Thursday, October 9, 2008

30.13 အမေပိုင် ပစ္စည်း

အမေနဲ့ အမေ ကတောက်ကဆ ဖြစ်တဲ့ အဆင့် ကျော်လွန်ပြီး ပြင်းပြင်းထန်ထန် ရန်ဖြစ်တာမျိုးလဲ ကြုံခဲ့ဖူးတယ်..။ လင်မယားချင်း ကွဲမယ် ကွာမယ် ပေါ့..။ မောင်နှမ ငါးယောက် ကို ခွဲ ဝေကြတယ်..။ အဖေက အဲသလိုမျိုး ဖြစ်တိုင်း ကျွန်တော့်အမနဲ့ ညီမကို အမြဲ ခေါ်တယ်..။

ငါ့သမီးတွေ ပထွေး စော်ကားတာ မခံနိုင်ဘူး..။ သားတွေကတော့ နောက်ပထွေးနဲ့ မတည့်အေး တာပဲ ခေါ်သွား လို့ အမြဲ ပြောတယ်..။

ဒါပေမယ့် တကယ်တမ်း ကွဲကွာတဲ့ အဆင့်အထိတော့ တခါမှ မရောက်ခဲ့ပါဘူး..။ အမေ အထုပ်အပိုးပြင်ပြီး တကယ်ဆင်းမဲ့ အရိပ်အကဲ မြင်ရင် အဖေက ပြန်ချော့တော့တာပဲ..။ ချော့တယ်ဆိုလို့.. ကိုယ်မှားပါတယ်ကွာ.. ကိုယ်ဒေါသအလျောက် လုပ်လိုက်မိတယ် .. ဒီတစ်ခါတော့ ခွင့်လွှတ်ပါ.. စတဲ့ ချော့နည်းမျိုး နဲ့ ချော့တာ မဟုတ်ဘူး..။

အမေ အထုပ်အပိုး ပြင်တာကို အသာထိုင်ကြည့်နေပြီး.. “ မင်းက အဲဒီပစ္စည်းတွေ ဘာလို့ယူသွားမှာလဲ ” လို့ မေးတယ်..။

“ ဒါတွေက ကျုပ်ပိုင်ပစ္စည်းတွေ ပဲ.. ကျုပ်ယူသွားမှာပေါ့ .. ကျုပ်ပိုင်ပစ္စည်း ကျုပ်ယူသွားတာ ဘာလုပ်ချင်လဲ ” လို့ အမေ ကလဲ ပြန်ပြောတယ်..။

အမေ အဲသလို ပြန်ပြောလိုက်တာနဲ့ အဖေက စောင်လေးတစ်ထည် ဖြန့်ခင်း ပြီး ခင်းထားတဲ့ အလယ်လောက် ငုတ်တုတ်ဝင်ထိုင်ရင်း

“ကဲ.. မင်းပိုင်ပစ္စည်း အကုန်မင်းယူသွားမယ်ဆို .. ငါလဲ မင်းပိုင်ပစ္စည်းပဲ ငါ့ကိုပါ ထုတ် ” လို့ လုပ်တော့တာပဲ..။

မှတ်မိသလောက်တော့ အမေ့ခမျာ.. သူ့ယောက်ျားကို စိတ်ကုန်ရခက်.. စိတ်နာရခက်.. နဲ့ အိမ်ပေါ်က မဆင်းဖြစ်တော့ဘူး..။

3 comments:

sici.carthage said...

a brilliant dad!!!
Thanks for sharing!!!

Unknown said...

တကယ့် အဖေဘဲဗျာ....တွေ့ ဖူးချင်လိုက်တာဗျ

thu thu win said...

ဆရာ့ဖားသားကတော့ ပိုင်သကွာ။ “ငါလည်းမင်းပိုင်ပစ္စည်း”တဲ့လား။ဟီး