''မင်းကတော့ ဘုန်းကြီးတစ္ဆေပဲ စန်းအောင် '' လို့ ပြောရင်း ကျွန်တော့်မှာ အူပေါက်အောင် ရယ်ရတယ်..။ ဒါပေမယ့် မျက်နှာပိုးသပ်ပြီး ချဲထီအကြောင်း အတည်အတန့် ကျွန်တော် ပြောရတယ်..။
ဖြစ်တန်စွမ်း သီအိုရီအကြောင်း၊ ဖြစ်တန်စွမ်းများလေ မှန်လေ ဖြစ်နေတဲ့ ဘိုးတော်တွေရဲ့ အစွမ်းအကြောင်း၊ ထွက်ချင်သလို ထွက်နေတဲ့ ဂဏန်းနဲ့ ကိုယ်တွက်တာနဲ့ တခါတလေ တိုက်ဆိုင်မှု ရှိနိုင်ပေမယ့် အဲဒါဟာ ကိုယ်တွက်တဲ့ အတိုင်း ထွက်လာတာမဟုတ်ဘဲ တိုက်ဆိုင်မှုသာ ဖြစ်ကြောင်း၊ စတာတွေကို အာပေါက်မတတ် တခါမဟုတ် နှစ်ခါမဟုတ် ကြုံတိုင်း ကျွန်တော်ရှင်းပြတယ်..။
စန်းအောင်ကတော့ ကျွန်တော့်မျက်နှာရိပ်မျက်နှာကဲ ကြည့်ပြီး တခါတရံ ခပ်ပျက်ပျက် ပြောင်ချော်ချော် ပြန်ပြောတယ်..။ တခါတရံကျတော့လဲ လေးလေးစားစား နားထောင်ချင်ယောင် သူဆောင်တယ်..။
များသောအားဖြင့်တော့ ပေါက်တတ်ကရ ခပ်ကြောင်ကြောင် ဒိုင်ယာလော့ တွေ နဲ့ သူအရွှန်းဖောက် လေ့ရှိတယ်..။
ဒိုင်ကြောင်တွေပေါ့..။
ခွင့်မဲ့ပျက်ကွက်လို့ အလုပ်တက်တဲ့ နောက်ရက်မှာ သူ့ကို ကျွန်တော့်ရုံးခန်းထဲ ခေါ်တွေ့ပြီး ဘာကြောင့် ပျက်သလဲ ခေါ်မေးဖူးတယ်..။
'' မနေ့က ဆရာရယ်.. အသီးအရွက်လူနဲ့တည့်တယ်လို့ ရုပ်မြင်သံကြားမှာ ဆရာဝန်ကြီးတစ်ယောက် ပြောနေတာနဲ့ ဒညင်းသီးအလုံးတစ်ရာ ပြုတ်စား မိပါတယ်.. ဒီနေ့အလုပ်တက်နိုင်တာ ကံကောင်း '' လို့ ရူးသလိုလို ပေါသလိုလို သူပြန်ဖြေတယ်..။
မင်းကို ငါအတည်ပြောနေတာ စန်းအောင် လို့ ဟောက်တော့လည်း မျက်နှာငယ်ငယ်နဲ့ ပေရပ်နေပြန်ရော..။
တရက်လည်း '' ဆရာ ဆရာ.. မရှိလို့မလှူ ၊ မလှူလို့ မရှိ '' ဆိုတာ တကယ်တမ်းကျတော့ အလှူအတန်းမလုပ်သူတွေကို ရည်ညွှန်းတာမဟုတ်ဘူး ဗျ..။ ဘုန်းကြီးတွေ သူတို့ဖာသာ သူတို့ ပြန်ညွှန်းပြီး ညည်းညူနေတဲ့ စကားပဲ..။
ဆရာပဲ တွေးကြည့်လေ.. လူတွေက မရှိတော့ မလှူဘူး..။ လူတွေ မလှူတော့ ဘုန်းကြီးတွေမှာ မရှိဘူး။ အဲဒါကြောင့် ဘုန်းကြီးတွေက စိတ်ပျက်လက်ပျက်နဲ့ အသံရှည်စွဲပြီး '' မရှိလို့မလှူ၊ မလှူလို့ မရှိ '' လို့ အော်အော် နေကြတာ..။ တဲ့..။
သူ့စကားကြားပြီး ကျွန်တော့်မှာ ရယ်ရမှာလိုလို ငေါက်ရမှာလိုလို ဖြစ်လို့..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment