ဆရာမောင်သာရ ရဲ့ ၀က်လူးကျေးရွာသွားတောလားလို ကျွန်တော့်ရဲ့ ဆိတ်ဖြူကုန်းရွာသွား တောလားပေါ့..။ ကျွန်တော်တို့ညီအကိုမောင်နှမ တတွေက အဖေ့ရွာနဲ့စာရင် အမေ့ရွာကို ပိုရောက်ကြတယ်..။ အဖေ့ရွာဆို.. ကျွန်တော် အခုပြောမယ့် တစ်ခေါက်ပဲ ရောက်ဖူးတယ်..။ အမေ့ရွာကတော့ ဂဒီးဂဒီး ပေါ့..။
ကျွန်တော်ဆယ်တန်းအောင်ခါစမှာ အဖေက စီမံကိန်းကြီးတစ်ခု ရေးဆွဲတယ်.။ ကျွန်တော့်အားကိုးနဲ့..။ အဖေ့ဇာတိရွာ ဆိတ်ဖြူကုန်းက ကျောင်းသူကျောင်းသားလေးတွေကို ကျွန်တော်က စာသင်ပေးရမယ် တဲ့..။ သူ့ရပ် သူ့ရွာကို ပြန်ပြီး ကျေးဇူးပြုတဲ့ သဘောမျိုး လို့ အဖေက ခံယူတယ်..။
သားအဖနှစ်ယောက် အဲသလိုနဲ့ ဆီမီးခုံကနေ မြင်းခြံ၊ နောက် နွားထိုးကြီး ကိုကူး၊ အဲဒီကမှ ဆိတ်ဖြူကုန်း ချီတက်ကြရတယ်.။ နွားထိုးကြီးနဲ့ ဆိတ်ဖြူကုန်း ကို အဲဒီတုံးက ထွန်စက်ပဲ သွားလို့ရတယ်..။ မှတ်မှတ်ရရ နွားထိုးကြီးက ညနေသုံးနာရီလောက် စထွက်တာ.. ညဆယ့်တစ်နာရီထိုးမှ အဖေ့ရွာရောက်တယ်..။ လမ်းက ဂျပန်ခေတ်လက်ကျန် တာရိုးပေါ်က မောင်းရတာ ဆိုတော့ ခရီးက မတွင်ဘူး..။
ကျွန်တော့်ဘ၀ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ရောက်ခဲ့ဖူးတဲ့ ခရီးစဉ်ပေါ့..။
ရွာရောက်တော့ ဘကြီးဟန်စိန်အိမ်မှာ သားအဖနှစ်ယောက် တည်းကြတယ်..။ အဖေနဲ့ ဘကြီးက ညီအကို ချင်း စကားမပြောတာ အတော်ကြာပြီ..။ အဖေထောင်ထဲ ရောက်နေတဲ့အချိန်.. ဘကြီး နဲ့အဖေ ..ငွေရေးကြေးရေး ကိစ္စ ကတောက်ကဆ ဖြစ်ထားတဲ့ အရှိန် မသေသေးတာ.။
ဘကြီးဟန်စိန် အိမ်လို့ ပြောပေမယ့်.. အဖေတို့ ညီအကိုမောင် အားလုံး ဆိုင်တဲ့ မိဘလက်ငုတ် အိမ်..။ အမွေဆိုင် သဘောမျိုး ဆိုတော့ လက်ရှိအိမ်ရှင်နဲ့ မတည့်လဲ.. ငါလည်း ဆိုင်တယ်ဆိုတဲ့ အထာမျိုးနဲ့ အဖေက တည်းတာ..။ ဘကြီး မိန်းမကတော့ သဘောကောင်းရှာပါတယ်..။ တောဟင်း တောထမင်း ကို နေ့တိုင်း ဖွယ်ဖွယ်ရာရာဖြစ်အောင် ပြင်ဆင်ပြီး ဧည့်ဝတ်ကျေရှာတယ်..။
ဘကြီးကတော့ အဖေ့ အရှိန်နဲ့ ကျွန်တော့်ကို ပါ မသိကျိုးကျွံလေး နေတယ်..။
ကျွန်တော်တို့ ရောက်ပြီး နောက်ရက်မှာပဲ အဖေက ရပ်ဆွေ ရပ်မျိုးတွေရဲ့ ကလေးတွေ.. အထူးသဖြင့် ရှစ်တန်းကိုးတန်းဆယ်တန်း ကလေးတွေကို .. ကျွန်တော်က စာသင်ပေးမယ့် အကြောင်း လည်ပြောတယ်..။ ကျွန်တော့်ရွာကို ကျွန်တော့်သားက တဆင့် တတ်နိုင်တာလေး လုပ်ပေးတာပါ ပေါ့..။
အစိုးရကျောင်းဆင်းတဲ့ အချိန် ညနေ မိုးချုပ်လောက်မှာ အိမ်တအိမ်မှာ ကျောင်းသားတွေစုပြီး ကျွန်တော် စာသင်တယ်..။ အားလုံး အဆင်ပြေပါတယ်..။ ဒါပေမယ့် တစ်ပတ်လောက်ကြာတော့ အဖေ က ပြန်အုံးမယ်ဆိုပြီး ကျွန်တော့်ကို ထားခဲ့ဖို့ လုပ်တယ်..။
မနက်ဖန်လိုမျိုး ပြန်မယ်ဆို.. မပြန်ခင် ဒီနေ့ညနေ ထမင်းဝိုင်းမှာ အဖေက သူပြန်မယ့်အကြောင်း သူ့မရီး ဘကြီး ဟန်စိန်မိန်းမကို ပြောတယ်..။ သူတော့ ပြန်တော့မယ်.. ကျွန်တော့်ကိုတော့ ထားခဲ့မယ်ပေါ့..။ ဘကြီးမိန်းမကတော့ ရပါတယ် ထားခဲ့ပါလို့ ပြောတယ်..။
ဒါပေမယ့် “ ဟေ့ကောင် အုံးဖေ.. ငါကတော့ မင်းသားကို ငါ့အိမ်မှာ လက်မခံနိုင်ဘူး မောင် ” ဆိုပြီး ဘကြီး ဟန်စိန်က ထပြီး ပွဲကြမ်းတယ်..။
အဖေကလည်း “ ဟန်စိန် မင်းက ဒီလိုလား.. ရပါတယ်.. ငါ့သားကို မင်းလက်မခံလည်း လက်ခံမယ့် အိမ်တွေ အများကြီး.. ဒါပေမယ့် ဒီအိမ်က မင်းအိမ်တော့မဟုတ်ဘူးနော်.. ငါတို့လည်းဆိုင်တယ်.. အမွေခွဲလိုက်.. အိမ်ရော ၀ိုင်းရော ရှစ်ပုံ ပုံလိုက် (အဲဒီတုံးက အဖေတို့မှာ အသက်ရှင်ရက် ညီအကိုမောင်နှမက ရှစ်ယောက်ပဲ ကျန်တော့တယ် ) .. ငါရတဲ့ အပိုင်းကို ငါတော့ လာမနေဘူးဟေ့.. ရွာဘုံပိုင် အိမ်သာဆောက်ပစ် မယ်” နဲ့ ဒေါသတကြီး ပြောတာပေါ့..။
ရွာဘုံပိုင်အိမ်သာ ဆိုတာ.. ဘယ်သူလာတက်တက် လာတက်လို့ ရတယ် ဆိုတဲ့ သဘောပေါ့..။ Public Toilets လိုမျိုး ..။ အဖေက အိုးရွဲ့ ကို စလောင်းရွဲ့ နဲ့ ဖုံးတာ..။ ဘကြီးတို့က ရွာမှာပဲ နေတော့ တကယ်တမ်းအမွေခွဲလို့ အဖေရမယ့် နေရာက သူတို့အိမ်ရှေ့အပိုင်းဖြစ်နေခဲ့ရင် တရွာလုံး လာတက်မယ့် အိမ်သာတွေက အိမ်ပေါက် ပိတ်နေ အေးတာပဲ ဆိုတဲ့သဘောမျိုး နဲ့ ညစ်တွန်းတွန်း တာ..။
ပြောမယ့်သာ ပြောကြတာပါ.. အခုအချိန်အထိ အမွေမခွဲကြပါဘူး..။ ဘကြီးဆို မရှိတော့တာ လေးငါးနှစ် ရှိနေပါပြီ..။
နောက်ဆုံးမတော့ ကျွန်တော်ပဲ ကျွန်တော် အဖေ့ရဲ့ ညီဝမ်းကွဲတစ်ယောက်အိမ်ကို ပြောင်းနေလိုက်ရတယ်..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment