Monday, February 2, 2009

39.3 ၀ိုင်နတ်သမီး ပြုစားတဲ့ည

မင်္ဂလာခရီး ဆယ်နှစ်တာကာလမှာ .. စိတ်သဘောထားခြင်းမတိုက်ဆိုင်တာ၊ ကတောက်ကဆဖြစ်ရတာ လေးတွေ မကြာခဏ ကြုံရပါတယ်..။ ဒါပေမယ့်တစ်ယောက်နဲ့တစ်ယောက် အဖုအထုံး၊ အကြိတ်အခဲတွေဖြစ်ပြီး တစ်ရက်ကနေနှစ်ရက် မပြောနိုင်မဆိုနိုင် ဖြစ်ရတာမျိုးတော့ မရှိခဲ့သလောက်ပါပဲ..။ လင်မယား နှစ်ယောက် တစ်ယောက်အပေါ်တစ်ယောက် tolerate လုပ်နိုင်တာကလည်း ကြီးကြီးမားမား ပြဿနာမဖြစ်တဲ့ အကြောင်းရင်း တစ်ခုဖြစ်မယ် ထင်ပါတယ်..။

တကယ်တော့ အိမ်ထောင်သည်ဘ၀ အချစ်ဆိုတာ ဘက္ထရီအိုး တစ်လုံးလိုပါပဲ..။ သုံးပါများ အချိန်ကြာရင် ဘက္ထရီအား ကုန်ခမ်းသွားသလို မျိုး လင်မယားကြား က အချစ်ဆိုတာတွေကလည်း ရန်ဖြစ်လိုက် စိတ်ကောက်လိုက် အမြင်မကြည်မလင်ဖြစ်လိုက်နဲ့ တဖြည်းဖြည်းနဲ့ အားပျော့လျော့နည်းလာတတ်ပါတယ်..။ အဲသလို အားပျော့လာတဲ့ အချစ်တွေကို အချိန်မီ recharge ပြန်မလုပ်နိုင်ရင် အခန်းပျက်တဲ့ ဘက္ထရီအိုးလို ဖြစ်သွားပြီး အိမ်ထောင်ရေးမှာ ထိထိခိုက်ခိုက်လေးတွေ ဖြစ်လာတော့တာပဲ..။

သိပ်ကဗျာမဆန်ပေမယ့် အချစ်ဆိုတာ rechargeable ပဲ..။

ကျွန်တော်တို့ လင်မယားကတော့ စိတ်အခန့်မသင့် ဖြစ်ရတာလေးတွေ ရှိတိုင်း တနည်းနည်းနဲ့ တစ်ယောက်ယောက်က အလျော့ပေးပြီး ပြန်လည် သင့်မြတ်အောင် ကြိုးစားဖြစ်ကြတယ်..။ recharge လုပ်တဲ့ သဘောပေါ့..။ တခါတရံမှာ အဲဒါမျိုးလေးတွေက ပျော်ဖို့တောင် ကောင်းပါတယ်..။ တခါတရံကျတော့လည်း ငိုအားထက် ရယ်အားသန်အဖြစ်မျိုးလေးတွေနဲ့ ကြုံရပြီး ကြည်ကြည်နူးနူး ဆွတ်ဆွတ်ပျံ့ပျံ့ ခံစားရတဲ့ အထိ ပဲ..။

လွန်ခဲ့တဲ့ သုံးလလောက်က အဖြစ်အပျက်ဆိုရင် အိမ်ထောင်သက်ဆယ်နှစ်မှာ ပြန်တွေးမိတိုင်း လင်မယားနှစ်ယောက်စလုံး မရယ်ပဲမနေနိုင်တဲ့ အဖြစ်အပျက် တစ်ခုပဲ။

ဇာတ်လမ်းက ကျွန်တော်ရုံးကအပြန် သားနဲ့သမီးကို ကျုရှင်ဝင်ကြိုဖို့ မဒမ်က ဖုံးလှမ်းဆက်တာကနေ စတာပဲ.။ ဟမ်းဖုံးများကလည်း သိတော်မူတဲ့အတိုင်း connection က လွှတ်ကောင်းတော့ မဒမ်ပြောတာ ကျွန်တော်မကြား.. ကျွန်တော်ပြောတာ မဒမ်မကြားနဲ့ ဖြစ်ကုန်တာပေါ့..။

အရေးထဲ ဘုရင့်နောင်ပွိုင့်မှာ ကားတွေကပိတ်ပြီး အဲဒီနေရာက connection မမိတော့ မဒမ့်ဆီ ကျွန်တော်ခေါ်မရသလို.. ကျွန်တော့်ဆီလည်း ဘယ်လိုမှ မဒမ် ခေါ်မရတော့ဘူး။ connection ပြန်မိတော့လည်း နှစ်ယောက်စလုံး စိတ်အခံတွေက မကောင်းနေကြတော့ တစ်ယောက်နဲ့တစ်ယောက် စကားလုံးတွေနဲ့ ပစ်ပေါက်မိကုန်တဲ့အထိ ဖြစ်ကုန်ကြတယ်..။

မဒမ်ကလည်း ဒေါသထွက်နေတော့ “တော်.. အချိန်ရှိသရွေ့ ဆက်သွယ်မှုဧရိယာပြင်ပချည်း သွားနေတယ်.. ကလေးတွေ ကျောင်းကြိုမယ့်အချိန်တော့ ဆက်သွယ်မှု ဧရိယာထဲ လာပါအုံး ” တဲ့ .. ခပ်ငေါ့ငေါ့လေး ပြောတယ်..။

ကျွန်တော်လည်း စိတ်ကအချဉ်ပေါက်နေပြီမို့ “ ဟ.. မင်းကြီးဒေါ် ဆက်သွယ်ရေးကိုက လိုင်းမမိတာကွ..ငါကပဲ အားအားယားယား ဆက်သွယ်မှုဧရိယာပြင်ပချည်း သွားနေတယ်ဖြစ်ရသေးတယ်.. ခွီးတဲ့မှ ” လို့ ပြန်ကော မိတယ်..။ နောက်ဆုံးတော့ ဖုံးထဲမှာ မင်းကဘာငါကဘာ နဲ့အော်ကြဟစ်ကြရင်း မဒမ်က ဖုံးကို ဆောင့်ကြီး အောင့်ကြီးနဲ့ ချသွားခဲ့တယ်..။

ခဏနေ ကျွန်တော်အိမ်ပြန်ရောက်တော့.. လှေကားမှာ မဒမ်နဲ့ အတက်အဆင်း တွေ့တယ်..။ စောစောက တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်ထားကြတာဆိုတော့ ကျွန်တော်လည်း ဖာသိဖာသာပဲ အပေါ်တက်လာခဲ့တော့တယ်..။ မဒမ်ကလည်း စကားတစ်ခွန်းမှ မဟဘဲသုတ်သုတ် သုတ်သုတ်နဲ့ ဆင်းသွားတယ်..။

တော်နေကြာတော့ ကျွတ်ကျွတ်အိတ်တွေ တပွေ့တပိုက်နဲ့ မဒမ် ပြန်ရောက်လာတယ်..။

စီးတီးမတ် ကနေ ဘီယာနဲ့ ၀ိုင်တွေ ၀ယ်ချလာတာပဲ..။ မြည်းဖို့ ဆိတ်သားကြော် သုံးလေးထုတ်နဲ့ အာလူးကြော် နှစ်ထုတ်လောက်လည်း ပါတယ်..။ ကျွန်တော် စိတ်တအားဆိုးသွားတာ သိလို့ ပြန်လည်ငြိမ်းချမ်းရေးအတွက် ဘီယာတွေ ၀ယ်လာတာပဲ..။ သူ့အတွက်က ၀ိုင်ပေါ့..။ လင်မယားနှစ်ယောက် ရန်ဖြစ်ပြီး ပြန်လည် သင့်မြတ်ရေး သောက်ပွဲသဘင် ဆင်ယင်ကျင်းပမယ်ဆိုတဲ့ အထာနဲ့ ပဲ..။

ဒါပေမယ့် သူကလည်း အစောက အရှိန်နဲ့ ကျွန်တော့်ကို ဘီယာသောက်ပါလို့ ပြောဖို့ ခက်နေတော့ သူ့ဖာသာ ၀ိုင်တပုလင်းပြီးတပုလင်း ဖောက်သောက်နေတော့တယ်..။ ကျွန်တော်လည်း သိသိနဲ့ အမြင်ကကတ်နေတော့ မသိချင်ယောင် ဆောင်ပြီး ဘီယာမသောက်တော့ပဲ တီဗွီထိုင်ကြည့်နေလိုက်တယ်...။

မဒမ်ကတော့ အိပ်ခန်းထဲမှာ ဘီရိုကို ခြေကန်ပြီး အာလူးကြော် တဂျွမ်းဂျွမ်းနဲ့ သောက်နေတာ အတော့်ကိုရေချိန်က ကိုက်နေပြီ..။

အချိန်တန်လို့ ကျွန်တော်အိပ်ရာထဲ ရောက်တဲ့အထိ သောက်လို့ သူမပြီးသေးဘူး..။ ကျွန်တော်လည်း နေပေ့စေ ဆိုတဲ့ အတွေးနဲ့ မျက်စိအတင်းမှိတ်ပြီး အိပ်ဖို့ လုပ်တယ်..။ ခပ်မှေးမှေးလေး ဖြစ်မလို့ ရှိသေးတယ် အိကနဲ ငိုသံက ထွက်လာတယ်..။ ဗုဒ္ဓေါ.. ငိုဟယ်ယိုဟယ်တော့ ဖြစ်ကုန်ပြီ ..ကလေးတွေ နှိုးကုန်ရင် ခက်ရချည်ရဲ့ လို့ တွေးမိတာနဲ့ အိပ်ယာက ကပျာကယာ ထပြီး “ အိပ်ကြရအောင်.. ဘာလို့ငိုတာလဲ .. လာလာ ” နဲ့ ချော့ရတော့တာပေါ့..။

သူကလည်း အချော့စောင့်နေတာဆိုတော့ ကျွန်တော် အဲသလိုမျိုး ပြောလိုက်တာနဲ့ပဲ.. ဆင်ရိုင်းချွန်းလွှတ်လိုက်သလိုမျိုး၊ ပိတ်ဆို့ကာဆီး ထားတဲ့ ရေကာတာကြီး ကျိုးပေါက်သွားသလိုမျိုး သူ့စိတ်ကို လွှတ်ပေးလိုက်ပြီး ကျွန်တော့်ကို ဖက်၊ တအီးအီး နဲ့ ငို၊ ကိုရီးယားပြောပြောရရင် အငမ်းမရ အကြင်နာတွေ ပေးတော့တာပဲ..။

အမယ်မင်း ချဉ်တူးတူး ချဉ်စုပ်စုပ်နဲ့ နံလိုက်တာဆိုတာ မပြောပါနဲ့တော့..။ ကိုယ်ကသောက်မထားတော့ ပိုဆိုးတာပေါ့..။

အခြေအနေက “နံတယ်ကွ.. ဂလောက်ဆို တော်ရောပေါ့” လို့လည်း တားရဖို့ လမ်းမမြင်တော့ ကျွန်တော့်မှာ လက်ဝှေ့သမားတွေ ခေါင်းထိုးခံသလိုမျိုး သူ့ချိုင်းအောက်ကို ခေါင်းအတင်းတိုးခွေ့ နေရတော့တယ်..။

အိပ်ရာထဲ ရောက်တဲ့အထိ ခြင်ထောင်အမိုးကို မျှော်ကြည့်ရင်း “ ဘုရား ဘုရား ဒီမိန်းမ ငါ့ကို နောက်ထပ် မနမ်းပါစေနဲ့ ” လို့ တိတ်တိတ်ကြိတ် ဆုတောင်းနေခဲ့ရတယ်။

နောက်တနေ့မနက် မှာ အဲဒီအကြောင်း ကျွန်တော် ပြန်ပြောတော့ “ မှတ်ပြီလား .. ကိုယ်ချင်းစာတတ်ပြီလား ” တဲ့..။ မဒမ်က ပြုံးစေ့စေ့နဲ့ ပြန်ပြောတယ်..။

ကုန်ခမ်းသွားတဲ့ အချစ်တွေကို recharge ပြန်လုပ်တာမှာ over-charge လုပ်မိရင်လည်း အိုးနာတယ် အရပ်ကတို့ရေ..။

39.4 လင်ဇီးမုန်တိုင်း မွှေတဲ့နေ့ ( အပိုင်းတစ် )

လူပျိုဘ၀မှာကတည်းက လင်ဇီးဆေးနဲ့ ပါတ်သက်တဲ့ ဟောပြောပွဲဆန်ဆန်၊ စည်းရုံးရေးပွဲဆန်ဆန် မျိုးတွေကို ကြားဖူးခဲ့တယ်..။ အလုပ်ထဲက သူငယ်ချင်း တစ်ယောက်က အဲဒီပွဲမျိုးတွေဆို မလွတ်တမ်း တက်ပြီး ပြန်ဖောက်သည်ချလေ့ ရှိတာမို့ .. သူတို့ marketing လုပ်ပုံလုပ်နည်းတွေနဲ့လည်း မစိမ်းလှဘူး..။

အလံရှူး သဘောမျိုးဆန်ဆန်.. တက်ရောက်လာတဲ့ ပုရိတ်သတ်ထဲက ဘယ်သမားတော်ကုကု မပျောက်တဲ့သူ့ရောဂါ.. လင်ဇီးနဲ့တွေ့မှ အမြစ်ပြတ်သွားတဲ့ အကြောင်း ထပြောတာမျိုးတွေ၊ နားထောင်နေတဲ့ ပုရိတ်သတ် နောက်တစ်ယောက်က “ဟုတ်ပါတယ်၊ မှန်ပါတယ်၊ ကျွန်တော့်လည်း ကိုယ်တွေ့ဗျ ” လို့ ထ ထောက်ခံလေ့ ရှိတာတွေကို တဆင့်ကြားနဲ့ ကျွန်တော် နားရည်ဝနေခဲ့တယ်..။

ကိုးဆယ့်ခြောက်ပါးတင်မက.. မဖြစ်သေးတဲ့ ရောဂါတောင်ကြွထလာပြီး ပျောက်ကင်းစေလောက်အောင် စွမ်းတယ်ပြောပြီး လက်တွေ့မှာ နောက်ဖေးပေါက်က marketing ဆင်းနေတဲ့ သူတို့လုပ်နည်းလုပ်ဟန်တွေကို သိပ်သဘောမတွေ့တာနဲ့ ကျွန်တော်ကတော့ ခပ်ကင်းကင်းလေး နေခဲ့တယ်..။ ကြာတော့လည်း အဲဒီအကြောင်းတောင် ခေါင်းထဲမရှိတော့ပါဘူး..။

နောက် ကျွန်တော်အိမ်ထောင်ကျတယ်..။ မဒမ်နဲ့လည်း အဲဒီအကြောင်းကို စကားမစပ်မိတော့ အိမ်ထောင်သက်တလျှောက် မပြောဖြစ်သလောက်ပဲ..။ ဒါပေမယ့် လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတော့ လင်ဇီးက သူ့ထုံးစံအတိုင်း ကျွန်တော့်အိမ်နောက်ဖေးပေါက်ကနေ ၀င်လာခဲ့တယ်..။ ကလေးတွေကျောင်းပို့ရင်း မဒမ်နဲ့ ရင်းနှီးနေတဲ့ ကျောင်းသားမိဘတစ်ယောက် ကနေတဆင့် ရောက်လာခဲ့တာပဲ..။

မဟာရန်ကုန်မြို့တော်ကြီးမှာ ကလေးကျောင်းပို့ကျောင်းကြိုလုပ်ရတာကလည်း သိတော်မူကြတဲ့အတိုင်း.. ကျောင်းမဆင်းခင်ကတည်းက ကျောင်းရှေ့မှာ မိဘတွေက ကြိုစောင့်နေကြရတာဆိုတော့.. ကျောင်းဆင်းချိန်စောင့်ရင်း တူရာတူရာလေး စု၊ မိတ်တွေဖွဲ့၊ ရောက်တတ်ရာရာလေးတွေ ပြော နဲ့ မိဘတွေ ရင်းနှီးသွားကြတယ်..။

အဲသလိုရင်းနှီးသွားရာကနေ လင်ဇီးရဲ့ ကမ္ဘာကျော် multilevel marketing ထဲ မဒမ် မျောပါသွားခဲ့တယ်..။

အစကတော့ ကျွန်တော်လည်း မရိပ်မိပါဘူး..။ မဒမ်ကလည်း ကျွန်တော်မကြိုက်လောက်တာ သိတယ်နဲ့ တူတယ်..။ မပြောဘူး..။ ဒါပေမယ့်.. တစ်ရက် ကျွန်တော်ရေချိုးတော့ ရေချိုးဆပ်ပြာက သုံးနေကျဆပ်ပြာမျိုးမဟုတ်ဘဲ ခပ်ညိုညိုဖြစ်နေတော့ ဘာဆပ်ပြာလဲပေါ့..။ စပ်စုကြည့်မိတယ်..။ အနံ့ကလည်း မမွှေး၊ ဆပ်ပြာပုံကလည်း ငယ်တုံးက သုံးခဲ့ရတဲ့ ဆင်ချေးတုံးဆပ်ပြာလို ပုံမလာပန်းမလာနဲ့ ..။ တံဆိပ်ကြည့်တော့ ကြားဖူးနေတဲ့ လင်ဇီးကုမ္ပဏီတစ်ခုရဲ့ နာမည်တွေ့ရတယ်။

နည်းနည်းတော့ မသိုးမသန့် ခံစားမိပေမယ့် မဒမ် ကြုံလို့ ၀ယ်လာတယ် ထင်တာနဲ့ ထွေထွေထူးထူးတော့ မမေးဖြစ်ပါဘူး..။ နောက်တစ်ပတ်လောက် ကြာတော့ သွားတိုက်ဆေးကလည်း လင်ဇီးသွားတိုက်ဆေး ဖြစ်နေတာ တွေ့ရပြန်တယ်..။ ခေါင်းလျှော်ရည်ကလည်း လင်ဇီးခေါင်းလျှော်ရည် တဲ့..။ ဒီအတိုင်းဆိုရင်တော့ မဖြစ်ချေဘူး ဆိုပြီး မဒမ့်ကို မေးရတော့တယ်..။

အဲဒီတော့မှ ကလေးတွေကို တိုက်နေတဲ့ အားဆေးကအစ လင်ဇီး ဖြစ်နေတာ သိရတော့တယ်..။ ကျောချမှန်း ဓါးပြမှန်းသိဆိုတာမျိုးပဲ..။

မဒမ့်ကိုတော့ ပြေရာပြေကြောင်းနဲ့ multilevel marketing အကြောင်း ရှင်းပြရတယ်..။ ဒါပေမယ့် ရှင်းရင်းတန်းလန်း သူလုပ်တဲ့ ကိစ္စ မကောင်းပြောရကောင်း လားဆိုပြီး မဒမ်က ကဏ္ဍကောစ ပြန်ပြောတော့ လင်မယားကြား စကားတွေက ဟိုရောက်ဒီရောက်နဲ့ ပွဲက ဆူကုန်တော့တယ်..။ အိမ်ရဲ့ ၀င်ငွေရရာရကြောင်းကို သူလည်း တတပ်တအား လင်ဇီးရောင်းပြီး ရှာနိုင်တော့မယ်ဆိုတဲ့ အတွေးနဲ့ ပျော်နေတဲ့အချိန် ကျွန်တော်က အဲဒီကိစ္စ ရပ်တန်းကရပ် လုပ်လိုက်တော့ မဒမ့်ခမျာ အတော့်ကို စိတ်ပျက်သွားဟန်ရှိတယ်..။

သူမှန်တယ်လို့လည်း နှစ်နှစ်ကာကာ ယုံနေတယ်နဲ့ တူပါတယ်..။ ရန်တွေ့လိုက်တာမှ..

“တော်တို့ယောက်ျားတွေက မိန်းမတွေကို အထင်ကိုသေးလွန်းတယ်..၊ အကောင်းမမြင်ဘူး..၊ ကျုပ်တို့မှာလည်းကျုပ်တို့ အသိုင်းအ၀ိုင်း ကျုပ်တို့ အစွမ်းအစ နဲ့ ငွေရှာ နိုင်ပါတယ်..”

“ အခု ကုမ္ပဏီကလည်း တကမ္ဘာလုံး ရုံးခွဲတွေ အများကြီး ရှိတဲ့ကုမ္ပဏီ..၊ အားလုံးကလည်း လူကြီးလူကောင်းတွေချည်း..၊ နိုင်ငံတကာ အသိအမှတ်ပြု အထောက်အထား တွေဆိုလည်း ပုံထောင်လို့.. ရှင်မယုံရင်.. လိုက်ခဲ့ ”

အတော့်ကို ပြင်းပြင်းထန်ထန်ပါပဲ..။ ကျွန်တော်ဖြင့် လင်မယားသက်တမ်းတလျှောက် အဲသလောက် တခါမှ မဒမ် မာမာထန်ထန် ပြန်ပြောတာ မကြုံခဲ့ဖူးဘူး..။ အဲဒီနေ့က ကိုယ်ပြောတာ သူလက်မခံ၊ သူပြောတာ ကိုယ်လက်မခံနဲ့ လိပ်ခဲတင်းတင်းနဲ့ ဇာတ်လမ်းက ပြီးသွားခဲ့တယ်..။

ဒါပေမယ့် တားမရလို့ လင်ဇီးဆေး လင်ဇီးအသုံးအဆောင်တွေ သုံးချင်တယ်ဆိုရင် တစ်ယောက်တည်းသာသုံး၊ ကလေးတွေကိုတော့ ဒီနေ့ကစပြီး အဲဒီဆေး မတိုက်ရဘူး ဆိုတာတော့ ကျွန်တော် တင်းတင်းမာမာလေး ပြောလိုက်တယ်..။ မဒမ်ကတော့ သိပ်ကျေနပ်ပုံတော့ မရှိဘူး..။ နောက်နှစ်ရက်လောက်မှာ.. သူ့ကို လင်ဇီးနဲ့မိတ်ဆက်ပေးတဲ့ အမကြီးနဲ့ တွေ့မလား လို့ မေးလာတယ်..။ အဲဒီအမကြီးကလည်း ကျွန်တော့်ကို တွေ့ချင်နေတယ်တဲ့..။

အဲဒါဆိုလည်း ခေါ်ခဲ့ပေါ့..။ တွေ့ရသေးတာပ လို့ တွေးပြီး ကျွန်တော်လည်း မဒမ့်အစီအစဉ်ကို လက်ခံလိုက်တယ်..။

နောက်ရက်ကျ.. ၀တ်ကောင်းစားလှနဲ့ သက်လတ်ပိုင်းအရွယ် မိန်းမတစ်ယောက် မဒမ်ကလေးတွေကို ကျောင်းကြိုအပြန်မှာ အိမ်ပါလာခဲ့တယ်..။ မဒမ်ကပဲ ဦးဆောင် ပြီး မိတ်ဆက်ပေးတယ်..။ လောက၀တ်အရ ကျွန်တော်လည်း ကောင်းကောင်းမွန်မွန်ပဲ ပြန်ပြောရင်း ဧည့်ခန်းမှာ စကားပြောဖြစ်ကြပါတယ်..။ အစပိုင်းမှာတော့ အတော့်ကို မွန်မွန်ရည်ရည်နဲ့ အေးအေးသက်သာ ဆွေးနွေးဖြစ်ကြပါတယ်..။

သူတို့ကုမ္ပဏီ နဲ့ ဆိုင်တဲ့ စာရွက်စာတမ်းတွေ၊ ကျန်းမာရေးဆိုင်ရာ ထောက်ခံချက်တွေ၊ သက်သေ သာဓက အထောက်အထားတွေ တပုံတပင်လည်း ကျွန်တော် ကြည့်ခွင့်ရပါတယ်..။ သူတို့ဆေး ဘယ်လို စွမ်းကြောင်း ဟိမ၀န္တာချီးမွမ်းခန်း ဖွင့် တာလဲ နားထောင်ရသေးတယ်..။

သူ့ဖက်က ပြောစရာရှိတာ၊ ရှင်းပြစရာ ရှိတာလေးတွေ ပြောပြီးတော့ ကျွန်တော်မေးချင်ရာမေး ပေါ့..။ မဒမ်ကတော့ သူ့လူ ရှင်းပြတာတွေကို သဘောအကျကြီး ကျပြီး ပြုံးတုံးတုံးနဲ့ ကျွန်တော့်ကို ကြည့်နေတယ်..။

မဒမ့်မျက်နှာပေးကို မသိချင်ယောင်ဆောင်ပြီး “ ဒီလောက်စွမ်းတဲ့ဆေးတွေကို ဘာလို့ တီဗွီတို့တခြားမီဒီယာတို့ကနေ ကြော်ငြာပြီး မရောင်းတာလဲ ” လို့ ကျွန်တော် စမေးတယ်..။ ကုမ္ပဏီ ပေါ်လစီအရကိုက အဲသလို ကြော်ငြာရောင်းခွင့် မရှိပါဘူး တဲ့..။ တဆက်တည်း.. ကျွန်မတို့ရဲ့ ဈေးကွက်ထိုးဖောက်မှုက '' mouth to mouth" ကို အခြေခံပါတယ် တဲ့..။

ဗုဒ္ဓေါလို့ တွေးမိရင်း ဘယ်နှယ့် " word of mouth " က .. " mouth to mouth " ဖြစ်ရတာလဲ ဆိုပြီး ရယ်ချင်စိတ်ကို ကျွန်တော့်မှာ မနည်းထိန်းထားရတယ်..။ အော်.. ခင်ဗျားတို့ ကုမ္ပဏီက ရှေးဦးသူနာပြုစုတဲ့နည်းနဲ့ ဈေးကွက်ကို ထိုးဖောက်တာလား လို့တော့ မမေးတော့ပါဘူး..။ ဒါပေမယ့် အမပြောနေတာ " word of mouth " လို့ တော့ ပြန်ထောက်ပေးလိုက်တယ်..။

39.5 လင်ဇီးမုန်တိုင်း မွှေတဲ့နေ့ ( အပိုင်းနှစ် )

သူနဲ့ကျွန်တော် စကားပြောတာ နည်းနည်းလေး အရှိန်ရလာတော့.. ကျွန်တော်လည်း တခါတရံ ထုတ်ထိုးအိုးပေါက်လေးတွေ ပြောမိလာတယ်..။ ခုမှတွေ့ကြတယ် ဆိုပေမယ့်.. ဆွေးနွေးတဲ့အကြောင်းအရာက လိုရင်းမရောက်တော့.. အငြင်းအခုန်လေးတွေ ဖြစ်လာတော့တာပဲ..။ သူကလည်း မလျော့ဘူး..။ ဇွဲကြီး တယ်..။ ဘာလို့ လင်ဇီးကို တီဗွီကနေ မကြော်ငြာရတာလဲ ဆိုတာကို.. တမျိုးပြီးတမျိုး ဆင်ခြေပေးတယ်..။

လင်ဇီးဟာ ဆေးမဟုတ်ဘဲ ဓါတ်စာ သာဖြစ်တယ်..။ ဒါကြောင့် ဆေးတွေ ကြော်ငြာသလိုမျိုး ကြော်ငြာရောင်းလို့ မဖြစ်ဘူး လို့ သူအကြောင်းပြတယ်..။ ဓါတ်စာ ဆိုတော့လည်း ဓါတ်စာလို့ ကြော်ငြာပေါ့ လို့ ကျွန်တော်ပြန်ပြောတော့လည်း အဲသလိုလည်း မဟုတ်ပြန်ဘူးလို့ ပြောပြန်တယ်..။

နောက်ဆုံးတော့ ကျွန်တော်လည်း

“ အမတို့ ကုမ္ပဏီက ကျွန်တော်သိသလောက် non-profit organization မှ မဟုတ်ဘဲ.. ဒီထက်ဒီ ပိုပြီး ရောင်းအားကောင်းမယ့်ကိစ္စမျိုး လုပ်နိုင်ရမှာပေါ့ ”..

“ ကဲ.. ဒီလိုလုပ်..၊ အမတို့ ကုမ္ပဏီလူကြီးတွေကို ပြောလိုက်..၊ အမတို့ရဲ့ အခုရောင်းအားကို နှစ်ဆဖြစ်အောင် ကျွန်တော်တာဝန်ယူတယ်..။ marketing ကို ကျွန်တော့်လွှဲလိုက်..။ အမတို့ဖက်က အမတို့လင်ဇီးရဲ့ အစွမ်းသတ္တိတွေကိုသာ တာဝန်ယူပေး.. ကျန်တာ ကျွန်တော့်တာဝန်ထား..ဘယ်လိုလဲ ” ပေါ့..။

challenge လုပ်သလိုမျိုး ဆိုပေမယ့်.. မတတ်နိုင်တော့ဘူး..။ ပွဲက.. လိုရင်းမရောက်ဘဲ ပေက ရှည်နေပြီ..။ ဒါတောင်.. တီဗွီမှာ ကြော်ငြာရောင်းဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး လုပ်နေလို့ “ ဘာတုံး၊ ကျိန်စာဆိုထားလို့လား ” လို့ ခပ်ငေါ့ငေါ့လေး ပြန်မေးလိုက်မှ ငြိမ်သွားတယ်..။

ကောင်းတော့ မကောင်းဘူးပေါ့..။ ကိုယ်က အိမ်ရှင်ဖြစ်ပြီး ဧည့်သည်ကို အငေါ့်တူးပြောသလိုမျိုးတွေ ဖြစ်ကုန်တာ..။

ဒါပေမယ့်.. သူတို့လင်ဇီးက AIDS တောင်ပျောက်တဲ့ အထောက်အထားတွေ ရှိတယ် ဆိုပြီး ရောင်းတော့ အချဉ်ဖမ်းရောင်းသလိုမျိုး လုပ်နေတယ်..။ ဘယ်လို ဆင်ခြေနဲ့ ဖုံးဖုံး ကျေနပ်လောက်တဲ့အဖြေ မရတော့ ကျွန်တော်လည်း စိတ်က အချဉ်ပေါက်နေခဲ့ပြီ..။

AIDS သာ တကယ်ပျောက်ရင် ပွဲကပြီးပြီပေါ့..။ တကမ္ဘာလုံး ငွေကြေးဘီလီယံနဲ့ချီပြီး အဲဒီကိစ္စအတွက် သုတေသနတွေလုပ်.. အားထုတ်ကြိုးကုတ်နေကြတာပဲ..။ အဲဒါတွေအတွက် ပေးဆပ်ခဲ့ရတဲ့ အချိန်တွေ ငွေတွေဆိုတာ မနည်းလှတော့ဘူး..။ သူတို့ရဲ့လင်ဇီးသာ ပြောသလိုစွမ်းလို့ကတော့.. အခုလို နောက်ဖေးပေါက်က marketing ဆင်းနေတာမျိုး ဘယ်လုပ်စရာလိုလို့လဲ..။

ကမ္ဘာကို ခေါင်းမော့ရင်ကော့ကြော်ငြာပြီးသာ.. ရောင်းစမ်းပါ..။ မအောင်မြင်ရင် ပြောချင်တိုင်းပြော..။ အကျိုးအမြတ်ဆိုတာ စဉ်းကိုမစဉ်းစားနဲ့..။ အခုလို ရောင်းနေတာထက် အဆပေါင်းများစွာ မသာရင်.. ကြိုက်သလိုသာ ပြော..။ သေချာပေါက် ဖြစ်ကိုဖြစ်ရမှာပဲ..။ အခုတော့.. ကုတ်ကုတ်ကုတ်ကုတ် ဟိုလိုလို ဒီလိုလို နဲ့ အချဉ်ကြီးက အချဉ်လေးကိုဖမ်း၊ အချဉ်လေးက အချဉ်ပိစိကိုရှာ၊ အချဉ်ပိစိက အချဉ်သစ်လေးတွေ မွေးမြူ နဲ့ ချီတက်နေတယ်..။

သူတို့ အဲသလို ချီတက်တာက အရေးမကြီးဘူး..။ ကိုယ့်မိန်းမက အလားအလာရှိတဲ့ အချဉ်လေး လာဖြစ်နေတော့ ကျွန်တော့်မှာ တခါမှမတွေ့ဖူးတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူတင်ကိုယ်တင် စကားက ပြောနေခဲ့ရတယ်..။ heated debate ဆန်ဆန် ငြင်းတာခုန်တာလေးတွေ လုပ်နေခဲ့ရတယ်..။ အဲဒါတွေ မပြောချင်ပေမယ့်.. ကျွန်တော်တို့ပွဲကို ဘေးကနားထောင်နေတဲ့ မဒမ့်ကိုလည်း ကွက်ကွက်ကွင်းကွင်း သိသွားစေချင်နေတော့.. အမျိုးမျိုး လည်ပတ် ပြောနေခဲ့ ရတယ်..။

အဓိက က သူပဲလေ..။ ကျွန်တော်ဘယ်လောက်တားတား.. သူ့အတွေးထဲ အဟုတ်ထင်နေခဲ့ရင် ရှေ့မှာ မလုပ်ပေမယ့် ကွယ်ရာမှာ လုပ်ချင်လုပ်နေမှာပဲ..။ သူ့စိတ်ထဲ ရှင်းရှင်းလင်းလင်း သိသွားပြီး ရပ်တန်းကရပ်မှ ခိုင်မာမှာ ဆိုတော့ ကျွန်တော်လည်း အာပေါက်မတတ် ပြောရပါတယ်..။

ပြောရကျိုးတော့ နပ်ပါတယ်..။ အဲဒီနေ့ကစလို့ မဒမ် နဲ့ လင်ဇီးနဲ့ တခန်းရပ်သွားခဲ့တယ်..။ အဲဒီအမျိုးသမီးကတော့ မပြန်ခင်အထိ.. ကျွန်တော့်ကို သူတို့အဖွဲ့အစည်း ထဲ ၀င်ဖို့ ဆွယ်သွားသေးတယ်..။ ကျွန်တော်သာ ဆိုရင် သူတို့အဖွဲ့အစည်းရဲ့ အမြင့်ဆုံးအဆင့် member ဖြစ်နိုင်တယ် ပေါ့..။ တစ်ရက်လောက် သူတို့အကြီးအကဲ တွေနဲ့ လိုက်တွေ့ဖို့လည်း ခေါ်သေးတယ်..။

“လိုက်တော့ မလိုက်ပါရစေနဲ့.. အခု အမကို ကျွန်တော်ပြောတာလေးတွေသာ သူတို့ကို ပြန်မေးလိုက်ပါ.. ပြီးရင် သူတို့အဖြေ ကျွန်တော့်ကို ပြန်ပြောပေါ့.. အဲဒီအဖြေ ကြည့်ပြီးမှ သူတို့နဲ့ တွေ့မတွေ့ ကျွန်တော်ဆုံးဖြတ်ပါရစေ.. ” လို့ပဲ ပြန်ပြောလိုက်တယ်..။

အခုထိတော့ အကြောင်းပြန်တဲ့အဖြေ မရပါကြောင်း..။

....................... ......................................... .......................................... ..........................................

(ဘလော့ဂ်ကြွလာ ဆွေသဟာများ ...

လင်ဇီးအကြောင်း ရေးမယ် စ စိတ်ကူးတော့ ကိုယ်မယုံပေမယ့် ယုံနေသူများကို ထိထိခိုက်ခိုက် လုပ်သလိုများ ဖြစ်နေမလား တွေးမိတယ်..။ ဒါပေမယ့် လင်မယား နှစ်ယောက် လင်ဇီးနဲ့ ပတ်သက်ပြီး ကတောက်ကဆ ဖြစ်ခဲ့တာကလည်း အမှန်ဆိုတော့ အိမ်ထောင်သည်ဘ၀ ကြုံရဆုံရ ရေးတာမှာ အဲဒီအကြောင်းကို ချန်ထားခဲ့တာ မျိုးလည်း မလုပ်ချင်လို့ အမှန်အတိုင်း အလိုအပိုမရှိ တင်ပြလိုက်ရပါတယ်..။

ကျွန်တော်ရေးတာကို ဖတ်ပြီး တစ်စုံတစ်ခု စိတ်အနှောင့်အယှက် ဖြစ်ရတယ်ဆိုခဲ့ရင် မေ့လျော့သွားနိုင်ပါစေ လို့..)