Tuesday, March 25, 2008

7.1 ထန်းတောနဲ့ နွေတမ်းချင်း

မကြာခင်မှာ နွေဦးပေါက်တော့မယ်။ ငယ်ဘ၀ရွာမှာနေတုံးက ဒီအချိန်ဆို အိမ်ဘေးကွမ်းခြံကျောင်း ( ဘုန်းကြီးကျောင်း ) ထဲက မန်ကျဉ်းပင်တွေ ရွက်ဟောင်းချပြီး ရွက်သစ်ဝေတဲ့ အချိန်ပဲ။

အမေက တစ်နှစ်စာ မန်ကျဉ်းရွက်ကို အိုးကြီးအိုးငယ်နဲ့ အချဉ်တည် တယ်။ မန်ကျဉ်းရွက်က အလကားရတာဆိုတော့ အိမ်အတွက် တစ်နှစ်စာ ချဉ်ဖတ်ပေါ့ဗျာ။ အလကားရတယ်ဆိုပေမယ့် ကျွန်တော်တို့ မောင်နှမတစ်တွေ တက်ခူးရတာပါ။ မန်ကျဉ်းပင်ကြီးတွေက အကြီးကြီးတွေ။ သက်တမ်း သုံးလေးဆယ် အနည်းဆုံးရှိတဲ့ အပင်ကြီးတွေ။ လိမ့်ကျပြီး ကျိုးကန်းကုန်ပါအုံးမယ်လို့ အမေ ဘယ်တော့မှ မတွေးဘူး။ အမေမှ မဟုတ်ပါဘူး။ တစ်ရွာလုံးက မိဘအားလုံး အတူတူပဲ။

တစ်နှစ်နွေဦးကဆို မန်ကျဉ်းရွက်မခူးတဲ့အကောင် အိမ်ပေါ်ကဆင်း လို့တောင် အမေက အမိန့်ထုတ်တယ်။ လွယ်အိတ်ကလေးတစ်လုံးစီနဲ့ ကျွန်တော်တို့ မောင်နှမတစ်တွေ မန်ကျဉ်းပင်တွေဆီ ချီတက်ရတာပေါ့။ သစ်ပင်တက်တာက ကျွန်တော်တို့ညီအကိုတွေ အတွက်က ထမင်းစားရေသောက်ဖြစ်နေပြီ။ နွေရာသီကျောင်းပိတ်ရက်ဆို အမေ့ဇာတိရွာကို မောင်နှမတစ်တွေ သွားလည်တတ်ကြတယ်။

မိုးခေါင်ရေရှား တကယ့်ကို ခေါင်တဲ့ ရွာပဲ။ အိမ်ခြေက ၂၂၀ ပဲရှိတယ်။ တစ်ရွာလုံးရဲ့ အသက်မွေးဝမ်းကြောင်း အလုပ်က ထန်းတက် ထန်းလျှက်ချက် ရောင်းတာပဲ။

ညီအကို ၀မ်းကွဲ တော်တော်များများလဲ ထန်းသမားတွေ ဖြစ်နေတယ်။ ယောက်ျားမှန် လူပျိုပေါက် ကြီးကောင်ဝင်တာနဲ့ ထန်းတက်ရတာပဲ။ သူတို့လက်တွေ ခြေထောက်တွေ ဆိုရင် အသားမာ တက်နေတာများ ကျွဲပုခုံးနဲ့ နင်လားငါလားပဲ။

နေ့စဉ် တစ်နေ့နှစ်ကြိမ်ထန်းတက်ရတာ တွေးသာကြည့်ပေတော့။ ရင်းထောင် (ထန်းသမားသုံးတဲ့ လှေခါးအရှည် ) ကို မ.. ထန်းပင်တစ်ပင်ကနေတစ်ပင်ကို အမြန်ကူးရတယ်။ ရင်းထောင်က အနည်းဆုံး ဆယ်ပေကနေ ဆယ့်ငါးပေလောက် ရှည်တယ်။

လှေခါးထစ်တွေ အမြဲနင်းနေရတာဆိုတော့ သူတို့ခြေထောက်တွေက ငါးဖန်ဝိုင်းနဲ့ တူတယ်။ အလယ်ကား ဗိုက်ပူကြီးတွေဖြစ်နေတယ်။ ကျွန်တော့်အကိုဝမ်းကွဲ ကိုမြင့်ဌေးဆို မြို့တက်ပြီး ဖိနပ်ဝယ်တယ်။

ဖိနပ်ဆိုင်က ဆိုဒ်အကြီးဆုံးဆိုတာတွေ တစ်ရံပြီးတစ်ရံ ထုတ်ပြတယ်။ သူ့ခြေထောက်နဲ့ တစ်ရံမှ မတော်ဘူး။ "လူစီးတဲ့ ဖိနပ်ကတော့ ဒါအကုန်ပဲ ငါ့မောင်" လို့ ဆိုင်ရှင်က ပြောလွှတ်လိုက်တယ်။


တစ်ရွာလုံးက ဆွေမျိုးတွေဖြစ်နေတယ်။ ထန်းရာသီချိန်ဆို ရွာထဲ လူမရှိတော့ဘူး။ ထန်းတောရှိတဲ့နေရာမှာပဲ ပြောင်းနေကြတယ်။ ထန်းသိမ်းချိန်မှ ရွာပြန်ကြတယ်။

ကျွန်တော်တို့ ညီအကိုတွေ ထန်းတောတကာ လျှောက်သွားကြတာပဲ။ မြူအိုးကောက်ကြတယ်.. (ထန်းရည်ချိုထည့်တဲ့ အိုးကို မြူအိုးလို့ ခေါ်တယ် ) ထန်းတက်တဲ့ သူက တစ်ပင်ပြီးတစ်ပင် တက်သွားတယ်။ နောက်က ထန်းရည်ချို ထည့်ထားတဲ့ အိုးတွေ လိုက်သိမ်းတာကို မြူအိုးကောက်တယ် ခေါ်တာပဲ။

ရွာမှာ ထူးထူးဆန်းဆန်း ထန်းတက်တဲ့ မိန်းမတစ်ယောက်ရှိတယ်။ ယောက်ျားစိတ်ပေါက်နေတဲ့ မိန်းမပေါ့။ နာမည်က မအုံးကြိုင်လို့ခေါ်တယ်။ ဒါပေမယ့် ယောက်ျားစိတ်ပေါက်နေလေတော့ တစ်ရွာလုံးက သူ့ကို ကိုအုံးကြိုင်လို့ ခေါ်ကြတယ်။

ယောက်ျားတွေနဲ့ ရင်ပေါင်တန်းပြီး ထန်းတက်တာပဲ။ သူ့ထန်းတက်နေတုံး ကျွန်တော်တို့ ညီအကိုတတွေ ထန်းပင်အောက်ရောက်ရင် " ကိုအုံးကြိုင် ဂွေးစိ ကလိုင်ညှပ်အုံးမယ်.. " လို့ အော်ပြီး ထွက်ပြေးကြတယ်။

ကလိုင်ဆိုတာ.. ထန်းသမားတွေ ထန်းပြင်ရာမှာသုံးတဲ့ ကွမ်းညှပ်အကြီးစားလို တုတ်ချောင်းနှစ်ချောင်းပဲ။ ထန်းသမားက လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ဖို့ အဲဒီညှပ်ကို ထန်းလက်တွေကြားထိုးပြီး ဖင်ခုထိုင်ရတာပဲ။

"ကိုအုံးကြိုင် ဂွေးစိကလိုင်ညှပ်အုံးမယ် " ဆိုတာကြားတာနဲ့ ထန်းပင်ပေါ်ကနေ အတင်းဆင်းပြီး ထန်းလှီးဓါးနဲ့ လိုက်တော့တာပဲ။

မီတော့ဘယ်မီမလဲ..။ သူခမျာ ထန်းပင်ပေါ်က အရင်ဆင်းပြီးမှ လိုက်ရတာကိုး။ ဒါပေမယ့် ညနေကျ အိမ်လာတိုင်တယ်။ အဘွားကို တိုင်တာပဲ။ တော့်မြေးတွေ ကျုပ်ကို မဟုတ်တန်းတရား စသွားတယ် .. ဘာညာပေါ့။ အဘွားက ဆော်ပလော်တီးတာတော့တာပဲ။ အဘွားရိုက်ရင် အဘိုးက မကြိုက်ဘူး။ အဘိုးက ကျွန်တော်တို့ကို အရမ်းချစ်တယ်။ အခုတော့ အဘိုးရောအဘွားရော မရှိရှာတော့ပါဘူး။

Monday, March 24, 2008

7.2 အဘိုးနဲ့ အဘွား

အဘွားနဲ့ ကျွန်တော်နဲ့က မတည့်ဘူး။ တစောင်းစေးနဲ့ မျက်ချေးပဲ။ မှတ်မှတ်ရရ ရွာကို အလှူခံလာတယ်။ အသံချဲ့စက်ကြီးနဲ့ပေါ့။ ဘယ်သူကဖြင့် ဘယ်သူဘယ်ဝါတွေကို ဦးထိပ်ထားပြီး အလှူတော်ငွေကဖြင့် ဘယ်လောက် .. လို့ အော်ကြီးဟစ်ကျယ်ပေါ့ဗျာ။ ရွာကသေးတော့ တစ်ရွာလုံးအကုန်ကြားနေတယ်။

ကျွန်တော်လဲ အားကျမခံ သွားလှူလိုက်တယ်။ "အဘိုးဖြစ်သူ.. ဦးလှမောင်.. အဘွားဖြစ်သူ.. ဒေါ်ကြီးငွေတို့ကို အမှုးထား၍ မြေးဖြစ်သူ.. မောင်ဒီလုံး က.. အလှူတော်ငွေ ဆယ်ပြား စေတနာသဒ္ဓါပေါက်စွာဖြင့် လာရောက်လှူဒါန်းသွားပါ တယ်ခင်ဗျား.. " လို့ အလှူခံတဲ့ ဘိုးတော်က အော်တော့တာပဲ။ အဘွားက သူ့နာမည် ဖျက်ရကောင်းလားဆိုပြီး အကြီးအကျယ် စိတ်ဆိုးနေတော့တာပဲ။ အဘိုးကတော့ ၇ယ်နေတယ်။

အလှူခံတဲ့သူကလဲ.. " သူလဲ သူတတ်နိုင်သလောက် လှူတာပေါ့ခင်ဗျာ.. နည်းတယ်များတယ် ပဓါနမဟုတ်ပါဘူ.. ညောင်ပင်ကြီးလောက်လှူပေမယ့် ညောင်စေ့လောက် ရချင်ရမှာဖြစ်သလို.. ညောင်စေ့လောက် လှူပေမယ့် ညောင်ပင်ကြီးလောက်အကျိုးရချင်ရမှာမို့လို့ .. ဦးလှမောင် ဒေါ်ကြီးငွေတို့၏ မြေးအလိမ္မာ မောင်ဒီလုံးရဲ့ အလှူကို သာဓု ခေါ်ပါတယ်..." ဆိုပြီး မပြီးနိုင်မစီးနိုင် လော်စပီကာနဲ့ အော်နေလေတော့.. အဘွားပိုစိတ်ဆိုးတာပေါ့..။

အဲဒီနေ့က အဘွားက ကျွန်တော့်ကို ခပ်နာနာလေး တီးတယ်။ အဘွားကျွန်တော့်ကို ရိုက်ရင် ကျွန်တော့် အဆိုးမဆိုနဲ့ဗျ လို့ ပြောတော့ အဘွားက အံမယ် မင်းကများငါ့ကို ခြိမ်းလားခြောက်လားနဲ့ ဆိုပြီး ထပ်တီးတယ်။

ကျွန်တော်လဲ အရိုက်ခံရတာကို မှတ်ထားတယ်။ တစ်ရက် အဘွားသိပ်နေမကောင်းဘူး။ ဟဲ့. . ဒီလုံး ပရုပ်ဆီဗူး ယူခဲ့စမ်း ငါခေါင်းနည်းနည်းမူးနေတယ် လို့ အဘွားက ပြောတယ်။ ကျွန်တော်လဲ ပရုပ်ဆီဗူးထဲ နွားချေးတွေ ထည့်ပြီး အဘွားကို သွားပေးလိုက်တယ်။ အဖုံးဖွင့်ပြီး အဘွားက အားရပါးရရှုတယ်။ ဘာပြောကောင်းမလဲ.. တုတ်ကိုင်ပြီး ထမိန်စွန်တောင်ဆွဲ လိုက်ရိုက်တာ.. အဘွား အဖျားပျောက်သွားတယ်။

အဘွားတို့ခြံကအကျယ်ကြီး အနည်းဆုံး တစ်ဧကခွဲလောက်ရှိတယ်။ အိမ်သာက ခြံထောင့်မှာ။ အိမ်မကြီးကနေ တော်တော်ဝေးတယ်။ မနက်စောစော အိပ်ရထ ရှုးပေါက်ချင်ရင် အိမ်သာရောက်အောင် အတော်သွားရတယ်။

ကျွန်တော်ကတော့ အိမ်ရှေ့မှာပဲ ကော့ပန်းလိုက်တာပဲ။ အိမ်ရှေ့မှာ ကျွန်တော်သေးပန်းနေတာ အဘွားမြင်ရင် .. ဒီကလေး စည်းကမ်းသိပ်မဲ့တယ်.. ရိုင်းတယ်နဲ့ အဘွားက ကောင်းချီးပေးတယ်။

အဘွား ကျွန်တော့်ကို မဆူနဲ့ဗျ.. အဘွားဆူရင် ကျွန်တော် သေးနဲ့ စာရေးလိုက်မှာ ဆိုပြီး..

"ကကြီးရရစ် လုံးကြီးတင်ဆံခတ် .. ကြီ.. ၀စ္စနှစ်လုံးပေါက်တော့ ကြီး.. သဝေထိုး င ၀ဆွဲ ငွေ.. " ပါးစပ်ကအော်ရင်း တလင်းပြောင်ပြောင်မှာ သေးကို လိုသလို ထိန်းပေါက်ပြီး အဘွားနာမည် သေးနဲ့ ရေးပစ်လိုက်တယ်။ တစ်ခါတစ်လေ သေးကြောရှည်ရင် အောက်က underline ပါ တားပေးလိုက်တယ်။

" အမယ်လေး ကိုလှမောင် တော် အလိုလိုက်လို့ တော့်မြေး ဒီလောက်မိုက်ရိုင်းနေတာ.. မဆုံးမတော့ဘူးလား.. " နဲ့ ခုနှစ်သံချီ ဟစ်တော့တာပဲ။

" ဟေ့ကောင် ဒီလုံး လာစမ်း " ဆိုပြီး အဘိုးကလဲ ကျွန်တော့်ကို နှိပ်ကွပ်တော့တာပဲ။

Sunday, March 23, 2008

7.3 ထန်းသမားတို့ဘဝ

ရွာမှာ ပျားအုံသိပ်ပေါတယ်။ ထန်းရည်ချိုပေါတော့ သစ်ပင်တိုင်းလိုလို ပျားအုံရှိတယ်။ ညီအကိုတတွေ အားရင် ပျားလည်ဖွပ်တယ်။ အဘွားကတော့ " တံငါတသက် ပျားတဖွပ် " လို့ အမြဲပြောတယ်။

ပျားတစ်ခါဖွပ်ရင် နောင်ဘ၀မှာ တံငါတစ်သက်လုပ်ရမယ်လို့ အဘွားတို့က ယုံကြည်တယ်။ ကျွန်တော်ကတော့ တံငါလုပ်ရတာကမှ တော်သေးတယ်။ အဘွားတို့ရွာကလူတွေလို ထန်းသမားမဖြစ်ရင်တော်ပြီ လို့ ပြန်ပြောတော့ ဒီကောင်လေး လူကြီးစကား အကောင်းမထင်ဘူး လို့ အဘွားက မြည်တွန်တောက်တီးတယ်။

တကယ်လဲ ထန်းသမားဘ၀ သိပ်ပင်ပန်းတယ်။ တနေ့တနေ့ ထန်းအပင် လေးငါးဆယ်ကို မနက်ည နှစ်ကြိမ်တက်ရတယ်။ အခန့်မသင့် ထန်းပင်ပေါ်က ပြုတ်ကျ တယ်။ သေတာပဲ။ ဒီလောက် အမြင့်ကြီးကနေ ပြုတ်ကျတာ မသေ ခံနိုင်ရိုးလား။ အဲဒီလိုမျိုး ထန်းပင်ပေါ်က ပြုတ်ကျသေတာကို ထန်းလျှောတယ်လို့ အရပ်ခေါ် ခေါ်ကြတယ်။

ဘယ်သူတော့ ထန်းလျှောလို့.. တဲ့ ဆိုတာကြားရင် ကျွန်တော်တို့ ညီအကိုတွေ ပျော်တယ်။ ရွာထုံးစံအရ.. လူသေရင် .. ထမင်းကျွေးတယ်။ အလှူတွေလိုဟင်းကောင်ကောင်းနဲ့ကျွေးတာပဲ။ ရွာကခေါင်တော့ အစားအသောက်ဆင်းရဲတယ်။ အဲဒီလိုမျိုး အဖြစ်အပျက်ရှိမှ ထမင်းဟင်း ကောင်းကောင်း စားရတယ်။ ငယ်သေးတော့လဲ နားမလည်ဘူးပေါ့။ ထမင်းဟင်းကောင်း ကောင်းစားရတာကိုပဲ ပျော်နေကြတာ။

အဲဒီလို ထန်းလျှောပြီး သေတဲ့ အဖြစ်တွေက.. အခုထိလဲ ရှိနေဆဲပဲ။ သိပ်ဝမ်းနည်းစရာကောင်းတယ်။ အားလုံးကံကြောင့်လို့ ယုံကြည်နေကြတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်က ရွာက အမျိုးတွေ ကျွန်တော်တို့အိမ်လာလည်ကြတယ်။ ဘယ်သူတော့ ထန်းလျှောလို့ သေသွားပြီ။ ကလေးဘယ်နှစ်ယောက် ကျန်ခဲ့တယ်.. နဲ့ အမေ့ကို ပြောနေသံကြားတယ်။ အမေကတော့ စုပ်တသပ်သပ်နဲ့ပေါ့။

ကျွန်တော်မနေနိုင်ဘူး။ ထန်းတက်တာ ဒီထက်ပိုပြီး လုံခြုံဘေးကင်းအောင် လုပ်သင့်တယ်လို့ ၀င်ပြောမိတယ်။ ထန်းလျှက်ဈေးတွေ ဒီလောက်တောင်ကောင်းနေတာ.. ၀ါးလုံးလှေခါး (ရင်းထောင်) ကြီး အစား အလူမီနီယံလှေခါး ၀ယ်သုံးပါ့လားလို့ အကြံပေးမိတယ်။ ၀ိုင်းရယ်ကြတယ်။ တောက်တီးတောက်တဲ့ကွာ.. တသက်လုံးဝါးလှေခါးနဲ့ ထန်းတက်လာတာ ဖင်မွှေးဖြူနေပြီလို့ ဦးလေးလုပ်တဲ့သူက ပြောတယ်။

"ဦးလေးတို့က ထန်းလျှက်ဈေးလေးကောင်း ငွေပိုငွေလျှံလေး ရှိလာရင် အလှူလုပ်ဖို့ ဆိုင်ကယ်ဝယ်စီးဖို့လောက် အားထုတ်နေတာပဲ။ အလူမီနီယံလှေခါး ၀ယ်ထားရင် တစ်သက်လုံးသုံးရော့ပဲ။ ဦးလေးတို့ ၀ါးလှေခါးကြီး လျှော်ဆွေးပြီးပြတ်ကျသေတဲ့လူတွေ တောင် ရှိတယ်မဟုတ်လား... ထန်းပင်ပေါ်မှာ ထန်းပြင်ရင်လဲ ဘေးအန္တရာယ်ကင်းခါးပတ် ဆိုတာမျိုးလေး တွေ ပတ်ထားရင် မသကာ ခြေချော်လက်ချော်ဖြစ်ဦးတော့ အသက်မသေဘူးပေါ့ " လို့ ကျွန်တော်ကထပ်ပြောတယ်။

ကဲပါ မောင်ရာ.. ကံစီမံရာပေါ့ .. တဲ့။ ဦးလေးက ပြန်ပြောတယ်။ အချိန်တန်တော့လဲ ဦးလေးတို့ ရွာပြန်သွားကြတယ်။ ကျွန်တော့်မှာတော့ တနုံ့နုံ့နဲ့။

Saturday, March 22, 2008

7.4 အကို၊ Globalization နဲ့ AIDS

ကြီးကြီးကျယ်ကျယ်ပြောရရင် Globalization ခေတ်ကြီးမှာ နိုင်ငံတကာက တိုးတက်တဲ့ အတွေးအခေါ်တွေ ရောက်မလာဘဲ ရောဂါတွေပဲ ရောက်လာတယ်လို့ ခံစားနေရတယ်။ အိမ်ခြေ နှစ်ရာနှစ်ဆယ်ရှိတဲ့ မြန်မာပြည်အလယ်ပိုင်း ကားမပေါက် လှည်းလောက်သာ ပေါက်တဲ့ ရွာကလေးမှာ အေအိုင်ဒီအက်စ်နဲ့ သေတာ သုံးလေးယောက်ရှိတယ်။

ကျွန်တော့်ညီအကို ၀မ်းကွဲတွေပဲ။ အမေညီအမရင်းမွေး အကိုဝမ်းကွဲက မြို့နယ်သမ မှာ စာရေးဖြစ်တယ်။ မြို့နယ်သမက တည်းခိုခန်းဖွင့်တယ်။ အကိုက တည်းခိုခန်းမန်နေဂျာ ဖြစ်သွားတယ်။ ရွာသားက တည်းခိုခန်းမန်နေဂျာဖြစ်တော့ ရွာက အရွယ်ကောင်းလေးတွေ မြို့တက်တော့တာပေါ့။

လူတွေလေ။ ထန်းလျှက်ဈေးလေးကလဲ ကောင်းဆိုတော့ ဖြစ်ပြီပေါ့။

ရွာနဲ့မြို့နဲ့က ဆယ့်ငါးမိုင်လောက်ဝေးတယ်။ ဆိုင်ကယ်နဲ့ဆိုရင် နာရီဝက်လောက်ပဲကြာတယ်။ ဆိုင်ကယ်မရှိခင်က စက်ဘီးလမ်းပေါ့။ ထန်းတောတွေကြား က ဖြတ်လမ်းပဲ။ ရွာသားတွေဆိုတော့ လိင်ဗဟုသုတကလဲ နည်းတယ်။ ဖြစ်ကာမှ ဖြစ်ရောပဲ။ တည်းခိုခန်းကလဲ အဲဒီကိစ္စ ခိုးလုပ်တာဆိုတော့ အကာအကွယ်တွေ ဘာတွေ မထားဘူးပေါ့။

အမျိုးသမီးများကလဲ ငွေရဖို့က အရေးကြီးဆုံးပဲ။ ကျန်တာတွေ က အသေးအမွှား။ နောင်ခါလာနောင်ခါဈေး။ ကြောင်ခံတွင်းပျက်နဲ့ ဆက်ရက်တောင်ပံကျိုး.. ဖိနပ်ပြတ်နဲ့ခွေးငတ်.. စစ်ပြန်နဲ့ ရွာကျန် .. တွေ့ကြ ပြီပေါ့..။ တချို့အမျိုးသမီးများက အကာအကွယ်သုံးဖို့ တောင်းဆိုသည့်တိုင် သကောင့်သားများက ကျွန်တော်ကသိပ်သန့်တာ.. အစိုးရိမ်ကြီးတတ်ရန်ကော နဲ့ ရောဂါမျှယူတယ်။

ကျွန်တော့်အကို မန်နေဂျာကြီး တဖြည်းဖြည်းပိန်လာတယ်။

မြို့ပေါ်မှာရှိသမျှ ဆရာဝန်တွေနဲ့ ပြတယ်။ အခြေအနေက ပိုပိုဆိုးလာတယ်။ နောက်ဆုံးမှာ ဗမာဆရာက မြစ်ခြောက်နာ ပါ။ ဘာမှမစိုးရိမ်နဲ့ ပျောက်ရစေမယ် လို့ အာမခံချက်ပေးတယ်။ အလုပ်လဲ မတက်နိုင်တော့ဘူး။ အိမ်ထဲက အိမ်ပြင်တောင် မထွက်နိုင်တော့ဘူး။ (အကို တည်းခိုခန်းမန်နေဂျာဖြစ်တာနဲ့ မိသားစုလိုက် မြို့တက်နေကြတယ် ) ရပ်ကွက်ထဲက လူတွေကလဲ တောပြောတောင်ပြော ပြောနေကြပြီ။

အကို့ရဲ့ တခြားမိသားစုဝင်တွေနဲ့ စကားရပ်ပြောဖို့တောင် ရွံ့နေကြတယ်။ တီဗွီကနေ ဘယ်လိုပဲ မကူးစက်နိုင်ပါဘူး လွှင့်နေလွှင့်နေ ရှောင်တာက အကောင်းဆုံးလို့ သဘောပိုက်ထားကြတယ်။

အကို့မှာ ရည်းစားရှိတယ်။ အေးအေးမူလို့ ခေါ်တယ်။ အတော်ကြည့်ပျော်ရှုပျော်ရှိတဲ့ အမကြီးပေါ့။ အကို့ဂယက်က သူ့အပေါ်အထိ ရိုက်ခတ်တယ်။ ဒီမိန်းမလဲ ဘယ်ရက် တဖြည်းဖြည်း ပိန်လာမလဲ ဆိုတဲ့ အကြည့်နဲ့ ရပ်ကွက်ထဲမှာ အကြည့်ခံနေရရှာတယ်။ နောက်ဆုံး မြစ်ခြောက်နာ ဆရာကြီးကိုယ်တိုင် အိမ်ရိပ်မနင်းတော့ဘူး။ ဆေးလိုချင် သူ့အိမ်သွားယူရတယ်။ နောက်တော့ လူ့လောကကြီးကို အကို နှုတ်ဆက်ထွက်ခွါသွားတယ်။

သူ့နောက်မှာ ရဲအောင်.. ၀င်းနိုင်.. အစဉ်လိုက်ပါသွားတယ်။ (အားလုံး ကျွန်တော့်ရဲ့ ညီအကိုဝမ်းကွဲတွေပေါ့.. အိမ်ခြေနှစ်ရာ့နှစ်ဆယ်သာရှိတဲ့ ရွာကလေးက ရွာသားတွေပေါ့..)

အကိုမဆုံးခင် နှစ်လလောက်မှာ ကျွန်တော်အကိုတို့အိမ်ရောက်သွားခဲ့တယ်။

အိမ်ရဲ့ ပျော်ရွင်ချမ်းမြေ့ခြင်းတွေ ပျောက်ဆုံးနေပြီ။ အသုဘအငွေ့အသက်တွေ လွှမ်းခြုံနေတယ်။ တအိမ်လုံး တိတ်ဆိတ်နေတယ်။ ကျွန်တော့်ခြေသံကို ကျွန်တော်ကောင်းကောင်းပြန်ကြားနေရတယ်။ ဘုရားစင် အောက်က ခေါင်းရင်းပေါက်ဖက် ခေါင်းပြုပြီး အကို ခွေခွေလေး လှဲနေတယ်။ မျက်လုံးက ပုဇွန်မျက်လုံးလိုဖြစ်နေပြီ။ ကျွန်တော့်မြင်တော့ ခပ်ယဲ့ယဲ့ပြုံးပြတယ်။ ဒီလုံး လာသလား .. လို့ အတော်ကြိုးစားပြီး နှုတ်ဆက်တယ်။ ကျွန်တော်မျက်ရည်ဝဲလာတယ်။

အကို့ဘေးနားဝင်ထိုင်ရင်း သူ့လက်ကို ကျွန်တော်ဆုပ်ကိုင်ထားမိတယ်။ အရိုးခြောက်သာသာ အကို့လက်ကလေးတွေ တုန်နေတယ်။ ညီအကိုနှစ်ယောက် စကားမပြောနိုင်ဘဲ ငါးမိနစ်လောက် တစ်ယောက်နဲ့တစ်ယောက် ကြည့်နေမိကြတယ်။ ရှိုက်သံတစ်ချက်ထွက်လာတယ်။ အကို့အမေ ငိုရင်း အိမ်အပြင်ထွက်သွားတယ်။ အကို့လက် မွဲခြောက်ခြောက်လေးတွေပေါ် ကျွန်တော့်မျက်ရည်တွေ တလစပ်ကျလာတယ်။


ကျွန်တော့်လက်ကို ခပ်တင်းတင်းပြန်ဆုပ်ရင်း " ဒီလုံး .. မငိုနဲ့ " လို့ ခပ်တိုးတိုးလေး အကိုပြောတယ်။ အထက (၁) ကျောင်းရှေ့က ပေါက်စီစားချင်တယ် လို့ .. ဆက်ပြောတယ်။
မျက်ရည်တွေကြားက ကျွန်တော်ရယ်မိတယ်။ အရေပြားသာသာ ကျန်တော့တဲ့ နှုတ်ခမ်းနှစ်ခုကြားက သွားပေါ်အောင် အကိုပြုံးတယ်။

အထက ( ၁ ) ကျောင်းရှေ့က လဘက်ရည်ဆိုင်မှာ ညီအကိုနှစ်ယောက် ထိုင်ခဲ့တာကို သတိရ မိတယ်။အဲဒီတုံးက ကျွန်တော်ဆယ်တန်းအောင်ခါစ။ တက္ကသီလာကလဲ ဘယ်မှာမှန်းမသိသေးတဲ့အချိန်။ ရွာသားမြို့တက်တယ်ပေါ့။ အကိုက အဲဒီအချိန်တုံးက မြို့နယ်သမမှာ စာရေးဝန်ထမ်းဖြစ်နေပြီ။

ညီအကိုနှစ်ယောက် ထိုင်နေကျ လဘက်ရည်ဆိုင်ရှိတယ်။ အထက ( ၁ ) ကျောင်းရှေ့ကဆိုင်။ နာမည်က ဆုံဆည်းရာ လို့ ခေါ်တယ်။ လုံချည်စိမ်းအင်္ကျီဖြူနဲ့ မြို့သူလေးတွေ စက်ဘီးစီးသွားတာကို ညီအကိုနှစ်ယောက် ထိုင်ငမ်းကြတယ်။ စားပွဲထိုးကောင်လေးက မြင့်မောင်လို့ခေါ်တယ်။ ကျွန်တော်တို့နဲ့ သိပ်ခင်တယ်။ ကျွန်တော်တို့ ဆိုင်ထဲဝင် ထိုင်လိုက်တာနဲ့ မြင့်မောင်က..

"အကိုတို့ ဘယ်လို သောက်မလဲ " လို့ မေးတယ်။

" ပါးစပ်နဲ့ သောက်မှာပေါ့.. " လို့ ကျွန်တော်ပြန်ဖြေတယ်။ သူတို့ဆိုင်က ထမင်းသုတ် ထမင်းကြော်လဲ ရတယ်။

"ထမင်းကြော်တစ်ပွဲပေးပါ" ဆိုရင် မြင့်မောင်က .. "ဘာနဲ့ ကြော်ရမလဲ " လို့မေးတယ်..။ "ဒယ်အိုးနဲ့ ကြော်ပေါ့ကွ.. " လို့ ကျွန်တော်ကပြန်ပြောလေ့ရှိတယ်..။ မဟုတ်ပါဘူးအကိုရာ ၀က်သားနဲ့လားကြက်သားနဲ့လားလို့ မေးတာပါလို့ မြင့်မောင်က စပ်ဖြီးဖြီးနဲ့ ပြောတယ်။ အဲဒီကနေ ခင်သွားကြတာပဲ။

တစ်ရက်ညီအကိုနှစ်ယောက် ပိုက်ဆံသိပ်မပါဘူး..။

အကိုက ပေါက်စီအရမ်းစားချင်နေတယ်။ လဘက်ရည်ဘိုးလောက်ပဲ ပါတယ်။ အကိုက ပေါက်စီကို ဖင်ဖောက်ပြီး အစာတွေ နှိုက်စားတယ်။ ပြီးမှ ဟန်မပျက် ပြန်ထားခဲ့တယ်။ တခါတလေ ပေါက်စီထည့်တဲ့ ပုဂံကို စားပွဲခုံအောက်က ထောင့်မှာ ညှပ်ထားခဲ့တယ်။ ပိုက်ဆံရှင်းတော့ ပေါက်စီပုဂံမတွေ့ရင် ပေါက်စီဘိုး ရှင်းစရာမလိုဘူး။

ပြီးမှ ညီအကိုနှစ်ယောက် စက်ဘီးအတင်းနင်းပြီး ပြေးကြတယ်။ လမ်းရောက်မှ ရယ်ကြတယ်။ ဘ၀ရဲ့ ပျော်စရာ အတိတ်ကအစိတ်အပိုင်းတစ်ခုပေါ့။

အဲဒါကြောင့် " အထက ( ၁ ) ရှေ့က ပေါက်စီစားချင်တယ် " လို့ အကိုပြောတော့ ကျွန်တော်ရယ်မိတာ။

အကို့နားမှာ သုံးလေးရက်နေပြီး ကျွန်တော်ရန်ကုန်ပြန်လာခဲ့တယ်။ နောက်နှစ်လကြာတော့ အကိုဆုံးသွားပြီ ဆိုတဲ့ သတင်းရောက်လာခဲ့တယ်။ အကို့အသုဘကိုတော့ ကျွန်တော်မရောက်ဖြစ်တော့ပါ။

ဆောင်းတစ်ညမှာ ဖြစ်တည်လာခဲ့တဲ့ မြက်ပင်ပေါ်က နှင်းတစ်စက် နောက်တစ်နေ့ နေထွက်လာတာနဲ့ ကွယ်ပျောက်သွားသလိုမျိုးပါပဲ။ အကို လဲ ကွယ်ပျောက်သွားခဲ့တယ်။ သူမှီတွယ်ခွင့်ရခဲ့တဲ့ မြက်ပင်ကလေးကို နှင်းစက်အဖြစ်ကနေ ရေတစ်ပေါက် လက်ဆောင်ပေးခဲ့နိုင်ပေမယ့် အကို့ အဖြစ်ကတော့ သူနဲ့သူ့ပါတ်ဝန်းကျင်ကို အေအိုင်ဒီအက်စ်ပဲ ဖြန့်ဝေပေးနိုင်ခဲ့တယ်။

ဘယ်သူမပြုမိမိမှု ဆိုပေမယ့် ကလေးငယ်တစ်ယောက် ဖယောင်းတိုင်မီး ကိုင်မိတာ မိဘအပြစ်ပဲ။ ကျွန်တော်တို့ တတွေဟာ အခိုက်အတန့်ပေါင်းများစွာမှာ ကလေးငယ်နဲ့ ဘာထူးလို့လဲ...။ ထမင်းရေပူ လျှာလွှဲတာတော့ မဟုတ်ဘူး။ ကျွန်တော်တို့ ဦးနှောက်တွေ မဖွံ့ဖြိုးသေးဘူး..။

တနေ့က သတင်းတစ်ပုဒ်ဖတ်ရတယ်။ ကိုလံဘီယာနိုင်ငံမှာ အသက်ဆယ့်လေးနှစ်ကျော်ရင် ကွန်ဒုံး မဖြစ်မနေဆောင်ထားရမယ်တဲ့..။ မှတ်ပုံတင်စစ်သလို.. စစ်တဲ့အချိန်.. ကွန်ဒုံးဆောင်မထားတဲ့ ယောက်ျားမိန်းမ မှန်သမျှ.. အရေးယူမယ်တဲ့ဗျား..။

Friday, March 21, 2008

7.5 ကျောင်းဆရာပေါက်စကျွန်တော်

ဆယ်တန်းအောင်ပြီး လေးငါးလလောက် ယောင်ချာချာဖြစ်နေခဲ့တယ်..။ ဒါပေမယ့် ဆယ်တန်းကို နှစ်နှစ်ဖြေခဲ့တဲ့ အကျိုးကျေးဇူးက ကျုရှင်ဆရာဖြစ်ဖို့ ဖန်လာခဲ့တယ်..။ ရွာက အသစ်ဖွင့်လိုက်တဲ့.. အမက မှာလဲ.. လုပ်အားပေး ကျောင်းဆရာလေး ဖြစ်လာခဲ့တယ်..။

အဲဒီကျောင်းမှာ တရားဝင်ခန့်ထားတဲ့ အမြဲတမ်း ဆရာဆရာမတွေက.. ကျွန်တော်တို့လို လုပ်အားပေးဆရာလေးတွေကို မြှောက်ပေးပြီး ကျောင်းလုံးဝမတက်တော့ဘူး..။ တခြားစီးပွားရေးကိုသာ ဦးစားပေး လုပ်နေကြတယ်..။ ကျွန်တော်နဲ့ ၀င်းနိုင်ဦးခမျာ.. လူမမယ်ကလေးငယ်များနဲ့ နပမ်းလုံး နေရတော့တာပဲ။ သူငယ်တန်းကနေ လေးတန်းအထိ .. လိပ်ခေါင်းထွက်မတတ် စာသင်ပေးရတယ်။

အထူးသဖြင့် သူငယ်တန်းကလေးတွေကို သင်ရတာ အတော်ပင်ပန်းတယ်။ ဒီနေ့ ကကြီးခခွေး သင်ပြီးလို့ နောက်နေ့ အသစ်တက်သင်မယ် စိတ်မကူးနဲ့။ နောက်နေ့လဲ အစကနေ ပြန်သင်ရတယ်။

သူငယ်တန်းဖတ်စာမှာ တစ် ကနေ တစ်ဆယ်အထိ ကို ကဗျာလေးနဲ့ သင်ရတယ်..။

"တစ်နှစ် ဖူးပုရစ်၊ သုံးလေး လေချိုသွေး၊ ငါးခြောက် ပန်းတွေကောက်၊ ခုနှစ်ရှစ် တေးဆိုဟစ်၊ ကိုးတစ်ဆယ် ဥယျာဉ်ဝယ်..။ " ဆိုတဲ့ ကဗျာလေးပေါ့။

ကျွန်တော်က ရှေ့ကနေ ချပေးတယ်..။ ကလေးတွေက သံပြိုင်လိုက်အော်ကြတယ်။ အလွတ်ရသွားကြတယ်။ ဒါပေမယ့်နောက်နေ့ ပြန်မေး.. ဘယ်သူမှ မရတော့ဘူး။ သိပ်စိတ်ပိန်ဖို့ကောင်းတယ်..။

အဲဒါနဲ့.. teaching technique ပြောင်းမှ ဖြစ်တော့မယ်လို့ ကျွန်တော်စဉ်းစားမိတယ်။ ကလေးတွေခမျာ ဖူးပုရစ်ဆိုတာ ဘယ်သိမလဲ။ ပုရစ်ဖူးလေးတွေ ဝေစီနေ တယ်ဆိုတဲ့ စကားလုံးဟာ.. လူကြီးတွေတောင် တော်တန်ရုံသိတာမဟုတ်ဘူး..။ သုံးလေး လေချိုသွေး လို့ အော်သာအော်နေကြတာ..။ လေချို ဆိုတာ ဘာမှန်းမသိကြဘူး။ လေကြီးက ချိုသတဲ့ လို့ တွေးနေကောင်းတယ်။ တောကလေးတွေ ဥယျာဉ်ဆိုတဲ့ စကားလုံး လဲ နားဝေးတာပဲ..။ အဲဒါကြောင့် အဲဒီကဗျာကို သူတို့ အရခက်နေကြတာပဲ..။

အဲဒါနဲ့ ကဗျာကို.. အခုလို ကျွန်တော်ပြင်လိုက်တယ်။

" တစ်နှစ် အီးတဘစ်ဘစ်၊ သုံးလေး အီးတွေဆေး၊ ငါးခြောက် အီးတွေပေါက်၊ ခုနှစ်ရှစ် အီးတွေညှစ်၊ ကိုးတစ်ဆယ် အီးရှုမယ်..။ "

ကဲ.. သံပြိုင်လိုက်ဆိုကြဆိုပြီး ရှေ့က ချပေးလိုက်တယ်။ အော်လိုက်ကြတာ.. ကျောင်းတောင်တုန်တယ်။

နောက်နေ့ ပြန်သင်စရာမလိုတော့ဘူး။ ကာလီဒါသရဲ့ မိုးစေတမန် လို ကမ္ဘာမကျော်ပေမယ့် ရွာကျော် အီးစေတမန်ကဗျာတော့ ဖြစ်သွားခဲ့တယ်။ ကလေးတွေက ရပ်ကွက်ထဲမှာလဲ တကြော်ကြော်အော်ဆိုတဲ့ ကဗျာတစ်ပုဒ်ပေါ့။

နောက်ဆုံး ကျောင်းသားမိဘများကတောင် ဆရာလေးရယ် ပေါက်ပေါက်ရှာရှာ လို့ ပြောလာကြတဲ့အထိပဲ။

အတန်းလေးတန်းကို ကျွန်တော်နဲ့ ၀င်းနိုင်ဦး နှစ်ယောက်ထဲ သင်နေရတာ ပင်ပမ်းလွန်းတယ်။ အဲဒါနဲ့ ကျောင်းစောင့် ဖိုးနီတာကို တစ်ခါတစ်ရံ သူငယ်တန်းသင်ခိုင်းရတယ်။ ဖိုးနီတာက လေးတန်းတောင် အောင်တဲ့ကောင်မဟုတ်ဘူး။ အသက်ကတော့ ကျွန်တော်တို့နဲ့ ရွယ်တူပဲ။ သူလဲ အနန္တဂိုဏ်းဝင် ဆရာဖိုးနီတာဖြစ်လာခဲ့တယ်။ ဒါပေမယ့် သူ့ကြောင့်မကြာခန ပြဿနာတက်တယ်။

စနေ တနင်္ဂနွေက ထုံးစံအတိုင်းကျောင်းပိတ်တယ်။ တနင်္လာ သောကြာ ငါးရက်ဖွင့်တယ်။ တနင်္လာနေ့မှာ ဆရာဖိုးနီတာကို သူငယ်တန်းကလေးတစ်ယောက်က မေးတယ်။

"ဆရာဖိုးနီတာ မနက်ဖန်ကျောင်းပိတ်လား " တဲ့..။

စနေတနင်္ဂနွေ နှစ်ရက်ပိတ်ပြီးလို့ ဒီနေ့မှာ ကျောင်းပြန်ဖွင့်တယ်.. မနက်ဖန်ကျောင်းပိတ်သလားလို့ လာမေးရ ကောင်းလားဆိုပြီး ဆရာဖိုးနီတာက.. ဒေါကြီးမောကြီးနဲ့..

" ငါ့ -..ီး ပိတ် " လို့ အဲဒီကလေးကို အော်သတဲ့။

သူ့ကလေးကို ဖိုးနီတာ ဆရာလုပ်နေတာတောင် လွန်လွန်းနေပြီ.. အခုတော့ ငါကိုင်တုတ်တဲ့အဆင့်အထိ ရောက်လာပြီ.. ဖိုးနီတာ ဆက်သင်ရင်.. ကျောင်းမထားတော့ဘူး ဆိုပြီးကျောင်းသားမိဘတွေက အရေးဆိုကြတယ်။ ကျောင်းပစ်ပြီး ရွာဈေးမှာ ဆန်ဆီထွက်ရောင်းနေတဲ့ ကျောင်းအုပ်ကြီးပါ တောင်းပန်ရတယ်။ နောက်တော့ ဖိုးနီတာကို ပင်စင်ပေးလိုက်ရတယ်။

ကျွန်တော်နဲ့ ၀င်းနိုင်ဦးကတော့ ဒုံရင်းဒုံရင်းပေါ့။ နောက်တော့ အသားကျလာခဲ့တယ်။ စာသင်လို့ ပျင်းရင် ကလေးတွေကို အုပ်စုနှစ်စုခွဲပြီး သီချင်းဆိုပြိုင်ခိုင်းတယ်။ နပမ်းလုံးခိုင်းတယ်။ အဲဒီတုံးက ကော်နီရဲ့ ကိုကိုချစ် သီချင်းက ဟော့နေတဲ့ အချိန်ပေါ့။ စာသာမရတာ.. အဲဒီသီချင်းကို ကလေးအားလုံး အလွတ်ရတယ်။

ရွာမှာ အထက်တန်းကျောင်းကြီး တစ်ကျောင်းရှိတယ်။ ကျွန်တော်လုပ်အားပေးတဲ့ မူလတန်း ကျောင်းကလေးက အသစ်ဖွင့်လိုက်တာပဲ။ အမက (၂) ပေါ့။ ကျောင်းသစ်က ဆောက်လုပ်စဲ ဆိုတော့ ရွာက တံတားပေါ်က ဇရပ်နှစ်ဆောင်မှာယာယီ သင်ရတယ်။

အထက်တန်းကျောင်းကြီးက ကျောင်းဆင်းလာရင် အဲဒီဇရပ်ရှေ့က ဖြတ်ပြန်ကြရတယ်။ အဲဒီတုံးက ခင်မျိုး ဆိုတဲ့ ဆယ်တန်းကျောင်းသူက အတော်လှတယ်။ ကျွန်တော့်ထက်တော့ ငယ်တယ်။ ဒါပေမယ့် ဆယ်တန်းကျောင်းသူဆိုတော့.. အပျိုဝင်စလေးပေါ့။ အဲဒီကောင်မလေးကို ကျွန်တော် မျက်စိကျတယ်။ သူတို့က ကျောင်းဆင်းရင် သူငယ်ချင်းသုံးယောက် အတူပြန်လေ့ရှိတယ်။ ကျွန်တော်စာသင်တဲ့ ဇရပ်နားကို သူတို့ ရောက်တာနဲ့ ကလေးတွေက..

"အမကြီးမခင်မျိုး အလွန်လှ၏... ဆရာလေးက ကြိုက်နေသည်.. တချက်လောက် လှည့်ကြည့်ပါ.." လို့ သံပြိုင်အော်ကြတယ်။

မအော်တဲ့ကောင် အရိုက်ပဲ လို့.. ကျွန်တော်က ကြိမ်းထားတာ။ ( အဟတ်ဟတ် )

ခင်မျိုးက ဒေါကြီးမောကြီးနဲ့ လှည့်ကြည့်ရင် ကလေးတွေက.. ဟေး .. လို့ ၀ိုင်းအော်ကြတယ်။ ကျွန်တော်ကတော့ အရှက်မရှိတဲ့ မျက်နှာနဲ့စပ်ဖြဲဖြဲ လုပ်နေလိုက်တယ်။ နောက်တော့ ကျွန်တော်တို့ ဇရပ်ရှေ့က မပြန်ဘဲ တခြားလမ်းက ပြန်တယ်။ ကျွန်တော်တို့လဲ ကျောင်းဆောင်သစ်ကို မကြာခင်မှာ ပြောင်းကြရတယ်။

အဲဒီလိုနဲ့ တက္ကသိုလ်တွေ ဖွင့်ပြီလို့ သတင်းရောက်လာတယ်။ ကလေးတွေနဲ့ ခွဲခွါရဖို့ ဖြစ်လာခဲ့တယ်။ ပူဇော်ထိုက်သူကို ပူဇော်ခြင်းဟာ မင်္ဂလာတစ်ပါးဖြစ်သည်နှင့်အညီ ဆရာကန်တော့ပွဲလုပ်ဖို့ ပြင်ဆင်ကြတယ်။

ဆရာကန်တော့ပွဲဖြစ်မြောက်ရေးကော်မတီကတော့ ကျွန်တော်နဲ့ ၀င်းနိုင်ဦးပဲ။ (ဟဲဟဲ)

(ကိုယ့်အလှည့်တုံးကတော့ ဆရာတွေကို ဘာကြောင့်ကန်တော့ရတာလဲလို့ မချေမငံ ပြန်မေးခဲ့တဲ့ ကျွန်တော်.. ဒီတစ်ခါတော့.. ကိုယ်က ဆရာလုပ်ပြီး အကန်တော့ခံဖို့ လုပ်တယ်။ အတော်တရားတဲ့ကောင်ပဲ.. ဟဲဟဲ။)

ကလေးတွေ ငိုယိုပြီးတောင်းလာတဲ့ ပိုက်ဆံလေးတွေစုပြီး ကိုယ်ကြိုက်ရာကိုယ်ဝယ် ထိုင်အကန်တော့ခံပြီး တက္ကသီလာမြကျွန်းသာကို ကျွန်တော်ထွက်ခွါလာခဲ့တယ်။

တကယ်တော့ ကျောင်းသားမိဘတွေကိုယ်နှိုက်က ကြည်ကြည်ဖြူဖြူရှိလှပါတယ်...။ အဲဒီ မူလတန်း ကျောင်းလေးမှာ လုပ်အားပေး ကျောင်းဆရာလုပ်နေသလို.. ညနေတိုင်း ဆယ်တန်း ကျောင်းသား ကျောင်းသူတွေကို ဓါတုဗေဒ ကျုရှင်ပေးပါတယ်။ ခင်မျိုးနဲ့ သူ့သူငယ်ချင်းများကလွဲလို့ ရွာမှာရှိတဲ့ ဆယ်တန်းကျောင်းသားကျောင်းသူတော်တော်များများ ကျွန်တော့်ကျုရှင်မှာတက်ကြတယ်။

ရွာမှာ ကြီးကြီးငယ်ငယ် ကျွန်တော့်ကို ဆရာ လို့ ခေါ်ကြတယ်။ ကျုရှင်လခမယူဘူး..။ ကျွန်တော်တက္ကသိုလ် သွားခါနီး ၀ိုင်းဝန်းကန်တော့ကြတယ်။ လုံချည်.. အင်္ကျီစ.. ဆပ်ပြာခဲ.. သွားတိုက်ဆေး.. ဖိနပ်.. နဲ့ ပိုက်ဆံ တွေပါတယ်..။ ကန်တော့ခံ ပိုက်ဆံထဲက တချို့ကို မိဘများ ပြန်ကန်တော့ခဲ့ရတယ်။ ကျန်တဲ့ပိုက်ဆံဟာ ကျွန်တော့်ရဲ့ တစ်နှစ်စာ ကျောင်းစားရိတ်ပဲ။

Saturday, March 15, 2008

6.1 ရွာတန်ဆာလေး မြသီ

အဲဒီအချိန် ကနေဒါက ရေနံရှာဖွေရေးအဖွဲ့တွေ ရွာရောက်လာတယ်။ ရွာက ဆိပ်ကမ်းကောင်းတော့ ရေနံ ရှာဖွေရာမှာ အသုံးပြုမယ့် စက်ကြီးတွေကို သဘောင်္နဲ့ သယ်လာပြီး ရွာမှာ ချတယ်။

သူတို့ရောက်လာမှ သဘောင်္ဆိပ်ကို ကားတိုက်ရိုက်သွားလို့ရတယ်။ သူတို့စားရိတ်နဲ့သူတို့ လမ်းဖောက် လိုက်တာကြောင့်ပဲ။ ရွာလဲ သိသိသာသာ စည်ကားလာတယ်။ ဘောင်းဘီတိုကြီးတွေ တကားကားနဲ့ မျက်နှာနီနီ ဘို တွေကိုလဲ ရွာလမ်းမပေါ်မှာ တွေ့နေရပြီ။

အဖေကတော့ "အင်း ရွာတော့တိုးတက်ပျက်စီးဦးမှာပဲ .."လို့ မှတ်ချက်ပြုတယ်။ သူ့ဘော်ဒါ ဥက္ကဌကြီး ဦးကျော်အောင်ကတော့ .. "အရင်က အရပ်ပျက်ကလေးတွေ.. အခုတော့ သိသိသာသာ ဖာဖြစ်တော့မှာပဲ.. " လို့ ဆိုတယ်။

တကယ်လဲ ဟုတ်တယ်။ နေ့ခင်းတနေ့လုံးမရပ်မနား ဘိုတွေ အလုပ်လုပ်တယ်။ ညရောက်ရင် ဘိုအပါးတော်မြဲတွေက ဟိုကိစ္စကို စီစဉ်ပေးကြတယ်။ ရွာမှာ အရင်ကတည်းက လက်စလက်နရှိတဲ့ စန်းစန်းဝင်းတို့ မမြသီ တို့ ခေတ်ပေါ့။

ကြုံတုံး မြသီအကြောင်း ပြောရအုံးမယ်။ သူက ရွာမှာ လူတကာသိတဲ့ ရွာတန်ဆာပဲ။ ( ပြည့်တန်ဆာမဟုတ်ဘူး ရွာမှာမို့လို့ ရွာတန်ဆာလို့ ခေါ်တယ်) ရွာရဲ့ စည်ပင်သာယာ ဈေးခေါင်းက ဦးထွန်းရီလို့ခေါ်တယ်။ ဦးထွန်းရီမိန်းမ ဒေါ်မြင့်မြင့်စန်းက သေတာကြာပြီ။ ဦးထွန်းရီမှာ သားချည်း ငါးယောက်ရှိတယ်။ အားလုံး အရွယ်ရောက်နေကြပြီ။

ရွာဈေးက နေ့လည်ဆယ့်တစ်နာရီလောက်ဆို ဈေးကွဲတယ်။ ဦးထွန်းရီက မနက်စော ခုနှစ်နာရီလောက်ဆို ဈေးကောက်တယ်။ ဈေးခွန်တောင်းတာကို ကျွန်တော်တို့ရွာက ဈေးကောက် ကောက်တယ်လို့ ပြောကြတယ်။ မနက်စော ဈေးကောက်ရင်း မြသီကို ဦးထွန်းရီက နေ့လယ်အိမ်လာခဲ့.. လို့ တိုးတိုးတိတ်တိတ်မှာတယ်။

ဦးထွန်းရီက မိုက်စိန်ကျော်နဲ့ ဘော်ဒါ။ မိုက်လုဖက်။ သူတို့က ဂေါပကလူကြီးတွေ။ နေ့လည် ဆယ့်တစ်နာရီလောက် ဈေးခေါင်းကွဲတဲ့အချိန် ဦးထွန်းရီအိမ်ပြန်လာတယ်။ မြသီက ငုတ်တုတ်။

ဦးထွန်းရီရောက်တာနဲ့ မြသီက ပိုက်ဆံဆီးတောင်းတယ်။ ဟ.. ငါကအခုမှရောက်တာ ပိုက်ဆံဘာလို့ တောင်းရတာလဲ လို့ ဦးထွန်းရီက ပြောတော့ .. "ရှင့်သားတွေ ဦးသွားပြီ.. ပိုက်ဆံက အဖေ့ဆီတောင်းဆိုလို့ ကျွန်မစောင့်နေတာ.. " လို့ မြသီကပြောတယ်။

ရွာမှာ ဦးထွန်းရီရှင့်သားဦးသွားပြီ ဆိုတဲ့ စကားတစ်ခွန်းပေါ်လာခဲ့တယ်။

မြသီရဲ့ ပုံမှန်အလုပ်က ဧရာဝတီတကြော စုန်ဆန်မျောနေတဲ့ ရေနံတင်သဘောင်္ကြီးတွေပဲ။ အဲဒီသဘောင်္ကြီးတွေ လာမယ့်ရက်ကို မြသီတို့ အလွတ်ရတယ်။ ဒီနေ့ ကျွဲပေါက်လာမယ်။ ဆင်ကြီးက နောင်တစ်ပတ်မှ လို့ သူတို့ပြောလေ့ရှိတယ်။ အဲဒီရေနံတင်တွဲတွေကို ကျွဲပေါက် တို့ ဆင်ပေါက်တို့ အစရှိတဲ့ တိရိစ္ဆာန် နာမည်တွေပေးထားတယ်။

အဲဒီသဘောင်္ကြီးတွေ ရွာမရောက်မီ နှစ်မိုင်လောက်အလိုကနေ မြသီတို့က လှေကလေးနဲ့ စောင့်နေကြတယ်။ သဘောင်္ကြီးလာတာနဲ့ လှေနဲ့အသာကပ်ဘေးချင်းယှဉ်ပြီး တက်သွားကြတာပဲ။ သဘောင်္ပေါ်က ပုရိသများ အကြိုက် အရက် အသားငါး အစုံယူသွားကြတယ်။ မြသီလဲ ပါတာပေါ့ဗျာ။ အရောင်းအ၀ယ်ကတော့ ဘာတာ စံနစ်နဲ့ပဲ။ ကြက်သားကြိုက်ကြိုက် ကြက်ကောင်လုံးကြိုက်ကြိုက် ရေနံနဲ့ လဲတာပဲ။

ကျွန်တော်တို့ရွာရဲ့ ရေနံဆီထောက်ပံ့ရေး လမ်းကြောင်းက အဲဒီကနေလာတာပဲ။ ရွာရဲ့အလင်းကို ဆောင်သူတွေထဲမှာ မြသီလဲ ပါတယ်လို့ ပြောရမယ်။ ကျေးဇူးဆိုတာ အဲဒီလိုကြံဖန်တင်ရတာပဲ။ တကယ်ဆို ရေနံဆီ တစ်အာတာ (ပုလင်းဝက် ) ကုန်အောင်စာကြည့်တဲ့ ကျွန်တော်အပေါ်မှာ မြသီကျေးဇူးရှိရှာတယ်။

ဘိုတွေနဲ့ ပတ်သက်ပြီး အင်္ဂလိပ်စာ မတောက်တခေါက်တတ်သူ တောက်တောက်ခေါက်ခေါက်တတ်သူတွေ ဆိုင်ရာဆိုင်ရာ အလုပ်ရကုန်ကြတယ်။

Friday, March 14, 2008

6.2 ဂလုံးဂလုံးဝိုင်း

တိုက်တိုက်ဆိုင်ဆိုင် နှစ်စဉ်ကျင်းပတဲ့ ရွာဘုရားပွဲက အချိန်ကျလာတယ်။ ဆယ့်နှစ်ပွဲသမားတွေလဲ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်ကုန်တယ်။ ဆယ့်နှစ်ပွဲသမားဆိုတာ ဆယ့်နှစ်ရာသီ ဘုရားပွဲတကာလှည့်ပြီး လောင်းကစားဝိုင်း လိုက်ထောင်စားသူတွေကို ခေါ်တာပဲ။

ခေတ်အစားဆုံးကတော့ ကျွန်တော်တို့အရပ်အခေါ် ဂလုံးဂလုံး ၀ိုင်းတွေပဲ။ ခြောက်ကောင်ဂျင်လို့လဲ ခေါ်ကြတယ်။ အံစာတုံးလို ခြောက်မျက်နှာပါတယ်။ မျက်နှာတစ်ဖက်စီမှာ တိရိစ္ဆာန်တစ်ကောင်စီပါတယ်။

ဆင်.. ပုဇွန်.. လိပ်.. ကျား.. ငါး.. ကြက်.. ခြောက်ကောင်ပဲ။ အရွယ်တူ ဆိုက်ဒ်တူ အံစာတုံးသုံးတုံးကို အမြင့်တင်ထားပြီး ကြိုးနဲ့ အောက်ကို ဆွဲချတာပဲ။ အောက်ခံ အသားခုံပေါ် အံစာတုံးတွေ လိမ့်ဆင်းလာပြီး အပေါ်မျက်နှာပြင်ပေါ်က တိရိစ္ဆာန်ကောင်ကို ပေါက်မဲထားတာပဲ။ အံစာတုံးကြီးတွေ လိမ့်ဆင်းလာတဲ့ အသံက.. ဂလုံး ဂလုံးနဲ့ မြည်လို့ ရွာကလူတွေက အဲဒီလောင်းကစားဝိုင်းတွေကို ဂလုံးဂလုံးဝိုင်းလို့ ခေါ်တာပဲ။

ဂလုံးဂလုံးဝိုင်းတွေကို ဘိုတွေလဲ အားပေးတယ်။ ရွာမှာ ငွေက အတော်တန်ဘိုးရှိတယ်။ ဘိုတွေကတော့ ကျွန်တော်တို့ တန်ဘိုးထားလောက်တဲ့ ပမာဏကို ငွေဘယ်ထင်မလဲ။ သူတို့ ထိုးတဲ့ဝိုင်းမှာ လူသိပ်စည်တယ်။

တချို့လဲ မစားရညှော်ခံ ဆိုတာမျိုးပေါ့။ ဘို တွေထိုးတဲ့ ငွေစက္ကူအထပ်လိုက်ကို သွားရေတမြားမြားနဲ့ လိုက်နှမြောနေ အားကျနေကြတယ်။ ဘိုနောက်လိုက်တွေကလဲ ကြက်တူရွေးကတော်တော် မယ်ဘော်က ကဲကဲ ဆိုတာမျိုးပဲ။

သူ့ဆရာ ဘိုထိုးထားတဲ့ အကောင်ကို ဘိရုမာလို့ မအော်ဘူး။ အင်္ဂလိပ်လို့ ဆူညံနေအောင် အော်နေတယ်။ အံစာတုံးတစ်တုံးကျလာတာနဲ့ ပေါက်တဲ့အကောင်ကို ဘိုလို အော်တယ်။ ဆင် ပေါက်ရင် အဲလီးဖင့် အဲလီးဖင့်... ကျားပေါက်ရင် .. တိုက်ဂါး တိုက်ဂါး.. နဲ့အော်တာပဲ။ အော်ရင်းတန်းလန်း ပုဇွန်ပေါက်တော့ .. အဲလီးဖင့် အဲလီးဖင့် တိုက်ဂါး.. တိုက်ဂါး လို့ အော်နေရင်းကနေ.. " ပုဇွန်တုတ်ကြီးကွ" လို့ ထအော်တယ်။

ပုဇွန်ကိုကျတော့ ခမျာ ဘိုလို မသိတော့ဘူး။ ကျွန်တော်တို့တွေ ၀ိုင်းရယ်ကြတာပေါ့။

Thursday, March 13, 2008

6.3 ဘိုဖင်နှိုက်ပြီး ဘီယာသောက်ခြင်း

ဂလုံးဂလုံးဝိုင်းကို ဘိုတွေနဲ့အတူ မြသီလဲ ပါလာတတ်တယ်။ ဘိုတွေက ဘီယာအလွန်သောက်တယ်။ ရွာမှာ ဘီယာမရှိဘူး။ မြို့က၀ယ်လာပြီး ရေခဲဗူးထဲ ထည့်ပြီး သောက်ကြတာပဲ။ ဘီယာထည့်ထားတဲ့ ရေခဲဗူးက တစ်ဖက် မြသီကတစ်ဖက်နဲ့ အလုပ်ရှုပ်နေတဲ့ အဖြူကောင် ဘိုကို ကျွန်တော်တို့ သူငယ်ချင်းတတွေက ကြည့်မရဘူး။

ဂလုံးဂလုံးဝိုင်းကို ဘုရားမီးစက်က မီးပေးထားတယ်။ တစ်ဝိုင်းကို ခြောက်ဆယ်ဝပ်မီးလုံးတစ်လုံး ပေးထားတယ်။ ဂလုံးဂလုံး ထိုးရင်း ဘိုက မြသီကို ဖက်ထားတယ်။ သူ့လက်က အငြိမ်မနေဘူး။ ဟိုကိုင်ဒီကိုင်လုပ်နေတယ်။

ရွာမှာ လူကြားထဲ ဖက်တာတောင် လွန်လွန်းနေပြီ။ လူပုံအလယ် ဟိုကိုင်ဒီကိုင် လုပ်တာမျိုးဆိုတာ ကမ်းကုန်နေပြီ။ သူတို့ယဉ်ကျေးမှုနဲ့ ကျွန်တော်တို့ယဉ်ကျေးမှု ကွာဟချက်က ကျွန်တော်တို့ သူငယ်ချင်းတသိုက်ကို ကျလိကျလိဖြစ်စေတယ်။ မြသီတောင် အနေရခက်နေဟန်ရှိတယ်။ မျက်လွှာအောက်ချပြီး ရှက်နေတယ်။ တားလို့လဲ ခက်..ငြိမ်ခံနေဖို့လဲ ရှက်.. ဖြစ်နေတာပေါ့။

နောက်ဆုံး ၀င်းနိုင်ဦးဆိုတဲ့ ကျွန်တော့်သူငယ်ချင်းက ဘို နောက်သွားရပ်ပြီး ဘိုကို ဖင်နှိုက်တယ်။ မျိုးသန့် က ခြောက်ဆယ်ဝပ်မီးလုံးကို ခုံဖိနပ်နဲ့ လှမ်းပစ်ခွဲတယ်။ ကျွန်တော်က ဘို့လက်ထဲက ရေခဲဗူးကြီးလုပြေးတယ်။ မီးမှောင်တော့ ထိုးထားတဲ့ ပိုက်ဆံတွေဝိုင်းလုကြတယ်။ တချို့က လုနေတဲ့ လူအုပ်ကြီးပေါ် အသားလွတ်တက်ခုန်ကြတယ်။ ရုန်းရင်းဆန်ခတ်နဲ့ ပွဲပျက်ကရော။

ခဏကြာတော့ သူငယ်ချင်းတတွေ ရန်အောင်မြင်ဘုရားထဲမှာ ဘီယာ သောက်ကြတယ်။ အဲဒီဘုရားက ချောင်ကျတယ်။ မှောင်တယ်။ ဘ၀မှာ ဘီယာဆိုတာကို ပထမဦးဆုံးအကြိမ်သောက်ဖူးတာပဲ။ အဲဒီတုံးက ပျော်လိုက်တာ။ ၀င်းနိုင်ဦးက အခုရွာမှာ ကျောင်းဆရာဖြစ်နေတယ်။ မျိုးသန့်ကတော့ အေအိုင်ဒီအက်စ်နဲ့ သေသွားတာ အခုဆို ခြောက်နှစ်လောက်ရှိပြီ။ ( ကျွန်တော်ကတော့ window period လားမသိဘူး.. အဟတ်ဟတ်)

လုလာတဲ့ ဘီယာဗူးတွေကို ကုန်အောင်သောက်ပြီး ရေခဲဗူးကြီးကို ဆင်းတုတော်နောက်ကျောမှာ ဖွက်ထားခဲ့တယ်။ ပွဲခင်းထဲ ကျွန်တော်တို့ပြန်ရောက်တော့ အားလုံးပုံမှန်ပြန်ဖြစ်နေပြီ။ မြသီနဲ့ ဘိုနဲ့ကတော့ မရှိတော့ဘူး။ အဲဒီဘိုအတွက်လဲ အမှတ်တရ ညတစ်ညဖြစ်သွားခဲ့မှာပဲ။ အဲဒီနေ့ည သိပ်လှနေတယ်။ ဘီယာတန်ခိုးနဲ့ ကျွန်တော်တို့တတွေ ရီဝေေ၀ဖြစ်နေတယ်။

ပွဲခင်းထဲပြန်ရောက်တော့ မုန့်စုံရောင်းတဲ့ ဒေါ်စန်းက ဆိုင်သိမ်းနေပြီ။ ပိုက်ဆံသေတ္တာထဲက ပိုက်ဆံတွေကို ထုတ်ရေနေတယ်။ သူ့ယောက်ျားက ဦးကျော်ဝင်း။ သူတို့လင်မယား သိပ်ခင်ဖို့ကောင်းတယ်။

"ဒေါ်စန်း .. ရောင်းကောင်းရဲ့လား" လို့မေးရင်း သူငယ်ချင်းတစ်သိုက် နေကြာစေ့တစ်ထုတ် ကောက်ဝါးနေတယ်။ "ဒီလိုပါပဲ.. မဆိုးပါဘူး.. လပြည့်နေ့လောက်တော့ ရောင်းမကောင်းပါဘူး"လို့ ပြောရင်း ဒေါ်စန်းက ပိုက်ဆံဆက်ရေနေတယ်။

ခဏကြာမှ.. "ဒေါ်စန်း .. ပိုက်ဆံပြန်အမ်းအုံးလေ.." လို့ ကျွန်တော်ကပြောတယ်။ "ဟော..တော်.. မင်းကဘာတန်ပေးထားလို့လဲ.. မအမ်းရသေးဘူးလား.." လို့ ယောင်ယောင်မှားမှားနဲ့.. ဒေါ်စန်းကပြန်ပြောတယ်။

"ဟောဒီဆယ်တန်က.. ကျွန်တော်ပေးထားတာ... နေကြာစေ့တစ်ထုတ်က ငါးမူးဆိုတော့ ကိုးကျပ်ခွဲပြန်အမ်း.." ရမယ်ဆိုပြီး သူ့လက်ထဲက ဆယ်တန်ကို ကျွန်တော်က ခပ်တည်တည်နဲ့ လက်ညှိုးထိုးပြတယ်။

"ဟောတော်.. မသိလို့ပါကွယ်.. ရော့ရော့" ဆိုပြီး ပိုက်ဆံကိုးကျပ်ခွဲပြန်အမ်းရှာတယ်။

"ရောင်းကောင်းပါစေဗျာ.." လို့ နှုတ်ဆက်ဆုတောင်းရင်း ကျွန်တော်တို့သူငယ်ချင်းတသိုက် ပွဲခင်းဖက် ထွက်လာခဲ့ကြတယ်။

နောက်မှ ဒေါ်စန်းကို ကျွန်တော်တို့ ပြန်ပြောရတယ်။ ပိုက်ဆံမပေးဘဲ အအမ်းတောင်းတာ အမကြီးက ကိုးကျပ်ခွဲအမ်းပေးလိုက်တယ်လို့ ပြောတော့ ဒေါ်စမ်းက တော်တော်နောက်တဲ့ကလေးတွေလို့ ရယ်ရယ်မောမောပြောတယ်။

ကျွန်တော်ရွာပြန်တိုင်း ဒေါ်စန်းက ရယ်ကာမောကာနဲ့ အဲဒီအကြောင်း ပြောနေတုံးပဲ။

Wednesday, March 12, 2008

6.4 ရှပ်လကွဲမောင်နိုင်

ရွာဘုရားပွဲအကြောင်းဆက်ရဦးမယ်။ ကျွန်တော့်သူငယ်ချင်း မောင်နိုင်ဆိုတာရှိတယ်။ သူ့အဖေက ဆယ့်နှစ်ပွဲ သမားပဲ။ သူတို့မှာ ဂလုံးဂလုံးဝိုင်း သုံးဝိုင်းလောက်ရှိတယ်။ သူ့အဖေတစ်ယောက်တည်း ပိုင်တာတော့ မဟုတ်ဘူး။ စပ်တူပိုင်တာပဲ။ ဆယ့်နှစ်ပွဲဆရာသုံးလေးယောက် အစုစပ်လုပ်ကြတာပဲ။

မောင်နိုင်က သူ့အဖေ၀ိုင်းမှာ ရှပ်လကွဲ လုပ်ရတယ်။ ငွေအလျှော်အစားလုပ်တဲ့သူကို ရွာမှာ ရှပ်လကွဲ လို့ခေါ်တာပဲ။ ဘာကြောင့်ခေါ်မှန်းတော့ ကျွန်တော်လဲမသိဘူး။ ရှပ်လကွဲလုပ်တဲ့သူက အတွက်အချက် အင်မတန်တော်ရတယ်။ လျော်ရမှာ စားရမှာတွေကို အံစာတုံးတွေပေါ်က ပေါက်မဲကြည့်ပြီး သွက်သွက်လက်လက် လှုပ်ရှားရတယ်။

နှစ်ဆလျော်ရတာ..သုံးဆလျော်ရတာ တွေလဲပါတယ်။ အံစာသုံးတုံးမှာ ဆင်နှစ်ကောင် ပေါက်ရင် ဆင်ထိုးသူတွေကို နှစ်ဆပေးလျော်ရတယ်။ သုံးတုံးလုံး ဆင်ချည်းဆိုရင် သုံးဆပေါ့။ တစ်ဆယ်ထိုး သုံးဆယ်ရတယ်။

မောင်နိုင် ရှပ်လကွဲလုပ်တဲ့ညဆို.. ကျွန်တော်တို့လက်ထဲ ငွေစရွှင်တယ်။ ပိုက်ဆံဆယ့်ငါးကျပ်လောက်ရှာပြီး မောင်နိုင်တို့ဝိုင်းကို ချီတက်ကြတယ်။ မောင်နိုင့်ရှေ့မှာ ပါလာတဲ့ ဆယ့်ငါးကျပ်ကို ပစ်ချထားလိုက်တယ်။ အံစာတုံးက ဘာကောင်ပေါက်လဲ ကြည့်စရာမလိုဘူး။

မောင်နိုင်က ဘာပေါက်ပေါက် လျော်တော့တာပဲ။ "ဟော ဒီ.. ဆယ့်ငါးကျပ်တန်လေး.. အလျော်ယူပါ.." ဆိုပြီး အခေါက်တိုင်းလျော်တယ်။ လက်ထဲမှာ တစ်ရာ့ငါးဆယ်လောက် စုမိရင် မောင်နိုင်ကို မျက်စိမှိတ်ပြလိုက်တယ်။ မောင်နိုင်က မတ်တပ်ထရပ် .. ခါးလှည့်လက်မြှောက်လုပ်ပြီး.. အား ညောင်းတာ.. သားပွဲခင်းထဲ ခဏသွားလိုက်ဦးမယ် လို့ သူ့အဖေပြောပြီး ပိုက်ဆံတစ်ရာ့ငါးဆယ်မကုန်မချင်း ကျွန်တော်တို့တတွေ ကဲတော့တာပဲ။

6.5 ဗလာဇာတ်နဲ့ မင်းသမီးချောင်း

ညဆယ်နာရီထိုးလောက်မှာ ဗလာဇာတ်က ကဖို့စတယ်။ ကျွန်တော်တို့နယ်မှာ ဘုရားပွဲကြီးကြီးမားမားဆို မန္တလေးက ဇာတ်ငှားကြည့်တဲ့အလေ့ရှိတယ်။ ရုံတွေဘာတွေ မသွင်းပါဘူး။ ဘုရားကုန်းပေါ်မှာ ဇာတ်စဉ် ဆောက်ပြီး ကြိုက်တဲ့သူ ကြိုက်တဲ့နေရာက နေကြည့်ကြတာပဲ။

အဲဒီလို ရုံမသွင်းတဲ့ အပြင်ကွင်းပြင်မှာ ကတဲ့ဇာတ်တွေကို ပလာ(ဗလာ) ဇာတ်လို့ ခေါ်ကြတာပဲ။ ဖြစ်ချင်တော့ ဇာတ်ခုံနောက်ကျောက ကျွန်တော့်တို့ အိမ်အပေါက်ဝ ဖြစ်နေတယ်။ ဇာတ်ခုံနောက်ကျောဆိုတာ လုံခြုံရေး အတော် တင်းကျပ်ရတဲ့ နေရာဖြစ်တယ်။

ရွာသားအတော်များများက မင်းသမီးကို ချောင်းလွန်းလို့ပဲ။ ဇာတ်ခုံနောက်ကျောဆိုပေမယ့် သိပ်လုံလုံခြုံခြုံတော့ မဟုတ်ပါဘူး။ ၀ါးထရံ ကာထားတာပဲ။ ထရံတွေက ကျဲတော့ မင်းသမီး အင်္ကျီထမိန် လဲတာချောင်းကြည့်ရင် မြင်ရတယ်။ ရွာသားများအတွက်ကတော့ အမျိုးသမီးတစ်ယောက် အင်္ကျီထမိန်လဲတာ အရှင်လတ်လတ်မြင်ခွင့်ရတာကိုက ဆုလာဘ်ကြီးတစ်ခုပဲ။ မင်းသမီးများကလဲ ဇာတ်ဝင်ခန်း တစ်ခန်းနဲ့ တစ်ခန်းကြား အချိန်လုပြီး လဲ ရတာဆိုတော့ နည်းနည်းကြမ်းတယ်။ သိပ်ဂရုစိုက်မနေနိုင်ကြပါဘူး။ မြန်မြန်လဲပြီး နောက်တစ်ခန်းသွားက ရတာဆိုတော့ တွေးသာကြည့်ပေတော့။

ကျွန်တော်တို့ထဲက မောင်နိုင်က ကုလားထိုင်တစ်လုံးချပြီး စစ်ရောင်အနွေးထည် လက်ရှည်ဝတ်ပြီး အိမ်ပေါက်ဝမှာ တုတ်တစ်ချောင်းနဲ့ ထိုင်နေတယ်။ မင်းသမီးကို လာချောင်းတဲ့ ရွာသားတွေက မောင်နိုင့်ကို စစ်သားထင်ပြီး အစောင့်ရှိတယ်ဟ ဆိုပြီး တပ်ခေါက်ပြန်သွားကြတယ်။ မျိုးသန့်ရယ် ၀င်းနိုင်ဦးရယ် ကျွန်တော်ရယ် တစ်ယောက်တစ်လှည့် မင်းသမီးကို ရည်းစားစကားပြောကြတယ်။

မျိုးသန့်က အဆိုးဆုံး။ မင်းသမီးမိတ်ကပ်လိမ်းနေတာကို ၀ါးထရံကြားကနေ တုတ်နဲ့ထိုးတယ်။ မင်းသမီးကလဲ တုတ်ကို ချိုး ချိုး ပစ်တယ်။ ဒါပေမယ့် သူ့အလုပ်သူအိနြေ္ဒမပျက် ဆက်လုပ်နေတာပဲ။

ကျွန်တော်ကတော့ မင်းသမီးကို အတည်ပြောတယ်.. ( အဟတ်ဟတ်) "မမတို့ အနုပညာသမားတွေကို မောင်လေး သိပ်အားကျတယ်.. မမက သိပ်လှတာပဲ.. သိပ်ချစ်တယ် မမရယ်... မောင်လေးရဲ့ မေတ္တာကို အသိအမှတ်ပြုရင်.. မမလက်က လက်ပတ်နာရီလေး လက်ဆောင်ပေးပါလားဟင် " လို့ ပြောတော့ မင်းသမီးက ခွိကနဲရယ်တယ်။

ဒါပေမယ့် သူ့ဇာတ်ဝင်ခန်းရောက်တော့ မင်းသမီးက ဇာတ်ခုံပေါ်တက်သွားတယ်။ ကျွန်တော့်မှာ ဆန့်ငင်ဆန့်ငင်ဖြစ်ပြီးကျန်ခဲ့တယ်။ ချစ်မမ ပြန်လာမယ့် အချိန်ကို မျှော်နေတုံး...

"ဂေါပကလူကြီးမင်းများနဲ့ ဘုရားပွဲတာဝန်ရှိသူများခင်ဗျား.. ဇာတ်စင်နောက်က လူရမ်းကားများကို ဖယ်ရှားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်... အဲဒီလူရမ်းကားများကို ဖယ်ရှားမပေးရင်..ကျွန်တော်တို့ဇာတ် ဆက်ကမှာမဟုတ်ပါဘူး... " ဆိုပြီး လော်စပီကာက ကျွန်တော်တို့ကို နှိပ်ကွပ်ဖို့ တောင်းဆိုသံ ထွက်လာခဲ့တယ်။

ကုလားထိုင်ကို အမြန်မပြီး အိမ်ထဲ အတင်းဝင်ပြေးကြရတယ်။ နောက်ရက်တွေမှာ.. ဇာတ်ခုံနောက် ၀ါးထရံတွေကို ကန္တာရဆူးပင်တွေနဲ့ အလုံပိတ်ပစ်လိုက်ကြတယ်။ လုပ်ရက်ပ ချစ်မမရယ်။ နောက်တနေ့မနက် ဘုရားပွဲဈေးထဲမှာ ချစ်မမကို အရှင်လတ်လတ် တွေ့လိုက်ရတယ်။ အသားကခပ်ညိုညိုပဲ။ မျက်လုံးမျက်ခုံး အတော်ကောင်းတယ်။ ဘေးမှာ သူ့ယောက်ျား ဇာတ်ဆရာပါတယ်။

မောင်လေးရဲ့ မေတ္တာကို အသိအမှတ်ပြုရင် မမလက်က လက်ပတ်နာရီလေး လက်ဆောင်ပေးပါလား .. လို့ ကျွန်တော်မကြားတကြားပြောတာကို မမက ကြားတော့ ခေါင်းတချက်စောင်းကြည့်တယ်။ မမကို ကျွန်တော်ရီပြလိုက်တယ်။ မမကလဲ ပြန်ရီပြရှာတယ်။ သူ့ယောက်ျားက သူ့ကို တစ်ခုခုမေးနေတယ်။ ပြီးတော့ ကျွန်တော့်ကို လှမ်းကြည့်တယ်။

ကျွန်တော်လဲ သူငယ်ချင်းမြင့်ဌေးရဲ့ ဆံပင်ညှပ်ဆိုင်ထဲ အမြန် ၀င်ထိုင်နေလိုက်တယ်။ ဆိုင်ထဲမှာ လူစုံပဲ။ မျိုးသန့်ရယ် ၀င်းနိုင်ဦးရယ် မောင်နိုင်ရယ် ရောက်နှင့်နေပြီ။ ခနနေတော့ ဇာတ်ထဲက ယောက်ျားနှစ်ယောက် ဆိုင်ထဲဝင်လာတယ်။ ဆံပင်ညှပ်ချင်လို့ လို့ မြင့်ဌေးကို ပြောတယ်။ ကျွန်တော်က မြင့်ဌေးကို ၀ူးဝူးဝါးဝါးလုပ်ပြီး စကားမပြောတတ်ယောင်ဆောင်ပြီး ဇာတ်ထဲကလူနှစ်ယောက်ကို လက်ညှိုးထိုးပြတယ်။

မြင့်ဌေးက ဘာသာပြန်ပြတယ်။ ဆရာတို့နှစ်ယောက်ကို ဇာတ်ထဲကလား လို့ ဒီကောင်က မေးနေတယ်.. သူက စကားမပြောတတ်ဘူးလေ.. လို့ မြင့်ဌေးက ရှင်းပြတယ်။ ဇာတ်ဆရာနှစ်ယောက်က.. ကျွန်တော့်ကို အသိအမှတ်ပြုတဲ့ အနေနဲ့ ခေါင်းငြိမ့်ပြတယ်။

ကျွန်တော်က မြင့်ဌေးကို ၀ူးဝူးဝါးဝါးထပ်လုပ်ပြတယ်။ "ခင်ဗျားတို့ နှစ်ယောက်က ဇာတ်ထဲမှာ ဘာလုပ်တာလဲ လို့ မေးနေတယ် " လို့ မြင့်ဌေးက ဘာသာပြန်ပြတယ်။ ဇာတ်ဆရာနှစ်ယောက်အနက် တစ်ယောက်က လက်ဟန်ခြေဟန်နဲ့ ဂစ်တာတီးယောင် လုပ်ပြတယ်။ နောက်တစ်ယောက်က ကီးဘုတ်နှိပ်သလိုမျိုး လက်ဆယ်ချောင်းဖြန့်ပြီး သူ့လက်ကို လေထဲမှာ နှိပ်နှိပ်ပြတယ်။

ကျွန်တော်လဲ နားလည်ပြီဆိုတဲ့ သဘောနဲ့ သူလုပ်သလိုမျိုး ၀ူးဝူးဝါးဝါးအော်ရင်း လက်ဆယ်ချောင်းကို ဖြန့်ပြီး လိုက်လုပ်တယ်။.. ပြီးမှ.. ခင်ဗျားက ပတ္တလား တီးတာလားလို့ ပြောလိုက်တော့မှ.. ဇာတ်ဆရာနှစ်ယောက် သူတို့ကို အ အ ဟန်ဆောင်ပြီး နောက်နေမှန်းသိသွားတယ်။

အားလုံး ၀ိုင်းရယ်ကြတယ်။

Monday, March 10, 2008

6.6 မော်ချက်ဦး

ရွာမှာအကျင့်တစ်ခုရှိတယ်။ အထူးသဖြင့် ရွာကအပျိုတွေပေါ့။ ဇာတ်မင်းသားကို သူ့ထက်ငါအလုအယက် ထမင်းဖိတ်ကျွေးကြတယ်။ မင်းသားအခန်းထဲမှာ နေ့ခင်းဖက်ဆို အပျိုသုံးလေးယောက်အမြဲရှိတယ်။ တစ်ချို့ဆို သံယောဇဉ် အမျှင်တန်းပြီး ဇာတ်အဖွဲ့နဲ့ နောက်ပွဲခွင်တွေအထိ လိုက်သွားကြတယ်။ မော်ချိုတို့ အကဲဆုံးပဲ။ ဇာတ်မင်းသားကို ထမင်းဖိတ်ကျွေးတာ သူကရှေ့ဆုံးကပဲ။

"ဒီဟင်းလေးက မော်.. ချက်တာ.. မင်းသား.. စားနော်.. ထည့်ပါဦး.. မော်ချက်ထားတာ.. မစားရင်.. စိတ်ဆိုးလိုက်မှာနော်.." နဲ့ မင်းသားထမင်းဝိုင်းမှာ ပြာယာခတ်နေတာပဲ။ သူ့အမေ ဒေါ်မြသန်းကလဲ မင်းသားကို တအားသဒ္ဓါပြနေတယ်။ ယပ်တောင်တချောင်းနဲ့ မင်းသား အအေးပတ်မှာတောင် စိုးရတယ်။ ဘေးကနေ ယပ်ခတ်ပြီး ပြုစုနေတာ။

သားအမိနှစ်ယောက် အဲဒီလောက် ကဲနေတာကို မော်ချို့အဖေ ဦးသိန်းက မျက်စိစပါးမွှေးစူးလှပြီ။ မင်းသား စားသောက်ပြီး ပြန်သွားတာနဲ့ ဦးသိန်းက ဒေါသတကြီးနဲ့ မော်ချိုလာစမ်း.. ဒီလောက်တောင် ရွ နေတာ ငါ့အကြောင်း ပြရသေးတာပေါ့ ဆိုပြီး.. " မော် ချက်ဦး .. မော် ချက်ဦး.. " ဆိုပြီး ကျောပြင်ကို ဗျောတင်သတဲ့။

အဲဒီကစ လမ်းမှာ မော်ချိုကို တွေ့ရင် .. "မော်.. ချက်ဦး.. မော် ချက်ဦး.." နဲ့ ကျွန်တော်တို့က မထိတထိ စတော့တာပဲ။

6.7 ဗလာဇာတ်ပွဲ ၀ုန်းဒိုင်းကြဲ

အဲဒီလောက် သူ့အဖေ ဦးသိန်းနှိပ်ကွပ်တာတောင် ညဆို ဇာတ်ခုံရှေ့ဆုံးနားမှာ မော်ချိုတို့အဖွဲ့ရောက်နေပြီ။ မင်းသားမောရင် သောက်ဖို့ အချိုရည် ဗူးကြီးဗူးငယ်နဲ့ပေါ့။ မင်းသား ကရင်းတန်းလန်း မော်ချိုက စင်ပေါ်တက်ပြီး လစ်ပိုတက်တိုက်တယ်။ ဇာတ်ခုံအောက်က အပျိုတွေက ဟေး.. ဟေး.. နဲ့ လက်ခုပ်သြဘာ ပေးကြတယ်။

မော်ချိုကို ကြိုက်နေတဲ့ မြင့်လွင်က လစ်ပိုဗူးထဲ ရွံ့တွေထည့်ပြီး လှမ်းပစ်တယ်။ မင်းသားရင်ဘတ် ဒါရိုက်ဟစ်ပဲ။ မင်းသားခမျာ ခွေကျသွားတယ်။ မင်းသားကို ခိုက်နေတဲ့ ရွာကအပျိုကြီးတွေက ဆဲနည်းမျိုးစုံနဲ့ ပစ်တဲ့ကောင်ကို မေတ္တာပို့ကြတယ်။

မီးသတ်တွေ ရဲတွေ ဘုန်းကြီးတွေ အလုပ်ရှုပ်ကုန်ကြတယ်။ ဒါပေမယ့် ဘယ်မိမလဲ။ ဘယ်သူ ပစ်မှန်းတောင်မသိဘူး။ ကျွန်တော်တို့ကသာ အချင်းချင်းတွေမို့ သိတာ။ ပွဲကို ခနရပ်ထားရတယ်။ ဦးဇင်းတစ်ပါး စင်ပေါ်တက်လာတယ်။ မိုက်ကိုင်ပြီး မိုက်တဲ့ကောင်ထွက်ခဲ့။ ဦးဇင်းတို့က ပိုမိုက်တယ်။ မိလို့ကတော့ အသေပဲနဲ့ ကြိမ်းတယ်။

ပရိတ်သတ်ထဲက "ဦးဇင်း ကြိမ်းချည်းမနေပါနဲ့ ဆွမ်းလေး ဘာလေး ထစားပါဦး" နဲ့ အသံထွက်လာတယ်။ ပွဲခင်းတစ်ခုလုံးပွဲကျသွားတယ်။

တစ်နာရီလောက်ကြာတော့ ပွဲဆက်ကတယ်။ မင်းသမီးက အေရိုးဘစ်ကပြတယ်။ ဘောင်းဘီအရှည် ခပ်ကျပ်ကျပ်နဲ့ တီးလုံးမြူးမြူးနဲ့ဆိုတော့ ရွာသားများအကြိုက်ပေါ့။ မင်းသမီးကနေတုံး ရွာသားတစ်ယောက် စင်ပေါ်တက်လာပြန်တယ်။ မင်းသမီးနားမှာရပ်ပြီး စီးကရက်တစ်လိပ် ထုတ်ပေးတယ်။ မင်းသမီးက လှမ်းယူတယ်။ ရွာသားက မီးခြစ်ထုတ်ပြီး မီးညှိပေးတယ်။ ပြီးမှ မင်းသမီးကို ကျော်ဟိန်းစတိုင်နဲ့ အလေးပြုတယ်။ မင်းသမီးက ပြန်အလေးပြုတယ်။ ပရိတ်သတ်က လက်ခုပ်တီးတယ်။ ပရိတ်သတ်ကို လက်ပြပြီး ရွာသားပြန်ဆင်းသွားတယ်။

ခနနေတော့ နောက်တစ်ယောက် တက်လာပြန်တယ်။ မင်းသမီးကို ဆုချမလို့ တက်လာတာပဲ။ သူ့လက်ထဲမှာ ပိုက်ဆံတွေကိုင်ထားတယ်။ မင်းသမီးကို ပိုက်ဆံကမ်းပေးတယ်။ မင်းသမီးက လက်လှမ်းတယ်။ ဘသားချောက လက်ထဲမထည့်ဘဲ မင်းသမီးဘောင်းဘီဘေးအိတ်ထဲကို အတင်းထိုးထည့်တယ်။

ကတာရပ်ပြီး မင်းသမီးထွက်ပြေးတယ်။ စင်အောက်တီးဝိုင်းက ဇာတ်သမားတစ်ယောက်က လင်ကွင်းချမ်းနဲ့ အဲဒီရွာသားကို လှမ်းပစ်တယ်။ အဲဒီမှာ ရုတ်ရုတ်ရုတ်ရုတ်ဖြစ်ပြီး ပွဲပျက်သွားရော..။

Sunday, March 9, 2008

6.8 ဒဿလိုမိန်းမ လှလှရီ

ပွဲခင်းနဲ့ အိမ်က ကပ်နေတာမို့ အသိမိတ်ဆွေတွေ အပေါ့အပါးသွားချင်ရင် အိမ်ကိုပဲ လာကြတယ်။ ကျွန်တော့်သူငယ်ချင်း ညီအမနှစ်ယောက်ရှိတယ်။ သူတို့က ခရစ်စယာန်တွေ။ ပေါ်တူဂီ ငဇင်ကာရဲ့ မျိုးဆက်တွေ။ ရွာမှာ သူတို့ကို ဗရင်ဂျီတွေလို့ ခေါ်တယ်။

အကြီးမက ကျွန်တော်နဲ့ အတန်းတူတယ်။ အတန်းထဲမှာလဲ ရှေ့နောက်ထိုင်ကြတယ်။ လှလှရီလို့ ခေါ်တယ်။ သူ့ညီမက မြင့်မြင့်ရီ။ ညီအမနှစ်ယောက်လုံး ချောတယ်။ အိမ်ရှေ့မှာ ဇာတ်စင်ဆောက်ကတည်းက သူတို့ထိုင်ဖို့ အိမ်ကတန်းလျားတစ်ခု ပွဲခင်းထဲမှာ နေရာဦးထားရတယ်။

သူတို့နေတဲ့ ရပ်ကွက်က ကျွန်တော့်အိမ်နဲ့ အတော်ဝေးတယ်။ လှလှရီနဲ့ ကျွန်တော်က သူငယ်ချင်းမက သမီးရည်းစားမကျ ဖြစ်နေတယ်။ သူက စာညံ့တယ်။ ကျွန်တော်က သူ့ဆရာ။ လက်ကိုင်ခေါင်းပုတ်လောက်တော့ သူက မပြောတော့ဘူး။ (အဟတ်ဟတ်)

ပွဲခနနားချိန် ညီအမနှစ်ယောက်လုံး အပေါ့သွားဖို့ အိမ်ကိုလာတယ်။ တစ်ယောက်တစ်လဲ အိမ်သာတက်ကြတယ်။ မြင့်မြင်ရီအိမ်သာထဲ ၀င်တဲ့အချိန် လှလှရီကို ကျွန်တော်ရုတ်တရက်ဖက်နမ်းလိုက်တယ်။ ကျွန်တော့်ရင်ခွင်ထဲမှာ သူမ ငြိမ်နေတယ်။ အနမ်းလေးတွေက ချိုမြိန်လိုက်တာလို့ ကျွန်တော်ကပြောတော့ ချိုမှာပေါ့ ခုလေးတင် ထန်းလျှက်ရည်နဲ့ မုန့်လက်ကောက်စားထားတာလို့ သူမက ပြန်ပြောတယ်။ (ချိုမြိန်သော အနမ်းဖြစ်ချင်ရင် ချစ်သူ့နှုတ်ခမ်း ထန်းလျှက်ရည်သုတ်ပြီးနမ်းကြပေါ့ဗျာ.. ကျွန်တော်က ကိုယ်တွေ့..)

မြင့်မြင့်ရီဝမ်းပျက်ဝမ်းလျှောဖြစ်နေပါစေလို့ ကျွန်တော်ကြိတ်ပြီးဆုတောင်းနေမိတယ်။ ဒါပေမယ့် အဲဒီမိန်းမ ၀မ်းသိပ်ကောင်းတယ်။ အီးအီးမှ သုတ်ရဲ့လားမသိဘူး။ နှစ်မိနစ်လောက်ပဲကြာတယ်။ အိမ်သာကဆင်းလာတယ်။

ကျွန်တော်တို့နှစ်ယောက် လူချင်းခွဲလိုက်ရတယ်။

နောက်ပိုင်းကျွန်တော်နဲ့ လှလှရီ တရားဝင်ချစ်သူတွေဖြစ်သွားခဲ့တယ်။ ဒါပေမယ့် သူက မိန်းမ ဒဿဂီရိပဲ။ မျက်နှာများလွန်းတယ်။ ၀င်းနိုင်ဦးနဲ့လဲ ကြိုက်တာပဲ။ မျိုးသန့်နဲ့လဲ အီစီကလီပဲ။ ကျွန်တော်တို့အချစ်က အရမ်း ပေါ့ပျက်ပျက်နိုင်တယ်။ နောက်တော့ ဒီလိုနဲ့ပဲ ပြီးသွားခဲ့ကြတယ်။ အခုအချိန်အထိ လှလှရီက အပျိုကြီး။ ကျွန်တော်မိန်းမမရခင် ရွာကိုပြန်တိုင်း သူမနဲ့ ကျွန်တော် "ကွယ်မေ့.. တွေ့သေအောင်လွမ်း.. " ဇာတ်ကကြတယ်။

ကျွန်တော် ရွာပြန်ရောက်တယ်ကြားရင် သူမက စက်ဘီးတစ်စီးနဲ့ အိမ်ဘေးနားပေါက်ချလာတယ်။ မိန်းမနောက်ပိုးလို့ ခေါ်ရင် ရိုင်းမယ်နဲ့တူတယ်။ ဟဲဟဲဟဲ... လျှောက်ပြန်သံပေး ပေါင်ပွန်း ခြေသလုံးကြီးပေါ့ဗျာ။ စက်ဘီးနဲ့ကိုး။ ဒါပေမယ့် သူက အိမ်ကိုတော့ မ၀င်ဘူး။ အိမ်ဘေးကပဲ အခေါက်ခေါက်အခါခါ ဖြတ်နေတယ်။

ဖြစ်ချင်တော့ တစ်ရက် အိမ်မှာ ဘယ်သူမှမရှိဘူး။ ကျွန်တော်နဲ့ သူငယ်ချင်းကောင်း မောင်မျိုးသန့်ရယ်ပေါ့။ ရွာထဲသွားရအောင်ကွာ ဆိုပြီး သူငယ်ချင်းနှစ်ယောက် အိမ်တံခါးနားရောက်တဲ့အချိန် လှလှရီ.. စက်ဘီးစီးလာတာ မြင်လိုက်ရတယ်။

ဟေ့ကောင်.. သွား.. သွား.. အိမ်ထဲမှာ အိပ်ချင်ယောင်ဆောင် နေ.. မြန်မြန် ဆိုပြီး မျိုးသန့်က ကျွန်တော့်ကို ပြန်တွန်းလွှတ်တယ်။ ကျွန်တော်လဲ အိမ်ထဲပြန် စောင်ခြုံပြီး ကွေးနေလိုက်တယ်။ လှလှရီကို မျိုးသန့်က ကျွန်တော်အတော်နေမကောင်းဖြစ်နေတယ်... အချိန်ရရင် ၀င်ကြည့်ပါဦးလို့ စက်ဘီးတားပြီးပြောတယ်။

စက်ဘီးဆင်းတွန်းပြီး လှလှရီအိမ်ထဲဝင်လာတယ်။ သူ့ဖိနပ်သံကို ကျွန်တော်နှလုံးခုံသံက ဟာမိုနီလိုက်နေတယ်။

ကျွန်တော်အိပ်နေတဲ့နေရာနားကို အရောက်မှာ .. "နေ မကောင်းဘူးလား ." လို့ တုန်တုန်ရီရီနဲ့မေးတယ်။ အိပ်ရာဘေးက စာကြည့်စားပွဲပေါ်မှာ သံလိုက်စက်ကွင်းများအကြောင်း စာအုပ်ထဲက စာမျက်နှာတစ်ချို့ လေအဝှေ့မှာ တဖျတ်ဖျတ်မြည်နေတယ်။ စောင်ခေါင်းမြီးခြုံကို ဖွင့်ပြီး ... " ဟုတ်.. တယ်.." လို့ တိုးတိုးလေး ကျွန်တော်ပြန်ဖြေတယ်။ သူမရဲ့ လက်ဖ၀ါးနုက ကျွန်တော့်နဖူးပြင်ဆီ မထိခလုတ်ထိခလုတ် ရောက်လာတယ်။

" ဟယ်.. တော်တော်ပူနေတာပဲ .." လို့ သူမက မပွင့်တပွင့်ပြောတယ်။ အချစ်သည်.. အမျိုးသမီးများ၏ လက်ကို အေးစက်စေပြီး အမျိုးသားများ၏ နဖူးကို ပူလောင်စေတတ်တယ်ဆိုတာ.. သူမ မသိဘူးထင်ပါရဲ့။ အဲဒီအချိန် လေကြမ်းတစ်ချက် ဝှေ့တိုက်လိုက်တယ်။ သံလိုက်စက်ကွင်းများ စာအုပ် စားပွဲပေါ်က လွှင့်ပါသွားတယ်...။

"အို ဘိက္ခဝေ.. ချစ်သားရဟန်း တို့.. ကိလေသာတို့သည် ပူလောင်ခြင်းသဘော ရှိကြကုန်၏ ." ဆိုတဲ့ ခပ်ဝေးဝေးက တရားသံ က လေနဲ့ အတူ လွင့်ပျံ့လာတယ်။

ကျွန်တော်တို့ရွာက တက္ကသိုလ်တက်တာ သိပ်များများစားစားမရှိပါဘူး။ လက်ချိုးရေလို့ ရတယ်။ လှလှရီတို့ ရပ်ကွက်ထဲက ထွန်းထွန်းမင်း ဆိုတဲ့ ငနဲလဲ တက္ကသိုလ်တက်နေတယ်။ ရွာမှာတုံးက ခပ်တန်းတန်းပါပဲ။ အဝေးမှာ တွေ့ကြတော့ ထုံးစံအတိုင်း ခင်ရာဆွေမျိုးပေါ့။ ကျွန်တော်တို့နှစ်ယောက် မကြာခဏ တွေ့ဖြစ်ကြတယ်။ လက်ဖက်ရည်ဆိုင် အတူထိုင် အရက်အတူသောက်ပေါ့။

အရက်မူးတော့ ကျွဲခိုးပေါ်တော့တာပဲ။ မူးမူးနဲ့ ကျွန်တော်နဲ့ လှလှရီ အကြောင်း သူ့ကို ပြောမိသွားတယ်။ အဲဒီမှာ ပြဿနာတက်တော့တာပဲ။ အဲဒီငနဲနဲ့ လှလှရီကလဲ ချိတ်တိတ်တိတ်ဖြစ်နေသတဲ့။ နောက်မှ သိရတာပါ။ အဲဒီကောင်က ကျွန်တော်နဲ့ လှလှရီ ဘာညာကွိကွဖြစ်ကြောင်းရယ် ကုန်စင်ကို မန္တလေးကနေ ရွာကို နတ်သံနှောပြီး စာလှမ်းရေးတယ်။ ဦးတိုက်တာက လှလှရီအဖေဆီပဲ။ စာအဆုံးမှာတော့ အမည်မဖော်လိုသူ တာဝန်သိပြည်သူတစ်ဦး စတိုင်မျိုးနဲ့ နာမည်ဝှက်ထားတယ်။

ဒါပေမယ့် ကျွန်တော်ကတော့ သိတာပေါ့။ ကျွန်တော့်အကြောင်း ဒီကောင်နဲ့ မင်းသိန်းပဲ သိတာ။ မင်းသိန်းက ပြောမယ့်ကောင်မှ မဟုတ်တာ။ ဘာပဲပြောပြော အဲဒီအကြောင်းကို ပြန်တွေးမိတိုင်း ကိုယ့်ကိုကိုယ် အပြစ်မတင်ဘဲ မနေနိုင်ဖြစ်ရတယ်။

လူငယ်သဘာဝကို.. အပြစ်လို့ မယူဆပေမယ့်.. အဲဒီသဘာဝကို လူတကာ သိသွားအောင် လုပ်မိတာကို ခွင့်မလွှတ်နိုင်ဖြစ်ရတာပဲ။

လှလှရီက မင်းသိန်းကို ပြော။ မင်းသိန်းကတဆင့် ကျွန်တော့်ဆီ အဲဒီသတင်းရောက်လာ။ နောက်ဆုံးတော့ စာရှည်ရှည် တစ်စောင်ရေးပြီး လှလှရီကို တောင်းပန်လွှာဆက်သလိုက်တယ်။

အံ့သြစရာကောင်းလောက်အောင်ကို သူမကခွင့်လွှတ်တယ်..။ သူမအဖေကလဲ ခပ်တန်းတန်းလေး ဖြစ်သွားတာက လွဲပြီး မေးထူးခေါ်ပြောမပျက်ခဲ့ဘူး။ နောက်ပိုင်းမှာ သူ့မောင်လေးတစ်ယောက်ကို ကျွန်တော်စာသင်ပေးရတဲ့ အထိ အခြေအနေ တိုးတက်ကောင်းမွန်လာတယ်။

ဒါပေမယ့်.. ဘ၀ရဲ့ အမဲစက်တစ်စက်အဖြစ် စွန်းထင်ကျန်နေဆဲပါ...။

သြော်.. ဘာလိုလိုနဲ့ ရွာကို ပြန်မရောက်တာ ခြောက်နှစ်ထဲ ရောက်ပါပကော။