Monday, October 27, 2008

33.8 မိဘကို တကယ်ချစ်ကြရဲ့လား

အမေရောက်လာပြီး နောက်ပိုင်း ကလေးကြည့်တာ.. ထမင်းဟင်းချက်တာ.. အနှီးလျှော်တာ.. အစစ အရာအရာ အထာကျလာခဲ့တယ်..။ ကျွန်တော်တို့ လင်မယားနဲ့ အမေနဲ့ အားရင် အားသလို အားတဲ့သူက လုပ်စရာရှိတာ လုပ်ကြတော့ အရင်ကလို ကျွန်တော်ညည့်နက်သန်းခေါင် အနှီးလျှော်ရတာမျိုး မရှိတော့ဘူး..။

ဒါပေမယ့် အမေသူ့မြေးကို ကူကြည့် အိမ်မှုကိစ္စ၀ိစ္စကို ကြုံသလို ကူလုပ်နေရတာကို အမေကိုယ်တိုင် ဘာမှ မပြောပေမယ့် ကျွန်တော့်ညီအကိုမောင်နှမများကတော့ တမျိုးထင်နေခဲ့ကြတယ်..။ ကျွန်တော်ကတော့ သူ့သားရဲ့ ကလေး သူ့မြေးကို လာကြည့်ရင်း အိမ်မှုကိစ္စတချို့ အမေလုပ်နေခဲ့တာ ရေးကြီးခွင်ကျယ် ကိစ္စလို့ကို မထင်ခဲ့ရိုး အမှန်ပဲ..။

မဒမ်ကလည်း အင်မတန်အလုပ်လုပ်တဲ့ အမျိုးသမီးဆိုတော့ ကလေးမွေးထားတာ မကြာသေးသည့်တိုင် အိမ်အလုပ်တွေ ကြုံးရုံး လုပ်တတ်လို့ တားတောင် နေရတယ်ဆိုတော့ အမေအိမ်မှုကိစ္စ လုပ်ရတယ်ဆိုတာ အပရိက ပါ..။

ဒါပေမယ့် ညီအကိုမောင်နှမ များရဲ့ အမြင်စောင်းမှုက တဖြည်းဖြည်းနဲ့ အထွဋ်အထိပ် ရောက်လာခဲ့တယ်..။ အထူးသဖြင့် ကျွန်တော့်အထက်က အကို အဆိုးဆုံးပဲ..။ သူက အဲဒီအချိန်တုံးက ဆည်မြောင်းတည်ဆောက်ရေး တခုမှာ အတော်အဆင်ပြေနေတဲ့အချိန် ဆိုတော့ သူပြောရင် ကျန်ညီအကိုမောင်နှမများက လက်ခံကြတယ်.။

တရက် သူ ကျွန်တော့်ဆီ ညကြီးမင်းကြီး ဖုံးဆက်လာတယ်..။

လုံခြုံရေး ဂိတ်က ဖုံးကို ဆက်တာမို့ ကျွန်တော် စက်ရုံ ဂိတ်သွားပြောရတယ်..။ စပြောတဲ့ အသံ နားထောင်လိုက်ကတည်းက သူ နည်းနည်းထွေ နေတာကို သတိထားလိုက်မိတယ်..။ ကျွန်တော့်နာမည်ကို ခပ်ဆတ်ဆတ် သူခေါ်တယ်..။

သူ့ဖက်က ဖြစ်နေပျက်နေတာ မသိတဲ့ ကျွန်တော် အေးရာအေးကြောင်း ပဲ ပြန်ပြောနေမိတယ်..။ ဒါပေမယ့် သူ့အသံက တဖြည်းဖြည်းနဲ့ မာလာတယ်..။ “ အမေ မင်းအိမ်မှာ ဘာလုပ်နေလဲ ” လို့ သံပြတ်နဲ့ သူမေးတော့ နည်းနည်း တော့ လွဲနေပြီလို့
ကျွန်တော်သိလိုက်ပြီ..။

ဒါပေမယ့် “ အမေလား.. သူ့မြေးကို ထိန်းနေတာပေါ့ ” လို့ပဲ ကျွန်တော်ပြန်ဖြေလိုက်တယ်..။

“ သူ့မြေးကို ထိန်းရုံပဲလား.. အ၀တ်တွေဘာတွေမလျှော်ရဘူးလား ” လို့ ဒေါသသံ နဲ့ သူဆက်မေးတယ်..။

“ ဟ အိမ်မှာ ငါတို့လင်မယားနဲ့ အမေနဲ့ပဲ ရှိတာ.. ကြုံရင်ကြုံသလိုတော့ လျှော်ရတာပေါ့.. ဘာဖြစ်လို့လဲ ” ကျွန်တော်လည်း နည်းနည်းတော့ တင်းနေပြီ.။

ကျွန်တော့်စကားအဆုံးမှာ “ ဟေ့ကောင် .. အမေက အိမ်ဖော်မဟုတ်ဘူး.. ကျွန်မဟုတ်ဘူးကွ ” တဲ့..။

သူအဲဒီလိုလဲ ပြောလိုက်ရော.. ကျွန်တော်.. အတော့်ကို မှင်သက်မိသွားခဲ့တယ်..။ စိတ်ထဲမှာ မျှော်လင့်မထားတာတော့လဲ ပိုဆိုးတာပေါ့..။ ဒေါသလည်း ထွက်သွားခဲ့တယ်..။

ဒါပေမယ့် ကျွန်တော် စိတ်ကို ပြန်ထိန်းပြီး “ မင်းက အမေငါ့အိမ်မှာ သူ့မြေးလာထိန်းရင်း အိမ်အလုပ်တွေ လုပ်နေရတာကို မကြည့်ရက်တာလားလို့ ” ပြန်မေးတော့ “ အေး .. ဟုတ်တယ် ” လို့ သူ ပြန်ဖြေတယ်..။

( ကျွန်တော်တို့ ညီအကိုတတွေ စကားပြောရင် မင်းနဲ့ငါနဲ့ ပဲ ပြောကြတယ် )

သူ့အဖြေအဆုံးမှာ ကျွန်တော်ဆက်ပြောတယ်..။

“ မင်းတို့က ဘာမှ မပေးဆပ်ရဘဲ အမေကို ချစ်ကြောင်းပြဖို့ ဆိုရင်တော့ အတော့်ကို အားပါးတရ ရှိလှပါလား.. အေး.. အမေငါ့အိမ်မှာ အခုလို နေရတာ ပျော်ချင်မှ ပျော်မယ်.. ဒါပေမယ့် စိတ်ညစ်နေတယ်ဆိုရင်တောင် ငါ့အိမ်မှာနေရလို့ စိတ်ညစ်တာဟာ.. မင်းချဲထိုးအရက်သောက်ရန်ဖြစ်လို့ အမေစိတ်ညစ်နေရတာနဲ့ စာရင် ဘာမှ မပြောပလောက်ဘူး ”

“ အမေ့ကို မင်းတကယ်ချစ်တယ်ဆိုရင် ပါးစပ်ကြီးအပြည့်နဲ့ အမေဟာအိမ်ဖော်မဟုတ်ဘူးကွ ကျွန်မဟုတ်ဘူးကွ လို့ လာအော်မနေနဲ့.. အဲဒါတွေထက် ပိုကောင်းတဲ့ .. မင်းတတ်နို်င်တဲ့ .. အမေ့ကို ချစ်ကြောင်းပြဖို့ အခွင့်အရေးအပြည့် မင်းမှာရှိတယ်..။ မင်း အခုလုပ်နေတဲ့ ချဲထိုးတာတွေ ရပ်..၊ ဘောလုံးလောင်းနေတာတွေရပ်..၊ မူးရူးပြီး မကြာခဏ ရိုက်ဟယ်နှက်ဟယ် ဖြစ်နေတာတွေ မဖြစ်အောင် ဆင်ခြင်.၊ အဲဒါဆိုရင် မင်းချစ်တဲ့အမေ အရမ်းကို စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်မှာပဲ ”

ကျွန်တော်လည်း ဒေါသထွက်ထွက် နဲ့ ကရားရေလွှတ် တတွတ်တွတ် တလစပ် ပြောပစ်လိုက်တယ်..။ အကိုကတော့ ဘာပြန်ပြောရမှန်းတောင် မသိတော့ဘူးနဲ့ တူပါရဲ့..။ ဖုံးကို ဆောင့်ကြီးအောင့်ကြီး ချသွားခဲ့တယ်..။

အဲဒီနေ့ညက စလို့ သားသမီးနဲ့ မိဘ ဆိုင်ရာ အချစ်ဆိုတာကို ကျွန်တော် စမ်းစစ်မိလာခဲ့တယ်..။ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ လူတိုင်းပြောပြောနေတဲ့ အချစ်ဆိုတာကိုပါ တစွန်းတစ သိလာခဲ့တော့တယ်..။

လူတွေဟာ ကိုယ်ဘာမှ မပေးဆပ် မစွန့်လွှတ်ရဘဲ ချစ်ကြောင်း ပြခွင့်ရရင် သိပ်ချစ်တတ်ကြပြီး ကိုယ့်အချစ်ကို ပြဖို့ နည်းနည်းလောက် ကိုယ့်မှာ အထိအခိုက်လေး ရှိခဲ့မယ်ဆိုရင်ပဲ.. တီကောင်ဆားတို့သလို တွန့်သွားတတ်ကြတယ်..။

5 comments:

Unknown said...

အစ်ကိုကြီးက အမေပင်ပန်းမှာ မကြည့်ရက်လို့  ဖြစ်နိုင်ပါတယ် ကိုနဗနကြီးရ။ နို့စို့ကလေး တာဝန်ကလဲ သေးတာ မဟုတ်တော့ အမေက ကလေးနဲ့ နေရရင် အဝတ်လျှော်၊ အဝတ်လှမ်း၊ ထမင်းချက်၊ တံမြက်လှည်း၊ ပန်းကန်ဆေး အတွက်က လူတစ်ယောက် အချိန်ပြည့် လိုတာကိုး။
သူ အရက်သောက်တာ၊ ဘောလုံးပွဲလောင်းတာကတော့ ဒီခေတ်မှာ လူငယ်လူလတ်တော်တော်များများ လုပ်တာဆိုတော့ အထူးအဆန်း မဟုတ်တော့ဘူးလေ။

ဂျူနို said...

မှတ်သားလောက်ပါပေတယ်။
ညီအကိုတွေ တစ်ယောက်ကို တစ်ယောက် အထင်လွဲ တာတော့ မရှိတာကောင်းပါတယ်။
ပြောချင်တာရှိရင် မူးမှ ပြောတာမကောင်းပါဘူး။
မူးလို့ ပြောတာဆိုပေမဲ့ အရက်မူးတော့ကျွဲခိုးပေါ်ဆိုတာလည်းရှိတတ်တာကိုး။
အမေ ပင်ပန်းနေမယ်ထင်ပြီး ပြောတာလည်းဖြစ်နိုင်တာပဲ။
ချွေးမ ခဲမကို တစ်စိမ်းမှတ်လို့ ပါ။
မီးနေညည်ချင်းတူတူ ကိုယ့်သမီးရင်း ညီမအရင်းဆိုရင်တော့ လူတွေက အဲ့လို မမြင်ပါဘူး။
ညာတာ တတ်ရင် ချစ်တတ်ကြရင် ကောင်းပါတယ်

Summer Field said...

"လူတွေဟာ ကိုယ်ဘာမှ မပေးဆပ် မစွန့်လွှတ်ရဘဲ ချစ်ကြောင်း ပြခွင့်ရရင် သိပ်ချစ်တတ်ကြပြီး ကိုယ့်အချစ်ကို ပြဖို့ နည်းနည်းလောက် ကိုယ့်မှာ အထိအခိုက်လေး ရှိခဲ့မယ်ဆိုရင်ပဲ.. တီကောင်ဆားတို့သလို တွန့်သွားတတ်ကြတယ်..။"

မှန်လိုက်လေ.. မှတ်သားဖွယ် စာတပိုဒ်ပါပဲ..။

Unknown said...

နောက်ဆုံးစာသားလေးကိုသဘောကျတယ်ဗျာ
တကယ်မှန်တဲ့ စာသားလေးပါ

thu thu win said...

နောက်ဆုံးစာသားလေးက မှတ်သားလောက်တယ် ဆရာရေ။တကယ်ပါ။