Thursday, October 9, 2008

30.8 မင်းကောင်တွေ လနတ်သားက ကန်ချလိုက်မှာပေါ့

ဆိတ်ဖြူကုန်းက ထွက်ပြေးလာပြီးမှ အဖေ့ရဲ့အဘိုး ကျွန်တော့်အဘေးအကြောင်း ပြောစရာလေး တွေ သတိရလာလို့ ဆိတ်ဖြူကုန်း တခေါက် ပြန်သွားခွင့် ပြုကြပါ..။

ကျွန်တော့်အဘေး ဦးဖိုးလှိုင်က ဗမာ မဟုတ်ဘူး..။ ကသည်း လူမျိုး စစ်စစ်ကြီးဆိုတော့ ကုလား ပေါ့..။ ဒါပေမယ့် မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီး တာဆိုတော့.. လူမျိုးကသာ ကသည်း ကျန်တာအားလုံးက မြန်မာ ပါပဲ..။

ကျွန်တော့်အဘွား ဒေါ်အေးတင်က ဦးဘိုးလှိုင်ရဲ့ တဦးတည်းသော သမီး..။ အဘွား ဆယ့်ခြောက်နှစ်သမီး မှာ “ သက်သာတာသာ လုပ်လိုက် ” ဆိုတဲ့ ကျွန်တော့်အဘိုး ဦးဘသိန်းနဲ့ အကြောင်းပါတယ်..။ ဦးဖိုးလှိုင်က သမီးနဲ့ မခွဲနိုင်လို့ ဆိုပြီး အတူလိုက်နေတာ.. မြေးဆယ့်သုံးယောက် မွေးတဲ့ အထိ သေတပန်သက်တဆုံး နေသွားခဲ့တယ်..။

ဦးဖိုးလှိုင်က မြေတိုင်း အင်စပက်တော်ကြီး..။ တစ်လ တစ်လ. လခ ဆယ့်ငါးကျပ်ရတယ် လို့ အဖေပြောတယ်..။

အဖေက ပြောခဲ့သလို ဦးဖိုးလှိုင်ရဲ့ အချစ်ဆုံးမြေး..။ အလိုလိုက် အခံရဆုံး မြေး..။ အဆိုးဆုံး ပေါ့..။

ဦးဖိုးလှိုင်ကို အဖေ အမြဲတမ်း သတင်းစာ ဖတ်ပြရတယ် ပြောတယ်..။ တစ်ရက် အဖေဖတ်ပြတဲ့ သတင်းစာထဲမှာ လကမ္ဘာပေါ် ခြေချဖို့ အမေရိကန်က ကြိုးစားနေတဲ့ အကြောင်း ပါလာတယ်..။ အဲဒီအကြောင်း အဖေ ဖတ်ပြတော့ မျက်စိမှေးပြီး နားထောင်နေတဲ့ အဘေးက ခေါင်းထောင်ထလာပြီး “ အုံးဖေရာ.. မဖြစ်နိုင်ပါဘူးကွာ.. မင်းကောင်တွေကို လနတ်သားက ကန်ချလိုက်မှာပေါ့ ” လို့ ပြောတယ်..။

ကျွန်တော်တို့ ငယ်ငယ်မှာ အဖေက အဲဒီအကြောင်း အမြဲ ညွှန်းပြိး ဟိုတုံးက ငါ့အဘိုး မဖြစ်နိုင်ဘူးထင်တာတွေ အခုဖြစ်နေပြီ..။ မင်းတို့ ခေတ် မဖြစ်နိုင်ဘူး ထင်တာတွေလည်း မင်းတို့ ကလေးတွေ လက်ထက်ဆို ဖြစ်အုံးမှာ လို့ ပြောပြလေ့ ရှိတယ်..။

နောက် ရှိသေးတယ်..။ လွတ်လပ်ရေးရပြီးစ ပြန်ကြားရေး ၀န်ကြီးဌာနကနေ ရွာတွေအထိ လိုက်ပြီး သတင်းရုပ်ရှင်ကားတွေ ပြတယ်..။ ဆိုဗီယက် ပြည်ထောင်စုမှာ ၀ါတွေကို စက်ကြီးတွေနဲ့ ခူး (ရိတ်) နေတဲ့ သတင်းကားကို ကြည့်ပြီး ဦးဖိုးလှိုင်က ပြောပြန်တယ်..။

“ကြံ ကြီးစီရာ ကွာ.. ၀ါဆိုတာ လူတောင် မနည်းရွေးခူး ရတာ.. မင်းစက်က အနုအရင့် ဘယ်လိုလုပ် သိမှာလဲ ” တဲ့..။

(ကျွန်တော်တို့နယ်ဖက်မှာ ၀ါပင်က ၀ါဂွမ်းကို ခူးတယ် ဆွတ်တယ် ကောက်တယ် လို့ ပြောကြတယ် )

အဖေနဲ့ သူ့အဘိုးတို့ ကြုံခဲ့ရတာ ကို ကြီးကြီးကျယ်ကျယ်ပြောရရင်တော့ Generation Gap ပေါ့..။ သူတို့မပြောနဲ့ ရှစ်တန်းကိုးတန်းနှစ်လောက် ရောက်မှ တီဗွီဆိုတာ စမြင်ဖူးခဲ့တဲ့ ကျွန်တော်တောင် ကျွန်တော့်သား အငယ်ကောင် နဲ့ တခါတခါ..ပါဝါရိမ်းဂျား တို့ ကြွက် နဲ့ ကြောင် တို့ လိုက်ကြည့်နေရတယ်..။

နို့မို့.. သားတော်မောင်က သူတို့ခေတ် သူတို့အတွေး ကို.. လာပြောတိုင်း.. ဦးဖိုးလှိုင် ပြောသလိုမျိုး “ လနတ်သားက ကန်ချလိုက်မှာပေါ့.. ” တို့ “ ကြံကြီးစီရာ ကွာ ” တို့ သွားပြောမိနေလို့ အရှက်ကွဲ နေအုံးမယ်..။

1 comment:

Summer Field said...

"မြန်မာပြည်မှာမွေး မြန်မာပြည်မှာ ကြီး တာဆိုတော့.. လူမျိုးကသာ ကသည်း ကျန်တာအားလုံးက မြန်မာ ပါပဲ..။"
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲဒါကို ဥပဒေအဖြစ် ရေးဆွဲ အတည်ပြုပေးရင် သိပ်ကောင်းမှာ..။