Tuesday, June 10, 2008

11.1 ဆူးလှည်းကြီးကျွန်တော်

ထုံးစံအတိုင်း တက္ကသိုလ်တွေ ပြန်ဖွင့်တော့ အမေနဲ့ ရွာကို နှုတ်ဆက်ရပြန်တယ်။ ဒါပေမယ့် စတုတ္ထနှစ်အပြီးမှာတော့ ရန်ကုန်စက်မှုတက္ကသိုလ်ကို ပြောင်းရွှေ့ဖို့ အကြောင်းဖန်လာခဲ့တယ်။

ကျွန်တော်တို့ မဲဇာအင်စတီကျု ကို ရန်ကုန်က ဆရာတွေ ပြောင်းခိုင်းလိုက်တိုင်း အလုပ်ထွက်ထွက်သွားတာနဲ့ ဆရာမပြောင်းတော့ဘဲ ကျောင်းသားကို ရန်ကုန်ပြောင်းရတာပဲ..။ မန္တလေးစက်မှုတက္ကသိုလ်ရဲ့ မေဂျာအားလုံးပြောင်းရတာတော့ မဟုတ်ပါဘူး..။ ဗိသုကာ၊ အီလက်ထရွန်းနစ်၊ အီလက်ထရစ်ကယ် ပဲ ပြောင်းရတာပဲ..။ မြို့ပြ နဲ့ စက်မှုစွမ်းအား မေဂျာများကတော့ ကျန်ခဲ့တယ်။

လေးနှစ်လောက် တရင်းတနှီးပေါင်းလာခဲ့တဲ့ သူငယ်ချင်းတွေ ခွဲရဖို့ ဖြစ်လာတာပေါ့..။

ရွာကနေ သဘောင်္စီးပြီး မန္တလေးကို လာခဲ့တယ်။ မန္တလေးမှာ ပြင်ဆင်စရာရှိတာလေးတွေ ပြင်ဆင်ပြီး နောက်တစ်နေ့မှာ ညနေရထားနဲ့ မဟာရန်ကုန်ကို ထွက်လာခဲ့တယ်။

မှတ်မှတ်ရရ အဲဒီခရီးစဉ်ကနေ နီနီလှဆိုတဲ့.. မိန်းကလေးတစ်ယောက် ကျွန်တော့်ဘ၀ထဲ ၀င်ရောက်လာခဲ့တယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ အမေက ကျွန်တော့်ကို.. ဆူးလှည်းကြီးလို့ နာမည်ပြောင်ပေးထားတယ်။ တွေ့ရာအရပ်မှာ.. ငြိလို့တဲ့..။

အချစ်ဆိုတာဟာ တောင်းတစ်လုံးထဲ ထည့်ထားတဲ့ ဂွေးသီးတွေ အချင်းချင်း ထိခိုက်မိတာမျိုးပဲ (ကဗျာမဆန်လိုက်တာနော်)..။ ဆိုလိုတာက လူယောက်ျားလေး တစ်ယောက်နဲ့ လူမိန်းမလေးတစ်ယောက် တစ်နည်းနည်းနဲ့ ထိခိုက်ဆက်စပ်မှုရှိမှ အချစ်ဆိုတာ ဖြစ်ပေါ်လာနိုင်တယ်လို့ ပြောတာပါ..။

ဘယ်တုံးကမှ မတွေ့ဖူး မမြင်ဖူး မသိဖူးတဲ့ လူတစ်ယောက်ကို.. ချစ်လို့မှ မရတာပဲ..။ အိမ်နီးနားချင်း ဖြစ်လို့ .. သူငယ်ချင်းတွေဖြစ်လို့.. ကျောင်းအတူတူတက်ရလို့.. အေ၇ာင်းအ၀ယ်လုပ်ရင်း သိကျွမ်းကြလို့.. သူငယ်ချင်းမင်္ဂလာဆောင်မှာ တွေ့ဖူးလို့.. မိဘတွေ အောင်သွယ်ပေးလို့.. စတဲ့ အကြောင်းအချက်တစ်ခုခုတော့.. အနည်းဆုံးရှိမှ.. ချစ်သူတွေ ဖြစ်ကြတယ်။

ကျွန်တော်နဲ့နီနီလှကတော့ ရထားအတူတူစီးရလို့ ချစ်သူတွေဖြစ်ဖို့ ဖန်လာခဲ့တယ်.. (အဟတ်ဟတ် )..။

သူမ လဲ ရန်ကုန်ကို ကျောင်းတက်ဖို့ လာခဲ့တာပဲ..။ သူမက အဲဒီတုံးက အီကို ဒုတိယနှစ်..။ ရထားစီးတော့ သူမက ကျွန်တော့်ရှေ့ ပြတင်းပေါက်ဖက်ခြမ်း မှာ ထိုင်ခုံရတယ်..။ ကျွန်တော်နဲ့ မျက်နှာချင်းဆိုင်ပေါ့ဗျာ...။

တုံးတိတိပြောရရင်တော့ သူမနဲ့ကျွန်တော် မကြာခန အကြည့်ချင်းဆုံဖြစ်တယ်ပေါ့ဗျာ..။ ပျဉ်းမနားအေ၇ာက်မှာ အအေးနှစ်ဗူးဝယ်ပြီး သူမကို တစ်ဗူးပေးတော့ နေပါစေလို့ ငြင်းတယ်..။ ခရီးသွားဖော်ချင်းတွေပဲ အားမနာပါနဲ့ .. ယူလိုက်ပါလို့.. အတင်းပေးတော့ ကျေးဇူးပဲ လို့ ပြောပြီး.. ယူတယ်..။ ( အဲဒီက စတာပဲ.. အဟတ်ဟတ်.. )

နောက်တော့ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်ပြီး တောင်ေ၇ာက်မြောက်ရောက် စကားလေးတွေ ပြောဖြစ်ကြတယ်...။ နှစ်ဦးကြားမှာရှိတဲ့ ရင်းနှီးမှုကလဲ ရထားအမြန်နှုန်းနဲ့ အပြိုင် တိုးတက်လာခဲ့တယ်..။

တော်တော်လေး ရင်းရင်းနှီးနှီးပြောဖြစ်တော့မှ သူမမှာ အဖေမရှိတော့ဘူးဆိုတာ သိရတယ်..။ ဖခင်မရှိတော့တဲ့ ခံစားချက်ကို.. ကျွန်တော်လဲ ခံစားခဲ့ရတယ်လို့ ကျွန်တော်ကပြောတော့ .. မျက်လုံးလေးဝိုင်းပြီး ကျွန်တော့်ကို ကြည့်တယ်..။

ကျွန်တော်ရှစ်တန်းနှစ်အရောက်မှာ အဖေဆုံးသွားခဲ့တယ်လို့ ဆက်ပြောတော့မှ.. အော်.. ကျွန်မအဖေက ကျွန်မဆယ်တန်းအောင်မှ ဆုံးသွားတာလို့.. တိုးတိုးလေးပြန်ပြောရင်း ပြတင်းပေါက်အပြင်ဖက် အမှောင်ထဲကို ငေးငေးလေးကြည့်နေတယ်..။

သူမတကယ်ခံစားနေရတာကို တွေ့နေရတော့ အဖေမဆုံးသေးဘဲ ဆုံးသွားပြီလို့ လိမ်လိုက်မိတဲ့ ကျွန်တော့်ကိုယ်ကျွန်တော် မလုံမလဲ ဖြစ်နေခဲ့ရတယ်..။ အဲဒီတုံးက ကျွန်တော် ပေးသေလိုက်လို့လားတော့မသိ.. မွေးသဖခင်က အခုအချိန်အထိ.. ဒေါင်ဒေါင်မြည်ပဲ..။ လမ်းထိပ်ကွမ်းယာဆိုင်မှာ.. သူ့အသက် သုံးချိုးတစ်ချိုးလောက်ရှိတဲ့ လူငယ်တွေနဲ့ ဟေးလားဝါးလား လုပ်နေဆဲပဲ..။

2 comments:

ဂျူနို said...

ကောင်းပါ၏။
အဖေကတော့ တုံးကျော်သွားတာပေါ့။
အမလေး ဆူးဘီးကြီးတဲ့လား။
မဒမ်ခမျာ မသိရှာပဲကိုး။
ဆက်ရေးပါ။
နောက်မိန်းကလေးတွေကိုတော့ အအေးဘူး ၀ယ်မတိုက်ပါနဲ့ တော့

kyaw said...

ဟဟဟ..အကိုကတော့ဗျာ
ဖခင်ကိုယတြာချေပေးလိုက်တာလားဗျ
ဟဟဟ