Saturday, September 13, 2008

26.1 အာဝါဟ.. ၀ိဝါဟ.. ဘာညာကွိကွ

သမီးရည်းစားတို့ ထုံးစံအတိုင်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက် စိတ်ကောက်လိုက် နဲ့ပဲ ကျွန်တော်တို့နှစ်ယောက်ရဲ့သမီးရည်းစားသက်တမ်းက လပြောင်းနှစ်ချီ ဖြစ်လာခဲ့တော့တယ်..။ ကျွန်တော်ဖြတ်သန်းလာတဲ့ လူ့သက်တမ်းကလဲ နှစ်ဆယ့်ရှစ်နှစ် ရှိနေခဲ့ပြီ..။

အိမ်ထောင်ပြု နောက်ကျရင် '' အဘခါးကုန်း၊ သားစားတုန်း '' ဖြစ်မယ်..။ ဒါကြောင့် သုံးဆယ်မကျော်ခင် အိမ်ထောင်ပြုတာ အကောင်းဆုံး ပဲ..။ ဒါမှ.. ကိုယ်က အသက်ငါးဆယ် ဆိုရင် ကိုယ့်သားသမီးက နှစ်ဆယ်.. ထိန်းလို့သိမ်းလို့ ကောင်းမယ်..။ စတဲ့ .. အိမ်ထောင်မှုဆိုင်ရာ ဖီလော်ဆော်ဖီ တွေကလဲ ဟိုလူပြော ဒီလူပြောနဲ့ အတော့်ကို နားရည်ဝနေခဲ့ ပြီ..။

အကျိုးဆက်အနေနဲ့ကတော့ အိမ်ထောင်ပြုလိုက်ရင် ကောင်းမလားဆိုတဲ့ အတွေး ခေါင်းထဲ ရောက်လာ ခဲ့ တော့တာပဲ..။

မဒမ့်ဖက်ကလဲ.. အိမ်ထောင်ပြုမယ့် ကိစ္စ သဘောတူတယ်..။ မဒမ်ဖက်က ဆိုလို့ သူ့မိဘ ဆွေမျိုးသားချင်း အသိုင်းအ၀ိုင်းကလို့  မထင်နဲ့ အုံး..။ မဒမ်က သဘောတူတာ..။ အဲဒါဆို လုံလောက်ပြီပဲ မဟုတ်လား..။

ကာယကံရှင် လုလင်ပျို နဲ့ လုံမပျို နှစ်ဦး စိတ်တူသဘောတူ အိမ်ရာထူထောင်ကြတော့မယ် လို့ ဆုံးဖြတ်ပြီး သကာလ ကျေးဇူးရှင်မိဘများကို ခွင့်တောင်းခြင်းသည် မင်္ဂလာတရားတော်နှင့် အညီဖြစ်ပေသည် ဆိုတာမို့သူ့ဖက် ကိုယ့်ဖက် မိဘများကို ခွင့်တောင်းကြတယ်..။

အထူးသဖြင့် ကျွန်တော့်ဖက်ပေါ့..။ သူ့ဖက်က အမေပဲ ရှိပြီး အဲဒီအမေကလဲ.. ကျွန်တော်တို့အိမ်ထောင်ပြုမယ့်အချိန်မှာ ဘယ်မှာ ရောက်နေမှန်း မသိ ဖြစ်နေခဲ့တာမို့ ထူးထွေပြီး ခွင့်တောင်းစရာ မလိုတော့ဘူး..။

မင်းက ခွင့်တောင်းတာလား အသိပေးတာလား

စာတတန်ပေတတန်နဲ့ မန္တလေးက မိဘများဆီ ခွင့်တောင်းနေရင် ကြာနေမှာမို့ ကျွန်တော်အိမ်ထောင်ပြုတော့ မယ့် အကြောင်း ဖုံးလှမ်းဆက်လိုက်တယ်..။

အမေ ဖုံးလာကိုင်တယ်..။

ဘ၀မှာ ပထမဦးဆုံးအကြိမ် ဒီလိုကိစ္စမျိုး ခွင့်တောင်းတာ ဆိုပေမယ့် သဘောတူတူ မတူတူ၊ ယူကိုယူမှာ ဆိုတော့ ရုပ်ရှင်တွေ ၀တ္ထုတွေထဲ လို ဇောချွေးတွေပြန်၊ စကားတွေ အ.ထစ် အ.ထစ် တော့ ဖြစ်မနေခဲ့ပါဘူး..။

အမေလား.. သားပါ လို့ ပြောတော့ ၀မ်းသာအားရနဲ့ သား နေကောင်းလား ဘာပဲညာပဲ နဲ့ အမေက ရွှန်းရွှန်းဝေ နေလို့ ကျွန်တော့်မှာ နည်းနည်း ဆွံ့သွားသလိုတောင် ဖြစ်သွားခဲ့တယ်..။

မိန်းမယူ တော့မယ် လို့ သိသွားတာနဲ့ အမေ့ရဲ့ ရွှန်းရွှန်းဝေမှု တွေ နိဂုံးချုပ်သွားတော့မှာ ကြို သိ နေပြီကိုး..။

သို့သော်.. နောင်ခါလာ နောင်ခါဈေး လို့ စိတ်ပိုင်းဖြတ်ရင်း '' အမေ့ ကို ခွင့်တောင်း စရာ ရှိတယ် '' လို့ အသံမှန်အောင် ထိန်းပြီး ကျွန်တော်ပြောလိုက်တယ်..။

'' ထူးထူးဆန်းဆန်း ဘာများလဲ ငါ့သား ရယ် '' လို့ အမေက ခပ်လေးလေး လေး ပြန်မေးတယ်..။

အစ သာ ခက်တာ.. စမိသွားပြီဆို ဆက်ပြောဖို့ က လွယ်သွားပြီမို့ '' ကျွန်တော် မိန်းမယူတော့မလို့.. အဲဒါ အမေတို့ကို ခွင့်တောင်း တာ '' ။

ကျွန်တော့်စကားအဆုံးမှာ အမေ့ဖက်က ဖုံးသံ တိတ်သွားခဲ့တယ်..။ တော်နေကြာမှာ '' မင်းက ခွင့်တောင်းတာလား အသိပေးတာလား '' ဆိုတဲ့ အမေ့အသံ ထွက်လာတယ်..။

ခွင့်တောင်းတယ်ဆိုပေမယ့် ငါတို့ခွင့်မပြုလဲ မင်းကယူမှာပဲ မဟုတ်လား လို.အမေ ဆက်မေးတယ်..။ (သူ့သားအကြောင်းတော့ သူသိတယ် )

'' အင်း .. အဲ.. ဟိုလေ.. ဘယ်လို ပြောရမလဲ '' ဆိုတာလောက် တောင် ပြန်မပြောဘဲ ဆိတ်ဆိတ်နေ ၀န်ခံသဘောမျိုးနဲ့ ကျွန်တော် တုံဏှိဘာဝေ လုပ်နေလိုက်တယ်..။

သားအမိနှစ်ယောက်လုံး တယ်လီဖုံးကိုယ်စီကိုင်ပြီး စကားတခွန်းမှ မပြောဘဲ သုံးလေးငါးမိနစ်လောက် ငြိမ်နေကြတယ်..။

နောက်ဆုံးမှာ ကျွန်တော်ပဲ '' အမေ့ကို ခွင့်တောင်းအသိပေးတာပါ '' လို့ ပြောလိုက်တော့တယ်..။

'' ဂွပ် ''

အမေဖုံးချသွားတယ်..။

1 comment:

ဂျူနို said...

ဒီ ပို့ စ်ကို ဖတ်တာ ဒါနဲ့ ဆို သုံးခါရှိပြီ။
သားကို နှမြောတာလည်းပါ မှာပေါ့လေ။
တစ်ခါတတစ်လေ မအယ်လည်း အသက်ရူကြပ်ပါတယ်။