Wednesday, October 1, 2008

29.3 သိန်းတိုးနဲ့ ဆရာဦးမောင်မောင်လတ်

နောက် သိန်းတိုး နဲ့ ပတ်သက်ပြီး အမှတ်တရဖြစ်ရတာက ကျွန်တော်တို့ Hall Tutor ဦးမောင်မောင်လတ်နဲ့ နည်းနည်းဆိုင်တယ်..။

ဆရာဦးမောင်မောင်လတ်က ပျော်တတ်တယ်..။ ကျောင်းသားတွေနဲ့ သူငယ်ချင်းပေါင်း ပေါင်းတယ်..။

စာမေးချင်ရင် ငါ့ဆီမလာခဲ့နဲ့.. စစ်တုရင်ကစားချင်ရင်တော့ အချိန်မရွေးလာခဲ့ လို့ အမြဲပြောတဲ့ ဆရာပေါ့..။ စစ်တုရင်မှာ သူကဆရာကြီး..။ အတော့်ကို တော်တယ် လို့ ပြောရမှာပဲ..။

ပေါက်တတ်ကရလည်း တအားပြောတဲ့ ဆရာပဲ..။ တခါက စစ်တုရင် ကစားနေတုံး သူ့ကို ခြင်တွေကိုက်တော့ "ဒီခြင်တွေနဲ့တော့ ဒုက်ခပါပဲ .. ပြန်ကိုက်လို့လဲ မရဘူး" လို့ အတည်ပေါက်ကြီး ပြောတယ်..။

ကျွန်တော်တို့က အီးစီကျောင်းသားများ ဆိုတော့ တစ်ပတ်တခါလောက် ကွန်ပြူတာ ခန်း ၀င်ကြရတယ်..။

ဆရာဦးမောင်မောင်လတ်က ကျွန်တော်တို့ရဲ့ Supervisor ပေါ့..။ သိန်းတိုးက ခပ်တည်တည်နဲ့ ကွန်ပြူတာ ပရိုဂရမ်တွေ စွတ်တင်တယ်..။ တင်ထားတဲ့ ပရိုဂရမ်တွေထဲက ဘယ်လိုမှ ပြန်မထွက်တတ်တော့.. ဆရာဦးမောင်မောင်လတ်ကို အကူအညီတောင်းရတော့တယ်..။

"ဆရာ ..ကျွန်တော် ဘယ်လို ပြန်ထွက်ရမှန်းမသိတော့ ဘူး လုပ်ပါအုံး ဆရာ" တဲ့..။

ဆရာက သိန်းတိုး ကွန်ပြူတာကို တချက်ကြည့်ပြီး " ဒါများလွယ်ပါတယ်ကွာ ဆိုပြီး မီးပလပ်ကို ဆွဲဖြုတ် ပစ်လိုက်တယ် "

သိန်းတိုးနဲ့ ဆရာနဲ့က အဲသလိုမျိုး..။

နောက် တခါ သူတို့ နှစ်ယောက် ဆုံရတာက ဖိုင်နယ်နှစ် Viva ဖြေတဲ့အခါမှာပဲ..။ တိုးကြီးက အဲဒီနေ့မှာမှ ထူးထူးခြားခြား တိုက်ပုံနဲ့ ယောပုဆိုး ၀တ်သွားတယ်..။ ဂိုက် ခပ်ကောင်းကောင်း စတိုင်ခပ်မိမိ နဲ့ပေါ့..။

ဟိုရောက်တော့ သိန်းတိုးကို စစ်မေးမယ့်ဆရာက ဆရာဦးမောင်မောင်လတ် ဖြစ်နေတယ်..။

တိုးကြီးကတော့ ခပ်တည်တည်ပဲ..။ ဆရာဦးမောင်မောင်လတ်ရဲ့ စားပွဲရှေ့မှာ Confident အပြည့် မေးချင်ရာမေး တို့က အရည်ကြိုသောက်လာတာ ဆိုတဲ့ ပုံစံနဲ့ ၀င်ထိုင်ရင်း " ကဲ.. မေး " တဲ့..။ မီးမြင့်မြင့် လေသံမြင့်မြင့် နဲ့ ပြောချလိုက်တယ်..။

ဆရာလည်း ဒီကောင်ကတော့ စာကြမ်းပိုး နဲ့ တူတယ်..။ လူပုံကလည်း တိုက်ပုံနဲ့.. ပြောပေါက်ဆိုပေါက်ကလည်း စာတွေ အကုန်လုံး ရနေတဲ့အပေါက် လို့ ထင်သွားတော့တယ်..။ မေးရာမှာတောင် ဆရာ့ခမျာ နည်းနည်း ခပ်ဆိုင်းဆိုင်း လေးဖြစ်သွားဟန် ရှိတယ်..။

မေးရမယ့် မေးခွန်းကို ခပ်တိုးတိုး ပဲ ဆရာ မေးတယ်..။ သိန်းတိုးက သေချာနားစိုက်ထောင်ပြီး ပြန်ဖြေမယ့်အလုပ် မှာ.. "ဟေ့ မဖြေနဲ့အုံး ခဏ " လို့ ဆရာက လက်ကာပြ လှမ်းတားပြီး နောက်က သူ့စီနီယာ ဆရာ ဦးဝင်းခိုင်မိုးကို သူ့မေးခွန်း မှန်မမှန် လှမ်းတိုင်ပင်တယ်..။

ဆရာဦးဝင်းခိုင်မိုးဆီက ဟုတ်ပါတယ် အဲဒီအတိုင်း မေးလိုက်ပါ ဆိုတဲ့ စကားပြန်ရမှ ဆရာ ဦးမောင်မောင်လတ် လည်း "ကဲ ဖြေ နိုင်ပြီ " လို့ သိန်းတိုးကို ပြန်ပြောတယ်..။

သိန်းတိုး ဂိုက်က ကောင်းလွန်းနေတော့ ဆရာလည်း မေးလိုက်တဲ့မေးခွန်းကအစ ကျောင်းသားက ပြန်ထောက်မယ့် မေးခွန်းမျိုး ဖြစ်သွားမှာ စိုးနေဟန် တူပါရဲ့..။

သိန်းတိုးကတော့ အေးဆေးပဲ..။ ဆရာက ကဲဖြေနိုင်ပြီ လို့လည်း ပြောလိုက်ရော မဆိုင်းမတွ ချက်ခြင်းပဲ ပြန်ဖြေတယ်..။

" မ သိဘူး " တဲ့..။

ဆရာဦးမောင်မောင်လတ်ဆို မျက်စိပိတ်တဲ့အထိ ရယ်တယ်..။ တဟားဟားနဲ့ သဘောတွေ ကျပြီးတော့ ပေါ့..။

4 comments:

Anon........ said...

Man you made me remember of RIT days, I think I am some years junior to you. But thanks and please keep up with your work. Your posts are really funny and I enjoy reading that. Cheers!!

တန်ခူး said...

ဟိဟိ… ဆရာဦးမောင်မောင်လတ် တပည့်တော့ မဖြစ်ခဲ့ဘူး… သူ့ အကြောင်းတော့သိတယ်… ဗိုင်ဗာဖြေခန်းက တကယ့်ကို သဘောကျစရာပါ… ဆရာတွေကို အရမ်းလွမ်းသွားတယ်…

May said...
This comment has been removed by the author.
မေမိုး said...

viva???
ဖြေရမှန်းတောင် မမှတ်မိတော့ဘူး 