ဘယ်သူတွေ အာစရိယပူဇော်ပွဲမှာ သီချင်းဆိုမလဲ.. ဆိုချင်တဲ့သူစာရင်းပေးပါလို့ .. စတိတ်ရှိုးဖြစ်မြောက်ရေး ကျောင်းသားတွေ စာရင်းလာတောင်းတော့ .. သီချင်းဆိုတာလောက်ကတော့ အပျော့ပေါ့ဆိုပြီး ကျွန်တော် စာရင်းပေးလိုက်မိတယ်..။
စာရင်းပေးပြီးမှ.. သီချင်းတစ်ပုဒ်ဆိုရင် နှစ်ရာ(ကျပ်) ပေးရပါ့မယ်..။ နောက်.. မြို့ထဲမှာ သီချင်းသွားတိုက်တဲ့အခါ.. တူရိယာပစ္စည်းငှားရမ်းခ၊ အတီးသမားငှားရမ်းခ၊ အစစ ကုန်ကျစားရိတ်တွေကိုလည်း သီချင်းဆိုမယ့်သူများက စုပေါင်းကျခံရမယ်.. တဲ့။
ဂလိုဆိုရင်တော့ မဖြစ်ချေဘူး..။ ကိုယ့်တစ်ယောက်တောင် လေးဘက်ထောက်နေရတဲ့ ဘ၀.. စင်ပေါ်မတက်တော့ပါဘူး.. လေ လို့ တွေးပြီး ပေးထားတဲ့ စာရင်းပြန်ဖျက်ခိုင်းလိုက်ရတယ်..။ စာရင်းမှတ်တဲ့ သူငယ်ချင်းက စင်ပေါ်တက်ရမှာလေ.. ပိုက်ဆံများ နှမြော နေသေးတယ်လို့ ပြောလာတာကို '' ဟ.. စင်ပေါ်တက်ချင်တာများကွာ.. ပိုက်ဆံမပေးရဘဲ တက်လို့ရတဲ့ နည်းတွေ အများကြီး .. အငြိမ့် တက်ကပစ်လိုက်မယ်.. တစ်ပြားမှ ပေးစရာမလို ပါဘူး '' လို့ ဘာရယ်မဟုတ် လျာရှည်လိုက်မိတယ်..။
လျာရှည်လိုက်ပြီး ကိုယ်ကတော့ မေ့မေ့ပျောက်ပျောက်ပါပဲ..။ ဒါပေမယ့်.. ကျောင်းမှာတော့ သတင်းက ပြန့်သွားတယ်..။ ကျွန်တော်က အာစရိယပူဇော်ပွဲမှာ အငြိမ့်က မယ်တဲ့.. ဆိုပြီး တော့ပေါ့..။
လူရွှင်တော်လုပ်ချင်သူများ တစ်ယောက်ပြီးတစ်ယောက် လာရောက်ဆက်သွယ်ကြတယ်..။ စကားအဖြစ် ပြောလိုက်တာပါလို့ ငြင်းလွှတ်ပေမယ့်.. မရတော့ဘူး။ ဆရာထဲကတောင် လုပ်ဖြစ်အောင်လုပ်ကွာဆိုပြီး တိုက်တွန်းလာတော့.. ဂလိုဆိုရင်လည်း ကရသေးတာပ လို့ တွေးပြီး ဇာတ်လမ်းဇာတ်ကွက် စဉ်းစားရ တော့တယ်..။
ကျောင်းကအသစ်.. ကျောင်းသားတွေကအသစ်.. ပတ်ဝန်းကျင်ကအသစ်.. ဆရာဆရာမတွေကလည်း များသောအားဖြင့် အသစ်.. ဒီကြားထဲ မပြည့်မစုံ နေနေထိုင်နေ သင်ကြားနေရတဲ့ နေ့စဉ်ဘ၀တွေကို သရော် တော်တော် လုပ်တာ အကောင်းဆုံးဖြစ်မှာပဲ လို့ တွေးမိတာနဲ့ ဇာတ်အိမ် ချရေးတယ်..။
တက္ကသိုလ် ဒိသာပါမောက္ခဆရာကြီး ဆီကို အတိုင်းတိုင်းအပြည်ပြည်က မင်းညီမင်းသား တပည့်တပန်းတွေ ပညာတော်သင် လာတဲ့ ဇာတ်ကွက် ပေါ့..။ အဆောင်မှာ ရေမလာတာ အိမ်သာတွေ ပိတ်နေတာ အဆောင်ထမင်းဟင်းမကောင်းတာ ကျောင်းသားဘာဝ ဖဲရိုက်အရက်သောက်ကြတာ အစရှိတဲ့ .. ဂဂျိုးဂဂျောင် အောက်ကလိအာတွေ .. စင်ပေါ်တက် ပြောခွင့်ရသွား တယ်..။
လွယ်လွယ်နဲ့တော့ မဟုတ်ဘူး..။ ရှစ်ဆယ့်ရှစ် အရေးအခင်းပြီး အစဆုံးပြန်ဖွင့်တဲ့ တက္ကသိုလ်တွေဆိုတော့ ပါမောက္ခချုပ်က အငြိမ့်မှာပျက်မယ့်ပျက်လုံးတွေ နိုင်ငံရေးကင်းမကင်း စီစစ်ဖို့ လိုတယ် ဆိုတဲ့ မှတ်ချက်နဲ့ ရူပဗေဒဌာနမှုး ဆရာဦးသောင်းကို စီစစ်ရေးတာဝန် ပေးတယ်..။
လုပ်ထုံးလုပ်နည်းအရ.. အငြိမ့်မှာ ပြောမယ့် ဇာတ်ဝင်ခန်းစကားအားလုံးကို တစ်လုံးမကျန် ရေးပြီး သူပြ ရမယ်လို့ ဆရာသောင်းက အော်ဒါထုတ်တယ်..။ နိုင်ငံရေးဆိုင်ရာပျက်လုံးတွေ မဟုတ်ပေမယ့် ပါမောက္ခချုပ်နဲ့ ဆရာတွေ ၀န်ထမ်းတွေကို ဆော်ထားတဲ့ ပျက်လုံးတွေချည်း ဆိုတော့ ကျွန်တော့်မှာ အတော်ခွကျပါလေရော..။
ဆရာသောင်း ကို ချော့ချော့မော့မော့ နဲ့ ဆရာရယ် နိုင်ငံရေး လုံးဝမပါစေရပါဘူး.. ကျွန်တော်အာမခံပါတယ်.. ။ သို့သော် ပျက်လုံးတွေကို ဆရာအခုကြိုသိရင် တကယ့်ပွဲကျ ဆရာ ဘယ်လိုလုပ်ရီရတော့မှာလဲ.. ဒါကြောင့် ပါမောက္ခချုပ်ကို.. စစ်ပြီးပြီလို့သာ ပြောပေးပါ ဘာညာနဲ့ အတင်းပြောရတယ်..။
ဆရာသောင်းကလည်း အငြိမ့်ဝါသနာ အတော်ပါတော့ နောက်ဆုံး ..ကျွန်တော့်အဆိုကို လက်ခံပြီး ပါမောက္ခချုပ်ကို ပေါင်းလိမ်ပေးတယ်..။
ဆရာသောင်းဆီက ပါမစ်ရတော့ လူရွှင်တော်ရွေးပွဲလုပ်ရတယ်..။ လုပ်ချင်သူအတော်များနေလို့ အင်တာဗျုးရတဲ့ အဆင့်ရောက်သွားတယ်..။ အင်တာဗျုးတယ်ဆိုလို့ အလုပ်ခေါ်အင်တာဗျုးမျိုးတော့ ဘယ်ဟုတ်မလဲ..။ သူတို့နဲ့ စကားနည်းနည်းပြောကြည့်ရတယ်..။ သူတို့မှာ ပျက်လုံးဆိုင်ရာ ဘာအိုက်ဒီယာရှိလည်း တီးခေါက်ကြည့်ရတယ်..။ ဂလောက်ပါပဲ..။
နောက်ဆုံးတော့ လက်ရွေးစင်လူရွှင်တော် ငါးယောက်ရတယ်..။ ကျွန်တော်အပါအ၀င်ပေါ့..။ ဇာတ်လမ်း ဇာတ်ကွက်ချပြပြီး ဇာတ်တိုက်ကြတယ်..။ ကျွန်တော်က ဇာတ်ဆရာဆိုတော့ ဒိသာပါမောက္ခ ဆရာကြီး လုပ်တယ်..။ ကျန်တဲ့ လေးယောက်က မင်းညီမင်းသား တွေပေါ့..။
ညညဆို.. စာသင်ဆောင်တွေထဲသွားပြီး ဇာတ်တိုက်ကြတယ်..။ အဆောင်မှာဆို လူတကာသိကုန်မှာ စိုးတာကိုး..။ သုံးလေးရက်လောက် ဇာတ်တိုက်ပြီးတာနဲ့ အာစရိယပူဇော်ပွဲရက် ရောက်လာတော့တယ်..။
ကိုယ်ကဇာတ်ဆရာဆိုတော့ အစစအရာရာ ကိုယ်ပဲ ပြင်ဆင်ရတယ်..။ လူရွှင်တော်မဟုတ်ပေမယ့် အခန်းဖော် လုပ်တဲ့သူငယ်ချင်းနဲ့ တခြားရင်းနှီးတဲ့သူငယ်ချင်းများကို အကူအညီတောင်းသင့်တာ တောင်းရတယ်..။
စီစဉ်သင့်တာတွေ စီစဉ်တဲ့ အထဲမှာ ကျောင်းသူတစ်ယောက်ဆီက ဘရာစီယာငှားတာလည်း ပါသေးတယ်..။ ဘယ်သူမှ မငှားချင်ဘူးလုပ်နေလို့ အတော်တောင်းတောင်းပန်ပန်နဲ့ ငှားရတယ်..။ နင်တို့ မငှားနေ..ငါ့ဖာသာ ဘရာစီယာသွားဝယ်မယ်လို့ လုပ်ရအောင်ကလည်း ယောက်ျားကြီးတန်မဲ့ ဘရာစီယာဆိုင်သွားရမလို ကြီး။
သွားရဲဝယ်ရဲသည့်တိုင်.. ဇာတ်ပွဲပြီး.. အဲဒါကြီးဘယ်သွားချိတ်ထားရမှန်းလည်း မသိ..။ ဒီကြားထဲ ပိုက်ဆံက ကုန်အုံးမယ်လေ..။ နောက်ဆုံးတော့ အမည်မဖော်လိုသူ ကျောင်းသူတစ်ယောက်က ငှားပေးရှာပါတယ်..။ တဆင့်ငှားပေးတာက ကျောင်းကန်တင်းက ဒေါ်ဂွက်ဆိုတော့.. ဘယ်သူငှားလိုက်သလဲ.. အတင်းလိုက်မစပ်စုဖြစ်ပါဘူး..။
ငှားတာကိုပဲ ကျေးဇူးတင်နေရပြီ..။ (ဘယ်သူ့ဟာမှန်းတာ မသိတာ.. အရောင်နဲ့ အနံ့တော့ မှတ်မိသေးတယ် ခွိခွိခွိခွိ .. အရောင်ကပန်းရောင်လေး.. အနံ့က.. အနံ့က.. ပါမိုလစ်ဆပ်ပြာနံ့ ပါ.. ငှားမယ့်ဟာမို့နဲ့ တူတယ်.. ဆပ်ပြာလွှတ်တိုက်တယ်နဲ့ တူတယ်.. တော်တော်မွှေးတယ်.. ဘာကြောင့် အနံ့သိနေသလဲ ဆိုတာကတော့.. ငွေရောင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားကြပါ.. ခွိခွိခွိ..)

No comments:
Post a Comment