Sunday, June 1, 2008

13.1 ရွာကနတ်ပွဲ

ဒီလိုအချိန် နွေခေါင်ခေါင်ဆိုရင်.. ကျွန်တော်တို့ရွာမှာ.. တအားကို ပူလေ့ရှိတယ်..။ မတ်လ ဧပြီလ မေလ လောက်မှာ.. တံလျှပ်တွေ ထလောက်အောင်အထိ.. အညာနွေက ပြင်းတယ်..။ နေ့လည်နေ့ခင်း မွန်းလွဲ နှစ်ချက်တီးလောက်ဆိုရင်.. အိမ်ထဲက သင်ဖြူးဖျာကအစ.. ပူနေတတ်တယ်..။ လေ လေးတိုက်လို့ အေးမလား ထင်ရင် မှားသွားမယ်..။ လေကစ လေပူပဲ တိုက်တယ်..။

ဒီအပူ ဒီနေ ဒီလေတွေနဲ့ မွေးကတည်းက.. နေလာခဲ့သူတွေမို့.. ရွာသူရွာသားတွေကတော့.. အသွားအလာမပျက်.. အစားအသောက်မပျက်.. အလုပ်အကိုင်မပျက်.. ပုံမှန်ပါပဲ..။

တအားပူတဲ့ မတ်လထဲမှာ.. တစ်နယ်လုံး ခြိမ့်ခြိမ့်သဲအောင် ကျင်းပတဲ့.. နတ်ပွဲတောင် ရှိသေးတယ်...။ မြန်မာပြည်တလွှား.. လူသိများလှတဲ့..ပခန်းနတ်ပွဲလောက်မစည်ကားပေမယ့်.. ကျွန်တော်တို့ ရွာနတ်ပွဲကလည်း.. အတော့်ကို စည်တယ်လို့ ပြောရမှာပါပဲ..။

ပခန်းနတ်ပွဲကို .. ကိုကြီးကျော်နတ်ပွဲလို့ ခေါ်သလို.. ကျွန်တော်တို့ရွာနတ်ပွဲကို.. သခင်မနတ်ပွဲလို့ခေါ်တယ်..။ သခင်မဆိုတာ.. မနှဲလေးကို ခေါ်တာပဲ.. ။ မမနှဲလို့လည်း.. ခေါ်ကြတယ်..။ ကိုကြီးကျော်နတ်ပွဲက.. ကြက်ကြော်နဲ့ အရက်.. ပေါင်းလျှံအောင် ဆက်ကြတယ်..။ မမနှဲခမျာတော့.. ဘဲဥနဲ့ ချိုချဉ် ပလူပျံအောင် ပသကြတယ်...။

နတ်ဆက်သမျှ.. ငွေနဲ့.. ပစ္စည်းပစ္စယ အားလုံးကို.. နန်းထိန်း လုပ်တဲ့ မိသားစုက အကုန်ရတယ်..။ နတ်ဆက်တယ်ဆိုတာ.. မမနှဲကို ယုံကြည်ကိုးကွယ်တဲ့.. အနယ်နယ်ကလူတွေက.. တတ်စွမ်းသမျှ.. (အကျိုးမျှော်တာရယ်.. ကြောက်တာရယ်ကြောင့် ) ပူဇော်ကန်တော့တာကို ခေါ်တာပဲ..။

ရွာဖက်ကလူတွေ အမြင်မှာတော့.. နေမကောင်းဖြစ်တာလည်း.. နတ်ကြောင့်ပဲ..။ မိုးလေ မကောင်းလို့ သီးနှံတွေ ပျက်ရင်လည်း.. နတ်ကြောင့်ပဲ..။ မကောင်းရင်လည်း နတ်.. ကောင်းရင်လည်း နတ်ပဲ..။ မကောင်းတာတွေ ကောင်းအောင်ရယ်.. ကောင်းနေတာလေးတွေ.. ဆက်ကောင်းအောင် ဆိုပြီးတော့.. သူတို့တတွေ.. နတ်ကို ကိုးကွယ်ကြတာပဲ..။

တစ်နှစ်တစ်ခါ.. လာနေကျကို မလာရင်.. ဘေးအန္တရာယ် တစ်ခုခုနဲ့ မုချ တွေ့တာပဲလို့.. သူတို့ ယုံကြတယ်..။ စီးပွားရေးအကျပ်အတည်းနဲ့ ဘယ်လောက်ပဲ တွေ့နေပါစေ.. နတ်ပွဲချိန်မှာတော့.. မဖြစ်ဖြစ်တဲ့နည်းနဲ့ သူတို့ အရောက်လာကြတယ်..။ မရ ရတာ ရှာကြံပြီး နတ်ဆက်ကြတယ်..။


ဒီနှစ်ဘယ်သူတွေလာပြီး.. ဘယ်သူတွေကတော့.. လာဖို့ ပျက်ကွက်တယ်ဆိုတဲ့.. စာရင်းဇယားတော့ မရှိပါဘူး..။ ဒါပေမယ့်.. သူတို့အဆိုအရ.. မမနှဲကတော့.. သိသတဲ့..။ မမနှဲက.. ဒီနှစ်ဘယ်သူဘယ်ဝါ မလာဘူးဆိုတာ.. သိတယ်တဲ့ဗျား..။ အဲဒီလို အတွေးအမြင် ယုံကြည်ချက်တွေနဲ့ ချီတက်နေကြတာပဲ..။


ဒါပေမယ့်.. မမနှဲက.. very flexible ဖြစ်ရှာပါတယ်..။ တစ်နှစ်တစ်ခေါက် မလာရောက်နိုင်လို့.. တင်ကြို တောင်းပန်ခဲ့ရင်တော့.. ခွင့်ပေးသတဲ့..။ သုံးနှစ်တစ်ကြိမ် (သို့မဟုတ်) ငါးနှစ်တစ်ကြိမ်မှ လာရောက်ဆက်သပါရစေ.. အမိုက်အမဲလေးမို့ ခွင့်လွှတ်တော်မူပါ.. သခင်မ ဘုရား လို့.. နတ်ကတော်က တဆင့်.. ခွင့်တောင်းရင်တော့.. နောက်နှစ်တွေမှာ.. ခွင့်တောင်းထားတဲ့ အတိုင်း သုံးနှစ် ( သို့ ) ငါးနှစ်မှ.. တစ်ကြိမ် လာရောက်ဆက်သ စေ လို့ မမနှဲက.. ခွင့်ပေးတယ်..။


အဲဒီလို ခွင့်မတောင်းဘဲနဲ့.. ကိုယ့်သဘောနဲ့ကိုယ်.. ငါသုံးနှစ်နေမှ.. တစ်ကြိမ်သွားတော့မယ် လုပ်လို့ကတော့.. နတ်ကိုင်ခံရပြီပဲ လို့.. အားလုံးက.. ယုံကြည်နေကြတယ်..။ အအေးမိနှာစေး.. ခလုတ်တိုက် တာကအစ.. နတ်ကိုင်တာပဲ..။ ကာယကံရှင်က.. မယုံသည့်တိုင်.. ပတ်ဝန်းကျင်ကတော့.. အတင်းတုတ်တော့တာပဲ..။ ဖြစ်မှာပေါ့.. သခင်မကို မလေးမစားလုပ်တာကိုး ဆိုတဲ့.. စွဲချက်နဲ့.. ကွယ်ရာမှာ.. တွတ်ထိုးမေးငေါ့ လုပ်ကြတော့တာပဲ..။


ကိုယ့်မိသားစုထဲက.. တစ်ယောက်ယောက်များ.. သေသွားလို့ကတော့.. ပြောမဆုံးပေါင် တောသုံးတောင်ပဲ..။ မမနှဲကို.. ကတိဖျက်လို့.. သေရှာပြီလို့ တထစ်ချ လုပ်ပစ်လိုက်ကြတာပဲ..။
အဲဒီလိုမျိုး.. ယုံကြည်ကိုးကွယ် တဲ့သူတွေကို.. မမနှဲက.. တကယ် မ သလား.. မ မ ဘူးလားတော့.. မသေချာပေမယ့်.. နန်းထိန်းလုပ်တဲ့ မိသားစုကိုတော့.. မမနှဲက တကယ် မ တာပဲ..။ ရွှေဥ ဥပေးတဲ့ ငန်းလို တစ်နှစ်တစ်ခါ..သူတို့ ကို မ တာပဲ..။

ရွာမှာ.. အဲဒီနတ် ရောက်လာပုံကလဲ.. ရာဇ၀င်နဲ့ရယ်..။ ပန်းဘဲမောင်တင့်တယ် နဲ့ သူ့နှမ မနှဲလေးကို.. ကွပ်မျက်တော့.. သစ်ပင်တစ်ပင်မှာချည်ပြီး ကွပ်မျက်တယ်လို့ ဆိုကြတယ်..။ ( စကားဝါပင်လို့ ထင်တယ်.. သေတော့ မသေချာဘူး.. )

အဲဒီသစ်ပင်ကို.. ဧရာဝတီမြစ်ရိုးမှာ.. မျှောလွတ်လိုက်တော့.. ကျွန်တော်တို့ရွာကမ်းမှာ.. အဲဒီသစ်တုံးကြီးက တင်နေခဲ့သတဲ့..။ ကမ်းစပ်မှာ.. သစ်တုံးကြီးတင်နေတော့.. ရွာကလူတွေလည်း.. အ၀တ်တက်လျှော်.. ရေတက်ချိုး လုပ်ကြတာပေါ့..။ အဲဒီမှာ.. ကပ်ဆိုက်တာပဲ..။ ရွာကလူတော်တော်များများ.. အနာရောဂါတွေဖြစ်ပြီး တစ်ချို့ဆို သေကုန်သတဲ့..။

အဲဒီမှာ.. ဆိုင်ရာဆိုင်ရာတွေ ပင့်ဖိတ်ပြီး အဖြေရှာတော့.. အဲဒီသစ်တုံးကြီးကြောင့်လို့ အဖြေထွက်သတဲ့..။ အဲဒီသစ်တုံးကြီးဟာ.. နယ်နယ်ရရ သစ်တုံးကြီးမဟုတ်ဘဲ.. ပန်းဘဲမောင်တင့်တယ်နဲ့ သူ့နှမ တို့ကို.. သတ်ဖြတ်ကွပ်မျက်စဉ်က.. ချည်နှောင်ခဲ့တဲ့..သစ်ပင်ကြီးဖြစ်နေသတဲ့..။ သစ်တုံးကြီးပေါ် တက်ရေချိုးတာတွေ.. ရပ်တန်းကရပ်..။ အ၀တ်လျှော်တာတွေ.. လုံးဝမလုပ်ရ.. ။ ရွာကလူတွေ.. အပြစ်ဘေးဒဏ် နောက်ထပ် မဖြစ်စေရေး.. အဲဒီသစ်တုံးကို နတ်ရုပ်ထု ကိုးကွယ် ရမယ် ဆိုတဲ့.. ဘယ်သူပေးမှန်းမသိတဲ့.. ဗျာဒိတ်အတိုင်း.. လုပ်ခဲ့ကြရာကနေ.. ရွာမှာ.. အဲဒီနတ်.. မိုက်ဂရိတ် လုပ်လာခဲ့တာပဲ..။

မှတ်မှတ်ရရ ကျွန်တော်.. ခြောက်တန်းနှစ်လောက်က.. သမိုင်းသုတေသီတစ်ယောက်.. ရွာကို ရောက်လာပြီး.. ပုပ္ပါးက နတ်ရုပ်ထုထားတဲ့.. သစ်သားနဲ့.. ရွာက နတ်ရုပ် ရဲ့ သစ်သား.. ဘယ်ဟာက.. ပန်းဘဲမောင်တင့်တယ်တို့ မောင်နှမကို သတ်စဉ်က.. ချည်ခဲ့တဲ့.. သစ်ပင်လဲ ဆိုတာ.. သုတေသနလာလုပ်သေးတယ်..။ ( အမှန်ကတော့.. ဘယ်နတ်ရုပ်မှ.. အဲဒီသစ်ပင်ကနေ ဆင်းသက်လာတာဟုတ်ချင်မှ ဟုတ်မှာ..)

1 comment:

Summer Field said...

ဟုတ်တယ်..သစ်ပင်က စကားဝါပင်။ ဒါကြောင့် အိမ်တွင်းနတ်(ပန်းဘဲမောင်တင့်တယ်) ကိုးကွယ်တဲ့အိမ်တွေမှာဆို အဲ့ဒီနတ်ကို စကားဝါပန်း မဆက်သကောင်းဘူးလို့ အယူရှိတယ်။ ကျနော်တို့ ငယ်စဉ်က အမေက သိပ်အယုံအကြည်ကြီးခဲ့တာ..။ ညနေစောင်းလို့ အိမ်မီးဖွင့်တော့မယ်ဆို နတ်စင်က လိုက်ကာအနီလေးကို ဆွဲမကာမိရင် အဆူခံထိတာ။ တလတကြိမ်လောက် အုန်းဆွဲနဲ့ ဘောင်းတော်လဲပေးရတာလည်း မှတ်မိနေသေးတယ်။