Monday, August 4, 2008

17.7 နံရံတစ်ချပ်ခြား

နောက်ပိုင်းမှာတော့ ကျောင်းသွားကျောင်းပြန် တွဲသွားတွဲလာ တောင် ကျွန်တော်တို့ မလုပ်တော့ဘူး..။ အရင်တုံးက သူငယ်ချင်း ခင်မင်မှုလို့ ခံယူထားကြတာမို့ ပတ်ဝန်းကျင်က ဟိုထင်ဒီထင် ထင်တာတောင် ကိုယ်မှ မဟုတ်တာ ဆိုပြီး လိပ်ပြာလုံတယ်..။

အခုတော့ ဟုတ်နေရက်ကြီးနဲ့ မဟုတ်သယောင်လုပ်ဖို့ ဆိုတာ အတော်မလွယ်တဲ့ ကိစ္စမို့ ခပ်ခွါခွါလေး နေကြ ရအောင်လို့ နှစ်ဦးသား သဘောတူထားလိုက်ရတယ်..။ ဒါတောင်မှ အချိုးတွေ ရုတ်တရက်ကြီး ပြောင်းသွား လို့ ဆိုပြီး တမျိုးထင်တဲ့ လူတွေက ရှိသေးတယ်..။ စာမေးပွဲကလဲ အလိုက်ကန်းဆိုးမသိ နီးသထက်နီး လာတော့ အားလုံးလဲ ပြာတောက်ပြီး ကိုယ့်ဒုက္ခနဲ့ ကိုယ် သူများသောက်တင်း အချိန်မပေးနိုင်လို့ တော်သေးတာပေါ့..။

ကျွန်တော်ကတော့ စာလေးကျက်လိုက် ရည်းစားနဲ့လစ်ရင်လစ်သလို ချိန်းတွေ့လိုက်နဲ့ အလုပ်ရှုပ်နေခဲ့တယ်။

လစ်ရင်လစ်သလို ဆိုလို့ မကြာခနတော့ မတွေ့ရပါဘူး..။ မယ်မင်းကြီးမကို စာကြိုးစားပါ့မယ် ခဏခဏ မတွေ့ပါဘူး .. စတဲ့ ကတိတွေ တထောကြီး ပေးထားရတာမို့ တစ်ပတ်တစ်ခါလောက်ပဲ တွေ့ခွင့်ရပါတယ်..။

တွေ့တော့လဲ.. သူတို့အိမ်နောက်ဖေး ၀င်းထရံနားမှာ စိုးပိုင်သီချင်းထဲကလို နံရံတစ်ချပ်ခြားလျက်ပေါ့..။ သူ့အဖေက ဘီဘီစီတို့ ဗွီအိုအေတို့ ကို ညတိုင်းနားထောင်လေ့ရှိတယ်..။ အဘိုးကြီး ဘီဘီစီ ဖက် အာရုံများနေတဲ့ အချိန်မှန်းပြီး ကျွန်တော် သူတို့အိမ်နား သွားရတယ်..။

ကျွန်တော်တို့ တွေ့နေကျ ၀ါးဝင်းထရံနားမှာ မန်ကြီးပင်ကြီး တစ်ပင်ရှိတယ်..။ လမိုက်ညဆို အတော်မှောင်တဲ့ နေရာပေါ့..။ အဲဒီနေရာနား ကျွန်တော်ရောက်တာနဲ့ ၀ါးဝင်းထရံကို တုတ်နဲ့ ကျွန်တော် ခြစ်ရတယ်..။ ပတ္တလားသံလိုတော့ ဘယ်မြည်မလဲ..။ တဂျစ်ဂျစ်နဲ့ နားတော့ နည်းနည်းကလောတယ်..။

အိမ်ထဲမှာ စာ ကျက်ချင်ယောင် ဆောင်နေတဲ့ သူမရဲ့ နှလုံးသား ရစီဗာ က ၀င်းထရံခြစ်သံကို လက်ခံရယူ ဘာသာပြန်တယ်..။ (စစ်အတွင်းက ရှေ့တန်းနဲ့ နောက်တန်း ကြိုးမဲ့ကြေးနန်း ဆက်သွယ်တာမျိုးနဲ့ ဆင်ဆင်တူလိမ့်မယ်)

ဘာသာပြန်ရရှိလာတဲ့ သတင်းအချက်အလက်တွေကို သူမစုဆောင်းပုံဖော်ပြီး သကာလ.. ချစ်လူဆိုးကြီးကို ရင်ဆိုင်နှိမ်နင်းရန် အလို့ငှာ.. တောင်ကြည့်မြောက်ကြည့် ကျီးကန်းတောင်းမှောက် အစရှိတဲ့ သိုင်းကွက်တွေကို အသုံးပြုလျက်.. ခိုးကြောင်ခိုးဝှက် ကိုယ်ဖော့ပညာစွမ်းဖြင့် ကျွန်ုပ်ရှိရာသို့ သူမ တိတ်တဆိတ် ရောက်ရှိလာပါတော့တယ်..။

အဖြစ်ကတော့ အဆိုတော် တွံတွေးသိန်းတန်ရဲ့ သီချင်းထဲကလိုပဲ..။

''မောင့်ဆီကို အလာလမ်းက ပန်းခင်းလမ်းလဲ မဟုတ်ဘူးကွယ် ကြမ်းတမ်းခက်ထန်သည်ရှိမယ် မှောင်နက်မည်းမည်း လရောင်လဲ သဲကွဲမလင်းတယ်.. ငွေနှင်းဖြူ နှင်းမှုန်နံသာချယ် ချွေးကလေးစို့ အပြေးကမို့ လာခဲ့လေသလား.. မောင့်ရင်ခွင်ကြား ထွေးထားသိပ်ပါ့မယ် အချစ်ရယ် အချစ်ရယ်ကွယ် .. ''

တစ်ခုပဲ ရှိတယ်..။ ၀င်းထရံကြီး ခံနေတာမို့ မောင့်ရင်ခွင်ကြားတော့ ထွေးထား မသိပ်နိုင်ဘူးပေါ့..။ ချစ်သူကို လက်ကမ်းကြိုဖို့တောင် အနိုင်နိုင်ရယ်..။ ချိုင်းမြှောက်လိုက်တိုင်း ၀ါးချွန်က ချိုင်းကို ထိုးထိုးနေလို့ စိတ်သွားတိုင်းကိုယ်မပါရတဲ့ ဘ၀..။

ဒါပေမယ့် ကျွန်တော့်လက်တွေကတော့ မြန်မာ့လက်ရွေးစင် ဘော်လီဘောသမားလက်လား အောက်မေ့ ရတယ်..။ လည်ပင်းကလဲ သစ်ကုလားအုတ် နဲ့ နင်လားငါလားပဲ..။ ကျွန်တော့် ကြောက်တာနဲ့ သူမခမျာ ၀င်းထရံနားတောင် သိပ်မကပ်ရဲရှာဘူုး.. ( ဟဲ ဟဲ ) ။

သို့သော် သူလဲလေ လောကီသားပေမို့ အချစ်ရဲ့ စွမ်းအားကိုတော့ ဘယ်တွန်းလှန်နိုင်ပါ့မလဲ..။ အသေးစိတ်ကိုတော့ စာလေးမှာစိုးလို့ မရေးတော့ပါဘူးလေ..။ ခင်ဗျားတို့တုံးကထက် ဘာမှ မပိုပါဘူး..။ အချိန်တန်တော့လဲ.. အိမ်ပြန်ကြရတာပါပဲ..။ ပြန်ခါနီးတိုင်း သူမခေါင်းလျော် မလျော် သနပ်ခါးလိမ်းမလိမ်း ( တစ်ခါတစ်ရံ နှုတ်ခမ်းနီ ဆိုးမဆိုး ) လောက်တော့ ကျွန်တော်စပ်စုမိတယ်..။ ဒီလောက်ပါပဲ..။

အဲဒီလိုနဲ့ ဆယ်တန်းစာမေးပွဲက နီးသထက်နီးလာခဲ့တာမို့ကျွန်တော်တို့နှစ်ဦး အစုစပ်ပိုင်ဆိုင်တဲ့ ရင်ခုန်လှိုက်မောဖွယ် အချစ်ညတွေကို ခေတ္တ အနားပေးထားရတယ်..။

စာမေးပွဲမတိုင်မှီ သုံးရက်လောက်အလိုမှာတော့ ရွာကနေ မြင်းခြံမြို့ကို ထွက်လာခဲ့ ကြရတယ်..။ အဲဒီတုံးက ရွာမှာ ဆယ်တန်းစာစစ်ဌာနမရှိသေးဘူး..။ ရွာက ဆယ်တန်းကျောင်းသားကျောင်းသူအားလုံး မြင်းခြံမှာ ဖြေကြရတယ်..။

တည်းတာခိုတာကတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ..။ တချို့လဲ ဆွေမျိုးအိမ်တည်းတယ်..။ တချို့ကတော့ မိတ်ဆွေတွေအိမ်ကနေပြီး စာမေးပွဲဖြေတယ်..။ သူမကတော့ ခရစ်စယာန်ဖာသာအိမ်မှာ တည်းတယ်..။

ကျွန်တော်က မြင်းခြံကိုးဆောင်တိုက်မှာ စတည်းချတယ်..။ ဘော်ဒါဦးဇင်းနားကပ်နေရတာပဲ..။ သူကိုယ်တိုင်က စာသင်သားဆိုတော့ မနက်စောခံရတဲ့ ဆွမ်းကို ဝေမျစားရတယ်..။ ညနေကတော့ ကျောင်းရှေ့နားထမင်းဆိုင်မှာ လွေးတယ်..။

စာမေးပွဲက မနက်ကိုးနာရီလောက်ဖြေရတယ်..။ ကျွန်တော်တည်းတဲ့ ဘုန်းကြီးကျောင်းနဲ့ စာမေးပွဲဖြေရတဲ့ အထက (၁) နဲ့က အတော်လှမ်းတယ်..။ ဒါပေမယ့် သူမက စက်ဘီးနဲ့ ကျွန်တော့်ကို ၀င်ဝင်ခေါ်တယ်..။

ဘီးကလေးကိုစီး ... အချစ်ကလေးကိုတင်ပြီး ... စာမေးပွဲဖြေရတာ အလွန်ပျော်.... လို့ စိုင်းထီးဆိုင်လေသံနဲ့ ဆိုရမလိုပေါ့..။


စာမေးပွဲကတော့ သိပ်ပြီး အခက်အခဲမရှိဘဲ အောင်မြင်စွာပြီးဆုံးသွားခဲ့ပါတယ်..။ သူမကတော့ ဖြေနိုင်တယ်လို့ ပြောလိုက် သိပ်အားမရဘူးလို့ ဆိုလိုက်ပေါ့..။

စာမေးပွဲပြီးတဲ့နေ့မှာတော့ ကျွန်တော်တို့နှစ်ယောက် စက်ဘီးတစ်စီးနဲ့ လျောက်လည် ကြတယ်..။ အသိမိတ်ဆွေတွေနဲ့ တွေ့စရာမရှိတာမို့ နှစ်ယောက်သား လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ချစ်သူပီပီသသ ဖြစ်ခွင့်ရသွားတယ်..။

ပူလွန်းလှတဲ့ အညာနွေအောက်မှာ စက်ဘီးကို ကြုံးနင်းနေတဲ့ ကျွန်တော့်ခါးကို သူမရဲ့ လက်နှစ်ဖက်စလုံးက အပိုင်သိမ်းထားတယ်..။ ကျွန်တော့်ကျောမှာ သူမရဲ့ သနပ်ခါးရနံ့လေးတွေ စွဲထင်နေခဲ့တယ်..။ အဲဒီနေ့က မိုးချုပ်မှ သူမ နေတဲ့ အိမ်ကို ကျွန်တော်လိုက်ပို့ဖြစ်တယ်..။

အိမ်အ၀င် သစ်သားတံခါးနားမှာ သူမရဲ့နဖူးလေးကို ကျွန်တော် ဖွဖွနမ်းမိတယ်..။ သက်မတစ်ချက်ချပြီး ကျွန်တော့်ကို မော့ကြည့်ရင်း ပြန်တော့နော်.. လို့ တိုးတိုးလေး သူမပြောတယ်..။

နောက်တစ်ရက်မှာ နှစ်ယောက်သား ရွာကို ပြန်ခဲ့ကြတယ်..။ အဲဒီနောက်ပိုင်း ခပ်စိတ်စိတ်လေး သူမတို့အိမ် ၀င်းထရံကို ကျွန်တော် တုတ်နဲ့ ခြစ်မိတယ်..။

ကျွန်တော်တို့နှစ်ယောက်အကြောင်းကို သူ့အကို မရိပ်မိခင် နေ့အထိပေါ့..။

No comments: