Friday, September 12, 2008

25.6 တစ်ပင်နဂါး၊ နှစ်ပင်ကျား

မဒမ်နဗနက ကျွန်တော့်ထက် အသက်ခုနှစ်နှစ် ငယ်တာမို့ အခုထိ ကိုကြီး လို့ ပဲ ခေါ်တယ်..။ ကျွန်တော့်ခမျာလည်း.. မီးမီး လို့ ပဲ ခေါ်ရတော့တာပေါ့..။ ( မီးသတ်ရှေ့နားဆိုရင်တော့ မိန်းမရေလို့ ကျွန်တော်ခေါ်ပါတယ် )

သမီးရည်းစား တွေဖြစ်သွားကြပြီ ဆိုတော့.. အရင်ကထက် ပိုတွေ့ ဖြစ်ကြတယ်..။ သူတို.အလုပ် ဆင်းချိန်.. ရုံးက ဒိုင်နာနဲ့ သွားခေါ်ပြီး ဘုရင့်နောင်လမ်းဆုံက ယုဇန စားသောက်ဆိုင်ကို ချီတက်ကြတာလဲ မကြာခဏပေါ့..။

ဆိုင်ရောက်လို့ အကိုတို့ ဘာစားမလဲလို့ စားပွဲထိုးလေး လာမေးတိုင်း ညီလေးရေ မေးမနေနဲ့ ပုဇွန်ထုပ်ကြီး ဆီပြန် တစ်ပွဲချ လို့ ကျွန်တော့်မှာ ပြောရတာ အမော..။ မီးမီးက ပုဇွန်ထုပ်သိပ်ကြိုက်တယ်..။ ကျွန်တော်လည်း.. သူနဲ့မကြိုက်ခင်တုံးက ပုဇွန်ထုပ် သိပ်ကြိုက်ခဲ့ပေမယ့်.. ရတဲ့ လခက နှစ်ယောက်လုံး ပုဇွန်ထုပ်စားနိုင်တဲ့အထိ မလောက်ငှသမို့ မုန်းလိုက်ရတာ .. အခုထိ ပြန်ကြိုက်လို့ မရတော့ ဘူး..။

တခါတရံ သူ့သူငယ်ချင်းတွေပါ ခေါ်လာပြီး.. ဟဲ့ ဒီဆိုင်က ပုဇွန်ထုပ်သိပ်ကောင်းတာ စားကြည့်ပါလား လို့ ပြောတိုင်း ကျွန်တော့်မှာ.. မစားနိုင်မသောက်နိုင် ဖြစ်ရပေါင်းလည်း ဘယ်နည်းမလဲ..။

အခုတော့လည်း အဲဒီအကြောင်းတွေ ပြန်ပြောပြီး လင်မယားနှစ်ယောက် ရယ်လိုက်ကြရတာ..။

အနှောင့်အယှက် မကင်းတဲ့ ချစ်ခြင်းတရားတွေ

စက်မှုဇုံဆိုတာတွေ ပေါ်လာတော့ မြန်မာပြည် တနံတလျားက ပျိုပျိုအိုအိုတွေ ရန်ကုန်တက်.. အလုပ်လုပ် ကြတယ်..။ စက်ရုံအဆောင်နေခွင့် ရသူတွေ ရှိသလို၊ အပြင်မှာပဲ ကိုယ့်အစီအစဉ်နဲ့ အခန်းငှားနေကြရသူတွေလည်း မရှားပါဘူး..။

မိဝေးဖဝေး ညီအကိုမောင်နှမတွေနဲ့ ခွဲခွါပြီး တ၀မ်းတခါးအတွက် အလုပ်လာလုပ် သူတွေဆိုတော့ လွတ်လပ်မှု ဆိုတာကလည်း မလိုချင်မှ အဆုံး ရကြရှာတယ်..။ ကိုယ်သွားချင်ရာ သွား၊ ကိုယ်တွဲချင်တဲ့သူနဲ့ တွဲ၊ ကိုယ်ဖြစ် ကိုယ်ခံ ဆိုတာမျိုး လိုပါပဲ..။

သူငယ်ချင်းအပေါင်းအသင်းဆိုတာကလည်း သင့်မသင့် တော်မတော် ပြောရုံလောက်သာ တတ်နိုင်ကြတယ်..။ ဒါတောင် အမုန်းခံပြီး ပြောမနေတော့ပါဘူး.. သူ့စိတ်နဲ့သူ့ကိုယ် သူကောင်းတယ်ထင်လို.လုပ်တာပဲ လုပ်ပါစေ လို့ လွှတ်ပေးလိုက်သူတွေလည်း မနည်းပြန်ဘူး..။

ဆိုတော့ အမျိုးမျိုးအဖုံဖုံ အချစ်ဇာတ်လမ်းစုံ တွေကို မကြားချင်မှ အဆုံး မသိချင်မှ အဆုံး မြင်နေတွေ့နေ ကြားနေခဲ့ရတော့တယ်..။

အပျို လူပျို ထင်လို့ ကြိုက်မိတာ အခုမှ လိုက်ပွဲတွေတပုံကြီးနဲ့မှန်း သိရတယ်တော့ ဆိုပြီး ဒူးနဲ့မျက်ရည် သုတ်သူတွေ၊ ချစ်ခြင်းရဲ.သစ္စာသာ အဓိက အပျိုအအိုဆိုတာ ပဓါနမကျ..တို့ကတော့ အိုအိုပျိုပျို ချစ်မှာပဲလို့ မထူးဇာတ်ခင်းသူတွေ၊ သူ့ဖာသာ နိုင်ငံခြားမှာ မိန်းမရှိရှိ မရှိရှိ.. ဒီမှာ အနေချောင် အစားချောင်ရင် ပြီးရော.. ဘယ်သူသိတာမှတ်လို့ လို့ ခံယူလိုက်ကြတဲ့ မိန်းမပျိုလေးတွေ.. စသဖြင့်စသဖြင့် စက်မှုဇုံကြီးဟာ.. ဖြစ်ချင်သလိုဖြစ်နေခဲ့တာပေါ့..။

အလုပ်ဆင်းချိန် ညနေဆိုရင် စက်မှုဇုံလမ်းများအားလုံး ချစ်သူလမ်းကြားတွေ ဖြစ်ကုန်လေရော..။ လမ်းမီးမရှိတဲ့ လမ်း၊ အသွားအလာ ပြတ်တဲ့လမ်း မျိုးဆိုရင်တော့ '' စောစော သွားမှ တို့နေရာ ရမယ် '' ဆိုတာမျိုး ပဲ..။

သို့သော် ကိုယ့်ဖာသာကိုယ် ချစ်တာ ဘာဖြစ်လဲ ဘာဖြစ်လဲ လို့တော့ သူတို့ခမျာ မကြွေးကြော်နိုင်ပြန် ဘူး..။ တာဝန်အရ ပတ္တရောင်လှည့်တာလိုလို နဲ့ ရောင်တော်ပြန် ရောလွှတ်သူတွေက ချစ်သူတို့ဘာသာဘာဝ ကြည်နူးနေကြတာကို အခွန်အတုတ် ကောက်ခံတာမျိုးက လုပ်တတ်ကြပြန်တယ်..။

လမ်းဘေးမှာ မချစ်ရလို့ ဥပဒေမရှိပေမယ့်.. မှောင်ရိပ်ခိုတယ် စခန်းလိုက်ခဲ့ လုပ်လိုက်ရင် ချစ်သူတွေခမျာ ချစ်ဖီလင်တွေ ငုတ်ပြီး.. မလိုက်ပါရစေနဲ့ .. ဒီတစ်ကြိမ်ဒီတစ်ခါတော့ ခွင့်လွှတ်တော်မူပါ လို့ ရှိမခိုးယုံတမယ် တောင်းပန်စကား ဆိုကြရတယ်..။

နောက်ဆုံးတော့ ချွေးနဲစာလေးကို ပေးကမ်းရင်ကမ်း၊ ပါလာတဲ့ ထမင်းချိုင့်ကို လက်ဆောင်အဖြစ် ထားရင်ထား၊ တနည်းမဟုတ်တနည်းနဲ့ သူတို့ ချစ်ခရီး သာယာစေဖို့ စတေးလိုက်ရတာတွေလည်း ဘယ်နည်းမလဲ..။


ကျွန်တော်တို့ နှစ်ယောက်ရဲ့ ချစ်ခရီးလမ်းကတော့ သူတို့ နဲ့ စာရင် အတော့်ကို အနှောင့်အယှက် ကင်းတယ်လို့ ပြောရမှာပဲ..။ အလုပ်ချိန်တွေ များလွန်းလို့.. တွေ.ချိန် သိပ်မရတာက လွဲရင်၊ တွေ.ရတဲ့ အချိန်လေးတွေက တော့ မေ့ရက်နိုင်စရာ မရှိတာတွေ ချည်းပဲ..။

တွတ်တီးတွတ်တာလေးတွေ ပြောကြ၊ တွတ်တီးတွတ်တာလေးတွေ လုပ်ကြ ပေါ့..။ ဟဲ ဟဲ.. တမျိုးမထင်ပါနဲ့ မဒမ်က ကျွန်တော့် မေးစေ့အောက်က ချစ်မွှေးလို့ ခေါ်ကြတဲ့ မုတ်ဆိတ်မွှေးမဟုတ်တဲ့ အမွှေးလေး တွေ မြင်တိုင်း ဆွဲနှုတ်ဖို့ အမြဲကြိုးစားတယ်..။ အဲဒါလေး ပြောတာပါ..။

ပထမဦးဆုံးအနေနဲ့ အဲဒီအမွှေးလေးတွေကို မြင်တော့ ''ကိုကြီးရဲ့ မုတ်ဆိတ်မွှေးကလည်း ကြံကြံဖန်ဖန် နှစ်ပင်ထဲ '' လို့ သူပြောတယ်..။ '' အဲဒါ မုတ်ဆိတ်မွှေးမဟုတ်ဘူး.. ချစ်မွှေးလို့ ခေါ်တယ်.. တချို့ကတော့ သူဌေးမွှေးလို့ ခေါ်ကြတယ်.. အဲဒီအမွှေးရှိတဲ့သူက လူချစ်လူခင်ပေါတယ်.. ပြီးတော့ ချမ်းသာမယ့်သူ '' လို့ ကျွန်တော်ပြောတော့ တခစ်ခစ်နဲ့ သူမရယ်ရင်း ဒါကြောင့်ထင်တယ်.. မီးမီးကြိုက်တဲ့ ပုဇွန်ထုပ်တောင် နှပ်မှန်အောင် မကျွေးနိုင်တာ လို့ ပြန်ဖဲ့တယ်..။

ကျွန်တော်လည်း ခပ်တည်တည်နဲ့ '' အဲဒီအမွှေးက ချစ်မွှေးလည်း မဟုတ်ဘူး.. သူဌေးမွှေးလည်း မဟုတ်ဘူး.. တကယ်တမ်းက.. ယောက်ျားပီသမှုကို ဖော်ညွှန်းတဲ့ အမွှေး.. '' လို့ တဖက်ကလှည့်ပြောတော့ မယုံရဲ ယုံရဲ နဲ့ မျက်လုံး ပေကလပ်ပေကလပ် လုပ်နေတယ်..။

'' အဟုတ်ပြောတာ.. တစ်ပင် နဂါး ၊ နှစ်ပင် ကျား၊ သုံးပင် ခွေးရိုး၊ လေးပင် ခွေးသူခိုး တဲ့.. မေးစေ့အောက်မှာ တစ်ပင်ထဲ ရှိတဲ့ ယောက်ျားဟာ နဂါးလို ယောက်ျားမျိုး၊ နှစ်ပင်ရှိ ရင် ကျား၊ သုံးပင် ရှိရင်တော့ ခွေးရိုး ခွေးအလို ယောက်ျား၊ လေးပင် ရှိရင်တော့ ခွေးသူခိုး လို ယောက်ျား ပဲ ''

ကျွန်တော့်စကားအဆုံးမှာ နှစ်ပင်ထဲ ရှိတဲ့ ယောက်ျားက လိပ် လို ယောက်ျားမျိုးပါ.. ကိုယ့်ဖက်ကို သိပ်ယက်တတ်တယ်လေ လို့ သူမက ပြန်နောက်ရင်း.. '' ဟွန်း သူ့ကိုယ်သူ ကျားတဲ့ .. လိပ်ကြီးကများ'' လို့ နှိပ်ကွပ်တယ်..။

ဒါပေမယ့်ဖြစ်ချင်တော့ အဲဒီအကြောင်း မေ့မေ့ပျောက်ပျောက်ဖြစ်လောက် တဲ့ အချိန်မှာ..နောက်ထပ် နှစ်ပင် ထပ်ပေါက်လာတယ်..။ စုစုပေါင်း လေးပင် ဖြစ်သွားတာပေါ့..။ ကာယကံရှင် ကျွန်တော် သတိမထားမိပေမယ့် မဒမ်က အဲဒါကို တွေ့သွားတော့ ရယ်လိုက်တာ..။

'' ဟားဟားဟား.. တစ်ပင် နဂါး၊ နှစ်ပင် ကျား၊ သုံးပင် ခွေးရိုး၊ လေးပင် ခွေးသူခိုး.. ကိုကြီးခွေးသူခိုး '' လို့ နှိပ်ကွပ်တော့တာပဲ..။

ကျွန်တော်လည်း ရယ်ရင်း '' မီးမီး ကဗျာက တလွဲကြီး၊ တကယ့် မူရင်းကဗျာက .. တစ်ပင် ခွေးရိုး၊ နှစ်ပင် ခွေးသူခိုး၊ သုံးပင် နဂါး၊ လေးပင် ကျား.. ကိုကြီး က ကျား ပဲ '' လို့ ချက်ချင်း ပြင်ပြောရတယ်..။ မဒမ်ကတော့ မကျေမနပ်နဲ့ နှုတ်ခမ်းလေး ဆူပြီး ဟွန်း လူလည်ကြီး တဲ့..။

No comments: