ကျွန်တော်တို့နှစ်ယောက်ရဲ့ တက္ကသိုလ်နေ့ရက်များဟာ.. အဲဒီလိုမျိုး အပျော်တွေနဲ့ ပြည့်နှက်နေခဲ့တယ်..။ အမှတ်ရစရာတွေကလည်း ဒုနဲ့ဒေးပေါ့..။ ကြို့ကုန်းနဲ့ အာစီတူးတ၀ိုက်မှာ ကျွန်တော်တို့ရဲ့ ရယ်မောသံတွေ လွှမ်းခြုံပျံ့နှံ့နေခဲ့တယ်..။
ဒါပေမယ့် ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ( ၁၂ ) ရက်နေ့မှာတော့ အချစ်လောကဓံ ရဲ့ အလှည့်အပြောင်း က ကျွန်တော်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို မေ့ဆေးပေးပြီး အဆုံးသတ်စေခဲ့တယ်..။
မှတ်မှတ်ရရ အဲဒီနေ့က ထူးထူးဆန်းဆန်း နှင်းတွေကျနေခဲ့တယ်..။
ထိုင်ဝမ်မှာရှိတဲ့ သူမရဲ့ ဦးလေး ( ဆုံးသွားတဲ့ သူမအဖေရဲ့ညီ ) ဆီကို မိသားစုလိုက် အလည်သွားကြမယ် လို့ သူမပြောခဲ့တုံးက အချိန်တန်ပြန်လာမှာပဲ လို့ ကျွန်တော်ထင်ခဲ့မိတယ်..။
ကိုလေးနဲ့မခွဲနိုင်ဘူး.. ဖြစ်နိုင်ရင် လိုက်တောင်မလိုက်ချင်ဘူး လို့ သူမ ပြောလာခဲ့တာတောင်.. အလည်သွားတာပဲ ညလေးရယ်.. ရောက်ဖူးတာပေါ့.. ကိုလေးလည်း လွမ်းနေမှာပါ.. လိုက်သွားလိုက်ပါ.. လို့ ကျွန်တော်အားပေးစကားဆိုခဲ့မိတယ်..။
ကျောင်းစာအတွက်လည်း နောက်ဆံမငင်နဲ့..။ ညလေးရဲ့ သူငယ်ချင်းတွေဆီက လက်ချာတွေကို ကိုလေး မိတ္တူကူးပြီး စုထားလိုက်မယ် လို့ ကျွန်တော်ပြောတော့ ကျေးဇူးတင်တာလား ၀မ်းနည်းတာလား ခွဲခြားမရတဲ့ မျက်လုံးတွေနဲ့ ကျွန်တော့်ကို သူမကြည့်နေခဲ့တယ်..။
နောက်တစ်နေ့မနက်မှာတော့ သူမချစ်တဲ့သူနဲ့ မွေးရပ်မြေကို ချန်ရစ်ထားခဲ့ပြီး သူမတစ်ယောက် ထိုင်ဝမ်ကို ထွက်ခွါသွားခဲ့တယ်..။
လေဆိပ်ကို လိုက်မပို့နဲ့.. ညလေးစိတ်ထိန်းနိုင်မှာ မဟုတ်ဘူး.. အမေ့ရှေ့မှာ ငိုမိနေရင် မကောင်းဘူးလို့ ပြောတာကြောင့် ကျွန်တော်လိုက်မပို့ဖြစ်ခဲ့ဘူး..။
သူမကို လွမ်းနေမိပေမယ့် အချိန်တန်ရင် ပြန်လာမှာပဲ လေ.. ဆိုတဲ့ စိတ်နဲ့ ဖြေရတယ်.။ အတန်းအားရင် အာစီတူးသွားပြီး သူမသူငယ်ချင်းတွေဆီက လက်ချာစာအုပ်ငှားပြီး မိတ္တူဆွဲတယ်..။ သမတရုံမှာ ဘာကားတင်နေမှန်းတောင် အဲဒီရက်ပိုင်းတွေမှာ မသိတော့ဘူး..။ တစ်လဆိုတဲ့ အချိန်ဟာ ကုန်မှန်းမသိကုန်သွားခဲ့တယ်..။ သူမပြန်လာမယ် ဆိုတဲ့ရက်ကို ရောက်လာခဲ့တယ်..။
အဲဒီရက်မတိုင်မှီ ညက တော်တော်နဲ့ အိပ်မပျော်ခဲ့ဘူး..။ ညဉ့်နက်မှ အိပ်ပြီး မနက်အစောကြီးနိုးနေခဲ့တယ်..။ ၀ လာမလား..။ ပိန်သွားမလား..။ အသားတွေဖြူလာမလား.. စတဲ့လားပေါင်းများစွာကို စိတ်ကူးနဲ့ ပုံဖော်နေခဲ့တယ်..။ ပြန်ရောက်ရောက်ခြင်း ကိုလေးဆီကို ချက်ခြင်းလာခဲ့မယ် ဆိုတဲ့ သူမရဲ့ မသွားခင်က စကားကို ပြန်လည်ကြားယောင်ရင်း ရင်ခုန်နေခဲ့မိတယ်..။
အချိန်တွေသာ တရွေ့ရွေ့ကုန်သွားခဲ့တယ်..။ သူမက ရောက်မလာခဲ့..။
အကြောင်းကြောင်းကြောင့် ခရီးစဉ်နှောင့်နှေးတာနေမှာပဲ လို့ ဖြေတွေးတွေးရင်း.. နောက်ရက်တွေမှာလည်း.. ကျွန်တော်မျှော်နေမိခဲ့တယ်..။ တစ်ရက်နှစ်ရက်.. တစ်ပတ်နှစ်ပတ်... တစ်လတိုင်ခဲ့သည့်တိုင်... ကျွန်တော်ချစ်တဲ့
ညလေး က ရောက်မလာခဲ့..။
ဒါပေမယ့်.. သူမ ပြန်လာရင် အဆင်သင့်ဖြစ်စေဖို့ လက်ချာတွေကို မပျက်မကွက် ကျွန်တော်မိတ္တူဆွဲနေခဲ့တယ်..။ ဒီလောက်ဆိုရင် မင်းညလေး ပြန်လာမှာ မဟုတ်တော့ပါဘူးကွာ.. တစ်ခုခုတော့တစ်ခုခုပဲ ဆိုတဲ့ သူငယ်ချင်းများရဲ့ မှတ်ချက်တွေဟာ ကျွန်တော့်ရဲ့ စိတ်ဓါတ်အင်အားကို ယိုင်နှဲ့ နေခဲ့တယ်..။
နောက်ဆုံးမှာတော့ အရဲစွန့်ပြီး ဆယ့်နှစ်လမ်းထဲက သူမအဒေါ်ဝမ်းကွဲအိမ်ကို ကျွန်တော်ရောက်သွားခဲ့တယ်..။ ထိုင်ဝမ်တရုတ်တစ်ယောက်နဲ့ ဟိုမှာပဲ လက်ထပ်လိုက်ပြီ.. ပြန်မလာဖြစ်တော့ဘူး ဆိုတဲ့ သူမအဒေါ်ရဲ့ စကားတစ်ခွန်းဟာ.. အသင့်ပြင်မထားမိတဲ့ ကျွန်တော်နှလုံးသားကို တစ်စစီ ချေမွဖျက်ဆီးပစ်လိုက်တော့တယ်..။
အဲဒီနေ့ညက ကျွန်တော်ငိုနေခဲ့တယ်... ညဉ့်အတော်နက်သည့်တိုင်ပေါ့...။
သူမဘာကြောင့် အဲဒီလို လုပ်သွားခဲ့တာလည်း ဆိုတာ အခုအချိန်အထိပဟေဠိ တစ်ခုဖြစ်နေဆဲပဲ..။
မသွားခင်ကတည်းက သူမကြိုသိခဲ့သလား..။ သိရက်နဲ့ ကျွန်တော့်ကို မပြောခဲ့တာလား..။ ဒါမှမဟုတ် ဟိုရောက်မှ.. သူမ အမေနဲ့ ဦးလေးတို့က အတင်းစီစဉ်လိုက်တာလား..။ အဲဒီလို စီစဉ်ခဲ့ရင်တောင်မှ.. သူမမငြင်းဆန်နိုင်လောက်အောင် ဘယ်အချက်တွေက တွန်းပို့ခဲ့သလဲ..။ စတဲ့ ပဟေဠိတွေဟာ အဖြေညှိဖို့ မလိုတော့ပေမယ့်.. ကျွန်တော့်အတွက်တော့ .. ပြန်တွေးမိတိုင်း ထိထိရှရှ မခံစားဘဲ မတတ်နိုင်အောင် ဖြစ်စေခဲ့တယ်..။
ဒါပေမယ့် အခုအချိန်အထိ ကျွန်တော် နှစ်နှစ်ကာကာ ယုံနေတဲ့ အချက်တစ်ခုတော့ ရှိတယ်..။ အဲဒါကတော့ သူမ ကျွန်တော့်ကို ချစ်ခဲ့ တယ် ဆိုတာပါပဲ..။
သို့သော် အချစ်ဆိုတာ ဘ၀နဲ့နှိုင်းရင် ဘယ်လောက်အထိ အေ၇းပါသလဲ ဆိုတဲ့ သူမရဲ့ ခံယူချက်ကိုတော့ဖြင့် ကျွန်တော် မခန့်မှန်းနိုင်ခဲ့ပါဘူး..။
ထိခိုက်ခံစား ရင်နင့်ခဲ့ရတဲ့ နေများစွာရှိခဲ့ပေမယ့်.. အရာအားလုံးဟာ.. ပြီးတော့လဲ ပြီးသွားတာပါပဲလို့ ခံယူရုံကလွဲပြီး ကျွန်တော်ဘာများတတ်နိုင်ဦးမှာလဲ..။
(ညလေးတစ်ယောက် ကောင်းရာသုဂတိ.. အဲလေ.. ယောင်လို့.. ထိုင်ဝမ်အီစန်ကွမ်းကြီးနဲ့ ပျော်ရွှင်ချမ်းမြေ့ပါစေ.. )

3 comments:
:(
သြော်..ကူလွမ်းပေးမလို့ပါ အစ်ကိုရယ်..
ဘယ့်နှယ်နောက်ဆုံးစာကြောင်းက......
စိတ်တော့မကောင်းဘူးအကို၇ယ်
ဒါပေမဲ့  ၀မ်းဂိုး ရင် သရီးကမ်းပေါ့ ဗျ
ကျွန်တော်ကတော့အဲဒီလိုဘဲ
Post a Comment