ဘာသာတရား ဆိုတာ ကျွန်တော်တို့ မမွေးမီကတည်းက နေရာယူပြီးသား ဖြစ်နေလေတော့ .. အမိဝမ်းက ကျွတ်တာနဲ့ ကျွန်တော်တို့မှာ အော်တိုမက်တစ်.. ဘာသာ တခုခုကို ကိုးကွယ်ပြီးသား ဖြစ်နေခဲ့ရတယ်..။ ဗုဒ္ဓဘာသာ မိဘနှစ်ပါးက မွေးရင် ဗုဒ္ဓဘာသာဝင်၊ ခရစ်စယာန် မိဘက မွေးရင် ခရစ်စယာန်ဖြစ်၊ မွတ်ဆလင် မိဘများက မွေးတော့ မွတ်ဆလင်ဖြစ်ကြရပါတယ်..။ ချွင်းချက်ဆိုတာတွေ ရှိပေမယ့်.. အများစုမဟုတ်တဲ့အတွက် အဲဒါထားပါတော့..။
ဘာသာရေးအသိဆိုတာကလည်း.. ကိုယ့်ပါတ်ဝန်းကျင် (အဖေ၊အမေ၊အဘိုး၊အဘွား၊ဆရာသမား)က ကောင်းမွန်တာတွေချည်းလို့ လက်ခံထားကြတာမို့ ကိုယ့်ငယ်ဘ၀ သွန်သင်ချက်တွေ တိုင်း အဲဒါနဲ့ ကင်းတယ်ရယ်လို့ မရှိလှပါဘူး..။ တကယ်တော့ ဘာသာတရားက ပေးတဲ့အသိဟာ မွေးရာပါ အသိတော့ မဟုတ်ပါဘူး..။
အဲဒါလေးကို အရှိအတိုင်း လက်ခံပြီး ကိုယ်ဦးထိပ်ပန်ဆင်ထားတဲ့ ဘာသာတရားကပေးတဲ့ အသိကိုလည်း စီစစ်လေ့လာလက်ခံတာမျိုး ဖြစ်စေချင်တယ်..။
ဘယ်ဘာသာ မှန်တယ်၊ မှားတယ် ဆိုတာထက်.. ကိုယ့်အသိကို ဦးဆောင်မယ့် အသိတရားကို အရမ်းကာရော လက်ခံလိုက်တာမျိုး မဖြစ်စေချင်တာပါပဲ..။ တတ်နိုင်ရင်တော့ ဘာသာတရားအားလုံးကို.. လေ့လာစမ်းစစ်တာမျိုး လုပ်စေချင်တယ်..။ ကိုယ်က မွေးကတည်းက ဗုဒ္ဓဘာသာဖြစ်နေလို့ တခြားဘာသာ တွေ မှား တယ် ဆိုတာထက်.. မှားတာကို မှားတဲ့အတိုင်း ကိုယ့်ကိုယ်ပိုင်ဥာဏ်နဲ့ နှိုင်းချိန်ဆုံးဖြတ်ပြီး လက်ခံတာမျိုး လုပ်နိုင်ဖို့ ကောင်းပါတယ်..။
ကျွန်တော်တို့ ငယ်ဘ၀.. ဟိုနားဒီနား ဘုရားတန်ဆောင်း ကျောင်းကန်နားတွေမှာ ရေးထားတဲ့ ဆရာတော်ကြီးတစ်ပါးရဲ့ နိုင်ငံကျော် လင်္ကာတစ်ပုဒ် ရှိတယ်..။
“ ရောက်တဲ့အရပ်မှာ၊ ပျော်အောင်နေ ”
“ တွေ့တဲ့ သူနဲ့ တည့်အောင်ပေါင်း ”
“ရှိတာလေးနဲ့ လှအောင်ဝတ် ”
“ရတာလေး နဲ့ ၀အောင် စား ”..
...
..
..
“ ပြိုင်လာလျှင် အရှုံးပေး၊ နှလုံးအေးတဲ့ ဆေး ” .. ဆိုတာလေးပဲ..။
အတော့်ကို နှစ်နှစ်ခြိုက်ခြိုက်နဲ့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်း နှုတ်တက်ရွရွ ဆိုခဲ့ကြတဲ့ လင်္ကာပဲ..။
ဒါပေမယ့် သုံးဆယ့်ရှစ်ဖြာ မင်္ဂလာတရားတော်မှာကျတော့.. ဗုဒ္ဓမြတ်စွာက “ လူမိုက်ကို မပေါင်းနဲ့ ” .. “ သင့်တင့်လျှောက်ပတ်တဲ့ အရပ်မှာ နေရမယ် ” အစရှိတာ တွေဟာ မင်္ဂလာပဲလို့ ဟောခဲ့ပြန်တယ်..။
ဆိုတော့.. “လူမိုက်ကို မပေါင်းနဲ့” ဆိုတာနဲ့.. “တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း” ဆိုတာမှာ.. ဘယ်ဟာက ကိုယ့်ဘ၀ရဲ့ ဦးဆောင်လမ်းပြ လဲ လို့ တွေးတွေးဆဆ ရွေးချယ်ဖို့ လိုလာပါတယ်..။
အဲဒါလေးတွေကိုလည်း.. ကလေးငယ်တွေ.. နိုးနိုးကြားကြားလေး သိထားစေချင်တယ်..။
( စာကြွင်း..။ ဘာသာတရားနဲ့ ပါတ်သက်တာကို တတ်နိုင်သလောက် မပြောချင်ခဲ့ဘူး..။ သို့သော် မျိုးဆက်သစ်ကလေးငယ်တွေကို.. ဘာသာတရားကပေးသမျှ အသိဟာ ပြီးပြည့်စုံပြီးသား၊ ချွင်းချက်မရှိ လက်ခံလိုက် လို့ ပြောတာနဲ့ စာရင်.. သူတို့ကိုယ်ပိုင်အတွေးအခေါ်နဲ့ ဘ၀င်ကျလက်ခံတာမျိုးပဲ ဖြစ်စေချင်လို့ ကျွန်တော် လက်ခံသိမြင်ထားတာလေးတွေကို မျှဝေလိုက်ရတာပါ..။ သဘောတရားတစ်ခုကို ပြီးစလွယ် လက်မခံဘဲ အကြောင်းအကျိုး သေသေချာချာ လေ့လာပြီး စီစစ်လက်ခံနိုင်ဖို့ကို ဦးတည်ပေမယ့် ခုတ်ရာတခြား၊ရှရာတခြား ဖြစ်ခဲ့ရင် ကျွန်တော့်တင်ပြပုံ ညံ့ဖျင်းမှုကြောင့်ပါ.. )
Subscribe to:
Post Comments (Atom)
6 comments:
ပြိုင်လာလျှင် အရှုံးပေး နှလုံးအေးတဲ့ဆေးဆိုတဲ့ အယူအဆက မြတ်စွာဘုရား မပြောခဲ့ပါဘူး။ ဆရာတော်ကြီးတစ်ပါးက သူ့လောကအမြင်တွေကို ကဗျာစပ်သွားခဲ့ရာကနေ ဘုရားအယူအဆလို့ လူတွေ အထင်မှားကုန်တာပါ။ ဆရာတော်ကြီးကတော့ ဒကာဒကာမတွေ ကြွားဝါလိုစိတ်၊ ဂုဏ်တုဂုဏ်ပြိုင်စိတ် မရှိစေချင်လို့ ဒီစာသားကို ရေးခဲ့တာ ဖြစ်ပါလိမ့်မယ်။
