Thursday, January 29, 2009

38.1 ပွကြီးရဲ့ စာရင်းရှင်းတမ်း

ဒီအကြောင်းကို အခုမှပဲ တို့ထိနိုင်တော့တယ်..။ အမှန်က စောစောစီးစီး ရေးသင့်ပေမယ့် ခရီးကများ အလုပ်ကရှုပ်နဲ့ နောက်ကျသွားခဲ့ရတယ်..။ အလှူရှင်များနှင့်

တကွ ဘလော့ဂ်ကြွလာ ဆွေသဟာများ နားလည်စာနာခွင့်လွှတ်နိုင်ပါစေကြောင်း ဒီနေရာကနေ ပွကြီး လေးစားစွာ တောင်းပန်အပ်ပါတယ်..။

အလှူငွေစုစုပေါင်း ကျွန်တော်ရတာက ဟိုဖက်က label 32 မှာ ရေးခဲ့သလို .. 1,170,000.000 ကျပ် ဖြစ်ပါတယ်..။ အသေးစိတ်ကတော့..

သုံးသိန်းခွဲအလှူရှင် တစ်ဦး 350,000.000
သုံးသိန်းအလှူရှင် နှစ်ဦး 600,000.000
တစ်သိန်းနှစ်သောင်း အလှူရှင်တစ်ဦး 120,000.000
တစ်သိန်းအလှူရှင် တစ်ဦး 100,000.000 ဖြစ်ပါတယ်..။

အဲဒီ ရလာတဲ့ ပိုက်ဆံ ဆယ့်တစ်သိန်းကျော်ကို ကျွန်တော် လုပ်အားပေး ကျောင်းဆရာလုပ်ခဲ့တဲ့ ကျောင်းလေး တမံတလင်းခင်းဖို့ စီစဉ်ဖြစ်ပါတယ်..။ ရွာဖက်က

ပန်းရံ ဆရာနဲ့ ကျွန်တော်တို့ ပူပေါင်းတွက်ချက်ပြီး ကုန်ကျမယ့်ငွေကို ခန့်မှန်းပြီးသကာလ လုပ်ငန်းစခိုင်းခဲ့ပါတယ်..။ တကယ်လုပ်တော့.. မှန်းထားတာထက်

ပိုကုန်ကျ ခဲ့ပါတယ်..။ ကနဦးတွက်ချက်စဉ်က.. ဈေးနှုန်းတချို့ အပြောင်းအလဲဖြစ်တာရယ်.. ခင်းရမယ့် ဧရိယာတွက်ချက်မှု လွဲချော်ခဲ့တာရယ်ကြောင့် အဲသလို

ဖြစ်ရတာပဲ..။

အသေးစိတ် ကုန်ကျစားရိတ်က အောက်ပါအတိုင်းဖြစ်ပါတယ်..။

ဘိလပ်မြေ ၅၅ အိတ် ( တအိတ်ကို ၆၅၀၀ ကျပ် ) = ၃၅၇၅၀၀.၀၀ ကျပ်
ကျောက် ၄ ကျင်း ( တကျင်းကို ၂၆၂၅၀ ကျပ် ) = ၁၀၅၀၀၀.၀၀ ကျပ်
ကျောက်စရစ် ၁ ကျင်း ( တကျင်းကို ၂၈၀၀၀ ကျပ် ) = ၂၈၀၀၀.၀၀ ကျပ်
ကားခ ( မြင်းခြံ ဆမိတ်ခုံ ကျောက်ဘိလပ်မြေ သယ်ယူခ ) = ၉၁၅၀၀.၀၀ ကျပ်
သဲ အတွက် ကုန်ကျငွေ ( ထွန်စက်+အလုပ်သမားခ) = ၇၉၅၀၀.၀၀ ကျပ်
ပန်းရံလက်ခ = ၉၇၆၅၀.၀၀ ကျပ်
လုပ်ငန်းကြီးကြပ်သူခရီးစားရိတ် ( ကားခ+၇န်ကုန်ဖုံးဆက်ခ) = ၁၁၀၀၀.၀၀ ကျပ်


စုစုပေါင်း = ၇၇၀၁၅၀.၀၀ ကျပ် ဖြစ်ပါတယ်..။

ဆိုတော့ .. တမံတလင်းခင်းတာမှာ ကုန်သွားတာက အကြမ်းဖျဉ်း ခုနှစ်သိန်း ခုနှစ်သောင်း ရှိပါတယ်..။ အလှူရှင်များရဲ့ လှူဒါန်းငွေက ဆယ့်တစ်သိန်း ခုနှစ်သောင်း ဆိုတော့ လေးသိန်း.. ကျွန်တော့်လက်ထဲမှာ ပိုပါတယ်..။

အဲဒီပိုတဲ့ပိုက်ဆံကို.. အိမ်သာဆောက်တာပဲဖြစ်ဖြစ်.. ကျောင်းအုတ်တံတိုင်း ခတ်တာပဲဖြစ်ဖြစ်. လှူမယ်လို့ စိက်ကူးရပါသေးတယ်..။ ဒါပေမယ့် ဆင်းရဲနွမ်းပါး တဲ့ ကလေးတွေရဲ့ ပညာရေးအထောက်အပံ့အဖြစ် လှူတာက ပိုပြီး ထိရောက်မယ်လို့ တွေးမိတာနဲ့.. ကျောင်းရဲ့အဆောက်အဦပိုင်း ပံ့ပိုးတာ မလုပ်တော့ဘဲ.. ရွာက ပညာလည်းတော်၊ ဆင်းရဲလည်း ဆင်းရဲတဲ့ ကလေးတွေကို.. ထောက်ပံ့ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်..။

အဲဒါနဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ တိုင်ပင်ပြီး (အထူးသဖြင့် ) ကိုးတန်းဆယ်တန်းကလေးတွေထဲက ဆင်းရဲပညာတော် ကလေးငယ်များကို ဆွဲထုတ် ရပါတယ်..။ ကျောင်းအုပ်ဆရာမကြီးနဲ့ ဆိုင်ရာအတန်းပိုင်ဆရာဆရာမ တွေအနေနဲ့လည်း အတော့်ကို အားထည့်ပြီး ရသင့်ရထိုက်တဲ့ ကလေးတွေရအောင် မျှမျှတတ စာရင်း ပြုစုပေးရှာပါတယ်..။

ဒါပေမယ့်.. ကျွန်တော်လိုချင်တဲ့ ဆင်းလဲဆင်းရဲ ပညာလည်းတော်.. အရည်အချင်းနှစ်ရပ်လုံးနဲ့ ပြည့်စုံတဲ့ ကလေး က ရှာရခက်နေခဲ့တယ်..။ အတန်းထဲမှာ ပထမဒုတိယ တတိယ ရနေကြသူ အားလုံးလိုလိုက ရွာအလျောက် သိပ်ချို့ငဲ့တဲ့ ထဲမှာ ပါမနေဘဲ အထိုက်အလျောက် ပြည့်စုံနေကြတယ်..။ တကယ်ဆင်းရဲသူများကျတော့ ပညာရေးက မတော်နေကြဘူး..။ ဆင်းရဲချို့ငဲ့တဲ့ ကလေးငယ်တွေကတော့ များမှများ ပေါ့..။

ဆယ်ယောက်မှာ ကိုးယောက်လောက်က မပြည့်မစုံနဲ့ ကျောင်းတက်နေကြ တာပဲ..။ ဆရာဆရာမတွေအနေနဲ့ အချို့ငဲ့ဆုံး အဆင်းရဲဆုံး ရွေးထုတ်ဖို့တောင် အတော့်ကို ခက်ခဲနေခဲ့တယ်လို့ တဆင့်ပြန်ကြားရတဲ့အထိ.. ရွာဖက်မှာ စီးပွားရေး ကပ်ပျက်ဆိုက်နေခဲ့တယ်..။ ခပ်နာနာလေး ပြောရရင် အမွဲပြိုင်တာမှာ အားလုံးက သူမသာကိုယ်မသာ သူတင်ကိုယ်တင် အကြိတ်အနယ် ဗိုလ်လုနေကြသလား အောက်မေ့ရပါတယ်..။

မွဲတာမှ.. အခုမှ မွဲတာမဟုတ်ဘူး..။ ရွှေခုနှစ်ဆက်မျိုးခုနှစ်ဆက် မွဲလာတာ.. ဘိုးဘွားမွဲ လို့ ပြောနိုင်သူတွေလည်း ဒုနဲ့ဒေး ရှိနေခဲ့ဟန် တူပါရဲ့..။

နောက်ဆုံးတော့ ဆင်းရဲပညာတော် ရှာမရလည်း.. ဆင်းရဲတဲ့သူ သပ်သပ်.. ပညာတော်သူ သပ်သပ် .. တတ်နိုင်တာ ထောက်ပံ့ဖို့ပဲ ကျွန်တော်ဆုံးဖြတ်လိုက်ရပါတယ်..။

အဲဒီမှာ ကိုးတန်းဆယ်တန်း .. နှစ်တန်းပေါင်း ကျောင်းသားကျောင်းသူ အယောက်နှစ်ဆယ် စာရင်းနဲ့တကွ ကျောင်းအုပ်ဆရာမကြီးက ကျွန်တော့်ကို ပေးပါတယ်..။ ပညာတော် မဆင်းရဲ က ကိုးတန်း သုံးယောက်၊ ဆယ်တန်း သုံးယောက် .. စုစုပေါင်း ခြောက်ယောက်ပေါ့..။ ကျန် တဲ့ ဆယ့်လေးယောက်က ချို့ငဲ့ကျောင်းသားကျောင်းသူများ ပေါ့..။

အဲသလို လူရွေးပြီးတော့ တစ်ယောက်ကို ပလာစာအုပ်တစ်ဒါဇင်၊ ဘောလ်ပင်တစ်ဒါဇင် ပေးဖို့ ရွာကိုအကြောင်းကြား ရပါတယ်..။ တစ်ယောက်ကို ခန့်မှန်းကုန်ကျငွေ.. ခြောက်ထောင်ငါးရာ လောက် ရှိပါတယ်..။ အယောက်နှစ်ဆယ်ဆိုတော့ စုစုပေါင်း တစ်သိန်းသုံးသောင်းလောက် ကုန်တာမို့ ကျွန်တော့်ဆီမှာ အလှူရှင်များရဲ့ ပိုငွေ နှစ်သိန်းခုနှစ်သောင်းလောက် (ks.270,000.00) ကျန်နေပါတယ်..။

လက်ကျန်ငွေ မရှိအောင်. ကျန်တဲ့ငွေအားလုံးကို ဝေပုံကျ သူတို့လိုအပ်မယ့် စာရေးကိရိယာတွေ ၀ယ်ခြမ်းပေးလို့ မရဘူးလားဆိုတော့ ရပါတယ်..။

ဒါပေမယ့် ကျောင်းသားကျောင်းသူတွေရဲ့ လိုအပ်ချက်ကို တခဏ ဖြည့်ဆည်းပေးတာထက်စာရင် တဘ၀စာ အကျိုးကျေးဖူး ဖြစ်အောင် ထောက်ပံ့တာမျိုးကို ကျွန်တော်ကြိုးစားကြည့်ချင်နေမိတာမို့.. ရှိသမျှငွေကို ပုံအောပြီး တခါတည်း လှူလိုက်တာမျိုး ကျွန်တော် မလုပ်တာပါပဲ..။ ဒါကို အလှူရှင်များ ကျေနပ်နိုင်လိမ့် မယ်လို့လည်း မျှော်လင့်မိပါတယ်..။

ကျွန်တော်တို့ လူမျိုးဟာ.. ကိုယ့်အတွက် ခွဲတမ်းရတဲ့ ဆေးဝါးကိုတောင် ရောဂါမွေးထားပြီး ပြန်ရောင်းစား နေကြရပါတယ်..။ ကိုယ့်ရောဂါပျောက်ဖို့ထက်.. ကိုယ့်အိမ်စားဝတ်နေရေးကို ဦးစားပေးရတဲ့ ဘ၀တွေ မို့ သူတို့ကို အပြစ်မတင်ရက်ပေမယ့်.. ရောဂါသည်တွေကို တကယ် ထိရောက်တဲ့ ကူညီမှုပေးဖို့ဆိုရင် .. ဆေးခွဲတမ်း ထိုင်ဝေနေရုံနဲ့တော့ မရပါဘူး..။

ဆင်းရဲတဲ့ ကလေးငယ်များ အနေနဲ့ ကျောင်းဝတ်စုံလည်း ချို့တဲ့မှာပါ..။ ပလာစာအုပ် ခဲတံ ဘောလ်ပင်လည်း လိုအပ်မှာပါပဲ..။ အဲဒါတွေကို ထောက်ပံ့ပေးကမ်း တာ မကောင်းဘူးလားဆိုတော့ မကောင်းဘူးတော့ မဟုတ်ပါဘူး..။ ကောင်းပါတယ်..။ ဒါပေမယ့် အဲဒါတွေ ပြည့်စုံနေတာထက် သူတို့တတွေ တကယ်တတ် တကယ်တော်သူလေးတွေ ဖြစ်အောင် ပံ့ပိုးနိုင်တာက ပိုလို့ ကောင်းပါတယ်..။

အခုလာမယ့် နွေရာသီ ကျောင်းပိတ်ရက်ကစလို့ ရွာမှာ “ ဆရာသိုက် ပညာရိပ်မွန် ” ဆိုတာမျိုး စပြီး အကောင်အထည် ဖော်ပါ့မယ်..။ ဆရာသိုက်ခေတ်လွန် ဆမိတ်ခုံ ရွာက ကျောင်းသားမောင်မယ်လေးတွေကို အင်္ဂလိပ်စာ တကယ်တတ်သူလေးတွေ ဖြစ်အောင် ကျွန်တော် ကြိုးစား ပျိုးထောင်ပါ့မယ်..။ ဘ၀အတွေးမြင် မနိမ့်ကျသူ များဖြစ်အောင် ကျွန်တော်တို့ တတ်နိုင်သမျှ ၀ိုင်းဝန်းပါ့မယ်..။

ဘ၀ကို ဦးတည်တဲ့သင်ကြားမှု ပုံစံဟာ သူတို့လေးတွေအတွက် တကယ့်ကို အကျိုးကျေးဇူး ထူးစေမှာပါ..။ လှမ်းရမယ့် ခရီးက ဝေးပေမယ့် ကျွန်တော့်မှာ လုံလောက်တဲ့ အားအင် နဲ့ ယုံကြည်မှု ရှိပါတယ်..။ အဲဒါတွေအတွက်လည်း ဒီဘလော့ဂ်ကို ၀င်ရောက်ဖတ်ကြသူများနှင့်တကွ အလှူရှင်များကို ကျေးဇူး တင်ရပါတယ်..။

သူတို့လှူဒါန်းကြတာတွေက အစပြုလို့ ကျောင်းသားလူရွယ်မောင်မယ်တွေအတွက် ကျွန်တော်လုပ်ပေးနိုင်တဲ့ ကွက်လပ်တစ်ခု.. မြင်ခွင့်ရခဲ့တာပါ..။

38.2 ခြေဗလာနဲ့ ကလေးငယ်များအတွက် စေတနာရှင်

ကျွန်တော် အလယ်တန်းကျောင်းသားဘ၀မှာ ခုံဖိနပ်စီး ကျောင်းတက်ခဲ့ရတယ်..။ ခုံဖိနပ်ဆိုတာ သစ်သားကို ခြေထောက်ပုံ ခုတ်ထစ်ပြီး အဖျားပိုင်းမှာ ကွင်းထိုး ပုံစံ လုပ်ထားတဲ့ ခပ်ကြမ်းကြမ်း ဖိနပ်တမျိုးပါပဲ..။ ကွင်းထိုး ဖိနပ်ဆိုပေမယ့် အခုခေတ် .. နိုင်ငံခြားဖြစ် ကွင်းထိုး ဖိနပ်တွေလိုမျိုးတော့ ဘယ်ဟုတ်မလဲ..။ ကားတာယာ အစကို နှစ်လက်မခွဲ သုံးလက်မ လောက် အပြားလှီးပြီး ကွင်းထိုးလုပ်ထားတာပဲ..။

ခြေချောင်းငါးချောင်းစလုံး အဲဒီကွင်းထဲ ထိုးစီးချင်ရင်စီး၊ မစီးချင်ရင်.. ခြေသန်းတစ်ချောင်းလောက် အပြင်ထုတ် စီးရတဲ့ ဖိနပ်မျိုး ပေါ့..။ စီးကျင့်မရှိရင်.. ခဏ နဲ့ ဖိနပ်ပေါက်တတ်သေးတယ်..။ ကျွန်တော်တို့ခေတ် ကျောင်းသားအများစု စီးကြတာက ရော်ဘာ(ကြက်ပေါင်) ဖိနပ်တွေ..။ ကျွဲရိုင်း တို့ ဆင်ကြယ် တို့ ဆိုတဲ့ ဖိနပ်တွေပဲ..။

တတ်နိုင်တဲ့ သူတွေကတော့ မြင်းခြံက သားရေ ဖိနပ် ၀ယ်စီးကြတယ်..။ မြင်းခြံဖိနပ် ရွှေဟင်္သာတို့ တိုက်တံဆိပ်တို့ဆိုတာ ရွာဖက်မှာတော့ နာမည်ကြီး ပဲ..။ ကျွန်တော် ကျောင်းသားဘ၀ နှစ်တော်တော်များများ အနားမကပ်နိုင်ခဲ့တဲ့ ဖိနပ်တွေပေါ့..။ ခုံဖိနပ်က တမျိုးတော့ကောင်းတယ်..။ ရွာဖက်မှာက ဖုတ်(ဖုန်) ထူတယ်..။

သားရေဖိနပ် ၀ယ်စီးနိုင်လည်း ရွာထဲ နှစ်ပတ်လောက် လျှောက်လိုက်တာနဲ့ ပေတူးညစ်ပတ်သွားတာပဲ..။ ခြေဆီ ထွက်တဲ့သူဆို ပိုဆိုးသေးတယ်..။ ဖုန်နဲ့ ခြေဆီ နဲ့ ပေါင်းပြီး ရွံ့ခဲ လိုမျိုး ဖိနပ်မှာ ကပ်နေတာ.. ရုပ်ပျက်ဆင်းပျက် သိပ်နိုင်တယ်..။ ရေဆေးရအောင်ကလည်း ရေစိုခံ ဖိနပ်မျိုးမဟုတ်တော့.. ကပ်နေတဲ့ ရွံ့လိုဟာတွေကို တုတ်ချောင်းနဲ့ ထိုးထိုးကော်ထုတ်နေရတာ အလုပ်တစ်ခု ပဲ..။

ခုံဖိနပ်ကတော့ အေးဆေးပဲ..။ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာ ရေ ဆေးလို့ရတယ်..။ သဲကြိုးကလည်း ကားတာယာဆိုတော့ ရေစိုမှာ အားနာစရာ မလိုဘူးလေ..။
ဒါပေမယ့် ခုံဖိနပ်စီးရတာ တမျိုးတော့မကောင်းဘူး..။ အထူးသဖြင့် ကျောင်းဆင်းချိန် ရွာလယ် သစ်သားတံတားကြီးပေါ်က ဖြတ်ပြန်တိုင်း ကျွန်တော့် ခုံဖိနပ်က ပတ္တလား တီးနေသလား အောက်မေ့ရတယ်..။

ရိုးရိုးမြေကြီးလမ်းမှာ မသိသာပေမယ့်.. သစ်သားတံတားပေါ် ရောက်တာနဲ့ ခုံဖိနပ်က အစွမ်းပြတော့တာပဲ..။ အသံမထွက်တဲ့ ကြက်ပေါင်ဖိနပ်၊ သားရေဖိနပ်တွေကြား ဂလောင်းဂလောင်း နဲ့ ပေါ့..။ အဲဒီတုံးက ခုံဖိနပ်စီးရတာကို ရှက်တယ်မဟုတ်ပေမယ့်.. ကိုယ့်ဘေးဘယ်ညာက ကျောင်းသားကျောင်းသူတွေ ကိုတော့ မသိစေချင်ခဲ့ဘူး..။

တံတားပေါ်မှာ ခြေကို အသာဖွ.. တစ်လှမ်းချင်း ကျွန်တော်လှမ်းလေ့ ရှိတယ်..။ ခြေကျ.. ခြေကြွ အတော့်ကို ညင်ညင်သာသာ ပေါ့..။ ခုံဖိနပ်နဲ့ အောက်ခံ တံတားပျဉ် နဲ့ ထိတဲ့အသံကို တတ်နိုင်သမျှ တိုးအောင် ကြိုးစားရတယ်..။ ဂလောင်း ဂလောင်း အစား.. ဂွက်.. ဂွက် လောက်ပဲ မြည်တာမို့ တော်တော်များများ က ကျွန်တော် ခုံဖိနပ်စီးထားမှန်း သတိမထားမိကြတော့ဘူး..။

ဒါပေမယ့် မှတ်မှတ်ရရ ကျွန်တော်အဲသလိုမျိုး ကြိုးစားလျှောက်နေတာ ဘူးပေါ်သလို ပေါ်ခဲ့ဖူးသေးတယ်..။ ကျွန်တော့်လိုမျိုး ခုံဖိနပ်စီးကျောင်းတက်နေတဲ့ ထားထားဆွေ ဆိုတဲ့ ကျောင်းသူ ရှိတယ်..။ သူတံတားပေါ်လျှောက်တာက ၀ါးတောထဲ တောဆင်ရိုင်းအုပ် ၀င်မွှေသလား အောက်မေ့ရတယ်..။ ၀ုန်းဒိုင်းကြဲ ပြီး ဗြောင်းဆန်နေတာပဲ..။

သူ့ဖာသာ ၀ုန်းဒိုင်းကြဲလျှောက်တာ ကိစ္စမရှိပေမယ့် နားမခံနိုင်တဲ့ သူ့အမက ကျွန်တော့်ကို လက်ညှိုးထိုးပြီး “ ဟဲ့ ထားထားဆွေ ဟိုမှာကြည့်စမ်း သူများတွေဆို ခုံဖိနပ်စီးထားမှန်းတောင် မသိရဘူး.. တိတ်ဆိတ်လို့.. နင့်မှာသာ အသံစုံထွက်လို့ ” နဲ့ ငေါက်တော့ အားလုံးက ကျွန်တော့်ခြေထောက်ကို ၀ိုင်းကြည့်ကြတော့တာပဲ..။

ဘယ်လိုပဲဖြစ်ဖြစ်.. ကျွန်တော်တို့ခေတ်တို့က ဆင်းရဲနွမ်းပါးအုံးတော့ ခုံဖိနပ်လောက်တော့ စီးနိုင်ခဲ့သေးတယ်..။ အခုတော့ ရွာဖက်မှာ ကလေးငယ်တော်တော်များများ “ မွဲတဲ့ခြေထောက်၊ ဆူးမကြောက် ” ဆိုသလို ခြေဗလာနဲ့ ကျောင်းလာကြရတဲ့အထိ အခြေအနေက ဖြစ်နေခဲ့ပြီ..။ အဲဒါလေးကို ဟိုရှေ့နားက တော့ပစ်မှာ.. ဓါတ်ပုံလေးတပုံနဲ့ ဘလော့ဂ်ကြွလာဆွေသဟာများကို ကျွန်တော်မျှဝေခဲ့မိတယ်..။

သူတို့လေးတွေရဲ့ ဓါတ်ပုံကို ကြည့်ပြီး အားလုံး ထိထိခိုက်ခိုက်လေး ဖြစ်ကြရပါတယ်..။ အဲဒီထဲက “ ရှင်မင်းညို ” လို့ ခေါ်တဲ့ ကျွန်တော့်ဘလော့ဂ်စာဖတ်ပုရိတ်သတ် တစ်ယောက်က ကျွန်တော့်ဆီကို လွန်ခဲ့တဲ့ နှစ်ပတ်လောက်က ဖုံးဆက်လာပါတယ်..။ ဖုံးထဲမှာ ဆမိတ်ခုံရွာက ဖိနပ်တောင် မစီးနိုင်ကြရှာတဲ့ ကလေးငယ်များအတွက် ငွေဆယ်သိန်း လွှဲပေးမယ့် အကြောင်း သူပြောတာပါပဲ..။

ကျွန်တော့်မှာ အံ့သြပြီးရင်း အံ့သြ၊ ၀မ်းသာပြီးရင်း ၀မ်းသာ ဖြစ်ရပါတယ်..။ ထုံးစံအတိုင်း အလှူရှင်ကို ကျွန်တော်မမြင်ဖူးပါဘူး..။ နိုင်ငံရပ်ခြားရောက် မြန်မာပြည်သား တစ်ယောက် ဆိုတာထက် ပိုမသိပါဘူး..။ ဒါပေမယ့် သူ့စေတနာ သူ့ခံစားချက်ကိုတော့ လေးလေးစားစား ကျွန်တော်ထိတွေ့ခွင့် ရပါတယ်..။ မနေ့ကပဲ သူပို့လိုက်တဲ့ ငွေလွှဲ ကျွန်တော့်ဆီ ရောက်ပါတယ်..။

ရွာဖက်ကို အမြန်ဆုံး ချိတ်ဆက်ပြီး စေတနာရှင် ဆန္ဒအတိုင်း အကောင်ထည် ဖော်ပါ့မယ်..။

တခြား ဘလော့ဂ်ကြွလာ ဆွေသဟာတို့ကိုလည်း.. ကျွန်တော်တို့နဲ့အတူ ပီတိတွေ ကူးစက်၊ အပျော်တွေ စီးမျောနိုင်စေဖို့.. ဒီစာကို ရေးလိုက်ရပါတယ်..။

38.3 ရွေးချယ်ခွင့်များ

ကျွန်တော်မနက်တိုင်း ရုံးကိုလာရင် နှင်းဆီကုန်းဘိုးဘွားရိပ်သာရှေ့ ကနေဖြတ်လာရလေ့ ရှိပါတယ်..။ နေ့စဉ် ဒီလိုပဲ ဖြတ်လာနေကြမို့ စိတ်ထဲ သိပ်ထူးထူးခြားခြား သတိထားမိတယ် လို့ မရှိလှပေမယ့်.. တစ်ရက်မတော့ “ နှင်းဆီကုန်းဘိုးဘွားရိပ်သာ စိန်ရတု သဘင်အခမ်းအနား ” ဆိုတဲ့ စာသားကို တွေ့မိတယ်..။ ၁၉၃၃ ခုနှစ်မှာ စတင်တည်ထောင် ခဲ့တာဆိုတော့ ၂၀၀၈ မှာ ၇၅ နှစ် ပြည့် ပြီပေါ့..။

အဲဒီ ၇၅ နှစ်တာ ကာလမှာ အိုးမဲ့အိမ်မဲ့ အခြေမဲ့အနေမဲ့ အားကိုးရာမဲ့ ကျောထောက်နောက်ခံမဲ့ ဘိုးဘွားပေါင်းများစွာကို အရိပ်တစ်ခု သူမိုးကာ ပေးခဲ့တယ်..။

အိုမင်းမစွမ်းသူတွေရဲ့ ဘ၀နေ၀င်ချိန်ကို တွဲကူလို့ သူဖေးမခဲ့တယ်..။ ရှေ့ဆက်ပြီးတော့လည်း နောင်နှစ်ပေါင်းများစွာ.. သူဆက်လက်တည်ရှိပြီး လောကအကျိုးကို ထမ်းပိုးနေလိမ့်အုံးမယ်..။

စတင်တည်ထောင်သူတွေ ဘယ်သူ ဆိုတာ ကျွန်တော်မသိပေမယ့် .. သူတို့ကို ကျွန်တော် လှိုက်လှိုက်လှဲလှဲ ဦးညွှတ် ရပါတယ်..။

လောကမှာ ဘာသာအမျိုးမျိုးက လူတန်းစားအမျိုးမျိုးဟာ အလှူအတန်းအမျိုးမျိုးကို လုပ်တော့ နေကြတာပဲ..။ တချို့လည်း နောင်တမလွန်ဘ၀ ဆိုတာကို မျှော်ကိုး ပြီး လှူကြတယ်..။ တချို့လည်း ပြန်လည်ရှင်သန်ထမြောက်မယ့်နေ့ကို ဦးတည်ပြီး လှူကြတယ်..။ တချို့လည်း လတ်တလော ကိုယ့်စိတ်ပြေရာ ပြေကြောင်းကို ဦးစားပေးပြီး လှူကြတယ်..။ တချို့လည်း ဘုရားသခင်ရဲ့ မျက်နှာရရာရကြောင်း လှူကြတယ်..။

တချို့လည်း ကိုယ့်ရဲ့ ပစ္စက္ခလက်ငင်း အခက်အခဲတွေ လွန်မြောက်အောင် ယတြာသဘောနဲ့ လှူကြပြန်တယ်..။ ကိုယ့်ဦးတည်ချက်နဲ့ကိုယ် ကိုယ့်အလှူပေါ်မှာ ကျေနပ် ပျော်ရွှင်နေကြတယ် ဆိုပေမယ့်.. လောကအကျိုးကို အတိတ်ပစ္စုပ္ပန်အနာဂါတ် ကာလသုံးပါးစလုံး အကျိုးများအောင် လှူနိုင်တာက ဘယ်ရှုထောင့်က ကြည့်ကြည့် အလှူအားလုံးထဲမှာ အသာလွန်ဆုံး အလှူဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်...။

မြောက်ဥက္ကလာ ဖက်မှာ မကြာသေးမီ နှစ်များက.. ပုဂံက သဗ္ဗေညု ပုံတူ.. သဗ္ဗေညုမဟာပုထိုးတော်ကြီး တည်ဆောက်ပါတယ်..။ တယ်လီဗေးရှင်း၊ သတင်းစာ၊ ဂျာနယ်တွေထဲကနေ အုတ်အော်သောင်းနင်း အလှူခံပါတယ်..။ ပုဂံက သဗ္ဗေညု ထက်တောင် အရွယ်အစား ထုထည်ပိုကြီးအောင် တည်ကြပါတယ်..။ လှူကြသူများ နဲ့ ဦးစီးဦးဆောင်ပြုသူများ စိတ်ထဲမယ် ဘာအတွက် အဲသလောက်ကြီးကျယ်တဲ့ ကိစ္စကို ကြိုးကုတ်အားထုတ်ခဲ့ကြမှန်း ကျွန်တော် သေချာမသိပေမယ့် အဲဒီသူတွေကို ဦးညွှတ်ဖို့ ကိုတော့ ကျွန်တော် ၀န်လေးရပါတယ်..။

ကိုယ်မှန်တယ်ထင်ရာ ကိုယ်လုပ်နေကြတာပဲ ဆိုပေမယ့်.. လူဟာ လူ့သက်တမ်းကို ကျော်ဖြတ်ရာမှာ တစ်ယောက်ထဲ ထီးတည်း ကျော်ဖြတ်နေတာ မဟုတ်ပါဘူး..။

ဘေးဘယ်ညာက ကိုယ်လိုသူလို လောကလူသားတွေနဲ့ လက်တွဲကျော်ဖြတ်နေရာတာမို့ လောကကောင်းကျိုး သယ်ပိုးဖို့ တာဝန် ရှိပါတယ်..။ လောကကောင်းကျိုး ကို ဦးမတည်တဲ့ လုပ်ဆောင်မှုတွေ များလေလေ လောကပျက်စီးလေပါပဲ..။

လောက ပျက်စီးရင် ကိုယ်လည်း ဘယ်လိုလုပ် ငြိမ်းချမ်းနိုင်တော့မှာလဲ..။ အဲဒါတွေရဲ့ ထင်းရှားတဲ့ သာဓကတွေဆိုတာ လောကမှာ မကြားချင်မမြင်ချင်မှ အဆုံးပါပဲ..။

ဘင်လာဒင်လဲ သူ့မှန်တယ်ထင်ရာသူလုပ်နေတာပါပဲ..။ ပယ်နယ်စလင် တီထွင်သူလည်း သူ့ယုံကြည်ချက်နဲ့သူ အားထုတ်ခဲ့တာပဲ..။ ဒါပေမယ့် သူတို့လုပ်ဆောင်မှု တွေက ပေါ်ပေါက်လာတဲ့ လောကအကျိုးကျေးဇူးကတော့ မိုးနဲ့မြေလို ကွာခြားလွန်းပါတယ်..။ ဘင်လာဒင်ရဲ့ လုပ်ဆောင်မှုကြောင့် ဘာသာမရွေး၊ လူမျိုးမရွေး၊ အသက်အရွယ်မရွေး၊ လူတန်းစားမရွေး ဒုက္ခရောက်ကြရပါတယ်..။

ပယ်နယ်စလင်ကတော့ လူမျိုးမရွေး၊ ဘာသာမရွေးကို အကျိုးကျေးဇူးပြုနေခဲ့တာ ဒီလောကထဲ သူစပေါ်လာကတည်းက ယနေ့အထိပါပဲ..။

နှင်းဆီကုန်းဘိုးဘွားရိပ်သာ နဲ့ သဗ္ဗေညုမဟာပုထိုးတော်ကြီး ကို.. ဘင်လာဒင်နဲ့ ပယ်နယ်စလင် နှိုင်းယှဉ်သလိုမျိုး နှိုင်းပြတာတော့ လွန်တာပေါ့ လို့ ထင်ချင် ထင်ကြမှာပဲ..။ ဒါပေမယ့် ကျွန်တော်တို့မှာ ရွေးချယ်ခွင့်ဆိုတာတွေ ရှိပြီး လောကကောင်းကျိုးကို မျက်မြင်ဒိဌ သယ်ပိုးမယ့် ကိစ္စတွေကို ဦးတည်ရွေးချယ်တာဟာ အမှန်ကန်ဆုံး ဖြစ်တယ်ဆိုတာ ထင်ရှားစေချင်လို့ နှိုင်းပြရတာပဲ..။

အဲသလို ဦးတည်ရွေးချယ်တာဟာ ဘယ်ဘာသာရေးယုံကြည်မှုရဲ့ တိုက်တွန်းစေ့ဆော်မှုကြောင့် မဟုတ်ဘဲ.. ကိုယ်ရှင်သန် နေထိုင်ရာလောကငြိမ်းချမ်းတိုးတက် တာဟာ ကိုယ့်ငြိမ်းချမ်းတိုးတက်မှုပဲဆိုတဲ့ အမြင်ကနေ ပေါက်ဖွားစေရမှာ ဖြစ်ပါတယ်..။ အဲဒါကို ဘယ်ဘာသာတရား.. ဘယ်အတွေးအမြင်ကများ ကန့်ကွက် နိုင်မှာမို့လဲ..။ မှားတယ်လို့ ပြောနိုင်မှာမို့လဲ..။

Monday, January 5, 2009

37.1 လွမ်းမိခုတိုင်

ဒီရက်ပိုင်း မမရဲ့ ဘလော့ဂ်လေးကို သွားဖတ်ကြည့်နေမိတယ်..။ အသက်အရွယ်သိပ်မကွာလှတဲ့ ညီအကိုမောင်နှမတတွေ စုစုရုံးရုံးသိုက်သိုက်ဝန်းဝန်း ငယ်ဘ၀ကို ဖြတ်သန်းခဲ့ရတာချည်း တူတာမို့ သူရေးထားတာလေးဖတ်ပြီး ကြည်နူးမိရပါတယ်..။ ( မမရဲ့ ဘလော့ဂ်လင့်က ဒီမှာ )

http://mamaonlinediary.blogspot.com/

အဲဒါလေးနဲ့ ဆက်စပ်ပြီး ကျွန်တော့်ညီအကိုမောင်နှမများအကြောင်း ပြည့်ပြည့်စုံစုံလေး လွမ်းချင်းချဖို့ စိတ်ကူးရလာရာကနေ အခုလို ကဗျာတပုဒ် ကပျာကယာထုတ်ပြီး ရေးလိုက်ရပါကြောင်း..။


ဟိုးအညာ
ဧရာဝတီရဲ့ အရှေ့ဖက်ကမ်း
ဆီမီးခုံဆိုတဲ့ သံသရာလမ်း
ကြမ်းတမ်းတဲ့ ခရီးတထောက်
တို့တတွေ အတူရောက်ခဲ့..။

ဒီအဖေ၊ ဒီအမေ ကမွေးဖွား
ဒီမိုး ဒီလေ ဒီစံနစ်တွေက ပြုစား
ခုများတော့ အဝေးမှာ
တစ်ယောက်တနယ်စီ ဝေးကွာ..။

ပေးတာတူပေမယ့် ယူတာကမတူ
ရတာက ကွဲပြား
ဘ၀တွေကခြားနား
တ၀မ်းတခါးအတွက် လမ်းမှားသူကမှား
စမ်းတ၀ါးဝါးနဲ့ သွားသူကသွား..။

ဒီလိုနဲ့ပဲ
သူ့မျိုးဆက် ကိုယ့်မျိုးဆက်လေးတွေ တိုးပွား
လောကဓံ မုန်တိုင်းတွေကြား
တအူတုံဆင်း မောင်နှမများ
ခရီးဆက်ဆဲ.. ချီတက်ဆဲ..။

37.2 ကျွန်တော့်ညီ

ကျွန်တော်တို့ မောင်နှမငါးယောက်မှာ အမက အကြီးဆုံး..။ သူ့အောက်က ကျွန်တော်နဲ့ကပ်လျက် အကိုတစ်ယောက်ရှိတယ်..။ ကျွန်တော့်အောက်မှာ ညီတစ်ယောက်နဲ့ ညီမကတော့ အငယ်ဆုံးပေါ့..။ အမတစ်ယောက် အကိုတစ်ယောက်.. ညီတစ်ယောက် ညီမတစ်ယောက်ရှိတာကို ငယ်တုံးက တွေးပြီး ကျွန်တော့်မှာ ဂုဏ်ယူမဆုံးခဲ့ဘူး..။

အဲသလိုမျိုး အကိုအမ၊ ညီ ညီမ ရှိနေဖို့ဆိုတာ လူတိုင်းအတွက် သိပ်မလွယ်ဘူး မဟုတ်လား..။ ဘုရားပေးတယ်ပဲ ဆိုဆို.. အဖေနဲ့အမေ ဖန်ဆင်းပေးတယ်ပဲ ပြောပြော ကျွန်တော့်မှာတော့ ညီအကိုမောင်နှမပြည့်ပြည့်စုံစုံ ရှိခဲ့တယ်..။

ကျွန်တော်တို့ မောင်နှမ ငါးယောက်ထဲမှာ ကျွန်တော့်အောက်ကပ်ရက် ညီက ဥာဏ်အကောင်းဆုံးပဲ..။ ဖြတ်ထိုးဥာဏ်လည်း အတော်ကောင်းတယ်..။

တစ်ရက် ကျွန်တော်တို့ ညီအကိုသုံးယောက် မနက်ကကျန်တဲ့ ထမင်းကြမ်းကို ညစာအဖြစ် စားဖို့ ပြင်ဆင်တော့ ထမင်းအိုးထဲမှာ ပုရွက်ဆိတ်တွေ အများကြီး တက်နေတာ တွေ့ရတယ်..။ ပုရွက်ဆိတ်ဖယ်စား ရအောင်ကလည်း တစ်ကောင်တစ်လေ မဟုတ်တော့ မလွယ်ဘူး..။ အဲဒီထမင်းသွန်ပစ်ပြီး အသစ်ချက်စား ရအောင်ကလည်း ဆန်ကမရှိ..။

ကျွန်တော့်အကိုက ထမင်းအိုးကို စိတ်ပျက်လက်ပျက်ကြည့်ပြီး ညည်းတယ်..။ “ ဒုက္ခပါပဲ၊ ဒီအတိုင်းဆို .. စားဖြစ်မယ် မထင်ဘူး ” တဲ့..။

ညီတော်မောင်က အဲဒီမှာ ၀င်ပြောတယ်..။ “ဖြစ်ပါတယ်.. မီးခွက်မှုတ်ပြီး စားကြတာပေါ့ ” တဲ့..။

အငတ်မခံနိုင်တာနဲ့ သူပြောတဲ့အတိုင်းပဲ ညီအကိုသုံးယောက် dinner ကို အမှောင်ချပြီး လွေးလိုက်ကြတယ်..။ မမြင်ရလို့လားတော့ မသိဘူး..။ ပုရွက်ဆိတ်သားက ခံတွင်းပျက်တဲ့အထိတော့ ထူးထူးခြားခြား မဆိုးဝါးလှပါဘူး..။

ညီတော်မောင်က အဲသလိုမျိုး..။

ကျွန်တော် ဆယ်တန်းအောင်ပြီး အရေးအခင်းဖြစ်တော့ .. တက္ကသိုလ်တက်ဖို့ စောင့်ရင်း ကိုရင်ကြီးဝတ်တယ်..။ အဲဒီမှာ ဘုန်းကြီးတော်တော်များများနဲ့ ဘော်ဒါ တွေ ဖြစ်သွားခဲ့ရတယ်..။ အများစုက .. ကျွန်တော့်လိုခဏတဖြုတ်သာသနာ့ဘောင် ၀င်ကြသူတွေမဟုတ်ဘဲ သူတို့ဘ၀ကို သာသနာအပ်ထားကြတာမို့ ကျွန်တော် လူထွက် သည့်တိုင် သူတို့ကတော့ သင်္ကန်းဝတ်နဲ့ မြဲနေခဲ့ကြတယ်..။

တစ်နှစ်.. ကျွန်တော် ကျောင်းပိတ်လို့ ရွာခဏပြန်တော့ ကျွန်တော့်ဘော်ဒါ ဦးဇင်းတစ်ပါးက ရွာမှာပဲ ကျောင်းထိုင် ပြန်ဖြစ်နေတာ တွေ့ရတယ်..။ ဘော်ဒါ ဦးဇင်းလည်း ဖြစ်ပြန်၊ ကျောင်းထိုင်လည်း ဖြစ်နေပြန် မတွေ့တာလည်း ကြာဆိုတော့.. ကျွန်တော်နဲ့ ကျွန်တော့်ညီ သူ့ကျောင်းသွားလည်ကြတယ်..။ အဲဒီဦးဇင်းက ကျွန်တော့်ညီ မြင်တာနဲ့ ခေါင်းပုတ်ပြီး “ ဟေ့ကောင်.. ငါ့ မှတ်မိလား ” လို့ မိတ်ဆက်စကားဆိုတယ်..။

ညီတော်မောင်က သူ့ကို တချက်မော့ကြည့်ပြီး “ မှတ်မိသားပဲ.. ကိုယ်တော်က တပည့်တော် အထက်လက် ကလေ ” လို့ ချက်ချင်းပြန်ပြောတယ်..။ ကျောင်းထိုင် ဘုန်းဘုန်းတော့ နည်းနည်း နင်သွား တာပေါ့..။ ကျွန်တော်ကိုရင်ကြီးဘ၀ သူစာသင်သားဘ၀.. တခါတလေ ကျောင်းမှာ ဖဲရိုက်လေ့ ရှိကြတယ်..။ ပိုကာဒေါင်း တာပဲ။ အဲဒီတုံးက အဲဒီဦးဇင်းနဲ့ ကျွန်တော့်ညီက ၀ိုင်းထဲမှာ အပေါ်အောက် ထိုင်ခဲ့ကြတယ်..။

ညီတော်မောင်က အဲလို ပက်ကနဲ ပက်ကနဲလည်း ပြန်ပြောတတ်တယ်..။ ဓါတ်ပုံထဲ.. စတစ်ကော်လာနဲ့ ပွကြီးဘေး ကပ်လျက်က ကောင်ပေါ့..။

37.3 ဆိုရှယ်လစ်က ထုဆစ်ခဲ့တဲ့ ဘ၀များ

ပါတီကောင်စီ နဲ့ သမ၀ါယမ ကြီးစိုးတဲ့ ခေတ်ထဲ ကျွန်တော်တို့မောင်နှမတတွေ လူလားမြောက်ခဲ့ကြတယ်..။ အဲဒီခေတ်ကြီးထဲမှာ သမဆိုင်ကနေ အိမ်ထောင်စုလူဦးရေ အတိုင်း ဆန်ထုတ် ပေးတယ်..။ တစ်ယောက်ကို တစ်လ နှစ်ပြည်နှုန်းလောက် ထုတ်ပေး ထင်ပါရဲ့..။ တခါတရံ ရွှေဝါဆပ်ပြာ တစ်တောင့် တစ်ပိုင်း ရတတ်သေးတယ်..။ ဆေးဆိုး ပန်းရိုက် ရွှေတောင်ထည် ပလိပ်တည် အတိုအစလေးတွေလဲ တစ်နှစ်ကို တစ်ကြိမ်လောက် တန်းစီတိုးထုတ်ခဲ့ဖူးတယ်..။

ထုတ်ပေးတဲ့ ဆန်က ကောင်းရင်.. ဈေးမှာ ပြန်ရောင်းပြီး .. အောက်စဆန် မကောင်းတကောင်းကို ပြန်ဝယ်၊ ပိုထွက်လာတဲ့ ငွေအသပြာနဲ့ ဟင်းချက်စရာ ၀ယ်ချမ်း ချက်ပြုတ်စားသောက်ခဲ့ရတယ်..။ ဆန်ကောင်းရဖို့ကလည်း ထင်သလောက်မလွယ်ဘူး..။ တန်းစီထပ်ထားတဲ့ ဆန်အိတ်တွေထဲက ကိုယ့်အလှည့်မှာ ကျတဲ့ အိတ်ထဲက ဆန်ပဲ ရတာမျိုးဆိုတော့ ကောင်းကောင်းမကောင်းကောင်း ရရာပဲ ယူကြရတယ်..။

ဒါပေမယ့် ဆန်ချင်တဲ့သူနဲ့ ပြေလည်ရင်တော့ ကိုယ့်အလှည့်မှာ သူတို့ကြိုရွေးထားတဲ့ ဆန်အိတ်ကိုဖောက်ထည့် ပေးတယ်..။ သူုတို့ကတော့ ဘယ်အိတ်က ဆန်ကောင်း တယ်..၊ ဘယ်အိတ်က ဆန်ညံ့ ဆိုတာ သိတယ်..။ ကောင်းတဲ့အိတ်ကို တံချုနဲ့လိုက်ထိုး မှတ်ထားမှတော့ သိပြီပေါ့..။ တတ်နိုင်တဲ့သူတွေကတော့ အဲဒီဆန်ချင်တဲ့ သူတွေကို မုန့်ဖိုး ပဲဖိုး ပေးပြီး သူတို့အလှည့် ဆန်ကောင်းရရေး လုပ်ထားကြတယ်..။

ကျွန်တော်တို့လို နင်းပြားဘ၀တွေကတော့ ဘယ်လိုလုပ် မုန့်ဖိုး ပေးနိုင်မှာလဲ..။ တုံးအောက်ကဖားတွေ ဆိုတော့ ဂျာအေးသူ့အမေရိုက် ဇာတ်ပဲ ကကြရတယ်..။ ဆန်ကြမ်းရတာလည်း တမျိုးတော့ ကောင်းပါတယ်..။ ဆန်ကြမ်းဆိုတော့ အစားခံတယ်..။ ဆန်ချောက အ၀င်ကောင်းတော့ စားမလောက်ဘူး..။

ကြီးနိုင်ငယ်ညှင်း လုပ်ခံရတာ၊ ရေနစ်သူ ၀ါးကူလို့အထိုးခံရတာ၊ မျက်နှာမွဲမို့ အနှိမ်ခံရတာ၊ မရှိခိုးနိုး အထင်ခံရတာ စတဲ့ လူ့သဘောသဘာဝ မှန်သမျှ ရွာ..ရွာအလျှောက် ရှိတာပါပဲ..။ နေပူကျဲတောက်ထဲ ချွေးတလုံးလုံးနဲ့ သူလိုငါလို တန်းမစီဘဲ.. ကိုယ့်ရှေ့ကနေ ကျော်တက် ..အခုလာအခုထုတ်သွားတာ တွေကလည်း မမြင်ချင်မှ အဆုံးပေါ့..။

ရွေ့ရွေ့ ရွေ့ရွေ့ နဲ့ ကိုယ့်အလှည့် ရောက်ခါနီးလို့ ပျော်နေတုံး ဘယ်ကပေါ်လာမှန်းမသိတဲ့ မိုးကျရွှေကိုယ်တွေကို အလှည့်ပေးလိုက်ရလို့ စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရတာတွေလည်း ဘယ်နည်းမလဲ..။ ဒါပေမယ့် အဲဒါတွေဟာ ဖြစ်လေ့ဖြစ်ထ ရှိတာတွေပဲ လို့ ရွာသားအားလုံးက လက်ခံထားခဲ့ကြတော့ ကိုယ့်အလှည့် ရောက်ရေးပဲ ပေကပ်စောင့်ကြ ပေါ့..။

မတရား တာ၊ တရားတာ..၊ ဖြစ်သင့်တာ.. မဖြစ်သင့်တာ၊ အနိုင်ကျင့် ခံရတာ.. အကျောခံရတာလို့ ဘယ်သူမှ ထပြီးအော်ဟစ် ကန့်ကွက် နေတာတော့ မတွေ့ခဲ့ရသလောက်ပါပဲ..။ စိတ်ဓါတ်တွေဟာ စံနစ်က ပုံသွင်းထားတဲ့ အတိုင်း အသားကို သေလို့..။ ဘ၀တွေကလည်း စံနစ်က ပုံဖော်ထားတဲ့ အတိုင်း ပိန်လိမ် ခြောက်ကပ် လို့..။

ခေတ်က ဆိုရှယ်လစ်ခေတ်.. အလုပ်သမားလူတန်းစားကို မြှောက်ပေးတဲ့ ခေတ် ဆိုတော့ ပျံ့လွင့်လာတဲ့ သီချင်းကအစ “ မောင်.. အလုပ်သမား ဆိုရင်. .ပျိုကပင်.. စတင် .. ချစ်. ချစ်ပါရစေ ရှင် ” တဲ့..။ လိုက်လိုက်ရတဲ့ လုပ်အားပေး ပွဲတွေဆိုတာလည်း မပြောပါနဲ့တော့..။ တော်ကြာနေ တစ်အိမ်တစ်ယောက် မလိုက်မနေရ..၊ မလိုက်ရင် အရေးယူမယ်.. ဘာလုပ်ပစ်မယ် ညာလုပ်ပစ်မယ် ဆိုလို့ ကျောင်းဖွင့်ရက်ဆို ကျောင်းဖျက်ပြီး လိုက်ရတယ်..။ လူစား ငှားထည့်ဖို့ကလည်း ငွေအသပြာက နတ္ထိလေ..။

တစ်အိမ်ထောင်ကို မြေကြီး တစ်ကျင်း တာဝန်ကျတယ်ဆိုလို့ ပေါက်လိုက်ရတာ..။ အလျားဆယ်ပေ၊ အနံဆယ်ပေ၊ အနက်တစ်ပေ.. လက်တွေဆို စုတ်ပြတ်လို့..။ ကိုယ်တာဝန်ကျတဲ့ နေရာက မြေမာ ဆိုရင်တော့ ပြီးပါလေရော..။ မြေပျော့ မြေပွတဲ့နေရာလေး ရဖို့ဆိုတာကလည်း သူ့လူနဲ့သူ..၊ လည်သလိုလုပ်စား မြန်မာပြည်သား များကြား လူစွမ်းလူစ ညံ့သူမို့ မြေကြီးကိုသာ ပေါက်တူးနဲ့ ကုန်းကုန်းပြီး အားကုန် ပေါက်ခဲ့ရတာပေါ့..။

ဘေးဘယ်ညာက ကိုယ်လိုသူလို လူတွေ အလျားကမပြည့်၊ အနံကတို၊ အနက်က ခပ်တိမ်တိမ် နဲ့ သူတို့တာဝန်တွေ ပြီးမြောက်သွားပေမယ့် ကိုယ့်အလျားအနံအမြင့် ကတော့ စစ်ဆေးသူအလိုကျ၊ အတိအကျ ဖြစ်ကို ဖြစ်မှ..။

ဒါတွေဟာ ကံတဲ့..။ ခါးစီးသာ ခံကြတဲ့..။ မြန်မာပြည်မှာ လူလာဖြစ်တာ ကံကောင်း လို့ တဲ့..။ စတဲ့ တရားသံတွေ ဒီကြားထဲ ဟိုဟိုဒီဒီက နာရပြန်တယ်..။

ဦးနှောက်ကို မေ့ဆေးပေးပြီး စိတ်ဓါတ်ကို ထုံဆေးထိုးထားတော့ ဆင်ခြင်တုံတရားဆိုတာ ဆိုရှယ်လစ်မှိုင်းအောက်မှာ မူးဝေအော့အန်ရင်း.. စုတ်ပြတ်နုံချာတဲ့ ဘ၀တွေကို ဒုလ္လဘ တရားတစ်ခုအဖြစ် ခံယူရင်း.. ပေါ့။

37.4 လောကဓံလှိုင်းလုံးအောက် မြဲခဲ့တဲ့ တွဲလက်များ

ကျွန်တော်တို့ မိသားစုရဲ့ သမစာအုပ်ကတော့ ကိုယ်တိုင်ထုတ်ရတယ်လို့ကို မရှိပါဘူး..။ အိမ်အခြေအနေအရ တခါတရံ နှစ်ပြတ်လောက် ပေါင်ထားရတယ်..။ ရွာမှာတော့ အဲသလိုမျိုး သမစာအုပ်ပေါင်တာဟာ culture တစ်ခုကို ဖြစ်လို့ပါပဲ..။ အပေါင်ခံတဲ့သူက သမဆိုင်က ဆန်ထုတ်ပေးတဲ့ ရက်ဆို.. အပေါင်ခံစာအုပ်အစီးလိုက် ယူသွားပြီး ဒိုင်ခံထုတ်တော့တာပဲ..။

