လူ့ဘ၀ဆိုတာ.. ဘတ်စ်ကားတစ်စီးပေါ်က ခရီးသည်တွေလို ပါပဲ..။ ကိုယ်ကကားပေါ်ရောက်တဲ့အချိန်မှာ ဘယ်မှတ်တိုင်က တက်လိုက်လာမှန်းမသိတဲ့ သူတွေက ကားပေါ်မှာ ရောက်နှင့်နေပြီ..။ ကိုယ့်ခရီးလမ်းဆုံး မရောက်ခင်.. ကြားမှတ်တိုင်တွေမှာ နောက်ထပ်တက်လာတဲ့ ခရီးသည်တွေကလည်း ရှိပြန်တယ်..။
အလျိုအလျို ဆင်းသွားလိုက် တက်လာလိုက်ဆိုသူတွေနဲ့ ခနတဖြုတ် တကားထဲစီး တခရီးထဲသွားတွေဖြစ် ကြရတယ်..။
စက်ရုံအလုပ်ရုံတွေက ၀န်ထမ်းဘ၀ဆိုတာလည်း အဲသလိုမျိုးပါပဲ..။ ကိုယ့်ရှေ့အရင်အလုပ်ဝင်သူတွေ ရှိသလို.. ကိုယ့်နောက်မှ ၀င်လာသူတွေ.. ထွက်သွားသူတွေ.. အသစ်ထပ်ဝင်လာသူတွေ.. မနည်းမနည်း. အလုပ်ထဲမှာ ကြုံခဲ့ရတာပေါ့..။
စန်းအောင်ကတော့ ကျွန်တော်ဆင်းမယ့် မှတ်တိုင်မရောက်ခင်ဘဲ.. လက်ပြနှုတ်ဆက်သွား ခဲ့တယ်..။ အလုပ်ဆင်းရက်ကမမှန်.. ကြွေးလည်ပင်းမြုပ်.. အစားအသောက်က အာဟာရမဲ့ နဲ့ နောက်ဆုံးတော့ ကျွန်တော်ပဲ သူ့ကို ခေါ်တွေ့ရတော့တယ်..။
စက်ရုံမှုးတစ်ယောက်ရဲ့ အခွင့်အာဏာ လုပ်ပိုင်ခွင့်ကို ကျော်လွှားပြီး သူ့ကို လိုက်လျောရတာတွေ တစစ များလာတာကို သူလည်း သိသမို့ .. လမ်းခွဲစကားကို သူကပဲ စပြောပါတယ်..။
လမ်းခွဲမျက်ရည် မကျပေမယ့်.. အမှတ်တရ တချို့တော့ စန်းအောင်က ထားသွားခဲ့သေးတယ်..။
ကိုယ့်အောက်က ၀န်ထမ်းတွေ.. အကြောင်းကြောင်းကြောင့်.. အလုပ်ထွက်တာ ကြုံရလေတိုင်း ကျွန်တော်.. ဦးတည်ပြောတဲ့ စကားရှိတယ်..။
တကြိမ်တခါမှ.. မသိခဲ့ရတဲ့ လူနှစ်ယောက် .. အလုပ်တစ်ခုထဲမှာ လာဆုံကြရပြီး .. တစ်ယောက်နဲ့တစ်ယောက်..ရင်းနှီးခင်မင်ခဲ့ရတယ်..။
အထက်အောက် ဆရာတပည့် ဆိုတာတွေ အသာထား.. အဲသလိုမျိုး တွေ့ဆုံခဲ့ရတာကို.. နှစ်ဦးစလုံးက တန်ဘိုးထားသင့်ကြောင်းနဲ့.. မိတ်ဆွေ အပေါင်းအသင်း များများစားစား ရဖို့မရှိတဲ့ လူ့ဘ၀ကြီးမှာ အလုပ်ထွက်ပေမယ့် မိတ်ဆွေအဖြစ်ကို ဆက်လက် တည်ဆောက်ရမယ့်အကြောင်း ကျွန်တော်ပြောဖြစ်တယ်..။
ဒီကောင်ဘာတွေ လာပြောနေတာလည်း ဆိုတဲ့ မျက်နှာပေးနဲ့ တုန့်ပြန်သူတွေ ကြုံရသလို.. လေးလေးစားစားနဲ့ ကျွန်တော့်စကားကို နာယူသူ တချို့လည်း ရှိပါတယ်..။
စန်းအောင်ကတော့ တမျိုး..။ သူပြောတယ်..။
ကျွန်တော်အလုပ်ထွက်ပေမယ့်.. ဆရာကတော့ .. ကျွန်တော့်ဘ၀ရဲ့ ထာဝရဆရာဖြစ်နေမှာ ပါ..။ နောက်လည်း လမ်းမှာ တွေ့ဆုံကြုံခဲ့လို့ကျွန်တော်ကူညီနိုင်တာများ ရှိခဲ့ရင်.. အသိပေးပါ..။ တတ်နိုင်သလောက်.. ကျွန်တော်အကူအညီပေးမယ်..။
ဆရာပြောသလို.. ဒီအလုပ်မှာမှ..ဆရာနဲ့ ကျွန်တော် သိခွင့်ရပေမယ့်.. ဆရာတပည့်သံယောဇဉ်ကို ကျွန်တော်ဆက်လက်ထိန်းသိမ်း တန်ဘိုးထား ပါ့မယ်..။
ခုလောလောဆယ်တော့ ပိုက်ဆံသုံးထောင်လောက် ချေးလိုက်ပါအုံး ဆရာ.. တဲ့..။
ကျွန်တော့်ဆီမှာ နှစ်ထောင့်ငါးရာကျန် ပေါ့
စန်းအောင်အလုပ်ထွက်သွားပြီး တစ်နှစ်ခွဲလောက်ကြာတော့ ကုမ်ပဏီလူကြီးတွေနဲ့ ခြောက်မိုင်ခွဲနားက ဂျပန်ဆိုင်ကို ရောက်ဖြစ်တယ်..။ အဲဒီဆိုင်ရှင်က ဂျပန်လင်မယား..။
နာမည်ကြီး ကိုဘေး ဘိဖ် လို့ ခေါ်တဲ့ ဂျပန်အမဲသားကို ဂျပန်ကနေ တိုက်ရိုက်သွင်းပြီး ရောင်းတဲ့ ဆိုင်ပေါ့..။ ဂရမ်ငါးရာ လောက်ကို ဒေါ်လာ ဆယ်ဂဏန်း တော်တော်များများ ပေးရတယ်..။
သေသာသွားတယ်..။ အဲဒီအမဲသားကို မစားလိုက်ရရှာတဲ့ ဂျပန်တွေတောင် ရှိတဲ့အထိ ပြောကြတယ်..။ ဟုတ်မဟုတ် မသိပေမယ့်.. ဈေးကြီးတာကတော့ အမှန်ပဲ..။ ကျွန်တော်ကတော့ ထူးမကြိုက်ပေါင်..။
အဲဒီနေ့က ကားပါကင်ထဲ ကားထိုးပြီး ဆင်းမယ့်အလုပ်မှာ ခါးလေးကိုင်းတိုင်းကိုင်းတိုင်းနဲ့ ၀ိတ်တာတစ်ယောက် ကားတံခါး လာဖွင့်ပေးမယ်..။ ဂျပန် စတိုင်ပေါ့..။ အောက်ရောက်လို့သေချာကြည့်မိမှ.. မောင်မင်းကြီးသား စန်းအောင်ဖြစ်နေတယ်..။ ခမျာ့ အတော့်ကို ၀မ်းသာအားရ ပေါ့..။
ကျွန်တော့်လက်ကို အတင်းဆုပ်ပြီး မတွေ့တာကြာပြီ.. ဆရာကတော် နေကောင်းလား.. ဟိုကောင်ကြီးရော ဆက်လုပ်နေတုံးလား.. ဘယ်သူကတော့ မလေးရှားထွက်သွားတာ ကြားလိုက်တယ်.. ကျွန်တော်ကတော့ ဒီမှာပဲ ဆရာရေ့.. စသဖြင့် .. မရပ်မနား သူပြောတယ်..။
လူကြီးတွေက အထဲ ရောက်သွားပြီမို့ အခုလို ပြန်တွေ့ရတာ ၀မ်းသာကြောင်းလောက်ပဲ ပြောပြီး ကျွန်တော်လည်း ဆိုင်ထဲ ၀င်ခဲ့တယ်..။
အားလုံး စားသောက်ပြီးလို့ အပြန်မှာ.. ထုံးစံအရ.. တစ်ပ်မန်းနီးအနေနဲ့ ငါးရာတန်တစ်ရွက် စန်းအောင်ကို ကျွန်တော်ထုတ်ပေးတော့.. မယူဘဲ.. စပ်ဖြဲဖြဲနဲ့.. ကျွန်တော့်ဆီမှာ နှစ်ထောင့်ငါးရာကျန် ပေါ့ တဲ့..။
မင်းကတော့ကွာ.. လို့ ကြည်ကြည်နူးနူး ကျွန်တော် ပြောရင်း ရယ်မိတယ်..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment