Tuesday, February 24, 2009

41.1 အိပ်မက်လှလှ မက်ကြပါစေ...

လာမယ့် ၂၇ ရက်နေ့ ကျွန်တော် ရွာခဏပြန်ပါ့မယ်..။ အခမဲ့ အင်္ဂလိပ်စာသင်တန်းလေး ဖွင့်ဖို့အတွက် စီစဉ်စရာရှိတာ သွားစီစဉ်မလို့ပါပဲ..။ မျိုးဆက်သစ် လူငယ်တွေ အတွက် အင်္ဂလိပ်စာနဲ့ ကွန်ပြူတာက ရှောင်လို့မရတဲ့ စိန်ခေါ်မှုတွေ ဖြစ်လာနေပါတယ်..။ အဲဒါလေးကို မီသလောက် ပံ့ပိုးကြည့်မယ်..။ ဆရာဦးအောင်သင်း ရဲ့ စကားငှားသုံးရရင် “ မျိုးဆက်သစ်တွေ၊ တိုးတက်ရစ်ဖို့ ” ပေါ့..။

ဆရာကိုတာကတော့ စာအုပ်ထီးနဲ့ ကာကွယ်ကြ လို့ ပြောပါတယ်..။ စာကြည့်တိုက်လေး တစ်ခုလောက်လည်း ရွာမှာ ကြိုးစားလုပ်ကြည့်ပါ့မယ်..။ စာအုပ်စာတမ်း ပံ့ပိုး မယ့်သူများလည်း အဆင်သင့် ရှိနေတာမို့ အဲဒါလေးကိုလည်း ဖိဖိစီးစီးလေး လုပ်မယ် စိတ်ကူးထားပါတယ်..။ အကြမ်းဖျဉ်း စဉ်းစားထားတာကတော့ လူငယ် လူရွယ်တွေအတွက် လန်းလန်းဆန်းဆန်း တက်တက်ကြွကြွ ဖြစ်စေမယ့် စာအုပ်စာပေ တွေ ဖြစ်ရမယ် လို့ပဲ..။

အဲဒါမှ သူတို့လေးတွေရဲ့ အိပ်မက်တွေ စိတ်ကူးတွေ လှလှပပ တူတူတန်တန် ဖြစ်မှာ..။ စိတ်ကူးယဉ်တာပဲ ပိုက်ဆံပေးရတာလိုက်လို့.. လို့ ပြောတတ်ကြတယ်..။ ကိုယ့် ဦးနှောက်ထဲမှာ ဘာအတွေးအခေါ် မှ မရှိဘဲ စိတ်ကူးယဉ်လို့ကတော့ အလကားရတဲ့ စိတ်ကူးတောင်.. တူတူတန်တန် ယဉ်နိုင်မှာ မဟုတ်ပါဘူး..။

သိန်းထီပေါက်ရင် ဘာလုပ်မလဲ လို့ ငယ်တုံးကသူငယ်ချင်းတသိုက် စိတ်ကူးယဉ်ဖူးတယ်..။ မော်ကြီးဆိုတဲ့ ကျွန်တော့်သူငယ်ချင်းက “ အခုနေ သိန်းထီပေါက် ရင် ဟယ်လီကော်ပတာ ၀ယ်ပြီး မကွေးတိုင်းက ပြောင်းရိုးတွေ သွားရိတ်ပစ်လိုက်မယ် ” လို့ ပြောခဲ့တယ်..။ သူ့ရဲ့ ဘ၀မျှော်မှန်းချက်က နွားစာ ပေါပေါလောလော ရရေး ဖြစ်နေခဲ့တယ်..။

မျှော်မှန်းချက်ဆိုတာ ဦးနှောက်ရဲ့ အကန့်အသတ်က ဖော်ပေးတဲ့ ပုံအတိုင်းပဲ ပေါ်တာမို့ မျိုးဆက်သစ် ကလေးတွေရဲ့ ဦးနှောက်မှာ ကွက်လပ်တွေ သိပ်များ မနေအောင် ကျွန်တော် တို့ ပံ့ပိုးရပါ့မယ်..။

အဲသလို လုပ်ဖို့ ကျွန်တော်တို့မှာ အင်အားတွေ ရှိကို ရှိနေပါတယ်..။

အထက်တန်းကျောင်းသားဘ၀ မှာ “ အိုက်ခမန်း၏ ငရဲခန်းများ ” ဆိုတဲ့ စာအုပ် ကျွန်တော် ဖတ်ရတယ်..။ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျုးတွေကို ဆိုက်ကလုံဘီလို့ခေါ်တဲ့ ဓါတ်ငွေ့တွေ လွှတ်ထားတဲ့ အခန်းထဲ မောင်းသွင်းပြီး နာဇီဗိုလ်မှုးကြီး အိုက်ခမန်းက မျိုးဖြုတ်ခဲ့တဲ့ အကြောင်း ရေးထားတဲ့ စာအုပ်ပေါ့..။ တကယ့်ဖြစ်ရပ်မှန် ဖြစ်တာရယ်၊ လုပ်ရပ်က ရက်စက်လွန်းတာရယ်ကြောင့် အဲဒီစာအုပ်ကို အခုထိ မှတ်မှတ်ရရ ရှိနေခဲ့တယ်..။

အထူးသဖြင့် ခေါင်းထဲစွဲနေတာက အသတ်ခံရမယ့်အခန်းရှေ့မှာ ဂျုးတွေ ၀တ်လစ်စလစ်နဲ့ ကြောက်ကြောက်လန့်လန့် တန်းစီနေတုံး သူလိုကိုယ်လို အသတ်ခံရမယ့် ကလေး မလေးတစ်ယောက်က ကျန်တဲ့သူတွေကို လိုက်လံ အားပေးနှစ်သိမ့်နေတဲ့ အကြောင်းအရာပဲ..။ ဖြစ်ရပ်က ဘယ်လောက်ပဲ ဆိုးနေပါစေ ကိုယ်နဲ့ကိုယ့်ပတ်ဝန်းကျင် ကောင်းအောင် ဆောင်ရွက်နိုင်တာ တစ်ခုခုတော့ ရှိနေခဲ့တာပဲ ဆိုတာလေး အဲဒီကနေ ကျွန်တော်သိခဲ့ရတယ်..။

41.2 Realizing the Dream

တကယ်တော့ ဒီနာမည်က ကျွန်တော်တို့ ကိုယ်ပိုင်နာမည်မဟုတ်ပါဘူး..။ Dr. Martin Luther King, Jr. ရဲ့ http://www.realizingthedream.org/ ကနေ တဆင့် ကိုညီညီ Diethelm က ကျွန်တော့်ကို ပြန်မျှတာပါ..။

ရွာမှာ သင်တန်းလေး ဖွင့်မယ်ဆိုတော့.. နာမည်ရွေးဖို့ စဉ်းစားကြရာကနေ အဲဒီနာမည်ကို ကြိုက်တာနဲ့ ယူလိုက်ကြတယ်..။ ကလေး တွေကို အိပ်မက်မက်ခွင့်လေး ဖန်တီးပေးချင်တယ်..။ မက်တဲ့ အိပ်မက်လေးတွေကိုလည်း realizing လုပ်စေချင်တယ်..။ နိုးထလာတာနဲ့ ပျောက်ပျောက်ပျက်ပျက် ဖြစ်သွားမယ့် အိပ်မက်မျိုးတွေ မမက်စေချင်ဘူး..။

ကျွန်တော်တို့ ငယ်ဘ၀တွေမှာလည်း အိပ်မက် တွေ မက်ခဲ့ကြတာပါပဲ..။ ဒါပေမယ့် ရလာတဲ့ ကုန်ကြမ်းက မကောင်းမမွန်တွေဆိုတော့.. မက်သမျှ အိပ်မက်က တူတူ တန်တန်ကို မဖြစ်ခဲ့ပါဘူး..။ အဆင့်အတန်းမမီမကမ်းနဲ့ ပိန်ပိန်လိမ်လိမ်အိပ်မက်တွေသာ များခဲ့ရတယ်..။ ဒါကြောင့် အိပ်မက်ကုန်ကြမ်းက အရေးကြီးပါတယ်..။

ကြားသမျှ၊ မြင်သမျှ အရာအားလုံးမှာ ကောင်းမွန်တာတွေ ရှိသလို.. ဟောင်းလွန်တာတွေလည်း ရှိနေပါတယ်..။ အဟောင်းကို အဟောင်းမှန်းသိပြီး ရွေးယူ စွန့်ပစ် ဖို့ လိုပါတယ်..။ အဲသလိုမဟုတ်ဘဲ အဟောင်းကို အကောင်းထင်ပြီး ဖက်တွယ်ထားရင်.. ကယောက်ကယက်နိုင်တဲ့ ဆောင်းတွင်းအိပ်မက် သံသရာက သူတို့ ရုန်းထွက် နိုင်မယ် မထင်ပါဘူး..။

ဥပမာ..

“ ဒီနေ့ ကျွန်တော်က မနေ့ကကျွန်တော်ထက် သာအောင် ကြိုးစားနေပါတယ် ” ဆိုတဲ့ စကားကို ကျွန်တော်တို့ ငယ်စဉ်က အတော် သဘောကျခဲ့တယ်..။ ဒါပေမယ့် သေချာစေ့စေ့တွေးကြည့်လေ အဲဒီအတွေးအမြင်ဟာ စကားလုံးဖွဲ့စည်းပုံ ကောင်းတာကလွဲလို့ ကိုယ့်ဘ၀တိုးတက်ရာတိုးတက်ကြောင်းကို လောက်လောက်လားလား ထောက်ပံ့မပေးနိုင်ဘူးဆိုတာ တွေ့ရပါတယ်..။

လူဟာ ကိုယ့်ကိုယ်ကိုယ် ပြန်ပြီး ယှဉ်ပြိုင်နေယုံနဲ့ မရပါဘူး..။ အလုပ်ထဲမှာ.. စီးပွားရေးထဲမှာ.. အတန်းထဲမှာ.. နေရာတကာတိုင်းမှာ.. သူများတကာနဲ့ ယှဉ်ပြိုင်နိုင်အောင် အမြဲကြိုးစားနေရတာပါ..။ ကိုယ့်တိုးတက်မှုထက် ဘေးဘယ်ညာက ကိုယ်လိုသူလို လူတွေရဲ့ တိုးတက်မှုက အဆများစွာ သာလွန်နေခဲ့ရင် ကိုယ် ကျန်ခဲ့မှာပဲ..။

တိုးတက်သင့်သလောက် မတိုးတက်တာဟာ တကယ်တော့ ဆုတ်ယုတ်တာပါပဲ..။ အဲဒါလေးကို စီးစီးပိုင်ပိုင်လေး သိထားစေချင်တယ်..။

ဒါကြောင့် မကောင်းမွန်တော့တဲ့ အဟောင်းလွန် အတွေးအမြင်တွေကို မြောင်းထဲ လွင့်ပစ်နိုင်ရပါ့မယ်...။

ငယ်တုံးက အကြော်ရောင်းတော့ ကိုယ်ရောင်းကောင်းတာမြင်ပြီး နောက်တစ်ယောက်က ကိုယ့်ဆိုင် မျက်စောင်းထိုးမှာ ဆိုင်လာဖွင့်ပါတယ်..။ အမေ့ကို ဟိုမှာ ပြိုင် ဖက်တစ်ယောက်တော့ တိုးလာပြီလို့ ကျွန်တော်ပြောမိတယ်..။ “ငါ့သားရယ် စီးပွားရေးဆိုတာ သမုဒ္ဒရာရေပဲ ဘယ်သူသောက်သောက် မကုန်ပါဘူး ” လို့ အမေ ပြန် ပြောခဲ့တယ်..။

အဲဒီတုံးက ဟုတ်သလိုလို ကျွန်တော် ထင်ခဲ့မိတယ်..။ နောက်များမှ.. သမုဒ္ဒရာ ရေဆိုတာ .. supply and demand ပဲလို့ သိလာရတယ်..။ တကယ်တမ်းက ရွာအလျောက် အကြော်ဝယ်စားမယ့်သူက အကန့်အသတ်မဲ့ မှ မဟုတ်ဘဲ..။ တစ်ဆိုင်ကနေ နှစ်ဆိုင်၊ နှစ်ဆိုင်ကနေ သုံးဆိုင် ဖြစ်လာရင်.. ကိုယ့်ဖောက်သည်တွေကို သူများဖဲ့ရွဲ့ပေးရဖို့ ရှိလာတော့မှာပဲ..။

အဲဒါလေးတွေကို အခုခေတ်ကလေးတွေ.. မဟုတ်တာကိုမဟုတ်တဲ့အတိုင်း စောစောမွန်မွန်လေး သိစေချင်တယ်..။

41.3 ကလေးငယ်တွေ ဖိနပ်အသစ် စီးရတဲ့နေ့




သူတို့လေးတွေ တကယ်ကို ပျော်နေခဲ့ကြတယ်..။ တချို့ဆို လက်ကြီးပိုက်လို့ ခန့်ခန့်ကြီး..။ တချို့ဆို လမ်းလျှောက်တာကအစ ခေါင်းမော့ရင်ကော့ ပေါ့ပေါ့ပါးပါး..။ ကိုယ့်ခြေထောက်ကို ပီတိနဲ့ ငုံ့ကြည့်နေသူတွေလဲ မရှား..။





ကဲ ဒီမှာကြည့်.. သမီးစီးတဲ့ ဖိနပ်က အသစ်ကျပ်ချွတ်ရှင့်..







ဒါ တို့ချစ်တဲ့ကလေးတွေ..

သူတို့စီးထားတဲ့ ဖိနပ်လေးတွေလို သစ်လွင်တောက်ပ၊ ကြည်နူးဖွယ် အနာဂါတ်.. ပိုင်ဆိုင်နိုင်ကြပါစေ..။

41.4 အကြောင်းအကျိုးလေးတွေကိုလည်း စီစစ်လက်ခံစေချင်တယ်

ဒီတစ်ခေါက် ရွာပြန်တော့.. မတွေ့တာ အတော်ကြာပြီဖြစ်တဲ့ ငယ်သူငယ်ချင်းတစ်ယောက်နဲ့ ဆုံခဲ့ရတယ်..။ ကျွန်တော်တို့ ငယ်ဘ၀.. အတူသွားအတူစား သူငယ်ချင်း ဆိုပေမယ့် အတူကစားတဲ့အထဲတော့ သူမပါနိုင်တာ များပါတယ်..။ သူ့ခြေထောက်တစ်ဖက်က ကျေးလက်ဒေသတွေမှာ လူပြောသူပြောများတဲ့ “ ဆေးထိုးမှားတယ်” ဆိုတာမျိုးနဲ့ သိမ်နေလို့ ကျွန်တော်တို့ကစားပွဲတွေထဲ သူဝင် မနွှဲနိုင်ရှာခဲ့ဘူး..။ ပိုလီယို ပေါ့..။

ပိုလီယိုရောဂါပိုးကြောင့် အဲသလို ခြေထောက် သိမ်နေတာကို “ ဆေးထိုးမှားလို့ ” လို့ ရွာတွေဖက်မှာ ပြောလေ့ရှိကြတယ်..။ ရွာက ဒေါ်ရီမြင့်လို့ ခေါ်တဲ့ အပြာဝတ် သူနာပြုဆရာမကြီးကတော့ “ ဆေးထိုးမှားလို့ ခြေထောက်သိမ်သွားတယ် ” လို့ ပြောရင် စိတ်တအား ဆိုးတော့တာပဲ..။ ဒါပေမယ့် သူဘယ်လောက် စိတ်ဆိုးဆိုး ရွာက လူတွေကတော့.. ဆရာဝန်၊ဆရာမတွေ ဆေးထိုးမှားလို့ ဖြစ်ရတာပဲလို့ လက်ခံထားကြတယ်..။

တချို့ကတော့.. အရင်ဘ၀က သူတပါးခြေထောက်ကို ရိုက်ချိုးခဲ့လို့.. ဒီဘ၀မှာ အခုလို ဖြစ်ရတာလို့ ပြောကြပြန်တယ်..။

တကယ်တော့ ပိုလီယိုရောဂါ ဆိုတာ.. ပိုလီယို ရောဂါပိုးကြောင့်ဖြစ်ရတာပဲ..။ အဲဒါလေးကို.. သိခွင့်ရဖို့ ကျွန်တော်တို့မှာ.. နှစ်ပေါင်းများစွာ၊ မျိုးဆက်များစွာ စောင့်ဆိုင်းခဲ့ရတယ်..။ အနာကြီးရောဂါသည် တွေကို တချိန်က ၀ဋ်နာ၊ကံနာ.. အတိတ်ဘ၀က မကောင်းမှုကံတွေကြောင့် လို့ လက်ညှိုးထိုးခဲ့ကြတယ်..။ ကျွန်တော်တို့ အဘိုးက ကျွန်တော်တို့အဖေနဲ့ အမေကို အဲဒီအသိပဲ.. လက်ဆင့်ကမ်းခဲ့တယ်..။ အဘိုးခမျာလည်း သူ့ဘိုးစဉ်ဘောင်ဆက်က လက်ခံထားခဲ့တဲ့ အတွေးအမြင်ကို မကျော်နိုင်တော့ ဒါပဲလို့ ပြောရတော့တာပေါ့..။

ဆိုတော့ မျိုးဆက်သစ်ကလေးတွေ အနေနဲ့.. ကြားသမျှ မြင်သမျှ ထိတွေ့သမျှလေးတွေရဲ့ အကြောင်းအကျိုးကို စီစီစစ်စစ်လေး တွေးတောလက်ခံတဲ့ အကျင့် ရှိစေ ချင်တယ်..။ ကိုယ်မသိ ပြောတိုင်းယုံ မလုပ်ဘဲ..ကိုယ်မသိသေးရင် သိအောင်ကြိုးကုတ်ပြီး သေချာဘ၀င်ကျမှ လက်ခံတာမျိုး ဖြစ်စေချင်တယ်..။

အကြောင်း အကျိုးကင်းပြီး ဘယ်အရာမှ မဖြစ်ဘူး ဆိုပေမယ့်.. အကြောင်းမှားကို အမှန်ထင်နေတာမျိုး မဖြစ်ဖို့ အရေးကြီးပါတယ်..။ အကြောင်းရင်းမှန်ကို ကိုယ် မသိသေးတာဟာ.. အကြောင်းမှားကို လက်ခံလိုက်တာထက် အများကြီး သာတယ် ဆိုတာလေးလည်း သိစေချင်တယ်..။ အမှားကို အမှန်ထင်လိုက်တာဟာ.. အမှန်မ သိတာထက် အဖြစ်ဆိုးပါတယ်..။

ပိုလီယို ကင်းစင် ကမ္ဘာတခွင် ဖြစ်စေဖို့၊ အနာကြီးရောဂါ ပပျောက်စေဖို့ ဆိုရင်.. အတိတ်ကံကောင်းတဲ့ ကလေးလေးတွေ မွေးဖွားအောင် လုပ်ကြ မလား..။ ပိုလီယို ကာကွယ်ဆေး၊ အနာကြီးရောဂါ ကာကွယ်ဆေး ကြိုးစားရှာဖွေမလား ဆိုတာ.. ကိုယ်ယုံကြည်လက်ခံထားတဲ့ အတွေးအမြင်က ပုံဖော်မွေးဖွား ပေးပါလိမ့်မယ်..။

ဒါကြောင့် ကလေးတွေကို.. အကြောင်းအကျိုး စီစစ်လေ့လာသူလေးတွေ ဖြစ်စေချင်တယ်..။

41.5 ဘာသာရေး အသိကိုတောင် စီစစ်စေချင်တယ်

ဘာသာတရား ဆိုတာ ကျွန်တော်တို့ မမွေးမီကတည်းက နေရာယူပြီးသား ဖြစ်နေလေတော့ .. အမိဝမ်းက ကျွတ်တာနဲ့ ကျွန်တော်တို့မှာ အော်တိုမက်တစ်.. ဘာသာ တခုခုကို ကိုးကွယ်ပြီးသား ဖြစ်နေခဲ့ရတယ်..။ ဗုဒ္ဓဘာသာ မိဘနှစ်ပါးက မွေးရင် ဗုဒ္ဓဘာသာဝင်၊ ခရစ်စယာန် မိဘက မွေးရင် ခရစ်စယာန်ဖြစ်၊ မွတ်ဆလင် မိဘများက မွေးတော့ မွတ်ဆလင်ဖြစ်ကြရပါတယ်..။ ချွင်းချက်ဆိုတာတွေ ရှိပေမယ့်.. အများစုမဟုတ်တဲ့အတွက် အဲဒါထားပါတော့..။

ဘာသာရေးအသိဆိုတာကလည်း.. ကိုယ့်ပါတ်ဝန်းကျင် (အဖေ၊အမေ၊အဘိုး၊အဘွား၊ဆရာသမား)က ကောင်းမွန်တာတွေချည်းလို့ လက်ခံထားကြတာမို့ ကိုယ့်ငယ်ဘ၀ သွန်သင်ချက်တွေ တိုင်း အဲဒါနဲ့ ကင်းတယ်ရယ်လို့ မရှိလှပါဘူး..။ တကယ်တော့ ဘာသာတရားက ပေးတဲ့အသိဟာ မွေးရာပါ အသိတော့ မဟုတ်ပါဘူး..။

အဲဒါလေးကို အရှိအတိုင်း လက်ခံပြီး ကိုယ်ဦးထိပ်ပန်ဆင်ထားတဲ့ ဘာသာတရားကပေးတဲ့ အသိကိုလည်း စီစစ်လေ့လာလက်ခံတာမျိုး ဖြစ်စေချင်တယ်..။

ဘယ်ဘာသာ မှန်တယ်၊ မှားတယ် ဆိုတာထက်.. ကိုယ့်အသိကို ဦးဆောင်မယ့် အသိတရားကို အရမ်းကာရော လက်ခံလိုက်တာမျိုး မဖြစ်စေချင်တာပါပဲ..။ တတ်နိုင်ရင်တော့ ဘာသာတရားအားလုံးကို.. လေ့လာစမ်းစစ်တာမျိုး လုပ်စေချင်တယ်..။ ကိုယ်က မွေးကတည်းက ဗုဒ္ဓဘာသာဖြစ်နေလို့ တခြားဘာသာ တွေ မှား တယ် ဆိုတာထက်.. မှားတာကို မှားတဲ့အတိုင်း ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ နှိုင်းချိန်ဆုံးဖြတ်ပြီး လက်ခံတာမျိုး လုပ်နိုင်ဖို့ ကောင်းပါတယ်..။

ကျွန်တော်တို့ ငယ်ဘ၀.. ဟိုနားဒီနား ဘုရားတန်ဆောင်း ကျောင်းကန်နားတွေမှာ ရေးထားတဲ့ ဆရာတော်ကြီးတစ်ပါးရဲ့ နိုင်ငံကျော် လင်္ကာတစ်ပုဒ် ရှိတယ်..။

“ ရောက်တဲ့အရပ်မှာ၊ ပျော်အောင်နေ ”
“ တွေ့တဲ့ သူနဲ့ တည့်အောင်ပေါင်း ”
“ရှိတာလေးနဲ့ လှအောင်ဝတ် ”
“ရတာလေး နဲ့ ၀အောင် စား ”..

...
..
..
“ ပြိုင်လာလျှင် အရှုံးပေး၊ နှလုံးအေးတဲ့ ဆေး ” .. ဆိုတာလေးပဲ..။

အတော့်ကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း နှုတ်တက်ရွရွ ဆိုခဲ့ကြတဲ့ လင်္ကာပဲ..။

ဒါပေမယ့် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်မှာကျတော့.. ဗုဒ္ဓမြတ်စွာက “ လူမိုက်ကို မပေါင်းနဲ့ ” .. “ သင့်တင့်လျှောက်ပတ်တဲ့ အရပ်မှာ နေရမယ် ” အစရှိတာ တွေဟာ မင်္ဂလာပဲလို့ ဟောခဲ့ပြန်တယ်..။

ဆိုတော့.. “လူမိုက်ကို မပေါင်းနဲ့” ဆိုတာနဲ့.. “တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း” ဆိုတာမှာ.. ဘယ်ဟာက ကိုယ့်ဘ၀ရဲ့ ဦးဆောင်လမ်းပြ လဲ လို့ တွေးတွေးဆဆ ရွေးချယ်ဖို့ လိုလာပါတယ်..။

အဲဒါလေးတွေကိုလည်း.. ကလေးငယ်တွေ.. နိုးနိုးကြားကြားလေး သိထားစေချင်တယ်..။

( စာကြွင်း..။ ဘာသာတရားနဲ့ ပါတ်သက်တာကို တတ်နိုင်သလောက် မပြောချင်ခဲ့ဘူး..။ သို့သော် မျိုးဆက်သစ်ကလေးငယ်တွေကို.. ဘာသာတရားကပေးသမျှ အသိဟာ ပြီးပြည့်စုံပြီးသား၊ ချွင်းချက်မရှိ လက်ခံလိုက် လို့ ပြောတာနဲ့ စာရင်.. သူတို့ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဘ၀င်ကျလက်ခံတာမျိုးပဲ ဖြစ်စေချင်လို့ ကျွန်တော် လက်ခံသိမြင်ထားတာလေးတွေကို မျှဝေလိုက်ရတာပါ..။ သဘောတရားတစ်ခုကို ပြီးစလွယ် လက်မခံဘဲ အကြောင်းအကျိုး သေသေချာချာ လေ့လာပြီး စီစစ်လက်ခံနိုင်ဖို့ကို ဦးတည်ပေမယ့် ခုတ်ရာတခြား၊ရှရာတခြား ဖြစ်ခဲ့ရင် ကျွန်တော့်တင်ပြပုံ ညံ့ဖျင်းမှုကြောင့်ပါ.. )

41.6 Theory & Practice

ကျွန်တော် စက်မှုတက္ကသိုလ်နောက်ဆုံးနှစ်.. ကြို့ကုန်းအာအိုင်တီ မှာ စာပေဟောပြောပွဲတစ်ခု ကြုံခဲ့ရတယ်..။ လာရောက်ဟောပြောသူတွေက ကာတွန်းဆရာ အော်ပီကျယ်၊ စာရေးဆရာမ ဂျုး တို့ပဲ..။ ဆရာအော်ပီကျယ်က.. လက်သည်းညှပ် အလုပ်လုပ်ပုံကို .. လက်တွေ့နဲ့ဝေးတဲ့ စာတွေ့အသိဟာ နားလည်နိုင်ဖို့ ခဲယဉ်း ကြောင်း အခုလိုလေး ပြောသွားခဲ့တယ်..။

“အရှည် တစ်လက်မလောက်ရှိတဲ့ ကျောပေါ်က မောင်းတံလေးကို ဦးစွာပထမ တစ်ရာ့ရှစ်ဆယ် ဒီဂရီလှည့် ရပါမည်..။ ၄င်းနောက် အဆိုပါမောင်းတံလေးအား မတူညီတဲ့ ၀န်ရိုးအတိုင်း တစ်ရာ့ရှစ်ဆယ်ဒီဂရီလှည့်ကာ လှန်ချပြီးသကာလ၊ မူလနေရာရောက်အောင် ပြန်လှည့်ရပါမည်..။ ထိုအခါ.. အောက်ခံပြားနှင့် မောင်းတံကြားတွင် လက်မ၀က်ခန့်ရှိသော နေရာလပ်တစ်ခုဖြစ်ပေါ်လာကာ ထိုနေရာလပ်အား အောက်သို့ဖိနှိပ်ချခြင်းအားဖြင့် ရှေ့ပါးစပ်ထဲ ထည့်ထားသော လက်သည်းသည် တိကနဲ ပြတ်သွားပေလိမ့်မည်..။ ”

တကယ့်လက်သည်းညှပ်ကို ချပြပြီး.. လက်သည်းညှပ်ဆိုတာ ဒီလို အလုပ်လုပ်တာပဲလို့ လက်တွေ့ပြလိုက်ရင် မည်သူမဆို လွယ်လွယ်ကူကူပဲ နားလည် သဘောပေါက်သွား နိုင်ပေမယ့်.. လက်သည်းညှပ်မမြင်ဖူးသူတွေအတွက်ကတော့ အပေါ်က စာတွေ့လောက်ပဲ သိခွင့်ရခဲ့ရင် ဆိုလိုရင်းကို နားလည်နိုင်ဖို့ အတော့်ကို အားထုတ်ရဖို့ ရှိပါတယ်..။

အဲဒါလေးတွေကိုလည်း ကလေးငယ်တွေ တင်ကြိုသိမြင်ပြီး သင်ကြားလေ့လာရသမျှ စာတွေ့တွေကို လက်တွေ့နဲ့ နီးနိုင်သမျှ နီးအောင်ကြိုးစားကြစေချင်တယ်..။

မန္တလေးက ချင်းတွင်းကောလိပ်ဆိုတဲ့ private college လေးတစ်ခုကို.. visiting speaker အနေနဲ့ လွန်ခဲ့တဲ့ လေးလလောက်က ကျွန်တော် စကားသွားပြော ရတယ်..။ စာကြီးပေကြီး သီအိုရီအကြီးကြီးတွေကို ခန့်ခန့်ကြီး ပြောတာတော့ မဟုတ်ပါဘူး..။ ကျောင်းသားမောင်မယ်လေးတွေ နောင်တချိန် လုပ်ငန်းခွင်ထဲ ရောက်ရင် ကြုံရဆုံရဖို့ ရှိတဲ့.. real life challenges ဆိုတာလေးတွေ ကိုပဲ အဓိကထား ပြောတာပါ..။


ဆယ်နှစ်ကျော် ဆယ့်တစ်နှစ်လောက် စက်ရုံအလုပ်ရုံ လုပ်ငန်းခွင်ထဲမှာ ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခံစားခဲ့ရတဲ့ အလွဲလွဲအမှားမှား ဆောင်ရန်ရှောင်ရန်တွေကို သူတို့လေးတွေ သိစေချင်တယ်..။ အဲဒါတွေဟာ သူတို့လက်ရှိသင်ကြားနေရတဲ့ စာအုပ်စာတမ်းတွေထဲမှာ မပါနိုင်တာတွေပဲ..။

ကျွန်တော်တို့တတွေဟာ ကျွန်တော်တို့ ဘိုးဘေးတွေရဲ့ အမှားတွေကတဆင့် ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးတွေ ရခဲ့ကြတယ်..။ အရာရာ အမှန်သိရမှ အဖိုးတန်တာမဟုတ်ပါဘူး..။ အမှားဆိုတာ အမှန်ရဲ့ တခြားတဖက်ဖြစ်တာမို့ အမှားကို သိရတာဟာ အမှန်သိရတာထက် တန်ဖိုးလျော့စရာ မရှိပါဘူး..။ အဲဒါကြောင့် ကျွန်တော်ရဲ့ ကိုယ်တွေ့အမှားတွေကို အိပ်သွန်ဖာမှောက် အားပါးတရ သူတို့လေးတွေ သိအောင် ပြောမိတယ်..။

ဒါပေမေယ့် ကိုယ်ပြောချင်တာတွေကို အတင်းနင်းကန်ပြီး အတုံးလိုက်အတစ်လိုက် ပြောလိုက်တာမျိုး မဖြစ်အောင်လည်း သတိထားရသေးတယ်..။ ကျွန်တော်စကား ပြောမှာကို ကလေးတွေက ကြားချင်လွန်းလို့ လာကြတာမှ မဟုတ်တာ..။ ကျွန်တော့်ကိုလည်း မမြင်ဖူး၊ ဘာကောင်မှန်းလဲမသိ၊ ပြောမယ့် ခေါင်းစဉ်ကလည်း သူတို့ နဲ့ မရင်းနှီး..၊ ကျောင်းအုပ်ချုပ်သူတွေ စီစဉ်လို့ မလွှဲသာလို့ လာကြတာပဲ..။

ကလေးတစ်ယောက်ဆိုရင်.. “ လခွီးတဲ့မှ.. ဘာတွေ လာပွားအုံးမလဲ မသိဘူး .. သောက်ရမ်းစိတ်ပျက်ဖို့ကောင်းတယ် ” လို့ အချိန်ကျလို့ အခန်းထဲ နေရာယူ ခိုင်းတော့ မအောင့်နိုင်မအီးနိုင် ပြောတဲ့အထိပဲ..။ ကျောင်းအပြင်ဖက်မှာ မတ်တပ်ရပ်နေတဲ့ ကျွန်တော်ဘေးနားကနေ ဖြတ်လျှောက်သွားရင်း အချင်းချင်း အဲသလို ပြောသွားတာ ကျွန်တော်ကလည်း ကြားဖြစ်အောင် ကြားလိုက်မိတယ်..။ သဘောထားအမှန်တွေ ပေါ့လေ..။

အခန်းထဲရောက်တော့ အဲဒီကိစ္စလေး အရင်ရှင်းရတယ်..။ ရှင်းတယ်ဆိုလို့ ခုနက အဲသလို ပြောသွားတာ ဘယ်ကောင်လဲကွ ဆိုတာမျိုး ရှင်းတာ မဟုတ်ပါဘူး..။

ကလေးတွေကို တရုတ်ကား တွေ ကြည့်ဖူးလားလို့ မေးပြီး.. တရုတ်ကားတွေထဲမှာ ကိုယ်မွေးထားတဲ့ သမီးကိုတောင် “ မင်းလိုသမီးမျိုး ငါမမွေးခဲ့ဘူးလို့ မှတ်လိုက်မယ် ”..၊ ကိုယ်သိရဲ့သားနဲ့ “ ဒီလိုအဖြစ်အပျက်မျိုး ရှိခဲ့သလား ”..၊ ကိုယ်ကြားရဲ့သားနဲ့ “ ဒီလိုစကားမျိုး ငါမကြားခဲ့ဘူး လို့ပဲ မှတ်လိုက်မယ် ” စသဖြင့် မသိချင်မမြင်ချင်မကြားချင် တဲ့ ကိစ္စတွေကြုံတိုင်း တရုတ်တွေ ပြောတတ်ကြတယ်..။ အခုလဲ အပြင်မှာ မင်းတို့ထဲကတစ်ယောက်က “ ဒီကောင် ဘာတွေလာပွားအုံးမလဲ မသိဘူး ” လို့ ပြောသံ ကြားလိုက်တယ်..။ ဒါပေမယ့် “ အဲဒါ ငါမကြားခဲ့ဘူးလို့ပဲ မှတ်လိုက်ပါတယ် ” ပေါ့..။

ကျွန်တော်က ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ ပြောနေတာဆိုတော့ ကာယကံရှင်ချာတိတ်ကိုယ်တိုင် “ ဆရာ ဆောရီးပါ၊ အဲဒါ ကျွန်တော်ပြောမိတာ ”တဲ့..။ ထပြောတယ်..။

ဟ.. အဲဒီလိုကြီး ၀န်မခံရဘူး..။ “ ဒီလို အဖြစ်အပျက်မျိုး ရှိခဲ့သလား ” လို့ မင်းကရုပ်တည်ကြီးနဲ့ မေးရမှာ လို့ ကျွန်တော်ပြန်ပြောတော့ အားလုံး တသောသောနဲ့ ရယ်ကြတယ်..။

သူတို့လေးတွေကို Theory & Practice တနည်းအားဖြင့် စာတွေ့နဲ့ လက်တွေ့ မတူကြောင်းလေးကိုလည်း မှတ်မှတ်ရရဖြစ်သွားအောင် ကျွန်တော် ပြောခဲ့တယ်..။

အိုင်းစတိုင်းက စာတွေ့နဲ့ လက်တွေ့ကွာပုံကို အခုလို ပြောတယ်ပေါ့..။

Albert Einstein: “In theory, theory and practice are the same. In practice, theory and practice are different."

သူတင်မက.. kurt lewin လို့ခေါ်တဲ့ ဂျာမန်တွေးခေါ်ပညာရှင်ကလည်း အခုလို ပြောပါတယ်ပေါ့..။

Kurt Lewin: “There is nothing as practical as a good theory.”

အဲသလို စာတွေ့နဲ့လက်တွေ့ ကွာတာကို သိပြီးပြီဆိုတော့ မင်းတို့လေးတွေရဲ့ တကယ့်ဘ၀လုပ်ငန်းခွင်မှာ မင်းတို့ မျှော်လင့်မထားတာတွေလည်း ရင်ဆိုင်ကြုံတွေ့ရဖို့ ရှိတယ်... ဒါကြောင့် expect the unexpected လို့ ကမ္ဘာကျော်ပညာရှိကြီးတစ်ယောက်က အခုလိုပြောသွားခဲ့လေရဲ့ ဆိုပြီး.. အောက်ကစာကို ရေးပြီး အဲဒီပညာရှိကြီးကို သိကြလားလို့ ကျွန်တော်မေးမိတယ်..။

Gnian Nut Nit: “ Expect the Unexpected “

ကလေးအားလုံးက သိဖို့ဝေးလို့ အသံထွက်တောင် ခပ်ခက်ခက်ပဲ လို့ ပြန်ဖြေကြတယ်..။ မဟုတ်ပါဘူး မင်းတို့သူ့ကိုသိပါတယ်.. သေချာစဉ်းစားပါလို့ ကျွန်တော် ပြောတော့ သူတို့ဇဝေဇ၀ါနဲ့ စဉ်းစားနေကြတယ်..။ ဒါပေမယ့် နောက်ဆုံးပိတ် အတွေးအခေါ် expect the unexpected ဆိုတာကို ပြောသွားတဲ့ ဂုရုကြီးကို သူတို့ စဉ်းစားလို့ မရနိုင်ဖြစ်နေခဲ့တယ်..။

ဘယ်လိုမှ စဉ်းစားလို့ မရတော့ဘူးဆိုမှ.. အဲဒီ အတွေးအခေါ်ပညာရှင်ကြီးဆိုတာ တခြားသူဟုတ်ရိုးလား.. ငါ့နာမည် ပြောင်းပြန်ရေးထားတာပဲ လို့ ကျွန်တော်ပြောလိုက်တယ်..။

မင်းတို့ ငါ့ကို အဲသလောက် မပေါဘူး ထင်နေတယ်မဟုတ်လား.. အမှန်က ပေါတယ်ဗျ.. ဒါကြောင့် မင်းတို့ကို ပြောတာ.. မမျှော်လင့်ထားတာတွေနဲ့ကြုံရမှာကို မျှော်လင့်ထားပါ လို့... expect the unexpected ပေါ့..။

တချို့ကလေးတွေဆို ခုံကို လက်ဝါးနဲ့ရိုက်ပြီး ရယ်တယ်..။ ကျွန်တော်လည်း ပျော်ရပါတယ်..။

အဓိကကတော့ ကျွန်တော်တို့ မျိုးဆက်သစ်တွေကို နားလည်လက်ခံ သဘောပေါက်ပြီး ကိုယ်ပေးချင်တဲ့ မက်ဆေ့ခ်ျကို သူတို့နားဝင်အောင် ကျွန်တော်တို့ ဘယ်လို ပြောကြမလဲ ဆိုတာပါပဲ..။ ပေါပေါလောလောလေး ပြောဖို့ လိုရင်လည်း ပေါကြတာပေါ့..။ ဒါ ကောင်းပါတယ်..။

Thursday, February 12, 2009

ကျွန်တော့်ဘလော့ဂ်လည်း အပိုင်းတစ်တွေ အပိုင်းနှစ်တွေနဲ့ တရုတ်ကားလိုလို ကိုရီးကားလိုလို ဖြစ်ကုန်ပြီ..။ အကြောင်းအရာ တစ်ခုကို .. ရှိသမျှပုံအော ခံစားပြီး မှတ်ဥာဏ်ပြန်ခေါ်ရေးဖို့ကလည်း မလွယ်တဲ့ အပြင်.. ရေးရင်းရေးရင်း ဖတ်သူမပြောနဲ့ ရေးသူကျွန်တော်မျိုးကိုယ်တိုင် တခါတခါ ငြီးငွေ့လာတာမို့ အာရုံလာတဲ့ အကြောင်းအရာလေးတွေ ပြန်ကောက်ပြီးတော့ ရေးမိနေတယ်..။

မကြာမတင်က ကျွန်တော်တို့တိုက်ခန်းငှားနေစဉ် ဆုံရကြုံရထဲက ဖိုးထိန်ဆိုတဲ့ ရေဦးသား မင်္ဂလာဆောင်သွားတယ်..။ ရေဦးမှာ ဆောင်တာဆိုတော့ ကျွန်တော်မသွားဖြစ်လိုက်ဘူး..။ ဒါပေမယ့် သွားဖြစ်သူများနဲ့ သွားမယ့်အကြောင်း ဖုံးရတော့ သူငယ်ချင်းများအကြောင်းက ပြန်အစပေါ်သလိုဖြစ်လာခဲ့တယ်..။

အဲဒါနဲ့ .. ရှေ့နားမှာ ရေးခဲ့တဲ့ ထနောင်းဝင်းသားလေး နိုင်လင်းအကြောင်း အစပြန်ဆွဲထုတ်ပြီး လက်ကမြင်းလိုက်ရပါကြောင်း..။

ဘလော့ဂ်ကြွလာ ဆွေသဟာ တို့ ပျော်ရွှင်ချမ်းမြေ့ကြပါစေ..။

40.1 ထနောင်းဝင်းသားလေး နိုင်လင်း

ဝိုင်အိုင်တီ မပြောင်းခင် .. စတုတ္ထနှစ် မှာ ကျွန်တော့်အခန်းဖော်က မုံရွာ ထနောင်းဝင်းက နိုင်လင်း ဆိုတဲ့ ကောင်..။ သူငယ်ချင်း အပေါင်းအရောင်းများကို ဘ၀ပေးပြီး ကူညီဖို့ အထိ ခင်တဲ့ သူပဲ..။ ကလေးတို့ ငလုံး တို့နဲ့ မလေးကို အတူထွက်သွားပြီး နောက်တော့ စင်ကာပူမှာ သူ အခြေကျသွားခဲ့တယ်..။

စင်ကာပူမှာ သူအဆင်ပြေနေတဲ့အချိန် ကျွန်တော်တို့ ထဲက သူငယ်ချင်းတစ်ယောက် သင်္ဘောတက်ဖို့ ငွေလိုတာ ကို အားလုံး သူစိုက်ထုတ် ကူညီပေးတယ်..။ အဆင်ပြေမှ ပြန်ဆပ် ဆိုပြီး သိန်း ဆယ်ဂဏန်း လောက် အတိုးမဲ့ နဲ့ သူချေးတယ်.။

ကျွန်တော့်ကို ယောက်ဖ လို့ ခေါ်တဲ့ တဦးတည်း သော သူငယ်ချင်းပဲ..။ ကျန်သူငယ်ချင်းတွေ ခေါ်သလို ခုံခုံ လို့လည်း မကြာခဏ ခေါ်ပါတယ်..။ ဒါပေမယ့် ယောက်ဖ ဆိုတာကတော့ သူ့ရဲ. ပင်တိုင် အခေါ်အဝေါ်ပဲ..။

၂၀၀၄ ခုနှစ်လောက်က ကျွန်တော် စင်ကာပူ ရောက်တယ်..။ Asian Oversea Technical Scholarship (AOTS) ဆိုတဲ့ အဖွဲ့အစည်းရဲ. Sponsor နဲ့ နှစ်ပတ်သင်တန်းလေး ကျွန်တော် တက်ခွင့်ရတယ်..။ နေတာ ထိုင်တာ စားတာသောက်တာ အားလုံး ဖရီးပဲ..။

သင်တန်းလုပ်တဲ့ Orchard Hotel မှာပဲ တည်းရတယ်..။ ဒါပေမယ့် ကျွန်တော်ကတော့ အားတာနဲ့ သူငယ်ချင်းတွေ အခန်းသွားအိပ်တော့တာပဲ..။ အဲဒီတုံးက နိုင်လင်း က သက်မောင်အေးဆိုတဲ့ လုံးခင်းသားရယ်.. စိုးဝင်းဆိုတဲ့ လာရှိုးသားရယ်.. အောင်ခန့်ဆိုတဲ့ ချောက်သား နဲ့ လေးယောက်ပေါင်း နေကြတယ်..။

အဲဒီအချိန်တုံးက သူတို့လေးယောက်လုံး လူပျိုကြီးတွေ..။ အခုတော့ သုံးယောက်ကျန်ပေါ့..။ မနှစ်က နိုင်လင်း ရန်ကုန်ပြန် မင်္ဂလာဆောင်တယ်..။ မင်္ဂလာပွဲကို Park Royal မှာလုပ်တယ်..။ သူငယ်ချင်းအားလုံးကို လက်ဖွဲ့ခြင်း သီးခံပါ ဆိုပြီး အတော့်ကို ကြီးကြီးကျယ်ကျယ် သူ့မင်္ဂလာပွဲ ကျင်းပတယ်..။

ကာယကံရှင် မင်္ဂလာမောင်မယ်က ဘယ်လောက်ပဲ လက်ဖွဲ့ခြင်းသီးခံပါ လို့ ပြောနေသည့်တိုင် သူငယ်ချင်းများရဲ့ ရင်းနှီးခင်မင်မှုအရ.. တခုခုတော့ စုပြီး လက်ဖွဲ့ကြရအောင်လို့ ကျွန်တော်တို့ တိုင်ပင်ကြတယ်..။ အဲဒီမှာ ငလုံးက
“ ဟိုက လက်ဖွဲ့ခြင်း သီးခံပါလို့ စာတတန် ပေတတန် ရေးထားတာကို မင်းတို့ .. ဒီလောက်လေးတောင် သီးမခံနိုင်ကြဘူးလား.. ” လို့ ၀င်နောက်သေးတယ်..။


အခုတော့ သားလေးတစ်ယောက်နဲ့ စင်ကာပူမှာ သူတို့မိသားစု ပျော်ရွှင်စွာ ဘ၀ကို ဖြတ်သန်းနေကြလေရဲ့..။

သူရဲ့ ငယ်ကျိုးငယ်နာကို နောက်ပို့စ်မှ.. ဖော်ပါ့မယ်..။

40.2 နိုင်လင်း၏ နှလုံးသားနှင့် ကျွန်တော်ရေးခဲ့ရသော စာတစ်စောင်

တက္ကသိုလ်ကျောင်းသားဘ၀မှာ အငှားခံစားချက်နဲ့ သူများအတွက် ရည်းစားစာ နှစ်စောင် ကျွန်တော် ရေးပေးခဲ့ဖူးတယ်..။ ကျွန်တော်ရေးတာပဲ ကောင်းလို့လား၊ ကာယကံရှင်တွေကိုယ်နှိုက်ကိုက ကြိုက်နေလို့လားတော့ မပြောတတ်ဘူး..။ တစ်ယောက်ကတော့ ကျွန်တော့်စာနဲ့ အဆင်ပြေသွားပြီး အခုဆို သမီးလေးတစ်ယောက် နဲ့ ပျော်ရွှင်ချမ်းမြေ့တဲ့ အိမ်ထောင်တစ်ခုတောင် ပိုင်ဆိုင်နေပါပြီ..။

သူများအတွက် ရေးပေးတယ် ဆိုလို့ ပြီးစလွယ် ရေးပေးတယ် မထင်ကြနဲ့အုံး..။ အကူအညီတောင်းသူက ကျွန်တော့်ကို သူတို့ရဲ့အခြေအနေ အားလုံး တစ်လုံးမကျန် ပြန်ပြောပြရတယ်..။ ကောင်မလေးအပေါ်ထားတဲ့ ခံစားချက်၊ အတွေး၊ မျှော်လင့်ချက် တွေကအစပေါ့..။ အဲဒါတွေကို သေချာ နားထောင်၊သုံးသပ်ပြီးမှ ဆရာကြီး စတိုင်.. ဖီးလ်အပြည့်နဲ့ ကျွန်တော်က ခံစားသီကုံးတာ..။

ဆိုတော့.. ကျွန်တော့်စာတွေက ပေါ့သေးသေးတွေ မဟုတ်ဘူး..။ ခပ်လန်းလန်း တွေ..။

ဒါပေမယ့် မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်တောင် ချွတ်မရ၊ဟောမရ၊ပြောမရ တဲ့ ပေကတ်ကတ် တွေ ရှိသေးတာဆိုတော့ နိုင်လင်းအတွက် ရေးပေးခဲ့တဲ့ စာကတော့ ပြန်စာလေးတောင် မရရှာခဲ့ပါဘူး..။

စာပေးလိုက်ပြီး တစ်ပတ်လည်း အကြောင်းမပြန် နှစ်ပတ်လည်း သတင်းမကြား ဆိုတော့ နိုင်လင်း က ကျွန်တော့်ကို ပြောတယ်..။

“ ယောက်ဖ.. သူကြိုက်ကြိုက်၊ မကြိုက်ကြိုက်.. မင်းရေးထားတာ ငါတော့ ကြိုက်တယ် ” တဲ့..။ ဟာကွာ လို့ ကျွန်တော့်မှာ ဖြစ်ရတယ်..။ ဟုတ်တယ်လေ..။ ကောင်မလေး ဆီကပြန်စာမရဖြစ်နေတဲ့ သူ့ကို ကျွန်တော်က နှစ်သိမ့်ရမှာ..။ သူက ကျွန်တော့်ကို ပြန်နှစ်သိမ့် နေတယ်..။ နိုင်လင်း ဆိုတာ အဲသလို သူငယ်ချင်း..။

ကျွန်တော် ပဉ္စမနှစ်တက်ဖို့ ရန်ကုန်ပြောင်းတော့.. ကျွန်တော့်အမအကြီးဆုံးက ရမည်းသင်းမှာ တာဝန်ကျနေခဲ့တယ်..။ အလုပ်က သူနာပြုဆိုတော့ သိပ်ကြီး ပိုပိုလျှံလျှံ မရှိပေမယ့် သူ့မောင် စက်မှုတက္ကသိုလ်ကျောင်းသားကြီး အတွက် တတ်နိုင်သလောက် ရမည်းသင်းကနေ ငွေလှမ်းပို့တယ်..။ ၀ိုင်အိုင်တီ main building ကြီးအောက် ကြော်ငြာဘုတ်မှာ ငွေလွှဲသတင်း ဖတ်ခဲ့ရတဲ့ တစ်ယောက်က ကျွန်တော့်ကို လာပြောတော့ ကျွန်တော့်မှာ အံ့သြတကြီး ဖြစ်ရတယ်..။

“ငါ့ဆီ ငွေပို့မယ့်သူ မရှိပါဘူး.. နောက်တာများလား ” ဆိုတဲ့ အတွေးနဲ့ ပေါ့..။

ဒါပေမယ့် သူငယ်ချင်းများက “ ဟေး.. ဆမိတ်ခုံငွေလွှဲ ရောက်တယ်ကွ.. သွားဝါးကြမယ် ” လုပ်နေကြပြီမို့.. အံ့သြနေပေမယ့် ဇဝေဇ၀ါနဲ့ ကျွန်တော်တို့အဖွဲ့.. အဆောင်ကနေ.. main building အောက် ထွက်လာခဲ့ကြတယ်..။ နိုင်လင်း လည်း ပါတယ်..။ ဟိုရောက်တော့ ရမည်းသင်းကအမ က တကယ်လွှဲလိုက်တာ ဖြစ်နေတယ်..။ Amount က သုံးရာ..။

စားမယ်ဝါးမယ် ဆိုပြီး လိုက်လာတဲ့ သူငယ်ချင်းတွေ.. လွှဲငွေ သုံးရာဆိုတာကြည့်ပြီး ၀ိုင်းရယ်ကြတယ်..။ ငွေလွှဲ ဆိုရင် ထောင်ဂဏန်း၊ သောင်းဂဏန်း လွှဲလေ့ ရှိကြ တာမို့.. ကျွန်တော့်လွှဲငွေ သုံးရာက သူတို့အတွက် မကြုံစဖူး ဖြစ်နေခဲ့ကြတယ်..။ စိတ်ထဲမယ် ဘာရယ်ညာရယ် မရှိကြပေမယ့် တဟားဟား နဲ့ သူတို့မှာ ပြောမပြီး ရယ်မပြီး ဖြစ်နေခဲ့ကြတယ်..။

နိုင်လင်းကတော့.. “ ယောက်ဖ.. မင်းအမလည်း သူတတ်နိုင်တာ သူ ပို့လိုက်တာ နေမှာ ” ဆိုပြီး ကျွန်တော့်လက်ကို တင်းတင်းဆုပ်ရင်း မရယ်မပြုံးဘဲ အားပေးစကား ဆိုတယ်..။ ကျန်သူငယ်ချင်းများ ရယ်ကြတာ.. စိတ်မကောင်းမဖြစ်မိပေမယ့် နိုင်လင်း အဲသလိုမျိုး ပြောခဲ့တာတော့ အခုထိ ကျေးဇူးတင်အမှတ်ရဆဲ ပါပဲ..။

40.3 သရဲရထားစီးသူများ

လွန်ခဲ့တဲ့ ခြောက်လလောက်က မူဆယ်ဖက် သူငယ်ချင်းတသိုက် ရုံးကိစ္စနဲ့ ခရီးထွက်ဖြစ်တယ်...။ ရွှေဘိုသား သူကြီးလည်း သင်္ဘောက ဆင်းလာတာကြုံကြိုက်နေတာ နဲ့ လိုက်လာခဲ့တယ်..။ ရန်ကုန်မူဆယ် လမ်းတလျှောက် မြို့တွေက သူငယ်ချင်းတွေဆီ.. ဖုံးမရမကဆက်၊ ချိန်းတွေ့၊ သောက်စားနဲ့ အတော့် တော့ ပျော်စရာကောင်းတဲ့ ခရီးစဉ်ပဲ..။

လားရှိုးရောက်တော့ ကွတ်ခိုင်မြို့နယ် လ.၀.က မြို့နယ်ဦးစီးမှုးက ကျွန်တော်တို့သူငယ်ချင်း နေမျိုးလှိုင် ဖြစ်နေတယ် လို့ သတင်းကြားတယ်..။ နေမျိုးလှိုင်က MIT က မဟုတ်ပေမယ့် ကျောင်းကလားရှိုးသားတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အဖွဲ့နဲ့ အတော့်ကို ခင်တယ်..။ ကျောင်းပြီးစ ရန်ကုန်မှာ တိုက်ခန်းငှားနေစဉ်တုံးကလဲ သူက လ.၀.က ဦးစီးမှုးရာထူးအတွက် ရန်ကုန်ကို မကြာခဏလာတော့ အဆက်အသွယ်က သိပ်မပြတ်ဘူး..။

