ချောက ရဲတိုင်တော့ လှသန်းကို ဖမ်းလိုက်တယ်။

ရဲစခန်းလဲရောက်ရော လှသန်းက သူတစ်ယောက်ထဲ ခိုးတာမဟုတ်ဘူး။ ကျော်လွင် လဲ ကြံရာပါတယ်လို့ ဖေါ်တယ်။ အဲဒါနဲ့ ရဲတွေက ကျော်လွင်ကို သွားဖမ်းကြတယ်။

လာဖမ်းတဲ့ရဲတွေကို ကျော်လွင်က ဘာလို့ဖမ်းတာလဲ လို့ မေးတယ်။ မင်းနဲ့ လှသန်း... ဒေါ်ချော အသံချဲ့စက်က ယူနစ်ကို ခိုးရောင်းစားလို့ ဖမ်းတာလို့ ရဲတွေက ပြန်ဖြေတော့ .... ကျော်လွင်က... " အဲဒီယူနစ်ကို ကျုပ်မခိုးဘူးဗျ ချမ်းသာကြီးကျောင်းက အုန်းသီးတွေ ခိုးတာတော့ ကျုပ်ပဲ " လို့ ပြန်ပြောတယ်။


ရဲစခန်းရောက်တော့မှ လှသန်းချောက်တွန်းလို့ သူအဖမ်းခံရတာလို့ ကျော်လွင်သိတယ်။ တကယ်က လှသန်းတစ်ယောက်တည်း ခိုးတာ။ ကျော်လွင်မပါဘူး။ ကျော်လွင်လဲ ဒေါသတကြီးနဲ့ လှသန်းကို ရန်တွေ့တယ်။ ငါမပါဘဲနဲ့ ဘာလို့ ငါလဲကြံရာပါတယ်လို့ ပြောရတာလဲ လို့ ကျော်လွင်က ကော တော့...

"သူငယ်ချင်းရာ ငါတစ်ယောက်ထဲ အချုပ်ထဲ အိပ်ရမှာ ပျင်းလို့ မင်းလဲ ပါတယ်လို့ ပြောလိုက်တာပါ... " လို့ လှသန်းက လေပြေထိုးတယ်။

သူတို့သူငယ်ချင်းနှစ်ယောက်က အဲဒီလောက်အထိ ခင်တယ်။ ဘ၀တွေ ဆင်းရဲနုံချာသလို အတွေးအမြင်တွေကလဲ ထိုနည်းလည်းကောင်းပဲ။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးဆိုတဲ့လူက ဘယ်လောက် ချမ်းသာသလဲ လို့ သူတို့ကို မေးကြည့်။ ကုဋေ ရှစ်ဆယ်လို့ ဖြေလိမ့်မယ်။

အဲဒါဟာ သူတို့ဘ၀တစ်လျှောက် ကြားဖူးတဲ့ အများဆုံးကိန်းဂဏန်း တစ်ခုပဲ။ အဲဒါတောင်မှ.. "ကုဋေရှစ်ဆယ် သူဌေးသား" ဆိုတဲ့ကဗျာကနေ ကြားဖူးတာ။ သူတို့ရဲ့ ဘ၀တွေဟာ မနေ့ကနဲ့ ဒီနေ့ ဘာမှ မထူးခြားဘူး။ အသက်တစ်ရက် ပိုကြီးလာတာက လွဲလို့ပေါ့။ သူတို့ရဲ့ ဦးနှောက်တွေမှာ နေရာလွတ်တွေ အများကြီးပဲ။

တစ်ခါက လှသန်းနဲ့ ကျွန်တော် ရေခပ်ရင်း အတူဆုံတယ်။

"မိဘတွေက မလိမ်မာဘူးဗျာ ... ကျုပ်ရှာကျွေးနေတာ အေးအေးဆေးဆေး ထိုင်မစားဘဲ.. ဂဂျီဂဂျောင်လုပ်ချင်တယ်.. အဲဒါကြောင့် ဒီနေ့မနက် အမေ့ကို နည်းနည်းဆုံးမခဲ့တယ်.." လို့ လှသန်းက ကျွန်တော့်ကို ရေတွင်းမှာ ရင်ဖွင့်တယ်။

Monday, February 4, 2008

4.8 ငွေလုပ်စက်လေး သိမ်းသွားပြီ

ကျွန်တော့်မိဘတွေကို ကျွန်တော်ကတော့ ကျေးဇူးအရမ်းတင်တယ်။ အနည်းဆုံးတော့ ကျွန်တော့်ဦးနှောက်ကို နေရာလွတ်သိပ်မများအောင် သူတို့လုပ်ခဲ့တယ်။ အထူးသဖြင့် အဖေပေါ့။ ပညာအမွေပဲ ပေးနိုင်မယ်။ အားလုံးကြိုးစားကြလို့ အဖေအမြဲတိုက်တွန်းတယ်။ အငတ်ခံပြီး ကျောင်းထားခဲ့တယ်။ ပညာရေးနဲ့ ပတ်သက်ရင် တင်းတင်ကျပ်ကျပ် ကိုင်တွယ်ခဲ့တယ်။

မိဘကျေးဇူးကိုလဲ အခုအထိ တတ်စွမ်းသမျှ ပြန်ဆပ်နေတယ်။ ကျောင်းပြီး လို့ သုံးနှစ်လောက်အကြာမှာ ကျွန်တော်မိန်းမယူလိုက်တယ်။ အမေကတော့ အကြီးအကျယ်ပေါက်ကွဲတာပဲ။ အဖေကတော့ တွေ့ကရာလူကို .... "ကျုပ်ရဲ့ ငွေလုပ်တဲ့ စက်ကလေး အသိမ်းခံလိုက်ရပြီ " လို့ ဟာသနှော ရင်ဖွင့်ရှာတယ်။

တကယ်တော့ အဖေနဲ့ အမေရဲ့ ငွေလုပ်တဲ့ စက်ကလေးက အသိမ်းမခံရပါဘူး။ ကျွန်တော့်မိန်းမက အရမ်းသိတတ်တယ်။ ကျွန်တော့်အဖေနဲ့ အမေကို ကျွန်တော့်ထက်တောင် ဂရုစိုက်တယ်။

ကျွန်တော်ယူမယ့်မိန်းမမှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေကို ကျွန်တော်ကြိုစဉ်းစားပြီးယူခဲ့တာပဲ။ ပထမတစ်ချက်ကတော့ ကျွန်တော်ယူမယ့်မိန်းမဟာ ကျွန်တော့်ထက် ပညာရေး စီးပွားရေး မှာ နှိမ့်ကျရမယ်လို့ ရည်မှန်းခဲ့တာပဲ။ ကိုယ့်ထက် ချမ်းသာတဲ့မိန်းမတစ်ယောက်ကို ယူလိုက်မိလို့ သူတို့အသိုင်းအ၀ိုင်းထဲ ၀င်ဆန့်အောင် မချိမဆန့် အမှီလိုက်နေရတဲ့ ဘ၀မျိုးကို ကျွန်တော်မလိုလားဘူး။

ကျွန်တော့်ကျေးဇူးရှင်မိဘနှစ်ပါးကိုလဲ ပြုစုထောက်ပံ့ရအုံးမှာ မဟုတ်လား။ ကိုယ့်ထက် ပညာရေးသာတဲ့ မိန်းမဆိုရင်လဲ ကိုယ်က အိမ်ထောင်ဦးစီးလုပ်ခွင့် ရဖို့မသေချာဘူး။ အဲဒါဆိုရင် မိဘကို ပြုစုဖို့က စိတ်သွားတိုင်းကိုယ်ပါမယ်မထင်ဘူး။

ရွာမှာ ကိုလှအေးဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူတို့မိသားစုကလဲ အတော် ဆင်းရဲရှာတယ်။ ဒါပေမယ့် ကိုလှအေးက ရွာမျက်နှာဖုံးသူဌေးသမီး မမြင့်ခင်ဆိုတာနဲ့ ညားတယ်။ မရှိခိုးနိုး ဇာတ်လမ်း အဲဒီမှာ စတော့တာပဲ။ မမြင့်ခင်က သူ့ယောက်ျား ကို မယုံဘူး။ ငမွဲယောက္ခမတွေကို သူမသိအောင် တိတ်တဆိတ်ထောက်ပံ့ပေးကမ်းနေမှာပဲ လို့ အမြဲစွပ်စွဲတယ်။ အမြဲတမ်းတကျက်ကျက်ပဲ။ နောက်ဆုံး မိဘအိမ်ကိုတောင် မသွားရဘူးဆိုတဲ့ ပညတ်ချက်တွေအထိ ကိုလှအေးခမျာ လိုက်နာခဲ့ရတယ်။ ကိုလှအေးကြည့်လိုက်ရင် အမြဲတမ်းညှိုးငယ်နေတဲ့ မျက်နှာနဲ့ပဲ။ ရွှင်ရွှင်လန်းလန်း တက်တက်ကြွကြွ မရှိဘူး။ မိဘတွေဖက်ကလဲ မယားကြောက် သောက်လကားကောင်လို့ မြင်တယ်။

ကျွန်တော်ကတော့ အဲဒီလိုမျိုး အဖြစ်မခံနိုင်ဘူး။

ကျွန်တော်ဖြစ်စေချင်တဲ့ လိုချင်တဲ့ အချက်တွေနဲ့ ကိုက်ညီပြည့်စုံတဲ့ အသဲကလေးကို တွေ့တာနဲ့ အပိုင်ကြံလိုက်တယ်။ အဲဒီလိုနဲ့ တူနှစ်ကိုယ်တိုင်းပြည်တစ်ခု ဤမဟာပထ၀ီ မြေကြီးပေါ်မှာ ပေါ်ထွန်းလာခဲ့တယ်။

သူကလေးကလဲ ခေသူမဟုတ်ဗျ။ ကျွန်တော်နဲ့ကြိုက်နေစဉ်မှာ တောင် သူ့ရည်းစား ဟောင်းနဲ့ အဆက်အသွယ်က မပြတ်ချင်ဘူး။ ရွေးရခက်ကြီးဖြစ်နေဟန်နဲ့တူပါရဲ့။ နောက်ဆုံးတော့ ကျွန်တော်ကိုပဲ ပုံအပ်လိုက်တယ်။ အဲဒါဟာ သူ့ဘ၀မှာ ဆုံးဖြတ်ခဲ့သမျှ တွေထဲက အမှန်ဆုံး ဆုံးဖြတ်ချက်လို့ ကျွန်တော် ပြောရဲတယ်။

ကျွန်တော်လဲ မိန်းမရကံကောင်းတယ်လို့ ပြောရမယ်။ သူမမှာ ချစ်စရာအလွန်ကောင်းတဲ့ အမူအကျင့် စရိုက်ကလေးတွေရှိတယ်။ ဥပမာတစ်ခုပြောရရင် ကျွန်တော်လိမ်နေမှန်းသိတာတောင် မသိချင်ယောင် ဆောင်နေတတ်တာမျိုးပေါ့။ ကျွန်တော်ကလဲ သူ့ဖက်ကိုယ့်ဖက် တတ်နိုင်သမျှ မျှတအောင် ကြည့်တယ်။ ခယ်မတွေ ယောက်ဖတွေ ကျွန်တော်နဲ့ လွတ်တာမရှိဘူး။ ငွေရေးကြေးရေးအကူအညီ မလွတ်တာကို ပြောတာပါ။ ယောက္ခမကဆို အမြဲပြောတယ်။ သားမက်က သားဖြစ်နေပြီး သမီးအရင်းက ချွေးမဖြစ်နေတယ် ဆိုပဲ။