Monday, October 27, 2008

33.12 အမေ့ချွေးမကို မပြောနဲ့နော်

နောက်နှစ် bonus ရတဲ့ အခါမှာတော့ ကျွန်တော် ပျဉ်ဖိုးနားလည်သွားပြီ..။ တခါသေဖူးခဲ့ပြီကိုး..။

မဒမ်က စလို့ ကျွန်တော်ရတဲ့ bonus ကို အမှန်အတိုင်း ပေးမသိတော့ဘူး..။ အမေဆိုတာ ဝေးလာဝေးပေါ့..။

ရတဲ့ ငွေကို ရုံးခန်းမှာပဲ ကိုယ့်ဖာသာ ဝေခြမ်းရေး လုပ်လိုက်တယ်..။

ရတဲ့ငွေကလည်း အရင်နှစ်ကထက်များတော့ manage လုပ်ရ လွယ်သွားတယ်..။

ဝေပုံချတဲ့ အချိုးကတော့ မနှစ်ကအတိုင်းပါပဲ..။

မဒမ်က အများဆုံး..။ အမေက ဒုတိယ အများဆုံးပေါ့..။

ဒါပေမယ့် ကန်တော့တဲ့ strategy တော့ပြောင်းလိုက်တယ်..။

အမေ့အတွက် အထုပ်ကို ပိုက်ပြီး ကျွန်တော်တစ်ယောက်တည်း အမေတို့အိမ် ချီတက်တယ်..။

ရောက်ရောက်ခြင်း အထုပ်ထဲက ငွေ အပြင်ထုတ်ပြီး ဒါက အမေတို့အတွက် ဆိုပြီး ထိုင်ကန်တော့လိုက်တယ်..။

အမေက ဆုပေးပြီးတာနဲ့ ထုံးစံအတိုင်း ဒီနှစ် ဘယ်လောက်တောင်ရလဲ လို့ မေးလာတယ်..။

မနှစ်ကလိုပါပဲ မထူးပါဘူးလို့ ၀တ်ကျေတန်းကျေ ကျွန်တော်ဖြေပြီး “ အခုလောက် ကန်တော့တာကို အမေ့ချွေးမ မသိစေနဲ့ ” လို့ ခပ်တည်တည်နဲ့ ကျွန်တော်ပြောတော့ အမေက ကန်တော့ခံ ငွေကို သိမ်းရင်း ရယ်တယ်..။

မြင်နေရတဲ့ ငွေက မနှစ်ကထက် များနေတာ အမေသိနေတော့ ဒီတစ်ခါ အေးဆေးပေါ့..။

ပြောလိုက်တဲ့ စကားတွေဆိုတာ ဖောင်ဖွဲ့လို့..။ ဒီနှစ်တော့ အရိုးမကိုက်ပါနဲ့ အမေရယ် .. သွားတွေလဲ ကောင်းတော့တာမှ မဟုတ်ဘဲ လို့ ပြန်ခါနီး ကျွန်တော် စပြောပြောတော့ အမေ ရယ်တယ်..။ အဖေကတော့ ခပ်ပြုံးပြုးကြီး ကြည့်နေခဲ့တယ်..။

အဲဒီနေ့ကတော့ အိမ်ကို ပေါ့ပါးလန်းဆန်းတဲ့ ခြေလှမ်းတွေနဲ့ ပြန်ခဲ့တယ်..။

အိမ်ရောက်တာနဲ့ မဒမ့်ကိုလည်း ကိုယ်ရတဲ့ ငွေပမာဏကို အမေတို့ကို မပြောဖို့ ပိတ်ရသေးတယ်..။

တခစ်ခစ်ရယ်ရင်း “ သိပါတယ် မီးမီးက ကလေးမှ မဟုတ်တာ ” လို့ မဒမ်ပြန်ပြောတော့ မနှစ်က သူအလိုက်ကန်းဆိုးမသိ အမေ့ကို ရွှေမ၀ယ်သေးဘူးလား သွားမေးတာ ခေါင်းထဲ ရောက်လာတယ်..။

ဒါပေမယ့် ကျွန်တော် သူနဲ့အတူ ရောင်ယောင် ရယ်နေလိုက်တော့တယ်..။

3 comments:

Summer Field said...

မနှစ်ကတည်းက ဒီလို Strategy ဆွဲခဲ့ရမှာ..။ ကိုနဗနက န ခဲ့တာကိုး..။ အင်း ကျနော့် အဒေါ်တယောက်လည်း ကိုနဗနရဲ့ အမေနဲ့ အတော်တူတာ.. စကားနာထိုးလည်း ကောင်း၊ ရေလာမြောင်းပေးလည်း ပေါ်တင်ကောင်း။ သီတင်းကျွတ်လို့ ကန်တော့ခံရရင် ပေးတဲ့ဆုကတောင် 'လူကြီးမိဘတွေအပေါ် သိတတ်တဲ့ လူဖြစ်ပါစေ'တဲ့...။

Ei said...

good writer ko navana

Ei said...

good writer ko navana