Wednesday, October 1, 2008

29.13 ရှုပ်ကြီးရဲ့ ဘော်ဒါများ

ရှုပ်ကြီးနဲ့ကျောင်းမှာ အတော်တွဲဖြစ်ကြတာက ဧရာမင်း ဆိုတဲ့ ကောင်ရယ်..။ ထွန်းဇော်ဆိုတဲ့ ငနဲရယ်..။ နောက် သန်းထွန်းအောင်ဆိုတဲ့ သဲတောဝမ်းတွင်းဖက်က စာရေးဆရာရယ်..။ ရှုပ်ကြီး တို့အဖွဲ့က ကဗျာဆရာ စာရေးဆရာတွေ..။

ဧရာမင်းက အခု တိုတယ် ရေနံကုမ္ပဏီမှာ အဆင်ပြေနေတယ်..။ မိန်းမတော့ ရတယ်မကြားသေးဘူး.။ ရလုရခင်လို့တော့ ကြားနေရတယ်..။ ကျောင်းပြီးစ ကျွန်တော်တို့ ဟိုယောင်ယောင်ဒီယောင်ဖြစ် နေတဲ့ အချိန် သူနဲ့ကျွန်တော် လှည်းတန်းမှာ ခဏတွေ့တယ်..။

ကျောင်းပြီးစ ဘွဲ့ရအလုပ်လက်မဲ့ တွေ တစ်ယောက်နဲ့တစ်ယောက် ဆုံတိုင်း မေးလေ့ ရှိတဲ့ “ အခု ဘာလုပ်နေလဲ ဘယ်မှာနေလဲ ” စတာလေးတွေ သူနဲ့ကျွန်တော်မေးကြ မြန်းကြပေါ့..။

ဘာမှ မလုပ်ရသေးပါဘူး ရှာဆဲပဲ လို့ ကျွန်တော်ပြောပြီး မင်းရော ဘာလုပ်နေလဲ လို့ ကျွန်တော်မေးတော့ ဧရာမင်းက “ ငါလား.. အရင်အလုပ်ပဲ လုပ်နေတယ် ” လို့ ပြန်ဖြေတယ်..။

အော်.. မင်းအရင်အလုပ်က ဘာလုပ်တာလဲ လို့ ကျွန်တော်လည်း ဆက်စပ်စုကြည့်တော့ “အရင်အလုပ်က ဘာမှမလုပ်ဘူးလေ” တဲ့ သူပြန်ဖြေတယ်..။

ရှုပ်ကြီး ဘော်ဒါတွေက အဲသလိုမျိုးတွေ..။

သူတို့ ဆုံဖြစ်ကြရင် ကဗျာအကြောင်း စာအကြောင်းပဲ ပြောကြတယ်..။ အထူးသဖြင့်တော့ မော်ဒန်ကဗျာ တွေကို သူတို့ အရမ်းနှစ်သက်ကြတယ်..။ ကိုယ်တိုင်လည်း ရေးကြ အချင်းချင်းလည်း ပြန်လည် မျှဝေခံစားကြပေါ..။

ရှုပ်ကြီးက သူတို့အထဲမှာ.. တမျိုးတဘာသာ..။ တခြားသူတွေလိုမျိုး အတည်အတန့် မော်ဒန်ကဗျာ သူမရေးဘဲ.. မော်ဒန်ကို သရော်တာလိုလို ကဗျာ မျိုးတွေ သူရေးတယ်..။ ကျွန်တော်ကတော့ သူရေးတဲ့ ကဗျာတွေကို သိပ်ကြိုက်တယ်..။

ရီ ရလို့..။

ကဲ ခင်ဗျားတို့လည်း ခံစားရအောင်.. ရှုပ်ကြီးရဲ့ မော်ဒန်ကဗျာ လာလေရော့..


အဆီစား အသားမျို အာဟာရကုန်တော့
ဥပက္ခာ တံခါးဝမှာ ဖြစ်ညှစ်ပြီးချန်ခဲ့
အဖော်မပါ တကိုယ်တည်း
ဇလားပေါ်မှာ လဲလှောင်း
ယင်ကောင်တွေက တလောင်းလောင်း..။

ကယ်သူဝေး တွယ်ရာမဲ့
ယင်ကြီးတအုပ်ရဲ့ အာသာဆန္ဒ နှုတ်သီးဒဏ်
အထိုးအဆိတ် ခံရလို့
ငါ့ခန္ဒာဟာ ယိုယွင်း
နေမင်းရဲ့ အပူအောက်
တွန့်လိမ် ရှုံ့တွ..။

ဒါ ကဗျာ လား တဲ့
လာမမေးနဲ့
ခင်ဗျား သက်တမ်းတလျှောက်
တနေ့နှစ်ကြိမ်လောက်
ဖြစ်ခဲ့ညှစ်ခဲ့တာ
ကဗျာမဟုတ်လို့ ဘာလဲ..။


ရှုပ်ကြီးက သူ့ကဗျာ ခေါင်းစဉ်ကို မော်ဒန် နာမည်ပေးတယ်..။ “ ချီးတုံးကြီး ” တဲ့..။

2 comments:

တန်ခူး said...

တော်သေးတယ်… ထမင်းစားတုန်းမဖတ်မိလို့ … ရှူပ်ကြီးက တကယ့်ကဗျာဆရာပါပဲ… ကျွန်မက ရန်ကုန်မှာ မွေးပေမယ့် အဖေအမေတွေ ဆွေမျိုးတွေက ကိုနဗနတို့  ကိုရှုပ်ကြီးတို့ နဲ့ တနယ်ထဲ… ဂုဏ်ယူပါတယ်…

Libra said...

ကဗျာကို အရမ်းကြိုက်သွားပြီ အတွေးအခေါ်ကသူများနဲ့ မတူဘူး တကယ်ကောင်းတယ် ရယ်ဖို့ ကိုနဗနတို့ ခေတ်က ကျောင်းသားဘ၀ ကို အပြည့်အ၀ခံစားခဲ့ကြရတယ်နော် အရမ်းအားကျမိပါတယ်