Wednesday, October 1, 2008

29.4 ကျွန်တော်လဲ ခေသူမဟုတ်

ကျွန်တော့်ကျတော့ ဆရာဦးကလမင့်ဆာဒါးနား ဆိုတဲ့ ဆရာနဲ့ ဖြေရတယ်..။ စက်မှုတက်ကသိုလ် သမိုင်းမှာ အချိန်အတိုဆုံး အမြန်ဆုံး Viva ဖြေဆိုနိုင်သူ ကျောင်းသားဘွဲ့ထူး ရတဲ့အထိ ကျွန်တော် လက်စွမ်းပြ နိုင်ခဲ့တယ်..။

ဆရာဦးကလဲမင့်ဆာဒါးနား ဆိုတဲ့ ဆရာကလည်း ကျောင်းမှာ ပညာရပ်နဲ့ ပတ်သက်လာရင် ဆရာကြီး.။

သူ့မေးခွန်းကို ဂုဏ်ထူးထွက်ဖို့ ဝေးလို့.. အောင်မှတ်ရရင်ကိုပဲ တော်လှပြီလို့ သတင်းကြီးတဲ့ ဆရာ..။ ဆရာက ဗမာတော့ မဟုတ်ဘူး..။ ဟိန်ဒူ လို့ ထင်တာပဲ..။

ဆရာ့မေးခွန်းဘယ်လောက် ခက်သလဲ ဆိုရင် ဆရာ့ဘာသာဖြေပြီး အပြန်လမ်းမှာ ငလုံး (အောင်နိုင်ထွန်း) က ကျွန်တော်တို့သူငယ်ချင်း ရာဂျာဆိုတဲ့ ကုလားကို မြင်တာနဲ့ အတင်းထွက်ပြေးတယ်..။

ကျန်တဲ့သူငယ်ချင်းတွေက ငလုံး ဘာဖြစ်တာလဲဟ.. ရာဂျာမြင်တာနဲ့ မင်းက ဘာလို့ ထွက်ပြေးတာလဲ ဆိုတော့.. "ကုလားမြင် လန့်နေပြီ " လို့ ငလုံး ပြန်ပြောတယ်..။

ကျွန်တော်တို့မှာ ရယ်လိုက်ရတာ..။

Viva မှာ ဆရာက ကျွန်တော့်ကို တီဗွီရဲ့ အရောင်များအကြောင်း မေးတယ်..။ တီဗွီရဲ့ ရောင်စဉ် ဖွဲ့စည်းမှုမှာ လူကြိုက်များတဲ့ အရောင်တရောင် ရှိတယ်..။ လူတော်တော်များများ မျက်စိပသာဒ ဖြစ်တဲ့ အရောင်ပေါ့..။ Cyan ဆိုတဲ့ စိမ်းပြာပြာ အရောင်ပဲ..။

ဆရာအခန်းထဲမှာ သင်တုံးကတော့ သတိထားလိုက်မိပေမယ့် Viva မှာ "လူတွေ ကြိုက်တဲ့အရောင်က ဘာအရောင်လဲ " မေးတော့ ကျွန်တော်မမှတ်မိတော့ဘူး..။

အရောင်တစ်ရောင် ရှိမှန်းတော့ သိတယ်..။ ဘာအရောင်မှန်းမသိတော့တာ..။ ဒါပေမယ့် အမေးရှိ၊ အဖြေရှိရမယ် မဟုတ်လား..။ သိန်းတိုးလို တုံးတိတိကြီး " မသိဘူး " ဆိုတာမျိုး တော့ ကျွန်တော်ဘယ်လုပ်မလဲ..။

" ဆရာကလဲ လူတကိုယ်အကြိုက်တမျိုးလေ.. လူကြိုက်များတဲ့အရောင်ဆိုတာ ဘယ်လိုလုပ် ရှိမလဲ "

ခပ်တည်တည်နဲ့ ကျွန်တော့်အဖြေ အဆုံးမှာ ထိုင်နေတဲ့ခုံ နောက်ပြန်လဲကျမတတ် တဟားဟား နဲ့ အော်ရယ်ပြီးသကာလ.. "မင်း သွားလို့ ရပြီ .. ဟားဟား ဟား " ဆိုပြီး ကျွန်တော့်ကို ဆရာ ပြန်လွှတ်လိုက်တော့တယ်..။

ကျန်တဲ့ ကျောင်းသား တွေကတော့ ချွေးတလုံးလုံး နဲ့ အခန်းထဲမှာ ကျန်ခဲ့လေရဲ့..။

( ကျွန်တော်တို့ MIT First Batch ကျောင်းသားတွေ ဆရာကန်တော့ပွဲလုပ်တော့ ရန်ကုန်ကနေ မန္တလေး အသွား ဆရာနဲ့ ကျွန်တော် ကား အတူစီးဖြစ်တယ်.. အဲဒီအကြောင်း ကားပေါ်မှာ ကျွန်တော်ပြန်ပြောတော့ ဆရာ တဟားဟား နဲ့ အားရပါးရ ရယ်တယ် )


2 comments:

တန်ခူး said...

ဆရာကို ပြန်လွမ်းသွားတယ်… ကိုနဗနက ဖြတ်ထိုးဥာဏ်ကောင်းတာပဲ… ကျွန်မလဲ ဖိုင်နယ်မှာ မဖြေနိုင်ဆုံးက ဆရာ့ဘာသာပဲ… ဖြေပြီးတာနဲ့ ဆရာဆီပြေးပြီး အောင်နိုင်ရဲ့လားမေးရတာ…

BOH said...

ဆရာ ဦးကလဲမင့် က ခရိယန် ဘာသာဝင်ဖြစ်ပြီး မွန်၊ပေါ်တူဂီ ကပြား လို့ ပြောကြတယ်။