Thursday, October 16, 2008

31.10 ငလုံးရဲ. သောက

တက်ကသိုလ် ကျောင်းသားဘ၀မှာ ကျွန်တော့်နဲ့ ပိုက်ဆံအချေးအငှား လွတ်တဲ့ သူငယ်ချင်းမရှိသလောက် ဆိုပေမယ့် ငလုံးဆီကနေတော့ တခါမှ ကျွန်တော်ပိုက်ဆံ မချေးခဲ့ဖူးဘူး..။ ချေးလောက်ငှားလောက် အောင် အထိ မရင်းနှီးလို့လား ဆိုပြန်တော့လဲ မဟုတ်ဘူး..။

ငလုံးဆိုတာ.. ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ တတွဲတွဲ ရှိခဲ့တဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေထဲက တစ်ယောက်..။ ကိုယ့်ထက် အခြေအနေ ဆိုးလို့ မချေးခဲ့တာလား လို့ ပြောရအောင်ကလဲ ငလုံးတို့က သိပ်အချမ်းသာကြီးလို့သာ မပြောနိုင်တာ.. ကိုယ့်ထက် အများကြီး ပြည့်ပြည့်စုံစုံနဲ့ ကျောင်းတက်ခဲ့တဲ့ ကောင်..။

ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး ကျွန်တော့်ရဲ. အချေးအငှား မခံရဘဲ ဒီကောင် လွတ်ထွက် သွားခဲ့သလဲ ဆိုတာတော့ မိုးနတ်မင်းကြီးမှ သိမှာပဲ...။

ကျောင်းပြီးစ တာမွေ၊ မလွှကုန်းလမ်းမှာ တိုက်ခန်းငှားနေကြတုံးကလဲ သူနဲ့ ကျွန်တော် အတူတူနေခဲ့ကြတယ်..။ နောက်တော့ သူက မိုးဟိန်းတို့ ကလေးတို့နဲ့ မလေးရှား ထွက်သွား.. ကျွန်တော်ကလည်း လှိုင်သာယာ သွပ်ပြားစက်ရုံမှာ အလုပ်လုပ်ဆိုတော့ သူငယ်ချင်းတွေ ခြောက်နှစ်လောက် ကွဲသွားခဲ့ကြတယ်..။

ဒါတောင် ကြိုကြားကြိုကြား တစ်နှစ်တခါလောက် သူတို့ မြန်မာပြည်ပြန်လာတိုင်း မတွေ့ကြတဲ့ အခေါက်ဆိုတာ မရှိသလောက် ပါပဲ..။ အဆက်သွယ်က သိပ်မပြတ်ခဲ့ကြပါဘူး..။ အခုတော့ သူတို့လဲ မလေးရှားကနေ အပြီးပြန်လာပြီး ကလေးနဲ့ သူ .. အပြင်အလုပ်လေးတွေ အတူတွဲလုပ်ကြတယ်..။

သူတို့အလုပ်ထဲ ကျွန်တော်မပါပေမယ့်.. ကျွန်တော်နဲ့ကလေးလုပ်နေတဲ့အလုပ်က သူတို့အလုပ်နဲ့ ဆက်စပ် နေပြန်တော့.. ငလုံးနဲ့ ကျွန်တော် တစ်လ နှစ်ကြိမ်သုံးကြိမ်လောက် တွေ့ဖြစ်ကြတယ်..။ တွေ့တိုင်း ကျောင်းသားဘ၀အလွမ်းပြေ အလွမ်းခြေရာလေးတွေကို အရက်သောက်ရင်း ကောက်ကြ. ပြန်ပြောင်းပြောကြ ရယ်ကြမောကြ ပေါ့..။

အဲဒီမှာ ငလုံးက စိတ်မကောင်းခြင်းကြီးစွာနဲ့ ကျွန်တော့်ရဲ. အချေးအငှား မခံခဲ့ရတဲ့ သူ့အကြောင်းကို တခုတ်တရ ပြောလာခဲ့တယ်..။ ဒီလောက် ရင်းနှီးပြီး ကျွန်တော်သူ့ဆီက ပိုက်ဆံ ဘာလို့ မချေးခဲ့ဖူးတာလဲ လို့ မေးခွန်းထုတ်တယ်..။

“ ရှေ့ကလာတာ လူလားခွေးလား လူဆိုရင် ပိုက်ဆံချေး ” ဆိုတဲ့ ကျွန်တော့် ဆောင်ပုဒ်မှာ သူမပါခဲ့ တာဟာ သူ့ဖက်က တခုခု ချွတ်ယွင်းခဲ့လို့ပဲ ဖြစ်ရမယ်လို့ သူ့ကိုယ်သူ အပြစ်တင်မဆုံး ဖြစ်နေခဲ့တယ်..။

“မင်းက လူမဟုတ်လို့ နေမှာပေါ့. ငါက လူဆိုရင်ပိုက်ဆံချေးတာပဲလေ ” လို့ ကျွန်တော်လည်း နောက်သလိုလို ပြန်ပြောမိတယ်..။

“ ငါက အတည်ပြောနေတာ ခုံခုံ ” လို့ ကျွန်တော်နောက်တာကို တကယ်အတည်အတန့် ပြန်ပြောရင်း “ကြည့်ရတာ သူငယ်ချင်းအပေါင်းသင်းနဲ့ ပတ်သက်လို့ ငါ့ဖက်က အားနည်းချက် တခုခု ရှိခဲ့လို့ပဲ ဖြစ်ရမယ် .. မင်းပြန်စဉ်းစားစမ်းပါ.. အဲဒီတုံးက မင်းဘာဖြစ်လို့ ငါ့ဆီက ပိုက်ဆံမချေးခဲ့တာလဲ ” တဲ့..။

ငလုံးအကြောင်း ကျွန်တော်အသိဆုံး ဆိုတော့ သူ တကယ့်ကို လေးလေးနက်နက် ပြောနေမှန်း ရိပ်မိပေမယ့် ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်ဆယ့်ငါးနှစ်လောက်က သူ့ဆီက ကျွန်တော်ဘာလို့များ ပိုက်ဆံမချေးခဲ့ဖူးတာလဲ ဆိုတာကိုတော့ ဘယ်လိုလုပ်ပြန်တွေးနိုင်တော့မှာလဲ..။

ဒါပေမယ့် ကျွန်တော်သာ အဲဒီတုံးက ချေးရင် သေချာပေါက်သူချေးမှာ ဆိုတာတော့ မြေကြီးလက်ခတ်မလွဲ ဆိုတာ သိတယ်..။ နောက် ကျွန်တော်အနေနဲ့ကလည်း သူ့ဆီက မချေးရဲစရာ မချေးဝံ့စရာ ကလဲ ရှိမနေခဲ့တာ အသေအချာ ဆိုတော့ အဖြေက မကြုံကြိုက်ခဲ့လို့ အကြောင်းမတိုက်ဆိုင်ခဲ့လို့ ပဲ ဖြစ်ရမယ် ဆိုတဲ့ အဖြေထွက်တယ်..။

အဲဒါလေး ကျွန်တော်တွေးပြီး သူ့ကို ပြန်ပြောပြရတယ်..။ အဲဒါဟာ လက်သင့်ခံနိုင်တဲ့ အဖြေမဟုတ်ဘူး ဆိုပြီး ခေါင်းတယမ်းယမ်း သူလုပ်နေသေးတယ်..။

ကဲ ပါ သူငယ်ချင်းရာ.. ဟိုတုန်းက မချေးခဲ့လဲ အခုချေးပါ.. အခုချေးလဲ နောက်မကျသေးပါဘူး..ကဲ ပေးတစ်သိန်း .. ငါငွေလိုနေတယ်.. လို့ ကျွန်တော်ပြောတော့ “အေး.. ရော့ ” ဆိုပြီး ပိုက်ဆံတစ်သိန်းထုတ်ပေးတယ်..။

အဲဒီတော့မှ ငလုံးလဲ နေသာထိုင်သာ ဖြစ်သွားတော့တယ်..။

အဲဒါကြောင့် ပြောတာ..ကျွန်တော်တို့ အမ်အိုင်တီက သူငယ်ချင်းများကြားမှာ ရှိတဲ့ ရင်းနှီးမှုက တမျိုးလို့..။

1 comment:

shin said...

so good...I also want this kind of friend....