ကျွန်တော့်ဘ၀မှာ အရေးကြီးတဲ့ သူငယ်ချင်းတစ်ယောက်ရှိခဲ့ဖူးတယ်..။ ၁၉၉၅.. ၉၆ ခုနှစ်မှာ ကျွန်တော်ရန်ကုန်စက်မှုတက္ကသိုလ် ဖိုင်နယ် တက်နေတုံး သူနဲ့ စတွေ့ခဲ့တယ်..။
သူ့ကြောင့် ကျွန်တော့်ဘ၀မှာ အပြောင်းအလဲပေါင်းများစွာ ဖြစ်ပေါ်ခဲ့ရတယ်..။ လူ့အထက်တန်းစား ဆိုတဲ့သူတွေနဲ့ ငယ်ပေါင်းကြီးဖော်လို ပေါင်းသင်းခွင့် ရခဲ့တယ်..။ သူတို့နဲ့ ပေါင်းရလို့ ဂုဏ်ယူတယ်မယူဘူး ဆိုတာထက်.. လူ့လောကအကြောင်းကိုတော့ ပိုပြီး သိခွင့်ရခဲ့တယ်..။
နောက်.. သူ့ကြောင့်ပဲ.. ရန်ကုန်မြို့ရဲ့ ဒစ်စကိုညများစွာ ကျွန်တော် ထိတွေ့ခွင့် ရခဲ့တယ်..။
သူငယ်ချင်းသာ ဆိုတယ်..။ သူက ကျွန်တော့်ထက် လေးနှစ်ယောက်ငယ်ပါတယ်..။ နောက်ပြီး သူက ကျွန်တော်တို့ ကျောင်းကမဟုတ်ဘူး..။ မိဘများက ချမ်းသာလေတော့ ကျွန်တော်နဲ့ တွေ့တဲ့အချိန်မှာ စင်ကာပူက ဘွဲ့တစ်ခုရပြီး ပြန်လာစ ပေါ့..။
အဲ..ဒါပေမယ့် ..သူ့ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းက.. ကျွန်တော်တို့ ကျောင်းက..။ ကျွန်တော်နဲ့ မေဂျာတူ..သုံးတန်းငယ်တယ်..။ အဲဒီသူငယ်ချင်းနဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ကို သူရောက်လာခဲ့တယ်..။
ကျွန်တော်တို့အားလုံးက ဘောလုံး ၀ါသနာအိုးတွေ..။ စက်မှုတက္ကသိုလ် ဘောလုံးကွင်းမှာ ဘောကန်ကြရင်း ကျွန်တော်တို့ ခင်သွားကြတာပဲ..။
စ ခင်ပြီး သုံးလေးလ လောက်အထိ ညနေဆို ဘောလုံးကန်လိုက်.. ကန်တင်းမှာ ထိုင်လိုက် နဲ့ အချိန်ကုန်ခဲ့ကြတယ်..။ ကန်တင်းထိုင်တိုင်း ကျွန်တော်က ရယ်စရာတွေ ပြောတယ်..။ ရွာ အကြောင်း တွေ ခပ်သောသောလေး ဖောက်သည်ချတယ်..။
အဲဒီလိုနဲ့ သူနဲ့ကျွန်တော် အရင်းနှီးဆုံးသူငယ်ချင်းတွေ ဖြစ်သွားခဲ့တယ်..။ သူနဲ့ တသက်လုံး ခင်လာတဲ့ ကျောင်းက သူငယ်ချင်းထက်တောင် ကျွန်တော့်ကို သူပိုခင်သွားခဲ့တယ်..။
ငယ်ငယ်တုံးက သော်တာဆွေရေး တဲ့ မိုးကုတ်ဦးမြမောင် အကြောင်း ဖတ်ခဲ့ဖူးတယ်..။ ဆရာသော်တာဆွေကတော့ မိုးကုတ်ဦးမြမောင်ကို ငွေကိုရေလိုသုံးတဲ့သူ လို့ အမွှမ်းတင်ခဲ့တယ်..။
ကျွန်တော့်လို အဆောင်ကြေးတစ်လ လေးရာတောင် မှန်အောင်မပေးနိုင်တဲ့သူ အတွက်တော့ အဲဒီသူငယ်ချင်း က ဆရာသော်တာဆွေရဲ့ မိုးကုတ်ဦးမြမောင်ထက် လျော့စရာမရှိဘူး..။ သူသုံးနေတဲ့ ငွေပမာဏဟာ ကျွန်တော်အံသြတကြီးဖြစ်ရတဲ့ ပမာဏတွေချည်းပဲ..။
ကျောင်းကန်တင်းမှာလောက်ပဲ ထိုင်ဖြစ်ကြတဲ့ ကျွန်တော်တို့ကို တစ်ရက် သူက ညစာလိုက်ကျွေးမယ်လို့ ဆိုလာတယ်..။ မှတ်မှတ်ရရ အဖိတ်ခံရတဲ့ တခြားသူငယ်ချင်းနှစ်ယောက်နဲ့ ကျွန်တော် သုံးယောက်ပေါင်းပြီး သူကျွေးတာလိုက်စားသင့်မစားသင့် တော်တော်လေးတိုင်ပင်ဆွေးနွေးပြီး မသွားတော့ပါဘူးကွာလို့ ဆုံးဖြတ်လိုက်ကြတယ်..။
ကျွန်တော်တို့က အားနာနေတာကိုး..။ ဒါပေမယ့် အချိန်တန်တော့ ကျောင်းကို သူရောက်လာပြီး အတင်းဆွဲခေါ်တာနဲ့ ပါသွားခဲ့ရတယ်..။ အခု ရွှေဂုံတိုင်ဟော်တယ် ( အဲဒီတုံးကမရှိသေး ) ရဲ့ ဘေးက မေဂါးဒင်းဆိုတဲ့ ဆိုင်မှာ စားကြတယ်..။
ဟင်းပွဲမှာတာတောင် ကျွန်တော်တို့ မမှာဘူး..။ ဘာမှာရမှန်းလဲ မသိဘူး..။ သူမှာတာတွေ များပြီး မစားနိုင်ဘဲ ကျန်ခဲ့တာတောင် ကျောင်းပြန်ရောက်တဲ့ အထိ ကျွန်တော်တို့မှာ ပြောမပြီးဘူး..။ နှမျောလို့..။
အဲဒီနောက်ပိုင်း ညစာစားဖို့ သူခေါ်ရင် ကျွန်တော်တို့ ငြင်းတော့တာပဲ..။ သူကလည်း ငြင်းလေ ခေါ်လေပဲ။ ဒါပေမယ့် တစ်ယောက်အကြောင်း တစ်ယောက် တဖြည်းဖြည်းနဲ့ ပိုသိလာတော့ သိပ်မငြင်းဖြစ်တော့ပါဘူး..။ အားနာလို့ ငြင်းရတာကိုက အားနာဖို့ ကောင်းလာတာကိုး..။
အဲဒီလိုနဲ့ တစ်ရက်ကျတော့ ဒီည ဒစ်စကိုသွားကြမယ်.. လို့ သူ လုပ်ပါလေရော..။

No comments:
Post a Comment