Friday, September 12, 2008

25.7 တို့များဘ၀ ခွေးမျှော်ရသလိုပ


(ငယ်ငယ်တုံးက ခွေးပေါက်စလေးတွေရဲ့ မေးစေ့ကို လှန်ကြည့်ပြီး ဒီခွေးက ကြီးရင် ကိုက်မယ့်ခွေး ဟုတ်မဟုတ်ကို အဲဒီနည်းနဲ့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတာကို သတိရပြီး သူ့ကို နောက်ချင်တာနဲ့ ဟာသလုပ်လိုက်မိတာ.. နောက်ဆုံး ကိုယ့်ပြန်ထိတော့တယ်)

ခွေးကြောင်း ဆက်စပ်မိတာနဲ့ ပြောရအုံးမယ်..။ ကိုကြီးတို့ ဘ၀ကလည်း တဖြည်းဖြည်း ခွေးနဲ့ တူတူလာပြီ ဆိုတဲ့ အကြောင်းလေး ပေါ့..။

မဒမ်တို့ စက်ရုံက မိန်းကလေးချည်း လေးရာလောက် ရှိတော့ စက်ရုံဆင်းချိန်ဆို စက်ရုံရှေ့မှာ လည်ပင်းတရှည်ရှည်နဲ့ စောင့်နေကြတဲ့ ကျွန်တော့်လိုလူ ဘ၀တူတွေ က မနည်းဘူး..။

သိပ်ကဗျာမဆန်တဲ့ နှိုင်းနည်းနဲ့ နှိုင်းရရင်တော့.. ခွေးမလေး တစ်ကောင်ရှိတဲ့ အိမ် ပတ်ချာလည်မှာ တော်သလင်း လဆို ခွေးထီးတွေ ဟိုလိုလို ဒီလိုလို လမ်းသလားနေတာမျိုး နဲ့ သိပ်တူတယ်..။

တချို့ ခွေးတွေဆို.. ရှေ့ထုတ်ထားတဲ့ သူ့.လက်နှစ်ချောင်းပေါ်မှာ မေးတင်ပြီး ခွေးမလေး ထွက်လာလောက်တဲ့ လမ်းကြောင်းကို မမှိတ်မသုန် ကြည့်နေတာများ ကျောက်ရုပ်လား အောက်မေ့ရတယ်..။

ဇွဲနဘဲ အတော်ကြီးသကိုး..။

အဲဒီလို ကြည့်နေတုံး ရိုးတိုးရိပ်တိတ် အရိပ်ကလေး မြင်လိုက်ရရင်ပဲ.. မေးတင်ထားတဲ့ လက်နှစ်ချောင်း အားပြုပြီး ဆတ်ကနဲ ခေါင်း ထောင် ထတော့တယ်..။ ဒါပေမယ့် ခေါင်းထောင်လို့ မှ မဆုံးခင် ခွေးမလေးက အိမ်ထဲ ပြန်ဝင် သွားတော့ နဂိုရ် ပုံစံအတိုင်း ရှေ့လက်နှစ်ချောင်းထုတ်၊ မေးပြန်တင်၊ မမှိတ်မသုန် ပြန်ကြည့် ကြပြန်တယ်..။

ကျွန်တော်တို့ လည်း ချစ်သူ့စက်ရုံက ငါးနာရီဆင်းမယ်ထင်ရင်. ငါးနာရီမထိုးခင် ကတည်းက စက်ရုံရှေ့ ရောက်နေရပြီ..။ ခွေးလိုတော့ ရှေ့လက်ထုတ် မေးတင် မလုပ်ပေမယ့်.. မျှော်ပုံမျှော်နည်းကတော့ သိပ်မကွာ လောက်ဘူး..။ ငါးနာရီထိုးခါနီးလေ မျက်လုံးတွေက အရောင်တောက်လာလေ ပေါ့..။

ငါးနာရီထိုးလို့ အလုပ်ဆင်းတဲ့ ဘဲလ် တီးရင် မျော်ရတဲ့ ဇာတ်လမ်း ပြီးပြီအထင်နဲ့ ၀မ်းသာအားရ ခေါင်းတွေ ထောင်ထ လာကြရော..။ ခွေးတွေလိုပဲ..။ ဒါပေမယ့် ဒီနေ့ အိုဗာတိုင်ရှိတယ်.. မီးမီးတို့က ညရှစ်နာရီ အထိ လို့လည်း သိလိုက်ရရော.. ထောင်ထားတဲ့ ခေါင်းတွေ ပြန်ကျိုးသွားရပြန်တယ်..။

တချို့ဆို ရှစ်နာထိုးတဲ့ အထိ ထပ်စောင့်တယ်..။ ဒါပေမယ့် ရှစ်နာရီလည်း ထိုးရော ဒီနေ့ည ညလုံးပေါက် အိုဗာတိုင် ဆက်ဆင်းရမယ် လို့ သိလိုက်ရတော့.. ခေါင်းကြီးတွေ ငိုက်စိုက်ချ၊ ဖင်လေး ယမ်းတမ်းယမ်းတမ်းနဲ့ ကိုယ့်ပြာပုံကိုယ် ပြန်ဝပ်တာပဲ ကောင်းပါတယ်လေ ဆိုတာမျိုးဆန်ဆန် တပ်ခေါက်ပြန်ကြရတော့တယ်..။

စက်မှုဇုံ တခို၊ ငါလိုလူ ရှိဖူးလား

ပြန်တွေးမိတိုင်း မရယ်ဘဲ မနေနိုင်တဲ့ နောက်ထပ် အဖြစ်အပျက် တစ်ခုရှိသေးတယ်..။ အဲဒီနေ့ ညက မဒမ်တို.စက်ရုံ ရှစ်နာရီ အလုပ်ဆင်းမယ်ဆိုတာနဲ.ထုံးစံအတိုင်း ရှစ်နာရီမထိုးခင် ဆယ်မိနစ်လောက်အလိုမှာ ဒိုင်နာကားနဲ့ ကျွန်တော် မဒမ့်စက်ရုံရှေ့ ထွက်လာခဲ့တယ်..။

စောင့်နေရင်းနဲ့ ရှစ်နာရီလည်း တကယ်ထိုးရော ကိုးနာရီမှ ဆင်းမယ် ဖြစ်သွားတယ်..။

တစ်နာရီလောက် သူတို့ စက်ရုံရှေ့မှာ ထိုင်စောင့်နေရမှာ ပျင်းတာနဲ့ ကားကို စက်မှုဇုံဈေးဖက် မောင်းလာခဲ့တယ်..။ ဈေးရှေ့က လက်ဘက်ရည်ဆိုင်မှာ လေးဆယ့်ငါးမိနစ်လောက် အချိန်ဖြုန်းပြီး သွားပြန်ကြိုရင် အတော်လောက်ပဲ ဆိုတဲ့ စိတ်ကူးနဲ့ပေါ့..။

ကားကို လက်ဘက်ရည်ဆိုင်နဲ့ မလှမ်းမကမ်း လမ်းဘေးမှာ ကျွန်တော်ရပ်လိုက်ပြီး ဆိုင်ထဲ လှမ်းဝင်တော့ ဆိုင်ထဲက လူတွေက ကျွန်တော့်ကို ကြည့်လိုက် ကားကိုကြည့်လိုက်နဲ့ နည်းနည်းထူးဆန်းသလိုမျိုး ဖြစ်နေကြတယ်..။

သူတို့ ဖြစ်ပျက်နေတာကို သတိထားမိပေမယ့် သိပ်အရေးစိုက်မနေတော့ဘဲ လက်ဘက်ရည်တစ်ခွက်မှာသောက်ပြီး အချိန်ဖြုံးနေလိုက်တယ်..။

ကိုးနာရီထိုးခါနီးတော့ လက်ဘက်ရည်ဖိုးရှင်း၊ မဒမ့်စက်ရုံဆီ ထွက်လာရင်း စက်မှုဇုံ ဘောလုံးကွင်း နား အရောက်မှာ ကျွန်တော်တို့ စက်ရုံနဲ့ ဘေးချင်းကပ်လျက် စက်ရုံက စက်ရုံမှုးကို ကားမီးရောင်အောက်မှာ တွေ.လိုက်ရတယ်..။

သူက စက်ဘီးနဲ့။ သူ့ဘေးမှာ ကားကို ထိုးရပ်လိုက်ပြီး.. ကျွန်တော် လှမ်းနှုတ်ဆက်တော့ သူလည်း စက်မှုဇုံဈေးက ပြန်လာတာလို့ သိရတယ်..။ သူ့စက်ရုံအခြေအနေ ကိုယ့်စက်ရုံအခြေအနေ နည်းနည်းဆက်ပြော ဖြစ်ကြတယ်..။

ကျွန်တော့်နဲ့ စကားပြောနေရင်း ကျွန်တော့်ကို ကြည့်လိုက် ကားနောက်ခန်းကို ကြည့်လိုက် နဲ့ သူ့ပုံစံက တခုခု ပြောချင်နေပုံ ပေါက်တာနဲ့ ကျွန်တော်က ဘာဖြစ်လို့လဲ လို့ သူ့ကို မေးမိတယ်..။ ဒီကလည်း ခင်ဗျားဘာဖြစ်နေလဲ ဆိုတာ သိချင်နေတာပဲ.. လို့ ပြုံးစိစိနဲ့ သူပြန်ဖြေတယ်..။

ဟာဗျာ ဘာဖြစ်လို့ လဲ လို့ ကျွန်တော်ဆက်မေးတော့ ခင်ဗျား ကားနောက်ခန်းကိုလည်း ပြန်ကြည့်အုံး.. ညကိုးနာရီလောက်ကြီး.. ကားနောက်ခန်းမှာ ခြင်ထောင်ကြီးထောင်ပြီး စက်မှုဇုံထဲ ကားတစ်စီးနဲ့ ခင်ဗျား ဘာခွင်တွေ လိုက်ရှာနေတာလဲ... တဲ့။

အဲဒီကျမှ သိရတော့တယ်..။ ကျွန်တော့်စက်ရုံက လုံခြုံရေးမှုးအဘိုးကြီး.. ခြင်ထောင်ထဲမှာ အိပ်လျက်ပါလာခဲ့တယ် ဆိုတာကို..။ ဒါကြောင့် လက်ဘက်ရည်ဆိုင်ထဲက လူတွေက အံသြသလို ဖြစ်နေတာကိုးလို့ အဲဒီမှ အထာပေါက်တော့တယ်..။

ကပျာကယာ ကားပေါ်ကဆင်းပြီး နောက်ခန်းကို ကြည့်တော့မှ ခြင်ထောင်ထဲမှာ အဘိုးကြီးက ငုတ်တုတ်..။

''ခင်ဗျားဗျာ.. ဒိုင်နာကားဆိုတာ ဒီလောက် ၀ုန်းဒိုင်းကြဲနေတာတောင် မနှိုးဘူးလား.. စက်ရုံက ထွက်ကတည်းက ဆရာခဏ နေပါအုံး လို့ ပြောလိုက်ရင် ပြီးတဲ့ဟာ ..။ အခုတော့ ကျုပ်လည်း စက်မှုဇုံထဲ ခြင်ထောင်ကြီး တကားကားနဲ့ ကားပတ်မောင်း နေတာ သောက်ရှက်ကို ကွဲရော ပဲ..။ ''

အဘိုးကြီးကတော့ သူ့အပြစ်နဲ့သူဆိုတော့ ဘာမှပြန်မပြော၊ ကျွန်တော့်မှာသာ.. ရှက်နိုးနိုးနဲ့ ဒေါသအလိပ်လိုက် ထွက်နေခဲ့ရတယ်..။

နောက်တော့ မဒမ့်စက်ရုံရှေ့ ခြင်ထောင်ကြီးနဲ့ သွားကြိုရင် ကိုယ်တင်မက.. မဒမ်ပါ သောက်ရှက် ကွဲကိန်းမြင်တာကြောင့် စက်ရုံကို တစ်ခေါက်ပြန်၊ အဘိုးကြီးနဲ့ ခြင်ထောင်ကို ထားခဲ့၊ မဒမ်ဆီ တစ်ခေါက်ပြန်သွား.. လုပ်ရတယ်..။

ကျွန်တော့်ကား စက်ရုံရှေ့ဂိတ် ပြန်ရောက်တော့ တာဝန်ကျနေတဲ့ လုံခြုံရေး ခင်လတ်နဲ့ ရဲနိုင်က ထိုင်ရယ်နေကြတယ်..။ သူတို့ က ကျွန်တော်အထွက်ကတည်းက ဂိတ်တံခါးဖွင့်ပေးရင်း မြင်လိုက်ကြတယ်..။ ဒါပေမယ့် တားမမီတော့လို့ ထိုင်ပဲ ရယ်နေကြသတဲ့..။

မီးမီးချစ်တဲ့သူက လူလိမ်ကြီး

ကျွန်တော်လည်း စိတ်ပေါက်ပေါက်နဲ့ လုံခြုံရေးအားလုံးကို ခေါ်ပြီး ခင်ဗျားတို့ က သူခိုးနင်းသေမယ့် လုံခြုံရေး တွေလို့ ကောပစ်လိုက်တယ်..။ (ကိုယ့်အလှည့်တုံးက ဆရာရှိန်ကောခဲ့သလိုမျိုး ပေါ့ )

နောက်ရက်တွေမှာတော့ မဒမ့်ကို သွားမကြိုခင် ကားနောက်ခန်းကို အရင် ကြည့်ရတယ်..။ ဒါပေမယ့် သူတို.လည်း တခါဆို ဆိုသလောက် မှတ်သွားဟန် တူတယ်..။ နောက်ထပ်တော့ ခြင်ထောင်ထောင် စက်မှုဇုံပတ်တာမျိုး မဖြစ်တော့ပါဘူး..။

မဒမ်နဲ့ကတော့ ထုံးစံအတိုင်း ညနေဆို သွားကြို၊ တနင်္ဂနွေပိတ်ရင် လျောက်လည် ပေါ့..။ သမီးရည်းစား သက်တမ်း ခြောက်လလောက် ရှိတဲ့ အခါမတော့ မိဘများရှိရာ မန္တလေး ရွှေမြို့တော်ကြီးဆီ တစ်ခေါက် ပြန်ဖို့ အကြောင်းက ဖန်လာခဲ့တယ်..။

အဲဒီတုံးက အဖေနဲ့အမေက မန္တလေး ပုသိမ်ကြီးက အဆုပ်ဆေးရုံဝင်းထဲမှာ နေကြတယ်..။

အမက သူနာပြုဆိုတော့ ဆေးရုံဝင်းထဲမှာ တိုက်ခန်းတခန်းရတယ်..။

ကျွန်တော့်စက်ရုံအလုပ်ကလည်း အစတုံးကလို မဟုတ်ဘဲ နည်းနည်း အထာကျသွားပြီဆိုတော့ ခွင့်ယူလို့ လွယ်သွားတာက တကြောင်း၊ အဖေအမေတို့ နဲ့ မတွေ့ဖြစ်တာ ကြာတာကလည်း တကြောင်း၊ အကြောင်းစုံသမို့ မဒမ့်ကို တစ်ပတ်လောက်တော့ ကြာမယ် လွမ်းမနေနဲ့လို့ မှာပြီး မန္တလေးကို သုတ်ခြေတင်ခဲ့တယ်..။

ခွင့်ယူတုံးက တစ်ပတ်ဆိုပြီး ယူခဲ့ပေမယ့် တကယ်တမ်း မန္တလေးမှာ နှစ်ရက်သုံးရက်လောက်လည်း နေပြီးရင် ကျွန်တော် မနေနိုင်တော့ဘူး..။ ကျွန်တော့်စိတ်ထဲမှာ အလုပ်အကြောင်းပဲ တွေးနေမိတဲ့ အပြင် မဒမ့်ကိုလည်း လွမ်းနေမိတာမို့ နောက်ဆုံးတော့ အဖေအမေကို နှုတ်ဆက် ကန်တော့ပြီး ကျွန်တော် ပြန်လာခဲ့တယ်..။

မဒမ်ကိုတော့ ကျွန်တော်စောပြန်လာတာ ကြိုမပြောတော့ဘဲ ရန်ကုန်ရောက်ရောက်ခြင်း ညနေမှာ..သူ့စက်ရုံရှေ့ ကျွန်တော် ထွက်လာခဲ့တယ်..။ အလုပ်ဆင်းချိန်မှာ မမျှော်လင့်ဘဲ ကျွန်တော့်ကို တွေ.လိုက်တော့ ကလေးလေး တစ်ယောက်လို အံ့သြ၀မ်းသာပြီး မဒမ် ထခုန်တယ်..။

ဒီနေ့ည ကိုကြီးပြန်လာတဲ့ အထိမ်းအမှတ်အနေနဲ့ မီးမီး တကာခံမယ် ..လို့ ကြားသားမိုးကြိုး ကမ်းလှမ်းလာတာနဲ့ ထုံးစံအတိုင်း ဘုရင့်နောင်လမ်းဆုံက ယုဇနစားသောက်ဆိုင်ကို ကျွန်တော်တို့ ချီတက်ခဲ့ကြတယ်..။

ဆိုင်အရောက် မှာစရာရှိတာလေးတွေ မှာပြီး သူ့ကိုယ်လွမ်း ကိုယ့်သူလွမ်း အလွမ်း စာရင်းရှင်းတမ်း လုပ်ပြီးသကာလ မန္တလေးမှာ ပျော်ခဲ့လားတဲ့..။ မဒမ်က စကားစတယ်..။

အော်...မတွေ.တာကြာတဲ့ အဖေတို.အမေတို့ ပြန်တွေ.ရတော့ပျော်တာပေါ့ လို့ ကျွန်တော်လည်း ပြန်ဖြေမိတယ်..။

ကိုကြီးနဲ့ မီးမီး ချစ်သူတွေ ဖြစ်နေတာရော အဖေတို့အမေတို့ကို ပြောခဲ့သေးလား လို့ သူမက ဆက်မေးပြန်တယ်.။ တစိုးတစိမှ..အဖေတို့ အမေတို့ကို အဲဒီအကြောင်း မပြောဖြစ်ခဲ့ပေမယ့် ဖော်မြူလာ အရ.. '' ဟ.. ပြောခဲ့တာပေါ့ .. သားမှာ ချစ်သူရှိနေပြီ '' လို့ ပိုပိုသာသာလေး ကျွန်တော် ဖောရတာပေါ့..။

မီးမီး ဓါတ်ပုံရော ကိုကြီးအဖေနဲ့အမေကို ပြခဲ့သေးလား တဲ့..။ အတွန့်တက် ထပ်မေးပြန်တယ်..။

ကျွန်တော့် ပိုက်ဆံအိပ်ထဲမှာ သူ့ဓါတ်ပုံလေး တစ်ပုံ အမှတ်တရ ပေးထားတာရှိတယ်..။ မန္တလေးရောက်တုံး တခါမှတောင် ထုတ်မကြည့်မိပေမယ့် '' အင်း .. ပြ ခဲ့တယ် '' လို့ ကျွန်တော် လဲ ဆက်လိမ်ရတော့တယ်..။

မလိမ်ပြန်ရင်လည်း ကျေနပ်မှာမှ မဟုတ်တာပဲ..။

ဒါပေမယ့် ဇာတ်လမ်းက မပြီးသေးဘူး..။ '' ကိုကြီး အဖေနဲ့ အမေက မီးမီးဓါတ်ပုံ ကြည့်ပြီး ဘာပြောလဲ '' တဲ့..။

လိမ်လက်စ နဲ့မထူးတော့ပြီမို.'' ကလေးမလေးက ဖြူဖြူငယ်ငယ်ချောချောလေး မဆိုးပါဘူး '' လို့ အမေကတော့ မှတ်ချက်ပေးတာပဲ လို့ ရုပ်တည်ကြီးနဲ့ ကျွန်တော် ဆက်လှိမ့်ရတယ်..။

ကျွန်တော့်စကားမှ မဆုံးသေးဘူး..။ တအိအိ နဲ့ ရှိုက်သံက ထွက်လာတော့တယ်..။ အစကတည်းက ကိုယ့်လိပ်ပြာကိုယ်မလုံ တာမို့ တခုခုတော့ လွဲသွားပြီဟ လို့ သိတော့ သိလိုက်ပြီ..။ ဒါပေမယ့် မထူးဇာတ် ခင်းပြီး '' ဟာ.. မီးမီးကလည်း ဘာလို့ ငိုတာလဲ.. မငိုနဲ့လေ.. တိတ်တော့ '' လို့ ကပျာကယာ ချော့ရတယ်..။

ချော့မှ ပိုဆိုးသွားတယ်..။ တအိအိ နဲ့ ငိုနေရာကနေ.. တဟီးဟီး နဲ့ အော်ကြီးဟစ်ကျယ် ငိုပါလေရော..။ ငိုရင်းတန်းလန်း '' ငိုမှာပေါ့.. မီးမီးချစ်တဲ့သူက လူလိမ်ကြီးကိုး ဟီးဟီး '' တဲ့..။

နောက်မှ သိရတာက ကျွန်တော်မန္တလေး မပြန်ခင်..ကျွန်တော့်ပိုက်ဆံအိတ်ထဲက သူ့ဓါတ်ပုံကို ပြန်နှုတ်ယူ ထားလိုက် သတဲ့..။

မိန်းမတွေရဲ့ မာယာကို မသိနားမလည် တဲ့ ယောက်ျားကောင်း ဖြူစင်မြင့်မြတ်သူ ကျွန်တော်..၊ သူတို့လေးတွေ စိတ်ချမ်းသာပါစေတော့ လို့ မလိမ်ချင်ပေမယ့် မလိမ် လိမ်အောင် ဆင်ထားတဲ့ သူတို့ရဲ. ကျော့ကွင်း ထောင်ချောက်ထဲ တည့်တည့် ၀င်တိုးမိခဲ့ရ တဲ့ အဖြစ်ပေါ့ဗျာ..။

No comments: