ကြုံလို့ အဲဒီသဘောင်္သားသူငယ်ချင်း နဲ့ ကျွန်တော့်အကြောင်းပြောရဦးမယ်..။
သူနဲ့ ကျွန်တော် ဗိုလ်တထောင်ဖက်က အပြင်ဆောင်တစ်ခုမှာ အတူနေဖူးတယ်..။ ၁၉၉၂ ခုနှစ် ၀န်းကျင် ကပဲ..။ သူက အဝေးသင်တဖက်နဲ့ သင်္ဘောတက်ဖို့ သင်တန်းတွေတက်ပြီး လုံးပမ်းနေတဲ့ အချိန်.. ကျွန်တော်က ဒုတိယနှစ် စာမေးပွဲပြီး ရွာမပြန်ဘဲ ရန်ကုန်တက်လာတဲ့ အချိန်ပေါ့..။
သူနဲ့ အတူနေမယ်.. သူ့ကိုတွေ့မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရန်ကုန်တက်လာတာတော့ မဟုတ်ဘူး..။ အကြောင်းတိုက်ဆိုက်ပြီး သူနဲ့ နေဖြစ်သွားခဲ့တာ..။ ရန်ကုန်ကို စွတ်ရွတ်ပြီးသာ ထွက်လာတာ.. အဲဒီတုံးက ဘယ်နေလို့ ဘယ်နေရမှန်းမသိခဲ့ဘူး..။ လုပ်ချင်တာက အင်္ဂလိပ်စကားပြောနဲ့ ကွန်ပြူတာသင်တန်းတက်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ..။
ဒါပေမယ့် ပိုက်ဆံက လမ်းစားရိတ်တောင် အနိုင်နိုင်.. ရန်ကုန်ရောက်မှ ကြည့်ကျက်လုပ်ရမှာပဲ လို့ တွေးရင်း တက်လာတာ..။
ရန်ကုန်ရောက်ရောက်ခြင်း အောင်ဆန်းကွင်းမှာ နေရတယ်..။ ရွာက သူငယ်ချင်း တစ်ယောက်က အဲဒီတုံးက မြန်မာ့လက်ရွေးစင် ဘော်လီဘောသမား ဖြစ်နေတယ်..။ သူ့နားကပ်နေရတာပဲ..။ ခမျာမလဲ.. ရရစားစား ၀ါးဝါးမျိုမျို ဆိုတော့ တခါတရံ နှစ်ယောက်ပေါင်း ငတ်ကြရတယ်..။
ဒါပေမယ့်.. သူ့ရည်းစားက ဘူတာကြီးနားမှာ ထမင်းဆိုင်ဖွင့်ထားတော့.. အဆောင်ထမင်းဟင်း မလောက်ငှရင်.. အဲဒီကောင်မလေးဆိုင် ပြေးကြရတယ်..။ အခုတော့ ကလေး တစ်ယောက်နဲ့ အတော့်ကို အဆင်ပြေနေကြပါပြီ..။
အပြင်ဆိုင်မှာ သွားစားတယ်ဆိုလို့ ထောလှချည်လားလို့ မထင်နဲ့..။ အဲဒီတုံးက သူ့ယောက်ခမလောင်းကြီးက ဆိုင်ကို စီမံကွပ်ကဲတယ်..။ နှစ်ယောက်သား ပိုက်ဆံမပါဘဲ.. ထမင်းနဲ့ဟင်း မှာစားကြတယ်..။ သူ့ကောင်မလေးက.. ထမင်းဟင်းပန်းကန်တွေ လာချရင်းနဲ့ ထမင်းပန်းကန်အောက်မှာ ပိုက်ဆံညှပ်ပြီး ပေးရတယ်..။
အဲဒီပိုက်ဆံနဲ့ ထမင်းဖိုး ပြန်ရှင်းကြရတယ်..။
ဒါပေမယ့် အဲဒီလိုမျိုး အဆင်ပြေနေတာလေးက ကြာရှည်မခံခဲ့ဘူး..။ မောင်မင်းကြီးသားက ချင်းမိုင်မှာ နိုင်ငံတကာ ပြိုင်ပွဲရှိလို့ဆိုပြီး နိုင်ငံခြားသွားဖို့ ဖြစ်လာခဲ့တယ်..။ ကောက်ရိုးပုံပျောက်တဲ့ ဟိုအကောင်လို ကျွန်တော့်မှာဖြစ်ပြီပေါ့..။
သူ့ရည်းစားကလဲ.. သူမပါဘဲနဲ့တော့ ထမင်းပန်းကန်အောက် ပိုက်ဆံဘယ်ညှပ်ပေးမလဲ..။ နေဖို့ ထိုင်ဖို့ကလဲ လိုလာပြန်တယ်..။ နောက်ဆုံးတော့ ကျေးဇူးရှင်ကြီး နိုင်ငံခြားမသွားခင် နှစ်ရက်လောက် အလို ညမှာ.. ဗိုလ်တထောင်ဘုရားရှေ့တည့်တည့်က ရွာဆက် ဘုန်းကြီးကျောင်းကို ထရန်စဖာ လုပ်လိုက် ရတယ်..။
အဲဒီနေ့ညမှာ သူငယ်ချင်းက စက်ဘီးနဲ့ ကျွန်တော့်ကို ဘူတာကြီးကနေ ဘုန်းကြီးကျောင်းလိုက်ပို့တယ်..။ ကျောင်းရောက်တော့ ဘုန်းကြီးကို ၀တ်ချပြီး ခေတ္တတည်းခိုခွင့် တောင်းရတယ်..။ အဲဒီမှာ အိမ်တက်လုပ်တဲ့ သဘောင်္သားလောင်းလျာနဲ့ တွေ့တာပဲ..။
သူက စီနီယာပေါ့..။ ဘုန်းကြီးနဲ့လဲ အတော်ရင်းနှီးတယ်..။ ရွာမှာတုံးက သူနဲ့ သိပ်မခင်ကြပေမယ့် ရပ်ဝေးမှာ တွေ့တော့ အတော့်ကို ရင်းနှီးသွားကြတယ်..။ သူ့အကိုက အဲဒီတုံးက အကောက်ခွန်မှာ အလုပ်လုပ်တယ်..။ အဆင်ပြေတယ်လို့ ဆိုရမှာပဲ..။
သူ့ညီ သင်္ဘောသားဖြစ်ရေးကို သူကပဲ အားလုံးတာဝန်ယူထားတယ်..။ ဒါပေမယ့် ကျွန်တော့်သူငယ်ချင်းက အင်မတန် စေ့စပ်တယ်..။ အပိုသုံးတာ မရှိသလောက်ပဲ..။ ကျွန်တော်နဲ့သူ မနက်လင်း ဘုန်းကြီးကျောင်း ကနေ ထွက်ကြတယ်..။
ကျွန်တော့်မှာ မယ်မယ်ရရ ဘာမှ လုပ်စရာမရှိလေတော့ သူ့သင်္ဘောသား ကိစ္စ၀ိစ္စတွေ လုပ်တာနောက် တကောက်ကောက်လိုက် နေတော့တာပဲ..။ စားတာသောက်တာကတော့ အပြင်မှာ ကြုံရင်ကြုံသလို စားကြရတယ်..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment