Wednesday, October 1, 2008

29.5 ဖဲသံသရာက ရုန်းမထွက်နိုင်သူများ

သိန်းတိုးနဲ့ ကျွန်တော်က ဖဲရိုက် ၀ါသနာပါတာခြင်းလဲ တူပြန်တယ်..။ ညနေပိုင်း အဆောင်ထမင်းဟင်း စားသောက်ပြီးတာနဲ့ E ဆောင် ကို ကျွန်တော်တို့နှစ်ယောက် ချီတက်ကြတယ်..။ E ဆောင်မှာက ကျွန်တော်တို့နဲ့ ဖဲရိုက်ဖော် ဖဲရိုက်ဖက် ဖိုးမောင် ဆိုတဲ့ကောင် ရှိတယ်..။

ကျွန်တော်တို့ လာပြီဆိုတာနဲ့ ဖိုးမောင်က သူ့သေတ္တာပေါ် ပုဆိုးတထည် ခင်းပြီး ဖဲထုတ်ကို ကုလားဖန်ထိုး တော့တာပဲ..။ သူ့အခန်းဖော် မိုးဟိန်းကတော့ ပွဲကြည့်ပရိတ်သတ် လုပ်တယ်..။ ရှမ်းကိုးမီး၊ ဘူကြီး၊ ရာရှင်ခွဲတာ တမျိုးပြီးတမျိုး သုံးယောက်သား သဲကြီးမဲကြီး ကစားကြတယ်..။

ရိုက်ရင်းရိုက်ရင်း ညဉ့်တအားနက်သွားရင် Last Warning ခေါ်တယ်..။ နောက်ဆုံး သုံးပွဲ ရိုက်မယ်..။ ရှုံးရှုံး နိုင်နိုင် တော်ပြီ ပေါ့..။ အားလုံးက အိုကေ ဆိုပြီး ရိုက်ကြတယ်..။ ပထမပွဲ.. နောက် ဒုတိယပွဲ.. နောက်ဆုံး တတိယပွဲပါ ပြီးသွားတယ်..။

Warning တော့ ပြည့်သွားပြီ ပေါ့..။ ဒါပေမယ့် သူငယ်ချင်းသုံးယောက် တယောက်မျက်နှာ တယောက်ကြည့်ပြီး အခုနက နောက်ဆုံးသုံးပွဲရိုက်မယ်ဆိုတာ.. ပွဲကြီးသုံးပွဲကို ပြောတာ..။ ပွဲကြီး တပွဲစီမှာ ပွဲလတ်သုံးပွဲစီ ပါသေးတယ်..။ အခုမှ သုံးပွဲရှိသေးတာမို့ Warning မပြီးသေးဘူး.. ဆက်ရိုက်ကြ.. ဆိုပြီး နောက်ထပ်ခြောက်ပွဲ ဆက်ရိုက်ကြပြန်တယ်..။

နောက်ခြောက်ပွဲ ပြီးသွားပြန်တော့လဲ ပွဲလတ် တပွဲစီမှာ ပွဲငယ် သုံးပွဲစီ ပါသေးတယ် ဆိုပြီး သုံးယောက်သား ဆက်ရိုက်ကြပြန်တယ်..။

မိုးဟိန်းကတော့ မင်းတို့ဖဲဝိုင်းက ကမ်ဘာပျက်တောင် ပြီးမှာမဟုတ်ဘူး..ငါတော့ အိပ်ပြီဟေ့ ဆိုပြီး အိပ်သွားတော့တယ်..။

ကျွန်တော်တို့ကတော့ ပွဲကြီး ပွဲလတ် ပွဲငယ် ပွဲလေး နဲ့ ဖဲအာသာမပြေမချင်း မိုးအလင်း ထိုင်ရိုက်နေကြတာပေါ့..။

ဘယ်လောက်အထိ စွဲသွားသလဲဆိုရင်.. ဖိုင်နယ် စာမေးပွဲဖြေခါနီး သုံးလေးရက်အလိုအထိ ဖဲရိုက် တာ ရပ်မရလို့ သူငယ်ချင်းသုံးယောက် ဒီအတိုင်း ဆက်သွားလို့တော့ မဖြစ်ချေဘူး..။

ဒီဖဲထုတ် ရှိနေသမျှ ရိုက်မိနေမယ်..။ ဖဲထုတ်ကို ဖြဲဆုတ်ပစ်လိုက်မှ အေးမယ် ဆိုပြီး.. အဆောင်ပေါ်ကနေ.. ဖဲထုတ်ကို ဖြဲဆုတ်ပြီး အောက်ကို ကြဲ ချလိုက်တော့တယ်..။

ဖဲထုတ်မရှိတော့ဘူး.. စာကြည့်ကြစို့ လို့ ကိုယ်ကိုယ့်ကို အားတင်းပြီး စာကြည့်ကြတယ်..။ ဒါပေမယ့် အချိန်တန်လာတော့ ကျွန်တော်နဲ့ သိန်းတိုး ဖိုးမောင်အခန်းဆီ ချီတက်ကြပြန်တယ်..။ ဖိုးမောင်ကလည်း ကျွန်တော်တို့ကို မျှော်နေရှာတယ်..။

ကျွန်တော်တို့ အခန်းထဲ ၀င်လာတာမြင်တော့ "ဖဲ သမားတွေ ဖဲထုတ်မရှိတော့ဘူးလေ.. ဘာလာလုပ်ကြတာလဲ " လို့ မိုးဟိန်းက ဆီးမေးတယ်..။

သိန်းတိုးက ဖဲထုတ်သာ မရှိတော့တာ..။ စာအုပ်လှန်လို့ ရတယ်လေ..။ လာ ဖိုးမောင်.. ပွဲကြီးသုံးပွဲလောက် စာအုပ်လှန်ကြ သေးတာပေါ့ ဆိုပြီး.. စာအုပ်တစ်အုပ်ယူပြီး အရှုံးအနိုင် လှန်ကြပြန်တယ်..။

မိုးဟိန်းကတော့ ကျွန်တော်တို့ကိုကြည့်ပြီး တဟားဟား နဲ့ ရယ်နေခဲ့တယ်..။

2 comments:

တန်ခူး said...

အဲဒီ ဖိုးမောင်ဆိုတာ ဟိုပန်က တယောက်လား… ငယ်ငယ်နဲ့ အကြွေစောသွားတာလေ….

navana said...

ဟုတ်ပါတယ်ဗျာ.. ကျွန်တော့်ရဲ့ အချစ်ဆုံးသူငယ်ချင်း တစ်ယောက်ပေါ့..