ဒီအကြောင်းကို အခုမှပဲ တို့ထိနိုင်တော့တယ်..။ အမှန်က စောစောစီးစီး ရေးသင့်ပေမယ့် ခရီးကများ အလုပ်ကရှုပ်နဲ့ နောက်ကျသွားခဲ့ရတယ်..။ အလှူရှင်များနှင့်
တကွ ဘလော့ဂ်ကြွလာ ဆွေသဟာများ နားလည်စာနာခွင့်လွှတ်နိုင်ပါစေကြောင်း ဒီနေရာကနေ ပွကြီး လေးစားစွာ တောင်းပန်အပ်ပါတယ်..။
အလှူငွေစုစုပေါင်း ကျွန်တော်ရတာက ဟိုဖက်က label 32 မှာ ရေးခဲ့သလို .. 1,170,000.000 ကျပ် ဖြစ်ပါတယ်..။ အသေးစိတ်ကတော့..
သုံးသိန်းခွဲအလှူရှင် တစ်ဦး 350,000.000
သုံးသိန်းအလှူရှင် နှစ်ဦး 600,000.000
တစ်သိန်းနှစ်သောင်း အလှူရှင်တစ်ဦး 120,000.000
တစ်သိန်းအလှူရှင် တစ်ဦး 100,000.000 ဖြစ်ပါတယ်..။
အဲဒီ ရလာတဲ့ ပိုက်ဆံ ဆယ့်တစ်သိန်းကျော်ကို ကျွန်တော် လုပ်အားပေး ကျောင်းဆရာလုပ်ခဲ့တဲ့ ကျောင်းလေး တမံတလင်းခင်းဖို့ စီစဉ်ဖြစ်ပါတယ်..။ ရွာဖက်က
ပန်းရံ ဆရာနဲ့ ကျွန်တော်တို့ ပူပေါင်းတွက်ချက်ပြီး ကုန်ကျမယ့်ငွေကို ခန့်မှန်းပြီးသကာလ လုပ်ငန်းစခိုင်းခဲ့ပါတယ်..။ တကယ်လုပ်တော့.. မှန်းထားတာထက်
ပိုကုန်ကျ ခဲ့ပါတယ်..။ ကနဦးတွက်ချက်စဉ်က.. ဈေးနှုန်းတချို့ အပြောင်းအလဲဖြစ်တာရယ်.. ခင်းရမယ့် ဧရိယာတွက်ချက်မှု လွဲချော်ခဲ့တာရယ်ကြောင့် အဲသလို
ဖြစ်ရတာပဲ..။
အသေးစိတ် ကုန်ကျစားရိတ်က အောက်ပါအတိုင်းဖြစ်ပါတယ်..။
ဘိလပ်မြေ ၅၅ အိတ် ( တအိတ်ကို ၆၅၀၀ ကျပ် ) = ၃၅၇၅၀၀.၀၀ ကျပ်
ကျောက် ၄ ကျင်း ( တကျင်းကို ၂၆၂၅၀ ကျပ် ) = ၁၀၅၀၀၀.၀၀ ကျပ်
ကျောက်စရစ် ၁ ကျင်း ( တကျင်းကို ၂၈၀၀၀ ကျပ် ) = ၂၈၀၀၀.၀၀ ကျပ်
ကားခ ( မြင်းခြံ ဆမိတ်ခုံ ကျောက်ဘိလပ်မြေ သယ်ယူခ ) = ၉၁၅၀၀.၀၀ ကျပ်
သဲ အတွက် ကုန်ကျငွေ ( ထွန်စက်+အလုပ်သမားခ) = ၇၉၅၀၀.၀၀ ကျပ်
ပန်းရံလက်ခ = ၉၇၆၅၀.၀၀ ကျပ်
လုပ်ငန်းကြီးကြပ်သူခရီးစားရိတ် ( ကားခ+၇န်ကုန်ဖုံးဆက်ခ) = ၁၁၀၀၀.၀၀ ကျပ်
စုစုပေါင်း = ၇၇၀၁၅၀.၀၀ ကျပ် ဖြစ်ပါတယ်..။
ဆိုတော့ .. တမံတလင်းခင်းတာမှာ ကုန်သွားတာက အကြမ်းဖျဉ်း ခုနှစ်သိန်း ခုနှစ်သောင်း ရှိပါတယ်..။ အလှူရှင်များရဲ့ လှူဒါန်းငွေက ဆယ့်တစ်သိန်း ခုနှစ်သောင်း ဆိုတော့ လေးသိန်း.. ကျွန်တော့်လက်ထဲမှာ ပိုပါတယ်..။
အဲဒီပိုတဲ့ပိုက်ဆံကို.. အိမ်သာဆောက်တာပဲဖြစ်ဖြစ်.. ကျောင်းအုတ်တံတိုင်း ခတ်တာပဲဖြစ်ဖြစ်. လှူမယ်လို့ စိက်ကူးရပါသေးတယ်..။ ဒါပေမယ့် ဆင်းရဲနွမ်းပါး တဲ့ ကလေးတွေရဲ့ ပညာရေးအထောက်အပံ့အဖြစ် လှူတာက ပိုပြီး ထိရောက်မယ်လို့ တွေးမိတာနဲ့.. ကျောင်းရဲ့အဆောက်အဦပိုင်း ပံ့ပိုးတာ မလုပ်တော့ဘဲ.. ရွာက ပညာလည်းတော်၊ ဆင်းရဲလည်း ဆင်းရဲတဲ့ ကလေးတွေကို.. ထောက်ပံ့ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်..။
အဲဒါနဲ့ ကျောင်းအုပ်ဆရာမကြီးနဲ့ တိုင်ပင်ပြီး (အထူးသဖြင့် ) ကိုးတန်းဆယ်တန်းကလေးတွေထဲက ဆင်းရဲပညာတော် ကလေးငယ်များကို ဆွဲထုတ် ရပါတယ်..။ ကျောင်းအုပ်ဆရာမကြီးနဲ့ ဆိုင်ရာအတန်းပိုင်ဆရာဆရာမ တွေအနေနဲ့လည်း အတော့်ကို အားထည့်ပြီး ရသင့်ရထိုက်တဲ့ ကလေးတွေရအောင် မျှမျှတတ စာရင်း ပြုစုပေးရှာပါတယ်..။
ဒါပေမယ့်.. ကျွန်တော်လိုချင်တဲ့ ဆင်းလဲဆင်းရဲ ပညာလည်းတော်.. အရည်အချင်းနှစ်ရပ်လုံးနဲ့ ပြည့်စုံတဲ့ ကလေး က ရှာရခက်နေခဲ့တယ်..။ အတန်းထဲမှာ ပထမဒုတိယ တတိယ ရနေကြသူ အားလုံးလိုလိုက ရွာအလျောက် သိပ်ချို့ငဲ့တဲ့ ထဲမှာ ပါမနေဘဲ အထိုက်အလျောက် ပြည့်စုံနေကြတယ်..။ တကယ်ဆင်းရဲသူများကျတော့ ပညာရေးက မတော်နေကြဘူး..။ ဆင်းရဲချို့ငဲ့တဲ့ ကလေးငယ်တွေကတော့ များမှများ ပေါ့..။
ဆယ်ယောက်မှာ ကိုးယောက်လောက်က မပြည့်မစုံနဲ့ ကျောင်းတက်နေကြ တာပဲ..။ ဆရာဆရာမတွေအနေနဲ့ အချို့ငဲ့ဆုံး အဆင်းရဲဆုံး ရွေးထုတ်ဖို့တောင် အတော့်ကို ခက်ခဲနေခဲ့တယ်လို့ တဆင့်ပြန်ကြားရတဲ့အထိ.. ရွာဖက်မှာ စီးပွားရေး ကပ်ပျက်ဆိုက်နေခဲ့တယ်..။ ခပ်နာနာလေး ပြောရရင် အမွဲပြိုင်တာမှာ အားလုံးက သူမသာကိုယ်မသာ သူတင်ကိုယ်တင် အကြိတ်အနယ် ဗိုလ်လုနေကြသလား အောက်မေ့ရပါတယ်..။
မွဲတာမှ.. အခုမှ မွဲတာမဟုတ်ဘူး..။ ရွှေခုနှစ်ဆက်မျိုးခုနှစ်ဆက် မွဲလာတာ.. ဘိုးဘွားမွဲ လို့ ပြောနိုင်သူတွေလည်း ဒုနဲ့ဒေး ရှိနေခဲ့ဟန် တူပါရဲ့..။
နောက်ဆုံးတော့ ဆင်းရဲပညာတော် ရှာမရလည်း.. ဆင်းရဲတဲ့သူ သပ်သပ်.. ပညာတော်သူ သပ်သပ် .. တတ်နိုင်တာ ထောက်ပံ့ဖို့ပဲ ကျွန်တော်ဆုံးဖြတ်လိုက်ရပါတယ်..။
အဲဒီမှာ ကိုးတန်းဆယ်တန်း .. နှစ်တန်းပေါင်း ကျောင်းသားကျောင်းသူ အယောက်နှစ်ဆယ် စာရင်းနဲ့တကွ ကျောင်းအုပ်ဆရာမကြီးက ကျွန်တော့်ကို ပေးပါတယ်..။ ပညာတော် မဆင်းရဲ က ကိုးတန်း သုံးယောက်၊ ဆယ်တန်း သုံးယောက် .. စုစုပေါင်း ခြောက်ယောက်ပေါ့..။ ကျန် တဲ့ ဆယ့်လေးယောက်က ချို့ငဲ့ကျောင်းသားကျောင်းသူများ ပေါ့..။
အဲသလို လူရွေးပြီးတော့ တစ်ယောက်ကို ပလာစာအုပ်တစ်ဒါဇင်၊ ဘောလ်ပင်တစ်ဒါဇင် ပေးဖို့ ရွာကိုအကြောင်းကြား ရပါတယ်..။ တစ်ယောက်ကို ခန့်မှန်းကုန်ကျငွေ.. ခြောက်ထောင်ငါးရာ လောက် ရှိပါတယ်..။ အယောက်နှစ်ဆယ်ဆိုတော့ စုစုပေါင်း တစ်သိန်းသုံးသောင်းလောက် ကုန်တာမို့ ကျွန်တော့်ဆီမှာ အလှူရှင်များရဲ့ ပိုငွေ နှစ်သိန်းခုနှစ်သောင်းလောက် (ks.270,000.00) ကျန်နေပါတယ်..။
လက်ကျန်ငွေ မရှိအောင်. ကျန်တဲ့ငွေအားလုံးကို ဝေပုံကျ သူတို့လိုအပ်မယ့် စာရေးကိရိယာတွေ ၀ယ်ခြမ်းပေးလို့ မရဘူးလားဆိုတော့ ရပါတယ်..။
ဒါပေမယ့် ကျောင်းသားကျောင်းသူတွေရဲ့ လိုအပ်ချက်ကို တခဏ ဖြည့်ဆည်းပေးတာထက်စာရင် တဘ၀စာ အကျိုးကျေးဖူး ဖြစ်အောင် ထောက်ပံ့တာမျိုးကို ကျွန်တော်ကြိုးစားကြည့်ချင်နေမိတာမို့.. ရှိသမျှငွေကို ပုံအောပြီး တခါတည်း လှူလိုက်တာမျိုး ကျွန်တော် မလုပ်တာပါပဲ..။ ဒါကို အလှူရှင်များ ကျေနပ်နိုင်လိမ့် မယ်လို့လည်း မျှော်လင့်မိပါတယ်..။
ကျွန်တော်တို့ လူမျိုးဟာ.. ကိုယ့်အတွက် ခွဲတမ်းရတဲ့ ဆေးဝါးကိုတောင် ရောဂါမွေးထားပြီး ပြန်ရောင်းစား နေကြရပါတယ်..။ ကိုယ့်ရောဂါပျောက်ဖို့ထက်.. ကိုယ့်အိမ်စားဝတ်နေရေးကို ဦးစားပေးရတဲ့ ဘ၀တွေ မို့ သူတို့ကို အပြစ်မတင်ရက်ပေမယ့်.. ရောဂါသည်တွေကို တကယ် ထိရောက်တဲ့ ကူညီမှုပေးဖို့ဆိုရင် .. ဆေးခွဲတမ်း ထိုင်ဝေနေရုံနဲ့တော့ မရပါဘူး..။
ဆင်းရဲတဲ့ ကလေးငယ်များ အနေနဲ့ ကျောင်းဝတ်စုံလည်း ချို့တဲ့မှာပါ..။ ပလာစာအုပ် ခဲတံ ဘောလ်ပင်လည်း လိုအပ်မှာပါပဲ..။ အဲဒါတွေကို ထောက်ပံ့ပေးကမ်း တာ မကောင်းဘူးလားဆိုတော့ မကောင်းဘူးတော့ မဟုတ်ပါဘူး..။ ကောင်းပါတယ်..။ ဒါပေမယ့် အဲဒါတွေ ပြည့်စုံနေတာထက် သူတို့တတွေ တကယ်တတ် တကယ်တော်သူလေးတွေ ဖြစ်အောင် ပံ့ပိုးနိုင်တာက ပိုလို့ ကောင်းပါတယ်..။
အခုလာမယ့် နွေရာသီ ကျောင်းပိတ်ရက်ကစလို့ ရွာမှာ “ ဆရာသိုက် ပညာရိပ်မွန် ” ဆိုတာမျိုး စပြီး အကောင်အထည် ဖော်ပါ့မယ်..။ ဆရာသိုက်ခေတ်လွန် ဆမိတ်ခုံ ရွာက ကျောင်းသားမောင်မယ်လေးတွေကို အင်္ဂလိပ်စာ တကယ်တတ်သူလေးတွေ ဖြစ်အောင် ကျွန်တော် ကြိုးစား ပျိုးထောင်ပါ့မယ်..။ ဘ၀အတွေးမြင် မနိမ့်ကျသူ များဖြစ်အောင် ကျွန်တော်တို့ တတ်နိုင်သမျှ ၀ိုင်းဝန်းပါ့မယ်..။
ဘ၀ကို ဦးတည်တဲ့သင်ကြားမှု ပုံစံဟာ သူတို့လေးတွေအတွက် တကယ့်ကို အကျိုးကျေးဇူး ထူးစေမှာပါ..။ လှမ်းရမယ့် ခရီးက ဝေးပေမယ့် ကျွန်တော့်မှာ လုံလောက်တဲ့ အားအင် နဲ့ ယုံကြည်မှု ရှိပါတယ်..။ အဲဒါတွေအတွက်လည်း ဒီဘလော့ဂ်ကို ၀င်ရောက်ဖတ်ကြသူများနှင့်တကွ အလှူရှင်များကို ကျေးဇူး တင်ရပါတယ်..။
သူတို့လှူဒါန်းကြတာတွေက အစပြုလို့ ကျောင်းသားလူရွယ်မောင်မယ်တွေအတွက် ကျွန်တော်လုပ်ပေးနိုင်တဲ့ ကွက်လပ်တစ်ခု.. မြင်ခွင့်ရခဲ့တာပါ..။
Subscribe to:
Post Comments (Atom)
9 comments:
တင်တင်ချင်းပဲ လာဖတ်သွားတယ်...
လေးစားပါတယ် bro!
ကိုယ်တိုင်မလျူနိုင်သေးပေမဲ့ လျူတဲ့သူရော၊ဒီအလျူကိုဖြစ်မြောက်အောင် လုပ်ပေးသူရော ဒိပို့စ်လေးဖတ်ပီး ရင်ထဲမှာပီတိဖြစ်ပါတယ်ရှင်
ကောင်းပါ့ဗျာ၊မည်ကဲ့သို့မျှဝေဖန်စရာမရှိပါ။
Very Good Idea!
နောက်တခေါက် အစီအစဉ်ဖြစ်ရင်လည်း ပြောပါအုန်း။
ကျော်နော်လည်းလှူချင်လို့။
ဒီတခေါက်က သိတာနောက်ကျသွားတယ်။
ကြည်နူးစရာ ဒါနလေးတစ်ခုပါပဲ... သာဓုခေါ်သွားပါတယ်ဗျာ...
မိုးမောင်(happycloud)
“ခပ်နာနာလေးပြောရရင် အမွဲပြိုင်တာမှာ အားလုံးက သူမသာကိုယ်မသာ၊ သူတင်ကိုယ်တင် အကြိတ်အနယ် ဗိုလ်လုနေကြသလား အောက်မေ့ရပါတယ်” ဆိုတဲ့စာသားကိုဖတ်မိတဲ့အခါ ဗြုန်းကနဲတော့ ရယ်မိလိုက်တယ်။ အဲဒီနောက်မှာတော့ ရင်ထဲမှာ ခပ်နာနာလေး ခံစားလိုက်ရပါတယ်။ ဒီအလှုနဲ့ပတ်သက်သူအားလုံးကို လေးစားကျေးဇူးတင်လျက် ကိုယ်တိုင်လည်း ပါဝင်နိုင်အောင်ကြိုးစားပါဦးမည်။
စိတ်ချမ်းမြေ့စရာ အလှူပေါ့ အကို
သာဓုခေါ်သွားပါတယ်
လေးစားလျက်
တောင်ပေါ်သား
သာဓု...သာဓု...သာဓု...ပါ။
Post a Comment