Monday, October 27, 2008

33.2 ဗိုက်ဖုံးအင်္ကျီ အ၀ယ်ထွက်ကြခြင်း


မဒမ့်မှာ ကိုယ်ဝန်ရှိပြီဆိုတော့ ဗိုက်ဖုံးအင်္ကျီဝယ်ဖို့ ကျွန်တော် စဉ်းစားရတော့တယ်..။ အဲဒါနဲ့ ရုံးပိတ်ရက် တစ်ရက် လင်မယားနှစ်ယောက် မြို့ ထဲ ချီတက်ခဲ့ကြတယ်..။ ရှစ်မိုင်လမ်းဆုံ Junction 8 အပေါ်ထပ်က ဗိုက်ဖုံးအင်္ကျီ ရောင်းတဲ့ ဆိုင် အရင် သွားကြတယ်..။

ဆိုင်မှာ ရှိသမျှ ဗိုက်ဖုံးအင်္ကျီတွေက မဒမ်နဲ့ ဘယ်လိုမှကို မတော်တဲ့ အကြီးကြီးတွေ..။ ချိုင်းပေါက်က ခေါင်းစွပ်လို့ ရနေတယ်..။ ဈေးကျတော့လည်း တစ်သောင်းရှစ်ထောင် တဲ့..။ အဲသလိုဆိုရင်တော့ မဖြစ်ချေဘူးဆိုပြီး မြေနီကုန်း ဂမုန်းပွင့် သွားကြပြန်တယ်..။

ဂမုန်းပွင့်မှာလည်း ထူးမခြားနား.. အကြီးကြီးတွေ ချည်းပဲ ၇ှိတယ်..။ ဗိုက်ဖုံးအင်္ကျီချုပ်သူများက မဒမ့်လို မိန်းကလေး ဗိုက်မကြီးဘူးများ မှတ်နေလား မသိဘူး..။ မဒမ်နဲ့ တော်တာ.. တစ်ထည်မှကို ရှာမရ ဖြစ်နေတယ်..။

လင်မယားနှစ်ယောက် စိတ်ဓါတ်တောင်ကျချင်သလိုလို ဖြစ်သွားခဲ့ကြတယ်..။ ကဲ ဗိုက်ဖုံး အင်္ကျီ ရှာမရလဲ ရောက်တုံးရောက်ခိုက် လျှောက်ကြည့်ကြတာပေါ့ လို့ တွေးပြီး နှစ်ယောက်သား လျှောက်ကြည့်ကြတယ်..။ ဟိုငေးဒီငေးပေါ့..။

တနေရာရောက်တော့ ဆယ့်ကျော်သက် ကလေးမလေးတွေ ကိုင်ကြည့်နေတဲ့ အင်္ကျီဘောင်းဘီ တွဲလျက် ၀မ်းဆက် လေးတွေ တွေ့တယ်..။ ဘောင်းဘီက Three Quaters လောက် အပွင့်အပွင့်လေး တွေနဲ့ သရက်ထည် ဆန်ဆန် လေးတွေ..။ အင်္ကျီကလဲ.. အကွက်ဆင်တူ လေးတွေ..။

အဲဒါမြင်တော့ ကျွန်တော် ၀မ်းသာအားရ မဒမ့်ကို “ မီးမီး ဒါလေးတွေနဲ့ ဆိုရင် မရဘူးလားလို့ .. ” အဲဒီနားကို အတင်းဆွဲခေါ် သွားတယ်..။ အရေးထဲ ရောင်းတဲ့ ကလေးမလေးက “ ဒါတွေက ဗိုက်ဖုံးအင်္ကျီ မဟုတ်ဘူး ” လို့ လျှာရှည်နေလို့ အဲဒါ ညည်း အပူမဟုတ်ပါဘူးလို့ ဟောက်ရသေးတယ်..။

မဒမ်နဲ့ ကျွန်တော် .. အရောင်သုံးလေးမျိုးလောက် ကိုယ်မှာကပ်ကြည့် ဆုံးဖြတ်ပြီး သကာလ.. အနီရောင် တစ်ထည် နဲ့ အစိမ်းရောင် နှစ်ထည် ၀ယ်လိုက်ကြတယ်..။ ဘောင်းဘီနဲ့ ၀မ်းဆက်ဆိုပေမယ့် .. အင်္ကျီသီးသန့်ပဲ တောင်း ၀ယ်ခဲ့ကြတယ်..။

ကျွန်တော်တို့ လင်မယားရဲ. ဗိုက်ဖုံးအင်္ကျီ ရှာပုံတော်လည်း အဲဒီမှာ တခန်းရပ်သွားခဲ့တော့တယ်..။

အဲဒီ အင်္ကျီကို ဗိုက်ဖုံးအင်္ကျီလို သဘောထား ၀တ်ဆင်ပြီး သမီးလေးကိုယ်ဝန် နဲ့ လင်မယားနှစ်ယောက် စက်ရုံရှေ့မှာ အမှတ်တရ ရိုက်ထားတဲ့ ဓါတ်ပုံ တွေ့တာနဲ့ တင်ပေးလိုက်ပါကြောင်း..။ ( ပြောပြီးမှ ပုံက တင်မရလို့ နောက်နေ့မှ တင်ပေးပါ့မယ် )

4 comments:

:P said...

ဟီးးးးဟိ...
အဲလောက်သေးသလား...ဓါတ်ပုံမြန်မြန်တင်ပါဗျို.

မင်းညို said...

အစ်ကိုတင်တဲ့ပိုစ်တွေကို သဘောကျလို့ ခဏခဏ လာဖတ်ဖြစ်ပါတယ်။ ကျွန်တော်စက်က ဇော်ဂျီဖောင့်လည်း ရှိပါတယ် အစ်ကိုရဲ့ပိုစ်တွေကိုတိုက်ရိုက်ဖတ်လို့ မရဘူးခင်ဗျ။ ကူးယူပြီး word ထဲဝင်ဖတ်မှ အဆင်ပြေတယ်။ ဖြစ်နိုင်ရင် ကျွန်တော်တို့လို ဖတ်တဲ့သူတွေ အလွယ်တကူ ဖတ်လို့ရအောင်ပြင်ပေးပါလားခင်ဗျ။

navana said...

ညီရေ

ညီစက် browser ထဲက tools menu .. option အောက်က content မှာ fonts setting ကို zaw gyi one ပြောင်း ပြီး character encoding ကိုလဲ unicode UFT-8 (အဲဒါက advance အောက်မှာ) ပြောင်းဖို့ လိုမယ်ထင်တယ်..။

သိသူများ ပြောပေးကြပါအုံး..။

:P said...

ဓါတ်ပုံကြည့်သွားပါပြီ....:P