ကျောင်းလေးမှာ စီစဉ်စရာရှိတာ စီစဉ်၊ ဆုံးဖြတ်သင့်တာ ညိုနှိုင်းတိုင်ပင် ဆုံးဖြတ်ပြီး သကာလ .. ကျောင်းကြီးဆီကို ယွန်းခဲ့တော့တယ်..။
အဲဒီမှာ .. ကိုးတန်းဆယ်တန်းကလေးများက.. ကျွန်တော့်ကို စောင့်နေကြပြီ..။ စနေနေ့ ကျောင်းပိတ်ရက်ကြီးမှာ တကူးတက သူတို့လေးတွေ ကျွန်တော့်ကို စောင့်နေတာ လှမ်းတွေးမိပြီး ပီတိလှိုင်းတချို့ ရင်မှာ ဖြစ်ရပါတယ်..။ လိုက်ပို့တဲ့ ဆိုင်ကယ် ကျောင်းဝင်းထဲ ချိုးကွေ့တော့ လုံချည်စိမ်း အင်္ကျီဖြူနဲ့ ကျောင်းသူကျောင်းသားတချို့ ဟိုနားတစ်စု ဒီနားတစ်စု ထိုင်နေတာ တွေ့ရတယ်..။
သူတို့လေးတွေက ကျွန်တော်ထင်ထားတာထက် နုပျိုလန်းဆန်း နေသလိုပါပဲ..။ အားလုံးက ပီဘိကလေးသာသာ အရွယ်လေးတွေ ရှိသေးပါလားလို့လည်း ထင်မိပြန်တယ်..။ ကိုယ် .. သူတို့အရွယ်တုံးက ကိုယ့်ကိုယ်ကို လူကြီးတစ်ယောက်ဖြစ်ပြီလို့ တွေးခဲ့မိတာကို အမှတ်ထင်ထင်ဖြစ်ရင်း မပြုံးဘဲ မနေနိုင် ဖြစ်ရပြန်တယ်..။
သူတို့လေးတွေကတော့ ကျွန်တော်တို့ ဆိုင်ကယ် ကျောင်းထဲ ၀င်လာကတည်းက စပ်စုတဲ့ အကြည့်နဲ့ ၀ိုင်းကြည့်နေကြတယ်..။ ကျွန်တော်ကျောင်းပြီးစ ရွာကထွက်လာတာ ၁၉၉၆ ခုနှစ်ဆိုတော့ အဲဒီအချိန်သူတို့အသက် ရှိလှ သုံးလေးနှစ်ပေါ့..။ ကျွန်တော့်ကို သူတို့ ဘယ်လိုမှ မသိနိုင်တော့..။
ဒါပေမယ့် သူတို့စိတ်ထဲ မရင်းနှီး၊ မျက်နှာမကျက်မိတဲ့ လူစိမ်းတစ်ယောက် ဆိုင်ကယ်နဲ့ ကျောင်းထဲ ၀င်လာကတည်းက သူတို့မျှော်နေတဲ့ သူ လာပြီ လို့ အားလုံးက အလွယ်တကူ သိသွားဟန် တူပါရဲ့..။
ထိုင်နေရာကနေ အသီးသီးအသသ ထလာကြပြီး.. စီစဉ်ထားတဲ့အခန်းထဲမှာ နေရာယူလိုက်ကြတယ်..။ ကျွန်တော်ကတော့ နောက်ကလိုက်လာမယ့် ကျောင်းအုပ်ဆရာမကြီးကို စောင့်ရင်း မိခင်ကျောင်းတော်ကြီး တပတ်..ဟိုဟိုဒီဒီ အလွမ်းပြေ ကြည့်နေမိတယ်..။ အပတ်စဉ် တနင်္လာနဲ့ သောကြာနေ့တိုင်း Assembly စီခဲ့ရတဲ့ ကျောင်းရှေ့ကွင်းပြင်ကြီးကတော့ အရင်အတိုင်း မပြောင်းလဲ..။
ကျွန်တော့်ကိုတောင် “ ကောင်လေး.. မင်း ငယ်ဘ၀၊နှစ်တိုင်း ဒီအချိန် ဒီနေရာမှာ အနွေးထည်မပါဘဲ အအေးဒဏ်ကို အံတုခဲ့တာ မှတ်မိသေးရဲ့လား ” လို့ ပြုံးပြုံးကြီး မေးခွန်းထုတ်နေသေးတယ်..။ အဲဒီကွင်းပြင်ကျယ်မှာ ကမ္ဘာမကြေ သီချင်းကို လုံးကောက်မဆိုဘဲ တစ်ယောက်အသံတစ်ယောက် တွဲခိုရင်း လုံးဆို ဆိုခဲ့တဲ့ အသံတချို့ကလည်း ကျွန်တော့်နားစည်ကို လာရိုက်ခတ်ပြန်တယ်..။
သနပ်ခါးလိမ်းလာမိလို့ ရှေ့ထွက်ပြီး “ဂန်ဒူးပါဗျို့ ” လို့ အော်ခဲ့ရတာတွေ၊ ကျောင်းခြံစည်းရိုးက စိန်ပန်းပုပင်က အစေ့ကို ခွါစားခဲ့တာတွေ၊ ကျောင်းနောက်ဖေး ပြောင်းခင်းထဲမှာ မော်ကြီးနဲ့ ပြောင်းရိုးချိုး စုပ်ခဲ့တာတွေ၊ မြမြ၀င်းနဲ့ တရုတ်ပြေးမင်း တခန်းရပ်ကခဲ့တာတွေ.. ... ... .. .. တခုပြီးတခု.. ကျွန်တော့်မှတ်ဥာဏ်ထဲက ခုန်ပေါက်ပြေးထွက်လာကြတယ်..။ အင်မတန် လွမ်းမောဖွယ်ကောင်းတဲ့ အနှေးရုပ်ရှင် ပြကွက်တခုလို ကျွန်တော်ငေးမော ခံစားနေခဲ့မိတာ.. ကျောင်းအုပ်ဆရာမကြီး ရောက်လာတဲ့ အထိ ပေါ့..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment