ရန်ကုန်ဘူတာကြီးကို ရောက်တော့ ဝေလီဝေလင်းပဲရှိသေးတယ်..။ သုံးနာရီဆယ့်ငါးရထားဆိုတော့ ရန်ကုန်အ၀င်စောတာပေါ့..။
ဒုက္ခပါပဲ ဒီလောက်စောတာ အဆောင်တံခါးတောင် ဖွင့်ဦးမှာ မဟုတ်ဘူးလို့ သူမကညည်းတယ်...။ ဒါ ဘာခက်တာမှတ်လို့.. အောင်ဆန်းကွင်းဘေးနားမှာ အေးအေးဆေးဆေး လက်ဘက်ရည်ထိုင်သောက်ပြီးမှ သွားကြတာပေါ့ လို့ ကျွန်တော်က ပြောတော့ .. အေးလေ.. ဒကာ ရှိတုံးသောက်ရတာပဲ လို့ ရယ်ကျဲကျဲနဲ့ သူမကပြန်ပြောတယ်..။
စင်္ကြံ ကို ရထားဆိုက်တာနဲ့ အထုပ်တွေ စွဲပြီး ရထားပေါ်က ဆင်းဖို့ လုပ်ကြတယ်..။
သူမရဲ့ ခရီးဆောင်အိတ်ကို ကျွန်တော်လှမ်းဆွဲတော့.. နေပါစေ နေပါစေ.. ထမိန်တွေ ပါတယ်.. အားနာစရာကြီးလို့ မပွင့်တပွင့်ပြောရင်း.. ကျွန်တော့်လက်ထဲက အတင်းပြန်လုတယ်..။ ကျွန်တော့်မှာ အဲဒီလို အယူ တွေ မရှိဘူး.. ထမိန်လဲ အ၀တ်ပဲ ပုဆိုးလဲ အ၀တ်.. အတူတူပါပဲ လို့ ပြောရင်း.. သူမလက်ထဲက အိတ်ကို ကျွန်တော်ပြန်လုတယ်..။
မရည်ရွယ်ဘဲ သူမလက်ကလေးတွေကို.. ကျွန်တော်ဆုပ်ကိုင်မိလျက်သားဖြစ်သွားတယ်..။ ရထားက လုံးဝရပ်သွားပြီဖြစ်ပေမယ့် ကျွန်တော်တို့နှစ်ယောက်ရဲ့ နှလုံးခုံသံက တဒိန်းဒိန်းမြည်နေတယ်..။
အိတ်ပေါ်က သူမလက်ကို.. မရုန်းဘဲ.. ကျွန်တော့်ကို သူမမော့ကြည့်တယ်..။ သူမရဲ့ မျက်ဝန်းထဲကို စူးစူးစိုက်စိုက် ကျွန်တော်ပြန်ကြည့်နေမိတယ်..။ ရှက်ရွံ့တဲ့ အမူအရာတချို့ကို.. ကျွန်တော်ခံစားနေတုံး သူမက ခွိကနဲ ရယ်တယ်..။ ဘာဖြစ်လို့ ရယ်တာလဲ လို့ ကျွန်တော်က မေးတော့.. ရယ်မှာပေါ့.. အကို့အကြည့်တွေက.. မသန့်ရှင်းဘူး.. မျက်လုံးထဲမှာ မျက်ချေးတွေနဲ့.. လို့ သူမကရယ်ရင်းပြန်ပြောတယ်..။
အဲဒီတော့မှ.. မျက်နှာမသစ်ရသေးတာ.. သတိရမိပြီး.. ကျွန်တော်လဲ ရှက်ရှက်နဲ့ သူမနဲ့အတူ လိုက်ရယ်နေလိုက်တော့တယ်..။
အောင်ဆန်းကွင်းဘေးက လဘက်ရည်ဆိုင်ရောက်တော့ ကိုယ်တို့နှစ်ယောက် တွေ့ဆုံခင်မင်မှု အထိမ်းအမှတ်အနေနဲ့ အီကြာကွေး စားရအောင်လို့ ကျွန်တော်ကပြောတော့.. ဟင်.. ဘာမှလဲ မဆိုင်ဘဲနဲ့ လို့ သူမက ပြန်ပြောတယ်..။
မဟုတ်ဘူးလေ.. ကိုယ်ရဲ့ ခင်မင်မှုနဲ့ ညီမရဲ့ခင်မင်မှု .. တစ်ခုနဲ့တစ်ခု အီကြာကွေးလို တွဲလျက်လေး ရှိနေစေချင်တဲ့ အတိတ်နမိတ်နဲ့ပေါ့.. လို့ ကျွန်တော်က ဆက်ပြောတော့.. သူမက ရယ်ရင်း.. အီစီကလီလုပ်ချင်တဲ့ အထိမ်းအမှတ်နဲ့ အီကြာကွေး စားတယ် ဆိုတာကမှ ဟုတ်လိမ့်ဦးမယ် လို့ ပြန်ပြောတယ်..။
ကိုယ့်ကို အဲဒီလို ထင်နေတယ်ဆို၇င်.. ၀မ်းနည်းပါတယ်.. ညီမကို တကယ့်စိတ်ရင်းနဲ့ ရိုးရိုးသားသားခင်တာပါလို့ မျက်နှာသေလေးနဲ့ ကျွန်တော်က ပြန်ပြောတော့.. မျက်လုံးလေးပြူးပြီး ကျွန်တော့်ကို သူမကြည့်တယ်..။ သူမရဲ့ မျက်နှာလေးကို.. ကျွန်တော်ပြန်ကြည့်ရင်း.. မထိန်းနိုင်ဘူး.. ။ တဟားဟား နဲ့ ကျွန်တော်ရယ်တော့မှ.. ဒီက နောက်တာ လွန်သွားပြီလားလို့.. စိတ်မကောင်းဖြစ်နေတာ.. ဒီလူကြီးကတော့ တကယ့်ကို အီစီကလီပဲ လို့ ပြောရင်း နှစ်ယောက်သား ပြိုင်တူရယ်ကြတယ်..။
ကျွန်တော်တို့နှစ်ယောက်ရယ်နေတာကို အူကြောင်ကြောင်နဲ့ ရပ်ကြည့်နေတဲ့ စားပွဲထိုးလေးကို.. အီကြာကွေး တစ်ပွဲချကွာ.. လဘက်ရည်ပုံမှန်နှစ်ခွက်ဖျော်ခဲ့ လို့.. မှာလိုက်တယ်..။ ရေသန့်တစ်ဗူးလဲ ယူခဲ့အုံး လို့ နောက်ဆက်တွဲလှမ်းအော်လိုက်ပြီး.. နှစ်ယောက်သား လွတ်နေတဲ့ ခုံတစ်လုံးမှာ ၀င်ထိုင်လိုက်ကြတယ်..။
ရေသန့်ဗူးရတာနဲ့ ကပျာကယာမျက်နှာသစ်လိုက်တယ်..။ မျက်နှာသုတ်ပုဝါမထုတ်ချင်တာနဲ့.. စားပွဲပေါ်က တစ်သျှုးဘောက်စ်ထဲက တစ်သျှုးယူပြီး သုတ်လိုက်တယ်..။
အခုအချိန်ကစပြီး ညီမကို သန့်ရှင်းတဲ့ အကြည့်တွေနဲ့ ကြည့်လို့ရသွားပြီ နော် .. လို့ ကျွန်တော်ပြောလိုက်တယ်..။ အကြည့်တွေကတော့ သန့်ရှင်းသွားပါပြီ.. ဒါပေမယ့် အကို့မျက်နှာရိပ်မျက်နှာကဲက မသန့်ရှင်းသေးဘူး.. မျက်နှာပေါ်မှာ တစ်သျှုးစတွေ ကပ်နေသေးတယ်လို့ ပြောရင်း.. တခွိခွိနဲ့ သူမရယ်နေပြန်တယ်..။
ကျွန်တော်တို့နှစ်ယောက် တခွိခွိနဲ့ ရယ်နေတာကို အီကြာကွေးနဲ့ လဘက်ရည် လာချတဲ့ စားပွဲထိုးကောင်လေး မအောင့်နိုင်တော့ဘူးနဲ့ တူပါရဲ့.. ။ အကိုနဲ့ အမ ဘာတွေသဘောကျလို့ ဒီလောက် ရယ်နေတာလဲ လို့ မေးတယ်..။ ကိုယ်တို့ ရယ်တာသာ ငါ့ညီက ပြောနေ.. ကိုယ့်ပုဆိုးကိုလဲ ငုံ့ကြည့်အုံးလို့ ကျွန်တော်ကပြန်ပြောတော့.. ဗျာ.. လို့ အော်ပြီး ရှက်ကိုးရှက်ကန်းနဲ့ သူ့ပုဆိုးသူ မလုံမလဲ ငုံ့ကြည့်တယ်..။
ပြီးတော့မှ ဟာဗျာ .. အကိုက အတော်နောက်တာပဲ.. ကျွန်တော့်ပုဆိုးက အကောင်းကြီးပါဗျ လို့ပြောရင်း သုံးယောက်သား ရယ်လိုက်ကြရတာ..။
ခုနှစ်နာရီခွဲလောက်မှာ ကျွန်တော်တို့နှစ်ယောက် သမိုင်းဝင်းဖက် ချီတက်ခဲ့ကြတယ်..။ သူမအဆောင်ကို အရင်လိုက်ပို့ပြီး ကျွန်တော်က ကြို့ကုန်းကို ဆက်ထွက်လာခဲ့တယ်..။
အဆောင်မှာရောက်နှင့်နေတဲ့ သူငယ်ချင်းများကို သူမနဲ့ ဆုံတွေ့ဖြစ်ခဲ့တဲ့ အကြောင်း ပြန်ဖောက်သယ်ချမိတယ်..။ ကျွန်တော့်စကားအဆုံးမှာ သိန်းတိုးဆိုတဲ့သူငယ်ချင်းက.. မင်းက အတော်ကံကောင်းတာပဲ.. ရထားစီးရင်း ကောင်မလေးတစ်ယောက်နဲ့ ပါ သိကျွမ်းခဲ့တယ်.. ငါ့မှာတော့ ဘုန်းကြီးနဲ့ ထိုင်ခုံနံပါတ်ကပ်ရက်ကျလို့ မနက်စောထပြီး အာရုဏ်ဆွမ်းကပ်လိုက်ရသေးတယ်လို့ ၀င်ပြောတော့.. ကျန်သူငယ်ချင်းတွေ အားလုံးဝိုင်းရယ်ကြတယ်..။
အဲဒီနေ့ညက အိပ်မက်ထဲမှာ ကျွန်တော်နဲ့နီနီလှ ဘာကြောင့်မှန်းမသိ အီကြာကွေးတွေစားပြီး ရယ်နေခဲ့ကြတယ်..။

No comments:
Post a Comment