နောက်တော့ ကလေးတို့ငလုံးတို့က မလေးရှားထွက်သွား..၊ သူကြီးက သင်္ဘောတက်..၊ ကျန်တဲ့သူငယ်ချင်းတွေလည်း ဆိုင်ရာဆိုင်ရာ အလုပ်တွေဝင်..၊ နေမျိုးလှိုင် ကလည်း တာဝန်ကျရာ မြို့ရောက် ဆိုတော့ မတွေ့ဖြစ်ကြတော့ဘူး..။ အခုလိုမျိုး တိုက်တိုက်ဆိုင်ဆိုင် ခရီးက ကြုံနေတော့.. မဖြစ်ဖြစ်အောင် ၀င်တွေ့ကြမယ် ဆိုပြီး ကျွန်တော်တို့အဖွဲ့ ကွတ်ခိုင်ရောက်တာနဲ့ မောင်မင်းကြီးသားကို ၀င်တွေ့ကြတယ်..။

မတွေ့တာ ၂၀၀၀ ခုနှစ်လောက်ကတည်းကဆိုတော့ သူငယ်ချင်းတွေ တစ်ယောက်နဲ့တစ်ယောက် ပြေးမဖက်ရုံတမယ်.. ၀မ်းပမ်းတသာဖြစ်ကြရပါတယ်..။ မြို့ပေါ်က ဆိုင်တဆိုင်မှာ စိတ်လွတ်ကိုယ်လွတ် သောက်ကြ၊ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောကြ၊ ရယ်ကြမောကြ နဲ့ ပေါ့..။ အမှတ်တရ အဖြစ်ရဆုံးကတော့.. သူကြီး နဲ့ နေမျိုးလှိုင် သီရိမင်္ဂလာဈေး.. happy world မှာ သရဲရထား စီးတဲ့အကြောင်း စားမြုံပြန်တာပဲ..။

အဲဒီတုံးက နေမျိုးလှိုင်က.. ဦးစီးမှုးရာထူးအတွက် ရန်ကုန် ကို စာမေးပွဲလာဖြေတဲ့ အချိန်..။ သူကြီးကလည်း မိန်းမရခါစ.. သင်္ဘောလိုက်ဖို့ ကြိုးစားနေတဲ့အချိန်..။

လှိုင်မြင့်မိုရ် အိမ်ယာမှာ MIT က ဆရာမ ဒေါ်သီတာဦးရဲ့ တိုက်ခန်းမှာ သူတို့အတူနေကြတယ်..။ နေမျိုးလှိုင်က ပိန်ပိန်ဖြူဖြူနဲ့ လက်စလက်န ကမသေးတော့ ရောက်ပြီး တစ်ပတ်လောက် ရှိသေးတယ်..။ လမ်းထဲ က ကောင်မလေးတစ်ယောက်နဲ့ အီစီကလီဖြစ်တယ်..။

တကယ့် သမီးရည်းစားတွေလောက်အထိ ခရီးမရောက်သေးပေမယ့်.. ကောင်မလေးကလည်း မဆွတ်ခင်က ညွှတ်ချင်သလိုဆိုတော့ နေမျိုးလှိုင်က သူကြီးနဲ့ တိုင်ပင် တယ်..။ လာမယ့်တနင်္ဂနွေမှာ ကောင်မလေးနဲ့ တနေရာရာသွားမယ်ပေါ့..။ သူကြီးကလည်း အကွက်ဝင်လာတော့ အကြံကောင်းဥာဏ်ကောင်းတွေ ပေးတော့တာပဲ..။

သီရိမင်္ဂလာဈေးက happy world မှာ သရဲ ရထားသွားစီးကြမယ်..။ စီးရမှာက နှစ်ယောက်တစ်တွဲ၊ အထဲမှာက ကြောက်စရာလန့်စရာတွေနဲ့ မှောင်နက်မဲမဲဆိုတော့ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ အထာနဲ့ ပေါ့..။

နေမျိုးလှိုင်လည်း သူကြီးအကြံကို မိုက်တယ်ဟ ဆိုပြီး လက်ခံလိုက်တယ်..။ သွားမယ့်နေ့ရောက်တော့ သူကြီးက မင်းတို့ချည်း မသွားနဲ့ ..ငါပါလိုက်မယ်..။ တော်ကြာ ကောင်မလေးက နှစ်ယောက်တည်း သွားရမှာကို တွန့်နေရင် ခက်မယ်.. ဆိုပြီး သူကြီးပါ လိုက်သွားတယ်..။ ဟိုရောက်တော့ လက်မှတ်ဝယ်ပြီး နေမျိုးလှိုင်က ကောင်မလေးနဲ့ ပျော်ပျော်ကြီး သရဲခြောက်သည်ဆိုသောအိမ်ကြီးထဲ ၀င်သွားခဲ့တယ်..။

အထဲရောက်တော့ တကယ်လည်း ကောင်မလေးက ကြောက်ကြောက်နဲ့ နေမျိုးလှိုင်ကို အားကိုးတကြီးဖြစ်ကုန်တယ်..။ နေမျိုးလှိုင်ကတော့ သဘောတွေခွေ့ ပြီး သရဲရထားကို ပြုံးပြုးကြီး စီးနေတော့တယ်..။ ကောင်မလေးက ကြောက်လေ သူက အတင်းဖက်လေ ပဲ...။ အကြင်နာ ပေးတာလည်း ခဏခဏ ပေါ့..။

သူကြီးကိုလည်း ကျေးဇူးတွေတင်လို့ ..။

သူကြီးကလည်း နေမျိုးလှိုင် လုပ်သမျှ မဟုတ်တရုတ်မှန်သမျှကို အပြင်က တီဗွီမှာ ထိုင်ကြည့်ရင်း တခွိခွိနဲ့ ထိုင်ရယ်နေတယ်..။ နေမျိုးလှိုင် ခမျာတော့ သူလုပ်သမျှကို အပြင်ဖက်က လူတွေက မြင်နေရတယ်ဆိုတာ မသိရှာတော့.. အပျော်တွေပြည့်နှက်လို့.. တစ်ခေါက်နဲ့တောင် မ၀ဘူး .. ထပ်စီးအုံးမယ် လုပ်နေခဲ့တယ်..။

40.4 ကလေးလေးတွေ ပျော်တဲ့နေ့

တနေ့ကပဲ.. ရွာမှာ ကလေးငယ်များကို ဖိနပ်လှူတဲ့ ပွဲလေး လုပ်ဖြစ်တယ်လို့ သိရပါတယ်..။

ဖိနပ်အသစ်လေးတစ်ရံ ဘယ်ကနေဘယ်လို ရောက်လာမှန်းမသိဘဲ.. ကိုယ့်အတွက်ဆိုတာ သိလိုက်ရတော့ .. မျက်လုံးလေးတွေ အ၀ိုင်းသားနဲ့.. ပီတိတွေ ပေါက်ကွဲပြီး ခိုးခိုးခစ်ခစ် ရယ်နေမယ့် ကလေးငယ်လေးတွေကို.. စိတ်ကူးပုံရိပ် ထဲမှာ လှမ်းမျှော်မှန်းဆကြည့်ရင်း ကျွန်တော့်မှာ တစိမ့်စိမ့်နဲ့ ကြည်နူးရပါတယ်..။

တချို့က သူများရလာတဲ့ ဖိနပ်ကို ကွက်ကြည့်ကွက်ကြည့်လုပ်ရင်း.. ကိုယ့်နာမည်ခေါ်သံကို ရန်ခုန်တိုးတိတ်စွာ မျှော်နေကြမယ်..။ တချို့က ကိုယ်ရလာတဲ့ ဖိနပ်လေးကို ချက်ခြင်းလက်ငင်း ချစီး ရင်း ဟိုလှည့်ဒီလှည့်နဲ့ ပီတိဖြာနေလိမ့်မယ်..။ တချို့ကတော့ ကလေးပီပီ ဖိနပ်ကို လက်ကကိုင်ရင်း တဟေးဟေးနဲ့ အော်ဟစ် နေကြမယ်..။ တစ်ယောက်အပျော်တွေက တစ်ယောက်ကို ကူးစက်လို့၊ အခြင်းခြင်း ပေါင်းစုယှက်လို့၊ ကျောင်းကလေးမှာ အဲဒီနေ့က ပွက်လောကို ညံနေခဲ့မှာပဲ..။

အဲဒီနေ့ဟာ သူတို့လေးတွေ အခုထိ ဖြတ်သန်းလာခဲ့တဲ့ နေ့ပေါင်းများစွာထဲက.. အမှတ်တရအရှိဆုံး နေ့..။ အပျော်ရဆုံး နေ့..။ နုနယ်တဲ့ သူတို့နှလုံးသားထက်မှာ တခုတ်တရနဲ့ ထိထိရှရှ အခံစားရဆုံး နေ့တနေ့ ဖြစ်နေခဲ့တော့မယ်..။

အဲဒီနေ့လေးကို ရှင်မင်းညိုလို့ခေါ်တဲ့ စေတနာရှင် လူငယ်တစ်ဦးက သူတို့အတွက် ဖန်ဆင်း ပေးခဲ့တယ်..။

အဲဒါလေးကို ကျန်တဲ့ ညီအကိုမောင်နှမများပါ မျှဝေခံစားနိုင်ဖို့ ရေးလိုက်ရပါကြောင်း..။

Monday, February 2, 2009

39.1 ဘာလိုလိုနဲ့ ဆယ်နှစ်တိုင်ခဲ့ပါပကော..

မဒမ်နဲ့ အာဝါဟ၀ိဝါဟ ခဲ့တာ.. ၁၉၉၉ ခုနှစ် ဇန်န၀ါရီ (၁၄) ရက်ဆိုတော့.. ၂၀၀၉ခုနှစ် ဇန်န၀ါရီ (၁၄) ရက်မှာ ဆယ်နှစ်တင်းတင်းပြည့် သွားခဲ့ပြီ..။ ဘာမှ မကြာလှသေးသလို ခံစားရပေမယ့် ဆယ်နှစ်ဆိုတာ လူ့သက်တမ်းနဲ့ ယှဉ်ရင် မနည်းလှဘူးပဲ..။ စလယ်ဝင် ဖင်မမည်းခင် ကွဲပြဲကြတဲ့ အိမ်ထောင်ရေး ဇာတ်လမ်း တွေနဲ့ နှိုင်းရင်တော့ ဆယ်နှစ်ဆိုတာ ဂုဏ်ယူဖွယ်ရာ ကာလအပိုင်းအခြား တစ်ခုလို့ ဆိုရမှာပဲ..။

ရှစ်နှစ်ပြည့်၊ ကိုးနှစ်ပြည့် ဆိုတာမျိုးတွေလည်း အရင်ကမလုပ်ခဲ့ဖူးတော့ ဆယ်နှစ်ပြည့်မှာလဲထူးထွေပြီးတော့ အထိမ်းအမှတ်ပွဲ ကျင်းပတာမျိုး မလုပ်ဖြစ်ပါဘူး..။ မဒမ်ကတော့ ဆယ်နှစ်မြောက် ထူးထူးခြားခြားလေး လုပ်ချင်တဲ့သဘောမျိုး ပြောလာပေမယ့် “ ထူးခြားသွားအောင် ကိုကြီးတို့ ကွာရှင်းလိုက်ကြတာပေါ့ ” လို့ ပဲ အရွှန်းဖောက်ပြီး ကျွန်တော်ပြန်ပြောခဲ့တယ်..။

သူငယ်ချင်းအပေါင်းအရောင်းတွေကို ဖိတ်ပြီး ကျွေးမွေးဧည့်ခံ၊ သားနဲ့သမီးက သတင်းစာထဲမှာ ဒယ်ဒီမာမီမင်္ဂလာခရီး ဆယ်နှစ်မြောက်မှ နှစ်တစ်ရာတိုင်စေသော် ကြေငြာထည့် ဆိုတာမျိုး မလုပ်သည့်တိုင် မဒမ့်ဆန္ဒကို လိုက်လျောပြီး မိသားစုတတွေ.. အပြင်ဆိုင်တစ်ဆိုင်ဆိုင် သွားစားဖို့တော့ စိတ်ကူးမိပါသေးတယ်..။ ဒါပေမယ့် အဲဒီနေ့မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဘန်ကောက်သွားဖို့ ဖြစ်လာတော့ .. မဒမ့်ကို ချော့မော့ထားခဲ့ရပါတယ်..။

ဘန်ကောက်က အပြန်မှ.. လေဆိပ် duty free ကနေ seiko နာရီတစ်လုံး ၀ယ်လာခဲ့လိုက်တယ်..။ မင်္ဂလာခရီး ဆယ်နှစ်ပြည့် လက်ဆောင် လိုလို.. မွေးနေ့လက်ဆောင် လိုလို ရောယောင်ပြီး ကျွန်တော်ပေးတော့ မဒမ်က “ ဘောင်ချာရော ” လို့ မေးပါတယ်..။ အိပ်ထဲက ဘောင်ချာ ထုတ်ပေးတော့ “ ထိုင်းတစ်ဘတ် ကို မြန်မာငွေ ဘယ်လောက်လဲ ” လို့ ထပ်မေးပြန်ပါတယ်..။

၂၀၀၄ ခုလောက်က စင်ကာပူကအပြန်... ဆံချည်မျှင်သာသာလောက် ရှိတဲ့ ပလက်တီနမ် ဆွဲကြိုးလေး ၀ယ်လာပေးတုံးကလည်း မဒမ်က အဲသလိုမျိုး မေးခဲ့ဖူးတယ်။

ကျွန်တော့်မှာ နိုင်ငံခြားပြန် လက်ဆောင်ဝယ်လာတိုင်း သက်ဆိုင်ရာနိုင်ငံရဲ့ ငွေလဲလှယ်နှုန်းနဲ့တကွ ဘောင်ချာကို တင်ပြရပါတယ်..။ မင်္ဂလာသက်တမ်း ဆယ်နှစ်အတွင်း.. ရွှေအတု၊ ငွေအတု၊ တခါမှ လက်ဆောင်အဖြစ် ၀ယ်မပေးဖူးပေမယ့် မကြာခဏ “အတုဝယ်ပေးမှာဗျား” လို့ ကျွန်တော်က စတတ်တော့ မဒမ်ခမျာ မယုံရဲယုံရဲ များ ဖြစ်နေသလား မပြောတတ်ပါဘူး..။

အဲသလိုနဲ့ပဲ ဆယ်နှစ်တိုင်ခဲ့ပါပြီ အရပ်ကတို့..။

39.2 သမီးရည်းစားနဲ့ လင်မယား မတူဘူးဗျ

အရင်အလုပ်မှာ အောင်သူဝင်းလို့ခေါ်တဲ့ အင်ဂျင်နီယာ တပည့်လေး တစ်ယောက်ရှိတယ်..။ သူက ကျွန်တော့်ကို အထက်အရာရှိတစ်ယောက်ဆိုတာထက် ပိုတဲ့ လေးစားမှုမျိုးနဲ့ လေးစားတယ်..။ ကျွန်တော်ပြောတာ မှန်သမျှ လေးလေးနက်နက်နဲ့ သူနားထောင်တယ်..။ တိုင်ပင်စရာရှိရင်လည်း သူ့ရဲ့ ပုဂ္ဂိုလ်ရေးကစလို့ မချွင်းမချန် ကျွန်တော်ကို ဖွင့်ပြောတိုင်ပင်လေ့ ရှိတယ်..။

တစ်ရက်မှာ ကျွန်တော်က ဘာရယ်မဟုတ် သမီးရည်းစားဘ၀နဲ့ အိမ်ထောင်သည်ဘ၀ မတူခြားနားတာလေးတွေ စပ်မိစပ်ရာ သူ့ကို ပြောမိတယ်..။

“ သမီးရည်းစား နဲ့ လင်မယား မတူဘူးကွ..။ မတူချက်ကတော့ စာလုံးပေါင်းကအစ ကွဲတယ် ငါ့ညီ.. ဒါကြောင့် လင်မယားဘ၀မှာ မလိုက်လျောနိုင်မယ့် ကိစ္စတွေ သမီးရည်းစား ဘ၀မှာ ဘာမှ လုပ်မပေးနဲ့ ကွ ”

လူကလည်း နည်းနည်း ထွေနေတော့ အာဘောင်အာရင်းသန်သန်နဲ့ သူ့ကို ကျွန်တော် လက်ချာတွေ အဲဒီနေ့က စွတ်ပေးလိုက်မိတယ်..။ မဒမ်ကလည်း သမီးရည်းစား ဘ၀တုံးက ကျွန်တော်အလိုလိုက်ခဲ့တာလေးတွေ လင်မယားဘ၀မှာ လုပ်ပေးဖို့ ကွက်ပျက်တိုင်း “ကိုကြီး အရင်လို မီးမီးကို မချစ်တော့ဘူး ” လို့ စွဲချက်က တင်နေတာမို့ အဲဒီအကြောင်းလေးတွေကိုလည်း ပြန်လည် ဖောက်သည်ချမိတယ်..။

“ မင်းရည်းစားကို နေကြာစေ့ အခွံ နွှာမပေးနဲ့.. သူ့ဖာသာ နွှာစားခိုင်း၊ ကော်ဖီမစ်.. အထုတ်ဖောက် မွှေပေးတာမျိုး လုပ်မပေးနဲ့.. သူ့ဖာသာ ဖျော်သောက်ပစေ ”
“ အေး.. ငါပြောတဲ့အတိုင်း မလုပ်ဘဲ.. နေကြာစေ့ဆို အခွံနွှာပြီးသား၊ ကော်ဖီမစ်ဆို မွှေပြီးသား လုပ်လို့ကတော့ လင်မယားဘ၀ ရောက်တာနဲ့ မင်း နာဖို့သာပြင် ”

နဂိုရ်ကလည်း လေးစားရင်းစွဲ ရှိတဲ့အပြင် သူကိုယ်တိုင်ကလည်း ခပ်ထွေထွေ ဖြစ်နေလေတော့ ကျွန်တော်ပြောသမျှ သူ့ခမျာ အဟုတ်ထင်သွားခဲ့တယ်..။ ကျွန်တော်ကတော့ ပြောပြီး မေ့မေ့ပျောက်ပျောက်ပါပဲ..။ ဒါပေမယ့် သူကတော့ အဲဒီနေ့က စလို့ ကျွန်တော်ပြောတာတွေကို အကောင်ထည်ဖော်နေခဲ့တယ်..။

နောက်တစ်လလောက်ကြာတော့ မောင်မင်းကြီးသား မျက်နှာမသာမယာနဲ့ “ အကို.. ကျွန်တော့်ကောင်မလေးက ကျွန်တော့်ကို ပစ်သွားပြီဗျ ” တဲ့..။ ငိုသံပါကြီး နဲ့ ပြောလာတော့ ကျွန်တော့်မှာ “ ဟ.. ဘယ်လိုဖြစ်တာလဲကွ ” ပေါ့...။

“အကို ပြောသလို ကော်ဖီမစ်..သူ့ဖာသာ ဖျော်သောက်ခိုင်းလိုက်တယ်၊ နေကြာစေ့ သူ့ဖာသာ အခွံနွှာစားခိုင်းလိုက်တယ်.. အဲဒါ.. မရခင်ကတည်းက ဒီလို အချိုးချိုးနေရင် ရပြီးရင် ပိုဆိုးဖို့ပဲ ရှိတယ် ” ဆိုပြီး လမ်းခွဲသွားတာပဲ အကိုရေ ” တဲ့..။

39.3 ၀ိုင်နတ်သမီး ပြုစားတဲ့ည

မင်္ဂလာခရီး ဆယ်နှစ်တာကာလမှာ .. စိတ်သဘောထားခြင်းမတိုက်ဆိုင်တာ၊ ကတောက်ကဆဖြစ်ရတာ လေးတွေ မကြာခဏ ကြုံရပါတယ်..။ ဒါပေမယ့်တစ်ယောက်နဲ့တစ်ယောက် အဖုအထုံး၊ အကြိတ်အခဲတွေဖြစ်ပြီး တစ်ရက်ကနေနှစ်ရက် မပြောနိုင်မဆိုနိုင် ဖြစ်ရတာမျိုးတော့ မရှိခဲ့သလောက်ပါပဲ..။ လင်မယား နှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက် tolerate လုပ်နိုင်တာကလည်း ကြီးကြီးမားမား ပြဿနာမဖြစ်တဲ့ အကြောင်းရင်း တစ်ခုဖြစ်မယ် ထင်ပါတယ်..။

တကယ်တော့ အိမ်ထောင်သည်ဘ၀ အချစ်ဆိုတာ ဘက္ထရီအိုး တစ်လုံးလိုပါပဲ..။ သုံးပါများ အချိန်ကြာရင် ဘက္ထရီအား ကုန်ခမ်းသွားသလို မျိုး လင်မယားကြား က အချစ်ဆိုတာတွေကလည်း ရန်ဖြစ်လိုက် စိတ်ကောက်လိုက် အမြင်မကြည်မလင်ဖြစ်လိုက်နဲ့ တဖြည်းဖြည်းနဲ့ အားပျော့လျော့နည်းလာတတ်ပါတယ်..။ အဲသလို အားပျော့လာတဲ့ အချစ်တွေကို အချိန်မီ recharge ပြန်မလုပ်နိုင်ရင် အခန်းပျက်တဲ့ ဘက္ထရီအိုးလို ဖြစ်သွားပြီး အိမ်ထောင်ရေးမှာ ထိထိခိုက်ခိုက်လေးတွေ ဖြစ်လာတော့တာပဲ..။

သိပ်ကဗျာမဆန်ပေမယ့် အချစ်ဆိုတာ rechargeable ပဲ..။

ကျွန်တော်တို့ လင်မယားကတော့ စိတ်အခန့်မသင့် ဖြစ်ရတာလေးတွေ ရှိတိုင်း တနည်းနည်းနဲ့ တစ်ယောက်ယောက်က အလျော့ပေးပြီး ပြန်လည် သင့်မြတ်အောင် ကြိုးစားဖြစ်ကြတယ်..။ recharge လုပ်တဲ့ သဘောပေါ့..။ တခါတရံမှာ အဲဒါမျိုးလေးတွေက ပျော်ဖို့တောင် ကောင်းပါတယ်..။ တခါတရံကျတော့လည်း ငိုအားထက် ရယ်အားသန်အဖြစ်မျိုးလေးတွေနဲ့ ကြုံရပြီး ကြည်ကြည်နူးနူး ဆွတ်ဆွတ်ပျံ့ပျံ့ ခံစားရတဲ့ အထိ ပဲ..။

လွန်ခဲ့တဲ့ သုံးလလောက်က အဖြစ်အပျက်ဆိုရင် အိမ်ထောင်သက်ဆယ်နှစ်မှာ ပြန်တွေးမိတိုင်း လင်မယားနှစ်ယောက်စလုံး မရယ်ပဲမနေနိုင်တဲ့ အဖြစ်အပျက် တစ်ခုပဲ။

ဇာတ်လမ်းက ကျွန်တော်ရုံးကအပြန် သားနဲ့သမီးကို ကျုရှင်ဝင်ကြိုဖို့ မဒမ်က ဖုံးလှမ်းဆက်တာကနေ စတာပဲ.။ ဟမ်းဖုံးများကလည်း သိတော်မူတဲ့အတိုင်း connection က လွှတ်ကောင်းတော့ မဒမ်ပြောတာ ကျွန်တော်မကြား.. ကျွန်တော်ပြောတာ မဒမ်မကြားနဲ့ ဖြစ်ကုန်တာပေါ့..။

အရေးထဲ ဘုရင့်နောင်ပွိုင့်မှာ ကားတွေကပိတ်ပြီး အဲဒီနေရာက connection မမိတော့ မဒမ့်ဆီ ကျွန်တော်ခေါ်မရသလို.. ကျွန်တော့်ဆီလည်း ဘယ်လိုမှ မဒမ် ခေါ်မရတော့ဘူး။ connection ပြန်မိတော့လည်း နှစ်ယောက်စလုံး စိတ်အခံတွေက မကောင်းနေကြတော့ တစ်ယောက်နဲ့တစ်ယောက် စကားလုံးတွေနဲ့ ပစ်ပေါက်မိကုန်တဲ့အထိ ဖြစ်ကုန်ကြတယ်..။

မဒမ်ကလည်း ဒေါသထွက်နေတော့ “တော်.. အချိန်ရှိသရွေ့ ဆက်သွယ်မှုဧရိယာပြင်ပချည်း သွားနေတယ်.. ကလေးတွေ ကျောင်းကြိုမယ့်အချိန်တော့ ဆက်သွယ်မှု ဧရိယာထဲ လာပါအုံး ” တဲ့ .. ခပ်ငေါ့ငေါ့လေး ပြောတယ်..။

ကျွန်တော်လည်း စိတ်ကအချဉ်ပေါက်နေပြီမို့ “ ဟ.. မင်းကြီးဒေါ် ဆက်သွယ်ရေးကိုက လိုင်းမမိတာကွ..ငါကပဲ အားအားယားယား ဆက်သွယ်မှုဧရိယာပြင်ပချည်း သွားနေတယ်ဖြစ်ရသေးတယ်.. ခွီးတဲ့မှ ” လို့ ပြန်ကော မိတယ်..။ နောက်ဆုံးတော့ ဖုံးထဲမှာ မင်းကဘာငါကဘာ နဲ့အော်ကြဟစ်ကြရင်း မဒမ်က ဖုံးကို ဆောင့်ကြီး အောင့်ကြီးနဲ့ ချသွားခဲ့တယ်..။

ခဏနေ ကျွန်တော်အိမ်ပြန်ရောက်တော့.. လှေကားမှာ မဒမ်နဲ့ အတက်အဆင်း တွေ့တယ်..။ စောစောက တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ထားကြတာဆိုတော့ ကျွန်တော်လည်း ဖာသိဖာသာပဲ အပေါ်တက်လာခဲ့တော့တယ်..။ မဒမ်ကလည်း စကားတစ်ခွန်းမှ မဟဘဲသုတ်သုတ် သုတ်သုတ်နဲ့ ဆင်းသွားတယ်..။

တော်နေကြာတော့ ကျွတ်ကျွတ်အိတ်တွေ တပွေ့တပိုက်နဲ့ မဒမ် ပြန်ရောက်လာတယ်..။

စီးတီးမတ် ကနေ ဘီယာနဲ့ ၀ိုင်တွေ ၀ယ်ချလာတာပဲ..။ မြည်းဖို့ ဆိတ်သားကြော် သုံးလေးထုတ်နဲ့ အာလူးကြော် နှစ်ထုတ်လောက်လည်း ပါတယ်..။ ကျွန်တော် စိတ်တအားဆိုးသွားတာ သိလို့ ပြန်လည်ငြိမ်းချမ်းရေးအတွက် ဘီယာတွေ ၀ယ်လာတာပဲ..။ သူ့အတွက်က ၀ိုင်ပေါ့..။ လင်မယားနှစ်ယောက် ရန်ဖြစ်ပြီး ပြန်လည် သင့်မြတ်ရေး သောက်ပွဲသဘင် ဆင်ယင်ကျင်းပမယ်ဆိုတဲ့ အထာနဲ့ ပဲ..။

ဒါပေမယ့် သူကလည်း အစောက အရှိန်နဲ့ ကျွန်တော့်ကို ဘီယာသောက်ပါလို့ ပြောဖို့ ခက်နေတော့ သူ့ဖာသာ ၀ိုင်တပုလင်းပြီးတပုလင်း ဖောက်သောက်နေတော့တယ်..။ ကျွန်တော်လည်း သိသိနဲ့ အမြင်ကကတ်နေတော့ မသိချင်ယောင် ဆောင်ပြီး ဘီယာမသောက်တော့ပဲ တီဗွီထိုင်ကြည့်နေလိုက်တယ်...။

မဒမ်ကတော့ အိပ်ခန်းထဲမှာ ဘီရိုကို ခြေကန်ပြီး အာလူးကြော် တဂျွမ်းဂျွမ်းနဲ့ သောက်နေတာ အတော့်ကိုရေချိန်က ကိုက်နေပြီ..။

အချိန်တန်လို့ ကျွန်တော်အိပ်ရာထဲ ရောက်တဲ့အထိ သောက်လို့ သူမပြီးသေးဘူး..။ ကျွန်တော်လည်း နေပေ့စေ ဆိုတဲ့ အတွေးနဲ့ မျက်စိအတင်းမှိတ်ပြီး အိပ်ဖို့ လုပ်တယ်..။ ခပ်မှေးမှေးလေး ဖြစ်မလို့ ရှိသေးတယ် အိကနဲ ငိုသံက ထွက်လာတယ်..။ ဗုဒ္ဓေါ.. ငိုဟယ်ယိုဟယ်တော့ ဖြစ်ကုန်ပြီ ..ကလေးတွေ နှိုးကုန်ရင် ခက်ရချည်ရဲ့ လို့ တွေးမိတာနဲ့ အိပ်ယာက ကပျာကယာ ထပြီး “ အိပ်ကြရအောင်.. ဘာလို့ငိုတာလဲ .. လာလာ ” နဲ့ ချော့ရတော့တာပေါ့..။

သူကလည်း အချော့စောင့်နေတာဆိုတော့ ကျွန်တော် အဲသလိုမျိုး ပြောလိုက်တာနဲ့ပဲ.. ဆင်ရိုင်းချွန်းလွှတ်လိုက်သလိုမျိုး၊ ပိတ်ဆို့ကာဆီး ထားတဲ့ ရေကာတာကြီး ကျိုးပေါက်သွားသလိုမျိုး သူ့စိတ်ကို လွှတ်ပေးလိုက်ပြီး ကျွန်တော့်ကို ဖက်၊ တအီးအီး နဲ့ ငို၊ ကိုရီးယားပြောပြောရရင် အငမ်းမရ အကြင်နာတွေ ပေးတော့တာပဲ..။

အမယ်မင်း ချဉ်တူးတူး ချဉ်စုပ်စုပ်နဲ့ နံလိုက်တာဆိုတာ မပြောပါနဲ့တော့..။ ကိုယ်ကသောက်မထားတော့ ပိုဆိုးတာပေါ့..။

အခြေအနေက “နံတယ်ကွ.. ဂလောက်ဆို တော်ရောပေါ့” လို့လည်း တားရဖို့ လမ်းမမြင်တော့ ကျွန်တော့်မှာ လက်ဝှေ့သမားတွေ ခေါင်းထိုးခံသလိုမျိုး သူ့ချိုင်းအောက်ကို ခေါင်းအတင်းတိုးခွေ့ နေရတော့တယ်..။

အိပ်ရာထဲ ရောက်တဲ့အထိ ခြင်ထောင်အမိုးကို မျှော်ကြည့်ရင်း “ ဘုရား ဘုရား ဒီမိန်းမ ငါ့ကို နောက်ထပ် မနမ်းပါစေနဲ့ ” လို့ တိတ်တိတ်ကြိတ် ဆုတောင်းနေခဲ့ရတယ်။

နောက်တနေ့မနက် မှာ အဲဒီအကြောင်း ကျွန်တော် ပြန်ပြောတော့ “ မှတ်ပြီလား .. ကိုယ်ချင်းစာတတ်ပြီလား ” တဲ့..။ မဒမ်က ပြုံးစေ့စေ့နဲ့ ပြန်ပြောတယ်..။

ကုန်ခမ်းသွားတဲ့ အချစ်တွေကို recharge ပြန်လုပ်တာမှာ over-charge လုပ်မိရင်လည်း အိုးနာတယ် အရပ်ကတို့ရေ..။

39.4 လင်ဇီးမုန်တိုင်း မွှေတဲ့နေ့ ( အပိုင်းတစ် )

လူပျိုဘ၀မှာကတည်းက လင်ဇီးဆေးနဲ့ ပါတ်သက်တဲ့ ဟောပြောပွဲဆန်ဆန်၊ စည်းရုံးရေးပွဲဆန်ဆန် မျိုးတွေကို ကြားဖူးခဲ့တယ်..။ အလုပ်ထဲက သူငယ်ချင်း တစ်ယောက်က အဲဒီပွဲမျိုးတွေဆို မလွတ်တမ်း တက်ပြီး ပြန်ဖောက်သည်ချလေ့ ရှိတာမို့ .. သူတို့ marketing လုပ်ပုံလုပ်နည်းတွေနဲ့လည်း မစိမ်းလှဘူး..။

အလံရှူး သဘောမျိုးဆန်ဆန်.. တက်ရောက်လာတဲ့ ပုရိတ်သတ်ထဲက ဘယ်သမားတော်ကုကု မပျောက်တဲ့သူ့ရောဂါ.. လင်ဇီးနဲ့တွေ့မှ အမြစ်ပြတ်သွားတဲ့ အကြောင်း ထပြောတာမျိုးတွေ၊ နားထောင်နေတဲ့ ပုရိတ်သတ် နောက်တစ်ယောက်က “ဟုတ်ပါတယ်၊ မှန်ပါတယ်၊ ကျွန်တော့်လည်း ကိုယ်တွေ့ဗျ ” လို့ ထ ထောက်ခံလေ့ ရှိတာတွေကို တဆင့်ကြားနဲ့ ကျွန်တော် နားရည်ဝနေခဲ့တယ်..။

ကိုးဆယ့်ခြောက်ပါးတင်မက.. မဖြစ်သေးတဲ့ ရောဂါတောင်ကြွထလာပြီး ပျောက်ကင်းစေလောက်အောင် စွမ်းတယ်ပြောပြီး လက်တွေ့မှာ နောက်ဖေးပေါက်က marketing ဆင်းနေတဲ့ သူတို့လုပ်နည်းလုပ်ဟန်တွေကို သိပ်သဘောမတွေ့တာနဲ့ ကျွန်တော်ကတော့ ခပ်ကင်းကင်းလေး နေခဲ့တယ်..။ ကြာတော့လည်း အဲဒီအကြောင်းတောင် ခေါင်းထဲမရှိတော့ပါဘူး..။

နောက် ကျွန်တော်အိမ်ထောင်ကျတယ်..။ မဒမ်နဲ့လည်း အဲဒီအကြောင်းကို စကားမစပ်မိတော့ အိမ်ထောင်သက်တလျှောက် မပြောဖြစ်သလောက်ပဲ..။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတော့ လင်ဇီးက သူ့ထုံးစံအတိုင်း ကျွန်တော့်အိမ်နောက်ဖေးပေါက်ကနေ ၀င်လာခဲ့တယ်..။ ကလေးတွေကျောင်းပို့ရင်း မဒမ်နဲ့ ရင်းနှီးနေတဲ့ ကျောင်းသားမိဘတစ်ယောက် ကနေတဆင့် ရောက်လာခဲ့တာပဲ..။

မဟာရန်ကုန်မြို့တော်ကြီးမှာ ကလေးကျောင်းပို့ကျောင်းကြိုလုပ်ရတာကလည်း သိတော်မူကြတဲ့အတိုင်း.. ကျောင်းမဆင်းခင်ကတည်းက ကျောင်းရှေ့မှာ မိဘတွေက ကြိုစောင့်နေကြရတာဆိုတော့.. ကျောင်းဆင်းချိန်စောင့်ရင်း တူရာတူရာလေး စု၊ မိတ်တွေဖွဲ့၊ ရောက်တတ်ရာရာလေးတွေ ပြော နဲ့ မိဘတွေ ရင်းနှီးသွားကြတယ်..။

အဲသလိုရင်းနှီးသွားရာကနေ လင်ဇီးရဲ့ ကမ္ဘာကျော် multilevel marketing ထဲ မဒမ် မျောပါသွားခဲ့တယ်..။

အစကတော့ ကျွန်တော်လည်း မရိပ်မိပါဘူး..။ မဒမ်ကလည်း ကျွန်တော်မကြိုက်လောက်တာ သိတယ်နဲ့ တူတယ်..။ မပြောဘူး..။ ဒါပေမယ့်.. တစ်ရက် ကျွန်တော်ရေချိုးတော့ ရေချိုးဆပ်ပြာက သုံးနေကျဆပ်ပြာမျိုးမဟုတ်ဘဲ ခပ်ညိုညိုဖြစ်နေတော့ ဘာဆပ်ပြာလဲပေါ့..။ စပ်စုကြည့်မိတယ်..။ အနံ့ကလည်း မမွှေး၊ ဆပ်ပြာပုံကလည်း ငယ်တုံးက သုံးခဲ့ရတဲ့ ဆင်ချေးတုံးဆပ်ပြာလို ပုံမလာပန်းမလာနဲ့ ..။ တံဆိပ်ကြည့်တော့ ကြားဖူးနေတဲ့ လင်ဇီးကုမ္ပဏီတစ်ခုရဲ့ နာမည်တွေ့ရတယ်။

နည်းနည်းတော့ မသိုးမသန့် ခံစားမိပေမယ့် မဒမ် ကြုံလို့ ၀ယ်လာတယ် ထင်တာနဲ့ ထွေထွေထူးထူးတော့ မမေးဖြစ်ပါဘူး..။ နောက်တစ်ပတ်လောက် ကြာတော့ သွားတိုက်ဆေးကလည်း လင်ဇီးသွားတိုက်ဆေး ဖြစ်နေတာ တွေ့ရပြန်တယ်..။ ခေါင်းလျှော်ရည်ကလည်း လင်ဇီးခေါင်းလျှော်ရည် တဲ့..။ ဒီအတိုင်းဆိုရင်တော့ မဖြစ်ချေဘူး ဆိုပြီး မဒမ့်ကို မေးရတော့တယ်..။

အဲဒီတော့မှ ကလေးတွေကို တိုက်နေတဲ့ အားဆေးကအစ လင်ဇီး ဖြစ်နေတာ သိရတော့တယ်..။ ကျောချမှန်း ဓါးပြမှန်းသိဆိုတာမျိုးပဲ..။

မဒမ့်ကိုတော့ ပြေရာပြေကြောင်းနဲ့ multilevel marketing အကြောင်း ရှင်းပြရတယ်..။ ဒါပေမယ့် ရှင်းရင်းတန်းလန်း သူလုပ်တဲ့ ကိစ္စ မကောင်းပြောရကောင်း လားဆိုပြီး မဒမ်က ကဏ္ဍကောစ ပြန်ပြောတော့ လင်မယားကြား စကားတွေက ဟိုရောက်ဒီရောက်နဲ့ ပွဲက ဆူကုန်တော့တယ်..။ အိမ်ရဲ့ ၀င်ငွေရရာရကြောင်းကို သူလည်း တတပ်တအား လင်ဇီးရောင်းပြီး ရှာနိုင်တော့မယ်ဆိုတဲ့ အတွေးနဲ့ ပျော်နေတဲ့အချိန် ကျွန်တော်က အဲဒီကိစ္စ ရပ်တန်းကရပ် လုပ်လိုက်တော့ မဒမ့်ခမျာ အတော့်ကို စိတ်ပျက်သွားဟန်ရှိတယ်..။

သူမှန်တယ်လို့လည်း နှစ်နှစ်ကာကာ ယုံနေတယ်နဲ့ တူပါတယ်..။ ရန်တွေ့လိုက်တာမှ..

“တော်တို့ယောက်ျားတွေက မိန်းမတွေကို အထင်ကိုသေးလွန်းတယ်..၊ အကောင်းမမြင်ဘူး..၊ ကျုပ်တို့မှာလည်းကျုပ်တို့ အသိုင်းအ၀ိုင်း ကျုပ်တို့ အစွမ်းအစ နဲ့ ငွေရှာ နိုင်ပါတယ်..”

“ အခု ကုမ္ပဏီကလည်း တကမ္ဘာလုံး ရုံးခွဲတွေ အများကြီး ရှိတဲ့ကုမ္ပဏီ..၊ အားလုံးကလည်း လူကြီးလူကောင်းတွေချည်း..၊ နိုင်ငံတကာ အသိအမှတ်ပြု အထောက်အထား တွေဆိုလည်း ပုံထောင်လို့.. ရှင်မယုံရင်.. လိုက်ခဲ့ ”

အတော့်ကို ပြင်းပြင်းထန်ထန်ပါပဲ..။ ကျွန်တော်ဖြင့် လင်မယားသက်တမ်းတလျှောက် အဲသလောက် တခါမှ မဒမ် မာမာထန်ထန် ပြန်ပြောတာ မကြုံခဲ့ဖူးဘူး..။ အဲဒီနေ့က ကိုယ်ပြောတာ သူလက်မခံ၊ သူပြောတာ ကိုယ်လက်မခံနဲ့ လိပ်ခဲတင်းတင်းနဲ့ ဇာတ်လမ်းက ပြီးသွားခဲ့တယ်..။

ဒါပေမယ့် တားမရလို့ လင်ဇီးဆေး လင်ဇီးအသုံးအဆောင်တွေ သုံးချင်တယ်ဆိုရင် တစ်ယောက်တည်းသာသုံး၊ ကလေးတွေကိုတော့ ဒီနေ့ကစပြီး အဲဒီဆေး မတိုက်ရဘူး ဆိုတာတော့ ကျွန်တော် တင်းတင်းမာမာလေး ပြောလိုက်တယ်..။ မဒမ်ကတော့ သိပ်ကျေနပ်ပုံတော့ မရှိဘူး..။ နောက်နှစ်ရက်လောက်မှာ.. သူ့ကို လင်ဇီးနဲ့မိတ်ဆက်ပေးတဲ့ အမကြီးနဲ့ တွေ့မလား လို့ မေးလာတယ်..။ အဲဒီအမကြီးကလည်း ကျွန်တော့်ကို တွေ့ချင်နေတယ်တဲ့..။

အဲဒါဆိုလည်း ခေါ်ခဲ့ပေါ့..။ တွေ့ရသေးတာပ လို့ တွေးပြီး ကျွန်တော်လည်း မဒမ့်အစီအစဉ်ကို လက်ခံလိုက်တယ်..။

နောက်ရက်ကျ.. ၀တ်ကောင်းစားလှနဲ့ သက်လတ်ပိုင်းအရွယ် မိန်းမတစ်ယောက် မဒမ်ကလေးတွေကို ကျောင်းကြိုအပြန်မှာ အိမ်ပါလာခဲ့တယ်..။ မဒမ်ကပဲ ဦးဆောင် ပြီး မိတ်ဆက်ပေးတယ်..။ လောက၀တ်အရ ကျွန်တော်လည်း ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြောရင်း ဧည့်ခန်းမှာ စကားပြောဖြစ်ကြပါတယ်..။ အစပိုင်းမှာတော့ အတော့်ကို မွန်မွန်ရည်ရည်နဲ့ အေးအေးသက်သာ ဆွေးနွေးဖြစ်ကြပါတယ်..။

သူတို့ကုမ္ပဏီ နဲ့ ဆိုင်တဲ့ စာရွက်စာတမ်းတွေ၊ ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်တွေ၊ သက်သေ သာဓက အထောက်အထားတွေ တပုံတပင်လည်း ကျွန်တော် ကြည့်ခွင့်ရပါတယ်..။ သူတို့ဆေး ဘယ်လို စွမ်းကြောင်း ဟိမ၀န္တာချီးမွမ်းခန်း ဖွင့် တာလဲ နားထောင်ရသေးတယ်..။

သူ့ဖက်က ပြောစရာရှိတာ၊ ရှင်းပြစရာ ရှိတာလေးတွေ ပြောပြီးတော့ ကျွန်တော်မေးချင်ရာမေး ပေါ့..။ မဒမ်ကတော့ သူ့လူ ရှင်းပြတာတွေကို သဘောအကျကြီး ကျပြီး ပြုံးတုံးတုံးနဲ့ ကျွန်တော့်ကို ကြည့်နေတယ်..။

မဒမ့်မျက်နှာပေးကို မသိချင်ယောင်ဆောင်ပြီး “ ဒီလောက်စွမ်းတဲ့ဆေးတွေကို ဘာလို့ တီဗွီတို့တခြားမီဒီယာတို့ကနေ ကြော်ငြာပြီး မရောင်းတာလဲ ” လို့ ကျွန်တော် စမေးတယ်..။ ကုမ္ပဏီ ပေါ်လစီအရကိုက အဲသလို ကြော်ငြာရောင်းခွင့် မရှိပါဘူး တဲ့..။ တဆက်တည်း.. ကျွန်မတို့ရဲ့ ဈေးကွက်ထိုးဖောက်မှုက '' mouth to mouth" ကို အခြေခံပါတယ် တဲ့..။

ဗုဒ္ဓေါလို့ တွေးမိရင်း ဘယ်နှယ့် " word of mouth " က .. " mouth to mouth " ဖြစ်ရတာလဲ ဆိုပြီး ရယ်ချင်စိတ်ကို ကျွန်တော့်မှာ မနည်းထိန်းထားရတယ်..။ အော်.. ခင်ဗျားတို့ ကုမ္ပဏီက ရှေးဦးသူနာပြုစုတဲ့နည်းနဲ့ ဈေးကွက်ကို ထိုးဖောက်တာလား လို့တော့ မမေးတော့ပါဘူး..။ ဒါပေမယ့် အမပြောနေတာ " word of mouth " လို့ တော့ ပြန်ထောက်ပေးလိုက်တယ်..။

39.5 လင်ဇီးမုန်တိုင်း မွှေတဲ့နေ့ ( အပိုင်းနှစ် )

သူနဲ့ကျွန်တော် စကားပြောတာ နည်းနည်းလေး အရှိန်ရလာတော့.. ကျွန်တော်လည်း တခါတရံ ထုတ်ထိုးအိုးပေါက်လေးတွေ ပြောမိလာတယ်..။ ခုမှတွေ့ကြတယ် ဆိုပေမယ့်.. ဆွေးနွေးတဲ့အကြောင်းအရာက လိုရင်းမရောက်တော့.. အငြင်းအခုန်လေးတွေ ဖြစ်လာတော့တာပဲ..။ သူကလည်း မလျော့ဘူး..။ ဇွဲကြီး တယ်..။ ဘာလို့ လင်ဇီးကို တီဗွီကနေ မကြော်ငြာရတာလဲ ဆိုတာကို.. တမျိုးပြီးတမျိုး ဆင်ခြေပေးတယ်..။

လင်ဇီးဟာ ဆေးမဟုတ်ဘဲ ဓါတ်စာ သာဖြစ်တယ်..။ ဒါကြောင့် ဆေးတွေ ကြော်ငြာသလိုမျိုး ကြော်ငြာရောင်းလို့ မဖြစ်ဘူး လို့ သူအကြောင်းပြတယ်..။ ဓါတ်စာ ဆိုတော့လည်း ဓါတ်စာလို့ ကြော်ငြာပေါ့ လို့ ကျွန်တော်ပြန်ပြောတော့လည်း အဲသလိုလည်း မဟုတ်ပြန်ဘူးလို့ ပြောပြန်တယ်..။

နောက်ဆုံးတော့ ကျွန်တော်လည်း

“ အမတို့ ကုမ္ပဏီက ကျွန်တော်သိသလောက် non-profit organization မှ မဟုတ်ဘဲ.. ဒီထက်ဒီ ပိုပြီး ရောင်းအားကောင်းမယ့်ကိစ္စမျိုး လုပ်နိုင်ရမှာပေါ့ ”..

“ ကဲ.. ဒီလိုလုပ်..၊ အမတို့ ကုမ္ပဏီလူကြီးတွေကို ပြောလိုက်..၊ အမတို့ရဲ့ အခုရောင်းအားကို နှစ်ဆဖြစ်အောင် ကျွန်တော်တာဝန်ယူတယ်..။ marketing ကို ကျွန်တော့်လွှဲလိုက်..။ အမတို့ဖက်က အမတို့လင်ဇီးရဲ့ အစွမ်းသတ္တိတွေကိုသာ တာဝန်ယူပေး.. ကျန်တာ ကျွန်တော့်တာဝန်ထား..ဘယ်လိုလဲ ” ပေါ့..။

challenge လုပ်သလိုမျိုး ဆိုပေမယ့်.. မတတ်နိုင်တော့ဘူး..။ ပွဲက.. လိုရင်းမရောက်ဘဲ ပေက ရှည်နေပြီ..။ ဒါတောင်.. တီဗွီမှာ ကြော်ငြာရောင်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး လုပ်နေလို့ “ ဘာတုံး၊ ကျိန်စာဆိုထားလို့လား ” လို့ ခပ်ငေါ့ငေါ့လေး ပြန်မေးလိုက်မှ ငြိမ်သွားတယ်..။

ကောင်းတော့ မကောင်းဘူးပေါ့..။ ကိုယ်က အိမ်ရှင်ဖြစ်ပြီး ဧည့်သည်ကို အငေါ့်တူးပြောသလိုမျိုးတွေ ဖြစ်ကုန်တာ..။

ဒါပေမယ့်.. သူတို့လင်ဇီးက AIDS တောင်ပျောက်တဲ့ အထောက်အထားတွေ ရှိတယ် ဆိုပြီး ရောင်းတော့ အချဉ်ဖမ်းရောင်းသလိုမျိုး လုပ်နေတယ်..။ ဘယ်လို ဆင်ခြေနဲ့ ဖုံးဖုံး ကျေနပ်လောက်တဲ့အဖြေ မရတော့ ကျွန်တော်လည်း စိတ်က အချဉ်ပေါက်နေခဲ့ပြီ..။

AIDS သာ တကယ်ပျောက်ရင် ပွဲကပြီးပြီပေါ့..။ တကမ္ဘာလုံး ငွေကြေးဘီလီယံနဲ့ချီပြီး အဲဒီကိစ္စအတွက် သုတေသနတွေလုပ်.. အားထုတ်ကြိုးကုတ်နေကြတာပဲ..။ အဲဒါတွေအတွက် ပေးဆပ်ခဲ့ရတဲ့ အချိန်တွေ ငွေတွေဆိုတာ မနည်းလှတော့ဘူး..။ သူတို့ရဲ့လင်ဇီးသာ ပြောသလိုစွမ်းလို့ကတော့.. အခုလို နောက်ဖေးပေါက်က marketing ဆင်းနေတာမျိုး ဘယ်လုပ်စရာလိုလို့လဲ..။

ကမ္ဘာကို ခေါင်းမော့ရင်ကော့ကြော်ငြာပြီးသာ.. ရောင်းစမ်းပါ..။ မအောင်မြင်ရင် ပြောချင်တိုင်းပြော..။ အကျိုးအမြတ်ဆိုတာ စဉ်းကိုမစဉ်းစားနဲ့..။ အခုလို ရောင်းနေတာထက် အဆပေါင်းများစွာ မသာရင်.. ကြိုက်သလိုသာ ပြော..။ သေချာပေါက် ဖြစ်ကိုဖြစ်ရမှာပဲ..။ အခုတော့.. ကုတ်ကုတ်ကုတ်ကုတ် ဟိုလိုလို ဒီလိုလို နဲ့ အချဉ်ကြီးက အချဉ်လေးကိုဖမ်း၊ အချဉ်လေးက အချဉ်ပိစိကိုရှာ၊ အချဉ်ပိစိက အချဉ်သစ်လေးတွေ မွေးမြူ နဲ့ ချီတက်နေတယ်..။

သူတို့ အဲသလို ချီတက်တာက အရေးမကြီးဘူး..။ ကိုယ့်မိန်းမက အလားအလာရှိတဲ့ အချဉ်လေး လာဖြစ်နေတော့ ကျွန်တော့်မှာ တခါမှမတွေ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူတင်ကိုယ်တင် စကားက ပြောနေခဲ့ရတယ်..။ heated debate ဆန်ဆန် ငြင်းတာခုန်တာလေးတွေ လုပ်နေခဲ့ရတယ်..။ အဲဒါတွေ မပြောချင်ပေမယ့်.. ကျွန်တော်တို့ပွဲကို ဘေးကနားထောင်နေတဲ့ မဒမ့်ကိုလည်း ကွက်ကွက်ကွင်းကွင်း သိသွားစေချင်နေတော့.. အမျိုးမျိုး လည်ပတ် ပြောနေခဲ့ ရတယ်..။

အဓိက က သူပဲလေ..။ ကျွန်တော်ဘယ်လောက်တားတား.. သူ့အတွေးထဲ အဟုတ်ထင်နေခဲ့ရင် ရှေ့မှာ မလုပ်ပေမယ့် ကွယ်ရာမှာ လုပ်ချင်လုပ်နေမှာပဲ..။ သူ့စိတ်ထဲ ရှင်းရှင်းလင်းလင်း သိသွားပြီး ရပ်တန်းကရပ်မှ ခိုင်မာမှာ ဆိုတော့ ကျွန်တော်လည်း အာပေါက်မတတ် ပြောရပါတယ်..။

ပြောရကျိုးတော့ နပ်ပါတယ်..။ အဲဒီနေ့ကစလို့ မဒမ် နဲ့ လင်ဇီးနဲ့ တခန်းရပ်သွားခဲ့တယ်..။ အဲဒီအမျိုးသမီးကတော့ မပြန်ခင်အထိ.. ကျွန်တော့်ကို သူတို့အဖွဲ့အစည်း ထဲ ၀င်ဖို့ ဆွယ်သွားသေးတယ်..။ ကျွန်တော်သာ ဆိုရင် သူတို့အဖွဲ့အစည်းရဲ့ အမြင့်ဆုံးအဆင့် member ဖြစ်နိုင်တယ် ပေါ့..။ တစ်ရက်လောက် သူတို့အကြီးအကဲ တွေနဲ့ လိုက်တွေ့ဖို့လည်း ခေါ်သေးတယ်..။

“လိုက်တော့ မလိုက်ပါရစေနဲ့.. အခု အမကို ကျွန်တော်ပြောတာလေးတွေသာ သူတို့ကို ပြန်မေးလိုက်ပါ.. ပြီးရင် သူတို့အဖြေ ကျွန်တော့်ကို ပြန်ပြောပေါ့.. အဲဒီအဖြေ ကြည့်ပြီးမှ သူတို့နဲ့ တွေ့မတွေ့ ကျွန်တော်ဆုံးဖြတ်ပါရစေ.. ” လို့ပဲ ပြန်ပြောလိုက်တယ်..။

အခုထိတော့ အကြောင်းပြန်တဲ့အဖြေ မရပါကြောင်း..။

....................... ......................................... .......................................... ..........................................

(ဘလော့ဂ်ကြွလာ ဆွေသဟာများ ...

လင်ဇီးအကြောင်း ရေးမယ် စ စိတ်ကူးတော့ ကိုယ်မယုံပေမယ့် ယုံနေသူများကို ထိထိခိုက်ခိုက် လုပ်သလိုများ ဖြစ်နေမလား တွေးမိတယ်..။ ဒါပေမယ့် လင်မယား နှစ်ယောက် လင်ဇီးနဲ့ ပတ်သက်ပြီး ကတောက်ကဆ ဖြစ်ခဲ့တာကလည်း အမှန်ဆိုတော့ အိမ်ထောင်သည်ဘ၀ ကြုံရဆုံရ ရေးတာမှာ အဲဒီအကြောင်းကို ချန်ထားခဲ့တာ မျိုးလည်း မလုပ်ချင်လို့ အမှန်အတိုင်း အလိုအပိုမရှိ တင်ပြလိုက်ရပါတယ်..။

ကျွန်တော်ရေးတာကို ဖတ်ပြီး တစ်စုံတစ်ခု စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုခဲ့ရင် မေ့လျော့သွားနိုင်ပါစေ လို့..)