သမ္မာဝါယမ (ကောင်းစွာ အားထုတ်ခြင်း)၊ သမ္မာသင်္ကပ္ပ (ကောင်းစွာကြံစည်ခြင်း)တွေကို မြတ်စွာဘုရား ဟောခဲ့တာပဲ။ ၀ိရိယထား ကြိုးစားတာ၊ ကောင်းတဲ့ အမှုကိစ္စတွေ အထမြောက်အောင် ကြံစည်တာကို တရားဓမ္မက လက်ခံပါတယ်။ မြတ်စွာဘုရား ကိုယ်တိုင်လဲ ဘုရားဖြစ်အောင် ခြောက်နှစ်လုံးလုံး ဘယ်သူမှ တုမရတဲ့ ၀ိရိယနဲ့ ကြိုးစားခဲ့ရတာပဲ။
ဂုဏ်တုဂုဏ်ပြိုင် မလုပ်တတ်တာကတော့ မြတ်စွာဘုရားမှ မဟုတ်ပါဘူး၊ ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီး တော်တော်များများမှာလဲ ဒီစိတ် ရှိတတ်ပါတယ်။ ဘီလ်ဂိတ်လဲ အိုင်တီနယ်ပယ်မှာ တစ်ခေတ်တစ်ယောက်ဆိုရမလောက် ထူးချွန်တယ်။ သူ့ကုမ္ပဏီထောင်ဖက် ပါတနာကိုတောင် ပြိုင်မနေဘူး။ သူ ဟားဗတ်က ကျောင်းမပြီးခဲ့ပေမယ့် တခြားလူတွေကို မလိုတမာ မရှိဘဲ ကျောင်းပြီးအောင် တက်ဖို့ ပညာရေးကို လွှတ်မထားဖို့ အမြဲ အကြံပေးတယ်။ ဒါကြောင့် ပြိုင်တဲ့လူတွေက အကန့်အသတ်နဲ့ဘဲ အောင်မြင်ပြီး ကိုယ့်ဟာကိုယ် ကြိုးစားတဲ့လူတွေက အကန့်အသတ်မဲ့ အောင်မြင်တာပါ။
ဆောရီးနော်။ ကျွန်တော့်အမြင်ကို ပြောမိတာ အနှောင့်အယှက် ဖြစ်သွားရင် တောင်းပန်ပါတယ်။
ဧည့်မှတ်တမ်း(သို့)စီပုံး(C-Box)ထဲက KL ဆိုသူရဲ့ ကွန်းမင့်တွေကို မပျောက်သွားရအောင် ဒီနေရာမှာ လာပြီး copy & paste လုပ်လိုက်ပါတယ်..။ ဆရာဝင်လုပ်တယ်လို့ မထင်စေလိုပါ။
8 Mar 09, 00:41
KL: "ဘာသာတရားကပေးသမျှ အသိဟာ ပြီးပြည့်စုံပြီးသား၊ ချွင်းချက်မရှိလက်ခံလိုက်" ဆိုတာကို မြတ်စွာဘုရားက မဟောခဲ့ပါဘူး။ ကိုနဗန ပြောတဲ့ ကဗျာ(လင်္ကာ) ဟာလည်း ဆရာတော်၊ ရှေးကပညာရှိတွေက လူတွေအသိအလိမ္မာရှိအောင်၊်နားလည်လွယ်အောင် ကိုယ့်အယူအဆနဲ့ ကိုယ် လူတွေကိုသင်ကြားပေးခဲ့တာပဲဖြစ်ပါတယ်။
"ဘာသာတရားကပေးသမျှ၊ အစဉ်အလာရှိလို့၊ သက်ကြီးဝါကြီးတွေကပြောလို့" စသည့် စသည့်အကြောင်းတွေကြောင့် လက်ခံပါလို့ ဘုရားကမဟောခဲ့ပါ။ ကိုယ်တိုင်လေ့လာကျင့်ကြံ အားထုတ်ပြီးမှ လက်ခံသင့်၊ မခံသင့်ကို ဆုံးဖြတ်ပါလို့ ရှိခဲ့၊ ဟောခဲ့ပါတယ်။ အဲဒါဟာ ကာလာမသုတ်ပဲပေါ့။ အဲဒါကြောင့် ကိုနဗနပြောတဲ့ "တွေ့ တဲ့လူနဲ့ တည့်အောင်ပေါင်း" ဆိုတာရယ်၊ "လူမိုက်ဆိုရင်ရှောင်သွေလွှဲလို့ မမှီဝဲနဲ့ ကင်းအောင်နေ" ဆိုတာတွေကတော့ ကိုယ့်ရဲ့ စိတ်နေသဘောထား၊ ခံယူချက်၊ ပတ်ဝန်းကျင်၊ ကြီးပြင်းလာတဲ့ အခြေအနေတွေ ပေါ်မှာမူတည်ပါတယ်။ စကားတွေက ရှေ့နောက်မညီတာ ဘာသာတရားကြောင့်မဟုတ်ပါ။ လူတွေရဲ့ ဘဝအတွေ့ အကြုံမတူညီမှုကြောင့်ပါ။ ကိုနဗနက ဘာသာတရားက ပေးတဲ့အသိ(ဘုရားဟော)နဲ့ ရဟန်းရှင်၊ လူ ဟောပြောတာကို မကွဲဘူးလို့ ထင်ပါတယ်။ ကိုနဗနဆိုလိုတဲ့ ကလေးတွေကို ကိုယ်ပိုင်အတွေးအခေါ်နဲ့ စဉ်းစားချင့်ချိန် လက်ခံ စေချင်တာကတော့ တော်တော်ကောင်းပါတယ်။ အဲဒီအဓိပ္ပါယ်ကမှ ဘာသာတရားကပေးတဲ့ အသိစစ်စစ်ဖြစ်ပါတယ်။
ဘာမှတော့မဟုတ်ပါဘူး၊ ထင်တာလေးဝင်ပွားတာပါ။ comment မှာမဝင်တတ်လို့ ဒီမှာပဲပွားသွားပါတယ်။
8 Mar 09, 00:47
ကိုသောန သုံးသပ်သလိုမျိုး ကလေးတွေလည်း ထိတွေ့သမျှ အတွေးအမြင်တွေကို သုံးသပ်လက်ခံတာမျိုး ဖြစ်စေချင်ခဲ့တာပါ..။
လူမိုက်ကို တည့်အောင် ပေါင်းဖို့ ဆိုတာ.. လက်တွေ့မှာ သိပ်မလွယ်ပါဘူး..။
ကျနော့အမြင်တော့ လူမိုက်ကို မပေါင်းနဲ့ ဆိုတာထက် တွေ့တဲ့လူနဲ့ တည့်အောင်ပေါင်း ဆိုတာကိုသာ ပိုသဘောကျ မိတယ်။ ကိုယ့်အနားမှာ လူမိုက်တွေ လို့ ပတ်ဝန်းကျင်က သတ်မှတ်ထား သူတွေချည်း ၀ိုင်းနေကြမဲ့ အချိန် ဆိုတာ တစ်နေ့ ရောက်မလာဘူးလို့ မပြောနိုင်ပါဘူး။ အဲဒီအခါကျ အလိုက်အထိုက် အဆင်ပြေပြေ ပေါင်းနိုင်ရင် ကောင်းတာပေါ့။
ဒါ့အပြင် လောကမှာ လူမိုက်က လွဲလို့ သာမန်လူ မလုပ်ရဲတဲ့ အလုပ်မျိုး လုပ်ရမဲ့ အခါမျိုးဆို ကိုယ့် မိတ်ဆွေထဲမှာ လူမိုက် ရှိနေရင် လက်ထောက်ချရ အဆင်ပြေတာပေါ့ဗျ။ :)
Post a Comment