ဆိုင်တာဝန်ခံက အိမ်ထောင်စု တစ်စုချင်းဆီအလိုက် ထပ်ထားတဲ့ စာအုပ် အလှည့်ကျ အိမ်ထောင်ဦးစီးနာမည်ကို အော်အော်ရွတ်တယ်..။ “ ဦးဘယ်သူ ရှိလား ” .. “ဒေါ်အ၀ှာ ရှိလား ” ပေါ့..။ ဆိုင်ရှေ့မှာ တန်းစီနေတဲ့ သူတွေက ဆိုင်ရာဆိုင်ရာ နာမည်ခေါ်သံကြားတာနဲ့ “ ရှိပါတယ် ” လို့ အော်ပြီး ကိုယ့်အတွက် ခွဲတမ်းဆန်ကိုကျသင့်ငွေ ပေးပြီး ထုတ်ကြရတာပဲ..။

ကျွန်တော်တို့ စာအုပ်က ပေါင်ထားတော့ အိမ်စားဖို့ ဆန်ကို တနည်းတဖုံ ရှာကြံရတယ်..။ အပြင်ပေါက်ဈေး နဲ့ ၀ယ်စားဖို့ကလည်း မတတ်နိုင်တော့ ဆိုင်ထုတ်ဈေး နဲ့ ရအောင် အဖေ့ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေဆီ အပူကပ်ရတယ်..။ ဆီမီးခုံ နဲ့ အနီးအနားက ရွာတိုင်းလိုလိုမှာ အဖေ့ မိတ်ဆွေ သမလူကြီး တွေရှိတယ်..။ သူတို့ဆီ ကို အဖေက စာရေးပေးတယ်..။ ကျွန်တော်တို့ညီအကိုက အဲဒီစာကို ကိုင်ပြီး ဂုန်နီအိတ်ကိုယ်စီ နဲ့ ချီတက်ကြရတယ်.။

စာထဲမှာတော့ “ ယခုလာသူ ကျွန်တော့်သားများကို ဆိုင်ထုတ်ဈေးဖြင့် ဆန်ရောင်းချပေးနိုင်ပါရန် မေတ္တာရပ်ခံ အပ်ပါသည် ... ကျေးဇူးတင်စွာဖြင့်.. အုံးဖေ ” ပေါ့။

မှတ်မိသလောက်တော့ အဲသလိုမျိုး သွားရတိုင်း ကျွန်တော်က ဒိုင်ခံပဲ..။ အကိုနဲ့ ဖြစ်ရင်ဖြစ်.. မဟုတ်ရင် ညီတော်မောင် နဲ့ ကျွန်တော် သွားရလေ့ ရှိတယ်..။

တခါတလေ စက်ဘီးငှားလို့ အဆင်ပြေရင်တော့ ကျွန်တော်တစ်ယောက်တည်း ချီတက်ရတယ်..။ စက်ဘီးငှားမရရင်တော့ ညီအကို နှစ်ယောက် သွားပေရော့ ပဲ..။

ကတော ဆိုတဲ့ ရွာက သွားရသမျှ ရွာတွေထဲမှာ အဝေးဆုံးပဲ..။ ဆီမီးခုံကနေ ဆိုရင် သုံးမိုင်လေးမိုင်လောက် ဝေး ထင်တယ်..။

စစ်ကိုင်းတောင်မှာ နာမည်ကြီးတဲ့ ကျစွာချောင်က ဦးလက္ခဏ ဆိုတဲ့ ဘုန်းကြီးက ကတောသားပဲ..။ နောက် မန္တလေး နယူးစီဗွီလိုင်းထဲက ၀ိစိတ္တာရုံ ဆိုတဲ့ ကျောင်းထိုင်ကလည်း ကတောသားပေါ့..။ ကျွန်တော် စက်မှုတက္ကသိုလ် ပထမနှစ်တက်ဖို့ အဖေနဲ့အလာ.. ခရီးတစ်ထောက် တည်းခဲ့ရတဲ့ မန္တလေး ဂျီတီအိုင်နားက ကျောင်းထိုင်ကလည်း ကတောသားပါပဲ..။

ကတော က သာသနာ့ အာဇာနည်တွေ အတော်ထွက် တယ်..။ ရွာကလည်း ရွာကြီးပဲ..။ အိမ်ခြေ လေးငါးခြောက်ရာလောက် ရှိ ထင်တာပဲ..။ အမှုအခင်း အတိုင် အတော ဆိုတာလည်း ဘာထူသလဲ မမေးနဲ့..။ ရွာဖက်မှာ ဆိုရိုးတောင် ရှိတယ်..။ “ ကမ္ဘာမှာ လော၊ မြန်မာ မှာ ကတော ” တဲ့..။ ကျွန်တော်တို့ ငယ်ငယ်က လော နိုင်ငံမှာ မကြာခဏ အာဏာသိမ်းပွဲတွေ ဖြစ်တာနဲ့ နှိုင်းယှဉ်ပြီး ကတော ရွာကို ပုံခိုင်းတာပဲ..။

ကတော နဲ့ ကျွန်တော်တို့ ရွာကြားမှာ ကုလားရွာ ဆိုတဲ့ ရွာနဲ့ လှိုင်းတက်ဆိုတဲ့ ရွာ ရှိတယ်..။ ကုလားရွာ သမဆိုင်တာဝန်ခံက ဟိုးရှေးနားမှာ ကျွန်တော်ရေးခဲ့မျိုးမျိုး အကြောင်း နိဒါန်းထဲက အကိုကြီးပေါ့..။ ကုလားရွာဆိုလို့ ကုလားတွေ နေတဲ့ ရွာလို့တော့ မထင်နဲ့..။ တစ်ရွာလုံး ဗမာတွေချည်းပါပဲ..။ ဘယ်ကနေ ဘယ်လိုဖြစ်ပြီး ကုလားရွာ ဖြစ်သွားတာလဲတော့ ကျွန်တော်မသိဘူး..။

ကုလားရွာသူတွေက ကျွန်တော်တို့နယ်ဖက်မှာတော့ အချောအလှ ပဂေးတွေ..။ ကုလားရွာသူ မ၀တင် ဆိုတာ ဆီမီးခုံ နယ်တကျောမှာတော့ နာမည်ကြီး ပဲ..။ သူု့ကို ၀ိုင်းကြိုက်တဲ့ အကိုကာလသားတွေဆိုတာ ဘယ်နည်းမလဲ..။

ဒါပေမယ့် ရွာမှာနေတုံးက သူ့ကိုအရူးအမူး စွဲလမ်းတဲ့ အကိုကြီးတစ်ယောက် ဆယ်တန်းအောင်သွားပြီး မန္တလေးမှာ တက္ကသိုလ်တက်ပြီး ပြန်လာတော့ မ၀တင် ရဲ့ အလှကို အခုလို စာချိုး တယ်..။

“ ရွာမှာတော့ ၀တင်က အလှဘုရင်ပဲ.. ဒါပေမယ့် တက္ကသိုလ်ရောက်မှ ၀တင် ဖင်ကောက်မှန်း သိတော့တယ် ” တဲ့..။

ရွာဖက်ကလူတွေ အခုတိုင် တခုတ်တရ နဲ့ ကြုံရင်ကြုံသလို ပြောလေ့ ရှိတဲ့ စာချိုး တစ်ခုပေါ့..။

သူများရွာသွားပြီး ဆန်တိုးထုတ်ရတာတွေထဲမှာတော့ အဲဒီအလှဘုရင် မ၀တင် တို့ ကုလားရွာက အဆင်ပြေဆုံးပဲ..။ အဖေ့ရဲ့ သားလို ဖြစ်နေတဲ့ အကိုကြီးက ဆိုင်တာဝန်ခံ ဖြစ်နေတာရယ် .. ခရီးက နီးတာရယ်ကြောင့် ပဲ..။ တခြားရွာတွေဆိုရင် သေချင်စော်ကို နံလို့..။ ခရီးက ဝေးရတဲ့ ကြား.. အောက်ကျနောက်ကျလည်း အတော်ဖြစ်ရပါတယ်..။

အဖေ့မိတ်ဆွေများ ဆိုပေမယ့် သူတို့ Quota လိုထဲက ဖဲ့ရွဲ့ ပေးရတာဆိုတော့ တခါက နှစ်ခါ ညိုငြင်ကြတာပေါ့..။ မလွှဲသာလို့ ပေးရင်တောင် သိပ်တော့ ကြည်ကြည် ဖြူဖြူ မရှိလှပါဘူး..။

တန်းစီပြန်တော့လည်း သူများရွာဆိုတော့ သူစိမ်းတွေကြားမှာ မျက်နှာကို အောက်ချထားရတယ်..။ ကိုယ့်အလှည့်ရောက်ရေးကို ညီအကိုနှစ်ယောက် တစ်ယောက်လက် တစ်ယောက် တင်းတင်းဆုပ်ပြီး မျှော်ကြရတယ်..။ အားလုံးက ကွက်ကြည့်ကွက်ကြည့်လုပ်နေတာကို မသိကျိုးကျွံပြုရင်း ပေါ့..။

ရွာခံလူတွေကတော့ အလှည့်စောင်ရင်း အလ္လာပသလ္လာပ ရောက်တတ်ရာရာ ရယ်ရယ်မောမော ပြောလို့..။ ကျွန်တော်တို့ ညီအကိုကတော့ တုံဏိဘာဝေ တိတ်ဆိတ်လို့..။ သူစိမ်းတရံတွေကြားမှာ ကျွန်တော်တို့ ပြောစရာစကား ဘာများရှိမှာမို့လဲ..။

အချိန်တန်လို့ အဖေ့နာမည် အော်သံကြားတော့ ညီအကိုနှစ်ယောက် ၀မ်းသာအားရ ဂုန်နီအိတ်ကို အသင့်ပြင်ပြီး ရှေ့ကို တိုးထွက်ကြရတယ်..။ ၀ဋ်ကျွတ်ပြီ အထင်နဲ့ ပျော်လို့မှ မဆုံး ခင် နာမည်တူတာတဲ့..။ ဆိုင်တာဝန်ခံ ခေါ်တာက သူတို့ရွာက ဦးအုံးဖေ တဲ့..။ ကျွန်တော်တို့ မွေးသဖခင်ကို ခေါ်တာမဟုတ်ဘူးတဲ့..။ ဆန်ချင်တဲ့သူ အဆင်ပြေအောင် အစွမ်းကုန်ဖြဲဟ ထားတဲ့ ဂုန်နီအိတ်ကို ပြန်စုကိုင်ရင်း ညီအကိုနှစ်ယောက် နဂိုရ်နေရာ ပြန်ဝင်ကြရပြန်တယ်..။

ကျွန်တော်တို့ရဲ့ အရှက်တရားဟာ ရွာသားများအတွက်တော့ ခပ်ကြမ်းကြမ်း ဟာသ တစ်ပုဒ်ကို ဖြစ်လို့..။ လှောင်ပြောင်တဲ့သဘော မပါပေမယ့် သူတို့ရယ်သံတွေ က ကျွန်တော်တို့ညီအကိုရဲ့ နားစည်ကို ကန့်လန့်လာ ရိုက်ခတ်တယ်..။

အပြန်လမ်းမှာတော့ ညီအကိုနှစ်ယောက် ခေါင်းရွက်တလှည့် ပုခုံးတင်တလှည့် နဲ့ အိတ်ကိုယ်စီထမ်းလို့ ..။ ညနေ ထမင်းချက်အမီ ကျွန်တော်တို့ ပြန်လာခဲ့ပြီ..။

( ညီအကိုတတွေ ရုန်းကန်ကျော်ဖြတ်ခဲ့ရတဲ့ နေ့ရက်များ အမှတ်တရ )

37.5 ဘ၀အမောကြားက ပြုံးရယ်ဟား

ရွာက ကျွန်တော့် ဘော်ဒါတွေထဲမှာ စက်ဘီးဖာတဲ့ ကိုလှမင်းဆိုတာရှိတယ်..။ သူ့ဆိုင်က ရွာလယ်လမ်းမကြီးဘေး မေးတင်ဖွင့်ထားတာဆိုတော့ လူငယ်တွေ အတော်စုမိတဲ့ ဆိုင်ပဲ..။ လက်တောက်ခုံ (ဇယ်ခုံ) လည်း ရှိတော့ ကျောင်းပိတ်ရက်ဆို သူ့ဆိုင်မှာ ကျွန်တော်တို့တွေ တနေကုန် ရှိတတ်ကြတယ်..။ ဆိုင်ရှေ့ ၀ါးကွတ်ပျစ် ပေါ်ထိုင်ပြီး လူငယ်သဘာဝ ပေါက်တတ်ကရ၊ ရောက်တတ်ရာရာတွေ ပြောကြ၊ စကြ နောက်ကြ ရင်းပေါ့..။

တစ်ရက်လည်း မဟုတ်တော့ ကိုလှမင်းဘီးဖာတာကို ကူညီညာလုပ်ရင်း ကျွန်တော် ဘီးဖာတတ်သွားခဲ့တယ်..။ စတုံးကတော့ အလုပ်သင်သဘောမျိုးနဲ့ ကူလုပ်တာ ဆိုတော့ ပိုက်ဆံမရပါဘူး..။ နောက်မှ ကိုလှမင်းက ကျွန်တော့်ကို တစ်ရက်ခုနှစ်ကျပ်ပေးတယ်..။ စနေတနင်္ဂနွေ နှစ်ရက် လုပ်ရတယ်..။ ကျန်တဲ့ ရက်တွေမှာ ကျောင်းတဖက်နဲ့ဆိုတော့ မလုပ်နိုင်ဘူး..။

စက်ဘီးဖာတာကလည်း မြင်တော့သာ ဘာမှမဟုတ်တာ.. သိပ်တော့ လွယ်တဲ့အလုပ်မဟုတ်ဘူး..။ ကိုလှမင်း ဘီးဖာတာကို အကြိမ်များစွာ မြင်တွေ့နေခဲ့ပေမယ့် ကျွန်တော်ကိုယ်တိုင် ပထမဦးဆုံးအကြိမ် ဘီးဖာတော့ ပြသာနာတက်တော့တာပဲ..။ အဲဒီရက်က မှတ်မှတ်ရရ ကိုလှမင်း ရွာထဲသွားနေတုံး အဘိုးကြီးတစ်ယောက် စက်ဘီးလေး တွန်းလို့ ရောက်လာခဲ့တယ်..။

“ငါ့တူရေ.. ဘီးဖာချင်လို့ ” တဲ့..။ ဆိုင်ရှင် မရှိဘူး ခဏစောင့်ပါ လို့ ကျွန်တော်ပြောမလို့ ရှိသေး .. “ ဘီး ထားခဲ့မယ် ဖာထားလိုက်ပါ.. အပြန်မှ ၀င်ယူမယ် ” တဲ့..။ ပြောပြောဆိုဆိုနဲ့ အဘိုးကြီးက ထွက်သွားတယ်..။ ကဲ.. ဒါလက်စွမ်းပြဖို့ အခွင့်အရေးပဲ လို့ ကျွန်တော်တွေးပြီး ကိုလှမင်းပြန်လာတဲ့အထိ မစောင့်ဘဲ ကျွန်တော်ကိုယ်တိုင် ဘီးဖာဖို့ ပြင်ဆင်တယ်..။

ရေအင်တုံ ချ.. ကော်ပတ်ကို ရယ်ဒီလုပ်.. စက်ဘီးကို ခုံပေါ်တင်ပေါ့..။ ကိုလှမင်း လုပ်တာကိုင်တာတွေ တနေ့မဟုတ် တွေ့နေမြင်နေကျဆိုတော့

ဘာခက်တာလိုက်လို့..။ ပြားနေတဲ့ နောက်ဘီးကို မြှောက်.. ချက်တိုင်ကို ရှာလိုက်တယ်..။ ချက်တိုင်တွေ့တာနဲ့ tyre ကို လိမ်လှည့်ပြီး ချက်တိုင်အပြင်ရောက် အောင် ထုတ်လိုက်တယ်..။

နောက်.. tyre နဲ့ အထဲက tube (ကျွတ်) ကို ခွဲထုတ်ဖို့ ကလော်ထုတ်တဲ့ သံချောင်းနဲ့ ကလော်ချလိုက်တယ်..။ ဘေးက တစ်ယောက်ယောက်များ ရှိနေလို့ကတော့ ဒီကောင် လုပ်နေကိုင်နေတာ သိပ်ဟုတ်ပါ့လားလို့ ထင်မလားပဲ..။ ဒါပေမယ့် ပြသာနာက အဲဒီမှာ တက်တော့တယ်..။

tyre ကို ကလော်ထုတ်တာ လက်လွန်ပြီး အထဲက tube (ကျွတ်) ကို ဖိကြိတ်လိုက်သလို ဖြစ်ပြီး ကျွတ်က ပြဲထွက်သွားပါလေရော..။

တကိုယ်လုံး ဇောချွေးတွေဆိုတာ ချက်ခြင်းကို ပြန်ထွက်သွားတာပဲ..။ အပြဲက နည်းနည်းနှောနှောမဟုတ်ဘူး.. တစ်လက်မလောက် ရှိတယ်..။ စက်ဘီးပိုင်ရှင် အဘိုးကြီးများ အနားမှာ ရှိလို့ကတော့ ပွဲက ပြီးပြီ..။ ကွတ်ပျစ်ပေါ်က ကောင်တွေကလည်း သူတို့စကားနဲ့သူတို့ မျောနေကြလို့ တော်သေးတယ်..။ ဘယ်သူမှ မရိပ်မိခင် ကပျာကယာ ကျွတ်စကို ဆွဲထုတ်ပြီး အဲဒီအပြဲကို အရင်ဖာရတယ်..။

ပုံမှန်ဘီးဖာသလိုမျိုး အပြင်ထုတ်ထားတဲ့ ကျွတ်ကို လေပြန်ထိုး.. ရေအင်တုံထဲမြုပ်ပြီး အပေါက်ရှာ ဆိုတာမျိုးတောင် မလုပ်နိုင် တော့ပါဘူး..။ အပေါက်ကြီးက ရှာစရာမှ မလိုတာ..၊ ကိုယ်ထိုးလိုက်လို့ မျက်စိရှေ့မှာ ပြဲထွက်သွားတာဆိုတော့ သူ့ကို အရင်ဖာရပါတယ်..။ အဲဒါကြီး မဖာဘဲ လေထိုးရင်လည်း လျှာထွက်သေဖို့ ရှိတယ်..။ ထိုးသမျှ လေ.. အဲဒီအပြဲက တလဟော ပြန်ထွက်နေတာနဲ့ ဘယ်လိုလုပ် ထိုးရမှာလဲ..။

ကိုယ့်ကြောင့်ဖြစ်တဲ့ အပေါက် ဖာပြီးတာနဲ့ ကျွတ်ကိုလေထိုးပြီး တခြားအပေါက် လိုက်ရှာရတယ်..။ အဘိုးကြီးက သူ့စက်ဘီးပေါက်လို့ လာအပ်သွားတာ မဟုတ်လား။

တခြား အပေါက် ရှိရအုံးမှာပေါ့..။ လေထိုးထားတဲ့ ကျွတ်စကို ရေအင်တုံထဲ လှည့်ကာလှည့်ကာ နဲ့ နှစ်ရင်း ပလုံစီထလာမှာကို ပြူးပြဲ ကြည့်ရတယ်..။ တစ်ပတ်၊ နှစ်ပတ်၊ သုံးပတ်လောက်သာ ကျွတ်က လည်သွားတယ်..။ အပေါက်က ရှာလို့ မတွေ့..။

မျက်စိများ မှားလို့လားဆိုပြီး နောက်တစ်ခေါက် ထပ်စစ်ကြည့်တယ်..။ မတွေ့..။ အဖြစ်ကတော့ မနှစ်ကနဲ့ မတူဆိုတာမျိုးပဲ..။ ပေါက်နေတဲ့ စက်ဘီးကို ဖာတာမှာ ဖာတဲ့သူ ထိုးဖောက်လိုက်တဲ့ အပေါက်ပဲ တွေ့ပြီး တခြားအပေါက် ရှာမရဖြစ်နေခဲ့ရတယ်..။ ကဲ.. တခြားအပေါက်မတွေ့မှတော့ ဖာပြီးသွားပြီလို့ပဲ မှတ်လိုက်ရတော့ မှာပဲ..။ အဘိုးကြီး ပြန်မလာခင် ရယ်ဒီဖြစ်အောင် ကျွတ်စကို ပြန်ထည့် လုံး ရတယ်..။

အားလုံး ပြီးစီးတော့ စက်ဘီးကို လေပြန်ထိုး၊ ဒေါက်ထောက်ပြီး အဘိုးကြီးကို ခပ်တည်တည်နဲ့ ထိုင်စောင့်နေလိုက်တယ်..။ ဒါပေမယ့် ရတက်တော့ မအေးပါဘူး..။ ကိုယ်ဖာထားတဲ့ ဘီးကို မကြာခဏလည်း လှမ်းလှမ်းကြည့်ရသေးတယ်..။ ကိုယ်ရှာလို့မတွေ့တဲ့ အပေါက်က အဘိုးကြီးလာတော့မှ ပြားနေရင် ဒုက္ခ..။

စောင့်နေတာ ဆယ်မိနစ်လောက် ကြာတော့ အဘိုးကြီး ပြန်ရောက်လာတယ်..။ ငါ့တူ ပြီးပြီလားလို့ မေးတာကို အသံထိန်းပြီး “ ပြီးပြီ ” လို့ ပြန်ဖြေလိုက်တယ်..။ အဘိုးကြီးက ဖာထားတဲ့ နောက်ဘီးကို သူ့လက်နဲ့ နည်းနည်း ဖိကြည့်ရင်း “ ဘယ်နှစ်ပေါက်လဲ ” လို့ မေးတယ်..။ “ တစ်ပေါက်ထဲပါ.. အပေါက်ကတော့ အကြီးကြီး အဘရေ ” လို့ ကျွန်တော်ပြန်ပြောတော့ အဘိုးကြီးက သူ့အိပ်ထောင်ထဲက ကျပ်တန်နှစ်ရွက် ထုတ်ပေးတယ်..။

အဲဒီနေ့က စက်ဘီးစီးထွက်သွားတဲ့ အဘိုးကြီးရဲ့ နောက်ကျောကို ကြည့်ရင်း တခွိခွိနဲ့ ကျွန်တော် ရယ်နေခဲ့တယ်..။

37.6 ကျေးဇူးရှင် တကယ့်ဆရာ

ကျွန်တော်တို့ မောင်နှမ ငါးယောက်ရဲ့ တကယ့်ကျေးဇူးရှင် ဆရာက ကျုရှင်ဆရာတစ်ယောက်ပဲ..။ ကျွန်တော်တို့မှ မဟုတ်ပါဘူး.. ဆမိတ်ခုံ နယ်တကျော သူ့ရဲ့ ပညာအလင်း လွှမ်းပတ်ခြုံစေခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ပေါ့..။ အသက်အရွယ်စုံ လူတန်းစားပေါင်းစုံဟာ ရွာဖက်မှာ သူ့တပည့်တွေချည်း ဖြစ်ခဲ့ကြတယ်..။ အားလုံးက သူ့နာမည်ကြားတာနဲ့ လေးစားစွာရိုကျိုး ကျေးဇူးတရားကို အောက်မေ့.. ချွင်းချက်မရှိ ဦးညွှတ်လေ့ ရှိတယ်..။

ဆရာက အင်္ဂလိပ်စာ ကျုရှင်သင်တယ်..။ အလွတ်တန်းသင်နည်းမျိုးနဲ့ သင်တာပါပဲ..။ သူ့ကျုရှင်မှာ တန်းခွဲရယ်လို့ မရှိဘူး..။ ကိုးတန်းဆယ်တန်း ကျောင်းသားလည်း ဒါပဲ သင်တယ်..။ ငါးတန်းကလေးလည်း ဒါပဲသင်တယ်..။ အားလုံးကို တပြေးညီ သူသင်တယ်..။ ကျောင်းက သင်ရိုးညွှန်းတန်းကို သင်တာမဟုတ်ဘဲ အင်္ဂလိပ် Grammar သင်တာဆိုတော့ အားလုံးအတူတူပေါ့..။

ကျုရှင်လခ ရယ်လို့လည်း တစ်ပြားမှ သူမယူဘူး..။ စားဝတ်နေရေးလည်း မပူပင်ရတော့ တပည့်တွေ စာသင်နေရရင်ပဲ ကျေနပ်ပီတိဖြစ်နေခဲ့တဲ့ ဆရာကြီး ပေါ့..။ ရွာဖက်မှာတော့ သူ့နာမည်ရင်း ဦးဘသိုက်အစား ဆရာသိုက်လို့ပဲ အားလုံးက ခေါ်ကြတယ်..။ ဆရာက စာသင်ရုံသင်တဲ့ဆရာမဟုတ်ခဲ့ဘူး..။ သူ့ရဲ့ လောကအမြင်၊ ဘ၀အတွေးအခေါ်၊ တပည့်တွေအပေါ်ထားတဲ့ စေတနာဟာ တုနှိုင်းမမီပဲ..။

စာသင်ရင်း သူပြောလေ့ ရှိတဲ့ စကားလုံးတိုင်းဟာ.. ကျွန်တော်တို့ ငယ်ဘ၀ရဲ့ မီးရှုးတန်ဆောင်လို ဖြစ်ခဲ့ရတယ်..။ သူပေးတဲ့ ဥပမာဥပမေယျ တွေဟာ ကျွန်တော်တို့ ဘ၀တွေရဲ့ ရှေ့ဆောင်လမ်းပြ ဖြစ်ခဲ့ရတယ်..။ ဆရာဟာ ထိထိမိမိလည်း ပြောတတ်တယ်..။ မှတ်သားလောက်အောင်လည်း ပြောနိုင်တယ်..။ တုတ်ထိုးအိုးပေါက် နာအောင်လည်း ဆုံးမလေ့ ရှိတယ်..။

ဆရာ့ရဲ့ ဆိုဆုံးမ စကားတွေထဲက ခေတ်စကားနဲ့ ပြောရရင် အရမ်းလန်းတဲ့ အတွေးအမြင်တချို့ ဘလော့ဂ်ကြွလာ ဆွေသဟာတို့ ကြိုက်သော်ယူနိုင်ရန် မျှဝေလိုက်ရ ပါကြောင်း..။

“ သူများထက် ထူးချွန်လိုလျှင်၊ သူများလို မနေနှင့် ”

“ ဆေးဆရာ ဆေးဆရာချင်း၊ သဘင်သည် သဘင်သည်ချင်း၊ ပန်းချီဆရာ ပန်းချီဆရာချင်း ချီးမွမ်းမှ အစစ်အမှန်ဖြစ်သည် ”

“ ရွာမှာနေလို့ကတော့ ကောက်ရရင်တောင် ကြေးလက်စွပ်ပဲ ကောက်ရနိုင်တယ်..၊ မြို့ကြီးပြကြီး မှာ နေနိုင်အောင် ကြိုးစားကြ ”

“ လူ့လောက ဟာ .. မြစ်လယ်မှာ မျောနေတဲ့ ပုရွက်ဆိတ်အုံပမာ၊ ဒုက္ခခံသူမရှိဘဲ သုခံစံနိုင်သူ မရှိ ”

“ သစ်တပင်ကောင်း ငှက်တသောင်း နားနိုင်သော်ငြား၊ သစ်ပင်ကြီးအောက်က သစ်ပင်လေးတွေ လောင်းရိပ်မိတတ်သည်.. ကိုယ့်ကိုယ်ကို အားကိုးနိုင်အောင် ကြိုးစားပါ ”

“ ငါဆရာဖြစ်နေတာ ငါတော်လို့မဟုတ်၊ မင်းတို့ ညံ့လို့ ”

“ လူတွေဟာ အမှန်တရားကို ကြိုက်တယ်၊ ဒါပေမယ့် ကိုယ့်ကို လာ “ မှန် ” ရင်တော့ မကြိုက်ကြဘူး ”

... ..

ဆရာက ကြုံရင်ကြုံသလို နေ့စဉ်နဲ့အမျှ နှစ်ပေါင်းများစွာ ပြောခဲ့တာဆိုတော့ ဆရာ့စကား မှတ်သားစရာ၊ ဘ၀လမ်းညွှန်အဖြစ် ခံယူစရာတွေကတော့ အများကြီးပါပဲ။
အဲဒါတွေထဲက အခုထိ ကျွန်တော့်မှတ်ဥာဏ်မှာ သံမှိုစွဲရိုက်ထားသလို ဖြစ်နေတာတွေပဲ မျှဝေလိုက်ရပါတယ်..။

ကျွန်တော် တက္ကသိုလ်ကျောင်းသားဘ၀ ကျောင်းပိတ်ရက် ရွာပြန်တိုင်း ဆရာနဲ့ တွေ့ပါတယ်..။ တခါတရံ သူ့အိမ်မှာ.. တခါတရံ လမ်းပေါ်မှာ.. တခါတရံ ဈေးထဲက လဘက်ရည်ဆိုင်မှာ .. ။ တွေ့တိုင်း မှတ်သားလောက်တဲ့ စကား .. ကျွန်တော်ကြားရလေ့ ရှိပါတယ်..။ ဆရာတပည့်နှစ်ယောက် လဘက်ရည်သောက်ပြီး လဘက်ရည် ဖိုးရှင်းတာကအစ.. ကျွန်တော်ရှင်းဖို့ ကြိုးစားတိုင်း “ မင်းက ဘာဝင်ငွေရှိလို့ ရှင်းချင်းတာလဲ ” လို့ ဆရာက ငေါက်ဆတ်ဆတ် ပြောလေ့ ရှိပါတယ်..။

စက်မှုတက္ကသိုလ်ကနေ ဘွဲ့ရပြီးရင်.. စက်ရုံအလုပ်ရုံကြီးတွေမှာ ခေါင်းဆောင်အနေနဲ့ အလုပ် လုပ်ရဖို့ ရှိတယ်..။ သူများ မသိတာသိအောင် လုပ်... သူများမတတ် တာ တတ်အောင်လုပ်.. သူများမရှိတာ ရှိအောင် ကြိုးစား .. တဲ့..။ နို့မို့ဆိုလိုကတော့ သူများလို သူလိုငါလို ဘ၀ကနေ မင်းတိုးထွက်နိုင်မှာ မဟုတ်ဘူးတဲ့..။ ဆရာ့ ပြောစကားများ အခုထိ ကြားယောင်ဆဲပါပဲ..။

“ ငွေမက်၊ အမြှောက်ကြိုက်၊ အာဏာရူး၊ တဏှာရူး ခေါင်းဆောင် အောက်က ၀န်ထမ်းတွေဟာ မျောက်မောင်းတဲ့ မော်တော်ကား စီးရသလိုပဲ ” တဲ့..။

ငါ့တပည့် ခေါင်းဆောင်ဖြစ်ခဲ့ရင် မျောက်စိတ် မမွေးပါနဲ့ တဲ့..။

37.7 စာတင်မက ဘ၀ကိုပါသင်တဲ့ဆရာ

2001 ခုနှစ် ဧပြီလ 17 ရက်နေ့ မှာ ဆရာသိုက်ကို ကျွန်တော်တို့ တပည့်ဟောင်းတွေ ပေါင်းစုပြီး ပူဇော်ကန်တော့ပွဲလေး လုပ်ကြတယ်..။ ရွာဖက်မှာတော့ နှစ်တိုင်းလိုလို ဆရာ့ကို ကန်တော့ကြပေမယ့် ရပ်ဝေးရပ်နီးက တပည့်ဟောင်းတွေ ပေါင်းပြီး သိုက်သိုက်မြိုက်မြိုက်လေး စလုပ်ဖြစ်တာကတော့ 1999- 2000 လောက်က စထင်တာပဲ..။ နှစ်တိုင်း နှစ်ဆန်းတစ်ရက်နေ့မှာ ကန်တော့ကြတယ်..။ 2001 ပွဲလုပ်တော့ ဆရာ့အသက်က ၉၄ နှစ်ရှိနေခဲ့ပြီ..။ ကျွန်တော် တက္ကသိုလ် နောက်ဆုံးနှစ်တက်နေတဲ့ ၁၉၉၆ ခုနှစ်အထိ ရွာမှာ ဆရာ စာသင်ဆဲ ဆိုတော့ အသက် ၈၉ နှစ်အထိ ရွာက ကလေးငယ်တွေကို ပညာအမွေ ဆရာပေးဆဲလို့ ပြောရမှာပဲ..။

အသက်ကိုးဆယ်အထိ နေရဖို့ဆိုတာ လူတိုင်းအတွက် သိပ်မဖြစ်နိုင်သလို အဲဒီလောက်ထိ နေရရင်တောင် .. ဆရာ့လို ကိုယ့်ပတ်ဝန်းကျင်က လူငယ်လူရွယ်တွေကို ပညာအမွေ၊ ဘ၀အမြင်တွေ ပေးနေနိုင်ဖို့ဆိုတာ ပိုလို့ မဖြစ်နိုင်ပါဘူး..။ နိုဘယ်လ်ဆုရှင် ဒေါက်တာ အဲလ်ဘတ်ရှိုက်ဇာ တို့ အံ့သြဘနန်း အလုပ်တွေ လုပ်ခဲ့တာဟာ နောက်ကွယ်က ဘုရားသခင်ရဲ့ အခန်းကဏ္ဍ အနည်းအကျဉ်း ပါ ပါသေးတယ်..။

ဆရာကတော့ အသက် ၁၇ ခုနှစ်လောက်က စလို့ မြေဖြူတစ်ချောင်းနဲ့ ဆီမီးခုံရဲ့ လမ်းများပေါ် လျှောက်သွားရင်း.. ဘယ်ဘုရားသခင်ရဲ့ မျက်နှာသာပေးမှုကိုမှ မမျှော် မခေါ်ဘဲ.. ကိုယ့်ပတ်ဝန်းကျင်က ကလေးငယ်တွေ အသိဥာဏ်အတွေးအမြင် ပွင့်လင်းအောင် ပီတိကိုစားသုံး၊ အပြုံးရင်မှာအပြည့် နဲ့.. သူဖြည့်ဆည်းပေးခဲ့တယ်..။ နောက်ဆုံး သူ့တသက်တာလုံး ကိုင်စွဲခဲ့တဲ့ မြေဖြူနေရာမှာ တုတ်ကောက်တချောင်း အစားဝင်တဲ့ အထိ၊ ပြောစရာရှိပြော.. ဆိုစရာရှိဆို.. ဆုံးမသင့်တာ ဆုံးမနဲ့ ဘ၀ကို အဓိပ္ပါယ်အပြည့်နဲ့ ဆရာ ရှင်သန်နေထိုင်သွားခဲ့တယ်..။

“ ငါသေရင်.. ဘာမှ ထွေထွေထူးထူး လုပ်မနေကြနဲ့..။ မြစ်ထဲသာ မျောလိုက် .. ငါးတွေ စားပါစေ ” တဲ့..။ ဆရာဟာ မီးစာကုန်ဆီခမ်းလို့ အသက်ဝိညာဉ် ကုန်ဆုံး သွားတဲ့ သူ့ခန္ဓာကိုယ် အကြွင်းအကျန်ကအစ.. လောကကို တမျိုးတဖုံ အကျိုးဖြစ်ထွန်းစေချင်တဲ့ ဆန္ဒရှိခဲ့တယ်..။ နေဖို့ မတောင့်တ သလို၊ သေဖို့လည်း ဆရာ မကြောင့်ကြ ခဲ့ဘူး..။

စာသင်သားဘ၀က ကြားခဲ့ရတဲ့ ဆရာ့ရဲ့ အတွေးအမြင်စကားတွေဟာ ကျွန်တော်တို့ အသက်အရွယ် ရလာလေ.. ပိုပြီး ပီပင်တန်ဘိုးရှိလာခဲ့ရတယ်..။

“ လမ်းဘေးက သူတောင်းစားကို ပေးတာကမ်းတာကအစ အိပ်ထဲက စုတ်ပေ့ဟောင်းပေ့နွမ်းပေ့ဆိုတာကို ရွေးပေးဖို့ မကြိုးစားပါနဲ့ ” တဲ့..။ “ ကရုဏာထက် မုဒိတာ ခက်တယ်..၊ မုဒိတာထက် ဥပက္ခာခက်တယ် ”.. တဲ့..။

“ မိမိကိုယ်ကို သိပြီထင်က အသိရပ်၏..။ တတ်ပြီထင်က အတတ်ရပ်၏..။ လိမ္မာပြီထင်က အလိမ္မာရပ်၏..” .. တဲ့..။

ဘ၀နေနည်းထိုင်နည်း စိတ်ထားပုံထားနည်းက အစ ကြုံရင်ကြုံသလို ဆရာ ဆိုဆုံးမခဲ့တယ်..။

စာမကြိုးစားဘဲ ဘောလုံး လှိမ့်ကန်နေတဲ့ တပည့်တွေကို “ အေး.. ဘောလုံး များများကန်တော့ ပေါင်တွေ ခြေသလုံးတွေ သန်ပြီး နောင် မင်းတို့တတွေ ဆိုက်ကားနင်းတော့ အဆင်ပြေတာပေါ့ ” လို့ ခပ်နာနာ ခပ်ရွဲ့ရွဲ့လေး ဆရာပြောတတ်ပြန်တယ်..။

တခါတလေ တပည့်တွေကို အားမလို အားမရဖြစ်တိုင်း....

“ မင်းတို့ စာသင်ရတာ စိန်ဗေဒါ ပေတော တီးရသလိုပဲ..။ အထက်ကျေးတော က ပေတောဆိုတဲ့ ရွာမှာမြေပိုင်ရှင် လူချမ်းသာတစ်ဦး အလှူလုပ်တော့ မန္တလေးတက် စိန်ဗေဒါကြီးကို ရအောင် ငှားလာတယ်..။ အဲဒီအချိန်တုံးက စိန်ဗေဒါ လျှမ်းလျှမ်းတောက် ကျော်ကြားနေတဲ့ အချိန်ဆိုတော့ အလှူ့တကာက ငါတို့နယ်ဖက်က လူတွေ ဆင်းရဲလှတယ်.. စိန်ဗေဒါကြီး လက်သံ ကြားဖူးပါစေဆိုတဲ့ စေတနာနဲ့ မရရအောင် ငှားခဲ့တာပဲ..။ ”

“ ဒါနဲ့ အလှူရက်လည်း ရောက်ရော.. ပွဲစတဲ့နေ့ ဆိုင်းဧည့်ခံရမယ့် အချိန် မရောက်ခင် ၁၂ နာရီလောက်ကတည်းက ဗေဒါကြီးက ပတ်ဝိုင်းထဲဝင်၊ သူ့ ပတ်တီးလက်ထောက်ကိုတောင် မခိုင်းတော့ဘဲ ကိုယ်တိုင် ပတ်စာကပ်..၊ မရောက်ဖူးတဲ့ နယ်မို့ လက်စွမ်းပြတီးမဟဲ့ ဆိုပြီး ခက်ပေ့ ညွှန့်ပေ့ကောင်းပေ့ ဆိုတဲ့ တီးလုံး တီးကွက်တွေနဲ့ လက်စွမ်းပြတော့ တာပေါ့..။ ”

“ စိန်ဗေဒါကြီး အဲသလို ချွေးတလုံးလုံးနဲ့ တကိုယ်တော် လက်စွမ်းပြနေတဲ့ အချိန်မှာပဲ ပုရိတ်သတ်ကလည်း တဖွဲဖွဲနဲ့ ရောက်လာကြတယ်..။ ညနေ ၄ နာရီလောက်ကျ ပုရိတ်သတ်က အတော်များနေပြီ..။ ဗေဒါကြီးလည်း မောနေပြီ..။ အဲဒီအချိန်မှာ ပုရိတ်သတ်ထဲက အော်သံ ကြားရတယ်..။ “ စိန်ဗေဒါကြီး တီးပါတော့ဗျို့ ” တဲ့..။

“ အခြေအနေကို ရိပ်စားမိတဲ့ ဗေဒါကြီးလည်း သူ့လက်ထောက်ပတ်တီးကိုခေါ်၊ “ မင်း မြည်အောင်သာတီး ” လို့ မှာပြီး သွားအိပ်နေသတဲ့..။ သူ့တပည့်ကလည်း ဆရာခိုင်းတဲ့အတိုင်း တဗျောင်းဗျောင်းနဲ့ မြည်အောင် တီးတော့တာပေါ့..။ အဲဒီတော့မှ “ ဗေဒါကြီး ကျော်မယ်ဆိုလည်း ကျော်လောက်ပါပေရဲ့၊ မြည်ပေသကိုး ” လို့ တရွာလုံးက ၀ိုင်းချီးမွမ်းကြသတဲ့..။ ”

“ငါ့မှာလည်း မင်းတို့ကို စာသင်ရတာ စိန်ဗေဒါ ပေတော တီးသလို မောတာပဲ အဖတ်တင်တယ် ”

( ဒီဥပမာလေးက ဆီမီးခုံရွှေရတု မဂ္ဂဇင်းမှာ အကိုကြီး ကိုမြင့်ကျော်ရေးတဲ့ ဆောင်းပါးထဲကပါ )

ဆရာက အဲသလိုမျိုး ဥပမာ ဥပမေယျလေးတွေနဲ့လည်း ထိအောင် ပြောတတ်တယ်..။

အခုတော့ ဆရာ မရှိရှာတော့ပါဘူး..။ သက္ကရာဇ် 2002 ခုနှစ် ဖေဖော်ဝါရီလ 21 ရက်နေ့မှာ တုတ်ကောက်တချောင်းနဲ့ သူလျှောက်လမ်းခဲ့တဲ့ ဆီမီးခုံရဲ့ လမ်းများနဲ့ သူချစ်တဲ့ တပည့်ကျော်တွေ ကို နှုတ်ဆက်ထွက်ခွါသွားခဲ့တာ အခုဆိုရင် ငါးနှစ်ကျော် ခြောက်နှစ်ထဲ ရောက်ခဲ့ပြီ..။

ဆရာ မှာခဲ့သလို ဆရာ့အလောင်းကို မြစ်ထဲ မမျောဘဲ.. ကျွန်တော်တို့ မျက်ရည်စက်လက် ၀မ်းနည်းခြင်း နှမျောတသခြင်း ကြီးစွာနဲ့ ဂူသွင်းခဲ့ကြတယ်..။ ဆရာ့ရဲ့ အုတ်ဂူလေးဟာ အခုဆိုရင် ရွာတောင်ဖက်က ဆရာတို့ရပ်ကွက် သုသာန်မှာ တိတ်ဆိတ်ငြိမ်သက်လို့..။ ဆရာ့ရဲ့ အတွေးအမြင်၊ စေတနာ၊ ကျေးဇူးတရားတွေ ကတော့ ဆီမီးခုံနယ်တကျောကနေ ကမ္ဘာအနှံ့လွှမ်းပတ်.. နီးနီးဝေးဝေး တပည့်တွေရင်ထဲမှာ ငွားငွားစွင့်စွင့် ပွင့်လန်း လျက်..။

ဘလော့ဂ်ကြွလာ ဆွေသဟာတို့အတွက်.. ဆရာ့တပည့်ရင်း ကျွန်တော်တို့ရဲ့ အကိုကြီး ကိုမြင့်ကျော် (ခေတ္တစင်ကာပူ) 2001 ပူဇော်ပွဲမှာ ရေးခဲ့တဲ့ ကဗျာတစ်ပုဒ် မျှဝေခံစားနိုင်ရန် .. တင်ပေးလိုက်ပါတယ်..။ (သူ့ကဗျာအစကိုကြိုက်တာနဲ့ ကျွန်တော့်ကဗျာမှာတောင် ယူသုံးထားတယ်.. အကိုကြီးရေ ခွင့်လွှတ်ပါဗျား )

ရွာနဲ့ ဆရာ

ဟိုး အညာ
ဧရာဝတီရဲ့ အရှေ့ဖက်ကမ်း
မြေဆီ မြေနှစ်ပို့ချတဲ့ မြစ်ဝှမ်း
တောအုပ်ယာခင်း စိမ်းလန်း
လွမ်းစရာ့ဒီမြေ
ဒီရေသောက် ဒီရေသုံး
ဒီမြေပေးတာစား
ဒီမြစ်ကို မှီပြီး ကြီးပွား
ရွာတစ်ရွာ ရှိခဲ့
နှစ်တွေ ကြာခဲ့ ပေါ့...။

ဥမ္မာဒန္တီတော့ မရှိ
ဒါပေမယ့် ပျို့ရေးတဲ့ ဦးရွှန်း
တခမ်းတနား
ဒီရွာကို စားခဲ့
နှစ်တွေကြာခဲ့ပေါ့...။

တောင်သူယာခုတ်
လက်လုပ်လက်စား
ပွဲစားဈေးသည်
ရောင်းဝယ်ဖေါက်ကား
ဆီမီးခုံလို့ ထင်ရှား
ကြီးပွားတဲ့ ဒီရွာ
နှစ်တွေကြာခဲ့ပေါ့...။

ရာစုနှစ်များစွာ
ရွာဟာ အိပ်စက်၊ အမှောင်နက်မှာ
နှစ်တွေကြာပြီး
၂၀ ရာစုရဲ့ စောစောပိုင်း ဆယ်စု
တစ်ခုသော ကာလ
အမှောင်ထုထဲက
မီးတိုင်လေးတစ်တိုင်
ထွန်းညှိခဲ့..။

ဒီမီးရောင်က ဆပွား
အလင်းရောင်တွေ ပြန့်ကား
တစ်ရွာလုံး ထိန်ငြီး
တစ်နယ်လုံး ထိန်ငြီး
တငြီးငြီး တောက်ခဲ့..။

ဒီမီးရောင်က
ရွာနဲ့ နယ်အ၀ှမ်း အလင်းရောင်ဖျန်းခဲ့..။

စခဲ့တဲ့ မီးတိုင်
ယွင်းယိုင်အိုမင်း၊ ဇရာချဉ်းလည်း
မဖျော့မမှိန်၊ အမှောင်ခွင်းဆဲ
လင်းလက်ဆဲ ပါ...။

မြန်မာပြည်ကိုပတ်
သမုဒ္ဒရာတွေဖြတ် မပြတ်မစဲ
ဟိုးအဝေးထိ လင်းလက်ဆဲ...။။

(ရွာမှ ဆရာသိုက်သို့ )
မြစ်ကျော် (၁၂.၁.၂၀၀၁)

37.8 ဆရာနဲ့ ပထမဦးဆုံး ဆုံခဲ့စဉ်က

ဆရာနဲ့ ကျွန်တော် စတွေ့တာ ၁၉၈၂ ခုနှစ်.. ကျွန်တော်ငါးတန်းနှစ်မှာပဲ..။ ကျွန်တော်တို့ခေတ်မှာ သူငယ်တန်းကနေ လေးတန်း အထိ အင်္ဂလိပ်စာ မသင်ရသေးဘူး..။ ငါးတန်းမှ A,B,C ဆိုတာကို စသင်ရတာ..။ ကျွန်တော်ကသာ ငါးတန်း ရှိသေးတာ..။ ဆရာ့အသက်က အဲဒီကတည်းက ၇၆ နှစ် ရှိနေပြီ..။ ကျန်းမာရေးက ဒေါင်ဒေါင်မြည်လို့ ပြောလို့ရပေမယ့် ဆရာနားတော့ နည်းနည်းလေးနေပြီ..။

လုံးဝ မကြားရတာမျိုးတော့ မဟုတ်ပါဘူး..။ ဆရာနဲ့ စကားပြောရင် ပုံမှန်ထက် နည်းနည်းလေး အော်ပြောရတာလောက်ပေါ့..။ မှတ်မှတ်ရရ အမနဲ့အကို က သူ့ကျုရှင် တက်နှင့်နေတာမို့ ကျွန်တော်လည်း လိုက်တက်တယ်..။ ရှေ့မှာ ပြောခဲ့သလို တန်းခွဲမရှိဘဲ အားလုံး အတူတူသင်တော့ ဆရာ့ကျုရှင်မှာ ကျွန်တော်က အငယ်ဆုံး ပေါ့..။

အင်္ဂလိပ်စာဆိုတာကို တခါမှလည်း မသင်ခဲ့ရဖူးတဲ့အပြင် ကိုယ့်ထက် အတန်းကြီးတွေနဲ့ အတူတက်ရတော့ ကျွန်တော့်မှာ အိုးနင်းခွက်နင်း ကိုဖြစ်လို့..။ ဆရာပေး တဲ့ မီးနင်းကအစ.. ကျွန်တော့်မှာ အတော့်ကို ခက်ခက်ခဲခဲ ကျက်မှတ်ခဲ့ရတယ်..။ တရက်.. မီးနင်း ရှစ်လုံးလောက် ကျက်ခိုင်းတယ်..။ ရတဲ့ကောင် ပြန်..၊ မရတဲ့ ကောင် မပြန်နဲ့ ဆိုပြီး ဆရာက တစ်ယောက်ချင်းကို အလွတ်ပြန်ခိုင်းတယ်..။

တစ်ယောက်ပြီးတစ်ယောက်.. ဆရာ့နားသွား ပြန်ပြပြီး လစ်သွားကြတယ်..။ ကျွန်တော့်မှာ.. အလွတ်ရဖို့ ဝေးလို့ စာလုံးပေါင်းတောင် မနည်းကြည့်ဖတ်နေရတုံး..။ ကြာတော့ အကိုတော်နဲ့ အမတော်က ဆရာက နားသိပ်ကြားတာ မဟုတ်ဘူး နောက်ကနေ ထောက်ပေးမယ်.. နို့မို့ဆို မင်းပြန်ရမှာမဟုတ်ဘူး သွားဆိုတာနဲ့ ကြောက်ကြောက်နဲ့ ဆရာ့နား သွားရတယ်..။

ဆရာကတော့ ကျွန်တော့်ကို တချက်ကြည့်ပြီး “ ရပြီလား ” လို့ မေးတယ်..။ နဂိုရ်ကတည်းက မရသေးဘဲ .. လာတဲ့ကောင်ဆိုတော့ နှုတ်ကမဖြေရဲဘူး.. ခေါင်းပဲငြိမ့် ပြမိတယ်..။ “ အေး အဲဒါဆို ရွတ် ” လို့ ဆရာကပြောပြီး မျက်စိမှေးပြီး နားထောင်နေတယ်..။ ကျွန်တော့်မှာ တော်တော်နဲ့ အသံက မထွက်နိုင်ဘူး..။ မဟုတ်တာ လုပ်နေတာဆိုတဲ့ အသိနဲ့ ကလေးဆိုတော့ လန့်ဖြန့်ပြီး အအကြီးလို ဖြစ်နေခဲ့တယ်..။

နောက်မှ အားတင်းပြီး ခပ်တိုးတိုး စရွတ်တယ်..။

C r o c o d i l e...........

အင်္ဂလိပ် လို ချောချောမောမော ပြီးသွားပေမယ့် မြန်မာလိုကျ မသိတော့ ခရိုကိုဒိုင်းဒိုင်းဒိုင်းဒိုင်း ... နဲ့ ဒိုင်းကို သံရှည်ဆွဲပြီး ရပ်နေပါရော..။ ဆရာက မှေးထားတဲ့ မျက်လုံးကိုဖွင့်ပြီး “ ခရိုကိုဒိုင်း ” ဘာတုံး လို့ မေးငေါ့ပြီး မေးတယ်..။ လူက ခြေဖျားလက်ဖျားတွေ အေးနေပြီ..။ နောက်က ထောက်ပေးမယ်ဆိုတဲ့ အကိုနဲ့အမခမျာ လည်း ဆရာကြားမှာစိုးလို့ သိပ်အော်ကြီးဟစ်ကျယ် မထောက်ရဲဘူး..။ ခပ်တိုးတိုး.. တကယ့်ကို တိုးတိုးလေး “ မိကျောင်း.. မိကျောင်း ” နဲ့ လှမ်းအော်တယ်..။

အခြေအနေက အားလုံး ခိုးကြောင်ခိုးဝှက် ကြောက်ကြောက်နဲ့ ဆရာ့ကို မလိမ့်တပတ်လုပ်တာဆိုတော့ .. သူတို့အော်တဲ့ “ မိကျောင်း ” ကို “ မီးသွေး ” လို့ ဒီကကောင်က ကြားပါလေရော..။ အဲဒါနဲ့ပဲ “ခရိုကိုဒိုင်း.. မီးသွေး” လို့ အော်ချပစ်လိုက်တယ်..။ အမနဲ့အကိုတင်မက.. ကျန်နေသေးတဲ့ သူတွေလည်း မျက်လုံးတွေပြူး..၊ ဆရာလည်း ထိုင်နေတဲ့ ပက်လက်ကုလားထိုင်ကို လက်နှစ်ဖက်စုံကိုင်ပြီး ငေါက်ကနဲ မတ်ရင်း..

“ခရိုကိုဒိုင်း ဘာရယ် ” တဲ့..။ သူများ နားကြားလွဲသလားလို့ သေချာအောင် ဆရာထပ်မေးတယ်..။ ကျွန်တော့်မှာလည်း တခြားဖြေစရာမှ မရှိတာ..။ “ မီးသွေး” လေ ပေါ့..။

“ ဟာ ဟ ” တဲ့..။ ဆရာ ရယ်တယ်..။ ကျွန်တော့်ကို စေ့စေ့ကြည့်ပြီး ရယ်တာ..။ နောက်မှ ကျွန်တော့်ခေါင်းကို ပုတ်ပြီး မင်းပြန်လို့ ရပြီလို့ ဆရာ ဆက်ပြောတယ်..။ တကယ့်ကို အမှတ်တရ အခုထိ မျက်စိထဲက မထွက်တဲ့ .. ကျွန်တော်နဲ့ ဆရာရဲ့ ပထမဦးဆုံး တွေ့ဆုံမှု ပေါ့ဗျာ..။

ကဲ.. ကျွန်တော့်ကျေးဇူးရှင် ဆရာကြီးရဲ့ ရှားရှားပါးပါး ဓါတ်ပုံ တင်ပေးလိုက်ပါတယ်..။ ကြည်ညိုရင်း မှီခိုခဲ့ရတဲ့ ရှားမှရှားတဲ့ ကျွန်တော့်ဆရာ ပေါ့..။