Wednesday, August 6, 2008

17.5 အဝေးရောက်ဖခင်

နောက်တစ်နေ့မနက်မှာတော့.. အဝေးကို ရောက်နေတဲ့.. အဖေ့ကို သွားတွေ့ဖို့ အရေးပေါ်လာတာနဲ့ ကျွန်တော် ကျောင်းမတက်ဖြစ်ခဲ့ဘူး..။

ကျွန်တော်တို့ရွာနဲ့ မြို့နဲ့က ၂၈ မိုင် ဝေးတယ်..။ ဂျပန်ခေတ်က ဖောက်သွားတဲ့ ကားလမ်းအကြမ်းထည် တ၀က်တပျက်က လေးငါးမိုင် ရှိတယ်..။ မိုင်နှစ်ဆယ်လောက်ကတော့ ကတ္တရာလမ်း..။ ကျန်တဲ့ သုံးမိုင်လောက်ကတော့ မော်တော်ကားဆိုတာ နွားလှည်းနောက်က လိုက်ရတဲ့လမ်း..။

ရွာက ကားတွေက မနက်လင်းအားကြီး ဝေလင်းဝေလင်း ထွက်ကြတယ်..။ တစ်ရက်မှ တစ်ခေါက်ပဲ ကားထွက်တာမို့ မြို့တက်ချင်တဲ့ ရွာသားတွေ မနက်အစောကြီးထ မှ မီတယ်..။ အချစ်နာကျပြီး တညလုံး အိပ်မပျော်တဲ့ ကျွန်တော့်အဖို့တော့ ထူးပြီး အိပ်ရာထစရာတောင်မလိုပါဘူး..။

ရွာထဲက ကား စက်စနှိုးတဲ့ အသံကြားတာနဲ့ အိပ်နေတဲ့ အကို ကို နှိုးပြီး ကားဂိတ်ဖက် ညီအကို နှစ်ယောက် ထွက်လာခဲ့ကြတယ်။ ဂိတ်ရောက်တာနဲ့ ထွက်မယ့် ကားတစ်စီးပေါ် တက်ထိုင်နေရင်း သူမကို သတိရနေမိတယ်။ ကျွန်တော် မြို့သွားတာကို သူမ သိမှာ မဟုတ်ဘူးလို့လဲ တွေးနေမိပြန်တယ်..။

အချိန်တန်သည့်တိုင် ကျောင်းကို ကျွန်တော်ရောက်မလာခဲ့ရင် သူမ ဘယ်လိုများတွေးနေမလဲ လို့လဲ သိချင်နေမိပြန်တယ်..။ တဆက်တည်း ကျွန်တော်တစ်ယောက် အချစ်နာကျပြီး ကျောင်းတောင် မတက်နိုင်ရှာဘူးလို့ သူမထင်နေခဲ့ရင် တမျိုးကောင်းတယ်လို့ တွေးမိပြန်တယ်..။ (အဲဒီနေ့က သူမလဲ ကျောင်းပျက်ခဲ့တယ်လို့ နောက်မှ သိရတယ် )

မနက်ရှစ်နာရီခွဲလောက်မှာ မြို့ကို ရောက်တယ်..။ အဖေ့ကို တွေဖို့က အဓိကဖြစ်နေတာမို့ သူမကိုလွမ်းတဲ့ စိတ်ကို ဖြေဖျောက်ပြီး ညီအကိုနှစ်ယောက် အဖေရှိရာကို ထွက်လာခဲ့ကြတယ်..။ ကြားသာ ကြားဖူးပြီး တစ်ခါမှ မရောက်ဖူးတဲ့ နေရာမို့ ညီအကိုနှစ်ယောက် စမ်းတ၀ါးဝါးနဲ့ ဟိုမေး ဒီမေး လုပ်ကြရတယ်..။

လာသမျလူကို အပြစ်တင်ကြိမ်းမောင်း အော်ဟောက်တာဟာ ပုံမှန်ပဲလို့ ခံယူထားတဲ့ အသိုင်းအ၀ိုင်းမို့ ကျွန်တော်တို့ ညီအကိုနှစ်ယောက်လုံး မျက်စိသူငယ်နားသူငယ် နဲ့ သုံးလေးကြိမ်လောက် အအော်အဟောက်ခံ ပြီးမှ အဖေ့ကို တွေ့ခွင့် စာရင်းဝင်သွားခဲ့တယ်..။
ကိုယ့်အလှည့်ဘယ်အချိန်မှာ ရောက်မယ်မှန်းလဲ မသိတာမို့ အုတ်တံတိုင်း အမြင့်ကြီးကာထားတဲ့ အ၀င်ပေါက် ဘေးနားက ဘ၀တူတွေ ခပ်စုစု ထိုင်နေတဲ့ နေရာမှာ ညီအကို နှစ်ယောက် ထိုင်ရင်း ဟိုကြည့်ဒီကြည့် လုပ်နေမိတယ်..။

အလှည့်ကလဲ ကြာလိုက်တာလို့ တွေးနေတုံး အလုံပိတ်ထားတဲ့ ကားအပြာတစ်စီး ခပ်လှမ်းလှမ်းမှာ ရပ်တာကို တွေ့တယ်..။ ကားပေါ်က ယူနီဖောင်း နဲ့ လူတစ်ချို့ ဆင်းလာပြီး စတီးလက်ကောက်နဲ့ ခရီးသည်တွေကို ကားဘေးက မြေပြင်မှာ တန်းစီ ပဆစ်တုတ်ထိုင်ဖို့ အော်ဟစ်နေသံကိုပါ တဆက်တည်း ကြားရတယ်..။

တစ်ခါမှ မမြင်ဖူးတဲ့ မြင်ကွင်းမို့ ကျွန်တော် အံသြတကြီး ကြည့်နေမိခဲ့တယ်..။ တဆက်တည်း အဖေ့တုံးကလဲ ဒီလိုမျိုးပဲလားဆိုတဲ့ အတွေးက ကျွန်တော် ခေါင်းထဲ အလိုလို ရောက်လာတယ်..။

ဖော်ပြဖို့ခက်တဲ့ ဝေဒနာတစ်ရပ်ကို ကျွန်တော် ခံစားနေတုံး အဖေ့နာမည်အော်သံ ထွက်လာခဲ့တယ်..။ ညီအကို နှစ်ယောက် ဒရောသောပါး ထိုင်ရာကထပြီး အဖေ့ကို တွေ့ဖို့ လူတစ်ကိုယ်စာ တံခါးပေါက်လေးထဲက တဆင့် ခေါင်းငုံ့ပြီး ၀င်ခဲ့ကြတယ်..။

အထဲရောက်တော့ သံတံခါးကြီး တစ်ချပ် ထပ်တွေ့ရတယ်..။ အဖေ့ကို အဲဒီတံခါးရဲ့ တဖက်ခြမ်းမှာ တွေ့ရတယ်..။ ကျွန်တော်တို့ ညီအကို နှစ်ယောက်က သစ်သားခုံရှည်နဲ့ ဒီဖက်ခြမ်းမှာ ထိုင်ကြရတယ်..။

ကျွန်တော်တို့ နှစ်ယောက်ကို မြင်တော့ အဖေပြုံးပြတယ်..။ နောက်ပြီး '' မင်းတို့အမေ မပါဘူးလားလို့ ''ခပ်တိုးတိုးမေးတယ်..။ ကျွန်တော်တို့ ညီအကို နှစ်ယောက်က ခေါင်းရမ်းတော့ အဖေ ဟက်ကနဲ တစ်ချက်ရယ်တယ်..။

ကျွန်တော်တို့လဲ ဘာရယ်မဟုတ် လိုက်ရယ်ကြတယ်..။ နောက်တော့ အိမ်မှာကျန်ခဲ့တဲ့ မိသားစုတွေ နေကောင်းမကောင်း အဖေမေးတယ်...။ အားလုံး စာကြိုးစားဖို့ အဖေမှာတယ်လို့ ပြော.. လို့ တဆက်တည်းအဖေ ပြောတယ်..။

တခြားထွေရာလေးပါး တွေ ပြောဖြစ်ကြတယ်..။ တွေ့ဆုံချိန် စေ့ခါနီးမှာ.. အနောက်တောင် ထောင့် အုတ်ရိုးရဲ့ အပြင်ဖက်မှာ မင်းတို့ ညီအကို စောင့်နေလို့ အဖေ တိုးတိုးမှာတယ်..။

အချိန်တန်တော့ အဖေ့ကို နှုတ်ဆက်ပြီး အလာတုံးကလို တံခါးကျဉ်းကျဉ်းကို ခေါင်းငုံ့ပြီး ညီအကိုနှစ်ယောက် ပြန်ထွက်လာခဲ့ကြတယ်..။ အပြင်ရောက်တာနဲ့ အဖေမှာတဲ့ အနောက်တောင်ထောင့် အုတ်ရိုးဖက်ကို ခပ်သုတ်သုတ် သွားရတယ်..။

အဖေမှာတဲ့ နေရာရောက်တော့ အဖေပြောလိုက်တဲ့ ဆေးရုံအဆောက်အဦ ဆိုတာ ခေါင်မိုးလောက်ပဲ မြင်ရတာမို့ ညီအကို နှစ်ယောက် နောက်ဆုတ်နောက်ဆုတ်နဲ့ မြင်ကွင်းကျယ်တဲ့ ဆီကို နေရာ ရွေ့ကြရတယ်..။

ကိုက်တစ်ရာလောက် နေရာရွေ့အပြီးမှာတော့ အုတ်ရိုးအတွင်းဖက်က ဆေးရုံဝရံတာမှာ မတ်တပ်ရပ်နေတဲ့ အဖေ့ကို မြင်ရတယ်..။ ကျွန်တော်တို့ကို မြင်တာနဲ့ လက်ဝှေ့ရမ်းပြရင်း လက်ထဲက အထုပ်တစ်ထုပ်ကို အဖေ အားနဲ့ ကျွန်တော့်တို့ဆီ လှမ်းပစ်တယ်..။

အထုပ်က အဖေနဲ့ ကျွန်တော်တို့ ကြား အုတ်ရိုးအပြင်ဖက် မလှမ်းမကမ်းမှာ ကျတယ်..။ ညီအကိုနှစ်ယောက် ၀မ်းသာအားရ ပြေးကောက်ကြတယ်..။ အုတ်ခဲနဲ့ကပ်ချည်ထားတဲ့ စာအိတ်တစ်အိတ် ဖြစ်နေတာကို တွေ့ရတယ်..။

စာအိတ်ကောက်ပြီး ညီအကိုနှစ်ယောက် နဂိုရ်နေရာကနေ အဖေ့ကို နှုတ်ဆက်ကြတယ်..။


အဲဒီနေ့က ရွာပြန်ရောက်တဲ့ အထိ ထောင်ဆေးရုံ ၀ရံတာက လက်ပြနှုတ်ဆက်နေတဲ့ အဖေ့ပုံကို ပြန်မြင်ယောင် နေမိတယ်..။ အဖေပေးလိုက်တဲ့ စာကို ဖတ်ပြီး အမေ အဲဒီနေ့က ငိုတယ်..။

1 comment:

Summer Field said...

အဖေက ဘယ်လိုဖြစ်ပြီး အဝေးရောက်သွားရတာလဲ..။ မသိလိုက်ဘူး..။ အစဉ်လိုက် ဖတ်နေတာပဲ..။ ကျော်ဖတ်မိလိုက်သလား မပြောတတ်..။
ဒါပေမဲ့ ခံစားလိုက်ရတယ်..။