Thursday, October 9, 2008

30.4 ဟန်စိန် သုံးထောင် အုံးဖေ နှစ်ထောင်

အဖေနဲ့ ဘကြီးဟန်စိန် ညီအကိုနှစ်ယောက် အမှတ်တရလေးတွေ ရှိတယ်..။ တကယ်ဖြစ်ပျက်ခဲ့တာကို ဖြစ်ဖြစ်ချင်း သိရင် စိတ်တအား ဆိုးနိုင်လောက်တဲ့ ကိစ္စ ဆိုပေမယ့် ဖြစ်ပြီးလို့ နှစ်ပေါင်း များစွာကြာမှ သိကြရတော့ စိတ်မဆိုးဘဲ ပြန်တွေးမိတိုင်း ရယ်နေရတဲ့ အမှတ်တရ လေးတွေပေါ့..။

အဖေ့ညီအငယ်ဆုံး ရန်ကုန်မှာ မင်္ဂလာဆောင်တော့ အဖေက မသွားနိုင်ခဲ့ဘူး..။ ရွာမှာပဲ အလုပ်တဖက်နဲ့ဆိုတော့ လက်ဖွဲ့ကို လူကြုံပါးလိုက်တယ်..။ တခြားသူကို ပါးလိုက်တာတော့ မဟုတ်ပါဘူး..။ ဘကြီးဟန်စိန်ကို ပါးလိုက်တာ..။

ကျွန်တော်တို့ လူမှန်းတောင် ကောင်းကောင်းမသိသေးတဲ့ အချိန်လောက်ကပေါ့..။ အဖေက အဲဒီတုံးက စီးပွားရေး ပြေလည်တယ်..။ တတ်လည်း တတ်နိုင်နေတာမို့ ညီအထွေးဆုံးရဲ့ မင်္ဂလာဆောင် ငါးထောင် လက်ဖွဲ့ လိုက်တယ်..။

မင်္ဂလာပွဲပြီးလို့ မင်္ဂလာမောင်မယ်ရဲ့ ကလေးတွေတောင် အတော်ကြီးတဲ့အချိန်.. အဖေ.. ဒုက္ခ ပင်လယ်ဝေ တော့ အဲဒီမင်္ဂလာဆောင်တဲ့ ညီဆီ ပိုက်ဆံချေးတယ်..။ ညီလုပ်တဲ့သူကလည်း ချေးရှာပါတယ်..။ ပြန်ဆပ်စရာ လည်း မလိုပါဘူး.. ကျွန်တော့် မင်္ဂဆောင်မှာ အကိုတော် လက်ဖွဲ့ထားတဲ့ ငွေ ပြန်ပေးတယ် သဘောထားပါဆိုပြီး
ငွေနှစ်ထောင် ပေးတယ်..။

“ဟ အဲဒီတုံးက ငါလက်ဖွဲ့တာ ငါးထောင် “ လို့ အဖေပြောတော့ ညီလုပ်သူက လက်ဖွဲ့ငွေ မှတ်တမ်းစာအုပ် ယူလာပြတယ်..။ ဒီမှာကြည့်ပါ.. အကိုလက်ဖွဲ့ထားတာ နှစ်ထောင် ထဲ ပေါ့..။

အဖေလည်း ဇဝေဇ၀ါနဲ့ ပြတဲ့ လက်ဖွဲ့ငွေမှတ်တမ်းကို ကြည့်တော့မှ..

“ ဟန်စိန် သုံးထောင်၊ အုံးဖေ နှစ်ထောင် ” တဲ့..။ ရေးထားတာ ပြူးလို့..။

အဖေ ပေးလိုက်တဲ့ ငွေငါးထောင်ကို ဘကြီးက သူသုံးထောင် အဖေနှစ်ထောင် လုပ်ထားတာ လေးငါးနှစ်ကြာမှ ပေါ်တော့တာပဲ..။

No comments: