အဖေ့က အဲသလို မျိုး ပေါက်တတ်ကရ သိပ်ပြောတတ်တယ်..။ ကျွန်တော့်အဘွား ဒေါ်အေးတင်က ၁၉၈၉ မှာ ဆုံးပါးသွားတယ်..။ မဆုံးခင် ရန်ကုန်လာနေတယ်..။ သူ့သား အထွေးဆုံး အိမ်မှာ နေရင်း ဆုံးပါးသွားတာပဲ..။ အဖေကလည်း ရန်ကုန်ရောက်တိုင်း အဲဒီအိမ်မှာပဲ တည်းတာ..။
အဘွားကလည်း ခပ်ရွတ်ရွတ်.. အဖေကလည်း ခပ်ရွဲ့ရွဲ့..။ မျိုးနဲ့ ရိုးနဲ့ ကိုး..။ အဘွား က မဆုံးခင်.. အိပ်ရာပေါ်က မထနိုင်တော့ဘူး..။ ဆရာဝန်တွေက အဘွားကို တနေ့ နှစ်ကြိမ်လောက် လမ်းလျှောက်ဖို့ အကြံပေးတယ်..။ အဘွားက မလျှောက်ချင်တော့ဘူး..။ အိပ်ရာထဲမှာပဲ ခွေခွေလေး နေချင်ရှာတော့တယ်..။
အဖေကတော့ မရဘူး..။ အဘွားကို ချိုင်းကြားကနေ အတင်းချီမပြီး အိမ်ထဲမှာ ခေါက်တုန့်ခေါက်ပြန် လျှောက်ခိုင်းတယ်..။ အဘွားက ဒရွတ်ဆွဲလိုက်ပြီး “ စက်ရှင်မင်းကြီး အုံးဖေ.. ဒီမှာ လူသတ်နေပါပြီ ” လို့ ခုနှစ်အိမ်ကြား ရှစ်အိမ်ကြား အော်တော့တာပဲ..။
အဘွားဘယ်လိုအော်အော် အဖေ အလျှော့မပေးဘူး..။ အမေ လျှောက်ကို လျှောက်ရမယ်.. မလျှောက်ရင် ခင်ဗျား သေသွားမှာပေါ့ လို့ လဲ ပြောတယ်..။ အဘွားကတော့ .. သေချင်သေပါစေတော့..လမ်းတော့ မလျှောက်ပါရစေနဲ့ အုံးဖေရဲ့ လို့ ပြောပြန်တော့လဲ.. အမေ တကယ်သေချင်လို့လား.. အဲဒါဆို လာ.. ကုတင်ပေါ်မှာ အိပ် ကျွန်တော် ခေါင်းအုံးနဲ့ အပေါ်က အသာလေး ဖိထားပေးမယ်လို့ .. အမြဲစ တယ်..။
အဘွားက အဲသလို သာ လမ်းမလျှောက်ချင်တာ..။ သူနေတဲ့ အခန်းလေးထဲမှာကျတော့ အမြဲ မနေချင်ပြန်ဘူး..။ အိမ်ရှေဧည့်ခန်းမှာ လူတွေစုံပြီး အသံဗလံတွေကြားနေရရင် အခန်းထဲက ထွက်ချင်ပြန်တယ်..။ ဧည့်သည် တွေဘာတွေလာလို့ ဦးလေးတို့ အဖေတို့ စကားပြောနေသံ ကြားရင် “ အုံးဖေ.. အုံးဖေ ” နဲ့ ကုံးအော်တယ်..။
အမေ ဒီမှာ ဧည့်သည်တွေ ရောက်နေလို့ ခဏနေအုံး.. လို့ အဖေ ဘယ်လောက်ပြောပြော အမေက လက်မခံဘူး..။ အုံးဖေ မင်း လာခေါ်မလား.. ငါထွက်လာရမလား လို့ အတင်းပေကပ် အော်တာပဲ..။ အဖေတို့က ဧည့်သည်နဲ့ စကားမပြတ်လို့ .. သူ့ကို အရေးအရာလုပ် ပြန်မပြောရင် အဘွားက အတင်းကုန်းရုန်းပြီး ထွက်လာတော့တာပဲ..။
တခါက ဆို.. အဖေတို့က သူခေါ်တာ အင်းမလုပ် အဲမလုပ် စကားမပြန်လို့ ဆိုပြီး အဘွားက သူ့ဖာသာ ဧည့်ခန်းထဲ ထွက်ချလာတယ်..။ လမ်းတောင် ကောင်းကောင်းမလျှောက် နိုင်တာ.. မခံချင်စိတ်နဲ့ ထထွက်လာတာဆိုတော့ အဘွားက လုံချည်ကို ကွင်းလုံးပုံပြီး ထားခဲ့တယ်..။
အဖေတို့ ဘထွေးတို့ပါမက. ဧည့်သည်တွေပါ.. မျက်လုံးတွေပြူးကုန်တော့တာပေါ့..။
အဲဒါကြောင့် ပြောတာ.. အဘွားကလည်း ခပ်ရွတ်ရွတ်လို့..။
အဘွားက အဖေ့ကို ရွှေတိဂုံသွားချင်တယ်လို့ ပူဆာဖူးသေးတယ်..။ အဲဒီတုံးက အဖေက “ အမေရယ် ကျွန်တော့်ကို ငရဲ မပေးပါနဲ့ ” လို့ ပြန်ပြောတော့ အဘွားက.. ဟဲ့.. ဘုရားသွားတာ ကုသိုလ် ရမှာ..ဘယ်နှယ့် ငရဲ မပေးပါနဲ့ လို့ ပြောရတာလဲ ပေါ့..။
“ အမေ့အတွက်တော့ ကုသိုလ်ရချင်ရမှာ.. ကျွန်တော်ကတော့ ရွှေတိဂုံရောက်တိုင်း ရွှေခွါချင်နေလို့ အိမ်မှာ ပိုစကာတောင် ၀ယ်ချိတ်မထားဘူး ” လို့ အဖေက ပြန်ပြောတယ်..။
စသလိုလို နောက်သလိုလို ဆိုပေမယ့် အဖေက ကွန်မြူနစ် နည်းနည်းဆန်တယ်..။ သူတို့ခေတ်သူတို့အခါကလည်း ကွန်မြူနစ်ခေတ် အလံနီခေတ်.. ရဲဘော်ဖြူ ရဲဘော်ဝါခေတ် ဆိုတော့ မှိုင်းတွေ မိခဲ့ဟန် ရှိပါတယ်..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment