ကဲ..သူများတွေအကြောင်း ပြောတာ နည်းနည်းများသွားပြီ..။ ကိုယ့်ပေါင်ကို လှန်ထောင်းလိုက်အုံးမယ်..။ ဟဲဟဲ..။
ကျွန်တော်နဲ့သိန်းတိုး အေဆောင်မှာနေတော့ ကျွန်တော်တို့အဆောင်မှုးက ဆရာဦးလှရွှေ..။ သူက Textile က..။ နည်းနည်းခွတီးခွကျ နိုင်တဲ့ ဆရာကြီးပေါ့..။ စကားပြောတော့လည်း ဘုနဲ့ဘောက်ရယ်..။
ယောက်ျားလေးဆောင် အဆောင်မှုးလုပ်နေတာဆိုတော့ အဲသလောက်တော့ ရှိပေမပေါ့..။ နို့မို့ဆို.. မတစ်ရာသားတွေ ထိန်းဖို့ ဘယ်လွယ်မလဲ..။
ကျွန်တော်နဲ့ သိန်းတိုးတောင် ပညာပေးခံလိုက်ရသေးတယ်..။
တစ်လ တစ်လ သွင်းရတဲ့ အဆောင်ကြေး လေးရာကို ကျွန်တော်တို့နှစ်ယောက် အလျင်မီအောင် မသွင်းနိုင်တော့ ဆရာဦးလှရွှေက တစ်ရက် သူ့အခန်းကြွဖို့ ကျွန်တော်တို့ကို ဖိတ်တယ်..။
အဲဒီနေ့ညနေက အဆောင်မှုးကတော့ ခေါ်ပြီ တိုးကြီးရေ.. မုန့်ဟင်းခါးကျွေးတော့မယ်ထင်တယ် လို့ ကျွန်တော်ပြောတော့ ''ဘာမှမပူနဲ့ ဗိုလ်မှုး အဲဒီဆရာက ငါ့အဒေါ်နဲ့ Same Batch ငါကြည့်ပြောမယ်'' တဲ့..။ တိုးကြီးက အာမခံတယ်..။
တကယ်လည်း သူ့အဒေါ်နဲ့ ဆရာဦးလှရွှေနဲ့က သူငယ်ချင်းတွေ..။ RIT same batch တွေပေါ့..။ တိုးကြီးအဒေါ်က စက်မှု(၁) မှာ အရာရှိ..။
အဲဒါဆိုလဲ အိုကေလေ.. အားကိုးပါတယ် သူငယ်ချင်းရာ မင်းရှေ့က ကြွ လို့ ကျွန်တော်ပြောပြီး တိုးကြီးနောက်က ကျွန်တော်လိုက်သွားတယ်..။
ဆရာ့အခန်းရောက်တော့ ဆိုက်ဆိုက်မြိုက်မြိုက်ပဲ ဆရာ့ကို တွေ့တယ်..။
ကျွန်တော်တို့ အခန်း(၃၅) ကပါ ဆရာလို့ တိုးကြီးက ပြောတော့ ဆရာက မျက်လုံးတစ်ချက်လှန်ကြည့် ပြီး ထိုင်ကြ လို့ ခပ်ဆတ်ဆတ်လေး ပြန်ပြောတယ်..။
ကျွန်တော်တို့နှစ်ယောက်လဲ ဆရာ့ရှေ့က ဆက်တီမှာ ခပ်ကုတ်ကုတ်လေး ၀င်ထိုင်ကြတယ်..။
မင်းတို့အခန်း (၃၅) ကနော်လို့ မေးရင်း ဆရာက စာရွက်တွေ လှန်တယ်..။ ဆရာ့အမေးကို နှုတ်နဲ့မဖြေဘဲ ပေါက်သင်ညိုတွေလို ကျွန်တော်နဲ့တိုးကြီး ခေါင်းငြိမ့်ပြလိုက်ကြတယ်..။
တွေ့ပြီ ဆိုပြီး လှန်လက်စ စာရွက်ကို ကိုင်ပြီး ဆရာက ကျွန်တော်နဲ့ တိုးကြီးကို ခပ်စိမ်းစိမ်း ကြည့်တယ်..။ (သိပ်စိမ်းကားတာပဲ ဆရာတပည့်သံယောဇဉ်ကိုမှ မထောက်)
တိုးကြီးက ဆရာ့ကို မျက်နှာငယ်လေးနဲ့ ပြန်ကြည့်ပြီး ဆရာ့ကို အန်တီဝင်းကတောင် မေးနေသေးတယ်လို့ စကားစရင်း မျက်နှာချိုသွေးတယ်..။
ဘယ်ကအန်တီဝင်း လဲလို့ မေးငေါ့ပြီး ဆရာက ခပ်တည်တည်နဲ့ ပြန်မေးတယ်..။ မျက်နှာထားကတော့ ခပ်တင်းတင်းပဲ.. နည်းနည်းလေးလောက်တောင် ပျော့ပြောင်းမသွားဘူး..။
သိန်းတိုးလဲ ရယ်ကျဲကျဲ နဲ့ စက်မှု (၁) ကလေ.. ဆရာနဲ့ Same Batch လို့ ဆက်ပြောတယ်..။
မျက်စိမှိတ် မှတ်ဥာဏ်ပြန်ခေါ် စဉ်းစားတာမျိုးတောင် ဆရာမလုပ်ဘဲ.. ''အဲဒီတော့ ဘာဖြစ်လဲ'' တဲ့..။
အခြေအနေမဟန်မှန်း သိပေမယ့် ပြောလက်စ ရပ်မဖြစ်တော့လို့ သိန်းတိုးလဲ ''ကျွန်တော်က သူ့တူပါ ဆရာ '' တဲ့..။ ဆက်ပြောရတယ်..။
ဆရာကတော့ ကျွန်တော်တို့ကို မချိုမချဉ်အကြည့်နဲ့ ကြည့်ပြီး ''သူ့တူဖြစ်တော့ ဘာဖြစ်လဲ '' တဲ့..။ လှောင်သလိုလို နဲ့ ခနိုးခနဲ့ ပက်ခနဲ ပြန် ပြောတယ်..။ မျက်နှာထားကလဲ မင်းတို့ ငယ်ပါသေးတယ် ဆိုတဲ့ အထာနဲ့ပေါ့..။
သိန်းတိုးခမျာလဲ တခြားပြောစရာ မရှိတော့တာမို့ ''ဘာမှ မဖြစ်ပါဘူး ဆရာ '' လို့ပဲ ပြောလိုက်ရတော့တယ်..။
'' အေး ဘာမဖြစ်ရင် အဆောင်ကြေးသွင်း.. အူကြောင်ကြောင်မလုပ်နဲ့ ပြန်တော့ ''
ဆရာ့စကားအဆုံးမှာ ကျွန်တော်တို့ နှစ်ယောက် ခပ်ကုတ်ကုတ် နဲ့ တပ်ခေါက်ပြန်ခဲ့ကြတော့တယ်..။
'' တကယ့်ဂွစာအဘိုးကြီးပဲ ကွ.. ငါသာအစောကြီးက ကြိုသိရင် အန်တီဝင်းနဲ့ သူ့ကို မပေါင်းခိုင်းဘူး ''
အခန်းရောက်တော့ သိန်းတိုးက အရှက်ပြေ ပြောနေသေးတယ်..။
Subscribe to:
Post Comments (Atom)
1 comment:
ကိုနဗနရေ… လာလည်မယ်နဲ့ ခုမှ ရောက်ဖြစ်တယ်… ပထမဆုံးတခေါက်မှာပဲ ပို့ စ်အတော်များများ ဖတ်လိုက်တယ်… ဒီပို့ စ်ကတော့ ပထမဆုံး ကော်မန့် ရေးဖြစ်တာပါ… ဆရာဦးလှရွှေနဲ့ ရင်းနီးသူမို့  ကိုနဗနရေးတာဖတ်ပြီး ဆရာကြီးမျက်နှာပြေးမြင်သွားတယ်… ဆရာကြီးက အဲလိုတွေ ဂွစာပြောတတ်ပေမယ့် စိတ်ရင်းတော့ကောင်းပါတယ်… ကျွန်မ အမျိုးသားလဲ ဆရာကြီးအဆောင်မှာ နေခဲ့ဖူးတယ်…
Post a Comment