ကိုးနာရီ ထိုးဖို့ ဆယ်မိနစ်လောက်အလို.. ကိုချိုတို့အိမ် ကျွန်တော်ရောက်တော့ တပည့်ဟောင်းများက စုံသလောက် ရှိနေပြီ..။ အားလုံးက ကျွန်တော့်မြင်တော့ ၀မ်းသာအားရ ထိုင်ရာကထ နှုတ်ဆက်ကြတယ်..။ “ အာစိ ” တဲ့.။ သူတို့ကို ပြန်လှန်နှုတ်ဆက်ရင်း “ဆိုးပေ” ရောလို့ မေးမိတယ်..။ “ ဆိုးပေ က ကျုရှင်တချိန်ကျန်နေလို့ လာလိမ့်မယ် ” လို့ တစ်ယောက်က ပြန်ဖြေတယ်..။ ဆိုးပေ ဆိုတာက နာမည်ရင်းပဲ..။ လက်ရှိ ရွာမှာ အအောင်မြင်ဆုံး ကျုရှင်ဆရာပေါ့..။
ဘယ်နှယ့် ဆရာ့နာမည်က ဆိုးပေ ရယ်လို့ ဖြစ်နေရတာလဲ ဆိုတာတော့ သူ့မိဘတွေမှ သိမှာပဲ..။ ရွာမှာကတော့ အားလုံးက ဆိုးပေ လို့ ခေါ်လာတာ သူမွေးကတည်းကဆိုတော့ သူ့နာမည်ကို ဘယ်သူမှ ရေးကြီးခွင်ကျယ် လုပ် တွေးမနေကြတော့ပါဘူး..။ တခါတလေ ကြားဖူးတဲ့သူတွေသာ ဆရာနာမည်က “ဆိုးပေ” တဲ့.. ကြားရတာ တမျိုးပဲလို့ တွေးကောင်းတွေးနေမယ် ထင်တယ်..။
ဆိုးပေ ကသင်္ချာ သင်တယ်..။ ကျွန်တော်တို့ရွာ မြစ်အောက်ဖက်က ဂင့်ဂဲ ဆိုတဲ့ တွဲဖက် အထက်တန်းကျောင်းမှာလည်း အချိန်ပိုင်း ဆရာလုပ်နေသေးတယ်..။ နှစ်ပြတ်ဘော်ဒါလေးလည်း ဖွင့်ထားသေးတယ်လို့ သိရတယ်..။ ဘော်ဒါကျောင်းသား ၄၅ ယောက်လောက် ရှိပြီး တစ်ယောက်ကို အပြတ် နှစ်သိန်း ရတယ်ဆိုတော့ တစ်နှစ်သိန်းကိုးဆယ်လောက် ပေါ့..။ ရွာအတိုင်းအတာ နဲ့ကတော့ အတော့်ကို မဆိုးတဲ့ ပမာဏပဲ..။ အဲဒါလေးတွေ .. သိရတော့ ကျွန်တော့်မှာ ပီတိဖြစ်ရတယ်..။
ဆိုးပေ တော်တယ်လို့လည်း ချီးကျူးမိတယ်..။ တဆက်တည်း ရွာမှာ ဆိုးပေ ဘော်ဒါတခုတည်း ရှိတာလားလို့လည်း စပ်စုမိတယ်..။ “ မဟုတ်ဘူး.. ဖိုးသကြား ကလည်း ဖွင့်ထားသေးတယ် ” လို့ သူတို့ ပြန်ပြောမှ ဖိုးသကြား ၀ိုင်းထဲ မပါတာ သတိထားမိတယ်..။ ဖိုးသကြား ဆိုတာကတော့ နာမည်ရင်း မဟုတ်ပါဘူး..။ နာမည်ရင်းက ဌေးအောင်..။ ဒါပေမယ့် ထုံးစံအတိုင်း ရွာမှာတော့ ဆရာဖိုးသကြား လို့ပဲ ခေါ်ကြတယ်..။ နာမည်ရင်း ဌေးအောင် ဆိုတာ ဘယ်သူမှ မခေါ်သလောက်ပါပဲ..။
သူတို့ပြောမှ ဖိုးသကြားက ဘာလို့မလာတာလဲ လို့ ကျွန်တော်မေးမိတယ်..။ အားလုံးက နောက်မှ ပြောမယ် အာစိ တဲ့..။ ဒီမှာ ပြောလို့ သိပ်မကောင်းဘူး ဆိုပြီး ပဟေဠိဆန်နေကြလို့ ကျွန်တော်လည်း မရမက မမေးတော့ဘဲ ကျွန်တော်ပြောချင်တာလေးတွေ နည်းနည်း စပြောကြည့်တယ်..။ အဓိက ဦးတည်ပြီး ပြောတာကတော့ သူတို့ရဲ့ လက်ရှိအခြေအနေ အောင်မြင်မှုတွေနဲ့ ကျေနပ်မနေကြဖို့ပါပဲ..။ ရွာအတွေး ရွာအမြင် ရွာအ၀န်းအ၀ိုင်းထဲက တတ်နိုင်သမျှ ထွက်ကြည့်ကြဖို့ နဲ့ စာဖတ်ကြဖို့လည်း ဖိဖိစီးစီးလေး ကျွန်တော်ပြောဖြစ်တယ်..။
စာသင်တာကအစ.. ပိုကောင်းတဲ့နည်းလမ်းတွေ.. ပိုထိရောက်တဲ့နည်းလမ်းတွေ ရှာဖွေတွေးတောရမယ်..။ ကိုယ့်ကိုယ်ကို တနေ့ထက်တနေ့ အသိဥာဏ်ဗဟုသုတ အစစ တိုးတက်အောင် ကြိုးပမ်းနေရမယ်.. ဆိုတာကိုလည်း ထိထိရောက်ရောက်လေး ကျွန်တော်ပြောမိတယ်..။ တပည့်တွေကို ကျောင်းစာကလွဲလို့ ကျန်တာဘာမှ မသင်ပြနိုင်တဲ့ ဆရာမဖြစ်ကြဖို့ကိုလည်း တိုက်တွန်းမိတယ်..။ အင်တာနက်က အလှူရှင်များအကြောင်း ပြောရင်း နဲ့ ကျွန်တော်ဖြစ်စေချင်တဲ့ future plan ကိုလည်း အကြမ်းဖျဉ်းလေး ချပြမိတယ်..။
သူတို့အားလုံး အားတက်သရော နားထောင်နေခဲ့ကြတယ်..။ အပြန်အလှန်လေးတွေ ဆွေးနွေးခဲ့ကြတယ်..။ ရွာမှာနေရင်းနဲ့ လုပ်လို့ရနေတာတွေ တပုံကြီး ရှိနေပါ့လားဆိုတဲ့ ယုံကြည်မှု အုတ်တချပ်တော့ ခင်းနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်..။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment